ဒါဆိုရင် အဲဒီမြေကွက်ကိစ္စကို ဆွေးနွေးဖို့လိုပြီ
Vol. 50 Ch. 749
"မစ္စတာအိုတို.. ကျုပ်က စီးပွားရေးလုပ်ရင် လူသားဆန်ပါတယ်။ အဲဒီတော့ ခင်ဗျား အထဲကိုပြန်ဝင်ပြီး ပစ္စည်းနှစ်ခုလောက် ထပ်လဲချင်ရင် လဲလို့ရတယ်နော်"
ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။ သူရထားသော ပိုက်ဆံများကြောင့် စိတ်မအေးသလို ခံစားရသည်။
"မဖြစ်နိုင်တာ။ ဒါက ဘယ်လိုလုပ်ပြီး ခေါင်းတလားဖြစ်နိုင်မှာလဲ။ မင်း ပေါက်ကရတွေလျှောက်ပြောနေတာဖြစ်ရမယ်"
အိုတိုက ကျန်းမုန့်လောင်၏စရိုက်ကို ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကောင်းကောင်းသိသည်။ ဤဟွာရှားလူမျိုးက သူများကို ချောက်ချဖို့အတွက် ဘာမဆိုလုပ်နိုင်သည့်လူစားမျိုးပင်။
အိုတိုက တန်ဖိုးကြီးပစ္စည်းနှစ်မျိုးကို လက်လွှတ်မိသွားအောင် ကျန်းမုန့်လောင်က သက်သက်ဉာဏ်ဆင်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ကျန်းမုန့်လောင်ဆိုသည်မှာ ဘာမဆိုလုပ်နိုင်သည့် လူစားမျိုးမဟုတ်လော။
"သေချာလို့လား။ ပြီးမှ နောက်ပြန်ဆုတ်လို့မရဘူးနော်"
ကျန်းမုန့်လောင်က အတည်ပြုလိုက်သည်။
"ဟမ့်.. ငါ့ကိုလာလှည့်စားနေတာမလား။ မရဘူးနော်"
အိုတိုကမူ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည်။ ကျန်းမုန့်လောင်က သူ့ကို ထိုပစ္စည်းနှစ်ခုကို မယူစေချင်သောကြောင့် သက်သက်ပွဲဖျက်နေသည်ဟု အခိုင်အမာယူဆထားသည်။
အစောကပင် ကျန်းမုန့်လောင်က လူတွေကို အားရပါးရလိမ်လည်နေသည်ဖြစ်ရာ ယခုမှ စိတ်ရင်းစေတနာအပြည့်ဖြင့် ပစ္စည်းလဲခိုင်းသတဲ့လား။ သူ့မှာ ရည်ရွယ်ချက်ကောင်းရှိမည်လော။ နေက အနောက်မှ ထွက်လာသည့်နေ့မှသာ ဖြစ်နိုင်ပေလိမ့်မည်။
"ကောင်းပြီလေ… အားလုံးကြားကြတယ်နော်။ မစ္စတာအိုတိုကိုယ်တိုင် ရွေးချယ်ခဲ့တာ။ နောက်မှ အပြစ်လာမတင်ကြနဲ့"
ကျန်းမုန့်လောင်က ကွန်ပျူတာထဲရှိ ထိုပစ္စည်းနှစ်ခု၏ အသုံးပြုနည်းလမ်းညွှန်ကို ရှာလိုက်သည်။
"ခင်ဗျားကို လက်တွေ့သရုပ်ပြပေးမယ်"
ကျန်းမုန့်လောင်က ထိုခေါင်းတလားနားသို့ လျှောက်သွားပြီးခလုတ်နှိပ်လိုက်သည်။ ဝန်ခံရမည်ဆိုလျှင် ဤလူမျိုးစု၏ပစ္စည်းများမှာ အမှန်တကယ်အံ့ဩစရာကောင်းလှသည်။ နှစ်ပေါင်းထောင်ချီ သက်တမ်းကြာသွားသော်လည်း ဘက်ထရီကုန်ခမ်းခြင်းမရှိပေ။ နန်ဖူဘက်ထရီ၏စွမ်းဆောင်ရည်ကပင် လိုက်မီမည်မဟုတ်ချေ။
ခေါင်းတလားထဲမှ မီးရောင်စုံ လင်းထိန်လာပြီး သီချင်းသံပါ ထွက်ပေါ်လာလေသည်။
"အမလေး… ဒါက ဘာသီချင်းသံကြီးလဲ"
"ဒီသီချင်းသံကို နားထောင်ရတာ လူသားတွေနားထောင်တဲ့ အသံနဲ့လည်း မတူဘူးနော်"
အိုတိုခမျာ မျက်နှာပျက်သွားလေသည်။ ဤသီချင်းက ဘာလဲဆိုသည်ကို အတိအကျမသိပါသော်ငြား သံစဉ်မှာမူ နိမိတ်မကောင်းသော အငွေ့အသက်များ ခံစားနေရသည်။
ကျန်းမုန့်လောင်က ခလုတ်တစ်ခုကို နှိပ်လိုက်လေရာ ခေါင်းတလားထဲရှိ အပူချိန်မှာ ရုတ်တရက်မြင့်တက်လာသည်။
"ဒါက မီးသင်္ဂြိုလ်တဲ့စနစ်လေ။ အပူချိန်က နှစ်သောင်းဒီဂရီစင်တီဂရိတ်အထိ လောင်ကျွမ်းနိုင်တယ်။ လောင်ကျွမ်းပြီးသွားရင် အရိုးပြာတောင် ကျန်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ဒီအပြာရောင်ခလုတ်က ရုပ်အလောင်းကို နှစ်ပေါင်းငါးရာလောက် မပုပ်မသိုးအောင် ထိန်းသိမ်းပေးတဲ့ခလုတ်"
"ဪ… ဒီလုပ်ဆောင်ချက်လည်းပါသေးတယ်"
ကျန်းမုန့်လောင်က ရောင်စုံခလုတ်တစ်ခုကို ထပ်နှိပ်လိုက်ပြန်သည်။
"ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့ ယမ်းမှုန့်တွေနဲ့ ပြာမှုန့်တွေ ရောနှောသွားပြီး ဒီခေါင်းတလားက ကောင်းကင်ပေါ် မီတာငါးရာအထိ ပေါက်ကွဲပြီး တက်သွားနိုင်တယ်။ အဲဒီလိုနည်းနဲ့ ခင်ဗျားဘဝရဲ့နောက်ဆုံးခရီးကို အခမ်းနားဆုံးအဆုံးသတ်နိုင်တာပေါ့"
"အမလေး.. ဒါကြီးနဲ့သာ သူ့အမေကို သင်္ဂြိုလ်ရင် သူ့အမေကို အမှုန့်ကြိတ်ပစ်လိုက်တာနဲ့တောင် တူနေသေးတယ်"
"အရိုးကြိတ်ပြီး ပြာဖြစ်အောင်လုပ်တာမျိုးက ဒီလိုမဟုတ်ပါဘူး"
"ဒီခေါင်းတလားကို ဒီဇိုင်းဆွဲတဲ့ ထုတ်ကုန်မန်နေဂျာက အရမ်းတော်တာပဲ"
...
ဤလုပ်ဆောင်ချက်များကို မြင်ပြီးနောက်မှာမှ ဤအရာသည် ခေါင်းတလားဖြစ်ကြောင်း မယုံဘူးဆိုလျှင် အိုတိုမှာ ငတုံးစင်စစ်ဖြစ်နေပြီဟု ဆိုနိုင်သည်။
ထိုအိမ်သာကလည်း အဆင့်မြင့်အိမ်သာဖြစ်နိုင်ခြေများသည်။ နည်းပညာမြင့်အိမ်သာဆိုသော်ငြား အိမ်သာကတော့ အိမ်သာအဆင့်သာ။
သူက ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်ခံပြီး ဤသိုလှောင်ရုံထဲမှ ခေါင်းတလားတစ်လုံးနှင့် အိမ်သာတစ်လုံးကို သယ်သွားရမည်တဲ့လား။
အဆိုးဆုံးမှာ ကျန်းမုန့်လောင်က သူ့အား အခွင့်အရေးပေးခဲ့ပါလျက်နှင့် သူကိုယ်တိုင်က လက်မခံခဲ့ခြင်းပင်။
"ဇစ် ဇစ် ဇစ်…"
ဒေါသကြောင့် သူ့ခန္ဓာကိုယ်ထဲမှ လျှပ်စီးကြောင်းများမှာ ထိန်းမနိုင်သိမ်းမရစီးဆင်းလာပြီး ထိုခေါင်းတလားနှင့် အိမ်သာကို အမှိုက်နှစ်စအဖြစ် ပြောင်းလဲပစ်လိုက်လေတော့သည်။
"သွားကြမယ်"
"ငါတို့လည်း သွားမယ်"
သူတို့က လိုအပ်သည့်အရာများကို ရရှိလိုက်ပြီဖြစ်ရာ ပိုက်ဆံများစွာ ကုန်ကျခဲ့သော်လည်း နိုင်ငံအများစုမှာ အကျိုးအမြတ်တစ်ခုတော့ ရရှိခဲ့သည်။
ကျန်ပစ္စည်းများမှာမူ ကျန်းမုန့်လောင်၏ စစ်နိုင်ပစ္စည်းများသာ။ ဟွာရှားကုန်တင်လေယာဉ်များ တစ်စီးပြီးတစ်စီး ပျံသန်းလာသည့်မြင်ကွင်းကိုတော့ သူတို့ မကြည့်ချင်တော့ပေ။
အကြောင်းအရင်းမည်မည်ရရမရှိပါချေ။ မနာလိုရုံသက်သက်သာ။
"မလောကြပါနဲ့"
ကျန်းမုန့်လောင်က အနောက်မှ လှမ်းခေါ်လိုက်သည်။
"ကြည့်လိုက်။ ဒီနေရာက အရမ်းနက်တဲ့ မြေအောက်ထဲမှာ ရှိနေတာ။ အကုန်ပြန်ထွက်ဖို့ မလွယ်ဘူးလေ။ ခင်ဗျားတို့ကို ကျွန်တော် လိုက်ပို့ပေးရမလား"
"လိုက်ပို့ပေးမယ်တဲ့လား။ ဘာကိုဆိုလိုတာလဲ"
"အာ့ကုန်းဇီ… အာကာသယာဉ်ရဲ့အခြေအနေကို တင်ပြ"
"[တင်ပြပါတယ် သခင်… အာကာသယာဉ်က ၂.၇ရာခိုင်နှုန်း ထိခိုက်ပျက်စီးမှုရှိပါတယ်။ စွမ်းအင်စနစ်ကတော့ ပုံမှန်အတိုင်းပါပဲ။ ကမ္ဘာ့အပူစွမ်းအင်နဲ့ အားသွင်းမှုကလည်း ပြီးစီးပါပြီ။ နျူကလီးယားဓာတ်ပေါင်းဖိုကိုလည်း ပြန်နှိုးလိုက်ပါပြီ။ အချိန်မရွေးခရီးသွားလာလို့ရပါပြီ]"
"ဒီ.. ဒီအသံက ဘယ်ကထွက်လာတာလဲ"
"အာကာသယာဉ်ပေါ်ကပဲ။ ကျန်းမုန့်လောင်က ဒီအာကာသယာဉ်ကို ထိန်းချုပ်လိုက်ပြီ"
ဟွာရှားနိုင်ငံတွင် ကျင်းပခဲ့သော ဉာဏ်ရဓည်တုပြိုင်ပွဲတစ်ခုတွင် ကျန်းမုန့်လောင်က "အာ့ကုန်းဇီ"ဟုခေါ်သော အေအိုင်တစ်ခုကို ဖန်တီးခဲ့ဖူးသည်။ ထိုအေအိုင်က အလွန်ခက်ခဲသော ခွဲစိတ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သောကြောင့် ကမ္ဘာ့မီဒီယာများတွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ဖူးသည်။
ယခုမူ ဤအေအိုင်က အာကာသယာဉ်ကိုပင် ထိန်းချုပ်နိုင်နေပြီလား။ မည်သို့များ လုပ်ဆောင်ခဲ့လေသလဲ။ သူက မကောင်းဆိုးဝါးများလား။
"ပျံတက်ဖို့ ပြင်ဆင်လိုက်။ အနီးအနားမှာ လူရှိမရှိလည်း စစ်ဆေးဦး"
"စစ်ဆေးပြီးပါပြီ။ ပျံတက်ချိန်မှာ ထိခိုက်နိုင်တဲ့အချင်းဝက်အတွင်း လူသားအရိပ်အယောင်မရှိပါဘူး"
"အားလုံးပဲ မြဲမြဲကိုင်ထားကြ"
"အာ့ကုန်းဇီ ပျံတက်တော့"
ဤအရာကား ရေခဲမြစ်၏အနက်ရှိုင်းဆုံးတွင် နစ်မြုပ်နေသော်ငြား ကီလိုမီတာရာပေါင်းများစွာအတွင်း ပတ်ပတ်လည်တွင် ရေခဲပြင်ကြီးဖြစ်နေသဖြင့် ကမ္ဘာ့မြေလွှာချပ်များအပေါ် သက်ရောက်မှုမရှိပေ။ ဆွဲငင်အားအင်ဂျင်၏ဖိအားကြောင့် အပေါ်ယံရေခဲတောင်များ ပြိုကျပျက်စီးကုန်ပြီး အာကာသယာဉ်ကလည်း အရှိန်အဟုန်ဖြင့် အထက်သို့ ပျံတက်သွားလေတော့သည်။
"ပျံတက်နေပြီဟ"
အရှိန်မြင့်လာသော အာကာသယာဉ်ကြီးကိုကြည့်ရင်း စိတ်စွမ်းအားရှင်များအားလုံး စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြသည်။ သူတို့၏မူလရည်မှန်းချက်မှာ အာကာသယာဉ်ထဲရှိ ပစ္စည်းများသာဖြစ်သော်ငြား ကျန်းမုန့်လောင်ကတော့ သူတို့ထက် အဆင့်တက်ပြီး အာကာသယာဉ်တစ်ခုလုံးကိုပါ တစ်ခါတည်းယူသွားလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။
ဤအာကာသယာဉ်က တောင်တန်းများအထက်တွင် ရပ်တန့်လိုက်သည်။ ဆွဲငင်အားမဲ့စနစ်ကြောင့် ဆူညံသံလုံးဝမထွက်ဘဲ ကိုယ်ယောင်ဖျောက်စနစ်ကိုသုံး၍ ကိုယ်ယောင်ဖျောက်ထားလိုက်သည်။ ယခုအချိန်တွင် နိုင်ငံအသီးသီး၏မြို့တော်များပေါ်တွင် ပျံသန်းနေလျှင်ပင် မည်သူကမှ သတိထားမိမည်မဟုတ်ချေ။
"ကဲ အားလုံးပဲ… ရေခဲတောင်ခရီးစဉ်ကတော့ ဒီမှာတင် ပြီးဆုံးပါပြီ။ ပစ္စည်းတွေယူပြီး ဆင်းလို့ရပါပြီ။ လိုက်မပို့တော့ဘူးနော်"
သူတို့၏စိတ်ထဲ မနာလိုဖြစ်နေကြသော်ငြား ရုရှားစွမ်းအားရှင်များကလွဲ၍ ကျန်လူများမှာ ကိုယ့်ပစ္စည်းကိုယ်ယူ၍ အာကာသယာဉ်ပေါ်က တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြလေတော့သည်။
ဤအာကာသယာဉ်က ရုရှားပိုင်နက်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်၏။ လက်ရှိ နိုင်ငံတကာအာကာသယာဉ်ဆိုင်ရာ သဘောတူညီချက်များအရ နိုင်ငံတစ်ခုအတွင်း ကျရောက်လာသော မည်သည့်အရာမဆို ထိုနိုင်ငံနှင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် ဤယာဉ်မှာ ရုရှားနိုင်ငံနှင့်သာ သက်ဆိုင်သည်မဟုတ်လော။
"မစ္စတာကျန်း.. သိုလှောင်ရုံထဲက ပစ္စည်းတွေက ခင်ဗျားကြောင့် ရခဲ့တာမို့ ခင်ဗျားယူသွားတာကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အာကာသယာဉ်က ကျွန်တော်တို့ပိုင်နက်ထဲကို ကျလာတာမို့ ကျွန်တော်တို့ပဲ ပိုင်ဆိုင်သင့်ပါတယ်။ ခင်ဗျား ဒီတိုင်းယူသွားလို့တော့ မသင့်တော်ဘူးထင်တယ်"
အိုရီဗက်စကီက သတ္တိမွေးပြီး ပြောလိုက်သည်။
"ဘာလို့မသင့်တော်ရမှာလဲ"
ကျန်းမုန့်လောင်က ဆို၏။
"ကျုပ်ကြောင့်သာမဟုတ်ရင် ခင်ဗျားတို့ ဒီအာကာသယာဉ်ထဲကို ဝင်နိုင်ပါ့မလား။ အခု ကျုပ်က ဒီအာကာသယာဉ်ကို ထိန်းချုပ်ထားပြီဆိုတော့ ကျုပ်အပို်ငပဲပေါ့"
"ဒါပေမဲ့ ဒီအာကာသယာဉ်က ကျုပ်တို့နယ်မြေထဲကို ကျလာတာလေ။ အဲဒီအတွက် ရုရှားပဲ ပိုင်ရမှာပေါ့"
"အဲဒီလိုပြောကြေးဆိုရင် ကျုပ်ကလည်း အလျှော့ပေးမှာမဟုတ်ဘူးနော်"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ခဏနေဦး။ ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်"
"မစ္စတာကျန်း.. ကိစ္စတွေပြီးသွားပြီလား"
ဟုန်းရီက စိုးရိမ်တကြီးမေးလိုက်သည်။
"အင်း.. ပြီးသွားပြီ။ တစ်ခုလောက်မေးချင်လို့။ ရုရှားမှာ ငါတို့ပိုင်တဲ့မြေများ ရှိလား"
"ဘယ်မြေကို ပြောတာလဲ"
"ဪ.. တော်တော်များများရှိတာလား"
"ဟုတ်ကဲ့"
ဟုန်းရီက ပြန်ဖြေလိုက်သည်။
"ရုရှားနိုင်ငံ စတင်ပြိုကွဲချိန်တုန်းက မြေယာပိုင်ဆိုင်မှုတွေက ရှုပ်ထွေးနေတော့ ရှင့်အဘိုးက မြေတွေအများကြီးကို ဝယ်ထားခဲ့လိုက်တာ။ တော်တော်များများက လူသူမရှိတဲ့ လွင်ပြင်တွေမို့ ဈေးပေါပေါနဲ့ရခဲ့ပါတယ်။ ဒါပေမဲ့ အရမ်းတန်ဖိုးကြီးတဲ့ မြေကွက်တစ်ကွက်လည်းပါတယ်"
"ဘယ်နားမှာလဲ"
"သူတို့မြို့တော်ရဲ့ အချက်အချာအကျဆုံးနေရာမှာပါပဲ။ အစိုးရအဆောက်အအုံတော်တော်များများက အဲဒီမြေပေါ်မှာရှိနေတာ။ ပိုင်ဆိုင်ခွင့်သက်တမ်းက ထာဝရပါ။ သူတို့က ကျွန်မတို့ဆီကနေ တစ်နှစ်ကို ငှားရမ်းခဒေါ်လာ၁.၇ဘီလီယံ ပေးနေရတယ်။ အဲဒီဈေးနှုန်းကလည်း နှစ်တိုင်းတက်နေတာ"
"သိပြီ"
ကျန်းမုန့်လောင်လည်း ဖုန်းချပြီးနောက် အိုရီဗက်စကီကိုကြည့်လျက် ပြုံးလိုက်သည်။
"မစ္စတာအိုရီဗက်စကီ.. ကျွန်တော်သိသလောက်တော့ ခင်ဗျားတို့မြို့တော်ရဲ့အချက်အချာကျတဲ့နေရာမှာရှိတဲ့ မြေကွက်က ကျုပ်အပိုင်ဖြစ်နေတယ်"
"ခင်ဗျားပြောသလို ခင်ဗျားတို့မြေပေါ်မှာရှိတဲ့အရာက ခင်ဗျားတို့ပိုင်တယ်ဆိုရင် ကျုပ်ရဲ့မြေပေါ်မှာရှိတဲ့ အရာတွေကလည်း ကျုပ်အပိုင်ဖြစ်ရမှာပေါ့။ ဟုတ်တယ်မလား။ ဒါဆိုရင် ကျုပ်တို့ အခု အဲဒီမြေကွက်ကိစ္စကို ဆွေးနွေးဖို့လိုပြီထင်တယ်"
******************