ငါက အလကားပြောနေတာလို့များ ထင်နေတာလား
Vol. 50 Ch. 750
အိုရီဗက်စကီခမျာ အကြီးအကျယ်ထိတ်လန့်သွားသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး သူ လုံးဝမသိခဲ့သလို စိတ်လည်းမဝင်စားခဲ့ပေ။
သေစမ်း.. ပင်မအဆောက်အအုံတွေအားလုံးက ကျန်းမုန့်လောင်ရဲ့မြေပေါ်မှာ ဆောက်ထားတာတဲ့လား…
"အင်း.. ကျုပ်လည်း အပန်းဖြေစခန်းတစ်ခုဆောက်ဖို့ စီစဉ်နေတာ။ မော်စကိုက အဲဒီနေရာလေးက တော်တော်လှတယ်လို့ ထင်လို့လေ"
ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့ဖြင့် စကားစလာလေသည်။
"မစ္စတာအိုရီဗက်စကီ.. ကျုပ်ကိုယ်စား စကားပါးပေးပါဦး။ နောက်တစ်ပတ်ကျရင် ကျုပ် အဲဒီနေရာမှာ ဆောက်လုပ်ရေးစတော့မှာမို့ အဲဒီက အဆောက်အအုံတွေအကုန်လုံးကို တစ်ပတ်အတွင်းဖြိုချပေးဖို့ ပြောပေးပါ"
"မစ္စတာကျန်း ဒါက…"
"တစ်ပတ်နေလို့မှ အဲဒီအဆောက်အအုံတွေကို ဖြိုမချရသေးဘူးဆိုရင် ကျုပ်ဘာသာ အင်အားသုံးပြီး ဖြိုချရလိမ့်မယ်နော်။ အကျိုးဆက်တွေအားလုံးကို ခင်ဗျားတို့ပဲ တာဝန်ယူရမယ်"
ကျန်းမုန့်လောင်က ဆိုလေသည်။
"ကျုပ်လက်ထဲမှာ မူရင်းမြေပိုင်ဆိုင်မှုစာချုပ်နဲ့ ငှားရမ်းမှုသဘောတူညီချက်တွေရှိတယ်။ ဥပဒေအရ ကျုပ်က အမှန်ပဲ"
"ကျုပ်ရဲ့ခြေထောက်အနှိပ်ခန်းလုပ်ငန်းကို ခင်ဗျားတို့နိုင်ငံအထိ ချဲ့ထွင်ဖို့ စဉ်းစားထားတာ။ အခု လူနေမှုအဆင့်အတန်းက မြင့်လာကြပြီဆိုတော့ အနားယူအပန်းဖြေဖို့ ပိုလိုအပ်တာပေါ့"
ကျန်းမုန့်လောင်က သူ့ကွန်ပျူတာပေါ်ရှိ မော်စကိုမြေပုံကို ဖွင့်လိုက်၏။
"အာဘတ်လမ်းမက တော်တော်မိုက်မယ်ထင်တယ်"
"ခဏနေပါဦး။ ကျွန်တော် ဒီကိစ္စကို အထက်လူကြီးတွေနဲ့ အခုချက်ချင်းဆွေးနွေးလိုက်ပါ့မယ်"
အိုရီဗက်စကီခမျာ ချက်ချင်းဆိုသလို ထိတ်လန့်သွားလေသည်။
အကယ်၍ ကျန်းမုန့်လောင်ကသာ မြေတူးစက်များကို ခေါ်လာပြီး ဖြိုချလိုက်မည်ဆိုလျှင် သူတို့လည်း တစ်ကမ္ဘာလုံးထံမှ လှောင်ရယ်ခံရလိမ့်မည်။ ကျန်းမုန့်လောင်ပြောသည့် နေရာမှာ ရုရှားနိုင်ငံ၏ အချက်အချာကျသော အဆောက်အအုံများနှင့် သမိုင်းဝင်ရပ်ကွက်များ၏ တည်နေရာပင်။
သမ္မတအိမ်တော်၊ ဘဏ်များ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အစရှိသဖြင့် ပါဝင်ပေသည်။ အကယ်၍ ထိုနေရာမှ ဖယ်ပေးရမည်ဆိုလျှင်ပင် နေရာသစ်တစ်ခုကို ချက်ချင်းရှာနိုင်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် ထိုကဲ့သို့သောနေရာများမှာ လွယ်လွယ်နှင့် ရွှေ့ပြောင်းနိုင်မည့် နေရာများလား။
အကယ်၍ ထိုနေရာမှာ ခြေထောက်အနှိပ်ခန်းအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက…
ဤသို့တွေးကြည့်လိုက်ရုံမျှဖြင့် အိုရီဗက်စကီမှာ ဆက်မတွေးရဲတော့ပေ။ ကပ်ဘေးဆိုက်ချေပြီ။
"မစ္စတာနိုဗာယက်.. အိုရီဗက်စကီပါ"
"မစ္စတာအိုရီဗက်စကီ.. ဒီတစ်ခေါက် စစ်ဆင်ရေးက အခြေအနေဘယ်လိုရှိလဲ"
တစ်ဖက်က စိတ်အားထက်သန်စွာ မေးမြန်းလေသည်။ နိုဗာယက်က စိတ်စွမ်းအားရှင်အဖွဲ့အစည်းနှင့် အထက်လူကြီးများအကြား ဆက်သွယ်ပေးရသူဖြစ်၏။
"မဆိုးပါဘူး။ တော်တော်များများ ပြန်ရခဲ့ပါတယ်"
"နှမြောစရာပဲ။ ရလာသမျှထဲက ကိုးဆယ်ရာခိုင်နှုန်းကို ဟွာရှားလူမျိုးတွေ ယူသွားတာလေ။ သူတို့က ဒီတစ်ခေါက် တကယ့်အနိုင်ရသူစစ်စစ်ပဲ"
"အဲဒီလောက်မရိုးရှင်းဘူးဗျ"
အိုရီဗက်စကီက ပြောလိုက်သည်။
"ကျန်းမုန့်လောင်က ဘယ်လိုမိစ္ဆာအတတ်မျိုး သုံးလိုက်လဲတော့မသိဘူး။ သူက ဉာဏ်ရည်တုတစ်ခုကို နှိုးပြီး ဒီအာကာသယာဉ်ကြီးကို မောင်းလိုက်နိုင်ပြီ။ အခု သူတို့က ဒီအာကာသယာဉ်ကို ဟွာရှားကို ပြန်ယူသွားဖို့ပြင်နေကြတယ်"
"ဘာ? သူက အာကာသယာဉ်ကို မောင်းလိုက်နိုင်တယ်ပေါ့လေ"
နိုဗာယက်မှာ ဟွာရှားလူမျိုးများက ပစ္စည်းကိုးဆယ်ရာခိုင်နှုန်းကို ယူသွားသည့်ကိစ္စအပေါ် စိတ်ပျက်ခြင်းမရှိပေ။ အကြောင်းမှာ အာကာသယာဉ်ကြီးက သူတို့၏ပိုင်နက်ထဲတွင် ရှိနေသေးသရွေ့ အချိန်မရွေးလေ့လာနိုင်သောကြောင့်ပင်။ ဤမျှကြီးမားလှသော အာကာသယာဉ်ထဲတွင် ပစ္စည်းမနည်းမနောရှိနေမည်ဖြစ်ရာ အန္တရာယ်လည်းမရှိတော့ဖြင့် သူတို့စိတ်ကြိုက် စူးစမ်းလေ့လာနိုင်မည်ဖြစ်၏။
ထို့ကြောင့် ကျန်းမုန့်လောင်က ပစ္စည်းယူသွားသည့်ကိစ္စအပေါ် စိတ်ထဲမထားပေ။ အကြောင်းမှာ ယခုအချိန်တွင် ကျန်းမုန့်လောင်က အာကာသယာဉ်ကြီးကိုပါ သယ်သွားရန် ကြံစည်နေခြင်းကိုမူ မည်သို့လုပ်ရမည်နည်း။
"မဖြစ်ဘူး။ သူ့ကို ယူသွားခွင့်ပေးလို့မဖြစ်ဘူး။ ဘယ်နည်းနဲ့ဖြစ်ဖြစ် အဲဒီအာကာသယာဉ်ကို ဒီမှာပဲဆက်ထားရမယ်။ မင်းတို့ သူ့ကို ယူခွင့်ပေးလိုက်မယ်ဆိုရင် စစ်ခုံရုံတက်ဖို့သာ ပြင်ထားလိုက်တော့"
"ငတုံး.. မင်းဦးနှောက်က ဖင်ထဲကို ရောက်နေတာလား"
အိုရီဗက်စကီခမျာ တစ်နေ့လုံးသည်းခံထားရသမျှ ပေါက်ကွဲလေတော့သည်။
"မင်းက သူ့ကိုတားခိုင်းတယ်ပေါ့။ ဘာနဲ့သွားတားရမှာလဲ။ မင်းရဲ့အသုံးမကျတဲ့ဦးနှောက်နဲ့လား
"အဲဒီစက်ရုပ်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းသိလား။ ငါတို့ အယောက်တစ်ရာကျော် ဝိုင်းတိုက်တာတောင် သူ့အပေါ် အစင်းရာတစ်ကြောင်းတောင် မထင်ဘူး။ စက်ရုပ်တစ်ရုပ်တည်းနဲ့တင် ငါတို့လူတွေအများကြီး အသတ်ခံလိုက်ရတာ"
"ကျန်းမုန့်လောင်ကရော ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိလား။ အဲဒီလူသတ်ယန္တရားကြီးက သူ့အနားတောင် မကပ်နိုင်ဘူး။ သူတစ်ယောက်တည်းနဲ့ အဲဒီစက်ရုပ်နှစ်ဆယ်ကျော်ကို အသာလေးထိန်းချုပ်ခဲ့တာ။ အဲဒါကို မင်းက ငါ့ကို သွားတားခိုင်းနေတာလား။ မင်းက တကယ်ငတုံးပဲ"
နိုဗီယက်ခမျာ ထိုပေါက်ကွဲမှုကြောင့် အံ့ဩသွားလေသည်။ အိုရီဗက်စကီ ဘာဖြစ်သွားတာလဲ.. ဘာကြောင့် အခုလို ပြင်းပြင်းထန်ထန်တုံ့ပြန်ရတာလဲ…
သူလည်း ချက်ချင်းဆိုသလို လေသံပျော့သွားလေသည်။ ရာထူးအရ သူက ပိုမြင့်သည်ဆိုသော်ငြား စိတ်စွမ်းအားရှင်များက သူတို့ကို အရေးမလုပ်ကြောင်း သူ ကောင်းကောင်းသိသည်။ အိုရီဗက်စကီက သူတို့နိုင်ငံ၏ အင်အားအကြီးဆုံးစိတ်စွမ်းအားရှင်လည်းဖြစ်၏။
"မစ္စတာအိုရီဗက်စကီ.. ကျွန်တော့်ရဲ့မိုက်မဲမှုအတွက် ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ သူ့ကို အာကာသယာဉ်ကို ယူသွားခွင့်ပေးလို့မဖြစ်ဘူး။ ဒါက တန်ဖိုးမဖြတ်နိုင်တဲ့အရာလေ"
"ဒီအာကာသယာဉ်က ဘယ်လောက်အရေးပါလဲဆိုတာ ကျုပ်လည်းသိတာပေါ့။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားတို့အတွက် အခုလိုပြဿနာရှင်းပေးနေပါ့မလား"
အကယ်၍ ဤအာကာသယာဉ်ပေါ်တွင် သူတို့၏စိတ်စွမ်းအင်များကို မြှင့်တင်ပေးနိုင်မည့်အရာမရှိလျှင် အာကာသယာဉ်ပေါ်၌ အချိန်ကူးပြောင်းစက်ရှိနေလျှင်ပင် စိတ်စွမ်းအားရှင်များက စိတ်ဝင်စားမည်မဟုတ်ပေ။
"ဒီအာကာသယာဉ်က ကျုပ်တို့နယ်နိမိတ်ထဲမှာရှိနေတာ။ လွန်ခဲ့တဲ့ရာစုနှစ်က ထုတ်ပြန်ထားတဲ့ သဘောတူညီချက်အရ ဒီအာကာသယာဉ်ကို ကျုပ်တို့ပိုင်ဆိုင်ရမှာ"
"ဒီကိစ္စကို သူနဲ့ဆွေးနွေးပြီးပြီ။ ဒါပေမဲ့ ကျန်းမုန့်လောင်က အကျိုးသင့်အကြောင်းသင့်ပြောလို့ရမယ်များ ထင်နေတာလား"
အိုရီဗက်စကီက ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်လေသည်။
"သူ ဘာပြောလဲသိလား။ မော်စကိုရဲ့ အချက်အချာကျတဲ့မြေတွေက သူပိုင်တဲ့မြေတွေတဲ့"
"တကယ်လို့ ကျုပ်တို့ဘက်က အဲဒီအကြောင်းပြချက်နဲ့ အာကာသယာဉ်ကို သိမ်းဖို့ကြိုးစားရင် သူကလည်း မြေတူးစက်တွေကိုခေါ်လာပြီး အဲဒီမြေပေါ်က အဆောက်အအုံတွေကိုဖြိုချပြီး အပန်းဖြေစခန်းဆောက်မလို့တဲ့"
"တော်တော်မာန်တက်နေတာပဲ"
"ဒီကိစ္စက အမှန်ပဲလားဆိုတာကို စုံစမ်းကြည့်လိုက်တာ ပိုကောင်းမယ်။ ကျုပ်တော့ သမ္မတအိမ်တော် အဖြိုခံလိုက်ရတဲ့နေ့ကို မမြင်ချင်ဘူး"
"ခဏနေဦး။ မေးလိုက်ဦးမယ်"
နိုဗာယက်လည်း သေချာစဉ်းစားကြည့်လိုက်သည်။ ဤသည်မျာ မဖြစ်နိုင်တာတော့မဟုတ်ပေ။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက တစ်ကမ္ဘာလုံးနီးပါး ကျန်းမုန့်လောင်ကို ဝိုင်းတိုက်ခဲ့စဉ် သူတို့ မပါဝင်ခဲ့ပေ။ အကြောင်းအရင်းမှာ သူတို့အချင်းချင်းက ဆက်ဆံရေးကောင်းမွန်သောကြောင့် မဟုတ်ပါဘဲ ဤကိစ္စများကို သေချာစုံစမ်းထားခြင်းမရှိသေးသောကြောင့်ပင်။
သို့သော် ယခုမူ တကယ့်ပြဿနာနှင့် ရင်ဆိုင်ရချိန်တွင် သေချာမစုံစမ်းပါက ပြဿနာကြီးကြီးမားမား ပေါ်ပေါက်လာနိုင်သည်။
မိနစ်အနည်းငယ်အကြာတွင် နိုဗာယက်၏အသံက ဆက်သွယ်ရေးစက်ကတစ်ဆင့် ထွက်ပေါ်လာသည်။
"အခြေအနေ ဘယ်လိုလဲ။ အမှန်ပဲလား"
အိုရီဗက်စကီက မေးလိုက်လေသည်။
"ဟုတ်တယ်"
နိုဗာယက်ကလည်း ခါးသက်သက်ပြုံးလျက် ပြောလိုက်လေသည်။
"ဒါက ထိပ်တန်းလျှို့ဝှက်ချက်လေ။ ဘယ်သူမှမသိကြဘူး။ ပြီးခဲ့တဲ့ရာစုနှစ်တုန်းက စီးပွားရေးအကျပ်အတည်းတွေကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရန်ပုံငွေအများကြီးလိုအပ်လို့ မြေတွေကိုရောင်းခဲ့ရတယ်။ အဲဒီတုန်းက ကျန်းမျိုးရိုးနဲ့ ဟွာရှားလူမျိုးတစ်ယောက်က မော်စကိုမှာရှိတဲ့ မြေသုံးပုံတစ်ပုံနီးပါးကို ဝယ်ခဲ့တာလေ။ ပြီးတော့မှ အဲဒီမြေတွေကို ငါတို့ဆီ ပြန်ငှားထားတာ။ အခုအထိလည် သူ့ကို နှစ်တိုင်း မြေငှားခပေးနေရတုန်းပဲ"
"အဲဒီလူက ကျန်းမုန့်လောင်ရဲ့ဆွေမျိုးလား"
"ဖြစ်နိုင်ခြေများတယ်"
"အခု ခင်ဗျားရွေးချယ်ရမဲ့အချိန်ကျပြီ"
အိုရီဗက်စကီက ထိုပြဿနာကို နိုဗာယက်ထံသို့ လွှဲပြောင်းပေးလိုက်သည်။
"ဒီအာကာသယာဉ်ကိစ္စကို သွားမရှုပ်တာကောင်းမယ်ထင်တယ်။ မဟုတ်ရင် နောက်ဆုံး ငါတို့ဆီမှာ ဘာမှမကျန်တော့ဘဲ နေလိမ့်မယ်"
"ပြီးခဲ့တဲ့လပိုင်းတုန်းက ဖြစ်ခဲ့တဲ့ စီးပွားရေးပျက်ကပ်ကို မမေ့နဲ့နော်။ ကျုပ်တို့ရဲ့နိုင်ငံခြားအရန်ငွေက သူ့ကို ဘယ်လောက်များ ဆွဲထားနိုင်မှာမို့လို့လဲ။ ခင်ဗျားမသိလိုက်ခင်မှာတင် မော်စကိုသုံးပုံနှစ်ပုံက သူ့လက်ထဲကိုရောက်သွားပြီး ကျုပ်တို့လည်း သူ့ဆီမှာ ဒေါ်လာဘီလီယံပေါင်းများစွာ အကြွေးတင်သွားလိမ့်မယ်"
"ဒီဟွာရှားလူမျိုးအကြောင်း မသိဘူးလို့တော့ လာမပြောနဲ့နော်။ သူက အရှုံးပေးမဲ့လူစားမျိုးမဟုတ်ဘူး။ အမြတ်နည်းနည်းရတာနဲ့တင် ကျေနပ်မဲ့လူလည်းမဟုတ်ဘူး"
"ဒါက…"
စက္ကန့်အနည်းငယ်ကြာပြီးနောက် နိုဗာယက်ခမျာ သက်ပြင်းချလိုက်လေသည်။
"ဘာလုပ်ရမလဲဆိုတာတော့ ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ။ ကျန်းမုန့်လောင်ရှိနေသရွေ့တော့ လက်လျှော့ရုံပဲရှိတယ်"
...
"စုံစမ်းပြီးပြီလား"
ကျန်းမုန့်လောင်က အိုရီဗက်စကီကို ကြည့်လိုက်၏။
"စုံစမ်းပြီးပါပြီ"
"ဒီတော့ အာကာသယာဉ်ကို လိုချင်လား။ ဒါမှမဟုတ် အိမ်ပြောင်းဖို့ပြင်မှာလား။ အချိန်ကျလာရင် ဝမ်ယိအနှိပ်ခန်းရဲ့ဗီအိုင်ပီကတ်လေးတစ်ကတ်တော့ ခင်ဗျားကို ပေးနိုင်ပါတယ်"
"မစ္စတာကျန်း.. ခုနက ကျွန်တော်ပြောခဲ့တဲ့စကားတွေကို မကြားခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။ ဒီအာကာသယာဉ်ကို ခင်ဗျားကိုယ်တိုင် စက်နှိုးခဲ့တာဆိုတော့ ခင်ဗျားစိတ်ကြိုက်သာ လုပ်ပါတော့"
အိုရီဗက်စကီခမျာ သဘောတူရုံသာ တတ်နိုင်တော့သည်။
"စောစောကတည်းက ဒီလိုပြောလိုက်ရင် ပြီးနေတာပဲကို…"
ကျန်းမုန့်လောင်က သရော်လိုက်ချေသည်။
"မစ္စတာကျန်း.. သယ်ယူပို့ဆောင်ရေးလေယာဉ် ရောက်လာပါပြီ"
အိုရီဗက်စကီခမျာ အဆုံးတွင်မူ သက်ပြင်းချနိုင်လေပြီ။ ကျန်းမုန့်လောင်အနားတွင် နေရခြင်းမှာ အလွန်စိတ်ဖိစီးလှသည်။
"ဂရုစိုက်ပြီးသွားကြ။ ကျုပ်ကို လိုက်ပို့ပေးစရာမလိုဘူး"
******************