အခန်း (၇၁)
Vol. 8 Ch. 71
Chapter 71
"ဟင်... သူ ချင်ဆွေ့ကို ခေါ်နေတာလား"
"သူက ချင်ဆွေ့ကို သိလို့လား"
ဘေးမှ လူအချို့က နားမလည်နိုင်စွာဖြင့် တီးတိုးပြောဆိုနေကြသည်။
"ဘယ်သူက သားကို ခေါ်နေတာလဲ" ချင်ကတော်ကလည်း အံ့သြသွားပြီး "ပြီးတော့... အစ်ကိုကြီးလို့ ခေါ်လိုက်တာလား"
ချင်ဆွေ့ မျက်မှောင်ကြုတ်လိုက်သည်။
ဒီအသံကို သူ ရင်းနှီးသည်။ သို့သော် ဒီအသံပိုင်ရှင်က ဒီနေရာမှာ ရှိမနေသင့်ပါဘူး...
ချင်ကတော်ကတော့ သားဖြစ်သူထက် ပို၍ စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။
"ကောင်မလေး တစ်ယောက်ပါလား" ချင်ကတော်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အော်... ရင်းနှီးနေသလိုပဲ... ခဏလေး စဉ်းစားကြည့်ဦးမယ်..."
မိခင်ဖြစ်သူ၏ မှတ်ဉာဏ် သိပ်မကောင်းမှန်း သိနေသဖြင့် ချင်ဆွေ့ ကိုယ်တိုင်ပဲ လှမ်းကြည့်လိုက်တော့သည်။
ဒီနေရာမှာ မရှိသင့်တဲ့သူက တကယ် ရောက်နေတာပဲ။
"လီရှောင်ယာ..." ချင်ဆွေ့က ထိုနာမည်ကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။
"ဘာ... လီရှောင်ယာ ဟုတ်လား... ဟို အစီအစဉ်ထဲက လီရှောင်ယာလား" ချင်ကတော် အလွန်အမင်း အံ့သြသွားသည်။ "အပြင်မှာကျတော့ ဒီလိုပုံစံကိုး... တီဗီထဲမှာ မြင်ရတာထက် ပိုသေးပြီး ပိန်နေပါလား... ဒါပေမဲ့ မျက်နှာပေါက်လေးကတော့ လှသားပဲ..."
ချင်ကတော်က ဝေဖန်သုံးသပ်နေစဉ်မှာပင် သားဖြစ်သူက ထိုကောင်မလေးရှိရာသို့ လျှောက်သွားနေပြီ ဖြစ်သည်။
သူတို့ မတွေ့ဖြစ်တာ ရက်အတော်ကြာခဲ့ပြီ။
လီရှောင်ယာက အရင်ကထက် ပိုကျန်းမာလာပုံရသည်။ အတွင်းတွင် ဂါဝန်လေး ဝတ်ဆင်ထားပြီး အပြင်မှ အဖြူရောင် ဒေါင်းကုတ်အင်္ကျီလေး ထပ်ဝတ်ထားသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ကြွေရုပ်မလေး တစ်ရုပ်နှင့် တူနေသည်။
တော်သေးတာပေါ့...
အနည်းဆုံးတော့ သူထားခဲ့တုန်းကလို အချိန်မရွေး လေထဲ လွင့်ပါသွားမတတ် ဖြူဖျော့အားနည်းနေတဲ့ ပုံစံ မဟုတ်တော့ဘူး။
ချင်ဆွေ့က လီရှောင်ယာရှေ့တွင် ရပ်လိုက်ပြီး ခါးကို အနည်းငယ် ကိုင်းကာ မေးလိုက်သည်။
"ရှန်းယွီရှောင် ခေါ်လာတာလား"
လီရှောင်ယာ မဖြေရသေးခင်မှာပင် ချင်ဆွေ့က ကိုယ့်ဘာသာ ငြင်းလိုက်သည်။ "မဖြစ်နိုင်ပါဘူး... ရှန်းယွီရှောင်သာ ခေါ်လာတာဆိုရင် မင်း ငါ့ကို 'အစ်ကိုကြီး' လို့ ခေါ်လိုက်တာ ကြားတာနဲ့ ငါနဲ့ လာရန်ဖြစ်နေလောက်ပြီ"
ချင်ဆွေ့ ခဏရပ်ပြီး ဆက်ပြောသည်။ "နှမြောစရာပဲ... အသံဖမ်း မထားလိုက်မိဘူး"
"ရှောင်ယာ... သူက ဘယ်သူလဲ"
ထိုလူငယ်က လီရှောင်ယာနှင့် ရင်းနှီးသလို ပြောဆိုနေသည်ကို ကြားသောအခါ ဝေဝမ်ကျွင်းက သတိထားပြီး မေးလိုက်သည်။
ချင်ဆွေ့က ဝေဝမ်ကျွင်းကို တချက်ကြည့်ပြီး ပြောလိုက်သည်။ "သူ ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်တယ်မလား... သူ့အစ်ကိုလို့ပဲ သဘောထားလိုက်ပါ"
ဝေဝမ်ကျွင်း - "....."
*ဒါ ငါ့ကို လာနောက်နေတာလား... ရှောင်ယာမှာ အစ်ကိုမှ မရှိတာ*
"ကျုပ်က သူ့ဦးလေး" ဝေဝမ်ကျွင်းက အမြန် ပြန်ပြောလိုက်သည်။
ချင်ဆွေ့ အံ့သြသွားပြီး သူ၏ သဘောထား အနည်းငယ် ပြောင်းလဲသွားသည်။
သူ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ... ဘယ်လိုများ ခေါ်ရမလဲခင်ဗျ"
"ဝေ လို့ ခေါ်ပါတယ်"
ချင်ဆွေ့ ခဏ စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "နိုင်ငံခြားကနေ အခုမှ ပြန်ရောက်လာတဲ့ ဝေမိသားစုလား"
ဝေဝမ်ကျွင်း၏ မျက်နှာထား ချက်ချင်း ကောင်းမွန်သွားသည်။ သူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "မင်းက ဟိုလူတွေထက် ပိုထက်မြက်တာပဲ"
ချင်ဆွေ့က အလိုက်သင့် ပြုံးလိုက်သော်လည်း အပြုံးက မျက်လုံးထဲထိ မရောက်ပေ။
ထို့နောက် သူသည် လီရှောင်ယာဘက်သို့ လှည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါ ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ အစီအစဉ် မကြည့်ဖြစ်ဘူး"
တကယ်တော့ အဓိက အကြောင်းရင်းက ကင်မရာရှေ့မှာ ရှန်းယွီရှောင်နဲ့ လီရှောင်ယာတို့ သာယာနေတာကို မကြည့်ချင်လို့ပါ။
"အထဲဝင်ပြီး စကားပြောကြမလား" ချင်ဆွေ့က မေးလိုက်သည်။
လီရှောင်ယာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "သမီးတို့ ဖိတ်စာ ယူလာဖို့ မေ့သွားလို့..."
သူမ ချင်ဆွေ့ကို ဆက်ရှင်းပြမလို့ လုပ်နေစဉ်မှာပင်...
ချင်ဆွေ့က ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပေ။ တံခါးတစ်ချပ် ဝင်ရုံလေးပဲဟာ...
ချင်ဆွေ့ တံခါးစောင့်ကို လှည့်ကြည့်လိုက်သည်။ သူ ဘာမှမပြောရသေးခင် တံခါးစောင့်က အခြေအနေကို သဘောပေါက်သွားပြီး မျက်နှာဖြူဖျော့စွာဖြင့် ပြောလိုက်လေသည်။
"တောင်းပန်ပါတယ် မစ္စတာဝေ... ကျွန်တော် အတွေ့အကြုံမရှိလို့ လူကြီးမင်းကို မမှတ်မိလိုက်ပါဘူး... လူကြီးမင်းက ချင်မိသားစုနဲ့ သိနေမှတော့ ဖိတ်စာမလိုပါဘူးခင်ဗျ... လူကြီးမင်းနဲ့ ဒီမိန်းကလေး... အထဲကြွကြပါခင်ဗျ"
ဝေဝမ်ကျွင်းသည် အလကားလူ မဟုတ်ပေ။ မသန်စွမ်းဖြစ်သွားကတည်းက ဒေါသကြီးလာသူသာ ဖြစ်သည်။ သူသည် အပြင်တွင် ဆက်ပြီး ရပ်နေမည့်သူ မဟုတ်ချေ။
သူသည် တံခါးစောင့်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ဝှီးချဲကို လျင်မြန်စွာ မောင်းနှင်ကာ အထဲသို့ ဝင်သွားတော့သည်။
လီရှောင်ယာ ကြောင်သွားပြီး ချင်ဆွေ့ကို လှည့်ကြည့်လိုက်သည်။
"သွားကြစို့" ချင်ဆွေ့က ပြောပြီး လီရှောင်ယာနှင့်အတူ အထဲဝင်သွားလေသည်။
အနောက်တွင် ကျန်ခဲ့သော သက်တော်စောင့်များနှင့် ယာဉ်မောင်းမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြသည်။
"သူတို့... ဒီတိုင်း ဝင်သွားကြတာလား"
"အေးလေ"
ဝေဝမ်ကျွင်းသည် ဒေါသအရှိန်ဖြင့် ပါတီခန်းမထဲသို့ တရှိန်ထိုး ဝင်သွားလိုက်ရာ စိတ်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး တခြားသူများ သူ့ကို ဘယ်လိုမြင်မလဲ ဆိုတာကို ဂရုမစိုက်တော့ပေ။
"ရှောင်ယာ" သူ စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး လီရှောင်ယာကို ရှာရန် လှည့်ကြည့်လိုက်သည်။
လီရှောင်ယာသည် ချင်ဆွေ့နှင့်အတူ လျှောက်လာနေဆဲပင်။
ချင်ဆွေ့က မေးလိုက်သည်။ "မင်းမှာ ဘယ်လိုလုပ် ရုတ်တရက် ဦးလေး ပေါ်လာတာလဲ"
"မေမေ့ရဲ့ ဆွေမျိုးတွေက လာရှာတွေ့တာ" လီရှောင်ယာက ဖြေသည်။
ချင်ဆွေ့သည် ထိုစကားတစ်ခွန်းတည်းနှင့် ဇာတ်လမ်းတစ်ပုဒ်လုံးကို သူ့ခေါင်းထဲတွင် ပုံဖော်ကြည့်လိုက်သည်။
"မင်း ပျောက်သွားခဲ့တာလား... ဒါမှမဟုတ်..."
"ရဲဦးလေး ပြောတာကတော့ ပြန်ပေးဆွဲခံရတာတဲ့"
ချင်ဆွေ့ မအံ့သြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လီရှောင်ယာကို စတွေ့ကတည်းက သူမနေထိုင်သည့် ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု မရှိသည်ကို ခံစားမိသောကြောင့် ဖြစ်သည်။
သူ မျက်မှောင်အနည်းငယ်သာ ကြုတ်လိုက်သည်။
"ဒါဆို ဒီကိစ္စက... ရိုးရှင်းမှာ မဟုတ်ဘူး"
"ဘာလို့လဲဟင်" လီရှောင်ယာ မော့ကြည့်လိုက်သည်။
"မင်းဦးလေးက ပြည်ပရောက် ဝေမိသားစုဝင် ဆိုတော့... မင်းအမေဘက်က အမျိုးတွေက ပြည်ပမှာ နေခဲ့ကြတာ ကြာပြီပေါ့... ပြီးတော့ သာမန်လူတွေမှ မဟုတ်တာ... ရိုးရိုး လူကုန်ကူးတဲ့ကောင်တွေက မင်းအမေလို လူမျိုးနဲ့ ဘယ်လိုလုပ် ထိတွေ့ခွင့် ရမှာလဲ... ယုတ္တိရှိရှိ တွေးကြည့်ရင် သူတို့လို အမှိုက်ကောင်တွေက မင်းအမေကို တစ်သက်လုံး မြင်ခွင့်တောင် ရမှာ မဟုတ်ဘူး"
ချင်ဆွေ့က လုပ်ကြံမှု သီအိုရီများကို သုံးသပ်ရာတွင် အတော်ကျွမ်းကျင်လေသည်။
လီရှောင်ယာ လက်သီးကို ဆုပ်လိုက်မိသည်။
သူမအမေကိုလည်း... ဝေလင်းက ဒုက္ခပေးခဲ့တာများလား။
ဒါပေမဲ့ သူသာ လုပ်ခဲ့တာဆိုရင်... ဘာလို့ သူက ရဲတိုင်ပြီး အမေ လူကုန်ကူးခံရတယ်ဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ရဲရတာလဲ။
သူမက ငယ်လွန်းသေးသဖြင့် အခြေအနေအားလုံးကို သေချာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မရှိသေးပေ။
ချင်ဆွေ့က ထပ်မေးလိုက်သည်။ "မင်းတို့ ဘာလို့ အပြင်မှာ တားခံရတာလဲ"
လီရှောင်ယာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ "သူတို့က ဖိတ်စာ မပါလို့တဲ့... ဖိတ်စာက ဝေလင်း ဆီမှာ"
"ဝေလင်းက ဘယ်သူလဲ"
"သူပြောတာတော့ အဖိုးရဲ့ မွေးစားသားတဲ့... ပြီးတော့ သမီးကိုလည်း သူ့ကို ဦးလေးခေါ်ခိုင်းတယ်... ဒါပေမဲ့ ဦးလေးငယ်တို့က ပြောတယ် ဝေလင်းက လူဆိုးတဲ့" လီရှောင်ယာ ခဏရပ်ပြီး သူမ၏ ထင်မြင်ချက်ကိုပါ ထည့်ပြောလိုက်သည်။ "သမီးလည်း ထင်တယ်... သူက လူဆိုးနဲ့ တူတယ်"
"သံသယဖြစ်စရာ မလိုပါဘူး... သူက သေချာပေါက် မရိုးသားဘူး... ဖိတ်စာကိစ္စက သူ့အာဏာကို ပြချင်လို့ လုပ်တာပဲ" ချင်ဆွေ့ ခဏရပ်ပြီး မေးလိုက်သည်။ "သူ ဘာလို့ ဒီလိုလုပ်လဲ မင်း သိလား"
လီရှောင်ယာ ခဏ တုံ့ဆိုင်းနေပြီးမှ သူမ၏ အတွေးကို ပြောပြလိုက်သည်။ "သမီးကို ပိုလိမ္မာလာအောင် လုပ်ချင်လို့လား"
ချင်ဆွေ့ ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်။ "သူ တခြားလူတွေရှေ့မှာ မင်းကို ဘယ်လိုဆက်ဆံလဲ"
"သဘောကောင်းတဲ့ပုံ ပေါက်တယ်"
"သူ ဘာလို့ အဲ့လို ဟန်ဆောင်နေရတယ်လို့ မင်းထင်လဲ"
"အဲ့ဒါက..." လီရှောင်ယာ စဉ်းစားလိုက်သည်။ "သူ တစ်ခုခုကို လိုချင်နေပေမဲ့ သူတစ်ယောက်တည်း ယူလို့မရလို့... သမီးကို လိုအပ်နေလို့မလား... အဖိုးရဲ့ ပိုက်ဆံတွေလား"
ချင်ဆွေ့ ကျေနပ်စွာ ပြုံးလိုက်သည်။ "မင်း တွေးတာ တော်တော်မှန်တယ်"
ချင်ဆွေ့သည် ငတုံး များကို လေးစားလေ့မရှိပေ။
ထို့ကြောင့်လည်း လူအများစုသည် သူ့မျက်လုံးထဲတွင် ဒုတိယတန်းစား လူသားများကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ချင်ကတော်က သူ့သား လူမှုဆက်ဆံရေး ညံ့ဖျင်းမည်ကို အမြဲ စိုးရိမ်နေရခြင်း ဖြစ်သည်။
သူက လီရှောင်ယာ၏ ဉာဏ်ကောင်းမှုကို အလွန် သဘောကျသည်။
သူမနှင့် စကားပြောရတာ မပင်ပန်းဘူး။
သူမနှင့် စကားပြောရင်း လျှို့ဝှက်ချက်များကို အတူတူ ဖော်ထုတ်ရသည့် ခံစားချက်ကိုပင် သူ သဘောကျနေမိသည်။
"ဒါပေမဲ့ သူ ဘာလို့ ကိုယ့်ဘာသာ ယူလို့မရတာလဲ" ယခုတစ်ခါတွင် လီရှောင်ယာက ချင်ဆွေ့ကို ဆရာတင်ပြီး မေးမြန်းလိုက်သည်။
"ဖြစ်နိုင်ချေ အများဆုံးကတော့ Trust ကြောင့် ဖြစ်မယ်"
"Trust ဆိုတာ ဘာလဲဟင်"
ချင်ဆွေ့သည် တခြားသူများကို ရှည်ရှည်ဝေးဝေး ရှင်းပြလေ့ မရှိသော်လည်း ယခုတော့ စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"အဲ့ဒါက အဖွဲ့အစည်း တစ်ခုပဲ..."
"ဥပမာပေးရရင်... ငါ့မှာ ဒေါ်လာ တစ်သန်း ရှိတယ် ဆိုပါစို့... တခြားလူတွေ ငါ့ပိုက်ဆံကို ခိုးသွားမှာ စိုးလို့ ဒီငွေကို အဖွဲ့အစည်းတစ်ခုမှာ သွားအပ်ထားလိုက်တယ်... ပြီးတော့ အနာဂတ်မှာ ဒီငွေကို ဘယ်သူ့ဆီ ဘယ်လို ပေးရမယ်ဆိုတာ သတ်မှတ်ထားလိုက်တယ်"
"စာချုပ်ချုပ်ပြီးတာနဲ့ အဲ့ဒီ ဒေါ်လာတစ်သန်းက ငါ့ပိုင်ဆိုင်မှု မဟုတ်တော့ဘူး... ဟိုအဖွဲ့အစည်း ပိုင်တာလည်း မဟုတ်ဘူး... အကျိုးခံစားခွင့်ရှိသူ တစ်ယောက်တည်းကပဲ ပိုင်ဆိုင်တော့တာ... ဒါပေမဲ့ စာချုပ်ပါ စည်းကမ်းချက်တွေ မပြည့်မီမချင်း အကျိုးခံစားခွင့်ရှိသူလည်း မပိုင်သေးဘူး"
"တကယ်လို့ တခြားတစ်ယောက်က အဲ့ဒီငွေကို လိုချင်လို့ ငါ့ကို သတ်လိုက်ရင်လည်း အလကားပဲ... အကျိုးခံစားခွင့်ရှိသူကို သတ်လိုက်ရင်လည်း အလကားပဲ... ဘာလို့လဲဆိုတော့ စာချုပ်မှာ အကျိုးခံစားခွင့်ရှိသူကလွဲရင် ဘယ်သူမှ ထုတ်ယူခွင့်မရှိဘူးလို့ ရေးထားလို့ပဲ... ဒါကြောင့် အကျိုးခံစားခွင့်ရှိသူ သေသွားရင် အဲ့ဒီငွေတွေအားလုံးကို ပရဟိတအသင်းတွေဆီ လှူဒါန်းလိုက်တာမျိုး ဖြစ်သွားနိုင်တယ်"
"ဒါက Trust ရဲ့ စည်းမျဉ်းတွေပဲ... အခု နားလည်ပြီလား"
လီရှောင်ယာ ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"
ချင်ဆွေ့က ထပ်မေးလိုက်သည်။ "ဒါဆို ငါတို့ ဝေလင်း ကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ မင်းထင်လဲ"
လီရှောင်ယာ နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်သည်။ "သမီး လောစရာ မလိုဘူး... အခု လောနေရမယ့်သူက သူပဲ မဟုတ်လား"
"အင်း... ပြီးတော့ကော"
"သမီး အဖိုးကို အရင်ဆုံး တွေ့ရမယ်"
ချင်ဆွေ့ နောက်တစ်ကြိမ် ပြုံးလိုက်ပြန်သည်။ "လီရှောင်ယာ... မင်းက တကယ် ဉာဏ်ကောင်းတာပဲ”