အခန်း (၇၂)
Vol. 8 Ch. 72
Chapter 72
ချင်ဆွေ့သည် သူမအား တစ်စုံတစ်ခု ဆက်ပြောချင်နေသော်လည်း ထိုအချိန်၌ ဝေဝမ်ကျွမ်းသည် သူ၏ ဝှီးချဲကိုတွန်းကာ ရောက်ရှိလာလေသည်။ မည်သို့ပင်ဆိုစေကာမူ ချင်ဆွေ့နှင့် လီရှောင်ယာတို့ စကားပြောနေသည်မှာ ကြာပြီဖြစ်သဖြင့် ဝေဝမ်ကျွမ်းမှာ ဆက်လက်မစောင့်ဆိုင်းနိုင်တော့ပေ။
"မင်းက ဘယ်အိမ်က သခင်လေးလဲ" ဟု ဝေဝမ်ကျွမ်းက မေးလိုက်သည်။
"ကျွန်တော်က ချင်ဆွေ့ ပါ။ အဖေကတော့ ချင်ဟောင်မင်ပါ"
ဝေဝမ်ကျွမ်း အံ့အားသင့်သွားရ၏။
လီရှောင်ယာက ဘယ်လိုလုပ်ပြီး ဒီလောက် အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ သိကျွမ်းနေရတာလဲ။
"သခင်လေးရဲ့ ဂုဏ်သတင်းကို ကြားနေရတာကြာပါပြီ" ဝေဝမ်ကျွမ်းသည် နောက်ဆုံးတွင် မြင့်မြတ်သော သခင်လေးတစ်ဦး၏ ဟန်ပန်ကို ပြသလိုက်နိုင်လေသည်။ "နိုင်ငံခြားက ဇိမ်ခံအမှတ်တံဆိပ်တွေ ဟွာနိုင်ငံဈေးကွက်ထဲ ဝင်ချင်ရင်တောင် သခင်လေးတို့ အဖေရဲ့ သဘောထားကို ကြည့်ရတယ်ဆို"
ချင်ဆွေ့သည် အထက်တန်းလွှာတို့၏ စံချိန်မီ ယဉ်ကျေးသိမ်မွေ့သော အပြုံးမျိုးကို ဆင်မြန်းလိုက်ပြီး ပြောလိုက်၏။
"ဒါတွေက ချဲ့ကားပြီး လျှောက်ပြောနေကြတာပါ"
"ဒီနေ့အတွက် သခင်လေးချင်ကို ကျေးဇူးအများကြီးတင်ပါတယ်" ဟု ဝေဝမ်ကျွမ်းက အလျင်အမြန် ပြောလိုက်သည်။
ချင်ဆွေ့သည် တစ်ခါတစ်ရံတွင် အလွန် စိတ်အနှောင့်အယှက် ပေးတတ်သူဖြစ်သော်လည်း ချမ်းသာသော မိသားစုမှ သခင်လေးတစ်ယောက်ဖြစ်သောကြောင့် သရုပ်ဆောင်ရသည့်အခါတွင်မူ သူ၏ စကားလုံးများမှာ အလွန် သင့်တင့်လျောက်ပတ်ပြီး လူများကို စိတ်သက်သာရာ ရစေတတ်ပေသည်။
သူက ပြောလိုက်သည်။
"ခင်ဗျား သဘောကောင်းလွန်းနေပါပြီ။ ကျွန်တော်က ဧည့်သည်တွေရဲ့ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်ရအောင်လို့ သူတို့မျက်လုံးရှေ့က တိမ်တွေကို ဖယ်ရှားပေးလိုက်ရုံ သက်သက်ပါ"
ဝေဝမ်ကျွမ်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် ပိုမိုစစ်မှန်လာတော့သည်။
သူက မေးလိုက်သည်။
"သခင်လေးချင်နဲ့ ရှောင်ယာက ဘယ်လို ခင်မင်သွားကြတာလဲ မေးလို့ရမလား"
ချင်ဆွေ့က "ရေစက်ပါ" ဟု ဖြေလေသည်။
ဟုတ်ပေသည်... ရေစက်မဟုတ်လား။
ရှန်းယွီရှောင်သာ ခြေထောက်ဒဏ်ရာ မရခဲ့လျှင် သူသည် လီမိသားစုရွာသို့ ဘယ်သောအခါမျှ ရောက်လာမည် မဟုတ်ချေ။
"ချင်ဆွေ့... မင်းအဖေကို မတွေ့ပါလား" ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လှမ်းလာပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။
ချင်ဆွေ့ကပြောလိုက်၏။
"ဦးလေးလု... အဖေက ဒီနေ့ မမျှော်လင့်ဘဲ အလုပ်ကိစ္စလေး ပေါ်လာလို့လေ။ ဒါကြောင့် ကျွန်တော် အမေနဲ့ပဲ လာခဲ့တာ"
"ဪ... ဒါဆို မင်းအမေရော"
"ရောက်ရောက်ချင်းပဲ လမ်းခွဲသွားကြတယ်လေ"
"အော်... ဒါဆို မင်းအဒေါ်နဲ့ လက်ဖက်ရည်သောက်နေလောက်ပြီပေါ့"
ချင်ဆွေ့ ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ဝေဝမ်ကျွမ်းကို ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။ "မစ္စတာဝေ... ဒါက ဒီနေ့ပွဲရဲ့ အိမ်ရှင် မစ္စတာလု ပါ"
အမှန်စင်စစ် ဤ မစ္စတာလုသည် ဝေဝမ်ကျွမ်းနှင့် လီရှောင်ယာတို့ကို တိတ်တဆိတ် အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။
ချင်ဆွေ့သည် ပုံမှန်အားဖြင့် လူများကို သိပ်ဂရုစိုက်လေ့မရှိသော်လည်း ထိုသူများနှင့် စကားပြောနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ထိုသူများမှာ မျက်နှာစိမ်းများ ဖြစ်နေကြ၏။
ထို့ကြောင့် မစ္စတာလု ကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။
ချင်ဆွေ့က သူတို့ကို မိတ်ဆက်ပေးခြင်းကလည်း ချင်ဆွေ့နှင့် ထိုသူတို့ အတော်လေး ရင်းနှီးကြောင်း ပြသနေပေသည်။
ထို့ကြောင့် မစ္စတာလုသည် ချက်ချင်းပင် ဖော်ရွေသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ "ကျုပ်က အိုင်တီလုပ်ငန်းက လုခိုင်ရွှမ်ပါ။ ဧည့်သည်တော်ရဲ့ နာမည်လေးများ သိခွင့်ရှိမလား"
"ဝေဝမ်ကျွမ်း ပါ" ဤတစ်ကြိမ်တွင် ဝေဝမ်ကျွမ်းက "နိုင်ငံခြားကနေ ပြန်ရောက်တာ မကြာသေးပါဘူး" ဟု ဖြည့်စွက်ပြောကြားလိုက်သည်။
နောက်ဆုံးပြောလိုက်သည့် စကားမှာ အလွန်ကောင်းမွန်သော အရိပ်အမြွက်တစ်ခု ဖြစ်စေခဲ့သည်။
လုခိုင်ရွှမ်က နဖူးကိုရိုက်လိုက်ပြီး ဆိုလိုက်၏။ "ဪ... ခင်ဗျားက ဝေမိသားစုရဲ့ ဒုတိယသခင်လေးကိုး။ နာမည်ကြားနေတာ ကြာပြီ၊ အခုမှပဲ လူချင်းဆုံဖူးတော့တယ်။ တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ"
ဒါတွေအားလုံးက လူမှုရေးအရ ယဉ်ကျေးမှုဖလှယ်ခြင်း မျှသာဖြစ်သည်။
သူ့ရှေ့တွင် ရပ်နေသော "ချင်ဆွေ့" ဟုခေါ်သည့် လူငယ်လေး မျက်နှာကြောင့်သာ ဤမျှ အပြောချိုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် ဝေဝမ်ကျွမ်းသည် ဤကဲ့သို့ မြှောက်ပင့်သော စကားမျိုး မကြားရသည်မှာ ကြာခဲ့လေပြီ။
သူ၏ လှုပ်ရှားနေသော နှလုံးသားမှာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
အပြင်ထွက်ခြင်းသည် သူထင်ထားသလောက် နာကျင်ခက်ခဲစရာ မဟုတ်ကြောင်း သိလိုက်ရ၏။
ဤသို့ တွေးမိရင်း ဝေဝမ်ကျွမ်းသည် လီရှောင်ယာကို လှည့်ကြည့်မိသည်။
ကောင်းလိုက်တာ... တကယ်ကို ကောင်းတာပဲဟု သူတွေးလိုက်မိသည်။
နှစ်ဖက်စလုံး ယဉ်ကျေးမှု စကားအနည်းငယ် ထပ်ပြောပြီးနောက် လုခိုင်ရွှမ်က အစီအစဉ်တစ်ခု ပြုလုပ်လိုက်သည်။ "ဝေမိသားစုရဲ့ သခင်မလေးက ငယ်သေးတော့ ကျုပ်တို့နဲ့ စကားပြောစရာ သိပ်ရှိမှာမဟုတ်ဘူး။ တခြားကလေးတွေနဲ့ သွားကစားခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"
လုခိုင်ရွှမ်သည် လက်ခုပ်တီးကာ စားပွဲထိုးတစ်ဦးကို ခေါ်ပြီး လီရှောင်ယာအား ခေါ်သွားခိုင်းလိုက်သည်။
ချင်ဆွေ့သည် တားမြစ်ခြင်း မပြုဘဲ လီရှောင်ယာ၏ မျက်နှာထားကိုသာ တစ်ချက်ကြည့်လိုက်သည်။
သူမသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။
သူ လီမိသားစုရွာသို့ စရောက်ပြီး ထိုစုတ်ပြတ်နေသော အိမ်လေးထဲ ဝင်ကာ သူမနှင့် စတွေ့စဉ်က ပုံစံအတိုင်းပင် ဖြစ်သည်။
လီရှောင်ယာသည် ဝေဝမ်ကျွမ်းကိုသာ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
သူများတွေ သူမအတွက် စိတ်ပူမည်ကို စိုးရိမ်သည်ထက် သူမက ဒုတိယဦးလေးအတွက် ပိုစိတ်ပူနေခြင်း ဖြစ်၏။
ထို့နောက် သူမသည် စားပွဲထိုးနောက်သို့ လိုက်ပါသွားလေသည်။
"လီရှောင်ယာ" ချင်ဆွေ့ ရုတ်တရက် လှမ်းခေါ်လိုက်သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနေပြီဖြစ်သော လီရှောင်ယာမှာ ရပ်တန့်ကာ လှည့်ကြည့်လိုက်ရသည်။
ချင်ဆွေ့က "ကိုယ့်ကို 'အစ်ကို' လို့ နောက်တစ်ခေါက်လောက် ထပ်ခေါ်စမ်းပါ" ဟု ပြောလိုက်သည်။
ချင်ဆွေ့သည် သူတစ်ပါးကို စနောက်လေ့ရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူ၏ နှုတ်မှ ထိုစကားထွက်လာသည်ကို ကြားရသောအခါ လုခိုင်ရွှမ်ပင်လျှင် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိသည်။
လီရှောင်ယာသည် ချင်ဆွေ့၏ မျက်လုံးများကို ကြည့်လိုက်သည်။ ချင်ဆွေ့၏ မျက်ဝန်းထဲတွင် ခံစားချက် သိပ်မရှိဘဲ နူးညံ့သိမ်မွေ့သော "အစ်ကိုကြီး" တစ်ယောက် ပုံစံမျိုးနှင့် မတူပေ။
သို့သော် လီရှောင်ယာက နာခံလိုက်ပြီး "အစ်ကို ချင်ဆွေ့... နောက်မှတွေ့မယ်နော်" ဟု ခေါ်လိုက်သည်။
ချင်ဆွေ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်တက်သွားသည်။
သူမသည် ဉာဏ်ကောင်းသော ကလေးမလေးဖြစ်ကြောင်း သူသိသည်။
"ကောင်းပြီ... သွားတော့လေ"
အစ်ကိုဟု နောက်တစ်ကြိမ် ထပ်ခေါ်ခိုင်းခြင်းမှာ အခြားသူများအား သူတို့၏ ပတ်သက်မှုကို အလေးထားပြခြင်းသာ ဖြစ်သည်။
ဤနည်းအားဖြင့် စားပွဲထိုးသည် သူမကို ခေါ်သွားသည့်အခါ ဂရုတစိုက် စောင့်ကြည့်ရမည်ဖြစ်ပြီး အခြားသူများ အနိုင်ကျင့်ခြင်း မရှိစေရန် ကာကွယ်ပေးရမည်ကို အလိုလို သိသွားစေရန် ဖြစ်၏။
လီရှောင်ယာသည် ချင်ဆွေ့က ဦးလေးကို ကူညီစောင့်ရှောက်ပေးထားမည်ဟု စိတ်ချယုံကြည်စွာဖြင့် ထွက်ခွာလာခဲ့သည်။
စောစောက အကြည့်တစ်ချက်တည်းနှင့်ပင် နှစ်ဖက်စလုံး နားလည်မှု ရသွားခဲ့ကြပြီး ဖြစ်သည်။
"သခင်မလေးရဲ့ မျိုးရိုးနာမည်က လီ လား" ဟု စားပွဲထိုးက မေးလိုက်သည်။
လီရှောင်ယာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ... ဒါဆို သခင်မလေးလီ လို့ပဲ ခေါ်ပါ့မယ်" စားပွဲထိုးသည် သူမကို ဝင်ပေါက်ခန်းမဆောင်ငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး တံခါးဖွင့်ပေးလိုက်သည်။
အထဲတွင် ရုပ်ရှင်ပြသထားပြီး ငယ်ရွယ်သော်လည်း တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော ကလေးအများအပြားက သူမကို လှည့်ကြည့်လာကြသည်။
"သူက ဘယ်သူလဲ... တစ်ခါမှ မမြင်ဖူးပါဘူး"
"ဒါက သခင်မလေးလီ ပါ" အခန်းတွင်း အပူချိန်မှာ အတော်လေး နွေးထွေးသဖြင့် စားပွဲထိုးက ပြုံးလျက် လီရှောင်ယာ၏ အနွေးထည်အင်္ကျီကို ကူညီချွတ်ပေးရင်း ပြောလိုက်သည်။
"လီ ဟုတ်လား"
"လီမိသားစုဆိုတာ တစ်ခါမှတောင် မကြားဖူးဘူး"
ဤကလေးများမှာ အသက်မကြီးကြသေးသော်လည်း လူကြီးများကဲ့သို့ စကားပြောတတ်နေကြပြီ ဖြစ်သည်။
ချက်ချင်းပင် တစ်ယောက်က လီရှောင်ယာ အနားသို့ ရောက်လာပြီး "ဟေ့... နင့်အဖေနာမည်က ဘယ်သူလဲ" ဟု မေးသည်။
လီရှောင်ယာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ "ငါ့မှာ အဖေမရှိဘူး" ဟု ဖြေလိုက်သည်။
"ဒါဆို နင့်အမေနာမည်ကရော"
"ဝေဝမ်ယွီ" မိခင်ဖြစ်သူ၏ နာမည်ကို ပြောလိုက်ချိန်တွင် လီရှောင်ယာ၏ လေသံမှာ ပို၍ ယုံကြည်မှု ရှိသွားသည်။
"မကြားဖူးပါဘူး... နင်တို့ရော ကြားဖူးလား"
"ဟင့်အင်း"
"ငါလည်း မကြားဖူးဘူး"
"ဘယ်ကရောက်လာတာပါလိမ့်"
"ငါသိပြီ... ငါသိပြီ... စောစောက သူ ချင်ဆွေ့ကို အစ်ကိုလို့ ခေါ်လိုက်တာ ကြားတယ်"
"ဒါပေမဲ့ မဟုတ်လောက်ဘူး... ငါ ချင်ဆွေ့ရဲ့ ညီမကို မြင်ဖူးတယ်... သူက အရမ်းစွာတာ... ဒီလိုပုံစံ မဟုတ်ပါဘူး"
"ငါ့နာမည်က လီရှောင်ယာ"
လီရှောင်ယာသည် သူတို့၏ ဆွေးနွေးမှုများကို ဖြတ်ပြောလိုက်ပြီး ဘေးရှိ ဆိုဖာခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။
သူမသည် ကျောက်တုံးနွားကျောင်းတွင်လည်း သူငယ်ချင်း သိပ်မရှိခဲ့သဖြင့် ယခုလည်း သူငယ်ချင်း မရှိခြင်းကို ဂရုမစိုက်ပေ။
ငယ်စဉ်ကတည်းက သူမ နားလည်ထားသော မူဝါဒတစ်ခု ရှိသည်၊ အချို့လူများသည် အလွန် သီးသန့်ဆန်ကြသည်။ အကယ်၍ ကိုယ်က အံမဝင်ခွင်မကျ ဖြစ်နေလျှင် အတင်းအကြပ် ဝင်မရောနှင့်။
သူမက လီရှောင်ယာ ဖြစ်သလို လီရှောင်ယာ အတိုင်းသာ နေမည်ဖြစ်သည်။
"နာမည်ကလည်း ထူးဆန်းလိုက်တာ"
"ဘယ်လိုလုပ် လူနာမည်က ဘဲပေါက်စလေး ဖြစ်နေရတာလဲ"
သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကောင်လေးတစ်ယောက် မတ်တတ်ရပ်ကာ လီရှောင်ယာ အနားသို့ လျှောက်လာသည်။
"ဟေ့... နင် အဲဒီမှာ ထိုင်လို့မရဘူး"
"ဘာလို့လဲ" လီရှောင်ယာက မကြောက်မရွံ့ ပြန်ကြည့်လိုက်သည်။
ကောင်လေးက လှောင်ပြောင်လိုသော ပုံစံဖြင့် နောက်သို့လှည့်ကာ "သူက တကယ်ပဲ တုံးတာလား... ဟန်ဆောင်နေတာလားဟ" ဟု မေးလိုက်သည်။
ကောင်မလေး တစ်ယောက်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် "နင့်မိဘတွေက အရမ်း အာဏာရှိတဲ့သူတွေဆိုရင် အဲဒီမှာ ထိုင်လို့ရတယ်လေ" ဟု ဝင်ပြောသည်။
လီရှောင်ယာ ရုတ်တရက် နားလည်သွားသည်။
မြို့ကြီးပြကြီးနှင့် ရွာငယ်လေးသည် သိပ်ပြီး ကွာခြားမှုမရှိပါလားဟု တွေးမိလိုက်သည်။
အားလုံးက စည်းမျဉ်းတစ်ခုတည်းကိုသာ လိုက်နာကြခြင်း ဖြစ်သည်။
လီရှောင်ယာက "ဒါဆို ငါကိုယ်တိုင်က အရမ်းစွမ်းနေရင်ရော" ဟု မေးလိုက်သည်။
ကောင်မလေးငယ်မှာ ကြောင်အသွားပြီး "နင်ကိုယ်တိုင် စွမ်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ" ဟု ပြန်မေးရှာသည်။
လီရှောင်ယာက "ငါက ရန်ဖြစ်ရင် အရမ်းတော်တယ်" ဟု လေးလေးနက်နက် ပြောလိုက်သည်။
တောင်ပေါ်လမ်းပေါင်းများစွာ လျှောက်ခြင်း၊ ဝက်လိုက်ဖမ်းခြင်း၊ ထင်းသယ်ခြင်း... သာမန်ကလေးများ မလုပ်နိုင်သော အရာများစွာကို သူမ လုပ်ခဲ့ဖူးသည်။
သူမသည် အလွန်သန်မာသည်။
ထိုစကားကြောင့် ကောင်လေးမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းရှုံ့မတတ် ဖြစ်သွားရ၏။ "နင်က ဘယ်လောက်တောင် တော်နေလို့လဲ... ငါ့ကို နိုင်ပါ့မလား"
လီရှောင်ယာက "ငါ နင့်ကို နာအောင်လုပ်မိရင် လျော်ကြေးပေးရဦးမှာလား" ဟု မေးလိုက်သည်။
ကောင်လေးမှာ ပို၍ ဒေါသထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "လျော်ကြေး ဟုတ်လား... မလိုဘူး... ငါ နင့်ကို ရိုက်မှာ... မငိုနဲ့နော်"
ပြောပြောဆိုဆိုနှင့် ကောင်လေးက လီရှောင်ယာဆီသို့ ပြေးဝင်လာသည်။
စားပွဲထိုးမှာ ကြောင်အသွားပြီး လူချင်းခွဲရန် ကမန်းကတန်း ရှေ့တိုးလာသည်။
ကောင်လေးက နောက်လှည့်ပြီး ရိုင်းစိုင်းစွာ ဆဲဆိုလိုက်သည်။ "မလှုပ်နဲ့... ခင်ဗျားလှုပ်ရင် ကျုပ်အဖေကိုပြောပြီး အလုပ်ဖြုတ်ပစ်ခိုင်းလိုက်မှာနော်"
ထိုအချိန်တွင် ကလေးတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။ "ဟာ... ငါသတိရပြီ... လီရှောင်ယာ ဆိုတဲ့နာမည်ကို ငါကြားဖူးတယ်... ငါ့အစ်ကိုပြောတာ သူ့အလုပ်က အဲဒီတစ်ယောက်ကို စံထားပြီး လုပ်ထားတာတဲ့"
သို့သော် မည်သူမျှ နားမထောင်ကြပေ။
လီရှောင်ယာက ကောင်လေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "သူများတွေကို ခြိမ်းခြောက်နေရတာ ဘာများကောင်းလို့လဲ"
ကောင်လေးက သူမဆီသို့ ချက်ချင်း ပြန်ပြေးဝင်လာသည်။
လီရှောင်ယာသည် ရှောင်တိမ်းခြင်းမပြုဘဲ ကောင်လေး၏ မျက်လုံးအိမ်ကို လက်သီးဖြင့် ထိုးချလိုက်တော့သည်။
အင်း... ရန်ပွဲက ပြင်းထန်သွားရင်...
ကောင်လေးရဲ့အဖေက သေချာပေါက် ဒေါသထွက်မှာပဲ။
ပြီးတော့ ဒီလောက် လေကြီးမိုးကြီး ပြောနေပုံထောက်ရင် သူ့အဖေက တော်တော် အာဏာရှိပုံရတယ်။
ဝေလင်း ဝင်ရှင်းပေးရင်တောင် လောက်ပါ့မလား...။ အဲဒီအချိန်ကျရင် ဒီကိစ္စကို ရှင်းဖို့ သူ့အဖေက အဘိုးကို တွေ့ခွင့်တောင်းလောက်တယ် မဟုတ်လား။
ဤသို့တွေးရင်း လီရှောင်ယာသည် ကောင်လေး၏ ကော်လာစကို ဆွဲကိုင်ကာ ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်ပြီး၊ ကိုယ်ပေါ်တက်ခွ၍ ဆင့်ကာဆင့်ကာ ထိုးနှက်လိုက်တော့သည်။
မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
အခြားတစ်ဖက်တွင်မူ...
ဝေလင်း နောက်ကျမှ ရောက်လာခဲ့သည်။ သို့သော် တံခါးဝသို့ရောက်၍ အထဲကို လှမ်းကြည့်လိုက်သောအခါ...
"မင်းတစ်ယောက်တည်း ကျန်ခဲ့တာလား... ကျန်တဲ့သူတွေရော" ဝေလင်း၏ မျက်နှာထား အနည်းငယ် မဲမှောင်သွားသည်။ "သူတို့ ပျောက်သွားရင် မင်း တာဝန်ယူနိုင်လို့လား"
"မဟုတ်ရါဘူး သခင်ကြီး သခင်လေးနဲ့ သခင်မလေးတို့ အထဲဝင်သွားကြပါပြီ" ဟု ယာဉ်မောင်းက အလောတကြီး ရှင်းပြသည်။
"ဝင်သွားပြီ ဟုတ်လား" ဝေလင်း ကြောင်အသွားသည်။ "ဖိတ်စာမပါဘဲနဲ့လား"
"ချင်မိသားစုက သခင်လေး ခေါ်သွားပေးတာပါ"
"ချင်မိသားစု သခင်လေးတဲ့လား" ဝေလင်း မျက်မှောင်ကြုတ်လိုက်သည်။ အစီအစဉ်ထဲက မိတ်ဆွေတစ်ယောက်များလားဟု စဉ်းစားနေမိသည်။
ဝေလင်း ဖိတ်စာကိုထုတ်ကာ ခန်းမထဲသို့ ခြေလှမ်းကျဲဖြင့် ဝင်လိုက်သည်။
ရှာဖွေခြင်းမပြုရသေးမီ စားပွဲထိုးတစ်ယောက် ထိတ်လန့်တကြား ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ "ရန်ဖြစ်ကုန်ပြီ... ရန်ဖြစ်ကုန်ပြီ... မုမိသားစုက သခင်လေးနဲ့ သခင်မလေးလီ ရန်ဖြစ်နေကြပြီ"
သခင်မလေးလီ...
ဘယ် သခင်မလေးလီလဲ...။
ဝေလင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ လီရှောင်ယာများ ဖြစ်နေမလား။
ရောက်တာနဲ့ ရန်ဖြစ်နေပြီပေါ့လေ။
ဝေလင်၏ ရင်ထဲတွင် ဒေါသအနည်းငယ် ထွက်လာသော်လည်း ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်သည်။
နေပါဦး... ရန်ဖြစ်တာက ကောင်းတဲ့ကိစ္စပဲလေ။ အစတုန်းက ခြိမ်းခြောက်လို့ မအောင်မြင်ခဲ့ပေမယ့် အခုလို ပြဿနာတက်မှတော့ ဒီအခြေအနေက လွတ်မြောက်ဖို့ လီရှောင်ယာက သူ့ကို အားကိုးရတော့မှာ မဟုတ်လား။
သို့သော် ဒီ မုသခင်လေး ဆိုတာက ဘယ်လိုနောက်ခံမျိုး ရှိလဲဆိုတာ သူစဉ်းစားရမည်။
မု... မု...
ဟို မုမိသားစုများလား...။