← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

Chapter 74

ခန်းမဆောင်ငယ်လေး၏ ထောင့်တစ်နေရာတွင် ကောင်လေးကို ထိုင်ခုံတစ်ခုပေါ်သို့ ဝိုင်းကူတင်ပေးထားကြပြီ ဖြစ်သည်။

လုခိုင်ရွှမ်သည် မိသားစုဆရာဝန်တစ်ဦးကို အမြန်လာရောက် ကုသပေးရန် ဖုန်းဆက်ခေါ်ယူနေ၏။

ဝေလင်း ခန်းမဆောင်ငယ်လေးထဲသို့ ဝင်ရောက်လာသောအခါ လီရှောင်ယာ၏ အခြေအနေကို အလျင်အမြန် သွားရောက် မကြည့်ရှုခဲ့ပေ။ သူသည် အနီးရှိ စားပွဲထိုးတစ်ဦးကို တိုးတိုးလေး မေးလိုက်သည်။ "ဒီသခင်လေးက ဘယ်မိသားစုကလဲ"

စားပွဲထိုးသည် သူ့ကို အံ့သြသလို ကြည့်လိုက်သော်လည်း "မုရုန်ဖုန်းပိုင်တဲ့ ဝမ်ဝူအင်တာနက်လုပ်ငန်းစုက သခင်လေးပါ" ဟု ဖြေကြားပေးလိုက်သည်။

ဝေလင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

တကယ်ပဲ ဟို မုမိသားစု ဖြစ်နေတာကိုး။

လူမှုကွန်ရက်၊ ဂိမ်းနှင့် e-commerce အပါအဝင် ရေပန်းစားသော အင်တာနက်လုပ်ငန်း အများအပြားကို လုပ်ကိုင်နေပြီး အားလုံးနီးပါးတွင် ထိပ်တန်းရောက်ရှိနေသော မုမိသားစုပင် ဖြစ်သည်။

သူ နိုင်ငံခြားတွင် ရှိနေစဉ်ကတည်းက ဝမ်ဝူအင်တာနက်လုပ်ငန်းစုသည် ငွေကြေးအရင်းအနှီး ဧရာမကြီးထွားလာနေပြီ ဖြစ်ကြောင်း ကြားခဲ့ဖူးသည်။

ဆွေစဉ်မျိုးဆက် အမွေအနှစ်အရ အခြားသော မိသားစုကြီးများနှင့် ယှဉ်နိုင်ခြင်း မရှိသေးသော်လည်း ကြွယ်ဝချမ်းသာမှု အပိုင်းတွင်မူ ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေသည်မှာ သေချာပေသည်။

ဝေလင်းသည် သခင်လေးမု၏ ဒဏ်ရာအခြေအနေကို အရင်သွားကြည့်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ထိုအချက်က သူ၏ နောက်ပိုင်းဆက်ဆံရမည့် သဘောထားကို ဆုံးဖြတ်ပေးလိမ့်မည်။

ကာကွယ်ပေးရမလား... ဒါမှမဟုတ် လီရှောင်ယာကိုပဲ ပြစ်ဒဏ်ပေးပြီး သင်ခန်းစာယူခိုင်းရမလား ဆိုတာပေါ့။

ဝေလင်းသည် သခင်လေးမု ရှိရာသို့ ချက်ချင်း ဦးတည်သွားလိုက်သည်။

သို့သော် လူအုပ်ကြီးက ဝိုင်းအုံနေသဖြင့် အလွယ်တကူ တိုးဝင်၍မရပေ။

ရွေးချယ်စရာမရှိသဖြင့် သူသည် လီရှောင်ယာကို ခဏတာ လှည့်ကြည့်လိုက်မိသည်။

... လီရှောင်ယာက တကယ်ကြီး ဖုန်းပြောနေတာလား။

ဒီလိုအချိန်မျိုးမှာ ဘယ်သူ့ဆီ ဖုန်းဆက်ရင် အသုံးဝင်မှာမို့လို့လဲ။

ရှန်းယွီရှောင်လား။ ရှန်းယွီရှောင်က ဒီမှာမှ မရှိတာ။

ဝေလင်းသည် စိတ်ထဲတွင် ခေါင်းခါရင်း သူ့ဘာသာ လှောင်ပြောင်လိုက်ပြီးနောက် ပြန်လှည့်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်... လမ်းနည်းနည်း ဖယ်ပေးကြပါ။ ကျုပ်က လီရှောင်ယာရဲ့ ယာယီအုပ်ထိန်းသူပါ။ သူ သခင်လေးမုနဲ့ ရန်ဖြစ်လိုက်လို့လား"

ထိုစကားကို ကြားသောအခါ အခြားသူများမှာ ခေတ္တမျှ ကြောင်အသွားကြပြီးနောက် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ဝေလင်းသည် ရှေ့ဆုံးသို့ တိုးထွက်လာပြီး လုခိုင်ရွှမ်ကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။ "မစ္စတာလု"

လုခိုင်ရွှမ်သည် ဝေလင်းကို ယခင်က တွေ့ဖူးသည်။ အကြောင်းမှာ ဝေလင်းသည် ဤကာလအတွင်း ဝေမိသားစု၏ ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်နေသူ ဖြစ်သောကြောင့်ပင်။

"ဪ... ခင်ဗျားကိုး။ မစ္စတာဝေ ရောက်လာပြီပဲ။ ဒီကိစ္စကတော့..." လုခိုင်ရွှမ်က နဖူးကို ဖိနှိပ်လိုက်ရင်း "ကျွန်တော် မုမိသားစုဆီ ဖုန်းဆက်ပြီး အကြောင်းကြားထားပြီးပါပြီ"

ဝေလင်း စိတ်ထဲတွင် သက်သာရာ ရသွားသည်။ "မစ္စတာမု ဒီနေ့ မလာဘူးလား"

လုခိုင်ရွှမ် ခေါင်းခါလိုက်သည်။ "သူက အရမ်း အလုပ်ရှုပ်တယ်လေ"

ဝေလင်း ခေါင်းညိတ်လိုက်ပြီး "ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ကျွန်တော် မစ္စတာမုကို သေချာပေါက် ရှင်းပြပါ့မယ်" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ကိုယ်ကို အနည်းငယ်ကိုင်းကာ သဘောကောင်းသော လူကြီးတစ်ဦးကဲ့သို့ စိုးရိမ်တကြီး မေးလိုက်သည်။ "သခင်လေးမု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသေးလား"

သို့သော် ကောင်လေးက သူ့ကို စိတ်တိုတိုဖြင့် တွန်းထုတ်လိုက်သည်။ "ငါပြောပြီးပြီလေ... ငါဘာမှမဖြစ်ဘူးလို့! ဘာမှမဖြစ်ဘူး! ခင်ဗျားတို့ အကုန်လုံး နားပင်းနေကြတာလား။ ငါပြောတာ နားမလည်ကြဘူးလား"

ဝေလင်းသည် တုံ့ပြန်မှုပုံစံ အမျိုးမျိုးကို တွေးထားခဲ့ဖူးသည်။

သို့သော် ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟုတော့ လုံးဝ ထင်မထားခဲ့ပေ။

သူက ဘာမှမဖြစ်ပါဘူးလို့ ပြောလိုက်တာလား။

တစ်ဖက်တွင်မူ လီရှောင်ယာသည် ဖုန်းနှစ်ကြိမ်ခေါ်ပြီးသွားပြီ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်မှ ဖုန်းမကိုင်ချေ။

ထို့ကြောင့် သူမသည် ချင်ဆွေ့၏ ညွှန်ကြားချက်အတိုင်း နာခံကာ စာတိုတစ်စောင် ပေးပို့လိုက်သည်။

စာတိုပို့ပြီးသည်နှင့် သူမ၏ ဖုန်းမြည်လာတော့သည်။

ရှန်းယွီရှောင် ပြန်ခေါ်လိုက်ခြင်း ဖြစ်သည်။

"ဟယ်လို" လီရှောင်ယာ ချက်ချင်း ထူးလိုက်သည်။

တစ်ဖက်မှ ပြင်းထန်သော ဒေါသအရှိန်အဟုန်ကြီးမှာ တိတ်ဆိတ်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

"ဘာဖြစ်တာလဲ။ မင်း ဘယ်လိုလုပ် ချင်ဆွေ့နဲ့ အတူရှိနေရတာလဲ။ ချင်ဆွေ့က မင်းကို အနိုင်ကျင့်လို့ သူ့ဖုန်းကို ခိုးပြီး ငါ့ဆီဆက်လိုက်တာလား" ရှန်းယွီရှောင်၏ အသံမှာ စက်သေနတ်ပစ်သကဲ့သို့ တရစပ် ထွက်ပေါ်လာသည်။

"မဟုတ်ပါဘူး" လီရှောင်ယာ စကားနှစ်လုံးမျှသာ ပြောရသေးသည်။

ရှန်းယွီရှောင်က မချိုမချဉ်ဖြင့် "ဪ... မင်းတို့ အတူတူ ကစားနေကြတယ်လို့တော့ မပြောနဲ့နော်။ မင်းမိသားစုက ချင်မိသားစုနဲ့ မိတ်ဆွေဖွဲ့လိုက်ကြပြီလား"

"သမီး သူများနဲ့ ရန်ဖြစ်လိုက်လို့" လီရှောင်ယာ လိုရင်းကိုသာ ပြောလိုက်ရတော့သည်။

"ဘယ်သူလဲ။ ဘယ်ကောင်က မင်းကို ရိုက်ရဲတာလဲ" ရှန်းယွီရှောင်၏ လေသံမှာ နက်ရှိုင်းသွားသည်။ "ချင်ဆွေ့က သေသွားပြီလား။ သူများက မင်းကို ရိုက်နေတာကို ဒီတိုင်း ကြည့်နေတာလား"

"သမီးက သူများကို ရိုက်လိုက်တာ"

"......"

"ဪ... အင်း... ကောင်းတာပေါ့" ရှန်းယွီရှောင်သည် စံနှုန်းနှစ်မျိုးထားတတ်သူ ပီသပါပေသည်။

ပြောပြီးသည်နှင့် သူ အလျင်အမြန် သတိဝင်လာသည်။ "တစ်ဖက်လူက ဘယ်သူလဲ။ ဟမ်... ချင်ဆွေ့ တစ်ယောက်တည်းနဲ့ မနိုင်လို့လား"

"သူတို့မျိုးရိုးက မု တဲ့"

ရှန်းယွီရှောင် ချက်ချင်း သဘောပေါက်သွားသည်။ "ငါသိပြီ... မင်း မုရုန်ဖုန်းရဲ့ သားဆိုးလေးကို ရိုက်လိုက်တာမလား။ အဲဒီကောင်လေးက တော်တော် စိတ်ပျက်ဖို့ကောင်းတာ။ ငါ အခုချက်ချင်း ပျံလာလို့မရဘူး ဖြစ်နေတယ်... အင်း ခဏလေးနော်... ငါ ဖုန်းတစ်ချက်လောက် ဆက်လိုက်ဦးမယ်"

"မကြာဘူးနော်" ရှန်းယွီရှောင်၏ အသံမှာ အနည်းငယ် နူးညံ့သွားသည်။

"အင်း" လီရှောင်ယာက "ကျေးဇူးပါ" ဟု ပြောချင်သော်လည်း ထိုစကားလုံးများက ရိုးရှင်းလွန်းသည်ဟု ခံစားမိနေသည်။

သူမက ရှန်းယွီရှောင်ကို "အစ်ကို" ဟု ခေါ်ချင်သော်လည်း ချင်ဆွေ့ကို အစ်ကိုဟု ခေါ်ပြီးကာစမို့ ထိုစကားလုံးကလည်း ရိုးရှင်းလွန်းသည်ဟု ခံစားနေရပြန်သည်။

ချိုချိုသာသာ ပြောတတ်လျှင် အရာရာ အဆင်ပြေမည်ဟု သူမသိထားသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို အလိုလိုက်စေချင်သောအခါ သူမ ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ရှန်းယွီရှောင်နှင့် စတွေ့စဉ်က မည်သည့်ဝန်ထုတ်ဝန်ပိုးမျှ မရှိဘဲ အစ်ကိုဟု ခေါ်ခဲ့သလိုမျိုးပင်။

နောက်ပိုင်းတွင် ရှန်းယွီရှောင်နှင့် ပိုမိုရင်းနှီးလာသောအခါ သူမသည် ပို၍ သတိထားလာပြီး ထိုကဲ့သို့ လွယ်လွယ်ကူကူ မခေါ်တော့ပေ။

ထို့ကြောင့် အချိန်အတော်ကြာ စဉ်းစားပြီးနောက် လီရှောင်ယာသည် တိုးညှင်းသောအသံလေးဖြင့် "ရှန်းယွီရှောင်... သမ အစ်ကို့ကို နည်းနည်းလောက် လွမ်းတယ်" ဟုသာ ပြောနိုင်ခဲ့ရှာသည်။

ဘေးရှိ ချင်ဆွေ့ နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်မိသည်။

ကောင်းပြီလေ။

ရှန်းယွီရှောင်တော့ အခုဆို မီးဟုန်းဟုန်းတောက်နေလောက်ပြီ။ ကိုယ်တိုင် ပျံမလာနိုင်လို့ ဒုက္ခရောက်နေလောက်ပြီ...။

ထင်သည့်အတိုင်းပင်။ တစ်ဖက်မှ ရှန်းယွီရှောင် ဘာမျှမပြောတော့ဘဲ ဖုန်းကို အမြန်ချသွားလေသည်။

စုစုပေါင်း သုံးမိနစ်ပင် မကြာလိုက်ချေ။

နောက်ထပ်လူတစ်ယောက် ခန်းမဆောင်ငယ်လေးထဲသို့ ဝင်ရောက်လာသည်။

သူသည်လည်း အသက်သိပ်မကြီးသေးဘဲ တရားဝင်ဝတ်စုံ မဝတ်ဆင်ထားပေ။ ဘေ့စ်ဘောအင်္ကျီကိုသာ ဝတ်ဆင်ထားသည်။

သူသည် အရပ်အလွန်ရှည်ပြီး အသားအနည်းငယ် ညိုသည်။ မျက်ခုံးထူထူနှင့် မျက်လုံးနက်နက်တို့ကြောင့် တိုင်းရင်းသားလူနည်းစု သွေးပါပုံရသည်။

သူသည် လက်တစ်ဖက်ဖြင့် ဖုန်းပြောနေရင်း အခန်းထဲသို့ လှမ်းကြည့်နေသည်။

နောက်ဆုံးတွင် လီရှောင်ယာကို တွေ့သွားပြီးမှ ဖုန်းကို သိမ်းလိုက်သည်။

အနီးသို့ရောက်လာသောအခါ ချင်ဆွေ့ ရှိနေသည်ကိုပါ တွေ့လိုက်ရသဖြင့် ဝါဆာဘိ စားမိလိုက်သကဲ့သို့ မျက်နှာထား ချက်ချင်း ပျက်သွားတော့သည်။

"မင်းက ဘာလို့ ဒီရောက်နေတာလဲ" ဟု သူက မေးလိုက်သည်။

ချင်ဆွေ့က သူ့နာမည်ကို ခေါ်လိုက်သည်။ "ဝေဇီရှန်း... ရှန်းယွီရှောင်က မင်းကို ဖုန်းဆက်လိုက်မယ်လို့ ငါမထင်ထားမိဘူး"

"အင်း... ရှန်းက မင်းဒီမှာရှိနေတာ သိပုံရတယ်" ဝေဇီရှန်းက မကျေမနပ် ပြောလိုက်သည်။

မျိုးရိုးက ဝေ ပဲလား။

ဝေဝမ်ကျွမ်းသည် ထိုလူငယ်ကို မလှည့်ကြည့်ဘဲ မနေနိုင်တော့ချေ။

ဤ ဝေ က ဝေဝမ်ကျွမ်းတို့ မိသားစုနှင့် မတူပေ။

ဤ ဝေ က ပြည်တွင်း၌ နာမည်ကျော်ကြားပြီး သူတို့ ဂိတ်ဝတွင် အတားခံရစဉ်က တံခါးစောင့် ပြောခဲ့သည့် "ဆေးရုံပိုင်သော ဝေမိသားစု" ပင် ဖြစ်သည်။

ဝေဇီရှန်းက "ရှန်းက ငါ့ကို ဒီကောင်မလေးကို ကာကွယ်ပေးဖို့ ပြောလိုက်တယ်... အမ်... ပြဿနာကောင်က ဘယ်သူလဲ"

ခန်းမဆောင်ငယ်လေး၏ တံခါးမှာ အပြင်ဘက်မှ အလျင်အမြန် တွန်းဖွင့်ခြင်း ခံလိုက်ရပြန်သည်။

ချင်ဆွေ့က "သူလာပြီ" ဟု ပြောလိုက်သည်။

ယခုတစ်ကြိမ် ဝင်လာသူမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လည်စည်းနှင့် မျက်မှန် တပ်ဆင်ထားကာ အတွင်းရေးမှူးပုံစံ ပေါက်နေသည်။

ထိုသူသည် တည်တင်းသော မျက်နှာထားဖြင့် လုခိုင်ရွှမ်ထံသို့ တည့်တည့်လျှောက်သွားလိုက်သည်။ "မစ္စတာလု... ဒီနေ့ဖြစ်ရပ်ကို ကိုင်တွယ်ဖို့ မစ္စတာမုက ကျွန်တော့်ကို လွှတ်လိုက်တာပါ... သခင်လေးကို ဆေးရုံ အရင်ပို့ချင်ပါတယ်"

ဤလူသည် အလွန်အလုပ်တွင်ပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိသူပုံ ပေါက်နေသည်။

သခင်လေးမု၏ မျက်နှာထား ပြောင်းလဲသွားပြီး "ငါမလိုက်ဘူး" ဟု အော်ပြောလိုက်သည်။

အတွင်းရေးမှူးက ပြောလိုက်၏။

"ကောင်းပါပြီ... ဒါဆို သခင်လေးက ဒီကိစ္စ ဖြေရှင်းပြီးတာကို အရင်မြင်ချင်ပုံရတယ်... ဒီ လီရှောင်ယာ ဆိုတဲ့တစ်ယောက်က ဘယ်လိုနောက်ခံမျိုး ရှိလဲ သိခွင့်ရှိမလား"

ဝေလင်း မျက်ခွံများ လှုပ်သွားပြီး ဝင်ပြောလိုက်ရသည်။ "ကျွန်တော်က သူ့ရဲ့ ယာယီအုပ်ထိန်းသူပါ"

လုခိုင်ရွှမ်ကလည်း အမြန်မိတ်ဆက်ပေးလိုက်သည်။ "ဒါက နိုင်ငံခြားက ပြန်ရောက်လာတဲ့ အဘိုးဝေရဲ့ မွေးစားသား မစ္စတာဝေလင်းပါ"

အတွင်းရေးမှူးက ခေါင်းညိတ်လိုက်ပြီး အသံကို ချက်ချင်းမြှင့်ကာ မေးလိုက်သည်။ "ဒါဆို လီရှောင်ယာက ဘယ်မှာလဲ"

လီရှောင်ယာ လက်ထောင်ပြလိုက်သည်။

ဝေလင်း _ "..." ကျားကိုမကြောက်တဲ့ နွားပေါက်စလေးများ ဖြစ်နေတာလား။ ပြဿနာတက်ချင်လွန်းလို့ ဇွတ်တိုးဝင်တဲ့လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးဘူးလား။

အတွင်းရေးမှူးသည် လီရှောင်ယာရှိရာသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်ပြီးနောက် ဝေလင်းကို ကြည့်ကာပြောလိုက်သည်။

"ဒါဆိုရင် မစ္စတာဝေလင်း... ကျေးဇူးပြုပြီး သင့်တော်မှန်ကန်တဲ့ ရှင်းပြချက်လေး ပေးပါဦး"

ဝေလင်း လိုက်ပါသွားပြီး စတင်ပြောဆိုလိုက်သည်။ "ရန်ဖြစ်တာကတော့ သေချာပေါက် မှားပါတယ်..."

သူ့စကား မဆုံးသေးခင်မှာပင်၊

ဝေဇီရှန်းက ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။ "ခင်ဗျားက မစ္စတာမုရဲ့ အတွင်းရေးမှူးလား။ ကျုပ် ဘယ်သူလဲဆိုတာ သိလား"

အတွင်းရေးမှူးက သူ့ကို အကဲခတ်ကြည့်ရင်း တုံ့ဆိုင်းသွားသည်။ "ခင်ဗျားက..."

"ဝေဇီရှန်း"

"ကျွန်တော်က ချင်ဆွေ့" ချင်ဆွေ့ကပါ ဝင်ပြောလိုက်သည်။

"ဒီကိစ္စအတွက် ကျွန်တော်တို့ အတူတူ မုမိသားစုကို ရှင်းပြပေးပါမယ်။ မုမိသားစုဘက်ကလည်း ပြန်ပြီးရှင်းပြပေးဖို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်လေးမုက ရှောင်ယာ့ထက် သုံးနှစ်လောက်ကြီးတယ်လေ။ သူက ရန်စဖြစ်တယ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး မဟုတ်လား" ချင်ဆွေ့က တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။

ထိုအချိန်တွင် ခန်းမဆောင်ငယ်လေးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အတွင်းရေးမှူး၏ ယုံကြည်မှုရှိသော ပုံစံမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

လုခိုင်ရွှမ်ပင်လျှင် မှင်သက်သွားရ၏။

ဝေဇီရှန်းသည် ရှန်းမိသားစုဘက်တော်သားဖြစ်ပြီး ချင်မိသားစုနှင့် မသင့်မြတ်ပေ။

ကျွတ်စမ်း... သူတို့နှစ်ယောက် ပူးပေါင်းသွားတာကို ငါ့သက်တမ်းမှာ မြင်လိုက်ရပါလား။

ကမ္ဘာကြီးလည်နေတာ ရပ်သွားပြီး နေက အနောက်ဘက်ကထွက်၊ မြေကြီးပေါ်ကရေတွေ ကောင်းကင်ပေါ် ပြန်တက်သွားသလိုမျိုး မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ။

ဒါက ဘာအဓိပ္ပာယ်လဲ။

မုမိသားစုက သူတို့နှစ်ယောက်ကို ပူးပေါင်းသွားအောင် လုပ်နိုင်လိုက်တယ်ဆိုတော့... အခြေအနေက တော်တော်လေး လေးနက်နေပြီပဲ။ သာမန်အတွင်းရေးမှူးလောက်နဲ့ ကိုင်တွယ်နိုင်မယ့်ကိစ္စ သေချာပေါက် မဟုတ်တော့ဘူး။

သူ စစ်ကူခေါ်မှ ဖြစ်တော့မယ်။

ဝေလင်းသည် ဘေးတွင်ရပ်နေရင်း ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်နေရှာသည်။

ဘာလဲ... သူတို့ ရူးကုန်ကြပြီလား။ ဒီတိုင်းကြီး ဝင်ပါလိုက်ကြတာလား။ လီရှောင်ယာက သူတို့နဲ့ ဘာမှပတ်သက်တာ မဟုတ်ဘဲနဲ့လေ။

All Chapters