← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

Chapter 75

ဤပွဲ၏ အိမ်ရှင်ဖြစ်သူ လုခိုင်ရွှမ်သည် အခက်ခဲဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ၏။

သူသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး ရှေ့တိုးကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... ကလေးတွေကြားမှာဖြစ်တဲ့ ပဋိပက္ခ အသေးအဖွဲလေးပါပဲဗျာ။ စိတ်အေးလက်အေး ထိုင်ပြီး ဆွေးနွေးလိုက်ကြရင် မကောင်းဘူးလား"

မည်သို့ပင်ဆိုစေကာမူ ချင်ဆွေ့နှင့် ဝေဇီရှန်းတို့သည် လူငယ်များသာ ဖြစ်ကြသေးသည်။

မစ္စတာမု၏ အတွင်းရေးမှူးဆိုသည်မှာလည်း အတွင်းရေးမှူးမျှသာ ဖြစ်သည်။

ဤကိစ္စကြီးထွားသွားပြီး မိသားစုအားလုံး ပါဝင်ပတ်သက်လာခြင်း မရှိသရွေ့ အခြေအနေအားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေဦးမည် ဖြစ်သည်။

သို့မဟုတ်ပါက... ဤညစာစားပွဲသည် မုမိသားစု၊ ဝေမိသားစု၊ ချင်မိသားစုနှင့် ရှန်းမိသားစုတို့ကိုပါ ထိခိုက်နစ်နာစေမည့် အခြေအနေသို့ ရောက်သွားနိုင်ပေသည်။

"ဒီမှာ မတ်တတ်ရပ်ပြီး ငြင်းခုံနေတာက မသင့်တော်ပါဘူး" ချင်ဆွေ့က ဦးစွာ တုံ့ပြန်လိုက်သည်။ သူ စကားကို ခေတ္တရပ်ပြီးနောက်ပြောလိုက်သည်။ "အခန်းထဲကလူတွေကို ရှင်းထုတ်လိုက်ကြရအောင်"

ထိုစကားကို ကြားသောအခါ လုခိုင်ရွှမ် စိတ်ထဲမှ သဘောတူမိသွားသည်။

ဤ ချင်မိသားစု၏ သားသည် တကယ်ပင် အထင်ကြီးဖွယ် ကောင်းပေသည်။ ဤမျှ ငယ်ရွယ်သောအရွယ်နှင့် သူ့ဖခင်၏ ဟန်ပန်အမူအရာများ ရှိနေပြီး အခြေအနေကို ကောင်းစွာ ဦးဆောင်နိုင်စွမ်း ရှိပေသည်။

အခန်းရှင်းရန် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်ငယ်လေးသည် မျက်တောင်တစ်ခတ်အတွင်း ရှင်းလင်းသွားပြီး သူတို့ လူနည်းစုသာ ကျန်ရစ်ခဲ့တော့သည်။

ဝေဇီရှန်းက အတွင်းရေးမှူးအား လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီကိစ္စကို ခင်ဗျား ဆုံးဖြတ်လို့မရတဲ့ပုံပဲ။ ခင်ဗျားရဲ့ မစ္စတာမုကို ဖုန်းခေါ်လိုက်ပါ"

ဤစကားကို ချင်ဆွေ့ထက် ဦးအောင် ပြောမှဖြစ်မည်။

သို့မှသာ အစ်ကိုရှန်း မှာလိုက်သည်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဝေလင်းသည် တင်းမာနေသော လေထုအခြေအနေကို မြင်ပြီး စိတ်မသက်မသာ ဖြစ်နေရသည်။

ဘာကြောင့်များ ဒီလောက် ကိစ္စကြီးအောင် လုပ်နေကြတာပါလိမ့်။

ဒီသခင်လေးနှစ်ယောက်ကတော့ ကျေနပ်သွားကြမှာပေါ့။ ဒါပေမဲ့ နောက်ဆုံးကျရင် သူတို့မိသားစုတွေကပဲ လိုက်ရှင်းပေးရမှာ မဟုတ်ဘူးလား။

အဘိုးကလည်း အလုပ်ကိစ္စတွေမှာ ဝင်မပါတော့ဘူးဆိုတော့ အရာအားလုံးက သူ့ခေါင်းပေါ်ပဲ ရောက်လာတော့မှာ သေချာသည်။

"ဘဲပေါက်စလေးအတွက် စိတ်ပူပေးကြလို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဘဲပေါက်စလေးရဲ့ ယာယီအုပ်ထိန်းသူပါ။ ဘဲပေါက်စလေးကို အခြေအနေအသေးစိတ် အရင်ရှင်းပြခိုင်းလိုက်ရင် မကောင်းဘူးလား။ ဒါဆိုရင် နားလည်မှုလွဲတာတွေ မရှိတော့ဘူးပေါ့" ဟု ဝေလင်းက ကြားဖြတ်ပြောလိုက်သည်။

ဝေဝမ်ကျွမ်းက နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်သည်။

"ငါ မသေသေးပါဘူး။ မင်းက ဘယ်လိုလုပ် ဘဲပေါက်စလေးရဲ့ အုပ်ထိန်းသူပါလို့ ပြောရဲတာလဲ"

ဝေလင်းသည် ဘာမှမတတ်နိုင်သလို မျက်နှာထားမျိုး ဖြစ်သွားသော်လည်း ထပ်မံ၍ ဘာမှမပြောတော့ပေ။

တကယ်တော့ သူက ဟန်ဆောင်နေခြင်း သက်သက်သာ ဖြစ်သည်။ အချိန်တန်သောအခါ မစ္စတာမု အနေဖြင့် သူ ဝင်ရောက်ဖြန်ဖြေပေးရန် ကြိုးစားခဲ့သော်လည်း မတတ်သာ၍ တားဆီးမရခဲ့ခြင်းဖြစ်ကြောင်း သိသွားစေရန် ဖြစ်သည်။

အတွင်းရေးမှူးသည် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ဖုန်းခေါ်ရန် လှည့်ထွက်သွားလိုက်သည်။

"ဘာ... သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလား" မုရုန်ဖုန်းသည် ဖုန်းလက်ခံရရှိချိန်တွင် အံ့သြသွားရသည်။ သူ့အတွင်းရေးမှူးက ပုံမှန်အားဖြင့် တော်တော် အလုပ်ဖြစ်သူဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဒီကိစ္စကို မကိုင်တွယ်နိုင်ရတာလဲ။

အတွင်းရေးမှူးက အသံကို နှိမ့်လိုက်ပြီး "သခင်လေးနဲ့ ရန်ဖြစ်တဲ့ ကောင်မလေးက..."

"ဟုတ်တယ်။ မစ္စတာလု ဖုန်းဆက်တုန်းက ပြောတယ်။ သူက နိုင်ငံခြားက ပြန်ရောက်လာတဲ့ ဝေမိသားစုက အခုမှ ပြန်ရှာတွေ့ထားတဲ့ ကလေးဆို။ အဘိုးဝေက အလုပ်ကိစ္စတွေ မလုပ်တော့ဘူးဆိုတော့ ဒီနေ့ပွဲကို တက်တာက သူ့မွေးစားသား ဝေလင်း ဖြစ်မှာပေါ့။ ဝေလင်းအကြောင်း ငါနည်းနည်းကြားဖူးပါတယ်။ သူက ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ အခြေအနေကို ချောမွေ့အောင် ကိုယ်တွယ်တတ်တဲ့သူ" မုရုန်ဖုန်းသည် အခင်းဖြစ်ပွားရာနေရာ၌ မရှိသော်လည်း အခြေအနေကို ကောင်းစွာ နားလည်ထားပုံရသည်။

"ဘာဖြစ်လို့လဲ။ ဝေလင်းက ဒီနေ့ ရန်လိုနေလို့လား" မုရုန်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

"သူမဟုတ်ပါဘူး။ ချင်ဆွေ့နဲ့ ဝေဇီရှန်း ပါ။ သူတို့က အဲဒီကောင်မလေးဘက်ကနေ ကာကွယ်ပေးပြီး ကျွန်တော်တို့ဆီက ရှင်းပြချက်ကို တောင်းဆိုနေကြလို့ပါ"

ထိုစကားကို ကြားလိုက်ရသောအခါ မုရုန်ဖုန်းသည် နံရံကပ်နာရီကို အလိုအလျောက် မော့ကြည့်မိလိုက်သည်။

စက္ကန့်တံက နောက်ပြန်လည်မနေပေ။

ကမ္ဘာကြီးက ပုံမှန်ပါပဲ။

"ဒီနာမည်နှစ်ခုကို တွဲကြားဖူးတာ ဒါပထမဆုံးပဲ..."

"ဟုတ်ကဲ့... ဒါကြောင့် ကျွန်တော် ဆရာ့ဆီ ဖုန်းဆက်လိုက်တာပါ။ ဒါကများ..." အတွင်းရေးမှူးက အသံကို ပို၍ တိုးလိုက်ပြီး "တစ်ခုခုများ အချက်ပြနေတာလားလို့လေ"

ရှန်းမိသားစုအုပ်စုနဲ့ ချင်မိသားစုအုပ်စု ပူးပေါင်းတော့မယ့် အချက်ပြမှုများလား။

တကယ်သာဆိုရင် စတော့ဈေးကွက်တွေ လှုပ်ခတ်ကုန်တော့မှာ။

ကျင်မြို့တော်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းတစ်ခုလုံး ပြန်လည်ဖွဲ့စည်းရမလို ဖြစ်တော့မှာပဲ...။

ဒါပေမဲ့ ဘာလို့ အရင်က ဒီသတင်းမျိုး သဲ့သဲ့လေးတောင် မကြားမိပါလိမ့်။

ဒါမှမဟုတ် သူတို့တွေ ပူးပေါင်းပြီး ငါ့မုမိသားစုကိုများ အမဲလိုက်ကြတော့မလို့လား။

စက္ကန့်ပိုင်းအတွင်းမှာပင် မုရုန်ဖုန်း၏ ခေါင်းထဲ၌ ဆိုးရွားသော အကျိုးဆက် အမျိုးမျိုး ဖြတ်ပြေးသွားခဲ့သည်။

သူ မတ်တတ်ရပ်လိုက်ပြီးပြောလိုက်သည်။

"ငါ အခုချက်ချင်း လာခဲ့မယ်"

ထို့နောက် လက်ထောက်ကိုပြောလိုက်သည်။

"ဒီနေ့ အစီအစဉ်တွေအားလုံး ဖျက်လိုက်"

လက်ထောက်မှာ အံ့အားသင့်စွာ မော့ကြည့်လိုက်မိသည်။

"အခုချက်ချင်းပဲ နိုင်ငံခြားကပြန်လာတဲ့ ဝေမိသားစုကို ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ ရှာလိုက်။ သူတို့ အဘိုးအိုနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရအောင် ကြိုးစား။ အဘိုးအိုနဲ့ တိုက်ရိုက် အဆက်အသွယ်ရမှ ဖြစ်မယ်" မုရုန်ဖုန်း အမိန့်ပေးလိုက်သည်။

ရေကို နောက်အောင် မွှေရပေမည်။

ချင်ဆွေ့တို့မိသားစုနဲ့ ဝေဇီရှန်းတို့မိသားစုကို ပြဿနာရှာခွင့် ပေးလို့မဖြစ်ဘူး။

ဒါပေမဲ့ ဝေမိသားစုက အခုမှ ပြန်တွေ့ထားတဲ့ ကလေးက ဘယ်လိုလုပ်ပြီး သူတို့နဲ့ ပတ်သက်သွားရတာလဲ ဆိုတာ သူတကယ် စဉ်းစားမရပေ။

ဘာပဲပြောပြော ဝေမိသားစုက နိုင်ငံခြားကနေ အခုမှ ပြန်ရောက်လာတာလေ။ နိုင်ငံခြားမှာ ဘယ်လောက်ပဲ အာဏာရှိရှိ ကျင်မြို့တော်ရဲ့ အသိုင်းအဝိုင်းထဲ ဝင်လာရင်တော့ သူတို့က အပြင်ကလာတဲ့ "သူဌေးသစ်" တွေပဲ ဖြစ်နေဦးမှာ။

ဒီနေ့ပွဲ မတိုင်ခင်အထိ သူတို့နဲ့ ဆက်ဆံဖူးတဲ့သူ သိပ်မရှိသေးဘူး။

မုရုန်ဖုန်း အမိန့်ပေးလိုက်သည်နှင့် သူ၏ လက်အောက်ငယ်သားများမှာ အခက်တွေ့ကုန်ကြသည်။

ဘယ်လိုလုပ်ကြမလဲ။ ဆက်သွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

"အမ်..." ရုံးခန်းထဲမှ အစမ်းခန့်ဝန်ထမ်းသစ်လေးတစ်ဦး လက်ကို တိတ်တဆိတ် ထောင်လိုက်သည်။ "ကျွန်တော့်မှာ... ဝေမိသားစုက အဘိုးအိုကို ဆက်သွယ်လို့ရမယ့် နည်းလမ်း ရှိကောင်းရှိနိုင်ပါတယ်"

"ပြောစမ်း။ မင်း ဆက်သွယ်ပေးနိုင်ရင် ဆုချမယ်"

ဝန်ထမ်းသစ်လေး ချက်ချင်း ယုံကြည်မှုတိုးသွားပြီး "ဒီလိုပါ... ကျွန်တော့်ဦးလေးက တာအိုဘုန်းကြီးပါ။ ဟို... လက်မှတ်ရ တရားဝင် ဘုန်းကြီးအစစ်ပါဗျ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်တို့ မိသားစု group chat မှာ သူပြောဖူးတယ်။ ဝေမိသားစုအိမ်ကို တရားစာရွတ်ဖို့ ဖိတ်ထားတယ်တဲ့"

အခြားသူများ _ ??

"စမ်းကြည့်လိုက်... မင်းဦးလေးဆီ အခုချက်ချင်း ဖုန်းဆက်လိုက်"

"ဟုတ်... ဟုတ်ကဲ့"

ဝန်ထမ်းသစ်လေး အလျင်အမြန် ဖုန်းခေါ်လိုက်သည်။

အခြားတစ်ဖက်တွင်မူ...

ဝေရွှမ်မင်သည် မျက်လုံးများကိုမှိတ်ကာ ရှေ့နောက်ယိမ်းနေသော ပန်းပုထွင်း သစ်သားကုလားထိုင်ပေါ်တွင် မှီထိုင်နေလေသည်။

တာအိုဘုန်းကြီးများနှင့် သီလရှင်အဖွဲ့များက သူ့ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။

ဘယ်ဘက်အခြမ်းမှ တရားစာများကို ရွတ်ဖတ်နေကြပြီး ညာဘက်အခြမ်းမှ ဘုရားသီချင်းများ သီဆိုနေကြရာ အသံစုံ ရသစုံ ဖြစ်နေတော့သည်။

ဝေရွှမ်မင်၏ စိတ်မမှန်ကြောင်း ယခင်က ပြောခဲ့ဖူးသော ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် တစ်ဖက်တွင် မတ်တတ်ရပ်လျက် မျက်လုံးများကို မှိတ်ထားသည်။ အဓိကအားဖြင့် မမြင်ရရင် စိတ်မညစ်ရဘူး ဆိုသောသဘောပင်။

ဤကဲ့သို့ "သဟဇာတ" ဖြစ်နေသော လေထုအခြေအနေတွင်...

ကျောင်းတိုက်၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ကျောင်းထိုင်မှူး၏ ဖုန်း ရုတ်တရက် မြည်လာသည်။

ဝေရွှမ်မင် မျက်လုံးဖွင့်လိုက်ပြီး "ကိုင်လိုက်လေ" ဟု ပြောလိုက်သည်။

ကျောင်းထိုင်မှူးက အားနာသောအပြုံးဖြင့် ပြောသည်။

"ရပါတယ်... ကျွန်တော် နောက်မှ ပြန်ခေါ်လိုက်ပါ့မယ်"

သို့သော် ဝေရွှမ်မင်က တစ်စုံတစ်ခုကို ကြိုသိနေသည့်အလား "တချို့ ဖုန်းခေါ်ဆိုမှုတွေက အရေးမကြီးဘူးလို့ ထင်ရပေမယ့် လွဲချော်သွားရင် ထာဝရ လွဲချော်သွားတတ်တယ်။ တစ်သက်လုံး နောင်တရပြီး ပြန်ပြင်ဆင်လို့ မရတော့ဘူး ဖြစ်သွားလိမ့်မယ်... ကိုင်လိုက်ပါ" ဟု ပြောလိုက်သည်။

ဝေရွှမ်မင် ထိုသို့ပြောလိုက်သောကြောင့် ကျောင်းထိုင်မှူးလည်း အားမနာတော့ဘဲ ဖုန်းကို ချက်ချင်း ကိုင်လိုက်လေသည်။

စက္ကန့်သုံးဆယ်အကြာတွင် သူသည် ဝေရွှမ်မင်ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်ပြီး "မစ္စတာဝေ... ဒီဖုန်းက ခင်ဗျားအတွက်ပါ" ဟု ပြောလိုက်သည်။

"ဪ... ဟုတ်လား"

"ဝမ်ဝူအင်တာနက်လုပ်ငန်းစုရဲ့ CEO မစ္စတာမုက ခင်ဗျားကို ရှာနေတာပါ။ အရမ်းအရေးကြီးတယ်လို့ ပြောပါတယ်။ သူ့ရဲ့ သားအငယ်ဆုံးနဲ့ ခင်ဗျားရဲ့ မြေးမလေး ရန်ဖြစ်ကြလို့တဲ့... အခု အခြေအနေက နည်းနည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလို့ ပြောပါတယ်"

ဝေရွှမ်မင်၏ ယခင် ပျင်းရိနေသော မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူ မတ်မတ်ထိုင်လိုက်ပြီး ပြောလိုက်၏။

"ဝမ်ဝူအင်တာနက်လုပ်ငန်းစုရဲ့ CEO လား။ သူ့သားအငယ်ဆုံးနဲ့... ငါ့ရဲ့... မြေးမလေး ဟုတ်လား"

ဝေရွှမ်မင်သည် စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း တွဲဖက်စဉ်းစားလိုက်သောအခါ သိပ်နားမလည်နိုင် ဖြစ်နေရသည်။

"ငါ့မှာ ဘယ်တုန်းက မြေးမလေး ရှိသွားတာလဲ" ဝေရွှမ်မင် ရယ်ချင်သွားသည်။

လိမ်လည်လှည့်ဖြားသည့် ဖုန်းခေါ်ဆိုမှုနှင့် တူနေသည်။

သူ့ရှေ့တွင် ရှိနေသူမှာ တရုတ်နိုင်ငံ၏ တရားဝင် အသိအမှတ်ပြု လက်မှတ်ရ တာအိုဘုန်းကြီးတစ်ပါးသာ မဟုတ်ခဲ့လျှင် နှင်ထုတ်လိုက်ပြီး ဖြစ်ပေလိမ့်မည်။

"ဒါပေမဲ့... မစ္စတာမုမှာ လိမ်ပြောစရာအကြောင်း မရှိပါဘူး" တာအိုဘုန်းကြီးမှာ သူ၏ တူတော်မောင်အနာဂတ်အတွက် စိတ်ပူနေပုံရသည်။

ဝေရွှမ်မင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အနီးရှိ အိမ်ဖော်တစ်ဦးကို "ဖုန်းယူလာခဲ့စမ်း" ဟု ပြောလိုက်သည်။

သူသည် မိတ်ဆွေဟောင်းတစ်ဦးထံသို့ ဖုန်းဆက်လိုက်သည်။ "မင်း ဝမ်ဝူအင်တာနက်လုပ်ငန်းစုရဲ့ CEO နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ငါမှတ်မိတယ်"

"အင်း... ရှိတယ်လေ"

"သူ့ဖုန်းနံပါတ် ပေးစမ်းပါ"

တစ်ဖက်မှ မိတ်ဆွေဖြစ်သူ လန့်သွားသည်။ "မင်း နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီလား။ အနားယူနေရာကနေ ပြန်ထွက်လာတော့မလို့လား။ ဒါပေမဲ့ မင်းရဲ့ လုပ်ငန်းက ဝမ်ဝူအင်တာနက်နဲ့ ဘာပတ်သက်စရာ ရှိလို့လဲ"

"ကိစ္စသေးလေးပါကွာ" ဝေရွှမ်မင် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ထို့နောက် သူကိုယ်တိုင် မုရုန်ဖုန်းထံသို့ ဖုန်းခေါ်လိုက်ပြီး "ကျုပ် ဝေရွှမ်မင်ပါ" ဟု စတင်မိတ်ဆက်လိုက်သည်။

"မစ္စတာဝေ... ကျွန်တော်တို့ တွေ့ကြရအောင်" မုရုန်ဖုန်းကလည်း တဲ့တိုးပင် ပြောလိုက်သည်။

"ခင်ဗျားရဲ့ သားအငယ်ဆုံးနဲ့ ကျုပ်မြေးမလေး ရန်ဖြစ်ကြတယ်ဆို" ဝေရွှမ်မင် အနေဖြင့် ဤအချက်ကိုသာ အတည်ပြုချင်နေခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်"

"ဘယ်နေရာလဲ... ဘယ်အချိန်လဲ" ဝေရွှမ်မင် တိုတိုတုတ်တုတ် မေးလိုက်သည်။

"ကျင်မြို့တော် ဟွာသောင်ဟိုတယ် ဧည့်ခံပွဲခန်းမ... အခုချက်ချင်းပါပဲ"

ဝေရွှမ်မင် ဖုန်းချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ "ငါ့တုတ်ကောက် ယူခဲ့... ကား အခုချက်ချင်း ပြင်ဆင်ထား"

အခြားတစ်ဖက်တွင်မူ...

မုရုန်ဖုန်းက ပြောလိုက်သည်။

"ဟို ဝန်ထမ်းသစ်လေးကို အစမ်းခန့်ကာလ ဖြတ်သန်းခိုင်းစရာ မလိုတော့ဘူး။ အတွင်းရေးမှူးဌာနကို ပြောင်းပေးလိုက်။ သူက ရနိုင်သမျှ အရင်းအမြစ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိတဲ့သူပဲ... တော်တော် ဉာဏ်ကောင်းတဲ့ကောင်"

လက်ထောက်ကပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့... မစ္စတာမု"

ဝန်ထမ်းသစ်လေးသည် မကြာမီမှာပင် ရာထူးတိုးပြီး လစာတိုးသည့် သတင်းကို ရရှိသွားလေသည်။

သူ့လုပ်ဖော်ကိုင်ဖက်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ကြသည်။

သောက်ကျိုးနည်း... ဒီလိုလုပ်လို့လည်း ရတာပဲလား။ ငါ့ဦးလေးကရော ဘာလို့ တာအိုဘုန်းကြီး မဖြစ်ရတာလဲကွာ။

All Chapters