← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

Chapter 76

စောင့်ဆိုင်းရသည့် အချိန်ကာလမှာ ကြာမြင့်လှသည်။

သို့သော် လီရှောင်ယာအတွက်မူ သည်းခံနိုင်သော အတိုင်းအတာတစ်ခုသာ ဖြစ်သည်။

ချင်ဆွေ့သည် စားပွဲပေါ်ရှိ သစ်သီးဗန်းထဲမှ စပျစ်သီးတစ်လုံးကို ယူကာ လီရှောင်ယာအား မေးလိုက်သည်။

"စားမလား"

လုခိုင်ရွှမ်မှာ ထိုအခြေအနေကို မြင်ပြီး နဖူးကို ဖိနှိပ်နေမိသည်။ သူတို့ကတော့ တကယ့်ကို အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိကြသည်။

လုခိုင်ရွှမ်သည် အနီးရှိ စားပွဲထိုးကို အလျင်အမြန် ညွှန်ကြားလိုက်သည်။ "ဘာရပ်လုပ်နေတာလဲ။ ရေနွေးကြမ်း သွားငှဲ့ပေးလိုက်လေ"

ဝေဝမ်ကျွမ်းသည်လည်း အားကျမခံ ဝင်ပြောလိုက်သည်။ "သစ်တော်သီး စားမလား။ ဦးလေး အခွံနွှာပေးမယ်လေ"

ဝေဇီရှန်းကမူ လီရှောင်ယာနှင့် မရင်းနှီးသေးသည့်အပြင် ယနေ့မှ စတင်တွေ့ဆုံဖူးသူ ဖြစ်သဖြင့် ဝင်ရောက်ရှုပ်ယှက်ခြင်း မပြုပေ။ သူသည် ဘေးတွင်သာ ထိုင်လျက် အစောင့်အရှောက်သဖွယ် နေနေလိုက်သည်။

လီရှောင်ယာသည် အလယ်တွင် ထိုင်နေပြီး ပရိသတ်ဝိုင်းဝန်းနေသော စတားတစ်ဦးသဖွယ် ဖြစ်နေ၏။

ဝေလင်းမှာ ကြားထဲသို့ တိုးဝင်၍ မရသဖြင့် တစ်ဖက်စွန်းတွင် သွားထိုင်နေရလေသည်။

"နှစ်မျိုးလုံး စားမယ်" လီရှောင်ယာက ပြတ်သားသော အသံလေးဖြင့် ပြောလိုက်သည်။

သူမအနေဖြင့် မည်သူ့ခံစားချက်ကိုမျှ ထိခိုက်၍ မဖြစ်ပေ။

ထို့ကြောင့် အကုန်ယူလိုက်ခြင်းက အကောင်းဆုံးပင်။

စားပွဲထိုးသည် သစ်သီးလှီးဓားကို ချက်ချင်း ယူဆောင်လာပေးသည်။

ဝေဝမ်ကျွမ်း၏ ခြေထောက်များ မသန်စွမ်းသော်လည်း သူ၏ လက်များမှာမူ အံ့ဩဖွယ်ကောင်းလောက်အောင် သွက်လက်လှသည်။ လီရှောင်ယာကို အနိုင်ကျင့်လျှင် ပစ်သတ်ပစ်မည်ဟူသော သူ၏ စကားမှာ ပိုပြောခြင်း မဟုတ်ပေ။ သူသည် အသက်ဆယ်နှစ်ကျော်အရွယ်ကတည်းက သေနတ်များကို အလွန်လျင်မြန်သော နှုန်းဖြင့် ပစ်ခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရွေ့လျားနေသော ပစ်မှတ်ဖြစ်စေ၊ ငြိမ်သက်နေသော ပစ်မှတ်ဖြစ်စေ သူ၏ ပစ်ချက်များမှာ လွဲချော်လေ့ မရှိခဲ့ပေ။

ထိုစဉ်က လူတိုင်းသည် သူ့အား အဘိုးအို၏ နေရာကို ဆက်ခံမည့်သူဟု ထင်မှတ်ခဲ့ကြပြီး သူကိုယ်တိုင်လည်း ထိုသို့ပင် တွေးထင်ခဲ့ဖူးသည်။ သို့သော် ကံမကောင်းစွာဖြင့် နောက်ပိုင်းတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။

ယခုအခါ သေနတ်ကိုင်ဆောင်ရန် ရည်ရွယ်ခဲ့သော ဝေဝမ်ကျွမ်း၏ လက်များသည် သစ်သီးလှီးဓားကို ကိုင်ဆောင်ကာ လီရှောင်ယာအတွက် သစ်တော်သီး အခွံနွှာပေးနေခဲ့၏။

ချင်ဆွေ့သည် စပျစ်သီးများကို အနီးရှိ စားပွဲထိုးထံ ပေးလိုက်ပြီး ဆေးကြောခိုင်းလိုက်သည်။

ပြန်ယူလာသောအခါ သူကိုယ်တိုင် စပျစ်သီးအနည်းငယ်ကို ခြွေကာ လီရှောင်ယာကို ခွံ့ကျွေးလေသည်။

ဝေဇီရှန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ အစ်ကိုရှန်း ကိုယ်စား ဝင်ရောက်ပြီး သူမကို တစ်ခုခု ခွံ့ကျွေးကာ အမှတ်ပြန်ယူရမလားဟု စဉ်းစားနေမိသည်။

"ချိုလား" ချင်ဆွေ့က မေးလိုက်သည်။

"အရမ်းချိုတယ်" လီရှောင်ယာ ပြန်ဖြေသည်။ သူမသည် မည်မျှပင် ဉာဏ်ကောင်းစေကာမူ ကလေးတစ်ဦးသာ ဖြစ်သေးသည်။ တောင်ပေါ်ရွာလေးတွင် ရှိစဉ်က သူမသည် အပေါစား အပျော်အပါးများ၏ လှည့်စားခြင်းကို မခံရလေအောင် အချိုများကို ရှောင်ကြဉ်ခဲ့ဖူးသည်။

ယခုမူ ထိုကဲ့သို့ စိုးရိမ်စရာ မလိုတော့သဖြင့် ချိုမြိန်သော အရသာကို ခံစားရင်း မျက်လုံးလေးများ မှေးသွားသည်အထိ သဘောကျနေရှာသည်။

ချင်ဆွေ့က အသံကိုနှိမ့်ကာပြောပြသည်။ "ဒါက 'Queen Nina' လို့ခေါ်တဲ့ အမျိုးအစားလေ။ ကိုယ့်အိမ်က စပျစ်ခြံထဲမှာ အများကြီး စိုက်ထားတယ်။ တစ်ချိန်ချိန်ကျရင် မင်းကို ခေါ်သွားပြီး ကျွေးဦးမယ်"

လီရှောင်ယာ ခဏတာ တုံ့ဆိုင်းသွားသည်။

ချင်ဆွေ့က အသံကို ပိုနှိမ့်လိုက်ပြီးမေးသည်။ "ဘာဖြစ်လို့လဲ။ ရှန်းယွီရှောင် သိသွားရင် စိတ်ဆိုးမှာ ကြောက်လို့လား"

လီရှောင်ယာ အနည်းငယ် အခက်တွေ့သွားသည်။

ဖြေရလွယ်ကူသော မေးခွန်းမဟုတ်ပေ။

ချင်ဆွေ့က သူမကို ကူညီပေးခဲ့သည်မို့ သူမအနေဖြင့် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်သည် မဟုတ်လား...။

လီရှောင်ယာသည် နှစ်ဖက်စလုံး အကျိုးရှိမည့် နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်သည်။ သူမသည် ချင်ဆွေ့၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အင်း... နောက်တစ်ခါကျရင် သွားကြမယ်လေ"

ရှန်းယွီရှောင်ကို ဧည့်သည်အနေနဲ့ ခေါ်သွားလိုက်ရင်ရော။

ဒါဆို အဆင်ပြေသွားပြီ မဟုတ်လား။

"အင်း" ချင်ဆွေ့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ လီရှောင်ယာကို စပျစ်သီး ခွံ့ကျွေးပြီးနောက် စားပွဲပေါ်ရှိ သစ်သီးခြောက်များကို ယူကာ သစ်ကြားသီး အခွံများကို ခွာပေးလေသည်။

ဝေဇီရှန်းသည် ဆက်လက်ကြည့်မနေနိုင်တော့ဟု တွေးလိုက်မိသည်။

သူသည်လည်း လီရှောင်ယာကို အစာခွံ့ကျွေးမည့် လူတန်းစားထဲသို့ ဝင်ရောက်လာတော့သည်။

လုခိုင်ရွှမ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အလျက်သား ဖြစ်နေသည်။

ဝေလင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့လက်ကို အားနေအောင် ထားခြင်းသည် ရိုင်းပျရာ ရောက်မည်ဟု တွေးလိုက်မိသည်။

ဟန်ကိုယ့်ဖို့ ဆိုတာ ရှိသေးတယ်လေ။

သူလည်း ချက်ချင်းပင် ဝင်ပါလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ရှောင်ယာ... ရေနွေးကြမ်း မသောက်နဲ့။ သစ်သီးဖျော်ရည်ပဲ သောက်ကြတာပေါ့"

ထို့နောက် လီရှောင်ယာအတွက် မင်းကွတ်သီးများကို အခွံခွာပေးလေတော့သည်။

"ရောက်ပါပြီ... မစ္စတာမု ရောက်ပါပြီ" နောက်ဆုံးတွင် စားပွဲထိုးတစ်ဦး အပြေးအလွှား ရောက်လာပြီး တံခါးဖွင့်ပေးလိုက်သည်။

မကြာမီတွင် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး သူ့နောက်တွင် ဝတ်စုံနက်ဝတ် သက်တော်စောင့်အများအပြား လိုက်ပါလာကြရာ အရှိန်အဝါ ကြီးမားလှသည်။

ထိုအမျိုးသားသည် ရှန်းယွီရှောင်၏ ဖခင်ကဲ့သို့ နူးညံ့သိမ်မွေ့သော လူကြီးလူကောင်း ပုံစံမျိုး မဟုတ်သလို၊ ဝေလင်းကဲ့သို့ လေးထောင့်ကျသော မျက်နှာထားနှင့် ဖြောင့်မတ်တည်ကြည်သော ပုံစံမျိုးလည်း မဟုတ်ပေ။

မုရုန်ဖုန်းသည် ဝံပုလွေတစ်ကောင်နှင့် တူသည်။

အခန်းထဲ ဝင်လာသည်နှင့် သူ၏ လွှမ်းမိုးနိုင်စွမ်းကို ဖုံးကွယ်ထားခြင်း မရှိပေ။

သူသည် ဦးစွာ အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သူ့သားငယ်ဘေးသို့ လျှောက်သွားကာ ကောင်လေး၏ မျက်နှာကို မော့ကြည့်စေပြီး သေချာစစ်ဆေးလိုက်သည်။

ဒဏ်ရာက... မသေးလှပေ။

အနည်းဆုံးတော့ သေးငယ်ပုံမရချေ။

ဒီကိစ္စကိုသာ မဖြေရှင်းနိုင်လျှင် မုမိသားစု၏ သိက္ခာကို ပြန်လည်ဆယ်တင်နိုင်မည် မဟုတ်တော့ပေ။

"ဖေဖေ" သခင်လေးမုက အားမရှိသော အသံဖြင့် ခေါ်လိုက်သည်။

မုရုန်ဖုန်း ပြန်မထူးဘဲ တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

တစ်ဖက်မှ လေထုအခြေအနေမှာ အလွန် သဟဇာတဖြစ်နေပြီး ကစားပွဲတစ်ခုသို့ ရောက်နေသကဲ့သို့ပင်။

"ချင်ဆွေ့... မင်းအဖေ ပြောဖူးသလိုပဲ မကြာသေးခင်ကမှ ရိုက်ကူးရေးတစ်ခု သွားလုပ်တယ်ဆို။ အခု ပြန်ရောက်လာပြီလား"

"ပြီးတော့ ဇီရှန်း... မင်းလည်း ဒီနေ့ ရောက်နေတာကိုး"

"မင်း... ကောင်မလေး... မင်းက လီရှောင်ယာ ဖြစ်ရမယ် ဟုတ်လား" မုရုန်ဖုန်း ကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။ အကွာအဝေး တစ်ခု ရှိနေသော်လည်း ခြိမ်းခြောက်မှု အငွေ့အသက်များကို ပြင်းထန်စွာ ခံစားနေရသည်။

လီရှောင်ယာ ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ ဦးလေး" ဟု ဖြေလိုက်သည်။

စကားပြောပြီးသည်နှင့် သူမ လေတက်လိုက်မိသည်။

သူမ အစားတွေ အများကြီး စားထားမိလို့ ဖြစ်သည်။

မုရုန်ဖုန်း _ "..."

သူရောက်လာဖို့ စောင့်နေရင်း ဒီကောင်မလေးက ပျော်ပျော်ပါးပါး စားသောက်နေခဲ့တာလား။

"မင်းက မိန်းကလေးတစ်ယောက် ဖြစ်ပြီးတော့ ဒီနေ့ မစ္စတာလုရဲ့ ဧည့်သည်လည်း ဖြစ်နေပြန်တယ်... ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းဘက်က အရင်ပြောပြတာကို နားထောင်ပေးမယ်"

ဤစကားများသည် သဘောထားကြီးပုံ ပေါက်သော်လည်း စွပ်စွဲလိုသော သဘော ပါဝင်နေသည်။

အခြားကလေးများသာ ဆိုလျှင် မုရုန်ဖုန်းကဲ့သို့ အရှိန်အဝါကြီးမားသော လူကြီးတစ်ယောက်ရှေ့၌ ကြောက်လွန်း၍ ငိုမိကြမည်မှာ သေချာသည်။

သို့သော် လီရှောင်ယာက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"သူ့ကို တိုက်ရိုက်မေးကြည့်လိုက်ပါ"

သူမက ကောင်လေးကို လက်ညှိုးထိုးပြသည်။

မုရုန်ဖုန်းသည် သူ့သားကို လှည့်မမေးပေ။ ထိုသို့လုပ်ခြင်းသည် သူ့သိက္ခာကျစေသည်ဟု ယူဆပုံရသည်။

သူက ဒုတိယမေးခွန်းကို ဆက်မေးလိုက်သည်။ "ဒါဆို ပြောစမ်း... သူ့မျက်နှာပေါ်က ဒဏ်ရာတွေက မင်းလက်ချက်လား"

ဝေဝမ်ကျွမ်းသည် မုရုန်ဖုန်း၏ စစ်ဆေးမေးမြန်းသော လေသံကို သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။

"မစ္စတာမု... ကလေးမလေးတစ်ယောက်ကို စစ်မေးနေရတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ခင်ဗျားသားက လက်ပါရဲမှတော့ ပြန်အရိုက်ခံရမှာပေါ့။ ကျုပ်တို့မိသားစုမှာက ဒီကလေးတစ်ယောက်ပဲ ရှိတာ။ တကယ်လို့သာ သူ့မှာ အစ်ကိုတွေရှိရင် ခင်ဗျားသား ဒီလောက် ဒဏ်ရာနည်းနည်းလေးနဲ့ လွတ်သွားမှာ မဟုတ်ဘူး"

မုရုန်ဖုန်းက ဟားတိုက်ရယ်မောလိုက်သည်။ "မစ္စတာဝေ... ခင်ဗျားက ကျုပ်ကို နောက်ကနေ ပစ်သတ်ချင်နေတာလား။ ကျုပ်သားရဲ့ လက်တွေကို ဖြတ်ပစ်ချင်နေတာလား။ ဒါ အီတလီ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားရဲ့ နည်းလမ်းတွေက ကျုပ်အပေါ် သက်ရောက်မှု မရှိပါဘူး။ ခင်ဗျားက ဒီနေရာမှာ ဆုံးဖြတ်ချက်ချလို့ မရဘူး။ ကျုပ်က ခင်ဗျားတို့ မိသားစုရဲ့ အဘိုးအိုနဲ့ပဲ စကားပြောမယ်"

ဝေလင်းက သူ့ထုံးစံအတိုင်း ဝင်ပြောလိုက်သည်။

"အဘိုးက နေမကောင်းလို့ သီးသန့်အနားယူနေရပါတယ်။ မစ္စတာမုအနေနဲ့ တွေ့ခွင့်ရဖို့ မလွယ်လောက်ဘူး ထင်ပါတယ်"

"သူ လာနေပြီ" မုရုန်ဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

လီရှောင်ယာ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ချင်ဆွေ့ကို အလိုအလျောက် လှည့်ကြည့်မိလိုက်သည်။

ချင်ဆွေ့၏ မျက်လုံးများ အရောင်လက်သွားသည်။

စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။

တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။

သူက လီရှောင်ယာကို နည်းနည်းလေး လမ်းပြပေးလိုက်ရုံနဲ့ သူ့ရည်မှန်းချက်က ချောချောမွေ့မွေ့ ပြည့်မြောက်သွားခဲ့ပြီ။ ဒါက အဆင့်မြင့်သင်္ချာပုစ္ဆာ အပုဒ်တစ်ရာကို ဖြေရှင်းနိုင်လိုက်တာထက် ပိုပြီး ကျေနပ်ဂုဏ်ယူစရာ ကောင်းနေသေးသည်။

"ခင်ဗျား ဘာပြောလိုက်တာလဲ" ဝေလင်း စိတ်မထိန်းနိုင် ဖြစ်လုနီးပါး ဖြစ်သွားသည်။

အမှန်တကယ်တွင် မုရုန်ဖုန်း ရောက်လာပြီး မကြာမီမှာပင် ဝေရွှမ်မင်လည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လက်တစ်ဖက်က တုတ်ကောက်ကို ထောက်လျက်၊ ကျန်လက်တစ်ဖက်က သက်တော်စောင့်ကို တွဲခိုလျက် တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး အထဲသို့ ဝင်ရန် မလောခဲ့ပေ။

သူတို့၏ ပြောစကားများကို သူ ကြားနေရသည်။

ထိုကောင်မလေး၏ ပြတ်သားသော အသံကို သူ ကြားနေရသည်။

သူမသည် မုရုန်ဖုန်း၏ မျက်နှာကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

ဝေရွှမ်မင် အံ့ဩမိဆုံး အချက်မှာ ဝေဝမ်ကျွမ်းလည်း ရှိနေခြင်း ဖြစ်သည်။ ရှိနေရုံသာမက မုရုန်ဖုန်းကိုပင် ပြန်လည်အံတု ရဲနေသေးသည်။

ဝေရွှမ်မင်သည် ခေတ္တမျှ ကြောင်အသွားရသည်။

"ဒုတ်"

တုတ်ကောက်ဖြင့် ကြမ်းပြင်ကို ထောက်လိုက်သော လေးလံသည့် အသံဖြစ်သည်။

ဝေရွှမ်မင်သည် အထဲသို့ ဝင်လာပြီး မလောမတမ်း ပြောလိုက်သည်။ "မစ္စတာမု... ဘာလို့ ကလေးတွေကို ခြိမ်းခြောက်နေရတာလဲ"

ဝေလင်း ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး "အဘိုး" ဟု ရိုသေစွာ ခေါ်လိုက်သည်။

ဝေဝမ်ကျွမ်း၏ မျက်နှာ ဖြူဖျော့သွားပြီး လီရှောင်ယာကို အလိုအလျောက် ကာကွယ်ပေးလိုက်သည်။

သူသည် မုရုန်ဖုန်းနှင့် ထိပ်တိုက်တွေ့ရမည်ကို မကြောက်ပေ။

သို့သော် သူ့ဖခင် ရောက်လာမည်ကိုမူ ကြောက်ရွံ့နေမိသည်။

ဝေဝမ်ကျွမ်းက လီရှောင်ယာ၏ နားနားသို့ကပ်ကာ တုန်ရီသော အသံဖြင့်ပြောလိုက်သည်။ "မင်းအဘိုး... မင်းအဘိုး ရောက်လာပြီ။ ဦးလေး ခဏနေရင် မင်းအတွက် ဝင်ပြောပေးမယ်။ မကြောက်နဲ့နော်"

လီရှောင်ယာသည် ဝေဝမ်ကျွမ်း၏ တုန်ရီနေသော လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

သူမ နားမလည်နိုင်စွာ တွေးမိသည်။ ဦးလေးက ဘာလို့ ပိုကြောက်နေရတာလဲ။

"မင်းအဘိုးက... အရမ်း စည်းကမ်းကြီးတဲ့လူ။ အမှားဆိုရင် လုံးဝ သည်းမခံဘူး" ဝေဝမ်ကျွမ်းက အံကိုကြိတ်ကာ ပြောလိုက်သည်။

ဝေရွှမ်မင်သည် သူ့သားကိုလည်း မကြည့်၊ ဝေလင်ကိုလည်း မကြည့်၊ လီရှောင်ယာကိုကား လှည့်ပင်မကြည့်ပေ။ ခက်ခက်ခဲခဲ ရရှိထားသော သွေးရင်းသားရင်းကို သံယောဇဉ် မရှိလှသည့်ပုံပင်။

သူသည် မုရုန်ဖုန်းကိုသာ စိုက်ကြည့်နေသည်။

ဝေရွှမ်မင်သည် ဆယ်စုနှစ်များစွာကြာအောင် ဩဇာအာဏာ ကြီးမားခဲ့သူ ဖြစ်ပြီး နိုင်ငံခြားရှိ အချို့နေရာများတွင် တန်ခိုးရှင်သဖွယ် ဖြစ်ခဲ့သူဖြစ်သည်။

သူ အသက်ကြီးပြီ ဖြစ်သော်လည်း မတ်တတ်ရပ်လိုက်သောအခါ ခေွထားသော နဂါးတစ်ကောင်ကဲ့သို့ ရှိနေဆဲပင်။

All Chapters