← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

Chapter 78

အစေခံတစ်ဦးက ကုလားထိုင်တစ်လုံး ယူဆောင်လာပေးသဖြင့် ဝေရွှမ်မင်သည် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။

"ငါ မင်းကို ဘာလို့ရိုက်လဲ သိလား"

ဝေလင်းသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားခယလျက် အလွန်ရိုသေကိုင်းရှိုင်းဟန် ပြနေပြီးနာကျင်မှုများကို ကြိတ်မှိတ်ကာ ဖြေရှာသည်။

"ဒီနေ့ အခြေအနေကို မထိန်းနိုင်ဘဲ မိသားစုဂုဏ်သိက္ခာကို ထိခိုက်စေလုနီးပါး ဖြစ်ခဲ့တဲ့အတွက်ပါ"

"ဒါပါပဲလား" ဝေဝမ်ကျွမ်းသည် ဒေါသအဟုန်ကို မထိန်းချုပ်နိုင်တော့ဘဲ ကြားဖြတ်အော်ဟစ်လိုက်သည်။

ဒီအဆင့်ရောက်နေပြီကို ဒီကောင်က မသိချင်ယောင် ဆောင်နေတုန်းလား။

သို့သော် ဝေလင်းသည် ဝေဝမ်ကျွမ်း၏ မေးခွန်းကို လျစ်လျူရှုကာ ကြမ်းပြင်ပေါ်တွင် ဆက်လက်ဝပ်တွားလျက် အဘိုးအို၏ စီရင်ချက်ကိုသာ စောင့်မျှော်နေသည်။

ဝေရွှမ်မင်သည် ကုလားထိုင်လက်တန်းပေါ်သို့ လက်တစ်ဖက်တင်ကာ ခေါင်းငုံ့၍ နဖူးကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဒီကလေးကို မင်း ဘယ်ကခေါ်လာတာလဲ"

"တောင်ပိုင်းခရိုင်၊ တုန်းစီရင်စု၊ ကျောက်တုံးနွားမြို့နယ်က လီမိသားစုရွာကပါ"

"တခြား ဘာရှိသေးလဲ"

"သူက သခင်မလေး ဝေယွီရဲ့ ကလေးပါ"

ဝေရွှမ်မင်သည် တုတ်ကောက်ကို မြှောက်ကာ ဝေလင်း၏ ပခုံးပေါ်သို့ ဖိချလိုက်ပြီး ဆိုသည်။

"မင်း တော်တော် သတ္တိကောင်းနေပါလား။ ဒီလိုကိစ္စမျိုးကိုတောင် ဖုံးကွယ်ထားရဲတယ်ပေါ့"

ဝေလင်းသည် ကြမ်းပြင်နှင့် ခေါင်းကို ထိမိသည်အထိ ထပ်ခါတလဲလဲ ဦးညွှတ်ကန်တော့လေရာ လီရှောင်ယာပင်လျှင် "ဒုန်း" ဆိုသော အသံကို ကြားလိုက်ရသည်။

"နောက်တစ်ခါ သခင်ကြီး စိတ်ပျက်အောင် မလုပ်တော့ပါဘူး" ဝေလင်း၏ အသံတွင် ငိုသံစွက်နေသည်။ "သခင်ကြီးရဲ့ ကျန်းမာရေးက တစ်ခုပြီးတစ်ခု စိတ်ပျက်စရာတွေ ကြုံရလို့ တဖြည်းဖြည်း ယိုယွင်းလာခဲ့ရတာလေ"

"ကျွန်တော် သတင်းရရချင်းပဲ ဝေကျန်းကို လွှတ်ပြီး အတည်ပြုခိုင်းခဲ့ပါတယ်။ ပြီးတော့ ကလေးကို အိမ်ပြန်ခေါ်လာခဲ့တာပါ။ ကျွန်တော် သခင်ကြီးကို ခဏလောက် ဖုံးကွယ်ထားချင်ခဲ့သေးတယ်..."

"ပထမအချက်ကတော့ သခင်မလေးက တောင်ပေါ်ရွာမှာ ကြီးပြင်းလာခဲ့တာဆိုတော့ နေရာတိုင်းနဲ့ အသားကျဖို့ ခက်ခဲနိုင်ပါတယ်။ ရုတ်တရက် ပေါ်လာတဲ့ 'ဆွေမျိုး' တွေနဲ့ အသားကျဖို့ဆိုတာလည်း အချိန်အတော်ယူရဦးမှာပါ"

"ဒုတိယအချက်ကတော့ ဟိုတုန်းက... သခင်မလေးဝေယွီက သခင်ကြီးနဲ့ စကားများပြီး သခင်လေးကို ခေါ်ထွက်သွားခဲ့တာလေ။ ဒီနှစ်တွေအတွင်း သခင်မလေးဝေယွီ အပြင်လောကမှာ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလို သွေးသားရင်းချာအပေါ် သခင်ကြီး ဘယ်လိုသဘောထားမလဲဆိုတာ ကျွန်တော် တကယ်မခန့်မှန်းနိုင်ခဲ့လို့ပါ"

"တတိယအချက်ကတော့..." ဝေလင်း၏ ရှိုက်သံများ ပိုမိုကျယ်လောင်လာပြီး တစ်ကိုယ်လုံး တုန်ရီလာသည်။ "ကျွန်တော် ဝေယွီ့ကို အိမ်ပြန်ခေါ်လာခဲ့ပေမယ့် သူ့အရိုးပြာအိုးလေးပဲ ပါလာခဲ့တယ်။ ဒီလိုသတင်းဆိုးမျိုးကို... ဒီလိုသတင်းဆိုးမျိုးကို သခင်ကြီးရဲ့ ကျန်းမာရေးနဲ့ ဘယ်လိုလုပ် လောင်းကြေးထပ်ရဲပါ့မလဲ"

ပြောပြီးသည်နှင့် ဝေလင်းသည် "စိတ်ထိခိုက်ရတာတွေ ဖြေဖျောက်ပေးပါ သခင်ကြီး" ဟု အော်ဟစ်ငိုကြွေးလျက် နှစ်ကြိမ်တိုင်တိုင် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။

ခြံဝန်းအတွင်း ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဝေဝမ်ကျွမ်းသည် ဒေါသထွက်လွန်းသဖြင့် တုန်ရီနေသော်လည်း ဝေလင်း၏ နောက်ဆုံးစကားကိုမူ မငြင်းဆန်နိုင်ပေ။

အမှန်စင်စစ် အဘိုးအို၏ ကျန်းမာရေးသည် ယခင်ကနှင့် မတူတော့သည်မှာ အမှန်ပင်...။

သူသည် ဖခင်ဖြစ်သူကို ကြောက်ရွံ့သလို၊ သိုးရေခြုံထားသော ဝံပုလွေ ဝေလင်းကို အိမ်ထဲတွင် ခိုေအာင်းခွင့်ပေးထားသည့် ဖခင်၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်ကိုလည်း မုန်းတီးမိသည်။ တစ်ခါတစ်ရံ ဖခင်ဖြစ်သူ၏ အေးစက်မှုနှင့် တင်းမာခက်ထန်မှုများကို ပို၍ပင် မုန်းတီးမိသေးသည်။

သို့သော် ဘာပဲဖြစ်ဖြစ် သူသည် ဖခင်အရင်း မဟုတ်လား။

ထို့ကြောင့် ဝေဝမ်ကျွမ်းသည် ညီမဖြစ်သူ သေဆုံးသွားသည့်သတင်းကို ဖခင်ထံ အလျင်စလို သွားရောက်ပြောပြရန် အစီအစဉ် မရှိခဲ့ပေ။

ဒါပေမဲ့ ရှောင်ယာ့အတွက်ကျတော့ရော...

သူမသည် ဆင်းရဲပြီး ခေတ်နောက်ကျသော နေရာတွင် အကြီးအကျယ် ဒုက္ခခံခဲ့ရပြီး လူကုန်ကူးခံရလုနီးပါးပင် ဖြစ်ခဲ့ရသည်။ ယခု ပြန်ရောက်လာသည့်တိုင် ဝေလင်း၏ ကြိုးကိုင်ခြယ်လှယ်မှုကို ခံနေရဆဲပင်။

ဒီလိုမဖြစ်သင့်‌ေပ။

"မင်း ပါးစပ်က အီးတွေပဲ ထွက်နေတာလား" ဝေဝမ်ကျွမ်း ဆဲရေးလိုက်သည်။

သူသာ ယခုချက်ချင်း မတ်တတ်ရပ်နိုင်လျှင် ဝေလင်းကို သေချာပေါက် ကန်မိမည် ဖြစ်သည်။

သို့သော် ဝေလင်းသည် ဝေဝမ်ကျွမ်း၏ ဆဲရေးမှုကို မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။

ဝေရွှမ်မင်သည်လည်း သူ့သားကို တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။

လီရှောင်ယာသည် ဒုတိယဦးလေး၏ အင်္ကျီလက်စကို အသာအယာ ဆွဲလိုက်ပြီး "စိတ်မဆိုးပါနဲ့" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ဝေယွီက ဘယ်လိုလုပ် အဲဒီနေရာကို ရောက်သွားရတာလဲ။ အသေးစိတ် စုံစမ်းပြီးပြီလား" ဝေရွှမ်မင်က ဝေလင်းကို ချက်ချင်း မေးလိုက်သည်။

"ရဲတွေ စုံစမ်းနေတုန်းပါပဲ။ ကျွန်တော်လည်း လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ်... ရလဒ်ထွက်ဖို့တော့ နည်းနည်းကြာနိုင်ပါတယ်"

"အထဲဝင်ပြီး ဒူးထောက်နေ" ဟု ဝေရွှမ်မင်က အမိန့်ပေးလိုက်သည်။

ဝေလင်းသည် ပြန်လှန်ပြောဆိုခြင်း၊ သနားခံခြင်း မပြုသလို မျက်နှာပျက်မည်ကိုလည်း မကြောက်ပေ။ သူသည် နောက်တစ်ကြိမ် ဦးညွှတ်ပြီးနောက် ထရပ်ကာ အိမ်ထဲသို့ ဝင်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် နံရံဘက်သို့ မျက်နှာမူကာ ဒူးထောက်လိုက်ပြန်သည်။

ထိုအခါမှ ဝေရွှမ်မင်သည် လီရှောင်ယာ ရှိရာဘက်သို့ ကြည့်ပြီး "ဒုတိယသခင်လေးကို ပြန်ခေါ်သွားလိုက်" ဟု ဦးစွာ အမိန့်ပေးလိုက်သည်။

ဝေဝမ်ကျွမ်း မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။

"အဖေ… ဒါ ဘာသဘောလဲ"

"လူကြီးတစ်ယောက်က သူ့မြေးနဲ့ စကားပြောချင်တာလေ... ပြဿနာရှိလို့လား"

"အဖေ သူ့ကို ခြောက်လှန့်မိလိမ့်မယ်"

"ငါထင်တာတော့ သူက မင်းထက် ပိုသတ္တိရှိမယ် ထင်တယ်"

ဝေဝမ်ကျွမ်း အသံတိမ်ဝင်သွားပြီး "ဘာပဲဖြစ်ဖြစ်... ကျွန်တော် ဒီမှာနေမှ ဖြစ်မယ်။ ရှောင်ယာ ကျွန်တော့်အနားက ထွက်သွားလို့ မဖြစ်ဘူး" ဟု ပြောလိုက်သည်။

ဝေရွှမ်မင်က အေးစက်စွာဖြင့် ပြောလိုက်သည်။

"ဘယ်သူမှ မရှိမဖြစ် မဟုတ်ဘူး"

ထို့နောက် သူ လက်ဝှေ့ယမ်းပြလိုက်သည်နှင့် သက်တော်စောင့်များ ချက်ချင်းရောက်လာပြီး ဝေဝမ်ကျွမ်းကို တွန်းထုတ်သွားကြသည်။

"အဖေ! အဖေ ဒီလိုလုပ်လို့မရဘူးလေ" ဝေဝမ်ကျွမ်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် သူ့ဖခင်အပေါ် ဤသို့အော်ဟစ်ခြင်းသည် အရာမထင်ကြောင်း သူ မကြာမီ သဘောပေါက်သွားသည်။ ထို့ကြောင့် သူ လေသံပြောင်းကာ "သူက ခုနစ်နှစ်ပဲ ရှိသေးတာ... အဖေ ကျွန်တော်တို့ကို ဆက်ဆံသလို သူ့ကို ဆက်ဆံလို့မရဘူး..." ဟု အော်ဟစ်လိုက်သည်။

ဝေဝမ်ကျွမ်း၏ အသံသည် တဖြည်းဖြည်း တိုးသွားပြီး မကြာမီ တံခါးအပြင်ဘက်၌ ပျောက်ကွယ်သွားတော့သည်။

"မင်း ကြောက်လား" ဝေရွှမ်မင်က လီရှောင်ယာကို ကြည့်ပြီး မေးလိုက်သည်။

လီရှောင်ယာ ခေါင်းခါပြလိုက်သည်။

ဝေရွှမ်မင် ခေတ္တမျှ စောင့်ဆိုင်းနေသော်လည်း သူမက စကားဆက်ပြောမည့်ပုံ မပေါ်သဖြင့် ပြောလိုက်သည်။

"ငါထင်တာက... နောက်ဆုံးတော့ အဘိုးနဲ့တွေ့ပြီ၊ ကိုယ့်မိသားစုနဲ့ တွေ့ပြီဆိုတော့ ဘာလို့ ကြောက်ရမှာလဲလို့ မင်း ပြောလိမ့်မယ် ထင်နေတာ"

လီရှောင်ယာသည် ကလေးဆန်သော အပြစ်ကင်းစင်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသော်လည်း သူမအသက်အရွယ်နှင့် မလိုက်ဖက်အောင် တည်ငြိမ်အေးဆေးမှု အရိပ်အယောင်များလည်း ပါဝင်နေသည်။

"ဒီနေ့မတိုင်ခင်အထိ အဘိုးက သူစိမ်းတစ်ယောက်ပါပဲ။ အဘိုးလည်း သမီးကို ဒီလိုပဲ တွေးမှာပါ။ တကယ်လို့ သမီးသာ မေမေ့သမီး မဟုတ်ခဲ့ရင် သမီးလည်း သူစိမ်းတစ်ယောက် ဖြစ်နေမှာပါပဲ"

ဒါဆို မြင်မြင်ချင်း ဆွေမျိုးသားချင်း သံယောဇဉ်နဲ့ ယုံကြည်မှုတွေ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။

အဘိုးအိုရော ကလေးပါ စိတ်လှုပ်ရှားမှု မရှိကြသည်မှာ လုံးဝ ပုံမှန်ပင် ဖြစ်သည်။

"မင်းရဲ့ ဒုတိယဦးလေးက မင်းကို ဒီလောက် ကာကွယ်ပေးနေတာ၊ သူကရော မင်းအတွက် သူစိမ်းပဲလား" ဝေရွှမ်မင်က ကိုယ်ကိုကိုင်းပြီး မေးလိုက်သည်။

"သူက သူစိမ်းမဟုတ်ဘူး၊ ဦးလေးငယ်လည်း သူစိမ်းမဟုတ်ဘူး"

"ဘာလို့လဲ။ ငါနဲ့ သူတို့ ဘာကွာလို့လဲ"

"ဦးလေးငယ်က လီမိသားစုရွာကို ရှာဖို့ အများကြီး ဒုက္ခခံခဲ့ရတယ်။ ပြီးတော့ သမီးကို မြင်မြင်ချင်း ငိုတာပဲ"

"အဲဒါ သူက ငယ်ငယ်ကတည်းက စိတ်ဓာတ်ပျော့ညံ့ပြီး စိတ်ထားနုလွန်းလို့လေ... ငိုလွယ်တဲ့ကောင်မို့လို့"

"ဒုတိယဦးလေးလည်း သမီးကိုမြင်တော့ ငိုလိုက်ရယ်လိုက် ဖြစ်နေတာပဲ"

"သူလည်း အတူတူပါပဲကွာ။ ကိစ္စတိုင်းကို စိတ်ခံစားမှုနဲ့ ဆုံးဖြတ်တတ်တဲ့ကောင်လေ"

"မဟုတ်ဘူး... အဲဒါ မမှန်ဘူး" လီရှောင်ယာသည် ဝေရွှမ်မင်၏ ရှင်းပြချက်ကို ဒေါသတကြီး ငြင်းဆန်လိုက်သည်။ "သူတို့က မေမေ့ကို ချစ်ကြလို့ပါ"

"သူတို့လည်း အရင်က သမီးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူတို့က မေမေ့ကို အရမ်းချစ်ကြတော့ သမီးကို မြင်တာနဲ့ ငိုကြတာ"

"သူတို့က မေမေ့ရဲ့ မောင်တွေမို့လို့ သမီးရဲ့ ဆွေမျိုးတွေ ဖြစ်လာတာ မဟုတ်ဘူး။ သူတို့က မေမေ့ကို ချစ်လို့သာ သမီးရဲ့ ဆွေမျိုးတွေ ဖြစ်လာကြတာ"

လီရှောင်ယာ၏ ယုတ္တိဗေဒသည် အလွန် ရှင်းလင်းပြတ်သားသည်။

အကယ်၍ အဘိုးသာ သူ့အမေကို ချစ်သော ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့လျှင် "အဘိုး" ဆိုသည်မှာ အမည်တပ်ထားသော သူစိမ်းတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ဒီအချက်ကို လီရှောင်ယာ ကောင်းကောင်း နားလည်ထားသည်။

ရှန်းယွီရှောင်၏ သူငယ်ချင်းများနှင့် ပတ်သက်လျှင်လည်း ထိုနည်းလည်းကောင်းပင်။

"ငါက မင်းအမေကို မချစ်ဘူးလို့ မင်းထင်နေတာလား" ဝေရွှမ်မင်က စူးစူးဝါးဝါး မေးလိုက်သည်။

"အဘိုးက မေမေ့ကို မချစ်ဘူး... ပြီးတော့ ဦးလေးကိုလည်း မချစ်ဘူး" လီရှောင်ယာ၏ နှုတ်ခမ်းလေး တင်းတင်းစေ့သွားသည်။

သူပြောလိုက်တဲ့ စကားတိုင်းက ဦးလေးကို နာကျင်စေတယ်။ ဦးလေးရဲ့ စိတ်ဒဏ်ရာတွေကို ထပ်ခါတလဲလဲ ဆွပေးနေသလိုပဲ။

တစ်ခဏအတွင်း ခြံဝန်းထဲရှိ အစေခံများအားလုံး လီရှောင်ယာကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ဒီကလေးက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရဲရတာလဲ။

"မင်းက မင်းအမေအတွက် ပြောပေးနေတာတင် မဟုတ်ဘဲ မင်းဦးလေးအတွက်ပါ ပြောပေးနေတာပဲ" ဝေရွှမ်မင်၏ မျက်နှာထား အနည်းငယ် မဲမှောင်သွားသည်။ "မင်းဦးလေးတောင် သူ့ကိုယ်သူအတွက် ပြန်မပြောရဲဘူး..."

ဝေရွှမ်မင် စကားကိုရပ်ပြီး လီရှောင်ယာ၏ မျက်နှာကို သေချာ စိုက်ကြည့်လိုက်သည်။

သူမသည် နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝ မပြသည်ကို တွေ့လိုက်ရ၏။

ဝေရွှမ်မင်၏ လည်ချောင်းထဲမှ ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။ "ကောင်းတယ်... မင်းက သူတို့အားလုံးထက် သတ္တိရှိတာပဲ"

သူ မတ်တတ်ရပ်လိုက်ပြီး "လိုက်ခဲ့" ဟု ပြောလိုက်သည်။

လီရှောင်ယာသည် ဝေလင်း ဒူးထောက်နေဆဲဖြစ်သော ဧည့်ခန်းထဲသို့ သူ့နောက်မှ လိုက်ပါသွားသည်။

ဝေရွှမ်မင်သည် တုတ်ကောက်ကို ထောက်လျက် အနီးသို့ လျှောက်သွားပြီး ဝေလင်းအား "ဒီနေ့ ဟိုတယ်မှာ ငါဘာမှအရေးမယူဘဲ ထားလိုက်တာ မင်းကို မျက်နှာသာပေးလိုက်တာပဲ" ဟု ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်" ဝေလင်းက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အမှားကြီးကြီးမားမား လုပ်ထားတာဆိုတော့ ငါမျက်နှာသာပေးလို့ ရပေမယ့် ပြစ်ဒဏ်ကိုတော့ ပေါ့ပေါ့တန်တန် ပေးလို့မရဘူး။ ကုမ္ပဏီအလုပ်တွေကနေ တစ်ပတ်လောက် ဖယ်နေလိုက်ဦး"

"သခင်ကြီး သက်ညှာပေးထားမှန်း ကျွန်တော် သိပါတယ်"

ဝေရွှမ်မင်သည် လီရှောင်ယာဘက်သို့ လှည့်မေးလိုက်သည်။ "မင်းက ဒီနှစ် ခုနစ်နှစ်လား။ ကျောင်းနေဖူးလား"

လီရှောင်ယာ ခေါင်းညိတ်ပြသည်။ "နေဖူးတယ်။ သုံးတန်း ရောက်ပြီ"

ဝေရွှမ်မင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

သူများတွေအတွက် ဝင်ပြောပေးတတ်သလို၊ စိတ်ကောက်ပြီး သူ မေးတာကို မဖြေဘဲလည်း မနေဘူး။

နှိုင်းယှဉ်ကြည့်ရရင် ဝေဝမ်ကျွမ်းကမှ ပိုပြီး ကလေးဆန်နေသေးသည်။

"ဝေးလံခေါင်သီတဲ့ တောင်ပေါ်ဒေသတွေမှာ မျှော်လင့်ချက် မူလတန်းကျောင်းတွေ ဆောက်ပေးတဲ့ အစိုးရကို ကျေးဇူးတင်ရမှာပေါ့လေ" ဝေရွှမ်မင် သက်ပြင်းချလိုက်ပြီး "ကျောင်းပြောင်းမယ့် ကိစ္စတွေ လုပ်ရမယ်။ ပြီးရင်တော့..."

ဝေရွှမ်မင်သည် ဝေလင်းကို စိုက်ကြည့်ကာ "မင်း သူ့ကို ကျောင်းလိုက်ပို့ပေးရမယ်။ ဒီနေ့ကစပြီး သူ့ရှေ့မှာ ဘယ်သူပဲလာပြီး ဇာတ်လမ်းခင်းခင်း... မင်း သူ့ကို ကာကွယ်ပေးရမယ်။ ငါတို့ကို အနိုင်ကျင့်ရလွယ်တယ်လို့ အထင်မခံစေနဲ့" ဟု ပြောလိုက်သည်။

ဝေလင်း ခေါင်းညိတ် လက်ခံလိုက်သည်။

"နောက်ထပ် တစ်နာရီ ထပ်ဒူးထောက်နေဦး" ဝေရွှမ်မင် ပြောပြီးနောက် လီရှောင်ယာကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားလေသည်။

ကျယ်ဝန်းသော စာကြည့်ခန်းထဲတွင် အဘိုးနှင့် မြေးမလေး နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

"မင်းဦးလေးတွေက မင်းကို ဘာပြောကြလဲ။ ဝေလင်းက ရည်မှန်းချက်ကြီးတယ်၊ ကျေးဇူးကန်းတတ်တယ်၊ မင်းအမေကို ဒုက္ခပေးခဲ့တယ်... အဲဒီလို ပြောကြလား" ဝေရွှမ်မင် စကားကို ခေတ္တရပ်လိုက်သည်။

"အခု မင်းခံစားရပြီလား... ငါ ဝေလင်းကို အပြစ်ပေးတာ ပေါ့လွန်းတယ်၊ ပြစ်ဒဏ်က မလုံလောက်ဘူးလို့လေ။ မင်းအမေနဲ့ မင်းဦးလေးအတွက် တရားမျှတမှု ရယူပေးချင်နေလား" ဝေရွှမ်မင်က ဆက်တိုက် မေးခွန်းထုတ်လိုက်သည်။

လီရှောင်ယာ၏ မျက်လုံးများထဲတွင် ဝေခွဲမရဖြစ်မှု အရိပ်အယောင်များ ပေါ်လာသည်။ "မေမေ့ကို ဒုက္ခပေးတာ သူမဟုတ်ဘူးလား"

"သစ္စာဖောက်ပြီး ကျေးဇူးကန်းတတ်တာကတော့ မမှားဘူး။ ဒါပေမဲ့ မင်းအမေကို ဒုက္ခပေးတဲ့သူက သူ ဟုတ်ချင်မှ ဟုတ်မှာ" ဝေရွှမ်မင်၏ အကြည့်များ အေးစက်သွားသည်။ "မင်းအမေ... မပျောက်သွားခင်တုန်းက သူ့မှာ ရည်းစားတစ်ယောက် ရှိတယ်။ သူပျောက်သွားပြီးနောက်ပိုင်း အဲဒီရည်းစားက လုံးဝ ခြေရာလက်ရာမကျန်အောင် ပျောက်ချင်းမလှ ပျောက်သွားတယ်။ ဒီလူက ပိုသံသယဖြစ်စရာ ကောင်းတယ်။ ဒါပေမဲ့ ဒါတွေက မင်းအရွယ်နဲ့ စိတ်ပူရမယ့် ကိစ္စတွေ မဟုတ်ပါဘူး"

"မနက်ဖြန်ကစပြီး မင်း ဒီမှာပြောင်းနေရမယ်။ မင်းဦးလေးတွေနဲ့ အတူမနေနဲ့တော့။ သူတို့က မင်းကို ပျော့ညံ့အောင်ပဲ သင်ပေးလိမ့်မယ်"

"ငိုနေလို့ ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ မင်းငိုလိုက်လို့ မင်းရဲ့ ပြိုင်ဘက်တွေက စိတ်ပျော့သွားမှာ မဟုတ်ဘူး။ မင်းကို အနိုင်ကျင့်ရ ပိုလွယ်တယ်လို့ပဲ ထင်သွားကြမှာ။ ဒီလောကကြီးက အဲဒီလို လည်ပတ်နေတာ"

ပြောပြီးသည်နှင့် ဝေရွှမ်မင်သည် ဘေးရှိ ခေါင်းလောင်းကို နှိပ်လိုက်သည်။

အစေခံများ ချက်ချင်း ဝင်ရောက်လာကြသည်။

ဝေရွှမ်မင်က "ဒါ သခင်မလေးပဲ။ ဒီနေ့ကစပြီး သူ ဒီမှာနေလိမ့်မယ်။ သူ့အခန်းကို ခေါ်သွားပေးလိုက်ကြ" ဟု ပြောလိုက်သည်။

အစေခံများ ခေါင်းညိတ်ပြီး လီရှောင်ယာ၏ လက်ကိုဆွဲကာ ခေါ်ထုတ်သွားကြသည်။

တံခါးဝသို့ ရောက်သောအခါ လီရှောင်ယာ နောက်သို့လှည့်ကြည့်ပြီး "အဘိုးက မေမေ့ကို ချစ်တယ်မလား။ ငိုတာက ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ထင်လို့ မငိုတာမလားဟင်" ဟု မေးလိုက်သည်။

ဝေရွှမ်မင်၏ ရှုပ်ထွေးသော ခံစားချက်များကို ဤမျှ တည့်တိုး ဖော်ထုတ်ရဲသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။

သူ တိတ်ဆိတ်သွားပြီး လီရှောင်ယာကို ခေါ်ထုတ်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။

အိပ်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသောအခါ ဝေရွှမ်မင်သည် ဖုန်းတစ်ချက် ခေါ်လိုက်သည်။ သူ၏ လေသံမှာ သိသိသာသာ တက်ကြွနေသည်။ "သူငယ်ချင်း. ငါတို့အရင်က ပြောခဲ့တဲ့ ဆရာဝန်ကိစ္စလေ... ငါ သူ့ကို တွေ့ချင်တယ်။ ငါ ရုတ်တရက် အသက်ဆက်ရှင်ချင်စိတ် ပေါက်လာလို့”

All Chapters