← Chapters

အခန်း (၈၀)

Vol. 8 Ch. 80

အခန်း (၈၀)

Vol. 8 Ch. 80

Chapter 80

လီရှောင်ယာ၏ ကျောင်းပြောင်းခြင်း လုပ်ငန်းစဉ်သည် အလွန် ချောမွေ့စွာ ပြီးဆုံးသွားလေသည်။

မည်သို့ပင်ဆိုစေကာမူ ဤကျောင်းသည် အထက်တန်းလွှာများအတွက် သီးသန့်ဖွင့်လှစ်ထားသော ပုဂ္ဂလိကကျောင်းသာ ဖြစ်သည်။ မိသားစုအဆင့်အတန်းကို သက်သေပြနိုင်ပြီး ငွေကြေးအနည်းငယ် ပိုသုံးနိုင်ရုံဖြင့် ဝင်ခွင့်ရရှိနိုင်ပေသည်။ နှိုင်းယှဉ်ကြည့်လျှင် ကျင်မြို့တော်ရှိ အစိုးရမူလတန်းကျောင်းများမှာ ဝင်ခွင့်ရရန် ပိုမိုခက်ခဲလှသည်။

ကျောင်းဝင်ခွင့်ရပြီးနောက် ဝေလင်းသည် လီရှောင်ယာကို ကျောင်းအုပ်ကြီးရုံးခန်းသို့ ဦးစွာ ခေါ်ဆောင်သွားသည်။

"ကျွန်တော်တို့ရဲ့ သခင်မလေးက အခုမှ ပြန်ရှာတွေ့ပြီး ပြန်ခေါ်လာနိုင်တာပါ။ မလွယ်ခဲ့ပါဘူးဗျာ... ကျွန်တော်တို့ မိသားစုအတွက်တော့ မျက်လုံးအိမ်ထဲက မျက်ဆံလေးပါပဲ။ ခင်ဗျားတို့အနေနဲ့ သေချာ ဂရုစိုက်ပေးကြဖို့ မျှော်လင့်ပါတယ်" ဟု ဝေလင်းက ပြောလိုက်သည်။ သူ့စကားများက လီရှောင်ယာအပေါ် မည်မျှ အလေးထားကြောင်း ပြသနေ၏။

"ပြီးတော့ သူ့ကို ကျောင်းမှာ ဘယ်သူမှ အနိုင်ကျင့်တာမျိုး ကျွန်တော် မလိုချင်ဘူး။ တကယ်လို့များ သူ နည်းနည်းလေး နာကျင်သွားရရင်တောင်..." ဝေလင်း၏ မျက်နှာထား အနည်းငယ် မဲမှောင်သွားသည်။ "အဲဒီပြဿနာက အလွယ်တကူ ပြီးသွားမှာ မဟုတ်ဘူးနော်"

ကျောင်းအုပ်ကြီးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်။ သခင်မလေးရဲ့ လုံခြုံရေးအတွက် အကောင်းဆုံး စီစဉ်ပေးပါ့မယ်"

သို့သော် ကျောင်းအုပ်ကြီး၏ စိတ်ထဲတွင်မူ ကျိန်ဆဲနေမိလေသည်။

ဒီကျောင်းကို လာတက်တဲ့သူတိုင်းက ချမ်းသာတဲ့သူ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့သူတွေချည်းပဲလေ။ ဟုတ်ပါပြီ... ခင်ဗျားတို့ မိသားစုက အထင်ကြီးစရာ ကောင်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါ နိုင်ငံခြားမှာလေ။

တကယ်လို့ ဒီကောင်မလေးက တစ်ယောက်ယောက်နဲ့ ပြဿနာတက်ရင် ခင်ဗျားတို့က ထုံးစံအတိုင်းပဲ ဖြေရှင်းရမှာ မဟုတ်ဘူးလား။

ကျောင်းအုပ်ကြီးသည် စိတ်ထဲတွင် ညည်းညူနေရင်း ကျောင်းသူသစ်လေးကြောင့် ဖြစ်ပေါ်လာနိုင်သော ဆူးခင်းလမ်းများကို ကြိုတင်ခံစားနေမိလေသည်။

"ဆရာ ရောက်ပြီလား" ဝေလင်းက ရုတ်တရက် မေးလိုက်သည်။

"အတန်းပိုင်ဆရာ ရောက်နေပါပြီ။ တခြားဆရာတွေကတော့ အတန်းချိန်မို့ စာသင်နေကြပါတယ်"

ဝေလင်း မျက်မှောင်ကြုတ်လိုက်သည်။ "တကယ်ဆို အကုန်လုံး လာတွေ့သင့်တာ... ထားလိုက်ပါလေ... နောက်တစ်ခေါက်မှပဲ တွေ့ကြတာပေါ့။ အတန်းပိုင်ဆရာက ဘယ်မှာလဲ"

"မစ္စတာဝေ... ကျွန်တော် ဒီမှာပါ" အတန်းပိုင်ဆရာက ရှေ့တိုးလာသည်။ သူသည် လူငယ်ဆရာတစ်ဦး ဖြစ်သည်။

ဝေလင်းသည် ကျောင်းအုပ်ကြီးကို ပြောခဲ့သည့် စကားများကို အတန်းပိုင်ဆရာအား ထပ်ပြောလိုက်သည်။ အဓိကအားဖြင့် သူတို့၏ ကလေးသည် အလွန်အဖိုးတန်ပြီး အထူးဂရုစိုက် ဆက်ဆံရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခြင်း ဖြစ်သည်။

အတန်းပိုင်ဆရာခမျာ ခေါင်းညိတ်ပြီး သဘောတူရုံမှလွဲ၍ တခြားမတတ်နိုင်ရှာပေ။

နာရီဝက်ခန့် တရစပ် ပြောဆိုပြီးနောက် ဝေလင်းက "ကောင်းပြီလေ... ဒါဆို အတန်းပိုင်ဆရာက ရှောင်ယာလေးကို အတန်းထဲ ခေါ်သွားလိုက်တော့" ဟု ပြောလိုက်သည်။

အတန်းပိုင်ဆရာမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး မူလတန်းပြဆရာဘဝက မလွယ်ကူလှပါလားဟု တွေးတောမိလိုက်သည်။

ထို့နောက် သူသည် လီရှောင်ယာကို ခေါ်ထုတ်သွားလေသည်။

ကျောင်းအုပ်ကြီးရုံးခန်းမှ ထွက်ခွာလာစဉ် လီရှောင်ယာသည် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဝေလင်းကို ကြည့်သည်။

ဝေလင်း ကိုယ်ကိုကိုင်းလိုက်ပြီး "ဘာဖြစ်လို့လဲ။ အတန်းမတက်ချင်ဘူးလား" ဟု မေးလိုက်သည်။

"အင်း" လီရှောင်ယာက တိုးတိုးလေး ပြောလိုက်သည်။ "သမီး ကြောက်တယ်"

ဝေလင်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ဒီကောင်မလေး တကယ်ကြောက်နေတာလား... ဒါမှမဟုတ် သူ့ကို လှည့်စားနေတာလား သူ မဝေခွဲတတ်ပေ။

"မကြောက်ပါနဲ့... ဦးလေး အရုပ်တွေ သွားဝယ်ပေးမယ်..."

"ဦးလေး... သမီး စာသင်နေတဲ့အချိန် အခန်းအပြင်ဘက်မှာ စောင့်နေပေးလို့ရမလား" လီရှောင်ယာ မော့ကြည့်ကာ မေးလိုက်သည်။

ဝေလင်း ဆက်ပြောမည့်စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားသည်။

ဒီကောင်မလေး သူ့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား။

"ရတာပေါ့... စောင့်ပေးမယ်လေ"

ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော အခြားသူများမှာမူ အံ့သြမဆုံး ဖြစ်နေကြသည်။ တကယ့်ကို အဖိုးတန်လေးပါလား။

အတန်းတက်တာတောင် အဖော်စောင့်ပေးရတယ်တဲ့။

ဒီကောင်မလေးကို ဘယ်နိုင်ငံကများ ရှာတွေ့ပြီး ပြန်ခေါ်လာတာပါလိမ့်။

အတန်းပိုင်ဆရာက ရှေ့မှဦးဆောင်ပြီး ဝေလင်းက နောက်မှလိုက်ပါကာ တတိယတန်း အခန်း (၁) သို့ သွားရောက်ကြသည်။

အတန်းမှာ သိပ်မကြီးဘဲ ကျောင်းသားဦးရေ နှစ်ဆယ်ခန့်သာ ရှိသည်။

သူတို့ ဝင်ရောက်သွားချိန်တွင် အတန်းထဲ၌ အင်္ဂလိပ်စာ ဖတ်ကြားမှု လေ့ကျင့်ခန်း ပြုလုပ်နေကြသည်။

အတန်းထဲသို့ ဝင်လိုက်သည်နှင့် ကျောက်တုံးနွားကျောင်းနှင့် လုံးဝ ကွာခြားသော နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကဲ... အားလုံးပဲ... ငါတို့ရဲ့ ကျောင်းသူသစ်လေးကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်" အတန်းပိုင်ဆရာက ပြောလိုက်သည်။

သို့သော် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူမျှ လက်ခုပ်မတီးကြပေ။

ဤတတိယတန်း ကလေးများသည် သူတစ်ပါးကို အကဲခတ်တတ်နေကြပြီ ဖြစ်သည်။ သူတို့သည် လီရှောင်ယာကို တိတ်တဆိတ် စိုက်ကြည့်ကာ သူမ၏ အဝတ်အစားနှင့် အသုံးအဆောင်များကို အကဲခတ်နေကြသည်။

"သူ လွယ်ထားတဲ့အိတ်က ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ" တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသော ဝေလင်းသည် မှန်မှတစ်ဆင့် လီရှောင်ယာ လွယ်ထားသော ကျောပိုးအိတ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမ ဘာလို့ အဲဒီအိတ်ကို လွယ်ထားတာပါလိမ့်။

ဝေလင်းလည်း အံ့သြသွားရသည်။

အဲဒီအိတ်က... လီမိသားစုရွာကနေ သယ်လာတဲ့အိတ် မဟုတ်လား။

ဝေလင်း ရယ်ချင်သွားသည်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သံယောဇဉ်ကြီးတတ်နေပြီကိုး။

ကံမကောင်းစွာဖြင့် ဒီအသိုင်းအဝိုင်းမှာ သံယောဇဉ်ဆိုတာ အလိုအပ်ဆုံး အရည်အချင်းပဲ။ ဒါမှမဟုတ်ရင် သူ့ဦးလေးတွေလို ဖြစ်သွားမှာပေါ့။

ဒီလောကကြီးထဲက ကလေးတွေက သူတို့ကိုယ်သူတို့ သတိမထားမိဘဲ ရက်စက်တတ်ကြတယ်။ အထူးသဖြင့် ဒီကျောင်းက သူဌေးသားသမီးလေးတွေပေါ့။

ဝေလင်း နှာခေါင်းကို ပွတ်လိုက်မိသည်။ ဒီကျောပိုးအိတ်ကြောင့် သူမ အပြောခံရတော့မည်ဟု တွေးလိုက်မိသည်။

အတန်းပိုင်ဆရာက လည်ချောင်းရှင်းလိုက်ပြီး "ကလေးတို့ရေ... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးလိုက်ကြရအောင်လား" ဟု ပြောလိုက်သည်။

အတန်းထဲမှ ကလေးများက ဆက်လက်၍ မလေးမစား ပြောဆိုနေကြသည်။ "အိတ်ပေါ်က ပုံစံကြီးက အတုကြီးမှန်း သိသာလိုက်တာ"

ကျောက်တုံးနွားကျောင်းက "ရိုးအ" တဲ့ ကလေးတွေနဲ့ မတူဘဲ ဒီက ကလေးတွေက လောကကြီးအကြောင်း ပိုသိကြတယ်။

သူတို့က နောက်ဆုံးပေါ် ကာတွန်းဇာတ်ကောင်ပုံပါတဲ့ ကျောပိုးအိတ် လွယ်ထားတာကို မြင်ရင် အံ့သြအားကျမှာ မဟုတ်ဘူး။ အဆင့်အတန်းနိမ့်တယ်လို့ပဲ ထင်ကြမှာ။

အတန်းပိုင်ဆရာသည် သူတို့၏ ဝေဖန်သံများကို ကြားနေရပြီး ခေါင်းကိုသာ ကိုင်ထားလိုက်ချင်တော့သည်။

ဘယ်လိုလုပ်ရမလဲ။ ဒီကောင်မလေးကို စိတ်ဆင်းရဲစရာ မကြုံစေနဲ့လို့ အခုလေးတင် အမှာခံထားရတာလေ။

ထိုအချိန်တွင် လီရှောင်ယာသည် အတန်းထဲမှ ကောင်မလေးတစ်ယောက်ကို ရုတ်တရက် ကြည့်လိုက်ပြီး "ငါ နင့်ကို မှတ်မိတယ်" ဟု ပြောလိုက်သည်။

ထိုကောင်မလေး၏ မျက်လုံးများ လှုပ်ရှားသွားသည်။

ဟိုတစ်နေ့က ညစာစားပွဲမှာ မိဘတွေ အာဏာရှိရင် ဆိုဖာပေါ် ထိုင်လို့ရတယ်လို့ လီရှောင်ယာကို ပြောခဲ့သော ကောင်မလေးပင်။

လီရှောင်ယာက သခင်လေးမုကို ဘယ်လို ပညာပေးလိုက်လဲဆိုတာ ဒီကောင်မလေး အစအဆုံး မြင်ခဲ့ဖူးတယ်လို့ ပြောလို့ရတယ်။

"သူက လီရှောင်ယာလေ" ကောင်မလေးက ရုတ်တရက် မတ်တတ်ရပ်ပြီး မိတ်ဆက်ပေးလိုက်သည်။ "သူက... သူက အရမ်းမိုက်တာ"

ကောင်မလေးခမျာ ဘယ်လို ထပ်ပြီး ဖော်ပြရမှန်း မသိတော့သဖြင့် အရမ်းမိုက်သည်ဟုသာ ပြောလိုက်ခြင်း ဖြစ်သည်။

ကောင်မလေး ပြောလိုက်သည်နှင့် တခြားကလေးများ၏ ဆွေးနွေးသံများ ချက်ချင်း တိတ်သွားသည်။

အတန်းပိုင်ဆရာပင်လျှင် လီရှောင်ယာကို အံ့သြစွာ ကြည့်လိုက်မိသည်။

လီရှောင်ယာ ခေါင်းညိတ်လိုက်ပြီး စင်မြင့်ပေါ်တွင် ရပ်လျက် ကောင်မလေးကို "နင့်နာမည် ဘယ်သူလဲ" ဟု မေးလိုက်သည်။

ကောင်မလေး ခဏတာ တုံ့ဆိုင်းနေပြီးမှ "အန်းရင် ပါ" ဟု ဖြေလိုက်သည်။

လီရှောင်ယာ ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "ငါ နင့်နာမည်ကို မှတ်ထားလိုက်ပြီ"

အန်းရင်လေး လန့်သွားသည်။ လီရှောင်ယာက သူ့ကို အငြိုးထားလိုက်ပြီလားဟု တွေးမိသောကြောင့်ပင်။ ဒါပေမဲ့ အဲဒီနေ့ ရန်ဖြစ်တုန်းက သူ ဝင်မပါခဲ့ပါဘူး။

အန်းရင်က လီရှောင်ယာကို မိတ်ဆက်ပေးလိုက်ပုံကြောင့် မည်သူမျှ ထပ်မံ ဝေဖန်ရဲခြင်း မရှိကြတော့ပေ။

ထို့နောက် လီရှောင်ယာ ထိုင်ခုံနေရာချပေးခြင်း ခံလိုက်ရသည်။

သူမသည် သူများတွေက ရုပ်ဆိုးသည်ဟု ပြောရုံဖြင့် သူမ၏ ကျောပိုးအိတ်ကို လွှင့်မပစ်လိုက်ပေ။ အိတ်၏ အပြင်ဘက်ကို စက္ကူဖြင့် သေချာသုတ်ပြီးနောက် စားပွဲအံဆွဲထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်သည်။

အတန်းပိုင်ဆရာ သက်ပြင်းချလိုက်နိုင်ပြီး ဆရာမကို စာဆက်သင်ရန် အချက်ပြကာ ထွက်ခွာသွားလေသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသော ဝေလင်းမှာ ပြောစရာစကား မရှိတော့ပေ။

ဒါပါပဲလား။

သခင်လေးမုကို ရိုက်နှက်လိုက်တာက သူ့ကို နာမည်ကြီးသွားစေတာလားဟု ဝေလင်း တွေးရင်း နှုတ်ခမ်းများ တွန့်သွားသည်။

ဝေလင်းသည် နေ့လယ်စာစားချိန်မှသာ အနားရပြီး တစ်နေကုန် အခန်းပြင်တွင် မတ်တတ်ရပ်နေခဲ့ရသည်။

ညနေ ကျောင်းဆင်းချိန်တွင် လီရှောင်ယာ ပြန်ထွက်လာစဉ် ပဉ္စမတန်းဆောင်ဘက်မှ ဖြတ်လျှောက်လာသော သခင်လေးမုနှင့် တွေ့ဆုံမိပြန်သည်။

သခင်လေးမုသည် သူမကို မြင်လိုက်သည်နှင့် မျက်နှာ စိမ်းပုပ်သွားပြီး ခေါင်းငုံ့ကာ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ဝေလင်း တစ်ခါပြန်၍ အံ့သြရပြန်သည်။

သခင်လေးမုက ဘယ်လိုလုပ် ဒီလောက်ထိ အကြောက်လွန်နေရတာလဲ။

"လီရှောင်ယာ! လီရှောင်ယာ!" ရုတ်တရက် အနောက်မှ လှမ်းခေါ်သံကြားလိုက်ရသည်။

လီရှောင်ယာ ရပ်တန့်ပြီး နောက်လှည့်ကြည့်လိုက်သည်။

ဟမ်...

သူမ မသိပါဘူး။

ဝေလင်းလည်း နားမလည်နိုင် ဖြစ်သွားသည်။ ကောင်လေးတစ်ယောက် သူတို့ဆီ ပြေးလာနေသည်။

ကောင်လေးက စိမ်းနေသည်။ လီရှောင်ယာကလည်း သူ့မျက်စိအောက်မှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာဆိုတော့ ဘယ်တုန်းက သူငယ်ချင်း ရသွားတာပါလိမ့်။

ကောင်လေးက လက်တစ်ဖက်တွင် ဖုန်းကိုကိုင်ထားပြီး ဖုန်းထဲသို့ စိတ်လှုပ်ရှားစွာ ပြောနေသည်။ "အစ်ကို... အစ်ကို... ဟုတ်တယ်မလား။ ကျွန်တော်ပြောသားပဲ ဟုတ်ပါတယ်လို့။ ကျွန်တော် လီရှောင်ယာကို တကယ်တွေ့တာပါဆို"

ပြောပြောဆိုဆိုနှင့် ကောင်လေးက ကင်မရာကို လီရှောင်ယာဘက်သို့ လှည့်လိုက်သည်။

လီရှောင်ယာ ခြေတစ်လှမ်း နောက်ဆုတ်ကာ ရှောင်လိုက်ပြီး "နင်က ဘယ်သူလဲ" ဟု မေးလိုက်သည်။

"ကျွန်တော်က နင်းဟန်ရဲ့ ညီလေးပါ။ နာမည်က နင်းလင် ပါ။ ကျွန်တော့်အစ်ကိုနဲ့ စကားပြောလိုက်ပါဦး... ဟမ်... ဘာလို့ အစ်ကိုက ဗီဒီယိုကောလ် ချသွားတာလဲ" ကောင်လေး ကြောင်အသွားသည်။

နင်းဟန် ဆိုသည်မှာ ရှန်းယွီရှောင်၏ သူငယ်ချင်းဖြစ်ပြီး ဤကောင်လေးမှာ နင်းဟန်၏ ညီလေး ဖြစ်ပေသည်။

တော်တော်လေး ဝေးကွာသော ပတ်သက်မှု ဖြစ်သော်လည်း... လီရှောင်ယာသည် သူ့ကို အသိအကျွမ်းစာရင်းထဲသို့ သဘောထားကြီးစွာဖြင့် ခေတ္တထည့်သွင်းပေးလိုက်သည်။

"ပြန်ခေါ်လိုက်လေ" လီရှောင်ယာက တိုးတိုးလေး ပြောလိုက်သည်။

လီရှောင်ယာက သူ့ကို အသိအမှတ်ပြုလိုက်မှန်း သိသောအခါ နင်းလင်သည် ဖုန်းပြန်မခေါ်တော့ပေ။ လီရှောင်ယာကို ပတ်ကာ လှည့်ပတ်ကြည့်ရှုရင်း "ငါ မခံစားရဘူး" ဟု ရေရွတ်လိုက်သည်။

"ဘာကို မခံစားရတာလဲ" လီရှောင်ယာ ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"ကျွန်တော့်အစ်ကိုပြောတာ ခင်ဗျားကိုမြင်ရင် စိတ်ကူးဉာဏ်တွေ ပွင့်လာတယ်တဲ့... ကျွန်တော် အိမ်စာလုပ်မရလို့ စိတ်ကူးဉာဏ်လေးများ ပွင့်လာမလားလို့" နင်းလင်က ခေါင်းကုတ်ရင်း ပြောလိုက်သည်။

အခြားတစ်ဖက်တွင်မူ...

နင်းဟန်သည် ဗီဒီယိုကောလ်ချလိုက်ပြီးနောက် ရှန်းယွီရှောင်ကို အမြန်ရှာလိုက်သည်။ "အစ်ကိုရှန်းရေ... သောက်ကျိုးနည်း... လီရှောင်ယာ ဘယ်မှာလဲဆိုတာ ကျွန်တော် သိပြီ"

"ဘယ်မှာလဲ"

"ကျွန်တော်တို့ ကျောင်းမှာလေ... မူလတန်းကျောင်းဘက်ခြမ်းမှာ။ ကျွန်တော့်ညီလေး အခုပဲ တွေ့လိုက်တယ်တဲ့"

ရှန်းယွီရှောင်သည် ကားအသင့်ပြင်ထားရန် သက်တော်စောင့်ကို ချက်ချင်း ဖုန်းဆက်ခေါ်လိုက်သည်။

တီဗီအစီအစဉ် ရိုက်ကူးရေးအဖွဲ့ကလည်း အလျင်အမြန် လိုက်ပါလာကြသည်။

ချင်ဆွေ့သည် လက်ရန်းပေါ်တွင် မှီရပ်လျက် အဖြစ်အပျက်တစ်ခုလုံးကို ကြည့်နေသည်။

"အစ်ကိုချင်... အစ်ကိုချင်... ဘာလို့ မသွားသေးတာလဲ" တစ်ယောက်က ရောက်လာပြီး မေးသည်။ "အခုပဲ စားကောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင် တွေ့ထားတယ်။ အဲဒီကို မောင်းသွားရအောင်"

ချင်ဆွေ့က "အင်း" ဟု ထူးလိုက်ပြီး "သူတို့နောက် လိုက်ကြတာပေါ့" ဟု ပြောလိုက်သည်။

"ဘယ်သူ့နောက် လိုက်မှာလဲ... ရှန်းယွီရှောင်နောက်လား"

"အင်း"

အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်အသွားကြသည်။ အစ်ကိုချင်က ဒီရက်ပိုင်း တော်တော်ထူးဆန်းနေတယ်။ ရှန်းယွီရှောင်ကားနောက်ကို လိုက်ချင်နေတယ်တဲ့။

ထိုအချိန်တွင် နင်းလင်ဆီသို့ သူ့အစ်ကို ဖုန်းပြန်ခေါ်လာသည်။

ဖုန်းချပြီးနောက် သူကပြောလိုက်သည်။ "အစ်ကိုက ပြောတယ်။ ရှန်းယွီရှောင် နင့်ကို လာတွေ့နေပြီတဲ့"

လီရှောင်ယာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ကျောင်းဂိတ်ဝဆီသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

ကံကောင်းစွာပင် အထက်တန်းကျောင်းဆောင်မှ မူလတန်းကျောင်းဆောင်သို့သွားသော လမ်းသည် အထူးထိန်းချုပ်ထားသော လမ်းဖြစ်ပြီး ပြင်ပယာဉ်များ ဝင်ရောက်ခွင့်မရှိသဖြင့် ကားပိတ်ဆို့ခြင်း မရှိပေ။

ရှန်းယွီရှောင်၏ ကားသည် မူလတန်းကျောင်းဆောင်သို့ ရောက်ရန် ငါးမိနစ်ခန့်သာ ကြာလိုက်သည်။

သူသည် တံခါးကိုတွန်းဖွင့်ပြီး ကားပေါ်မှ ဆင်းလိုက်ကာ ခြေတံရှည်ကြီးများဖြင့် လှမ်းဝင်လာသည်။

ရိုက်ကူးရေးဝန်ထမ်းများက ကင်မရာများကို အလျင်အမြန် တပ်ဆင်ပြီး ဝင်ပေါက်သို့ ချိန်ထားရာ လီရှောင်ယာ၏ ပုံရိပ်ကို အတိအကျ ဖမ်းယူနိုင်လိုက်သည်။

ရှန်းယွီရှောင်လည်း သူမကို ချက်ချင်း တွေ့လိုက်သည်။

သူမသည် အနီရောင် အနွေးထည်အင်္ကျီကို ဝတ်ဆင်ထားပြီး ပန်းဖတ်လွှာပုံစံ စကတ်လေးကြောင့် ပွင့်ဖတ်များ ဝိုင်းရံထားသော ပန်းငုံလေးတစ်ပွင့်နှင့် တူနေသည်။

"လီရှောင်ယာ!" ရှန်းယွီရှောင် အော်ခေါ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ သူမကို ပွေ့ချီလိုက်သည်။

ပွေ့ဖက်လိုက်ချိန်တွင် သူမ ကျောပေါ်မှ ကျောပိုးအိတ်ကို စမ်းမိလိုက်သည်။

ရှန်းယွီရှောင် ငုံ့ကြည့်လိုက်သည်။

ဒါ လီမိသားစုရွာတုန်းက သူဝယ်ပေးခဲ့တဲ့ အိတ်မလား။

အဲဒီဒေသမှာတုန်းကတော့ "ရှားပါးပစ္စည်း" လို့ ပြောလို့ရပေမယ့် ဒီမှာတော့ တကယ်ကို အဆင့်မမီတော့တဲ့ အိတ်ပါပဲ။

ဒါပေမဲ့ သူဝယ်ပေးထားတာမို့လို့ သူမက ကျောင်းကို လွယ်လာခဲ့တာပဲ။

ရှန်းယွီရှောင် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများ အနည်းငယ် စိုစွတ်လာသည်။

"လီရှောင်ယာ... ငါလည်း မင်းကို လွမ်းနေတာ!"

[အာ...!!!]

[သူတို့ ပြန်တွေ့ကြပြီဟေ့!]

[ချစ်စရာလေး... ရှောင်ယာက သခင်လေးရှန်း ပေးထားတဲ့အိတ်ကို သုံးနေတုန်းပဲ။ ဘယ်သူကများ မကြွေဘဲ နေနိုင်မှာလဲ]

မှတ်ချက်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ထိုအချိန်တွင် ချင်ဆွေ့၏ ကားသည်လည်း အနောက်မှ ကပ်လျက် ရောက်ရှိလာသည်။

သူသည် ခေါင်းငုံ့ပြီး ဖုန်းကိုနှိပ်ကာ စာတိုတစ်စောင် ပေးပို့လိုက်သည်။

ဘေးမှလူက လည်ပင်းကို ဆန့်ထုတ်ပြီး မနေနိုင်စွာ မေးလိုက်သည်။ "အစ်ကိုချင်... ဘာပို့လိုက်တာလဲ"

"ရှန်းယွီရှောင်ကို Surprise လေး ပေးလိုက်တာလေ"

"?" "အစ်ကိုချင်က... သဘောကောင်းလိုက်တာ။ ရှန်းယွီရှောင်ကို Surprise ပေးတယ်ဆိုတော့... ချင်မိသားစုနဲ့ ရှန်းမိသားစု တကယ် ပြန်အဆင်ပြေသွားကြပြီလား"

ချင်ဆွေ့ ထိုမေးခွန်းကို ပြန်မဖြေပေ။

အခြားတစ်ဖက်တွင် ရှန်းယွီရှောင်၏ ဖုန်းမြည်လာသည်။

သူ ဖုန်းကို ပေါ့ပေါ့ပါးပါး ထုတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မျက်လုံးမှေးကြည့်လိုက်သည်။ "ဒီ ချင်ဆွေ့ငတုံးက ဘာစာ လာပို့တာလဲ"

"ငါက မင်းကို တွေ့သွားပြီဆိုတာ တီဗီမှာမြင်ပြီး သူ နေမထိထိုင်မသာ ဖြစ်နေပြီလား"

[ရယ်ရတယ်... ချင်ဆွေ့ကို ဒေါသထွက်အောင် လုပ်ဖို့ ဆုံးဖြတ်ထားပုံပဲ]

ရှန်းယွီရှောင် စာကို ဖွင့်ကြည့်လိုက်သည်။ "...ဒါ ဘာကြီးလဲ။ အသံဖိုင်လား"

သူ Play ခလုတ်ကို နှိပ်လိုက်သည်။

လီရှောင်ယာ၏ ပြတ်သားသော အသံလေး ထွက်ပေါ်လာသည်။ "အစ်ကိုချင်ဆွေ့... နောက်မှတွေ့မယ်နော်... အစ်ကိုချင်ဆွေ့... နောက်မှတွေ့မယ်နော်..."

အသံဖိုင်က ထပ်ခါတလဲလဲ ပွင့်နေသည်။

လေထုတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

[အင်း... ကြည့်ရတာ သခင်လေးရှန်းကသာ ဒေါသထွက်ပြီး သေရတော့မယ့်ပုံပဲ]

All Chapters