တပည့်ရှာတဲ့နေရာမှာ ပါရမီရှင်ပဲ။
Vol. 6 Ch. 51
မွှေးရနံ့စင်မြင့် အတွင်း၌။
လူတိုင်း၏ မျက်လုံးများသည် အသံလာရာ အရပ်ဆီသို့ တပြိုင်နက်တည်း ရောက်သွားသည်။
သူတို့သည် လက်ထဲတွင် ခေါက်ယပ်တောင်ကို ဝှေ့ယမ်းရင်း ပြုံးနေသော လူငယ်လေးတစ်ဦးကို မြင်လိုက်ရ၏။
“သခင်လေးလင်းကို ဆန့်ကျင်ရဲတဲ့ အဲ့ငတုံးက ဘယ်သူလဲ”
“မျက်နှာစိမ်းပဲ၊ ကြည့်ရတာ အဝေးကလာတဲ့ အထူးအပါးနားမလည်တဲ့ သခင်လေးထင်တယ်”
“ စိတ်ဝင်စားစရာ ကောင်းလာပြီ”
ဟန်အန်းသည် ဝိုင်တစ်ငုံ သောက်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်မိ၏။
‘ဌာနမှူးချူက ဘာတွေကြံနေတာလဲ’
‘သူက လင်းဇီထုံကို သဘောကျနေတာ မဟုတ်ဘူးလား’
‘သဘောကျတယ်ဆိုရင်လည်း ဘာလို့သူ့ရဲ့ပစ်မှတ်ကို လုယူနေရတာလဲ။’
လင်းဇီထုံသည် သူ့ရှေ့က လူငယ်လေးကို မျက်လုံးများမှေးကျဉ်းကာ ကြည့်လိုက်၏။ သူ၏မျက်လုံး၌ သတ်ဖြတ်လိုစိတ််များ ခဏတာ ဖြတ်ပြေးသွားခဲ့သည်။
ထိုသတ်ဖြတ်လိုစိတ်ကို သီးသန့်အခန်းထဲမှ ချူဖုန်းက သေချာပေါက် သတိထားလိုက်မိလေသည်။
သူက ရယ်မောကာ ရေရွတ်လိုက်၏။ “ဒီကောင်လေးရဲ့ အင်အားက ဘာမှ ထူးခြားတာ မဟုတ်ဘူး၊ ဒါပေမဲ့ လူသတ်လိုစိတ်ကတော့ နည်းနည်း များလွန်းတယ်”
သူ၏ဘေးနားရှိ ရှောင်လွီနှင့် ရှောင်ဟုန်ဆိုသော အပျော်မယ်လေးနှစ်ဦးသည် စကားမပြောနိုင်လောက်အောင် မှင်တက်နေကြရှာ၏။ ဤသခင်လေးက သခင်လေးလင်းကို ဆန့်ကျင်လိုက်သည့်အပြင် အထင်ပါသေးမည်ဟု မထင်ထားခဲ့ကြပေ။
သူတို့က သခင်လေးလင်း သူတို့အပေါ် အငြိုးမထားရန်သာ ဆုတောင်းနေတော့သည်။
လောလောဆယ်၌ မွှေးရနံ့စင်မြင့်တွင် အပျော်ရွှင်ဆုံးလူမှာ ယွမ်ရှုရှောင်ပင် ဖြစ်ရပေမည်။
သူမက ဖောက်သည်အသစ်တစ်ယောက်သည် လေလံဈေးကို မြှင့်ပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဒီသခင်လေးက စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင် ပေးထားပါတယ်ရှင် သခင်လေးလင်း ဈေးထပ်တိုးဦးမှာလား”
ထိုစကားကို ကြားသောအခါ လင်းဇီထုံ၏ မျက်နှာသည် စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် မည်းမှောင်သွားခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ယခုည မိန်းကလေးချင်းကို ရှာဖွေရသည့် အကြောင်းရင်းမှာ သူမ၏ မျက်နှာသာပေးမှုကို ရယူပြီး မွှေးရနံ့စင်မြင့်မှ သူမကို ခေါ်ထုတ်သွားကာ သူ၏ ဆွဲဆောင်မှုကို ပြသရန်ပင် ဖြစ်သည်။
သူ လာတိုင်း စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် တန်းပေးလေ့ရှိ၏။ မွှေးရနံ့စင်မြင့်မှ ဧည့်သည်များသည် အမြဲတမ်း သူ့ကို မယှဉ်ပြိုင်ကြရန် နားလည်မှု ယူထားသည်။
အမှန်တကယ်တော့ မိန်းကလေးချင်း၏ ဂီတပါရမီသည် ဝမ်တောက်မြို့တွင် ပြိုင်ဘက်ကင်းသည် ဆိုသော်ငြား သီချင်းတစ်ပုဒ် နားထောင်ရန်အတွက် တစ်ညတည်းနှင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် သုံးမည့်သူက မည်မျှ ရှိမည်နည်း။
မွှေးရနံ့စင်မြင့်၏ ထိပ်တန်း အပျော်မယ်များပင်လျှင် ထိုပမာဏလောက်သာ ဈေးရကြ၏။
သူက ပြုံးပြီး ပြောသည်။ “သခင်လေးက ဂီတကို နားဆင်ချင်နေမှတော့ ကျွန်တော်ကပဲ အလျော့ပေးလိုက်ပါမယ်”
ဤစကားက ယွမ်ရှုရှောင်ကို ဘာပြောရမှန်း မသိ ဖြစ်သွားစေခဲ့၏။
‘နင်ပဲ စွဲလမ်းနှစ်သက်မြတ်နိုးမိပါတယ်ဆို၊ အခု လက်လျော့သွားပြီလား’
သို့သော် သူမက အပြုံးကို ထိန်းထားပြီး ပြောလိုက်၏။ “ဒါဆိုရင် မိန်းကလေးချင်းရဲ့ ဂီတကို ခံစားခွင့်ရတဲ့ ဒီသခင်လေးကို ဂုဏ်ပြုလိုက်ကြရအောင်”
ယွမ်ရှုရှောင်၏ စကားဆုံးသည်နှင့် လင်ဗန်းကိုင်ထားသည့် အစေခံမလေးတစ်ယောက်က သီးသန့်အခန်းထဲ ဝင်လာလေသည်။
သူတို့က စကားတစ်ခွန်းမျှ မပြောသော်လည်း သူ ထွက်ပြေးသွားမည် စိုး၍ ကြိုတင်ငွေ လာကောက်မှန်း ချူဖုန်း သိလိုက်၏။
ချူဖုန်း၌ စိတ်ဝိညာဉ်ကျောက်တုံး အများအပြား ရှိနေပြီး ရှားရှားပါးပါးမှ သုံးရသည်ဖြစ်ရာ ဤပမာဏသည် သူ့အတွက် ဘာမှ မဟုတ်ချေ။
စကားတစ်ခွန်းမျှ မဆိုဘဲ သူသည် သိုလှောင်အိတ်ထဲမှ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာကို ထုတ်ပြီး စားပွဲပေါ် တင်ပေးလိုက်သည်။
“ကိုယ့်ဘာသာ ရေကြည့်လိုက်၊ မလောက်ရင် ပြော”
ယွမ်ရှုရှောင်က အမြန် ပြန်ပြောလိုက်၏။ “သခင်လေးက နောက်နေပါပြီ၊ ချင်းအာ ဒီသခင်လေးကို ၅ လွှာဆီ ခေါ်သွားပေးလိုက်”
“ဟုတ်ကဲ့ပါ သခင်မ”
အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက ချက်ချင်း လက်ဟန်ပြလိုက်လေသည်။ “သခင်လေး ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ”
လူတိုင်း၏ အကြည့်အောက်တွင် ချူဖုန်းသည် သူမနောက် လိုက်ပြီး အပေါ်ထပ် တက်သွားခဲ့၏။
ပထမထပ်၏ လေထုသည် ထူးထူးခြားခြား တင်းမာသွားသည်။
လင်းဇီထုံက ဘာမှ မပြောတော့ဘဲ တိတ်တဆိတ်သာ သောက်နေလိုက်၏။
သို့သော် လူတိုင်းက သူ၏ စိတ်အခြေအနေ မကောင်းမှန်း သိကြသည့်အတွက် မည်သူမျှ စကားမပြောရဲကြချေ။
ထိုအချိန်၌ ခွန်စန်းတောက်က ရုတ်တရက် စကားပြောလာ၏။ “ညီလေးလင်း ငါ အဲဒီကောင်စုတ်လေးကို သွားပြီး သင်ခန်းစာ ပေးလိုက်ရမလား”
သူ၏လေသံက အရင်လိုပင် မောက်မာနေဆဲဖြစ်ပြီး ချူဖုန်းကို လုံးဝ အရေးမစိုက်သည့် ပုံစံပင်။
သူ စောစောက ချူဖုန်းကို သေသေချာချာ စစ်ဆေးကြည့်ပြီးပြီ ဖြစ်၏။ သူ့ထံတွင် ကျင့်ကြံခြင်း အရိပ်အယောင် လုံးဝ မရှိချေ။
အများဆုံး သူသည် သူဌေးသား တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သောလူကို သတ်လိုက်ခြင်းက ပြဿနာ ဖြစ်လာမည် မဟုတ်ပေ။
မျှော်လင့်မထားသည့် အကျိုးအမြတ်များပင် ရလာနိုင်သေး၏။ မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီးမှ လာသည့် လင်းဇီထုံနှင့် မတူသည်မှာ ခွန်စန်းတောက်က ကိုယ့်အားကိုယ်ကိုးပြီး တက်လာခဲ့ရသူ ဖြစ်သည်။
ဝမ်တောက်မြို့ကို လာရသည့် သူ၏ရည်ရွယ်ချက်မှာ ဝမ်တောက်ကျောင်းတော်ကို ဝင်ရန်အပြင် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုရှာရန်လည်း ပါဝင်ပေသည်။
လင်းဇီထုံက ရယ်မောလိုက်ပြီး ပြော၏။ “မလိုပါဘူး အစ်ကိုကြီးစန်းတောက်။ သူက သာမန်လူ တစ်ယောက်ပါပဲ။ မိန်းကလေးချင်းနဲ့ တွေ့တော့ရော ဘာဖြစ်မှာမို့လို့လဲ”
နှုတ်မှသာ ထိုသို့ ပြောနေသော်လည်း ရင်ထဲတွင်မူ ဗလောင်ဆူနေပြီး ထိုကောင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေမိ၏။
သူသည် မိန်းကလေးချင်းကို သူ၏အပိုင်ဟု သတ်မှတ်ထားပြီးသား ဖြစ်သည်။
သူ ငြီးငွေ့ပြီး မစွန့်ပစ်မချင်း အခြားမည်သည့်ယောကျ်ားမျှ သူမကို ထိခွင့် မရှိချေ။
မွှေးရနံ့စင်မြင့် ဒုတိယထပ်။
၎င်းဖြစ်စဉ်ကို ကြည့်နေသော ဟန်အန်းက ရုတ်တရက် ဉာဏ်ပွင့်သွားသည့် ပုံပေါက်သွား၏။ သူ တီးတိုး ရေရွတ်လိုက်သည်။” ကောင်းလိုက်တဲ့နည်းလမ်း။ တကယ့်ကို တပည့်ရှာတဲ့နေရာမှာ ပါရမီရှင်ပဲ”
“မြန်မြန် ငါ့ကို စုတ်တံ ယူပေးစမ်း”
သူ၏ဘေးနားရှိ အပျော်မယ်လေးနှစ်ယောက်က ကြောင်အသွားကြသည်။ ယနေ့ ဤ ဝမ်တောက်ကျောင်းတော်၏ အကြီးအကဲ ဘာဖြစ်နေသနည်း။ အဘယ်ကြောင့် ထူးဆန်းနေရသနည်း။
သူ၏လူယုံက မေးလိုက်၏။ “ဦးလေးဟန် ဘာကို သဘောပေါက်သွားတာလဲ”
ဟန်အန်းက စိတ်မရှည်စွာ ပြန်ဖြေလေသည်။”ငါ ကြီးကြပ်ရေးမှူး ရာထူး ရထားချိန်မှာ မင်းက ဘာလို့ ပြင်ပရေးရာဌာနရဲ့ သာမန်တပည့်ပဲ ဖြစ်နေသေးလဲ ဆိုတာ အခုမှပဲ နားလည်တော့တယ်။ လူတွေရဲ့ စိတ်ကို ဖတ်တဲ့ နေရာမှာ မင်း သင်ယူစရာတွေ အများကြီး လိုသေးတယ်”
“ရှင်းပြပေးပါဦး ဦးလေး”
ထိုတပည့်က နှိမ့်ချသော မျက်နှာထား ဖြင့်ဆိုသည်။
ဟန်အန်းက အနားက အပျော်မယ်မလေးများကို တစ်ချက်ကြည့်လိုက်၏။
သူတို့အားလုံးက အလိုက်သိစွာ ဆုတ်ခွာသွားကြသည်။
“ပြောစမ်း ဌာနမှူးချူရဲ့ တပည့် မဖြစ်ခင်တုန်းက ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့က ဘယ်လို အခြေအနေ ရှိခဲ့လဲ”
“တစ်ယောက်က မသန်မစွမ်း၊ နောက်တစ်ယောက်က ဆေးပညာဌာနက စွန့်ပစ်လိုက်တဲ့သူ။ အပြင်စည်းတပည့်တွေတောင် အနိုင်ကျင့်ရဲလောက်အောင် နိမ့်ကျခဲ့ပါတယ်” တပည့်က ပြန်ဖြေ၏။
“မှန်တယ်”
ဟန်အန်းက လင်းဇီထုံကို လက်ညှိုးထိုးပြလိုက်လေသည်။ “ဒါပေမဲ့ ဒီကောင်လေးကို ကြည့်စမ်း တက်ကြွမှုတွေ မာန်မာနတွေနဲ့ ပြည့်နေတယ်၊ ဆင်းရဲဒုက္ခကို မခံစားဖူးသေးတဲ့သူ ဆိုတာ သိသာတယ်”
“ဌာနမှူးချူက သူ့ရဲ့ အလားအလာ အပြည့်အဝ ပွင့်လာအောင် အရင်ဆုံး ဆုံးရှုံးမှုတချို့ကို ခံစားစေချင်နေတာ”
“အဲဒါနဲ့ဆိုရင် လင်းဇီထုံက အခု အပြင်စည်းကျောင်းတော်ရဲ့ ထိပ်တန်း တစ်ရာ အဆင့်လောက်ပဲ ရှိကောင်းရှိနိုင်ပေမဲ့ သူသာ ကြိုးစားလိုက်ရင် ထိပ်တန်း ဆယ်ယောက်ထဲကို တန်းဝင်သွားနိုင်တယ်”
တပည့်က လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။ “ဌာနမှူးချူက ဒီလောက်ထိ ဉာဏ်များလိမ့်မယ်လို့ မထင်ထားဘူး။ လူတော်တော်များများက သူ ဘာလုပ်နေလဲဆိုတာ သတိတောင်ထားမိကြမှာ မဟုတ်ဘူး”
“ဒါကြောင့် ငါ ကျိန်းသေပေါက် ပြောရဲတယ်၊ ဌာနမှူးချူက လင်းဇီထုံကို သူ့ရဲ့ နောက်ထပ် တပည့်အဖြစ် ရွေးချယ်ပြီးသွားပြီ”
ဟန်အန်း ခေတ္တရပ်လိုက်၏။”ဟို ခွန်စန်းတောက်က အခုအချိန်မှာ အလားအလာ ရှိပုံပေါက်ပေမဲ့ သူ့ရဲ့ အလားအလာက ကန့်သတ်ချက်ကို ရောက်နေပြီ။ သူ ဌာနမှူးချူဆီ ဝင်ရင်တောင်မှ အလွန်ဆုံး ဖြစ်လာနိုင်တာက အဓိကတပည့် အဆင့်လောက်ပဲ”
“သူက ရှောင်ချန်းလို အဆင့်မျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးး။ ဌာနမှူးချူရဲ့ လူရွေးတော်တဲ့ မျက်လုံးတွေကိုတော့ ငါတောင် အရှုံးပေးရတယ်”
တပည့်က ပြန်ပြောသည်။”ဦးလေးဟန် ဦးလေးက နှိမ့်ချလွန်းနေပါပြီ။ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ ဦးလေးရဲ့ စွမ်းရည်က ပြိုင်ဘက်ကင်းပါပဲ”
ဟန်အန်း ရယ်မောလိုက်သည်။ “မင်း မြှောက်ပင့်တာက သိပ်ရိုးလွန်းနေတယ်”
တပည့် - “...”
‘ဦးလေး... ခင်ဗျား ပြောပုံက ကျွန်တော်က ဘာမှ အသုံးမကျတဲ့သူ ကျနေတာပဲ။’
မွှေးရနံ့စင်မြင့် ၅ ထပ်။
ချင်းအာသည် အခန်းတစ်ခန်းရှေ့မှာ ရပ်လိုက်ပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်၏။
“မိန်းကလေးချင်း သခင်လေးချူ ရောက်နေပါပြီ”
“ဝင်ခိုင်းလိုက်ပါ”
အတွင်းထဲမှ တည်ငြိမ်သော အသံတစ်သံက ပြန်ဖြေလိုက်သည်။
“သခင်လေးချူ ကြွပါရှင်”
“ကျေးဇူးတင်ပါတယ် မိန်းကလေးချင်းအာ”
ချူဖုန်းက ပြောရင်း အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ထုတ်ပြီး သူမကို ပေးလိုက်သည်။
ချင်းအာက အမြန် ဦးညွှတ်လိုက်၏ “ကျေးဇူးတင်ပါတယ် သခင်လေး”
ကျွီ။
ချူဖုန်းသည် တံခါးကို တွန်းဖွင့်ပြီး အထဲဝင်လိုက်သည်။ သူ၏မျက်စိထဲတွင် သန့်ရှင်းပြီး ရိုးရှင်းသော အခန်းတစ်ခု ပေါ်လာ၏။
ဇိမ်ခံပစ္စည်း သို့မဟုတ် အဆန်းတကြယ် အပြင်အဆင်များ လုံးဝ မရှိသော်လည်း သန့်ရှင်းသပ်ရပ်ပြီး သေသပ်လှပနေသည်။
စန္ဒကူးနံ့ သင်းသင်းလေးက လေထဲတွင် ပျံ့လွင့်နေ၏။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ကန့်လန့်ကာ တစ်ခုကို တွေ့လိုက်ရပြီး ထိုနောက်ကွယ်တွင် ရင်းနှီးနေသည့် ဝေဝါးဝါး အရိပ်တစ်ခု ရှိနေသည်။
“ရှောင်လျန် သခင်လေးချူကို လက်ဖက်ရည် တည်ခင်းပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ”
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးက လက်ဖက်ရည်အိုး ကိုင်ပြီး ထွက်လာသည်။
ချူဖုန်းက စားပွဲတွင် ဝင်ထိုင်လိုက်ပြီး အခန်းကို ဝေ့ကြည့်လိုက်၏။
“သခင်လေး လက်ဖက်ရည် သုံးဆောင်ပါရှင်”
ရှောင်လျန်က သူ့ဘက်သို့ ညင်သာစွာ လက်ဟန်ပြလိုက်သည်။
“ကျေးဇူးပါခင်ဗျာ”
ချူဖုန်းက ခွက်ကို ယူပြီး တစ်ငုံ သောက်လိုက်၏။
“လက်ဖက်ရည်ကောင်းပဲ”
ကန့်လန့်ကာ နောက်ကွယ်မှ မိန်းကလေးချင်း၏ အသံ ထပ်ထွက်လာသည်။
“သခင်လေးက ဘယ်လို တေးသံမျိုး နားထောင်ချင်လဲ မသိဘူး”
ချူဖုန်း စဉ်းစားဟန် ပြလိုက်၏။ “ငါက လူတွေရဲ့ ဇာတ်လမ်းတွေကို နားထောင်ရတာ နှစ်သက်တယ်။ မိန်းကလေးက ဂီတကနေတစ်ဆင့် ကိုယ့်အကြောင်းကိုယ် ပြောပြနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ”
ကန့်လန့်ကာ နောက်ကွယ်က အရိပ်က အနည်းငယ် တုန်ခါသွားသည်။
သို့သော် သူမက အမြန် ပြန်လည် ထိန်းချုပ်လိုက်၏။ ချင်းချင်းက မွှေးရနံ့စင်မြင့်ဆောင်တွင် လူအမျိုးမျိုးကို တွေ့ဖူးသည်။
ချူဖုန်း၏ စကားလုံး အနည်းငယ်ကြောင့် သူမ စိတ်လှုပ်ရှားသွားမည် မဟုတ်ချေ။
“သခင်လေး နားထောင်ချင်မှတော့ ကျွန်မ တီးခတ်ပေးပါ့မယ်”
စကားသံ ဆုံးသည်နှင့် ချင်းချင်းက ဇီသာ ကြိုးများကို တီးခတ်လိုက်ရာ ဝမ်းနည်းဖွယ်တေးသွားတစ်ခုက လေထုထဲတွင် ပြည့်နှက်သွားလေသည်။
ချူဖုန်းသည် သောင်းပြောင်းပညာရပ်ဌာနတွင် ရှိစဉ်က ဂီတကို လေ့လာခဲ့ဖူး၏။ သူသည် အနည်းဆုံးတော့ ဆရာသခင် အဆင့် ရှိသည်။
သဘာဝကျကျပင် တေးသွားမှတဆင့် ပြောပြနေသည့် ဇာတ်လမ်းကို ကြားနိုင်ပေသည်။
ထိုအခိုက်အတန့်၌ သူက ဂီတထဲတွင် လုံးဝ စီးမျောသွားခဲ့၏။
ရုတ်တရက် ပုံရိပ်တစ်ခု သူ့စိတ်ထဲ ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများနှင့် ပြည့်နှက်နေသော အိမ်တော်တစ်ခု။
ရေတွင်းပျက်တစ်ခုထဲတွင် ဖုံးကွယ်ခံထားရသည့် မျက်နှာမပါသော မိန်းကလေးတစ်ယောက်။
တိုက်ပွဲသည် သုံးရက်နှင့် သုံးည ကြာမြင့်ခဲ့၏။ မိန်းကလေး ပြန်ထွက်လာသည့် အချိန်တွင်မူ သူမ၏ အိမ်သည် ကျက်တီးမြေ ဖြစ်နေခဲ့ပြီ။
ဂီတက ထိုနေရာမှာတင် ရုတ်ခြည်း ပြီးဆုံးသွားလေသည်။ ချူဖုန်း၏ မျက်နှာတွင် သဘောကျသည့် အမူအရာ ပေါ်နေ၏။
သူက ကန့်လန့်ကာ ဘက်သို့ ပြောလိုက်သည်။ “ဝိုင်တစ်အိုးလောက် ရနိုင်မလား၊ ပြီးတော့ ဒီဇာတ်လမ်းရဲ့ ကျန်တဲ့ အပိုင်းကို ဆက်ပြီး နားထောင်ခွင့် ရမလား”
၎င်းကို ကြားသော် ချင်းချင်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမက မေးလိုက်၏။ “သခင်လေး ဂီတထဲက ဇာတ်လမ်းကို တကယ်ပဲ ကြားခဲ့တာလား”