ရှင်က တကယ်ပဲ ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးဆယ်ဦးထဲက တစ်ဦးလား
Vol. 6 Ch. 53
ချင်းချင်းသည် စားပွဲပေါ်ရှိ တံဆိပ်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်လိုက်သည့်အခါ ဌာနမှူး ဟူသော စာလုံး ရေးထိုးထားသည့် ရွှေရောင်ဖျော့ဖျော့တံဆိပ်တုံးကို တွေ့လိုက်ရသည်။
တစ်ခဏချင်းတွင်ပင် သူမစိတ်ထဲ မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သည့်ပမာ ခံစားလိုက်ရ၏။
သူမသည် ဝမ်တောက်ကျောင်းတော်မှ ဌာနမှူးတစ်ဦး၏ တံဆိပ်တုံးကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။
သူမက ဝမ်တောက်ကျောင်းတော်မှ တပည့်တံဆိပ်တုံးအများအပြားကိုတော့ မြင်ဖူးသည်။ ဤတံဆိပ်တုံးသည် သာမန်တပည့်တစ်ဦး၏ တံဆိပ်တုံးနှင့် အရွယ်အစား၊ အရောင် အနည်းငယ် ကွာခြားသော်လည်း၊ ၎င်း၏ ဒီဇိုင်းနှင့် ကုန်ကြမ်းပစ္စည်းမှာမူ အတူတူပင် ဖြစ်သည်။
သူမသည် မျက်နှာချင်းဆိုင်ရှိ အမျိုးသားကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မေးလိုက်၏။ “ရှင်... ရှင်က တကယ်ပဲ ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးဆယ်ဦးထဲက တစ်ဦးလား”
ချင်းချင်းအတွက်မူ ဝမ်တောက်ကျောင်းတော်၏ ဌာနမှူးဆယ်ဦးဆိုသည်မှာ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် မြင့်မြတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုအဆင့်ရှိသူတစ်ဦးကို မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရရန် နေနေသာသာ၊ သီချင်းတစ်ပုဒ် ဖျော်ဖြေခွင့် ရဖို့ပင် အိပ်မက်မမက်ဖူးပေ။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးက မွှေးရနံ့စင်မြင့်သို့ ကိုယ်တိုင် လာရောက်လည်ပတ်လိမ့်မည်ဟုလည်း မထင်ထားပေ။
ထိုအရာများထက် ဝမ်တောက်ကျောင်းတော်၏ ဌာနမှူးဆယ်ဦးစလုံးသည် နှစ်တစ်ရာကျော် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
‘ဘာလို့ ဒီဌာနမှူးကတော့ ငယ်ရွယ်နေရတာလဲ’
ဘဝနှစ်ခု ဖြတ်သန်းခဲ့ဖူးသော ချူဖုန်းသည် မိန်းကလေး၏ ရင်ထဲက သံသယများကို အဘယ်ကြောင့် မမြင်ဘဲ နေပါမည်နည်း။
သူက ပြုံးကာ ပြောလိုက်သည်။ “ငါရဲ့ အထောက်အထားကို အတည်ပြုဖို့က လွယ်ပါတယ်။ ဝမ်တောက်မြို့မှာ ကျောင်းတော်က တပည့်တွေ အများကြီး ရှိကြတယ်။ မနက်ဖြန် ငါနဲ့အတူ အပြင်လိုက်ခဲ့ရင် မင်း သိရမှာပါ”
ချင်းချင်းသည် ခေါင်းအသာညိတ်လိုက်၏။ “ဒါဆိုရင် မနက်ဖြန် ကျွန်မ သခင်လေးချူနဲ့အတူ လမ်းလျှောက်ထွက်ဖို့ လိုက်ခဲ့ပါ့မယ်”
ထိုသို့ပြောပြီးနောက် သူမသည် ဘေးနားရှိ အစေခံမလေးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ရှောင်လျန်... သခင်လေးချူအတွက် ဧည့်သည်အခန်းတစ်ခန်း ပြင်ဆင်ပေးလိုက်ပါ။ သူ ဒီည ဒီမှာ တည်းလိမ့်မယ်”
ရှောင်လျန်သည် နေရာတွင်ပင် မှင်တက်သွားရှာ၏။
သူမ၏ သခင်မလေးသည် ဤအမျိုးသားကို ချစ်မိသွားပြီလား။
သူမက သူ့ကို ညအိပ်တည်းခိုခွင့် ပေးလိုက်သည်လား။ ထိုသတင်းသာ ပျံ့သွားခဲ့လျှင် သူမ၏ ဂုဏ်သိက္ခာက ပျက်စီးသွားပေလိမ့်မည်။
‘သူက တကယ်ပဲ ဌာနမှူးဆယ်ဦးထဲက တစ်ဦး ဟုတ်မဟုတ် ဘယ်သူသိသေးလို့လဲ’
“ဟုတ်ကဲ့ပါ...”
ရှောင်လျန်က တိုးညှင်းစွာ ပြန်ဖြေလိုက်ပြီး ချူဖုန်းကို အနားယူရန် ဧည့်သည်အခန်းသို့ ခေါ်ဆောင်သွားလေသည်။
ညတာသည် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ ကုန်ဆုံးသွားခဲ့၏။
နောက်တစ်နေ့ မနက်တွင်။
ချူဖုန်းသည် ပုံမှန်ထက် အနည်းငယ် စောစီးစွာ နိုးထလာခဲ့သည်။ ကုတင်က သက်တောင့်သက်သာ မရှိလို့ မဟုတ်ပေ။
သူသည် မရင်းနှီးသည့် နေရာတွင် အိပ်ရခက်သောကြောင့် ဖြစ်သည်။
မျက်နှာသစ်၊ မနက်စာ စားပြီးနောက်။
ချူဖုန်းနှင့် ချင်းချင်းတို့သည် အခန်းထဲမှ အတူတကွ ထွက်လာကြသည်။
ဤအချိန်၌၊ မွှေးရနံ့စင်မြင့်ရှိ ဧည့်သည်များနှင့် အပျော်မယ်မလေးအချို့သည် နိုးထနေကြပြီ ဖြစ်သည်။
သူတို့နှစ်ဦး အတူတကွ လမ်းလျှောက်ထွက်လာစဉ်၊ ချင်းချင်းကို ယမန်နေ့ညက လူငယ်နှင့်အတူ တွေ့လိုက်ရသူများသည် အားလုံး မှင်တက်သွားကြလေသည်။
လူတိုင်းသည် တူညီသော အတွေးတစ်ခုဖြင့် ချူဖုန်း၏ ကျောပြင်ကို စိုက်ကြည့်နေကြ၏။
‘ ချင်းချင်းကို အနိုင်ယူနိုင်ဖို့ ဒီကောင်မှာ ဘယ်လို ဆွဲဆောင်မှုမျိုး ရှိနေလို့လဲ။’
ပထမထပ် ပင်မခန်းမ။
ယွမ်ရှုရှောင်သည် ချင်းချင်းက သခင်လေးချူကို တည်ခိုးခွင့်ပေးလိုက်ကြောင်း ယမန်နေ့ညကတည်းက သတင်းရရှိထားပြီး ဖြစ်သည်။
သတင်းကြားရသည့်အခါ၊ သူမသည် အိုးပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ပမာ စိုးရိမ်ပူပန်နေပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သို့သော် ဝင်ရောက်စွက်ဖက်ရန် ဇွတ်အတင်း မဝင်သွားပေ။
ထို့ကြောင့် မနက်အစောပိုင်းတွင်၊ ချင်းချင်း မွှေးရနံ့စင်မြင့်မှ အပြီးအပိုင် ထွက်ခွာသွားမည်လား ဆိုသည်ကို သိရှိရန် အောက်ထပ်တွင် စောင့်ဆိုင်းနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ ချင်းချင်းသည် မွှေးရနံ့စင်မြင့်၏ ဆွဲဆောင်မှုများထဲမှ တစ်ခု ဖြစ်ပေသည်။
သူမ၏ တေးသွားကို နားထောင်ရန်အတွက် လူအများအပြားက ဤနေရာသို့ လာရောက်ကြလေသည်။
ချင်းချင်းသည် မွှေးရနံ့စင်မြင့်သို့ သူမကိုယ်သူမ တရားဝင် ရောင်းစားထားခြင်း မရှိသော်လည်း သူမ ရှိနေသရွေ့ မွှေးရနံ့စင်မြင့်သည် ပုံမှန်ဝင်ငွေ ရရှိနေခဲ့သည်။
ယခုအခါ ငွေတွင်းကြီးသည် ထွက်ခွာသွားတော့မည့်ပုံ ပေါက်နေသဖြင့် သူမသည် မည်သူ့ထက်မဆို ပိုမို စိုးရိမ်ပူပန်နေရ၏။
ချင်းချင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်၊ သူမ အပြေးအလွှား သွားရောက်ပြီး မေးလိုက်သည်။ “မိန်းကလေးချင်း... ထွက်သွားတော့မှာလား”
ချင်းချင်းသည် ယွမ်ရှုရှောင် အမှန်တကယ် ဆိုလိုချင်သည်ကို သဘာဝကျကျပင် နားလည်သဖြင့် ပြန်ဖြေလိုက်၏။ “မသွားသေးပါဘူး။ မဆုံးဖြတ်ခင် သခင်လေးချူနဲ့အတူ လမ်းလျှောက်ထွက်လိုက်ပါဦးမယ်”
“ဟင်”
ယွမ်ရှုရှောင်သည် အဖြေကြောင့် ဆွံ့အသွားလေသည်။
ဤအချိန်မျိုးအတွက် သူမ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း၊ တိုက်ရိုက် ကြားလိုက်ရသည့်အခါ လက်ခံရန် ခက်ခဲနေဆဲပင် ဖြစ်သည်။
“ဘာလဲ... ယွမ်ရှုရှောင်က သဘောမတူဘူးလား” ချင်းချင်းက ပြန်မေးလိုက်သည်။
“သေချာတာပေါ့ သဘောတူပါတယ်”
ယွမ်ရှုရှောင်က ယဉ်ကျေးစွာ ပြောဆိုသော်လည်း၊ သူမ၏ စိတ်ထဲတွင် တွက်ချက်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။
“ဒါဆိုရင်လည်း ကောင်းပါပြီ။ ကျွန်မတို့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ လမ်းခွဲနိုင်ကြပါစေ”
ချင်းချင်း၏ လေသံမှာ တည်ငြိမ်နေပြီး၊ အတင်းအကျပ် ဖိအားပေးမှု အရိပ်အယောင် လုံးဝ မရှိပေ။
ထိုစဉ်မှာပင်၊ အေးစက်သော နှာခေါင်းရှုံ့သံတစ်သံ သူတို့နောက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
“ဟမ့်”
လူတိုင်းက လှည့်ကြည့်လိုက်ရာ လင်းဇီထုံနှင့် ခွန်စန်းတောက်တို့ အပေါ်ထပ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
လင်းဇီထုံသည် ချူဖုန်းကို သတ်ဖြတ်လိုစိတ် အပြည့်ပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ အကယ်၍ အကြည့်တစ်ချက်ကသာ လူသတ်နိုင်ခဲ့လျှင်၊ ချူဖုန်းသည် ယခုအချိန်လောက်ဆို အပိုင်းပိုင်း အဖြတ်ခံထားရပြီးလောက်ပြီ။
ချူဖုန်းသည် ဘာမှမပြောပေ။ ထိုသူက စွဲလမ်းမှုကြောင့် မျက်စိကန်းနေသော ကလေးတစ်ယောက်သာ ဖြစ်သည်။
ထိုကဲ့သို့ စိတ်ထားမျိုးဖြင့်၊ သူသည် ချူဖုန်း၏ တပည့်ဖြစ်ရန် မထိုက်တန်ပေ။
ခွန်စန်းတောက်မှာမူ ချူဖုန်းကို စူးစမ်းလိုသော အကြည့်ဖြင့် ကြည့်နေသည်။
အဘယ်ကြောင့်မှန်း မသိသော်လည်း သူ့ထံမှ ထူးဆန်းသော တည်ငြိမ်မှုတစ်ခုကို အာရုံခံမိနေ၏။
‘ဒါက ဟန်ဆောင်ထားတာလား၊ ဒါမှမဟုတ် ဒီလူက လင်းဇီထုံ ဘယ်လောက် အစွမ်းထက်လဲဆိုတာ တကယ်ပဲ မသိတာလား ဆိုတာတော့ မပြောတတ်ဘူး’
သူတို့နှစ်ဦးသည် မွှေးရနံ့စင်မြင့်မှ အလျင်အမြန် ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားသည်ကို မြင်သောအခါ၊ ချူဖုန်းသည် သူ့ဘေးနားရှိ ချင်းချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သွားကြစို့”
အပြင်ဘက်သို့ သိပ်ဝေးဝေး မရောက်သေးခင်မှာပင် လူတစ်စုက လင်းဇီထုံနှင့် ခွန်စန်းတောက်တို့၏ လမ်းကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
အသစ်ရောက်လာသူ အားလုံးသည် ဝမ်တောက်ကျောင်းတော်၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
လင်းဇီထုံနှင့် ခွန်စန်းတောက်တို့သည် ဝမ်တောက်မြို့တွင် အတော်အတန် နာမည်ကြီးသော်လည်း၊ ဘယ်သူတွေလဲ ဆိုတာ မြင်လိုက်ရသည့်အခါ သူတို့က ချက်ချင်း လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
“ခွန်စန်းတောက်၊ လင်းဇီထုံတို့က ဝမ်တောက်ကျောင်းတော်မှ စီနီယာများကို ဂါရဝပြုပါတယ်”
“မင်းက လင်းဇီထုံလား”
ဥပဒေပညာရပ်ဌာနမှ အကြီးအကဲချီက လူငယ်ကို အကဲခတ်လိုက်သည်။
ယမန်နေ့ညက၊ ကြီးကြပ်ရေးမှူးဟန်ထံမှ သတင်းစကား ရရှိပြီးနောက်။
ဥပဒေပညာရပ်ဌာနမှ အကြီးအကဲများသည် ဆွေးနွေးတိုင်ပင်ကြပြီး လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ပထမအချက်က လင်းဇီထုံ၏ အင်အားသည် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ရန် အမှန်တကယ် ထိုက်တန်သည်။
ဒုတိယအချက်မှာ ချူဖုန်းဆိုသည့်ကောင်က ပါရမီရှင်ရွေးချယ်ရာ၌ တော်သည်။
ချင်းချင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ ချူဖုန်းကို ကြည့်လိုက်သော်လည်း၊ သူက လုံးဝ တည်ငြိမ်နေပြီး ရှေ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။
ချူဖုန်းသည် အခြားဌာနများ၏ ကိစ္စများကို အထူးတလည် စိတ်မဝင်စားသော်လည်း၊ ဥပဒေပညာရပ်ဌာနမှ အတွင်းစည်း အကြီးအကဲတစ်ဦး မနက်စောစောစီးစီး ပေါ်လာသည်က သေချာပေါက် တစ်ခုခု ဖြစ်ပျက်နေခြင်းဖြစ်သည်။
ထို့အပြင် စပ်စုချင်စိတ်က လူ့သဘာဝဖြစ်သည်။ သူ ဆက်နေပြီး ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာ၊ ကျွန်တော် လင်းဇီထုံပါ” လူငယ်က သတိထားပြီး ပြန်ဖြေလေသည်။
“တကယ်ပါပဲ၊ တော်တော်လေး ကြည့်ကောင်းတဲ့ ရုပ်ရည်သွင်ပြင်ပါလား”
အကြီးအကဲချီက ဆိုသည်။ “ဒီလူအိုကြီးက ဝမ်တောက်ကျောင်းတော် ဥပဒေပညာရပ်ဌာနရဲ့ အတွင်းစည်း အကြီးအကဲပဲ။ ငါ မင်းကို တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ထားတယ်။ မင်း သဘောတူလား”
ထိုစကားကို ကြားသောအခါ၊ လင်းဇီထုံ၏ မျက်နှာတွင် ဝမ်းသာပီတိများ လွှမ်းခြုံသွားလေသည်။
မနက်ခင်းတွင် နိုးထလာပြီးနောက် ကြီးကျယ်ခမ်းနားသည့် အခွင့်အရေးကြီးက သူ့ပေါင်ပေါ် တည့်တည့်ကျလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဘေးနားတွင် ရပ်နေသော ခွန်စန်းတောက်မှာမူ မှင်တက်သွားရှာသည်။ သူ၏ ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။
‘ဘာလို့ ငါ မဟုတ်ရတာလဲ။ ငါက လင်းဇီထုံထက် သိသိသာသာ ပိုသန်မာတာကို’
လင်းဇီထုံက လက်ခံလိုက်သည်ကို မြင်သောအခါ၊ အကြီးအကဲချီက ပြုံးလိုက်ပြီး ပြောသည်။ “ကောင်းပြီလေ။ မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှင်းဖို့ အချိန်သုံးရက်ပေးမယ်။ ပြီးရင် မြို့စားအိမ်တော်ကို လာခဲ့ပါ။ ငါ မင်းကို လာကြိုဖို့ အဓိကတပည့်တစ်ယောက် လွှတ်လိုက်မယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”
လင်းဇီထုံသည် စိတ်လှုပ်ရှားသွားသည်။ သူ့ကို စိတ်အနှောင့်အယှက် ပေးနေဆဲဖြစ်သော တစ်ခုတည်းသော အရာမှာ ချင်းချင်းနှင့် ထိုအမျိုးသားပင် ဖြစ်သည်။
သူ၏အနာဂတ် ဆရာကို ပြန်ပို့ပြီးသည်နှင့် ထို သောက်ကျိုးနည်း စုံတွဲကို သေချာပေါက် ရှင်းပစ်ရမည်။
ချင်းချင်းလည်း သူမ မြင်လိုက်ရသော အရာကြောင့် အနည်းငယ် အံ့ဩသွားလေသည်။ လင်းဇီထုံက ဝမ်တောက်ကျောင်းတော် ဝင်ခွင့်ရဖို့ အမြဲ အိပ်မက်မက်ခဲ့ကြောင်း သူမ သိထားသည်။
သို့သော် ယခုလို ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
ချူဖုန်းကလည်း ဥပဒေပညာရပ်ဌာနသည် တပည့်တစ်ယောက် လက်ခံရန်အတွက် လူသိရှင်ကြား လှုပ်ရှားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
‘ကြည့်ရတာ မနေ့က တိုက်ပွဲက ဝမ်တောက်ကျောင်းတော်က အဆင့်မြင့်ပုဂ္ဂိုလ်တွေကို တကယ် အထင်ကြီးသွားစေတယ်ထင်တယ်’
ကံကောင်းထောက်မစွာပင်၊ သူက ပိုကောင်းသည့် တပည့်တစ်ယောက် ရှာတွေ့ထားပြီး၏။ မဟုတ်လျှင် ထိုတစ်ယောက်အတွက်နှင့် သူ အချိန်ကုန်ခံပြီး ပြိုင်လုနေရဦးမည်။
သူက ရှေ့သို့ တိုးလာပြီး၊ ခေါက်ယပ်တောင်ကို ဖြန့်လိုက်ကာ ပြုံးလိုက်သည်။ “ထူးချွန်တဲ့ တပည့်ကောင်းတစ်ယောက် ရသွားလို့ အကြီးအကဲချီကို ဂုဏ်ပြုပါတယ် “
ထိုစကားများထွက်လာသည့်အခိုက် လူတိုင်း၏အကြည့်က ချူဖုန်းထံသို့ ရောက်လာတော့သည်။