ဆရာဆီမှာ တပည့်ခံရတာ ကောင်းတယ်။
Vol. 6 Ch. 55
“အကြီးအကဲချီ... ကျွန်တော် ခင်ဗျားကို ပြောပြဖို့ မေ့နေတာရှိတယ်။”
လူတိုင်း၏ အကြည့်အောက်တွင် ချူဖုန်းသည် တောက်ပစွာ ပြုံးပြီး ပြောကြားလိုက်၏။ “အစကနေ အဆုံးထိ ကျွန်တော်လင်းဇီထုံကို တပည့်အဖြစ် လက်ခံဖို့ မရည်ရွယ်ထားဘူး”
“လင်းဇီထုံနဲ့ ခွန်စန်းတောက် နှစ်ယောက်ထဲမှာ ဘယ်သူ့ကို သဘောကျလဲ မေးလို့ အဲ့ကောင်လေးကို ရွေးလိုက်တာ”
“ခင်ဗျားက သေချာတောင် မစောင့်ကြည့်ဘဲနဲ့ တပည့်လက်ခံလိုက်တယ်ပေါ့”
“ဒါပေမဲ့ ကျုပ်က ပါရမီရှင်တပည့်မလေးကို ရထားပြီးပြီ။ ဒါဆို သွားခွင့်ပြုပါဦး အကြီးအကဲချီ “
ထို့နောက် သူသည် လူအုပ်ကြီး၏ ရှုပ်ထွေးနေသည့်အကြည့်များကြားမှ ချင်းချင်းကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။
သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် အကြီးအကဲချီသည် မဲ့ရွဲ့ကာ ပြောလိုက်၏။ “ချူဖုန်းက ငါ့ကို ဒီလို ကစားသွားတာလား”
“သုံးစားမရတဲ့ လှည့်ကွက်မျိုးနဲ့ ငါ့ကို လှည့်စားနိုင်မယ်လို့ တကယ် ထင်နေတာလား”
“ဇီထုံ... သူ့စကားတွေကို စိတ်ထဲ ထားမနေနဲ့”
“မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက အဲဒီ အပျော်မယ်မထက် သေချာပေါက် သာတယ်”
လင်းဇီထုံ “......”
‘ဆရာက နှစ်သိမ့်ပေးတတ်တဲ့သူ မဟုတ်ဘူးထင်တယ်’
‘အပျော်မယ်တစ်ယောက်နဲ့ ယှဉ်စရာကိုမလိုတာ။ ကျွန်တော်က သေချာပေါက်ပိုသာတာပေါ့လို့’
ကျောင်းသားမှတ်တမ်းခန်းက ပြဿနာသည် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
လင်းဇီထုံ သို့မဟုတ် ချင်းချင်း၊ မည်သူက ပို၍ အောင်မြင်မည်နည်းဟူသည်ကို လူတိုင်း စတင် ငြင်းခုံဆွေးနွေးလာကြ၏။
လူတိုင်းနီးပါးက လင်းဇီထုံသည် ချင်းချင်းကို အပြတ်အသတ် ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်ထားကြပေသည်။
လူအနည်းငယ်ကသာ ချင်းချင်းတွင် အလားအလာ ရှိသည်ဟု ထင်သည်။
သို့သော် ဤအရာများက ချင်းချင်းကို မထိခိုက်စေခဲ့ပေ။
သောင်းပြောင်းပညာရပ်ဌာနအတွင်း၌ ချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းကို မယုံကြည်နိုင်စွာ ငေးမောကြည့်နေမိလေသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ကျောင်းတော်သည် စည်ကားသိုက်မြိုက်နေသင့်ပေသည်။
တပည့်များ မရှိလျှင်တောင်မှ အစေခံများ သို့မဟုတ် အကူများ ရှိသင့်၏။
သို့သော် ဤတောင်ပေါ်တွင် သူမနှင့် ဆရာနှစ်ဦးတည်းသာ ရှိသည်။
“ဆရာ... ဆရာ ပြောခဲ့တဲ့ စီနီယာအစ်ကို နှစ်ယောက်ကရော ဘယ်မှာလဲ”
ချူဖုန်းက ပြုံးပြီး ပြော၏။ “ရှောင်ချန်းက အတွေ့အကြုံယူဖို့ တောင်အောက် ဆင်းသွားတယ်”
“တာ့ချန်ကတော့ သူ့မျိုးနွယ်စုက ဘိုးဘေးတွေနဲ့အတူ လေ့ကျင့်ဖို့ သွားတယ်”
“သူတို့ နောက်တစ်လလောက်ဆိုရင် ပြန်ရောက်လောက်ပြီ”
“ဪ”
ချင်းချင်းက အနည်းငယ် စိတ်ပျက်သွားမိ၏။
သူမသည် ယခင်က သောင်းပြောင်းပညာရပ်ဌာနအကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။
ဤဌာနသို့ ဝင်ပြီးနောက် သူမ၏ မိသားစုအတွက် လက်စားမချေနိုင်တော့မည်ကို စိုးရိမ်လာသည်။
‘ ဆရာ့ကို စမ်းသပ်ကြည့်သင့်လား’
သူမ၏ စိတ်အခြေအနေ ကျဆင်းသွားသည်ကို မြင်သောအခါ ချူဖုန်းက ပြုံးကာ ပြောလိုက်၏။ “မင်း ငါ့နောက်လိုက်လာတာ ကြာပြီဆိုတော့ ပင်ပန်းနေလောက်ပြီ”
“နေဖို့ ခြံဝင်းတစ်ခု ရှာလိုက်ပါဦး”
“ဒီနေရာမှာ နေစရာနေရာကလွဲရင် ကျန်တာ အကုန် လိုတယ်”
‘ဒုက္ခပါပဲ... ငါတော့ ဌာနမှား ဝင်မိပြီထင်တယ်’
ချင်းချင်း၏ ရင်ထဲတွင် အေးစက်သွားသည့်အလား ခံစားလိုက်ရ၏။
သို့သော် သူမ ဤနေရာသို့ရောက်နေပြီဖြစ်၍ ပိုမို သန်မာလာမည့် မည်သည့် အခွင့်အရေးကိုမျှ လက်လွတ်မခံလိုပေ။
ကျောင်းတော်တွင် နေရသရွေ့ သူမသည် အထွတ်အထိပ် နည်းစနစ်များကို သင်ယူနိုင်ပေလိမ့်မည်။
“ဆရာ... ကျွန်မရဲ့ မိသားစုနဲ့ ဂျူနီယာတပည့်တွေအတွက် အမြန်ဆုံး လက်စားချေနိုင်ဖို့ အခုပဲ ကျင့်ကြံချင်ပါတယ်”
ချူဖုန်းက ပြုံးလိုက်၏။ “လက်စားချေတယ် ဆိုတာ လောစရာ မလိုပါဘူး”
“အခု မင်း လုပ်ရမှာက ဘယ်ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်မလဲ ဆိုတာ ဆုံးဖြတ်ဖို့ပဲ”
“ဟင်”
ချင်းချင်းက ကြောင်အသွားလေသည်။
‘ဆရာက ဘာလို့ လူလိမ်နဲ့ ပိုပြီးတူလာတာလဲ’
‘ဘယ်လမ်းစဉ်ကို လျှောက်ရမယ်ဆိုတာက ဆရာပြောရမှာမဟုတ်ဘူးလား’
သူမက လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်၏။
“ဆရာ... ကျွန်မ မျက်လုံး နည်းစနစ်တွေကို ကျင့်ကြံချင်ပါတယ်”
ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ “မင်းက တကယ်ပဲ မျက်လုံးစွမ်းအင် နည်းစနစ်တွေနဲ့ ကိုက်ညီမှု ရှိတယ်”
“မင်းရဲ့ ဇီသာအိပ်မက် နည်းစနစ်အရဆို စိတ်ဝိညာဉ် အာရုံက သာမန် တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေထက် သာနေပြီ”
“ဒါက မင်းရဲ့ မွေးရာပါ သူငယ်အိမ်နှစ်ခုမျက်လုံးနဲ့ ဆိုင်တယ်”
“မင်းအတွက် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ငါ အခု ရေးထားလိုက်မယ်”
“မနက်ဖြန် နေမြင့်မှ လာယူ”
“ဒါက...”
ချင်းချင်းက ဘာပြောရမည်မသိ ဖြစ်သွားပြီး ငိုချင်စိတ်ပင် ပေါက်လာမိ၏။
‘သူ ဘယ်လို ဆရာမျိုးကို ရွေးချယ်မိပါလိမ့်...ဘာလို့ လိမ်ခံရတယ်လို့ ခံစားနေရတာလဲ’
“ကျွန်မ နာခံပါ့မယ်”
ချူဖုန်းသည် အတွေးယဉ်ကြော၌ စီးမျောနေသည့်မျက်နှာထားဖြင့် ချင်းချင်း ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။
‘ဒီကလေးမကို ဘယ်လို နည်းစနစ်မျိုး သင်ပေးရမလဲ’
မျက်လုံးနည်းစနစ်များသည် သူ၏ ယခင်ဘဝကပင် ရှားပါးလှပေသည်။
သူသည် သီးသန့်ခြံဝင်းသို့ ပြန်လာခဲ့ပြီး လက်ဖက်ရည်သောက်ရင်း ယခင်ဘဝက သူငယ်အိမ်နှစ်ခုမျက်ဝန်းနိုးထခြင်းနှင့် ပတ်သက်သည့် ကျင့်ကြံခြင်း နည်းစနစ်များကို စဉ်းစားနေသည်။
‘ဘာပဲဖြစ်ဖြစ် ချင်းချင်းက သူငယ်အိမ်နှစ်ခုမျက်ဝန်းနဲ့ မွေးဖွားလာတာ၊ သူ့ရဲ့စွမ်းအားကို သူတောင်မသိလိုက်ဘဲ တစ်ခါ သုံးပြီးသွားပြီ’
သို့ဖြစ်၍ သာမန်လူသစ်များနှင့် ယှဉ်လျှင် ချင်းချင်း၌ သူမ၏ ကိုယ်ပိုင် အားသာချက်များ ရှိပေသည်။
အချိန်များသည် စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားခဲ့၏။
နာရီအနည်းငယ် ကြာပြီးနောက်၊ ချူဖုန်းသည် ဝင်လုဆဲဆဲ နေလုံးကြီးကို မသိစိတ်ဖြင့် မော့ကြည့်လိုက်မိသည်။
ထိုအခိုက် သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ သူ့တပည့်၏ ကျင့်ကြံခြင်းကို အထောက်အကူ ပြုစေရန် နေနှင့်လကို လေ့လာခြင်း နည်းစနစ်ကို အသုံးပြုရပေမည်။
ဤနည်းစနစ်သည် အာရုံခံ၍ရသော မည်သည့်အရာကိုမဆို စစ်ဆေးရာတွင် အသုံးချနိုင်သည်။ မြင့်မြတ် ရုပ်တုများ၊ ဆန်းကြယ်ချိတ်စည်းများ စသည်တို့ကိုလည်း စစ်ဆေးနိုင်သည်။
စွမ်းအားအကြီးဆုံးအချက်မှာ လေ့လာဆန်းစစ်ခြင်း ဖြစ်၏။သို့သော် စိတ်ကူးယဉ်ခြင်းနှင့် မတွဲဖက်မိစေရန် လိုအပ်ပေသည်။
စိတ်ကူးယဉ်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်းတို့သည် သဘောသဘာဝချင်း ကွာခြား၏။
စိတ်ကူးယဉ်ခြင်း ဆိုသည်မှာ စိတ်၏ အမျိုးမျိုးသော ပုံရိပ်များနှင့် ထင်ဟပ်မှုများသာ ဖြစ်သည်။
လေ့လာဆန်းစစ်ခြင်းမှာ ပြသသော ပုံရိပ်အစစ်အမှန်များသည် အခြေခံအားဖြင့် ကွဲပြားပြီး နှိုင်းယှဉ်၍ မရနိုင်ချေ။
တစ်နည်းအားဖြင့်ဆိုရသော် တာအိုကို လေ့လာရန် သူငယ်အိမ်နှစ်ခုကို အသုံးပြုရမည် ဖြစ်၏။
ပြောရန်လွယ်သလောက် လုပ်ရန် ခက်ခဲလှပေသည်။
ဤအချက်ကို ရှင်းလင်းပြီးနောက် ချူဖုန်းက မတ်တပ်ရပ်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်၏။
သူသည် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်အိုးတို့ကို ယူလိုက်သည်။
ထိပ်ဆုံး၌ ကမ္ဘာပျက် မျက်ဝန်း ကျင့်စဉ် ဟူသော စာလုံးများကို ရေးသားထား၏။
“နည်းစနစ်ကို ကျင့်ကြံရန်၊ ဦးစွာ ကိုယ်နှင့်စိတ်ကို ဖြေလျှော့ရမည်၊ ထို့နောက် အာရုံပျံ့လွင့်မှုများကို ဖယ်ရှားပြီး တည်ငြိမ်သော အခြေအနေသို့ ဝင်ရောက်ရမည်”
“ကျင့်ကြံသောအခါ အာရုံနှစ်ပြီး စူးစိုက်ပါ၊ စောင့်ကြည့်ရုံသာ ပြုပြီး စိတ်ကူးမယဉ်ရ၊ အတုယောင်များကို ဖောက်ထွင်းမြင်ပြီး တာအို၏ အနှစ်သာရ အစစ်အမှန်ကို နားလည်သဘောပေါက်ပါ...”
သူသည် စာလုံးရေ တစ်ထောင်ကျော်ခန့်ကို အသေးစိတ် စေ့စပ်စွာ ရေးသားလိုက်သည်။
ထို့နောက် ဂရုတစိုက်ဖြင့် အကြိမ်ကြိမ် ပြန်လည် စစ်ဆေး၏။
“ပြီးပြည့်စုံသွားပြီ။ ငါ့အရင်ဘဝက ဖတ်ခဲ့တဲ့ ဝတ္ထုတွေနဲ့ ဒဏ္ဍာရီတွေထဲက သူငယ်အိမ်နှစ်ခုမျက်ဝန်း ကျင့်စဉ်တွေကို ပေါင်းစပ်ထားလိုက်ပြီ။ အမှားမပါနိုင်ဘူး။”
“ဒါဆိုရင် အဲဒီ ကောင်မလေးကို လှည့်စားလို့ ရလောက်ပြီ”
ထိုသို့ဖြင့် ချူဖုန်းသည် စာရွက်များကို စုစည်းလိုက်၏။
သူက ကိုယ်လက်သန့်စင်ပြီး ကျေနပ်စွာ လှဲလျောင်း ပြီး အိပ်စက်လိုက်သည်။
နောက်တစ်နေ့ နေ့လယ်တွင်။
ချင်းချင်းသည် ခြံဝင်းသို့ ရောက်ရှိလာ၏။ စိုးရိမ်စိတ်ကြောင့် သူမ၏ နှလုံးခုန်သံများ မြန်ဆန်နေ၏။
ချူဖုန်းက အိပ်ရာထကာစ ရှိသေး၏။ ချင်းချင်းက ခြံဝင်းထဲသို့ ချောင်းကြည့်နေသည်ကို မြင်သောအခါ သူက ပြုံးပြီး ပြောသည်။ “ ဒီကောင်မလေး... ဘာလို့ အခု ဘာလုပ်နေတာလဲ”
ချင်းချင်းက ဦးညွှတ်လိုက်၏။ “တပည့် ဆရာ့ကို ဂါရဝပြုပါတယ်”
“ယဉ်ကျေးနေစရာ မလိုဘူး” ချူဖုန်းက စာရွက်အထပ်လိုက်ကို စားပွဲပေါ် တင်ရင်း ပြောလိုက်သည်။
“တပည့်... ငါ မနေ့ညက စာအုပ်ပေါင်း ရာချီကို ကိုးကားပြီး မင်းအတွက် ကျင့်စဉ်ကို နောက်ဆုံးတော့ ရေးပြီးပြီ”
“ကျေးဇူးတင်ပါတယ် ဆရာ” ချင်းချင်းက ပြောလိုက်၏။
ကမ္ဘာပျက်မျက်ဝန်း ကျင့်စဉ်ဟု ခေါင်းစဉ်တပ်ထားသော ပထမစာမျက်နှာကို မြင်လိုက်ရသောအခါ သူမသည် ၎င်းကို စစ်မှန်မှု ရှိမရှိ စမ်းသပ်လိုစိတ် ပြင်းပြလာသည်။
ချူဖုန်းက သတိပေးလိုက်၏။ “မှတ်ထား၊ ဒီနည်းစနစ်က အန္တရာယ်များတယ်။ ကျင့်ကြံတဲ့အခါ သတိထားရမယ်။ မရှင်းလင်းရှိတာရင် ဆရာ့ကို ပြန်လာမေး”
ချင်းချင်းက ရိုသေစွာ ဦးညွှတ်လိုက်သည်။ “တပည့် ဆရာ့ရဲ့ သင်ကြားမှုကို မှတ်သားထားပါ့မယ်”
ချူဖုန်းက ပြော၏။ “ပြန်သွားပြီး ကျင့်စဉ်ကို အလွတ်ကျက်တော့”
“အရုဏ်တက်ချိန် ၂ နာရီ၊ နေဝင်ချိန် ၂ နာရီ၊ နဲ့ ညဘက် ၂ နာရီပဲ ကျင့်ကြံရမယ်”
“ကျင့်ကြံခြင်းက ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပေမဲ့ အလွန်အကျွံ မလုပ်မိစေနဲ့”
“ဟုတ်ကဲ့ပါ” ချင်းချင်းက ဖြေပြီး၊ စာရွက်များကို ပိုက်ကာ သူမ၏ ခြံဝင်းသို့ အလျင်အမြန် ပြန်သွား တော့သည်။
ချူဖုန်းသည် သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီး နှုတ်ခမ်းတွင် အပြုံးရေးရေး ပေါ်လာ၏။ “ဒီကောင်မလေးက ကျင့်ကြံဖို့ တော်တော်လေး စိတ်အားထက်သန်နေပါလား”
နာရီဝက် ကြာသောအခါ၊ ချင်းချင်းသည် ကမ္ဘာပျက် မျက်ဝန်းကျင့်စဉ်ကို ဖတ်ရှုပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
“ကျင့်စဉ်က တကယ်ကြီး အစစ်ပါလား”
“ဒီမှာ ရေးထားတဲ့ မျက်ဝန်းကျင့်စဉ်က ငါ အရင်တုန်းက ဖတ်ခဲ့ဖူးတဲ့ မပြည့်စုံတဲ့ ကျင့်စဉ်ထက် အဆပေါင်း ရာချီ ပိုပြီး အားကောင်းနေတယ်”
“အချိန်တိုအတွင်းမှာ ဒီလိုကျင့်စဉ်မျိုး ရေးပေးနိုင်ဖိုဆိုတာက...ဆရာ ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ”
“ဟင်း... ဆရာ့ဆီမှာ တပည့်ခံလိုက်မိတာ ကံကောင်းသွားတယ်”