← Chapters

ကမ္ဘာပျက်မျက်ဝန်း ကျင့်စဉ်မိတ်ဆက်

Vol. 6 Ch. 56

ကမ္ဘာပျက်မျက်ဝန်း ကျင့်စဉ်မိတ်ဆက်

Vol. 6 Ch. 56

“ဆရာ... ကြက်စွပ်ပြုတ် ရပါပြီရှင့်”

ချင်းချင်းသည် ကြက်စွပ်ပြုတ်ကို သယ်ဆောင်လျက် ချူဖုန်းဆီသို့ ခပ်ပြုံးပြုံးလေး လျှောက်လှမ်းလာသည်။

အဘယ်ကြောင့်မှန်းမသိ။ ဤမြင်ကွင်းကို မြင်လိုက်ရခြင်းက ချူဖုန်းအား ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

ဤကောင်မလေးသည် သူ၏တပည့် ဖြစ်လာခဲ့သည်မှာ ရက်အခန်း ကြာခဲ့လေပြီ။

နေ့စဉ်နေ့တိုင်း သူမသည် သူ့အတွက် အရသာရှိသော အစားအစာများကို နည်းလမ်းအမျိုးမျိုးဖြင့် ချက်ပြုတ်ပေးလေ့ရှိ၏။

‘ငါ့အရင်ဘဝတုန်းက ဆရာတွေက တပည့်မလေးတွေကို အလိုလိုက်ကြတာ မဆန်းပါဘူးလေ’

‘အမျိုးသမီး တပည့်တစ်ယောက် ရှိရတာ တကယ့်ကို ပျော်ရွှင်စရာပါလား’

ချူဖုန်းသည် တစ်ဇွန်းမြည်းစမ်းလိုက်ပြီး သူ့နှုတ်ခမ်းများ ကွေးညွတ်သွားရသည်။

“မဆိုးဘူး... မင်းရဲ့ ချက်ရည်ပြုတ်ရည်က ငါ့နဲ့ ယှဉ်နိုင်တယ်”

ချင်းချင်း “......”

သူမသည် ဘေးတွင် ဝင်ထိုင်ပြီး မိန်းမပျိုလေးတစ်ဦးပမာ တည်ငြိမ်စွာ စားသောက်သည်။

စားသောက်ပြီးနောက် ချူဖုန်းက မေးလိုက်သည်။ “ဒီရက်ပိုင်း ကျင့်ကြံခြင်းမှာ ပြဿနာတစ်ခုခု ကြုံရလား”

ချင်းချင်းသည် ခေါင်းညိတ်လိုက်၏။ “ဆရာ အတိအကျ ခန့်မှန်းနိုင်တာပဲ။ ကျွန်မ တကယ်ပဲ ပြဿနာအသေးစားလေး တစ်ခု ကြုံတွေ့နေရပါတယ်”

ချူဖုန်း “ပြောပြပါဦး”

“ဒီရက်တွေမှာ ကမ္ဘာပျက်မျက်ဝန်း ကျင့်စဉ်အတိုင်း လေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ ခုနစ်ရက် ကြာပြီးတာတောင် ဘာမှ မခံစားရဘူး။ ဆရာ ကျွန်မပဲ အရမ်း ဉာဏ်နည်းလွန်းနေတာလား”

ချင်းချင်းသည် လွန်ခဲ့သည့် နှစ်များအတွင်း ဆရာကောင်းသမားကောင်းနှင့် မတွေ့ဆုံဖူးပေ။ သို့ဖြစ်၍ သူမ၏ ကျင့်ကြံခြင်းမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့သည်။

သူမသည် ဝမ်တောက်မြို့ ရောက်လာမှသာ တည်ငြိမ်လာ၏။

သို့သော် မွှေးရနံ့စင်မြင့်တွင် မည်သူမျှ သူမ၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးခြင်း မရှိခဲ့ပေ။

သူမသည် ယခင်က ဆရာ၏ ညွှန်ကြားချက်များကိုသာ မှီခိုအားထားခဲ့ရသဖြင့် တိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။

ချူဖုန်းသည် ပြုံးလိုက်ပြီး ပြောသည်။ “ဒီရက်ပိုင်း နေနဲ့လကို မင်း ဘယ်လို လေ့လာစောင့်ကြည့်တုန်း”

“ကျွန်မ သူတို့ကို တည့်တည့်စိုက်ကြည့်ပြီး စိတ်ငြိမ်ငြိမ်ထားရင်း ကျင့်ကြံပါတယ်”

ချင်းချင်းသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ဝန်ခံလိုက်၏။

ချူဖုန်း၏ မျက်နှာပေါ်တွင် အတွေးနက်‌ နေသည့်အမူအရာတစ်ခုပေါ်လာသည်။

‘ဒီကိစ္စကို ငါ ဘယ်လို လှည့်စားရမလဲ’

ခဏအကြာတွင် သူက ပြောလိုက်သည်။ “ဆိုရိုးစကားအတိုင်းပဲ... မျက်လုံးတွေဆိုတာက စိတ်ရဲ့ ပြတင်းပေါက်ပဲ”

“ဒီနည်းစနစ်က မျက်လုံးတွေကို လေ့ကျင့်တာဆိုပေမဲ့ စိတ်မျက်ဝန်းကိုပါ ကျင့်ကြံဖို့လိုတယ်”

“ကျင့်စဉ်ထဲ ဝင်ရောက်ဖို့အတွက် စိတ်မျက်ဝန်းက ကြည်လင်ပြတ်သားရမယ်”

“နေနဲ့လကို မျက်လုံးတွေနဲ့ စောင့်ကြည့်လေ့လာရင်း သူတို့ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို စိတ်ထဲမှာ ပုံဖော်ရမယ်”

“အဲဒါမှ ကျင့်စဉ်ထဲကို ဝင်ရောက်နိုင်မှာ”

‘စိတ်မျက်ဝန်းက ကြည်လင်ပြတ်သားရမယ်’

ချင်းချင်းသည် ထိုစကားလုံးများကို တိုးညှင်းစွာ ရေရွတ်လိုက်သည်။

သူမသည် ကျင့်ကြံခြင်း၏ သော့ချက်ကို ဆုပ်ကိုင်မိလိုက်သည့်အလား ခံစားလိုက်ရ၏။

အချိန်အတော်ကြာပြီးနောက် သူမက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး ပြောသည်။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

ချူဖုန်းက ပြောသည်။ “ကျေးဇူးတင်စရာ မလိုဘူး။ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးတယ်ဆိုတာက ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်ပါပဲ။ ကျင့်ကြံခြင်းမှာ ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ရင် ငါ့ကို လာမေးလို့ရတယ်”

“ဟုတ်ကဲ့ပါ”

ချင်းချင်းသည် စားပွဲပေါ်မှ ပန်းကန်များကို ပျော်ရွှင်စွာ ရှင်းလင်းလိုက်သည်။

အကယ်၍ နေ့လယ်ခင်း နေရောင်ခြည်သာ သိပ်မပြင်းထန်ခဲ့လျှင် သူမ လေ့ကျင့်ရန် သွားရောက်နေပြီ ဖြစ်သည်။

ညရောက်သောအခါ ချင်းချင်းသည် သူမ၏ ခြံဝင်းထဲတွင် တစ်ကိုယ်တည်း ထိုင်နေ၏။

သူမက တင်ပျဉ်ခွေထိုင်ပြီး ကောင်းကင်တွင် တွဲလွဲခိုနေသော လမင်းကြီးကို ငေးမောကြည့်နေသည်။

တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်ပြီးနောက် သူမသည် လကို မျက်လုံးများဖြင့် စောင့်ကြည့်လေ့လာပြီး စိတ်ကို ဗလာကျင်းထားလိုက်သည်။

မသိမသာပင် လပြည့်ဝန်းသည် သူမ၏ သူငယ်အိမ်နှစ်ခုကို ဖြတ်သန်းပြီး စိတ်ထဲတွင် ပုံရိပ်တစ်ခု ဖွဲ့စည်းသွား၏။

ချင်းချင်းသည် ထိုလမင်း၏ပုံရိပ်ကို စိတ်မျက်ဝန်းဖြင့် စစ်ဆေးကြည့်ရှုကာ ၎င်း၏ သဏ္ဍာန်အစစ်အမှန်ကို ဆင်ခြင်သည်။

သုံးရက်အကြာ အရုဏ်မတက်မီအချိန်၌။

ကြယ်ရောင်များက မှေးမှိန်သွားပြီး လပြည့်ဝန်းသာ တစ်ကိုယ်တည်း တွဲလွဲခိုကျန်နေ၏။

လရောင်သည် မြေပြင်တစ်ခွင် ဖြာကျနေသည်။

ကျောင်းတော်၏ ခြံဝင်းအတွင်း၌ ချင်းချင်းသည် နာရီပေါင်းများစွာကြာအောင် ကျင့်ကြံနေခဲ့သည်။

ဤရက်ပိုင်း လေ့ကျင့်မှုများသည် သူမကို နေနှင့်လ၏ သဏ္ဍာန်အစစ်အမှန်များကို နားလည်သဘောပေါက်ရန် များစွာ အထောက်အကူဖြစ်စေသည်။

ယခုအခါ၊ ချင်းချင်း၏ မျက်လုံးများက တောက်ပသော လမင်းကြီးသည် အမှန်တကယ်ပင် ယင် စွမ်းအင်များ လွှမ်းခြုံထားသည်ကို တွေ့မြင်နေရ၏။

လပြည့်ချိန်တွင် ယင်စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိပြီး လမင်းကို ယင်၏ ကိုယ်ပွားအလား မြင်နေရ ခံစားနေရသည်။

နေမင်းသည် ယန်ကို ကိုယ်စားပြုပြီး၊ ဆရာ့၏ နေနှင့်လကို စောင့်ကြည့်လေ့လာရန် ညွှန်ကြားချက်သည် သူမ၏ သူငယ်အိမ်နှစ်ခုအား ယင်နှင့်ယန် နှစ်မျိုးလုံး၏ စွမ်းအားကို ရရှိစေရန်နှင့် ၎င်းတို့၏ အနှစ်သာရများကို စုပ်ယူရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယင်နှင့်ယန် ယှက်နွှယ်သောအခါ အသက်ကို မွေးဖွားပေးသည်။

‘ငါ နားလည်ပြီ’

ချင်းချင်းသည် သူမ၏ သူငယ်အိမ်နှစ်ခုကို လေ့ကျင့်ရန် မဟာယင်စွမ်းအားကို စတင် စုပ်ယူလိုက်သည်။

နေမထွက်မလာမချင်း သူမသည် မရပ်မနား ဆက်လက် ကျင့်ကြံနေ၏။

နေ့နှင့်ညသည် ယင်နှင့်ယန်၊ သံသရာလည်ပတ်ခြင်းပင် ဖြစ်သည်။

သူမ၏ သူငယ်အိမ်နှစ်ခုသည် လုံလောက်သော ယင်အနှစ်သာရကို စုပ်ယူပြီးဖြစ်၍ ယခုအခါ ဟန်ချက်ညီစေရန် နေ၏ အနှစ်သာရကို လိုအပ်နေသည်။

နှစ်နာရီ ကြာပြီးနောက် ချင်းချင်းက သူမ၏ ကျင့်ကြံခြင်းကို နိဂုံးချုပ်လိုက်၏။

သူမက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ ငါ နောက်ဆုံးတော့ ကမ္ဘာပျက်မျက်ဝန်းကို ကျင့်ကြံဖို့ မှန်ကန်တဲ့ နည်းလမ်းကို တွေ့ပြီ”

“ဒီနည်းစနစ်ကို မြန်မြန် ကျွမ်းကျင်အောင် လုပ်ရမယ်”

သူမ၏ လမ်းကြောင်းကို ရှာတွေ့ပြီးနောက် ချင်းချင်းသည် နေ့စဉ် ယင်-ယန် ကူးပြောင်းချိန်တိုင်း သူမ၏ လေ့ကျင့်မှု အချိန်ဇယားကို သတ်မှတ်လိုက်သည်။

ခုနစ်ရက် ကြာပြီးနောက် တချိန်က မှေးမှိန်နေခဲ့သော သူမ၏ သူငယ်အိမ်နှစ်ခုသည် ကြယ်ရောင်ကဲ့သို့ တောက်ပသည့် အလင်းရောင်များ ထုတ်လွှတ်လာ၏။

သူမက မျက်လုံးများကို မှိတ်သည့်အခါ မျက်လုံးအတွင်းရှိ စွမ်းအားကို ခံစားလိုက်မိသည့်အတွက် မပြုံးဘဲ မနေနိုင် ဖြစ်သွားသည်။

“ငါ ကျင့်စဉ်ထဲ ဝင်ရောက်သွားပြီ”

“နှမြောစရာပဲ၊ ဆရာက ပြောဖို့က အခုထိနိုးမှာ မဟုတ်သေးဘူး”

“ဂုဏ်ပြုတဲ့ အနေနဲ့ ဘာလုပ်စားရမလဲ”

[ဒင်။ ဂုဏ်ယူပါတယ်၊ လက်ခံသူ၏ တပည့်သည် ကမ္ဘာပျက်မျက်ဝန်း လမ်းစဉ်သို့ ဝင်ရောက်သွားပါပြီ။ ကမ္ဘာပျက်မျက်ဝန်း(ပြီးပြည့်စုံခြင်းအဆင့်)ကို ဆုလာဘ်အဖြစ်ရရှိပါတယ်]

ရင်းနှီးသည့် အသံတစ်သံက ချူဖုန်းကို အိပ်နေရာက နိုးသွားစေသည်။

သူက ရုတ်တရက် ထထိုင်ပြီး ရေရွတ်လိုက်၏။ ‘အဲဒီ ကောင်မလေး ချင်းချင်းက တစ်လတောင်မပြည့်သေးဘဲ ကမ္ဘာပျက်မျက်ဝန်း လမ်းစဉ်ထဲ ဝင်နိုင်မယ်လို့ မထင်ထားဘူး’

‘ဒါပေမဲ့ သူ့ရဲ့ မွေးရာပါ သူငယ်အိမ်နှစ်ခုက တခြားသူတွေထက် ပိုမြန်မြန် တိုးတက်အောင် လုပ်ပေးနိုင်တယ် ဆိုတော့လည်း မဆန်းပါဘူးလေ’

‘ကမ္ဘာပျက်မျက်ဝန်းက တကယ်တမ်း ဘယ်လို ထူးကဲတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားလဲဆိုတာ သိချင်လာပြီ’

သူသည် ကမ္ဘာပျက်မျက်ဝန်းနှင့် ပတ်သက်သော အသိပညာများကို စိတ်ထဲတွင် ရှာဖွေလိုက်သည်။

ကမ္ဘာပျက်မျက်ဝန်း ဆိုသည်မှာ အမည်နှင့်လိုက်ဖက်စွာပင် ကမ္ဘာများကို အဆုံးသတ်နိုင်စွမ်းရှိသော မျက်ဝန်းတစ်စုံ ဖြစ်ပြီး ကမ္ဘာပျက် နတ်ဆိုးမျက်ဝန်း ဟုလည်း ခေါ်ကြသည်။

အကြည့်တစ်ချက်ဖြင့် ပစ်မှတ်ကို ပေါက်ကွဲသွားစေနိုင်သည်။

၎င်းနည်းစနစ်သည် ဓားတစ်သောင်းတို့အပြန် နှင့် သဘာဝချင်း ကွဲပြားသည်။ အသုံးပြုနိုင်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်များစွာ လိုအပ်ပြီး ၎င်း၏ အားအင်သည် အသုံးပြုသူ၏ စိတ်ဝိညာဉ်အာရုံအပေါ် မူတည်သည်။

‘သောက်ကျိုးနည်း... ငါက ချင်းချင်းကို ကျင့်ကြံခြင်း နည်းစနစ်ပဲ သင်ပေးထားတာ၊ စိတ်ဝိညာဉ် အာရုံနည်းစနစ်တစ်ခုမှ မသင်ပေးရသေးဘူး’

‘ မေ့သွားလို့တော့ မဟုတ်ဘူး၊ ချင်းချင်းမှာ မွေးရာပါ သူငယ်အိမ်နှစ်ခု ရှိတော့ မလိုအပ်သေးဘူး’

‘အခုလက်ရှိ ငါ့ရဲ့ ကမ္ဘာပျက်မျက်ဝန်းက ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပေမဲ့၊ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ဆို အကြည့်တစ်ချက်တည်းနဲ့ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်တဲ့ အဆင့် မရောက်သေးဘူး’

‘ လက်ရှိ စိတ်ဝိညာဉ်အာရုံနဲ့ဆိုရင် အများဆုံး ကျောက်တုံးအကြီးစားတစ်တုံးကိုပဲ အကြည့်တစ်ချက်နဲ့ ခွဲပစ်နိုင်ရုံရှိဦးမယ်၊ ဓားတစ်သောင်းတို့အပြန်နဲ့တော့ ယှဉ်လို့မရသေးဘူး’

သို့သော် ကမ္ဘာပျက်မျက်ဝန်းကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက များစွာ အသုံးဝင်ပါသည်။ အကြည့်တစ်ချက်ဖြင့် အရာအားလုံးကို အာရုံခံနိုင်သည်။ ရုပ်ဖျက်ခြင်းများနှင့် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားခြင်း များကို အလွယ်တကူ ဖော်ထုတ်နိုင်၏။

‘သူ့ရဲ့ စွမ်းအားကို အပြည့်အဝထုတ်လွှတ်ချင်ရင် ငါ နောက်ထပ် တပည့်တစ်ယောက်ကို စိတ်ဝိညာဉ် အာရုံ နည်းစနစ်တွေ ကျင့်ကြံလာအောင် လှည့်စားရဦးမယ်’

‘ဒါပေမဲ့ အဲလို့ တပည့်မျိုးက အရမ်း ရှားတယ်၊ သင့်တော်တဲ့ သူတစ်ယောက်ကို ရှာဖို့က ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရမဲ့အတိုင်းပဲ’

‘တပည့်တွေကို လှည့်စားရတာ ပင်ပန်းလွန်းတယ်။ ငါ အရင် အိပ်လိုက်ဦးမယ်’

ချူဖုန်း နိုးလာသောအခါ မနက် (၁၀)နာရီ ကျော်နေပြီ ဖြစ်သည်။

သူ တံခါးဖွင့်လိုက်ရာ စားကောင်းဟန်ရမည့် အနံ့‌သင်းသင်းတစ်ခုဖြင့် ကြိုဆိုခံလိုက်ရ၏။

ချင်းချင်းသည် ခြံဝင်းထဲတွင် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ သူက ပြုံးပြီး ပြောလိုက်သည်။ “ချင်းအာ... မင်းရဲ့ ပုံစံကို ကြည့်ရတာ ကမ္ဘာပျက်မျက်ဝန်း လမ်းစဉ်ထဲ ဝင်ရောက်သွားပြီ ထင်တယ်”

All Chapters