ချောင်ရို့ချန် ပြန်ရောက်လာခြင်း
Vol. 6 Ch. 57
“ဟုတ်ပါတယ် ဆရာ” ချင်းချင်းက ခေါင်းညိတ်လိုက်၏။
“ကျွန်မ ကမ္ဘာပျက်မျက်ဝန်း ကျင့်စဉ်ရဲ့ အခြေခံအဆင့်ကို ရောက်သွားပါပြီ။ ဒီနည်းစနစ်နဲ့ဆိုရင် လက်စားချေဖို့ ယုံကြည်ချက် ရှိသွားပြီ”
လက်စားချေခြင်းအကြောင်း ပြောလိုက်သည့် ခဏ၌၊ သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ချူဖုန်းအနေဖြင့် တစ်စုံတစ်ဦးထံမှ ဤမျှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်၏။
“ဒါနဲ့... အဲဒီတုန်းက မင်းနောက်ကို လိုက်တဲ့ အင်အားစုက ဘယ်သူတွေလဲဆိုတာ သိလား”
ချင်းချင်းက ဖြည်းညှင်းစွာ ပြန်ဖြေလိုက်၏။
“တာ့ယန် မြင့်မြတ်နယ်မြေက ပါ”
“အနောက်ပိုင်း စွန့်ပစ်မြေက တာ့ယန် မြင့်မြတ်နယ်မြေကို ပြောတာလား။ ဒါပေမဲ့ အဲဒီနေရာက ဝမ်တောက်ကျောင်းတော်နဲ့ လီပေါင်း သိန်းချီ ဝေးကွာတယ်။ သူတို့က မင်းရဲ့ မိသားစုကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားကြတာလဲ” ချူဖုန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
ချင်းချင်းက ခေါင်းအသာ ယမ်းလိုက်၏။ ခဏကြာပြီးနောက် သူမ ပြောလိုက်သည်။ “ကျွန်မ ငယ်ငယ်တုန်းက တာအိုဆရာအိုကြီး တစ်ပါးက ကျွန်မတို့အိမ်ရှေ့က ဖြတ်သွားဖူးတာ မှတ်မိတယ်။ သူက ကျွန်မရဲ့ မျက်လုံးတွေကို တွေ့သွားတော့ ဝမ်းသာအားရ ဖြစ်သွားပြီး ကျွန်မကို မြင့်မြတ်နယ်မြေဆီ ခေါ်သွားမဲ့အကြောင်း ပြောတယ်။ ဒါပေမဲ့ ကျွန်မမိဘတွေက ငြင်းလိုက်ကြတယ်။ နှစ်အနည်းငယ် ကြာတော့ ချင်းမိသားစု တစ်ခုလုံး သတ်ဖြတ်ချေမှုန်း ခံလိုက်ရပါတယ်”
ချူဖုန်းက မေးလိုက်၏။ “လူသတ်သမားက တာ့ယန် မြင့်မြတ်နယ်မြေကဆိုတာ မင်း ဘယ်လို သိတာလဲ” ချင်းချင်းက ပြန်ဖြေလိုက်သည်။ “သူတို့ရဲ့ အဝတ်အစားပေါ်က သင်္ကေတတစ်ခုကို မတော်တဆ မြင်ခဲ့ရတယ်။ မွှေးရနံ့စင်မြင့်ကို ရောက်ပြီးတဲ့နောက် စာရွက်တစ်ရွက်ပေါ်မှာ အဲဒီသင်္ကေတကို ဆွဲပြီး ဧည့်သည်တွေဆီကနေ စုံစမ်းကြည့်ခဲ့ပါတယ်”
“အဲဒီလိုကိုး” ချူဖုန်း တွေးလိုက်မိ၏။
‘တာ့ယန် မြင့်မြတ်နယ်မြေရဲ့ လက်တံက တကယ်ပဲရှည်လျားတာပဲ၊ ဝမ်တောက်ကျောင်းတော် နယ်နိမိတ်နားက လူတစ်ယောက်ကို သတ်ဖို့အတွက် ဒီလောက် အဝေးကြီးကို ဖြတ်လာခဲ့ကြတာပါလား’
“ဆရာ...တကယ်လို့ ကျွန်မ ကမ္ဘာပျက်မျက်ဝန်းကို ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံနိုင်ခဲ့ရင် တာ့ယန် မြင့်မြတ်နယ်မြေကို ဖျက်ဆီးပစ်နိုင်မလားဟင်” ချင်းချင်းက မသိစိတ်ဖြင့် မေးလိုက်မိသည်။
“မရနိုင်သေးဘူး” ချူဖုန်းက ပြန်ဖြေလိုက်၏။ “တာ့ယန် မြင့်မြတ်နယ်မြေက ရွှမ်ထျန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်ခုပဲ။ ငါ့တပည့် မင်း ကမ္ဘာပျက်မျက်ဝန်းကို ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံနိုင်ရင်တောင် မလုံလောက်သေးဘူး။ အနည်းဆုံးတော့ မင်း ကိုယ်ပိုင် တာအိုကို နားလည်သဘောပေါက်ပြီး သူတော်စင်တစ်ပါး ဖြစ်လာဖို့ လိုတယ်”
“တာအိုလား” ချင်းချင်းက စိတ်ရှုပ်ထွေးသွားသည်။ သူမသည် ဂိုဏ်းငယ်လေးတစ်ခုတွင် မွေးဖွားခဲ့သူဖြစ်ပြီး ထိုစကားလုံးကို ယခင်က တစ်ခါမှ မကြားဖူးခဲ့ချေ။
“မင်း အဲဒီအဆင့်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ ပထမဆုံးအနေနဲ့ နတ်ဘုရား ခန္ဓာကိုယ် ဒါမှမဟုတ် အနည်းဆုံးတော့ မြင့်မြတ် ခန္ဓာကိုယ်တစ်ခုကိုတော့ နိုးထရမယ်။ အဲဒါမှ သူတော်စင်တစ်ပါး ဖြစ်လာဖို့ အခွင့်အရေး ရှိလာလိမ့်မယ်” ချူဖုန်းသည် သောင်းပြောင်းပညာရပ်ဌာနတွင် နှစ်ပေါင်းများစွာကြာအောင် အလဟဿ အချိန်မဖြုန်းခဲ့ပေ။ သူသည် စွမ်းအားကြီး ကျင့်ကြံသူများ၏ အတ္ထုပ္ပတ္တိများစွာကို ဖတ်ရှုခဲ့ပြီး ဤကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်း စနစ်ကို ခိုင်မာစွာ နားလည်သဘောပေါက်ထားသည်။
“တပည့် ဆရာ့ရဲ့ သင်ကြားမှုကို လိုက်နာပါ့မယ်” လက်စားချေခြင်းသည် အလျင်စလို လုပ်၍မရကြောင်း ချင်းချင်းက သိနားလည်ပါသည်။
ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဖိအားမပေးနဲ့၊ တစ်နေ့ကျရင် မင်း သေချာပေါက် လက်စားချေနိုင်မှာပါ။ တကယ်လို့ မင်း တစ်ယောက်တည်း မလုပ်နိုင်ရင်တောင် စီနီယာအစ်ကိုတွေက ကူညီပေးကြလိမ့်မယ်”
ချင်းချင်းသည် မသိစိတ်ဖြင့် မေးလိုက်၏။ “ဒါဆို ဆရာကရော ဝင်ပါမှာလား”
“အခြေအနေကြည့်ရတာပေါ့။ ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ တာ့ယန် မြင့်မြတ်နယ်မြေကို ဖျက်ဆီးပစ်နိုင်မယ်လို့ မျှော်လင့်တယ်။ မင်းရဲ့ စီနီယာအစ်ကိုတွေနဲ့ ငါက မင်းရဲ့ ကျောထောက်နောက်ခံ အနေနဲ့ပဲ ရပ်တည်ပေးကြမှာ”
ချူဖုန်းသည် သူမ၏ ရည်မှန်းချက်ကြီးထွားအောင် ဆက်လက် မြှောက်ပင့်ပေးနေလိုက်သည်။
‘ ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးမှာက ဇာတ်လိုက်တစ်ယောက် ဖြစ်လာမဲ့ အရည်အချင်းတွေ ရှိနေတယ်။ သူ စွမ်းအားကြီးလာဖို့ အချိန်လုံလုံလောက်လောက် ရနေသရွေ့ မြင့်မြတ်နယ်မြေတစ်ခုကို သုတ်သင်ရှင်းလင်းဖို့ဆိုတာ အချိန်တစ်ခုပဲလိုတယ်’
ချင်းချင်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ “အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ တပည့် သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်”
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ချင်းချင်းသည် ချူဖုန်း၏ တပည့် ဖြစ်လာခဲ့သည်မှာ နှစ်လနီးပါး ရှိခဲ့လေပြီ။
ကမ္ဘာပျက်မျက်ဝန်းကို စတင် ကျင့်ကြံချိန်မှစ၍ သူမ၏ အင်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူမ၏ သူငယ်အိမ်နှစ်ခုသည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်မှာ လွန်ခဲ့သော သုံးရက်ကပင် လုံးဝ ပြန်လည် သက်သာသွားသည်။
ချူဖုန်းသည် သူမ၏ ကျင့်ကြံခြင်းကို ရံဖန်ရံခါ လမ်းညွှန်ပေးလေ့ရှိ၏။ သူတို့၏ အားလပ်ချိန်များတွင် နှစ်ဦးသား အတူတကွ ချက်ပြုတ် စားသောက်ကြသည်။ သောင်းပြောင်းပညာရပ်ဌာနသည် ယခင်က သက်ဝင်လှုပ်ရှားမှုကို လျင်မြန်စွာ ပြန်လည် ရရှိလာခဲ့သည်။
ထိုနေ့ နေ့လယ်ခင်းတွင်၊ ချင်းချင်းနှင့် ချူဖုန်းတို့ ခြံဝင်းထဲ၌ စားသောက်နေကြ၏။ ရုတ်တရက် အပြင်ဘက်မှ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ “ဆရာ... ကျွန်တော် ပြန်ရောက်ပါပြီ”
အသံမဆုံးခင်မှာပင် အရပ်ရှည်ပြီး တောင့်တင်းခိုင်မာသည့် ကတုံးဆံပင်နှင့် လူငယ်တစ်ဦး ဝင်ရောက်လာသည်။
ချင်းချင်းက မသိစိတ်ဖြင့် ဝင်ပေါက်ဘက်သို့ ကြည့်လိုက်မိသည်။ ခန္ဓာကိုယ်အနှံ့ ပြင်းထန်သည့် စွမ်းအင်များ ထုတ်လွှတ်နေပြီး လူယုတ်မာအပြုံးဖြင့် အမျိုးသားတစ်ဦး ပြေးလာနေသည်ကို တွေ့လိုက်ရ၏။
“တာ့ချန်... မင်း ပြန်ရောက်လာပြီပဲ” ချူဖုန်းသည် ကတုံးဆံပင်နှင့် လူကောင်ကြီးကို မြင်လိုက်ရသောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ ချောင်ရို့ချန်သည် ပြေးလာရင်း လမ်းတစ်ဝက်အရောက်တွင် ဆရာ၏ မျက်နှာချင်းဆိုင်၌ ထိုင်နေသော မျက်လုံးစည်း အဖြူရောင်နှင့် နတ်မိမယ်တစ်ပါးအလား လှပသည့် အမျိုးသမီးတစ်ဦးကို ရုတ်တရက် သတိထားမိလိုက်သည်။ သူ ချက်ချင်း ရပ်တန့်လိုက်၏။
“ဆရာ... သူက ဘယ်သူလဲ”
ချူဖုန်းက ပြုံးလိုက်ပြီး ပြောလေသည်။ “ဒါ မင်းရဲ့ ဂျူနီယာညီမလေး ချင်းချင်းလေ။ သူက မကြာသေးခင်ကမှ ငါ့တပည့် ဖြစ်လာတာ”
“ချင်းအာ... ဒါ မင်းရဲ့ ဒုတိယ စီနီယာအစ်ကို ချောင်ရို့ချန်ပဲ”
၎င်းကို ကြားသောအခါ ချင်းချင်းက မတ်တပ်ရပ်ပြီး ချောင်ရို့ချန်ကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ “ချင်းချင်းက ဒုတိယ စီနီယာအစ်ကိုကို ဂါရဝပြုပါတယ်”
“ဂျူနီယာညီမလေးကိုး” ချောင်ရို့ချန်သည် ကြင်နာတတ်သော အဒေါ်ကြီးတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။ သူက ခေါင်းကုတ်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ပေးလိုက်၏။
“ဂျူနီယာညီမလေး... ဒါက ငါတို့ ပထမဆုံး တွေ့ဆုံခြင်းဆိုတော့ လက်ဆောင် ပေးရမယ်။တန်ဖိုး တော့မကြီးဘူး။ ဒီ စစ်မှန်အနှစ်သာရ ဆေးလုံးပုလင်းကို လက်ခံပေးပါ”
စစ်မှန်အနှစ်သာရ ဆေးလုံးဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ ချင်းချင်းက အနည်းငယ် မှင်တက်သွားမိသည်။ ၎င်းတို့သည် ဝမ်တောက်ကျောင်းတော်၏ အထူးထုတ်ကုန်များ ဖြစ်ကြ၏။ အပြင်လောကတွင် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးလျှင်တောင် ဝယ်၍မရနိုင်ပေ။ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ဆေးလုံးတစ်လုံး သောက်သုံးခြင်းက ကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်စေနိုင်သည်။
“စီနီယာအစ်ကို... ဒါက တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်မ လက်မခံနိုင်ပါဘူး”
ချူဖုန်းက ရယ်မောပြီး ပြောလိုက်သည်။ “ယူလိုက်စမ်းပါ။ တာ့ချန်က ဆေးပညာ ဌာနမှူးရဲ့ အသည်းကျော်ပဲလှော် မြေးလေ။ သူ လိုချင်တဲ့ ဘယ်လိုဆေးလုံးမျိုးမဆို ရနိုင်တယ်”
ချင်းချင်းသည် သူမ၏ဆရာကို ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် စီနီယာအစ်ကိုကို တစ်ချက်ကြည့်လိုက်မိသည်။
‘ ဘာလို့ ကြားရတာ နည်းနည်း... ထူးဆန်းနေပါလိမ့်’
ချောင်ရို့ချန်သည် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာပြီး ဆေးပုလင်းကို ချင်းချင်း၏ လက်ထဲသို့ အတင်း ထည့်ပေးကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ “ဆရာ ပြောတာ လုံးဝ မှန်တယ်။ ငါက ငါ့အဘိုးရဲ့ အချစ်ဆုံး မြေးလေ။ ဒီလိုဆေးလုံးတွေက ငါ့အတွက် ဘာမှ မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ချင်းချင်းက ဆေးလုံးများကို လက်ခံလိုက်သည်။
‘စီနီယာအစ်ကိုမှာ ဒီလောက် ထူးခြားတဲ့ နောက်ခံအသိုင်းအဝိုင်း ရှိလိမ့်မယ်လို့ မထင်ထားမိဘူး’
ဆေးပညာ ဌာနမှူး၏ မြေး၊ သောင်းပြောင်းပညာရပ်ဌာနမှူး၏ တပည့်။ ထိုကဲ့သို့သော အဆင့်အတန်းမျိုးသည် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးတွင်ပင် ရှားပါးလှသည်။
ချူဖုန်းက ချောင်ရို့ချန်၏ ပခုံးကို ပုတ်လိုက်သည်။ “တာ့ချန်... မင်းရဲ့ အခြေအနေကို ကြည့်ရတာ မြေကမ္ဘာမိစ္ဆာချီနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီးသွားပြီထင်တယ်”
“ဆရာ့က သိသွားပြီပဲ။ အခု ကျွန်တော် စစ်မှန်ကံကြမ္မာအဆင့် သားရဲတစ်ကောင်ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးသတ်နိုင်ပြီ” ချောင်ရို့ချန်က ပြောရင်းပြောရင်း ပို၍ စိတ်လှုပ်ရှားလာသည်။ အပြန်လမ်းတွင် သူသည် နတ်ဆိုးသားရဲ အနည်းငယ်အပေါ် သူ၏အင်အားကို စမ်းသပ်ခဲ့သေး၏။
ချူဖုန်းသည် သူ့ကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်။ ကမ္ဘာပျက်မျက်ဝန်းကြောင့် ချောင်ရို့ချန်၏ ခန္ဓာကိုယ် မည်မျှ သန်မာကြောင်း တွေ့လိုက်ရသည်။ “မဆိုးဘူး။ မင်းရဲ့ ခန္ဓာကိုယ်က အခု ဓားချီနဲ့ သန့်စင်တာကို ခံနိုင်ရည် ရှိနေပြီ”
ချောင်ရို့ချန်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဆရာ... မနက်ဖြန်ကစပြီး ကျွန်တော် ဆက်ပြီး ကျင့်ကြံပါ့မယ်။ ဓာတ်ကြီးငါးပါး သန့်စင်ခြင်း ပြီးသွားရင် ကျွန်တော် ဘယ်လောက် သန်မာလာမလဲ ဆိုတာ သိချင်နေပြီ”
ချင်းချင်းသည် သူမ၏ဆရာနှင့် ဒုတိယ စီနီယာအစ်ကိုကို စူးစမ်းစွာ ကြည့်လိုက်သည်။ သူမ၏ ဒုတိယ စီနီယာအစ်ကိုက မည်သည့် ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားနေသည်ကို မမေးမြန်းရသေးချေ။
ပထမ စီနီယာအစ်ကိုအတွက်ကတော့ မေးစရာ မလိုပေ။ သူက ဝမ်တောက်ကျောင်းတော်၏ထိပ်တန်း ပါရမီရှင်ဖြစ်သည်။
ချူဖုန်းသည် ပြောလိုက်သည်။ “ကဲ... စားရင်းသောက်ရင်း စကားပြောကြတာပေါ့။ မင်းတို့ မောင်နှမတွေ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာရအောင်လို့”
“ဟုတ်ကဲ့ပါ”
ချောင်ရို့ချန်သည် ချူဖုန်းဘေးတွင် ပျော်ရွှင်စွာ ဝင်ထိုင်လိုက်၏။ ချင်းချင်းလည်း ပြန်ထိုင်လိုက်သည်။ သူတို့သုံးဦး စကားစမြည်ပြောရင်း စားသောက်ကြသည်။
သူမ၏ ဆရာနှင့် စီနီယာအစ်ကို ပြောစကားများကို နားထောင်ရင်း ချင်းချင်း၏ မျက်လုံးများ တဖြည်းဖြည်း ကျယ်ဝန်းလာတော့သည်။