← Chapters

မင်းလည်း အကြံသမားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး

Vol. 6 Ch. 58

မင်းလည်း အကြံသမားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး

Vol. 6 Ch. 58

‘စီနီယာအစ်ကိုချောင်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကပြင်းထန်လွန်းတယ်’

သောင်းပြောင်းပညာရပ်ဌာန၏ နောက်ဘက်တောင်တန်းတွင် ဖြစ်၏။

ချင်းချင်းသည် ချောင်ရို့ချန်အပေါ်သို့ ဓားချီရာပေါင်းများစွာ ဆက်တိုက်ကျရောက်နေသည်ကို ကြည့်ပြီး ရင်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ချောင်ရို့ချန်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နဖူးမှ ချွေးစေးများ စီးကျလာ၏။

ဆရာ၏ ဓားချီသည် အလွန်အမင်း စွမ်းအားကြီးမားလွန်းလှသည်။ အကယ်၍ သူသာ ဓာတ်ကြီးငါးပါး သန့်စင်ခြင်း အဆင့်လေးဆင့်ကို မပြီးမြောက်ထားခဲ့လျှင် ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ချူဖုန်းသည် လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေရင်း လက်ထဲမှ ဓားရှည်ကို ဓားချီထုတ်လွှတ်ရန် သူ၏ နတ်ဘုရားအာရုံ ဖြင့် ထိန်းချုပ်နေသည်။

သတ္တုဓာတ်သည် ဓားနှင့် သက်ဆိုင်သည်ဖြစ်ရာ ချူဖုန်းသည် ခန္ဓာသန့်စင်ခြင်း နောက်ဆုံးအဆင့်အတွက် အစားထိုးအနေဖြင့် ဓားချီကို အသုံးပြုနေခြင်း ဖြစ်၏။

သူသည် ဓားဆန္ဒ၏ မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ တပည့်ဖြစ်သူ၏ ခန္ဓာကိုယ်ကို ဓားချီဖြင့် သန့်စင်ပေးခြင်းသည် ပြဿနာ မဟုတ်ပေ။

ချလွင်။ ချလွင်။ ချလွင်။

ဓားချီတစ်ကြောင်းချင်းစီသည် ချောင်ရို့ချန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်နေသည့်အတွက် သတ္တုသံတညံညံထွက်ပေါ်လာသည်။

ချောင်ရို့ချန်၏ လက်ရှိခန္ဓာကိုယ်သည် သန့်စင်ပြီးသား သံမဏိထက် ပိုမို မာကျောနေပြီဖြစ်ရာ ဤဓားချီများသည် သူ့အား သေစေလောက်သည့် ထိခိုက်မှုမျိုး မဖြစ်စေနိုင်ပေ။

ချူဖုန်းသည် ချင်းချင်းဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်မလေးမှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေရှာသည်။

“ချင်းအာ... မင်းရဲ့ ဒုတိယ စီနီယာအစ်ကိုကို အားမကျနဲ့။ မင်းရဲ့ ကိုယ်ပိုင် ကျင့်စဉ်ကို ကျွမ်းကျင်သွားရင် မင်းလည်း သူ့ထက် အားနည်းမှာ မဟုတ်ဘူး”

ယခင်က ဤကဲ့သို့ ချီးကျူးမှုမျိုး တစ်ခါမှ မခံရဖူးသဖြင့် ချင်းချင်းသည် မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိ၏။

“တပည့် အကောင်းဆုံး ကြိုးစားပါ့မယ် ဆရာ”

“ကျင့်ကြံခြင်းဆိုတာ ကြိုးစားအားထုတ်မှု တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဉာဏ်ပညာနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုလည်း လိုအပ်တယ်။ အခု မင်းရဲ့ စီနီယာအစ်ကိုချောင် ဘယ်လောက် သန်မာနေလဲဆိုတာကို ကြည့်ပြီး အထင်မကြီးလိုက်နဲ့။ အရင်တုန်းက သူက မင်းထက်တောင် ပိုအားနည်းခဲ့တာ”

ချူဖုန်းသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောသည်။ “ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာလွန်းလို့ ဒီနေ့ သူရရှိထားတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်ခဲ့တာ”

သိပ်မဝေးသည့်နေရာတွင် ချောင်ရို့ချန်သည် ချူဖုန်း၏ စကားများကို နားထောင်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ဈာန်ဝင်စားသည့်အခြေအနေသို့ ဝင်ရောက်သွားပြီး ဓားချီဖြင့် ခန္ဓာသန့်စင်ခြင်းကို ခါးသီးစွာ ခံယူနေသည်။

မျက်စိတစ်မှိတ်အတွင်း အချိန်ကိုးနာရီ ကုန်ဆုံးသွားသည်။

ချင်းချင်းသည် နာရီအနည်းငယ်ကြာ ကျင့်ကြံခဲ့သော်လည်း အချိန်အများစုကို သူမ၏ စီနီယာအစ်ကို လေ့ကျင့်နေသည်ကို ကြည့်ရှုရင်း ကုန်ဆုံးခဲ့သည်။ သူမသည် တုန်လှုပ်ခြင်းရော အားကျခြင်းကိုပါ ခံစားရပြီး တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်မိ၏။

‘ ဘာပဲဖြစ်ဖြစ် ငါလည်း ကြိုးစားရမယ်’

ဟူး...

ချူဖုန်းသည် ဓားရှည်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ခန္ဓာကိုယ်ကို သန့်စင်တာက တကယ် မလွယ်ကူတဲ့ အလုပ်ပဲ။ နောက်ထပ် ရက်ပေါင်း (၈၀)ဒီလို လုပ်ရဦးမယ်ဆိုတာ တွေးလိုက်မိရုံနဲ့ ချက်ချင်း စိတ်ဓာတ်ကျသွားသလိုပဲ”

ချောင်ရို့ချန်သည် မေးလိုက်သည်။ “ဒါဆိုရင် ဆရာ... ကျွန်တော့်ကို ကူညီဖို့ လူနည်းနည်းလောက် ရှာလိုက်ရမလား”

ချူဖုန်းက ပြန်ဖြေလိုက်၏။ “မလိုပါဘူး။ ငါက ဒီအတိုင်း ညည်းတွားလိုက်ရုံပါ။ မင်းရဲ့ ပထမ စီနီယာအစ်ကိုက ဒီမှာ မရှိဘူး၊ ပြီးတော့ တခြားလူတွေရဲ့ ဓားချီက မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ မပြင်းထန်ဘူး။ ငါပဲ နည်းနည်း ပိုကြိုးစားလိုက်ပါ့မယ်”

နောက်ထပ် ရက်ပေါင်း (၈၀) အတွင်း၌

ချူဖုန်း၏ ဘဝသည် ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာသည်။

သူသည် တစ်နေ့လျှင် သုံးနာရီ အနားယူပြီး ကျန်အချိန်များကို ချောင်ရို့ချန်၏ ကျင့်ကြံခြင်းကို လမ်းညွှန်ရင်း ကုန်ဆုံး၏။

ချောင်ရို့ချန်သည် သူ၏ ဓာတ်ကြီးငါးပါး ခန္ဓာသန့်စင်ခြင်းကို ပြီးမြောက်ခါနီးအချိန်တွင် ဓားပညာဌာန၏ အပြင်စည်းကျောင်း၌ အထူးဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။

“မြင့်မြတ် ခန္ဓာကိုယ်ပဲ၊ ဂျူနီယာညီလေး လင်းပင်းအန်းက မြင့်မြတ် ခန္ဓာကိုယ်ကို နိုးထသွားပြီ။ ပြီးတော့ အဲဒါက စီနီယာအစ်ကို လင်းချင်းယွီရဲ့ ခန္ဓာကိုယ်ထက် မနိမ့်ဘူးတဲ့”

“ဌာနမှူးက လင်းပင်းအန်းကို ကိုယ်ပိုင်တပည့် အဖြစ် လက်ခံတော့မယ်လို့ ကြားတယ်”

“ဂျူနီယာညီလေး ပင်းအန်းကို ငါ တော်တော် မနာလို ဖြစ်မိတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူ့မျိုးရိုးနာမည်ကလည်း လင်းပဲ။ သူနဲ့ စီနီယာအစ်ကို လင်းချင်းယွီနဲ့ ဘယ်လို ပတ်သက်လဲ မသိဘူး”

“သူတို့က သွေးဝေးတဲ့ဆွေမျိုးတွေလို့ ကြားတာပဲ”

“…”

ဓားပညာဌာန အတွင်း၌၊ ဓားဘုရင်သည် သူ့ရှေ့မှ လူငယ်ကို ကျေနပ်သော အပြုံးဖြင့် ကြည့်လိုက်သည်။

“ပင်းအန်း... မင်းက တော်တော်လေး ထူးချွန်တာပဲ။ မင်းကို ငါ့တပည့်အဖြစ်လက်ခံပေးမယ်”

လင်းပင်းအန်းက လေးစားစွာ ပြောလိုက်၏။ “တပည့်က ဌာနမှူးရဲ့ ဆုံးမသွန်သင်မှုကို ခံယူဖို့ ဆန္ဒရှိပါတယ်”

သူ့တွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိနေသော်လည်း အားကောင်းသည့် ကျောထောက် နောက်ခံရှိခြင်း၏ တန်ဖိုးကို နားလည်ထားပါသည်။

ဓားဘုရင်ကို ဆရာအဖြစ် ရရှိထားခြင်းဖြင့် ဝမ်တောက်ကျောင်းတော်တွင် သူ၏ အဆင့်အတန်းသည် သိသိသာသာ မြင့်တက်လာပေလိမ့်မည်။

“ကောင်းပြီလေ။ မနက်ဖြန်ကျရင် ဆရာ မင်းရဲ့ တရားဝင် တပည့်ခံယူပွဲ အခမ်းအနားကို ကျင်းပမယ်။ ပြီးတော့ ဝမ်တောက်ကျောင်းတော်က လူတချို့ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားလိုက်မယ်”

လွန်ခဲ့သော နှစ်အတွင်း ဓားဘုရင်သည် စိတ်ပျက်အားငယ်မှုများနှင့် နေထိုင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏တပည့်များက ဓားပညာဌာနမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသောကြောင့် ဖြစ်၏။

ယခုအခါ မြင့်မြတ် ခန္ဓာကိုယ် နိုးထသွားခဲ့သည့် တပည့်သစ်တစ်ဦးကို ရရှိလာပြီဖြစ်၍ သဘာဝကျစွာပင် သူသည် လူတိုင်းကို ကြွားလုံးထုတ်ပြချင်နေသည်။

သူသည် အကြီးအကဲတစ်ဦးကို အနားသို့ ဆင့်ခေါ်လိုက်သည်။ “တခြားဌာနတွေက ဌာနမှူးတွေကို မင်း သွားအကြောင်းကြားလိုက်ပါ”

“နားလည်ပါပြီ”

ထိုအကြီးအကဲက အမိန့်ကို လက်ခံလိုက်ပြီး မေးလိုက်၏။ “သောင်းပြောင်းပညာရပ်ဌာန ဌာနမှူးကိုရော ဖိတ်သင့်လားခင်ဗျ”

“ဖိတ်ရမှာပေါ့”

‘အတိတ်တုန်းက အဲဒီကောင်စုတ်လေး သူ့ကို ဘယ်လို အရှက်ခွဲခဲ့လဲဆိုတာ မမေ့သေးဘူး’

“ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်”

အကြီးအကဲက လှည့်ထွက်သွားသည်။

ဓားပညာဌာန အတွင်း၌။

လင်းပင်းအန်းသည် မြင့်မြတ် ခန္ဓာကိုယ် နိုးထသည်ဟု ကြားသောအခါ လင်းချင်းယွီသည် ခေတ္တမျှ မှင်တက်သွားပြီး လင်းပင်းအန်း ဆိုသော အမည်ကို မှတ်ဉာဏ်ထဲတွင် စတင် ရှာဖွေလိုက်သည်။

မကြာမီ လူငယ်တစ်ဦး၏ ပုံရိပ်သည် သူ၏စိတ်ထဲတွင် ပေါ်လာ၏။

“ဒါဆို အဲဒီကောင်လေးကလည်း မြင့်မြတ် ခန္ဓာကိုယ် နိုးထသွားတာကိုး”

သူ၏ဘေးနားရှိ နောက်လိုက်တစ်ဦးက မေးလိုက်သည်။ “စီနီယာအစ်ကို... လင်းပင်းအန်းကို ဌာနမှူးက မျက်နှာသာပေးထားတယ်။ဒါက အစ်ကို့ရဲ့ အဆင့်အတန်းကို ထိခိုက်စေမလား”

လင်းချင်းယွီက ပြုံးလိုက်၏။ “အရေးမကြီးပါဘူး။ သူက လင်းမိသားစုမှာတုန်းကလည်း ငါ့အောက်မှာပဲ ရှိခဲ့တာ၊ ဓားပညာဌာနမှာလည်း အတူတူပဲဖြစ်ရမယ်”

“ဝမ်တောက်ကျောင်းတော် တစ်ခုလုံးမှာ၊ ရှောင်ချန်းကလွဲရင် ဘယ်သူက ငါ့နေရာကို ခြိမ်းခြောက်နိုင်မှာမို့လို့လဲ”

၎င်းကို ကြားသောအခါ အခြားသူများအားလုံးက တပြိုင်နက် အော်ဟစ်လိုက်ကြသည်။ “စီနီယာအစ်ကိုက သဘောထားကြီးပါတယ်”

သောင်းပြောင်းပညာရပ်ဌာန တွင်။

ချောင်ရို့ချန်သည် ဓားချီဖြင့် ခန္ဓာသန့်စင်ခြင်းကို ပြီးမြောက်သွားသည်။ နောက်တစ်ဆင့်မှာ စစ်မှန်ကံကြမ္မာအဆင့်သို့ တက်ရောက်ရန် သာဖြစ်ပါ၏။

လောလောဆယ်တွင် သူသည် ဌာနမှူး၏ နေအိမ်တွင် ချူဖုန်းနှင့်အတူ ထမင်းစားနေသည်။ ထိုစဉ် ကောင်းကင်ယံမှ တစ်စုံတစ်ယောက်က ပျံသန်းလာနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

ချူဖုန်းက ချက်ချင်း တူကို ချလိုက်ပြီး မော့ကြည့်လိုက်၏။ အသစ်ရောက်လာသူမှာ ဓားပညာဌာန အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသူ ဖြစ်သည်။

“ဌာနမှူးချူ”

ထိုလူက ချူဖုန်းကို အသာအယာ ဦးညွှတ်လိုက်သည်။

“ဓားပညာဌာနက အကြီးအကဲပါလား။ သောင်းပြောင်းပညာရပ်ဌာနကို ဘာကိစ္စများရှိလ်ို့ ရောက်လာတာလဲ”

ချူဖုန်းက တည်ငြိမ်စွာ မေးလိုက်၏။

အကြီးအကဲက ပြန်ဖြေလိုက်သည်။ “ကျွန်တော်တို့ ဓားပညာဌာနက လင်းပင်းအန်းက စစ်မှန်ကံကြမ္မာအဆင့်ကို တက်တုန်း မြင့်မြတ် ခန္ဓာကိုယ်ကို နိုးထလာပါတယ်။ ဌာနမှူးက သူ့ကို တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲတော့ မနက်ဖြန် တပည့်လက်ခံတဲ့ အခမ်းအနားကို တက်ရောက်ဖို့ ဌာနမှူးချူကို ဖိတ်ကြားခိုင်းလိုက်ပါတယ်”

“နားလည် ပြီ။ ပြန်သွားပြီး ဓားဘုရင်ကို ပြောလိုက်၊ ငါ မနက်ဖြန် သေချာပေါက် အရောက်လာခဲ့မယ်လို့”

ထိုစကားများနှင့်အတူ ချူဖုန်းသည် စတင် စဉ်းစားခန်းဖွင့်လိုက်သည်။

‘ ဒီ လင်းပင်းအန်းက ဘယ်သူလဲ၊ ပြီးတော့ နာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။’

“သွားခွင့်ပြုပါဦး”

ဓားပညာဌာန၏ အကြီးအကဲက လှည့်ထွက်သွားသည်။

ချောင်ရို့ချန်သည် အဝေးသို့ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ပြီးနောက် ရေရွတ်လိုက်၏။ “အဲဒီ လင်းပင်းအန်းမှာ တကယ်ပဲ ဝှက်ဖဲ တစ်ခုခု ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကြည့်ရတာ ဒီတိုက်ပွဲကို ပျော်ပျော်ကြီး ခံစားနိုင်တော့မယ် ထင်တယ်”

ချင်းချင်းသည် ၎င်းကို ကြားသောအခါ မသိစိတ်ဖြင့် မေးလိုက်သည်။ “စီနီယာအစ်ကို... အစ်ကိုနဲ့ လင်းပင်းအန်းကြားမှာ အငြိုးအတေး ရှိလို့လား”

“ဟမ့်”

ချောင်ရို့ချန်က နှာခေါင်းရှုံ့လိုက်သည်။ “အဲဒီနေ့တုန်းက သူ့ရဲ့ အရှက်ခွဲတာကို မခံခဲ့ရရင် ငါ ဒီလောက် ကြိုးစားဖြစ်မှာ မဟုတ်ဘူး။ တစ်နည်းပြောရရင် ငါ သူ့ကို ကျေးဇူးတင်သင့်တာ”

၎င်းကို ကြားမှ ချူဖုန်းသည် လင်းပင်းအန်း မည်သူဆိုတာ မှတ်မိသွားသည်။

“ဆရာ... ကျွန်တော် စစ်မှန်ကံကြမ္မာအဆင့်ကို တက်ဖို့ တောင်အောက် ဆင်းချင်ပါတယ်။ အဆင့်တက်နေတုန်း ကျွန်တော့်ကို ကာကွယ်ပေးပါ”

ချောင်ရို့ချန်သည် မတ်တပ်ရပ်ပြီး ချူဖုန်းကို လေးနက်စွာ ဦးညွှတ်လိုက်သည်။

ဘဝနှစ်ခု နေထိုင်ခဲ့ဖူးသူဖြစ်ရာ ချူဖုန်းက ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။ သူ အဆင့်တက်ခြင်းကို တခြားသူများ မသိစေချင်၍ပေ။

သူက တဟားဟား ရယ်မောလိုက်၏။ “မင်းလည်း အကြံသမားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းပြီလေ၊ မင်း အဆင့်တက်နေတုန်း ကာကွယ်ပေးဖို့ မနက်ဖြန်ညကျရင် ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

၎င်းကိုပြောပြီးမှသာ ချောင်ရို့ချန်က ပြန်ထိုင်လိုက်သည်။

‘ လင်းပင်းအန်း... ဒီတစ်ခါတော့ ငါ မင်းကို အကြီးကြီး အံ့အားသင့်သွားအောင် လုပ်ပြမယ်။’

ချင်းချင်းက ပြောလိုက်သည်။ “ဆရာ... ကျွန်မ ဆရာနဲ့ စီနီယာအစ်ကိုတို့နဲ့အတူ လိုက်လို့ရမလား။ စစ်မှန်ကံကြမ္မာအဆင့်ကို အရင်က တစ်ယောက်ယောက် အဆင့်တက်တာ မမြင်ဖူးလို့ပါ”

ချူဖုန်းက တွန့်ဆုတ်မနေဘဲ သဘောတူလိုက်၏။ “ရတာပေါ့။ မင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့တာကလည်း မကောင်းဘူး”

ထိုညတွင် ဆရာနှင့် တပည့်သုံးဦး ဝမ်တောက်ကျောင်းတော်မှ တိတ်တဆိတ် ထွက်ခွာသွားကြပါသည်။

ရက်အနည်းငယ် ကြာပြီးနောက် ဝမ်တောက်မြို့ အပြင်ဘက် လီတစ်ရာအကွာရှိ တောင်တစ်လုံးသို့ ရောက်ရှိလာကြသည်။

အနည်းငယ် ရှာဖွေပြီးနောက် တောရိုင်းကောင်တစ်ကောင် နေထိုင်သော ဂူတစ်ခုကို ရှာတွေ့လိုက်ကြ၏။

သားရဲကို မောင်းထုတ်ပြီးနောက် ချောင်ရို့ချန်သည် တင်ပျဉ်ခွေထိုင်ပြီး စစ်မှန်ကံကြမ္မာအဆင့်သို့ စတင်အဆင့်တက်တော့သည်။

All Chapters