← Chapters

မင်းတို့ကို ဘယ်သူက ဓားပြတိုက်ဖို့ သင်ပေးလိုက်တာလဲ

Vol. 6 Ch. 59

မင်းတို့ကို ဘယ်သူက ဓားပြတိုက်ဖို့ သင်ပေးလိုက်တာလဲ

Vol. 6 Ch. 59

ခုနစ်ရက် ကြာပြီးနောက်။

ဂူ အတွင်း၌။

ဒင်။

[လက်ခံသူ၏ ဒုတိယတပည့်သည် စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်ရှိသွားပြီး အာဏာရှင် နတ်ဘုရား ခန္ဓာကိုယ် နိုးထခဲ့ပါတယ်။ လက်ခံသူသည် ကျင့်ကြံခြင်း နှစ်(၂၀)စာနှင့်အာဏာရှင် နတ်ဘုရား ခန္ဓာကိုယ်(ပြီးပြည့်စုံခြင်း)ကို ဆုလာဘ်အဖြစ် ရရှိခဲ့ပါတယ်]

ချူဖုန်းသည် စနစ်၏ အသံကို ကြားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်ကာ မပြုံးဘဲ မနေနိုင်တော့ပေ။

ရှောင်ချန်းထံမှ နှစ်(၆၀)စာ ကျင့်ကြံခြင်း နှင့် ချောင်ရို့ချန်၏ အဆင့်တက်မှုမှ နောက်ထပ် နှစ် (၂၀) စာ ကျင့်ကြံခြင်း ပေါင်းထည့်လိုက်သောအခါ သူသည် နှစ်(၂၀၀)စာ ကျင့်ကြံခြင်းကို ရရှိသွားတော့သည်။

ဝမ်းနည်းစရာကောင်းသည့် တစ်ခုတည်းသော အချက်မှာ ကျင့်ကြံခြင်းနှစ်(၂၀၀)စာ တိုးလာသော်လည်း သက်တမ်းကား တိုးမလာချေ။

သိပ်မဝေးသည့်‌နေရာတွင် ချောင်ရို့ချန်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ သူ၏ခန္ဓာကိုယ်ပတ်လည်၌ ပြင်းထန်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

သူက ပြန်လည်မွေးဖွားလာသည့် အာဏာရှင်တစ်ဦးအလားပင်။

ချင်းချင်းသည် ချောင်ရို့ချန်ထံမှ ပြင်းထန်သည့်အရှိန်အဝါကို အာရုံခံမိသောအခါ မသိစိတ်ဖြင့် ချူဖုန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။

“ဆရာ... ဒုတိယ စီနီယာအစ်ကို ဘယ်လို မြင့်မြတ်ခန္ဓာကိုယ်မျိုး နိုးထလာတာလဲဟင်”

ချူဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ “တာ့ချန်က မြင့်မြတ် ခန္ဓာကိုယ်နိုးထလာတာ မဟုတ်ဘူး။ သူက နတ်ဘုရား ခန္ဓာကိုယ်တွေထဲက တစ်ခုဖြစ်တဲ့ အာဏာရှင် နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထလာတာ”

ချင်းချင်း (☄⊙ω⊙)☄

သူမက ဒုတိယ စီနီယာအစ်ကိုသည် မြင့်မြတ် ခန္ဓာကိုယ် နိုးထလာသည်ဟု ထင်မှတ်ထားသော်လည်း ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်ပင် တွေ့ရခဲသည့် နတ်ဘုရား ခန္ဓာကိုယ် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

ဝမ်တောက်ကျောင်းတော်ကဲ့သို့ ကျင့်ကြံသူတို့၏ မြင့်မြတ်နယ်မြေ အတွင်း၌ပင် စစ်မှန်ကံကြမ္မာအဆင့်တွင် နတ်ဘုရား ခန္ဓာကိုယ် နိုးထလာသော ကျင့်ကြံသူ လက်တစ်ဆုပ်စာသာ ရှိသည်။

သူတို့သုံးဦး စကားပြောနေစဉ် ဂူအဝင်ဝက အစီအရင်မှ ရုတ်တရက် ဝုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။တစ်စုံတစ်ယောက်က အတင်း ဝင်ရောက်ရန် ကြိုးစားနေပုံ ရ၏။

တစ်ခဏချင်း ချူဖုန်းနှင့် သူ၏တပည့်နှစ်ဦးတို့သည် ထိုအသံထံသို့ အာရုံစိုက်လိုက်ကြသည်။

“တာ့ချန်... မင်း ကြောင့်ဖြစ်လာတဲ့ ကောင်းကင်ထူးခြားဖြစ်စဉ်က တော်တော်လေး အာရုံစိုက်ခံလိုက်ရပုံပဲ” ချူဖုန်းက တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။

ချောင်ရို့ချန်က မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်၏။ “ဒီငတုံးတွေက ဘယ်သူ့ကို ရန်စနေလဲဆိုတာ မသိကြဘူး။ ဆရာ... သူတို့ကို ဖြဲခြောက်ဖို့အတွက် လူနည်းနည်းလောက် သတ်လို့ရမလား”

ချူဖုန်းက ပြန်ဖြေလိုက်သည်။ “ရတာပေါ့။ မင်းက အာဏာရှင် နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထပြီးပြီဆိုတော့ ခွန်အားနည်းနည်း သုံးပြီး ပြုမူတာက သင့်လျော်တယ်။ အထူးသဖြင့် သူတို့က ငါတို့ကို အရင် လာရန်စတဲ့သူတွေဖြစ်နေတဲ့အခါမျိုးမှာ ပေါ့”

“ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်တော် ဘယ်လောက် စွမ်းအားကြီးလာလဲဆိုတာ အဲဒီငတုံးတွေအပေါ် စမ်းသပ်ကြည့်လိုက်ဦးမယ်”

စကားပြောနေရင်း ချောင်ရို့ချန်သည် ကိုယ်လက်ဆန့်တန်းလိုက်သည်။ သူ၏မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် တောက်ပနေသည်။

ချင်းချင်းသည် စီနီယာအစ်ကို၏ အင်အားကို သိချင်နေသဖြင့် ဆရာနှင့် ဒုတိယ စီနီယာအစ်ကိုနောက်သို့ လိမ္မာစွာ လိုက်သွား၏။

ဂူအပြင်ဘက်တွင် လူအုပ်ကြီး စုဝေးနေသည်။ ကျင့်ကြံသူ တစ်ရာကျော်က အစီအရင်ရှေ့တွင် ရပ်နေကြပြီး လောဘတက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။

“ဆက်တိုက်ကြ။ ကောင်းကင်ထူးခြားဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ အရာက အဲဒီဂူထဲမှာ ရှိတယ်။ အစီအရင်ကို ချိုးဖျက်ပြီးတာနဲ့ ရတနာကို ငါတို့ ခွဲဝေယူကြမယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်ဟစ်အမိန့်ပေးနေသည်။

ကျင့်ကြံသူများစွာသည် သူတို့၏ နည်းစနစ်များကို ထုတ်လွှတ်လိုက်ကြ၏။

တိုက်ခိုက်မှုအတွဲလိုက်သည် အစီအရင်အပေါ်သို့ ကျရောက်သွားသည်။

ဝုန်း။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အစီအရင်က ပျက်စီးသွား၏။

ကျင့်ကြံသူ အများအပြား ဂူထဲသို့ ပြေးဝင်သွားကြသည်။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူတို့ထဲမှ ခုနစ်ယောက် ရှစ်ယောက်ခန့် လွင့်ထွက်လာပြီး လူအုပ်ကြားထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားကြသည်။

ကျန်သည့်လူများက ချက်ချင်း ရပ်တန့်သွားကြပြီး ဂူအဝင်ဝကို သတိထားကာ စိုက်ကြည့်နေကြ၏။

“ဘယ်က နလပိန်းတုံးတွေက ဒီသခင်လေးရဲ့ တံခါးပိတ်ကျင့်ကြံတာကို လာနှောင့်ယှက်ရဲတာလဲ”

အရိုင်းဆန်ပြီး မောက်မာသည့် အသံတစ်သံက ဂူအတွင်းမှ ပဲ့တင်ထပ်လာသည်။

လူများက ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အကြည့်များသည် ဦးဆောင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ ရောက်ရှိသွားကြ၏။

ထိုလူလည်း အံ့အားသင့်နေပုံရသည်။

‘သူတို့ တကယ်ပဲ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်မိလိုက်တာလား’

‘ဒါပေမဲ့ ဘယ်သူက တံခါးပိတ်ကျင့်ကြံရင်းနဲ့ ဒီလောက်ကြီးမားတဲ့ ကောင်းကင်ဖြစ်စဉ်ကို ဖြစ်ပေါ်စေမှာလဲ’

‘သူတို့အားလုံး ပိုင်ဆိုင်ရမဲ့ ရတနာကို ယူသွားတဲ့ သူခိုးတစ်ယောက်ပဲ ဖြစ်ရမယ်’

လူအုပ်ကြီး မှင်တက်နေဆဲ အချိန်တွင် အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် လူငယ်တစ်ဦးက ဂူထဲမှ ထွက်လာသည်။

ထိုလူငယ် ထွက်လာသည်နှင့် အကြည့်များက သူ့အပေါ်သို့ ရောက်ရှိသွားကြသည်။

‘ဒီကောင်က သေချာပေါက် သာမန်လူ မဟုတ်ဘူး’

သူ့ကို မြင်လိုက်ရသည့် အခိုက်အတန့် ထိုအတွေးတစ်ခုက လူတိုင်း၏ စိတ်ထဲ၌ ပေါ်လာသည်။

ဂူအတွင်းမှ ချင်းချင်းသည် ဒုတိယ စီနီယာအစ်ကို၏ မာန်တက်နေသော ကိုယ်ဟန်အနေအထားကို ကြည့်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။ “ဒုတိယ စီနီယာအစ်ကိုက ဘာလို့ ပျက်စီးနေတဲ့ သခင်လေး ပုံစံပေါက်နေရတာလဲ”

ချူဖုန်းက ရယ်မောပြီး ပြန်ပြောလိုက်သည်။ “ပိုပြီး ယုံကြည်မှု ရှိစမ်းပါ။ ပုံစံပေါက်နေရတာလဲ ဆိုတဲ့ စကားလုံးကို ဖယ်လိုက်။ သူက တကယ်ကို ပျက်စီးနေတဲ့ သခင်လေးပဲ”

ချောင်ရို့ချန်သည် ဆရာနှင့် ဂျူနီယာညီမလေးတို့၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် အနည်းငယ် နေရခက်သွား၏။

‘နေဦး... ငါ့လမ်းလျှောက်တဲ့ ပုံစံက လုံလောက်အောင် လွှမ်းမိုးမှု မရှိလို့လား’

‘ထားလိုက်တော့။ ဒီလူတွေကို ငါ့ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကိုယ်နေဟန်ထားနဲ့ပဲ ရိုက်ပြီး အဆုံးသတ်လိုက်တော့မယ်’

သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့အားလုံး နားပင်းနေကြတာလား။ ငါ စောစောက ပြောတာ မကြားလိုက်ကြဘူးလား”

လူလတ်ပိုင်းအရွယ် အမျိုးသားက အားတင်းပြုံးလိုက်၏။ “တောင်းပန်ပါတယ် ညီလေး။ ဒီဂူထဲမှာ လူရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိလို့ပါ။ နှောင့်ယှက်မိတာ ခွင့်လွှတ်ပေးပါ။

“မေးပါရစေ၊ မင်း အထဲမှာ တန်ဖိုးရှိတဲ့အရာ တစ်ခုခုများ တွေ့ခဲ့လား။ ဖြစ်နိုင်ရင် လူတိုင်းနဲ့ မျှဝေပေးပါလား”

“ဟက်”

ချောင်ရို့ချန်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ကြည့်ရတာ မင်းတို့က လူစကား နားမလည်ကြဘူးပဲ။ ငါ အထဲမှာ ကျင့်ကြံနေတယ်လို့ ပြောပြီးပြီလေ။ ဘာလဲ... မင်းတို့က ငါ့လက်သီးနဲ့ စကားပြောချင်နေကြသေးတာလား”

ဤလူများသည် မည်သည့် မြင့်မြတ်ဂိုဏ်းမှ လာသူများ မဟုတ်ကြပေ။

သို့သော် သူတို့သည် ဓားသွားပေါ်တွင် အသက်ရှင်နေထိုင်သူများ ဖြစ်ကြပြီး အနည်းငယ် စော်ကားခံရရုံဖြင့် သတ်ဖြတ်တတ်ကြသူများ ဖြစ်သည်။

‘အခုတော့၊ ကောင်စုတ်လေး တစ်ကောင်က သူတို့ကို လာရန်စနေတာလား’

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက မည်းမှောင်သွားပြီး ရက်စက်စွာ အော်ဟစ်လိုက်သည်။ “ဒီကောင်စုတ်လေးကို သတ်ပြီး သိုလှောင်အိတ်ကို ခွဲယူကြ။ သတ်”

သူ၏စကားဆုံးသည်နှင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် က သူတို့၏ လက်နက်များကို မြှောက်ပြီး ချောင်ရို့ချန်ဆီသို့ ပြေးဝင်လာကြသည်။

တစ်ခဏအတွင်း လက်နက်များသည် မိုးရွာသကဲ့သို့ ကျဆင်းလာပြီး သူ့ကို လွှမ်းခြုံသွား၏။

သို့သော် ချောင်ရို့ချန်က မလှုပ်ရှားပေ။ လက်နက်များ သူ့အပေါ်သို့ ခုတ်ပိုင်းကျလာသည်အထိ မလှုပ်မယှက် ရပ်နေလိုက်သည်။

ချလွင်။ ချလွင်။ချလွင်။

တိုက်ခိုက်မှုများ ထိတော့မည့် အချိန်တွင် သူ၏ခန္ဓာကိုယ် ပတ်လည်၌ အကာအကွယ် ဒိုင်းတစ်ခုပေါ်လာပြီး ၎င်းတို့အားလုံးကို အလွယ်တကူ ကာကွယ်လိုက်သည်။

“ဟန့်။ မင်းတို့လို အမှိုက်တွေကို ဓားပြတိုက်ဖို့ ဘယ်သူ သင်ပေးလိုက်တာလဲ ဆိုတာ တကယ် သိချင်မိတယ်”

ချောင်ရို့ချန်က လှောင်ပြောင်သော မျက်နှာထားဖြင့် ပြောလိုက်၏။

ကျင့်ကြံသူ တစ်ဒါဇင်ခန့်က အေးခဲသွားကြပြီး သူတို့၏ မျက်နှာအမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။

သူတို့က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“အစ်ကိုသွေးဓား။ ဒီကောင်က သာမန် မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကူညီပါဦး”

လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်လုံးများကို မှေးလိုက်ပြီး အေးစက်သော အပြုံးဖြင့် ချောင်ရို့ချန်ကို အကဲခတ်လိုက်သည်။ “မင်းက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး။ ဒါကြောင့် ဒီလောက် ရဲတင်းနေတာ မထူးဆန်းဘူး။ တကယ်လို့ မင်းက ကောင်းကင်ဇာစ်မြစ် ကျင့်ကြံသူဆိုရင် ငါ သတိထားပြီးတိုက်ခိုက်ရမှာ။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ။ မင်းက စစ်မှန်ကံကြမ္မာအဆင့်မှာပဲ ရှိသေးတယ်”

သူ စကားပြောပြီးသည်နှင့် ကျောဘက်မှ ဓားရှည်တစ်ချောင်းကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

၎င်းသည် သွေးနီရောင် ဓားတစ်ချောင်း ဖြစ်၏။

ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် သွေးဆာမှုနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

သွေးဓားမိစ္ဆာ၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသည့် ဖိအားများ ဖြာထွက်လာပြီး တောင်စောင်း၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွား၏။

ချောင်ရို့ချန်သည် ထိုအရှိန်အဝါကို ခံစားလိုက်ရသော်လည်း သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

ထိုအစား သူ၏စိတ်လှုပ်ရှားမှုက ပိုမို ကြီးထွားလာသည်။

“ကောင်းကင်ဇာစ်မြစ်အဆင့်... ဒါဆို မင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သွေးဓားမိစ္ဆာဖြစ်ရမယ်၊ ဟုတ်တယ်မလား”

ချင်းချင်းသည် သွေးဓားမိစ္ဆာ ဆိုသော နာမည်ကို ကြားလိုက်ရသောအခါ သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

မွှေးရနံ့စင်မြင့်တွင် ရှိစဉ်က သူနှင့်ပတ်သက်သော ပုံပြင်များကို ကြားဖူးသည်။ သူသည် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်သည်မှာ မကြာသေးသော်လည်း သူ၏သွေးနီရောင်ဓားက နယ်မြေအနှံ့တွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည်။

သူက သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းသည်ဟု ဆိုကြသည်။ လူတစ်ယောက်ကို သတ်လိုက်တိုင်း သူ၏သွေးဓားက ပိုမို သန်မာလာလေ့ရှိသည်။

ထိုဓားမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ကြည့်လျှင် အသက်ပေါင်း မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီးပုံရ၏။

သွေးဓားမိစ္ဆာက ပြုံးလိုက်သည်။ “အခုမှ ကြောက်နေပြီလား ကောင်လေး။ နောက်ကျသွားပြီ။ ငါ့ဓားကို ဆွဲထုတ်လိုက်ရင် သွေးအရသာ မြည်းစမ်းမှရမယ်။ ဒီနေ့ ငါ့ဓားကို မင်းရဲ့ သွေးကျွေးပြီး အယောက်တစ်ထောင်မြောက် သတ်ဖြတ်ခြင်းကို ပြီးမြောက်ရမယ်”

All Chapters