မဟုတ်ဘူး၊ ကျွန်တော် မသန်မာသေးပါဘူး
Vol. 6 Ch. 60
“လေလုံးထွားလိုက်တာ။ ဒီနေ့ ခင်ဗျား ဘယ်လောက် သန်မာလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ချောင်ရို့ချန်သည် မထီမဲ့မြင် အမူအရာဖြင့် အရှိန်အဝါများကို ပေါက်ကွဲထုတ်လိုက်၏။
“သွေးဓား ခုတ်ပိုင်းချက်”
သွေးဓားမိစ္ဆာသည် ဓားကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်ပြီး အားဖြင့် ခုတ်ပိုင်းချလိုက်သည်။
မီတာများစွာ ရှည်လျားသည့် သွေးနီရောင် ဓားအလင်းတန်းကြီး တစ်ခုက ကောင်းကင်ယံမှ ပြိုကျလာ၏။
ဓားအရှိန်အဝါသည် ဓားဆန္ဒကိုးဆယ်ရာခိုင်နှုန်း ပါဝင်နေပြီး ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
“အဲဒီကောင်လေးတော့ သွားပြီ။ သူက အစ်ကိုသွေးဓားကို သွားရန်စတာကိုး”
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ ပြောဆိုနေကြ၏။
ဂူအတွင်း၌။
ချင်းချင်းသည် သူမ၏ နူးညံ့သော လက်ကလေးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရင်တထိတ်ထိတ် ဖြစ်နေရှာ၏။ “ဒုတိယ စီနီယာအစ်ကို အဆင်ပြေပါ့မလားဟင်”
ချူဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ကိစ္စမရှိဘူး။ ဓားဆန္ဒ ကိုးဆယ်ရာခိုင်းနှုန်းလောက်က တာ့ချန်ကို မထိခိုက်စေနိုင်ဘူး။ တကယ်လို့ တစ်ဖက်ကပြီးပြည့်စုံတဲ့ ဓားဆန္ဒကို နားလည်သဘောပေါက်ထားရင်တော့ ဖြစ်နိုင်တယ်”
သူ၏စကားသံ ဆုံးသည်နှင့် ဂူအပြင်ဘက်ရှိ လူတိုင်း အေးခဲသွားကြ၏။
ထိုမောက်မာသော လူငယ်သည် လက်သီးတစ်ဖက်ကို မြှောက်လိုက်ပြီး ကျဆင်းလာသော သွေးဓားကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
သူ၏လက်သီး အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းသော သွေးဓားစွမ်းအင်ကို လွယ်ကူစွာပင် ကာကွယ်လိုက်သည်။
ဝုန်း။
မိုးခြိမ်းသံအလား ပေါက်ကွဲသံကြီးနှင့်အတူ သွေးနီရောင် ဓားအရှိန်အဝါသည် လုံးဝ ပျက်စီးပျောက်ကွယ်သွားသည်။
သို့သော် လက်သီး အရှိန်အဝါသည် ပျောက်ကွယ်မသွားဘဲ သွေးဓားမိစ္ဆာထံသို့ တိုးဝင်သွား၏။
၎င်းကို မြင်သောအခါ သွေးဓားမိစ္ဆာသည် အလျင်အမြန် ထပ်မံ ခုတ်ပိုင်းလိုက်ပြီး လက်သီးချက်ကို ခဲယဉ်းစွာ ကာကွယ်လိုက်ရသည်။
လူတိုင်း အံ့အားသင့်သွားသည်မှာ ချောင်ရို့ချန်သည် လိုက်လံတိုက်ခိုက်ခြင်း မပြုပေ။ ထိုအစား သူသည် ငြိမ်သက်စွာ ရပ်နေပြီး လှောင်ပြောင်လိုက်၏။
“နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သွေးဓားမိစ္ဆာရဲ့ အစွမ်းက ဒီလောက်ပဲလား”
တိတ်ဆိတ်ခြင်း။
လုံးဝကို တိတ်ဆိတ်သွားခြင်းပင်။
လူတိုင်းသည် သူတို့ရှေ့မှ လူငယ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ သာမန် စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ဦးက သွေးဓားမိစ္ဆာ၏ အထင်ကရ နည်းစနစ်ဖြစ်သော သွေးဓား ခုတ်ပိုင်းချက်ကို လွယ်ကူစွာ ချေမှုန်းပစ်လိုက်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
‘ပြိုင်ဘက်က တော်တော် သန်မာတာပဲ...’
သွေးဓားမိစ္ဆာက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ အန္တရာယ်ခေါင်းလောင်းသံများသည် ခေါင်းထဲတွင် မြည်ဟိန်းလာ၏။ ထိုအခါ အတွေးတစ်ခုတည်းသာ ကျန်ရစ်တော့သည်။သူ ပြေးမှ ဖြစ်မည်။
လူငယ်လေးသည် မြင့်မြတ်နယ်မြေတစ်ခုခုမှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဘယ်လိုလုပ် ဤမျှ ကြောက်စရာ ကောင်းနေနိုင်မည်နည်း။
သူ စကားပြောမနေတော့ချေ။ သူ၏ပုံရိပ်သည် သွေးရောင်အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းထွက်ခွာသွားသည်။
“သောက်ကျိုးနည်း၊ အရှက်မရှိတဲ့ ခွေးမသားကြီး။ မနိုင်တော့ ထွက်ပြေးတာလား။ ခင်ဗျား အရှက်မရှိဘူးလား”
ချောင်ရို့ချန်က ထွက်ပြေးသွားသော သွေးရောင်အလင်းတန်းကို လက်သီးဖြင့် ပစ်ထိုးရင်း ကျိန်ဆဲလိုက်သည်။
ကံဆိုးစွာဖြင့်၊ သွေးဓားမိစ္ဆာသည် အလွန် မြန်ဆန်လွန်းလှသဖြင့် လက်သီးချက်က လွဲချော်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် ပျင်းရိနေသည့် အသံတစ်သသည် ဂူအတွင်းမှ ထွက်လာသည်။
“စိတ်အေးအေးထားစမ်းပါ။ သူ မလွတ်မြောက်နိုင်ဘူး။ ခုတ်ပိုင်းလိုက်စမ်း”
စကားသံ ဆုံးသည်နှင့် ဓားအလင်းတန်းတစ်ခုက ဂူအတွင်းမှ ပေါက်ကွဲထွက်လာသည်။၎င်းက လျှပ်စီးထက်ပင် ပိုမို မြန်ဆန်နေ၏။
ကလန်။
အလင်းတန်းက ကောင်းကင်ယံကို ဖြတ်သန်းသွားစဉ် ထွက်ပြေးနေသည့် သွေးရောင်အလင်းတန်းက လေထဲတွင် ရုတ်ခြည်း အေးခဲရပ်တန့်သွားသည်။
ထို့နောက် ကြိုးပြတ်သွားသော စွန်ပမာ ကောင်းကင်မှ ပြုတ်ကျလာတော့၏။
ဝုန်း။
ပြုတ်ကျသံကျယ်ကြီးက တောင်ခြေမှ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက သူတို့၏နတ်ဘုရားအာရုံကို အောက်ဘက်သို့ ဖြန့်ကျက်လိုက်ကြသည့်အခါ သွေးဓားမိစ္ဆာသည် သွေးအိုင်ထဲတွင် မျက်လုံးပြူးလျက် လဲလျောင်းနေပြီး လုံးဝ အသက်မဲ့နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
‘ဂူထဲမှာ နောက်ထပ် ကျွမ်းကျင်သူတစ်ယောက်ရှိနေသေးတာပဲ’
လူအုပ်ကြီးက ထိန်လန့်သွားကြသည်။ ထိုလူငယ်လေး တစ်ယောက်တည်းနှင့်ပင် သူတို့ကို သေလုနီးပါး ကြောက်လန့်စေခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် ယခုအခါ ဂူထဲတွင် ပိုမို သန်မာသော သူတစ်ယောက် ရှိနေသေးသည်။
ဘုန်း။
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် ဒူးထောက်ချလိုက်သည်။ နောက်တစ်စက္ကန့်တွင် ကျန်လူအားလုံးလည်း လိုက်လုပ်ကြပြီး ခေါင်းငုံ့ကာ အသနားခံကြတော့၏။
“သခင်လေး ကျွန်တော်တို့ကို အသက်ကို ချမ်းသာပေးပါ”
“သခင်လေးရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ဖို့ တကယ် မရည်ရွယ်ပါဘူး”
“…”
ချောင်ရို့ချန်သည် ဒူးထောက်နေသော လူအုပ်ကြီးကို ကြည့်လိုက်သော်လည်း သူ၏ရင်ထဲတွင် တုန်လှုပ်ခြင်း အနည်းငယ်မျှ မရှိပေ။ သူက လှည့်ပြီး ဂူဘက်သို့ လှမ်းအော်လိုက်သည်။
“ဆရာ... ဒီလူအုပ်ကြီးကို ကျွန်တော် ဘယ်လို လုပ်ရမလဲ”
ချူဖုန်းက ခပ်အေးအေး ပြန်ဖြေလိုက်၏။ “မင်း သဘောအတိုင်း လုပ်ပါ”
“နားလည်ပါပြီ”
ချောင်ရို့ချန်သည် အမိန့်ကို နာခံလိုက်ပြီးနောက် ဒူးထောက်နေသော ကျင့်ကြံသူများဘက်သို့ ကြည့်လိုက်သည်။
“မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို ပေးခဲ့ကြ။ နောက်တစ်ခါ ငါ့ကို လာရန်စရင်တော့ မင်းတို့ရဲ့ အသက်တွေကို ထားခဲ့ရလိမ့်မယ်”
၎င်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီးသည် အလွန် ဝမ်းမြောက်သွားကြပြီး အလျင်အမြန် ပြောလိုက်ကြသည်။
“ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်”
“နောက်တစ်ခါ သခင်လေးကို တွေ့ရင် ကျွန်တော်တို့ အဝေးကနေ ရှောင်သွားပါ့မယ်”
“…”
ခဏအကြာတွင် ချောင်ရို့ချန်သည် သိုလှောင်အိတ်အပုံလိုက်ကြီးကို သယ်ဆောင်လျက် ဂူထဲသို့ ပြန်ဝင်လာသည်။
ချင်းချင်းက သူ့ကို ဦးဆုံး နှုတ်ဆက်လိုက်၏။ “ဒုတိယ စီနီယာအစ်ကို... အစ်ကိုက အံ့ဩဖို့ကောင်းလိုက်တာ။ စစ်မှန်ကံကြမ္မာအဆင့်ကို အခုမှ တက်ပြီးတာတောင် ကောင်းကင်ဇာစ်မြစ်အဆင့် ပြိုင်ဘက်ကို အနိုင်ယူလိုက်နိုင်ပြီ”
“မဟုတ်ဘူး... ငါ့ရဲ့ သန်မာမှုက မလုံလောက်သေးဘူး”
ချောင်ရို့ချန်က တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
ချင်းချင်းက သူ့ကို ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ “စီနီယာအစ်ကို... အစ်ကို ဒီလောက်ကြီး နှိမ့်ချနေစရာ မလိုပါဘူး...”
ချောင်ရို့ချန်က ခေါင်းယမ်းလိုက်၏။ “တကယ်လို့ စီနီယာအစ်ကိုသာ ဒီမှာ ရှိနေခဲ့ရင် ဆရာက ဝင်ပါစရာတောင် လိုမှာ မဟုတ်ဘူး။ အဲဒီကောင်ထွက်ပြေးဖို့ ကြိုးစားတဲ့ အချိန်မှာတင် သေနေလောက်ပြီ”
ချင်းချင်းက လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိသည်။ ‘ပထမ စီနီယာအစ်ကိုက ဘယ်လောက်တောင် သန်မာတာလဲ...’
ချူဖုန်းက ရှေ့သို့ လျှောက်လာပြီး ချောင်ရို့ချန်၏ ပခုံးကို ပုတ်လိုက်သည်။ “မဆိုးဘူး။ မင်း အားနည်းချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာ ကောင်းတယ်။ အခု ပြောစမ်းပါ၊ မင်းရဲ့ အားနည်းချက်တွေက ဘယ်နေရာမှာ ရှိတယ်လို့ ထင်လဲ”
ချောင်ရို့ချန်က လေးစားစွာ ပြန်ဖြေလိုက်၏။ “ကျွန်တော့်ရဲ့ ဖရိုဖရဲ ခန္ဓာကျမ်း နဲ့ လိုက်ဖက်တဲ့ လက်သီးသိုင်း မရှိသေးဘူး။တကယ်လို့ ကျွန်တော့်မှာ ရှိခဲ့ရင်၊ အဲဒီကောင်ရဲ့ ခေါင်းကို လွင့်ထွက်သွားအောင် ထိုးနိုင်မှာ”
“ကောင်းပြီ။ ငါတို့ ပြန်ရောက်တာနဲ့ မင်းနဲ့ ဘယ်လို လက်သီးသိုင်းမျိုးက ကိုက်ညီမလဲ ဆိုတာ စဉ်းစားပေးမယ်”
ထို့နောက် ချူဖုန်းက ထပ်ဖြည့်ပြောလိုက်သည်။ “သင့်တော်တဲ့ နည်းစနစ် မရှိတာအပြင် မင်းရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံကလည်း ပြဿနာ တစ်ခုပဲ”
“မင်းရဲ့ ပထမ စီနီယာအစ်ကိုက ဝမ်တောက်ကျောင်းတော် အပြင်စည်းရဲ့ နံပါတ်တစ် ဖြစ်လာရတာက သူ့ရဲ့ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး အတွေ့အကြုံကြောင့်ပဲ။ အဲဒါက မင်း ယှဉ်နိုင်တဲ့ အရာ မဟုတ်ဘူး”
“ငါ မင်းကို လက်သီးသိုင်း ပေးပြီးတာနဲ့ မင်း အဲဒါကို လက်တွေ့တိုက်ပွဲတွေကနေတစ်ဆင့် လေ့ကျင့်ရလိမ့်မယ်။ အဲဒါမှ မင်းရဲ့ အင်အားကို အမြန်ဆုံးနှုန်းနဲ့ တိုးတက်အောင် လုပ်နိုင်လိမ့်မယ်”
ချောင်ရို့ချန်က ဦးညွှတ်လိုက်၏။ “တပည့် နားလည်ပါပြီ”
လင်းပင်းအန်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစတင်ရန် အချိန်တစ်လလိုပါသေးသည်။
သူ နည်းစနစ်ကို ရရှိပြီးသည်နှင့် ယန်မန်ရွှံ့နွံထဲတွင် နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ရင်း လဝက်ခန့် လေ့ကျင့်ရပေလိမ့်မည်။ ဆရာ သင်ပေးသည့် နည်းစနစ်၏ အခြေခံများကို သူ ကျွမ်းကျင်ပိုင်နိုင်နိုင်မည်ဟု ယုံကြည်ပါ၏။
“သွားကြစို့။ ငါတို့ ဝမ်တောက်ကျောင်းတော်ကို အရင် ပြန်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် ချူဖုန်းသည် ချင်းချင်းကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားသည်။ ချောင်ရို့ချန်သည် အနောက်မှ ကပ်လျက် လိုက်ပါလာ၏။
သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်ပြီးနောက် ချူဖုန်းသည် အခန်းသို့ တန်းတန်းမတ်မတ် သွားရောက်ပြီး ချောင်ရို့ချန်ကို မည်သို့သော လက်သီးသိုင်းမျိုး သင်ပေးရမည်ကို စတင် စဉ်းစားတော့သည်။
သူ၏ယခင်ဘဝက မြင်တွေ့ခဲ့ဖူးသမျှ လက်သီးသိုင်း အားလုံးကို စိတ်ထဲတွင် စတင် စီစစ်လိုက်၏။
အဆင့်နိမ့် သိုင်းပညာများမှအဆင့်မြင့် ပုံစံများ စိတ်ကူးယဉ်နည်းစနစ်များအထိ ပါဝင်လေသည်။
သို့သော် လောလောဆယ်တွင် ချောင်ရို့ချန်နှင့် အမှန်တကယ် ကိုက်ညီမည့် မည်သည့် နည်းစနစ်ကိုမျှ သူ စဉ်းစား၍ မရနိုင်သေးချေ။
ကံကောင်းထောက်မစွာပင် ချူဖုန်းကိုယ်တိုင်က စနစ်၏ ဆုလာဘ်ကို ရရှိထားပြီး ဖရိုဖရဲ ခန္ဓာကျမ်းကို သင်ယူထားပြီး ဖြစ်သည်။
သူ၏ ယခင်ဘဝမှ မှတ်မိသမျှ လက်သီးသိုင်း နည်းစနစ်များ အားလုံးကို ဦးစွာ စမ်းသပ် လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ကြယ်ရောင်နှင့် လရောင်အောက်တွင်။
ချူဖုန်းသည် ခြံဝင်းထဲ၌ ရပ်နေပြီး မှတ်ဉာဏ်ထဲမှ လက်သီးသိုင်း ပုံစံတစ်ခုချင်းစီကို လေ့ကျင့်သည်။
သူ၏ယခင်ဘဝက လက်သီးသိုင်းများကို တစ်ခါမှ မလေ့ကျင့်ဖူးခဲ့သော်လည်း လက်ရှိ ချူဖုန်းတွင် နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိသည့် ကျင့်ကြံခြင်း စွမ်းအားရှိပြီး ဓားဆန္ဒသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
တစ်ခုကို ကျွမ်းကျင်လျှင်၊ အားလုံးကို ကျွမ်းကျင်နိုင်သည် ဟူသော ဆိုရိုးစကား အတိုင်းပင်။
ယခင်ဘဝက နက်နဲပြီး ဆန်းကြယ်သည်ဟု ထင်ခဲ့ရသော အရာများသည် ယခုအခါ သူ့အတွက် လွယ်ကူနေသည်။
လက်သီးနည်းစနစ်များအားလုံး ပြီးသွားပြီးနောက် နေမင်းက ထွက်ပေါ်လာသည်။
သို့သော် ဖရိုဖရဲ ခန္ဓာကျမ်းနှင့် အာဏာရှင် နတ်ဘုရား ခန္ဓာကိုယ် ပေါင်းစပ်မှုအတွက် သင့်လျော်သော လက်သီးသိုင်း နည်းစနစ်တစ်ခုကို ချူဖုန်း ရှာမတွေ့သေးချေ။
၎င်းတို့ထဲမှ တစ်ခုမျှ ထိုပေါင်းစပ်မှုက တောင်းဆိုသည့် ပြင်းထန်သည့် အင်အားကို မမီနိုင်ကြပေ။
သူက ပြင်းထန်ကြမ်းကြုတ်မှု၊ စစ်မှန်ယန် နှင့် နတ်ဘုရားအင်အားတို့ ပါဝင်သည့် နည်းစနစ်တစ်ခုကို လိုအပ်နေသည်။
‘ကြည့်ရတာ တာ့ချန် စမ်းသပ်ဖို့အတွက် အသစ်တစ်ခု ဖန်တီးပေးရမဲ့ ပုံပဲ။ တကယ်လို့ အဆင်ပြေရင် ကောင်းတာပေါ့။ အဆင်မပြေရင်တော့ အဲဒါက သူ့ရဲ့ နားလည်နိုင်စွမ်း မလုံလောက်ဘူးလို့ ဆိုတဲ့ သဘောပဲ’
ထိုအတွေးနှင့်အတူ ချူဖုန်း၏ မျက်နှာ ပေါ်တွင် အပြုံးရေးရေးလေးပေါ်လာသည်။
သူ အခန်းသို့ ပြန်ဝင်လိုက်ပြီး စက္ကူ၊ စုတ်တံနှင့် မင်တို့ကို ယူကာ စာရွက်အလွတ်တစ်ရွက်ပေါ်တွင် စာလုံးကြီးလေးလုံးကို စတင် ရေးသားလိုက်၏။
ပြင်းထန်တာအို နတ်ဘုရားလက်သီး ။
ပြင်းထန်တာအိုဆိုသည်မှာ လမ်းစဉ်တစ်ခုကို ၎င်း၏ အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံခြင်းကို ဆိုလိုသည်။
ပြင်းထန်တာအို နတ်ဘုရားလက်သီးသည် ဂိုဏ်းပေါင်းစုံ၏ အားသာချက်များကို ယူပြီး အဆုံးစွန်သော မာကျောမှု၊ အဆုံးစွန်သော ယန် နှင့် အဆုံးစွန်သော အင်အားတို့ဖြင့် ဖွဲ့စည်းထားသည့် လက်သီးသိုင်းတစ်ခုဖြစ်သည်။ ၎င်းနည်းစနစ်က ယခုလေးတင် ချူဖုန်းဖန်တီးလိုက်ခြင်းဖြစ်သည်။
သူက ဆက်ရေးလိုက်သည်။
လက်သီးကို ခွန်အားဖြင့် မဟုတ်၊ ဆန္ဒဖြင့်သာ လမ်းညွှန်ရသည်။