← Chapters

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂)

Vol. 5 Ch. 42

ရှမ့်ယွင်ဂိုဏ်း၏ အကြီးမားဆုံး တောင်ထိပ်ဖြစ်သော ထျန်ကျီးတောင်ထိပ်တွင် ဂိုဏ်း၏ စီမံခန့်ခွဲရေးဆိုင်ရာ ခန်းမများစွာ တည်ရှိသည်။ တပည့်သားများက နေ့စဉ်မပြတ်ဝင်ထွက်သွားလာနေကြသဖြင့် အလွန်သက်ဝင်စည်ကားလှကာ အထီးကျန်လှသော ယွင်ကျမ့်တောင်ထိပ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။

ဂိုဏ်းခေါင်းဆောင်ကြီး နန်ခယ့် ကျင့်ကြံရာ လှိုဏ်ဂူကလည်း ထျန်ကျီးတောင်ထိပ်တွင် တည်ရှိသည်။

နန်ခယ့်နှင့် ရှန်းဝမ်ချင်းတို့မှာ ဆရာတစ်ဦးတည်းထံမှ ဆင်းသက်လာကြသူများဖြစ်ပြီး သာမန်ဝိညာဉ်လမ်းစဉ်ကို ကျင့်ကြံကြသူများဖြစ်ကြသော်လည်း ကျင့်ကြံပုံခြင်းကတော့ အလွန်ကွဲပြားပါသည်။

ရှန်းဝမ်ချင်းမှာ မွေးရာပါ ဓားခန္ဓာပိုင်ရှင်ဖြစ်ပြီး သတ္တုအမျိုးအစား ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသဖြင့် စတင်ကျင့်ကြံစဉ်ကတည်းက ဓားသိုင်းကိုသာ ဦးစားပေးခဲ့သည်။

နန်ခယ့်မှာတော့ ဝိညာဉ်ရင်းမြစ်အမျိုးအစား ငါးခုပိုင်ဆိုင်ပြီး ‘ဓာတ်ငါးပါး ရောယှက်ခြင်းအတတ်’ကို ကျင့်ကြံသည်။

နန်ခယ့်၏ ကျင့်ကြံခြင်းလမ်းစဉ်များက အလွန်ကျယ်ပြန့်ပြီး ဆေးဖော်စပ်ခြင်းပညာ၊ အင်းအဆောင်ဖန်တီးခြင်းပညာ၊ နက္ခအတတ်ပညာ၊ ပန်းပဲပညာနှင့် စည်းဝိုင်းအခင်းအကျင်းပညာများအထိ လေ့လာခဲ့ဖူးသည်။ သီးသန့်ဆေးဖော်စပ်ခန်း တစ်ခန်းပင် ဖန်တီးထားပြီး ဆေးဖက်ဝင်ပစ္စည်းများကို ဘေးချင်းကပ်လျက် သိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားသည်။

ယခု ထိုသိုလှောင်ခန်းကို ဖွင့်ပြီး အထဲမှ စွေ့ယွမ်ပန်းပင်ကို ယူဆောင်လာဖို့ တပည့်သားတစ်ဦးအား နန်ခယ့် တာဝန်ပေးထားပါသည်။

စွေ့ယွမ်ပန်းမှာ ထပ်ဆင့်နေသော ပွင့်ချပ်လွှာများ၊ အလယ်တွင် အဖြူရောင်ဝတ်ဆံနှင့် အောက်ဘက်တွင် အစိမ်းရောင် ပွင့်ဖတ်များအုပ်ထားသော လက်ဖဝါးခန့်အရွယ်ရှိ ခရမ်းရောင် ပန်းလေးတစ်ပွင့်ဖြစ်သည်။

ဝိညာဉ်ကျောက်စိမ်းဖြင့် ဖန်တီးထားသည့် သေတ္တာလေးတစ်လုံးထဲတွင် စွေ့ယွမ်ပန်းကို ထည့်ကာ သိမ်းဆည်းထားသည်။ စွေ့ယွမ်ပန်း ညှိုးမသွားစေဖို့အတွက် ထိုသေတ္တာလေးအား မန်းမှုတ်ထားပါသည်။

စွေ့ယွမ်ပန်းကို ယူဆောင်ပြီးနောက် ရှန်းဝမ်ချင်းအား နန်ခယ့် သေချာ မှာကြားလိုက်သည်။

“ပွင့်ဖတ်တစ်ဖတ်ကို ရေတစ်ခွက်စီမှာ ဖျော်ပြီး စန်းချွမ်ကို တိုက်လိုက်၊ တစ်ရက်ကို တစ်ခွက်ပဲ၊ ဒီစွေ့ယွမ်ပန်းထဲက ပွင့်ဖတ်တွေ အကုန်ကုန်သွားတဲ့အခါ သူ့ဝိညာဉ်ရင်းမြစ် အကောင်းပကတိပြန်ဖြစ်သွားလိမ့်မယ်”

ကျောက်စိမ်းသေတ္တာလေးကို ရှန်းဝမ်ချင်း ယူလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို”

ရှန်းဝမ်ချင်းပြန်ခါနီးတွင် နန်ခယ့်က အကြံပေးလိုက်ပါသည်။

“မိန်းကလေးတွေဆိုတာ အကြမ်းနည်းထက် အနုနည်းကို ပိုသဘောကျတတ်ကြတယ်၊ စန်းချွမ်ကို မင်းနားမှာ တကယ်ရှိစေချင်တယ်ဆိုရင် အကြမ်းနည်းမသုံးမိပါစေနဲ့”

ရှန်းဝမ်ချင်း ကျောက်စိမ်းသေတ္တာကို သိမ်းလိုက်ပြီး ခံစားချက်မဲ့စွာ ပြန်ပြောလိုက်ပါသည်။

“ကျွန်တော် ဘာအကြမ်းနည်းမှ မသုံးဘူး”

“ဟုတ်လား၊ အဲ့တာဆို သူ့ကို ဘာလို့ လှိုဏ်ဂူထဲမှာ ပိတ်လှောင်ထားတာလဲ”

ရှန်းဝမ်ချင်း လှိုဏ်ဂူထံသို့ နန်ခယ့်လာရောက်လည်ပတ်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်တုန်းက လှိုဏ်ဂူအတွင်း စိတ်ရှိသလို ဝင်နိုင်ထွက်နိုင်ခဲ့သော်လည်း ယနေ့တော့ လှိုဏ်ဂူဝင်ပေါက်တွင် အကာအရံတစ်ခုကို နန်ခယ့် တွေ့မြင်ခဲ့ရသည်။

ထို့ကြောင့် စန်းချွမ်ထွက်ပြေးမည်စိုးသဖြင့် ရှန်းဝမ်ချင်းက ပိတ်လှောင်ထားခြင်းဖြစ်မှန်း နန်ခယ့် ခန့်မှန်းနိုင်ခဲ့ပါသည်။

ရှန်းဝမ်ချင်း တိတ်ဆိတ်သွားခဲ့သည်။

နန်ခယ့် မဲ့ပြုံးပြုံးကာ ပြောလိုက်ပါသည်။

“မင်းသူ့ကို ထွက်မသွားစေချင်မှန်း ငါနားလည်ပါတယ်၊ ဒါပေမယ့် ဒီလိုလုပ်တာ မမှန်ကန်ဘူး၊ သူ့ကို ဖိအားပေးပါများလို့ တစ်ခုခုလွဲချော်သွားတဲ့အခါ မင်းပဲ ရင်ကွဲပြီး ကျန်ခဲ့ရမှာ”

ရှန်းဝမ်ချင်း နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။ သူက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ဖြစ်ကာ ဂုဏ်အဆင့်အတန်းလည်း မြင့်မားသူဖြစ်သဖြင့် မိန်းမတစ်ယောက်အား ပိုးပန်းနည်းကို အစ်ကိုဖြစ်သူထံမှ သင်ယူရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထို့ကြောင့် ရင်ထဲ အနည်းငယ် နေရခက်မိသည်။

ရှန်းဝမ်ချင်း တိုးညှင်းစွာ ပြန်ပြောလိုက်သည်။

“ဒုတိယအစ်ကိုက အချစ်ရေးကိစ္စ အတော်သိတယ်လား”

နန်ခယ့် လက်ထဲမှ မြင်းမြီးယပ်ကို အနည်းငယ် လှုပ်ရမ်းကာ ရယ်မောလိုက်ပါသည်။

“ဒါပေါ့ကွ သိတာပေါ့၊ မဟုတ်ရင် မင်းမရီးကို ငါဘယ်လို ချဉ်းကပ်ခဲ့တယ် ထင်လို့လဲ၊ ငါမွေးထားတဲ့ ငါ့ကလေးက အခြေခံအုတ်မြစ်ချအဆင့်ကိုတောင် ရောက်နေပြီ၊ မင်းကကော၊ မင်းမှာ ဘာလက်ဆုပ်လက်ကိုင်ပြစရာရှိလို့လဲ”

တစ်ကိုယ်တည်းသမား ရှန်းဝမ်ချင်း ထပ်မံတိတ်ဆိတ်သွားခဲ့ရပြန်သည်။

နန်ခယ့် တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“ဒီကိစ္စမှာ အတွေ့အကြုံရင့်ကျက်နေတဲ့သူတစ်ယောက်အနေနဲ့ မင်းထက်ငါ ပိုသိနေတာ မထူးဆန်းဘူး၊ မင်းမိန်းမလိုချင်တယ်ဆိုရင် ငါ့စကားသာ နားထောင်စမ်းပါ”

အချိန်အတော်ကြာမှ ရှန်းဝမ်ချင်း ပြန်မေးလိုက်ပါသည်။

“ကျွန်တော် ဘယ်လိုလုပ်ရမလဲ”

နန်ခယ့်: “ရိုးရိုးလေးပါ၊ ဘာမှ မလုပ်နဲ့”

ရှန်းဝမ်ချင်း ဇဝေဇဝါဖြစ်သွားခဲ့သည်။

နန်ခယ့် သေသေချာချာ ရှင်းပြလိုက်သည်။

“အခုအချိန်မှာ စန်းချွမ်က မင်းကို အကောင်းမြင်နေတာမဟုတ်ဘူး၊ အဲ့ဒီတော့ မင်းကြိုးစားလေလေ အမှားလုပ်မိလေလေဖြစ်မှာပဲ၊ အဲ့တော့ ဘာမှမလုပ်တာ အကောင်းဆုံးပဲ၊ သူ့နားမှာ ဒီတိုင်း တိတ်တိတ်လေးပဲနေပေး၊ သူလိုချင်တာ လုပ်ပေးလိုက်၊ အဲ့လောက်ဆို လုံလောက်ပြီ”

“သူက ထွက်သွားချင်တယ်ဆိုရင်ကော”

နန်ခယ့် ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့၊ သူ့ဒဏ်ရာတွေ အရှင်း မပျောက်သေးသရွေ့ ရှမ့်ယွင်ဂိုဏ်းကနေ ထွက်သွားမှာ မဟုတ်ဘူး”

ရှန်းဝမ်ချင်း စိတ်မအေးနိုင်သေးပေ။

“သူ့ဒဏ်ရာတွေ ပျောက်သွားလို့ ထွက်သွားချင်တယ် ဆိုရင်ကော”

“ဒါဆို သွားခွင့်ပေးလိုက်ပေါ့”

ညီဖြစ်သူ၏ အူကြောင်ကြောင့် မျက်နှာကို ကြည့်ပြီး နန်ခယ့် ရယ်မောကာ ငေါက်လိုက်ပါသည်။

“ငတုံးကောင်! မင်းလည်း သူနဲ့အတူတူ လိုက်သွားပေါ့ကွ! သူအန္တရာယ်တစ်ခုခု ကြုံလာရင် မင်းက ဝင်ကူညီပေးလိုက်၊ ကျင့်ကြံခြင်းမှာ အခက်အခဲရှိတဲ့အခါ မင်းက ဂရုတစိုက် သင်ကြားပေးလိုက်၊ ကမ္ဘာကြီးရဲ့တော တောင် ပင်လယ် မြစ်ချောင်းတွေအားလုံးကို သူမြင်ချင်တယ်ဆိုရင် မင်းက လိုက်ပြပေးလိုက်၊ အရသာရှိတာတွေ စားချင်တယ်ဆိုရင် လိုက်ကျွေးလိုက်၊ သူ့ဆန္ဒတွေကိုသာ တစ်ခုချင်းစီ လိုက်ဖြည့် ဆည်းပေးလိုက်စမ်းပါ၊ အချိန်တန်တဲ့အခါ သူ့နှလုံးသားက ကျောက်သားနဲ့ ထုဆစ်ထားတာ ဆိုရင်တောင် တဖြည်းဖြည်းနွေးထွေးလာမှာပဲ”

ရှန်းဝမ်ချင်း နားလည်သွားခဲ့သည်။ ခံစားချက်ဆိုသည်မှာ ညတွင်းချင်း ပြောင်းလဲနိုင်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် ဖြည်းဖြည်းချင်းသာ ပျိုးထောင်သင့်သည်။

“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို၊ ကျွန်တော်ပြန်လိုက်ပါဦးမယ်”

-

ဆေးဖော်စပ်အခန်းထဲမှ ရှန်းဝမ်ချင်း ထွက်လာသောအခါ အပြင်ဘက်တွင် မတ်တပ်ရပ်နေသည့် ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရပါသည်။ ထိုအခါ ရှန်းဝမ်ချင်း ခြေလှမ်းများ ရပ်တန့်သွားပြီး အနည်း ငယ် ဦးညွှန်ကာ နှုတ်ဆက်လိုက်သည်။

“မရီး”

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ နန်ခယ့် ဇနီးဖြစ်ပြီး ချင်းယောင်ဟု အမည်ရသည်။ ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့် ရှိသူဖြစ်သဖြင့် ရှမ့်ယွင်ဂိုဏ်းတွင် ရှန်းဝမ်ချင်းပြီးလျှင် ချင်းယောင်က ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးဖြစ်သည်။

နူးညံ့သိမ်မွေ့သော မျက်နှာထား၊ မိုးမခရွက်လို မျက်ခုံးလေးများနှင့် ဇာမဏီငှက်လို စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး ခရမ်းရောင် ဝတ်ရုံနှင့် ကျောက်စိမ်းခါးစည်းတို့ကို တွဲဖက်ဝတ်ဆင်ထားသည်။ သူမ၏အနက်ရောင် ဆံနွယ်များက ခါးထိအောင် ရှည်လျားပြီး နားထင်တွင် ရွှေရောင် ဆံထိုးလေးတစ်ခုက လှုပ်ခါယိမ်းထိုးနေပါသည်။

ချင်းယောင် ပြုံးလိုက်ရာ သူမနှုတ်ခမ်းများ၏တစ်ဖက်တစ်ချပ်မှ ပါးချိုင့်ပါးပါးလေးနှစ်ခု ပေါ်လာပြီး မျက်လုံးများကလည်း လခြမ်းသဏ္ဌာန်ကွေးသွားခဲ့သည်။

ရုတ်တရက်ကြည့်လိုက်လျှင် ကလေးရှိ အိမ်ထောင်သည်အမျိုးသမီးဟု မထင်ရဘဲ လူ့လောကထဲ ရောက်ရှိလာသည်မှာ မကြာသေးသည့် ဖြူစင်ရိုးသားသော မိန်းကလေးတစ်ဦးနှင့် ပိုတူနေပါသည်။

ချင်းယောင်ကို နှုတ်ဆက်ပြီးနောက် ရှန်းဝမ်ချင်း ထွက်သွားခဲ့သည်။

ရှန်းဝမ်ချင်း မရှိတော့သည့်အခါမှ ချင်းယောင် ဆေးဖော်စပ်အခန်းထဲ ဝင်လာခဲ့သည်။ အခါးရည်ကျိုနေသည့် နန်ခယ့်တစ်ယောက် ဇနီးဖြစ်သူကို မြင်သည်နှင့် အခါးရည်တစ်ခွက် ငှဲ့လိုက်ပြီး အမြန် ကမ်းပေးလိုက်သည်။

“ကျုပ်အသစ်ဖော်စပ်ထားတဲ့ ဒီအခါးရည်ကို မြည်းစမ်းသုံးဆောင်ကြည့်ပါဦး သခင်မ”

ချင်းယောင်မျက်နှာပေါ်မှ နူးညံ့သိမ်မွေ့သည့် အမူအရာများ ချက်ချင်းဆိုသလို ပျောက်ဆုံးသွားခဲ့သည်။ စားပွဲရှေ့တွင် ဘုန်းခနဲ ထိုင်ချလိုက်ပြီး အခါးရည်ခွက်ကို ဆတ်ခနဲ ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်ပါသည်။

နန်ခယ့် ရင်နာစွာ ပြောလိုက်လေသည်။

“အဲ့ဒီ လက်ဘက်ခြောက်က အရမ်းရှားတာ! အဲ့လို တကျိုက်တည်း သောက်လိုက်တော့ ဘယ်လိုလုပ် အရသာခံနိုင်တော့မှာလဲ၊ နှမျောစရာကြီး!”

ချင်းယောင်က အခါးရည်ခွက်ကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပြန်တင်လိုက်ရာ စားပွဲတစ်ခုလုံး တုန်ယင်သွားခဲ့ပါသည်။

နန်ခယ့်လည်း ခေါင်းကျိန်းသွားခဲ့ပြီး မျက်နှာချက်ချင်း ပြောင်းသွားခဲ့လေသည်။

“သခင်မကတော့ တကယ့် အာဇာနည်မိန်းမမြတ်ပဲ! အခါးရည်ကို သေရည်လို သောက်တာ အရမ်းခံ့ညားလှပါတယ်၊ သခင်မကို ကျုပ်တကယ် လေးစားမိတယ်!”

ချင်းယောင်ကတော့ ချိုချိုသာသာပြောဖို့ စိတ်ကူးမရှိပေ။

“ဒီအခါးရည်က တော်တော်ခါးတယ်၊ အရသာလည်း မကောင်းဘူး၊ ပြီးတော့ ခွက်က သေးသေးလေး၊ ရေငတ်တောင်မပြေဘူး၊ ကျွန်မကို သေရည်တစ်အိုးသာ ချပေးစမ်းပါ!”

နန်ခယ့် မဝံ့မရဲသတိပေးလိုက်ပါသည်။

“နေ့ခင်းကြောင်တောင်ကြီး သေရည်သောက်တာ… နည်းနည်း မသင့်တော်ဘူး ထင်တယ်နော်”

ချင်းယောင် စားပွဲကို အားဖြင့် ရိုက်ချလိုက်သည်။

နန်ခယ့် ချက်ချင်း ပါးစပ်ပိတ်သွားပပြီး သေရည်တစ်အိုးနှင့် ခွက်နှစ်ခွက်တို့ကို ချက်ချင်းထုတ်လိုက်သည်။ ထိုခွက်သေးသေးလေးများကို ချင်းယောင် မကျေမနပ်ကြည့်ကာ ဆေးပင်များထည့်ဖို့ အသုံးပြုသည့် ပန်းကန်ကြီးကိုသာ ယူလိုက်ပြီး သေရည်လောင်းထည့်လိုက်ပါသည်။

သေရည်အိုးက အပြင်ပန်းတွင် သေးငယ်သည်ဟု ထင်ရသော်လည်း အတွင်းဘက်တွင် အဆုံးမရှိအောင် ကျယ်ပြောလှသည်။

သေရည်သောက်သုံးရင်း ချင်းယောင် မေးလိုက်သည်။

“ဝမ်ချင်းနဲ့ စန်းချွမ်တို့အတွက် ရှင်တကယ် အောင်သွယ်တော် လုပ်ပေးတော့မလို့လား”

ရှန်းဝမ်ချင်းနှင့် နန်ခယ့်တို့ ပြောခဲ့သမျှကို ချင်းယောင် ကြားခဲ့သည်။

နန်ခယ့် သက်ပြင်းချလိုက်ပါသည်။

“ကျုပ်ဝင်မပါလို့ ဖြစ်မလား၊ ဝမ်ချင်းရဲ့အခြေအနေကို သခင်မလည်း သိတာပဲ၊ သူ့ရင်ထဲမှာ မိစ္ဆာစိတ်တွေ ရှိနေတယ်၊ အဲ့ဒီမိစ္ဆာစိတ်တွေရဲ့ အဓိကရင်းမြစ်က စန်းချွမ်ပဲ၊ သူ့အစ်ကိုတစ်ယောက်အနေနဲ့ ကျုပ်ဒီအတိုင်း ရပ်ကြည့်နေနိုင်ပါ့မလား”

နန်ခယ့်၏ နဖူးကို ချင်းယောင် လက်ဖြင့်တောက်လိုက်သည်။

“ဟုတ်ပါပြီ၊ အဲ့တာဆိုလည်း အမြဲတမ်း မျက်မှောင်ပဲကြုတ်မနေနဲ့၊ အကူအညီလိုရင် ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ၊ ဝမ်ချင်းက ကျွန်မကို မရီးလို့ခေါ်တာ၊ သူ့ကိစ္စက ကျွန်မကိစ္စပဲ”

စူးရှသွားသော နဖူးကို နန်ခယ့်လက်ဖြင့် ပွတ်ကာ ပြန်ပြောလိုက်သည်။

“တကယ်တော့ ကျုပ်ကို သခင်မကူညီပေးနိုင်တာ တစ်ခုတော့ရှိတယ်”

“ဘာလဲ ပြောလေ”

All Chapters