အခန်း (၄၃)
Vol. 5 Ch. 43
နန်ခယ့် ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
“ကျင်းချွီမြို့ထဲက အခြေအနေက မရိုးရှင်းဘူး၊ သွေးယုတ်စည်းဝိုင်းကွက်လို ယုတ်ညံ့တဲ့ ပညာမျိုးဆိုတာ လောကကိုးပါးကနေ ပျောက်ကွယ်သွားတာ ကြာပြီ၊ ချမ့်ထုံရှန်း အဲ့ဒီပညာကို ဘယ်သူ့ဆီကနေ သင်ယူခဲ့တာလဲ၊ သူဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ကျုပ်ထင်မိတယ်”
ချင်းယောင် လက်ဝေ့ရမ်းကာ ပြောလိုက်သည်။
“နေပါစေတော့၊ ကျင်းချွီမြို့ကို ကျွန်မကိုယ်တိုင်သွားပြီး သေသေ ချာချာ စုံစမ်းလိုက်မယ်”
နန်ခယ့် အကြံပေးလိုက်သည်။
“ကျင်းချွီမြို့ကိုသွားတဲ့အခါ လမ်းတစ်လျှောက်မှာ ကောလဟာလတွေ လွှင့်ခဲ့ပါ သခင်မ၊ ဥပမာ မိစ္ဆာမျိုးနွယ်တွေ၊ ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းတဲ့အတွက် ရှမ့်ယွင်ဂိုဏ်းက စန်းချွမ်ကို ခွင့်မလွှတ်နိုင်ဘဲ ဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီလို့၊ ဒါမှမဟုတ် ရွှမ်ယွဲ့ဓားသခင်က သူ့ကို စွန့်ပစ်လိုက်ပြီး တပည့်အဖြစ် အသိအမှတ်မပြုတော့ဘူးလို့၊ ဒါမှမဟုတ် ဂိုဏ်းက လိုက်လံဖမ်းဆီးနေလို့ စန်းချွမ်ဒဏ်ရာအပြင်းအထန်ရပြီး သေသလား ရှင်သလားမသိဘဲ ပျောက်ဆုံးနေတယ်လို့ ကောလဟာလ လွှင့်လိုက်ပါ”
“ကျန်တာတွေကို သခင်မ လိုသလိုဖြည့်တင်းလို့ရတယ်”
နန်ခယ့် ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ရည်ရွယ်ချက်ကတော့ တစ်ခုပဲရှိတယ်၊ စန်းချွမ်ကို ကျုပ်တို့ ရှမ့်ယွင်ဂိုဏ်းသားအားလုံးက သေအောင် မုန်းတီးနေတယ်လို့ အပြင်လောက ယုံကြည်သွားအောင် လုပ်ဖို့ပဲ၊ စန်းချွမ်ကို ကျုပ်တို့တွေ အသက်ရှင်ခွင့်လုံးဝပေးမှာ မဟုတ်ဘူးလို့ အားလုံး ယုံကြည်သွားရမယ်”
ချင်းယောင် နားမလည်နိုင်စွာ မေးလိုက်သည်။
“ကျွန်မတို့ ဘာလို့ အဲ့လိုလုပ်ဖို့ လိုအပ်တာလဲ”
နန်ခယ့် လေးနက်စွာ ပြုံးကာ ရှင်းပြလိုက်ပါသည်။
“ဒီတစ်ခေါက် ကျင်းချွီမြို့မှာဖြစ်သွားတဲ့ ပြဿနာက တော် တော်ကြီးမားတယ်၊ စန်းချွမ်ရဲ့ ခြေရာလက်ရာတွေကို ဖျောက်ဖို့ဆိုတာ မလွယ်ကူလောက်ဘူး၊ မကြာခင် အဲ့ဒီအရှင်သုံးပါး ကျုပ်တို့ ဂိုဏ်းဆီရောက်လာလိမ့်မယ်၊ အဲ့တာကြောင့် ကျုပ်တို့ဘက်က အရင်ဆုံး ခြေလှမ်းစပြီး ရှမ့်ယွင်ဂိုဏ်းမှာ
စန်းချွမ်ရှိမနေတဲ့အကြောင်းကို ကောလဟာလလွှင့်ရမှာပေါ့”
ချင်းယောင် နားလည်သွားခဲ့သည်။
“ဒီလိုကိုး”
ထို့နောက် ရယ်ရယ်မောမောနှင့် နန်ခယ့်ကျောပြင်ကို ရိုက်ရင်း ချီးကျူးလိုက်ပါသည်။
“ကျွန်မယောက်ျားလို့ မပြောရဘူး၊ ရှင့်ဦးနှောက်က တော် တော်အသုံးဝင်တာပဲ”
နန်ခယ့်ကျောတစ်ပြင်လုံး ရိုက်ချက်များကြောင့် စပ်ဖျင်းသွားသော်လည်း အားတင်းကာ ပြုံးလိုက်ပါသည်။
“ကျုပ်ဘယ်လောက်ပဲ ပါးနပ်ပါစေ သခင်မကိုမှီဖို့ ခြေလှမ်း ၁,၀၀၀ လောက် လိုပါသေးတယ်”
ခင်ပွန်းဖြစ်သူ၏ မြှောက်ပင့်စကားကြောင့် ချင်းယောင် ရွှင်မြူးသွားပြီး စူးစူးရှရှ ရယ်မောလိုက်ပါသည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ အရယ်ရပ်ကာ မေးလိုက်သည်။
“ယွင်ကျဲ ဘယ်မှာလဲ”
နန်ခယ့်လည်း ကြက်သေသေသွားခဲ့သည်။
“သူပြန်မလာသေးဘူးလား”
စန်းချွမ်ကို ရှာဖွေဖို့အတွက် ကျင်းချွီမြို့သို့ ယွင်ကျဲထွက်သွားမှန်း သူတို့နှစ်ယောက်စလုံး သိကြပါသည်။ ယခု စန်းချွမ် ပြန်ရောက်နေပြီဖြစ်သဖြင့် ယွင်ကျဲလည်း ပြန်ရောက်သင့်လေပြီ။
ချင်းယောင် ထပ်မေးလိုက်သည်။
“စန်းချွမ်ပြန်ရောက်နေတဲ့အကြောင်း ယွင်ကျဲကိုပြောဖို့ ရှင်မေ့နေတာတော့ မဟုတ်ပါဘူးနော်”
နန်ခယ့်: “သူ့ကို သခင်မပြောပြီးလောက်ပြီလို့ ကျုပ်ထင်နေတာ”
လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး သားဖြစ်သူအကြောင်း မေ့လျော့သွားခဲ့ကြသည်။
ချင်းယောင် မကျေမနပ်အပြစ်တင်လိုက်လေသည်။
“ဒီလောက်အရေးကြီးတဲ့ကိစ္စကို ရှင်ဘာလို့ မေ့သွားရတာလဲ”
‘မင်းလည်း မေ့သွားတာပဲမဟုတ်ဘူးလား’ ဟု နန်ခယ့် ပြောချင်ခဲ့သော်လည်း ချင်းယောင်၏ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အားတို့က သူ့ထက် မြင့်မားသဖြင့် စိတ်ရှိတိုင်း မပြောရဲခဲ့ပါ။
နန်ခယ့် ချောက်ချောက်ကပ်ကပ် ချောင်းဆိုးပြရင်း အနေ ခက်စွာသာ မှာကြားလိုက်ပါသည်။
“ကျင်းချွီမြို့ကို ရောက်ရင် စန်းချွမ် ပြန်ရောက်နေပြီမို့လို့ ဆက်ရှာမနေနဲ့တော့လို့ ယွင်ကျဲကို ပြောလိုက်ပါ”
ချင်းယောင် ခေါင်းညိတ်လိုက်ပြီး ကျင်းချွီမြို့သို့ ထွက်ခွာဖို့ စတင်ပြင်ဆင်လေတော့သည်။
-
ယွီကျမ့်တောင်ထိပ်သို့ ရှန်းဝမ်ချင်း ဓားပျံစီးရင်း ပြန်လာခဲ့သည်။ လှိုဏ်ဂူသို့ရောက်သောအခါ တံခါးကို တွန်းဖွင့်ကြည့်လိုက်ရာ လှိုဏ်ဂူထဲ ဗလာကျင်းဖြစ်နေသည်ကို မြင်လိုက်ရပါသည်။
ရှန်းဝမ်ချင်း နှလုံးသား ရုတ်တရက် စူးနစ်သွားခဲ့သည်။
‘စန်းချွမ် ဘယ်ပျောက်သွားတာလဲ၊ သူ ထွက်ပြေးသွားပြီလား’
ရှန်းဝမ်ချင်း မျက်နှာအလွန်ပျက်သွားခဲ့သည်။ မကြာသေးခင်ကမှ ဒုတိယအစ်ကို၏ စကားလုံးများကို သူ ယုံကြည်ခဲ့သည်။ ဒီနေရာမှာ စန်းချွမ်ကို သူမ သဘောထားနှင့်သူမ ဆက်နေအောင် လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
ယခုတော့ သူရိုးအခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။ သူ့ဘက်က ဘယ်လောက်ပဲ လိုက်လျောပေးပါစေ စန်းချွမ် သူ့နားမှာ နေဖို့ လုံးဝဆန္ဒမရှိခဲ့ပေ။
ရှန်းဝမ်ချင်း ရင်ထဲမှ မိစ္ဆာစိတ်များ နိုးထလာခဲ့ပြန်သည်။ သူ့နားထဲသို့ လှောင်ပြောင်သရော်သော အသံတစ်သံ ဝင်ရောက်လာခဲ့ပါသည်။
‘ကြည့်စမ်း! ဒီမိန်းမက စေတနာနဲ့ လုံးဝမထိုက်တန်ဘူး၊ မင်းဒုတိယအစ်ကိုရဲ့ စကားတွေကို မယုံစားခဲ့သင့်ဘူး’
ရှန်းဝမ်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး မိစ္ဆာစိတ်၏ လွှမ်းမိုးမှုကို မခံရအောင် အစွမ်းကုန် အားတင်းကြိုးစားလိုက်ပါသည်။
သို့သော် မိစ္ဆာစိတ်က သူ့ကို ဆက်လက်လှောင်ပြောင်နေဆဲပင်။
‘စန်းချွမ်လို မိန်းမမျိုးက လှောင်အိမ်ထဲမှာ ထည့်ပိတ်ထားသင့်တဲ့ မိန်းမမျိုးပဲ၊ အဲ့ဒါမှ အလုပ်မဖြစ်သေးဘူးဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းတွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်၊ အဲ့တာဆို သူအသက်ရှင်ဖို့ မင်းကိုပဲ အားကိုးရတော့မှာ!’
ရှန်းဝမ်ချင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် အော်လိုက်သည်။
“ပါးစပ်ပိတ်ထား!”
မိစ္ဆာစိတ်က လှောင်ရယ်ရယ်လိုက်သည်။
‘ဟားဟားဟားဟား! အချစ်ဆိုတာ တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုးပဲလေ၊ မင်းသူ့ကို သိပ်ချစ်သပါ့ဆိုရင် အပိုင်သိမ်းဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားသင့်တာပေါ့ကွ၊ မင်း မလုပ်နိုင်ဘူးဆိုရင် ငါလုပ်ပေးမယ်!’
ထိုစကားလုံးများကို ရှန်းဝမ်ချင်း ဆက်နားမထောင်နိုင်တော့ပေ။ သူ့လက်တစ်ဖက်ကို ကြမ်းတမ်းစွာ ဝေ့ယမ်းလိုက်ရာ အလွန်အားကောင်းပြင်းထန်သော ဓားရောင်ဝါများထွက်လာပြီး မျက်စိတစ်မှိတ်အချိန်အတွင်း လှိုဏ်ဂူကြီး နှစ်ခြမ်း ကွဲသွားခဲ့သည်။
တောင်ထိပ်ပေါ်မှ လှိုဏ်ဂူကြီး ကျယ်လောင်စွာ ပြိုကျသွားသဖြင့် ယွီကျမ့်တောင်တစ်ခုလုံး တုန်ခါသွားခဲ့ပါသည်။
ဝါးအိမ်လေးထဲ အိပ်စက်အနားယူနေသည့် ယန်ရုန်ရုန်တစ်ယောက် တုန်ခါမှုများကြောင့် လန့်နိုးသွားခဲ့သည်။
ငလျှင်ဟုထင်မှတ်ပြီး ဝါးအိမ်လေးထဲမှ ယန်ရုန်ရုန် ကပျာက ယာထွက်ပြေးလာခဲ့ပါသည်။ သစ်သားတုတ်တစ်ချောင်းကို အားပြုပြီး အသံလာရာဘက်သို့ လျှောက်လာခဲ့ရာ ပြိုကျပျက်စီးသွားသည့် လှိုဏ်ဂူကြီးကို မြင်လိုက်ရသည်။
ထိုအပျက်အစီးများကြားထဲ ဓားသခင်တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့လေသည်။
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။
‘ဘာတွေဖြစ်နေတာလဲ၊ ခုနကမှ အကောင်းပတိအတိုင်းရှိနေတဲ့ လှိုဏ်ဂူက ဘာလို့ ရုတ်တရက်ကြီး ပြိုကျသွားရတာလဲ’
ရင်းနှီးနေသော ခြေသံများကို ကြားပြီး ရှန်းဝမ်ချင်း ချက် ချင်းခေါင်းလှည့်လာခဲ့သည်။ တုတ်ကောက်ကို အားပြုပြီး ရပ်နေသော ယန်ရုန်ရုန်အား သူ မြင်လိုက်ရပါသည်။
ရှန်းဝမ်ချင်း နားထဲမှ စိတ်ရှုပ်စရာအသံများ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
ရှန်းဝမ်ချင်း ခြေလှမ်းနှစ်လှမ်း ရှေ့တိုးလာပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
“မင်းထွက်သွားတာ မဟုတ်ဘူးလား”
ယန်ရုန်ရုန် ခေါင်းထဲ မေးခွန်းသင်္ကေတများ ပြည့်သွားပြီး ဇဝေဇဝါပြန်မေးလိုက်ပါသည်။
“ထွက်သွားရမယ်ဟုတ်လား၊ ကျွန်မက ဘယ်ကို ထွက်သွားလို့ ရမှာလဲ’
ရှန်းဝမ်ချင်း တိုးညှင်းစွာ ပြောလိုက်သည်။
“ငါပြန်လာတော့ မင်းကိုမတွေ့လို့ မင်းထွက်သွားပြီထင်နေတာ”
ယန်ရုန်ရုန် ရှင်းပြလိုက်သည်။
“ကျွန်မ ဝါးအိမ်လေးထဲမှာ သွားနားနေတာပါ”
ဝါးအိမ်လေးမှာ စိမ်းလန်းသော ဝါးပင်များဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်ကလေးဖြစ်သည်။ လှိုဏ်ဂူနှင့် သိပ်မဝေးလှဘဲ ယခင်တုန်းက စန်းချွမ် နေထိုင်ခဲ့ဖူးသော နေရာလေးလည်းဖြစ်ကာ သူမ ထွက်သွားစဉ်ကတည်းက ဗလာ ကျင်းဖြစ်နေခဲ့သည့် အိမ်ကလေးပင်။
ယန်ရုန်ရုန် ပင်ပန်းနွမ်းနယ်နေသဖြင့် အိပ်စရာနေရာ ရှာဖွေချင်ခဲ့သော်လည်း ရှန်းဝမ်ချင်းလှိုဏ်ဂူတွင် ကုတင်တစ်လုံးပင် မရှိခဲ့ပေ။
ထို့အပြင် ရှန်းဝမ်ချင်းနှင့် တစ်ဂူတည်း မနေထိုင်ချင်သဖြင့် ဝါးအိမ်လေးထံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
အဖြစ်မှန်ကို သိရှိလိုက်ရပြီးနောက် ရှန်းဝမ်ချင်း ရီဝေသွားခဲ့သည်။ သူ့ရှေ့က အပျက်အစီးများကိုကြည့်ရင်း နှုတ်ဆိတ်သွားခဲ့ရပါသည်။
ယန်ရုန်ရုန်ကတော့ အရေးကြီးသည့်မေးခွန်းကိုသာ မေးလိုက်သည်။
“ရှင် ဒီနေ့ည ဘယ်မှာအိပ်မှာလဲ’
ကျင့်ကြံသူများက အိပ်စက်ဖို့မလိုအပ်သော်လည်း ညဘက် အနားယူဖို့နေရာတစ်ခုတော့ လိုအပ်ပါသည်။ ရှန်းဝမ်ချင်း၏ လှိုဏ်ဂူပြိုကျသွားပြီဖြစ်သဖြင့် နေထိုင်ဖို့ မဖြစ်နိုင်တော့ပေ။
ရှန်းဝမ်ချင်းရင်ထဲ အတွေးတစ်ခုပေါ်လာခဲ့သည်။
“မင်းအိမ်မှာ ခဏလောက်နေ…”
ယန်ရုန်ရုန် အမြန်စကားဖြတ်လိုက်လေသည်။
“ကျွန်မရဲ့ ဝါးအိမ်က အရမ်းရိုးရှင်းပြီး သေးသိမ်လွန်းပါတယ်၊ ရှင်နေဖို့ မသင့်တော်ဘူး၊ ထျန်ကျီးတောင်ထိပ်မှာ တစ်ညလောက် သွားတည်းလိုက်ပါလား၊ အဲ့ဒီမှာ နေရာလွတ်တွေ အများကြီးရှိတော့ သင့်တော်တဲ့နေရာတစ်ခုလောက် ရှာနိုင်မှာပါ”
ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
“ခုနက ငါ့အပေါ် ဝတ္တရားကျေပွန်ပါ့မယ်ဆိုပြီး မင်းတဖွဖွ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု ငါ့မှာ နေစရာနေရာ မရှိတော့တဲ့အခါကျတော့ တစ်ညတာလေးတောင် တည်းခွင့်မပေးနိုင်ဘူးတဲ့လား”
ယန်ရုန်ရုန်: “…”
‘ဟုတ်သားပဲ… ငါ တော်တော် မသိတတ်တာပဲ!’
ယန်ရုန်ရုန် လေးလေးနက်နက် သုံးသပ်လိုက်သည်။ သူမ ဒဏ်ရာတွေ ပျောက်ကင်းသွားသည့်အချိန်အထိ ‘သိတတ်လိမ္မာသော သမီးလေး’တစ်ဦးသဖွယ် ဆက်လက်ဟန်ဆောင်နေရပါဦးမည်။
ထို့ကြောင့် ပါးရေများတွန့်နေသော မျက်နှာဖြင့် ယန်ရုန်ရုန် ပြုံးလိုက်သည်။
“သမီး မှားသွားပါတယ် အဖေ၊ ‘အဖေ့’ကို ပြုစုပေးဖို့က သမီးတာဝန်ပါ၊ သမီးနောက်လိုက်ခဲ့ပါ အဖေ၊ ဒီနေ့ည ဝါးအိမ်လေးထဲမှာပဲ အဖေ အနားယူလိုက်နော်”
ရည်မှန်းချက်များ အောင်မြင်သွားသော်လည်း ရှန်းဝမ်ချင်း မပျော်နိုင်ပေ။ ‘အဖေ’ဟူသော ထပ်ခါတလဲလဲ ခေါ်သံများကြောင့် သူ့ရင်ထဲ အလွန်မွန်းကြပ်လာခဲ့ရသည်။