← Chapters

အခန်း (၄၄)

Vol. 5 Ch. 44

အခန်း (၄၄)

Vol. 5 Ch. 44

ဝါးအိမ်လေးထဲတွင် ကုတင်တစ်လုံးသာရှိသည်။ လောလော ဆယ် ယန်ရုန်ရုန် အပိုကုတင်လည်း မရှာနိုင်သေးပေ။

‘ဒီနေ့ည ငါကြမ်းပြင်ပေါ်မှာပဲ အိပ်ရတော့မှာလား…’

မာမာကျောကျော ကြမ်းပြင်ပေါ်တွင် အိပ်စက်ရတော့မည့် သူမ အရိုးအိုများအတွက် ယန်ရုန်ရုန် အလွန်ဝမ်းနည်းသွားခဲ့ပါသည်။

သူမချန့်ခွင်းအိတ်သာ ရှိနေသေးလျှင် အရာရာအဆင်ပြေသွားနိုင်သည်။

ချန့်ခွင်းအိတ်ထဲတွင် သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ထည့်ထားပါသည်။ ပရိဘောဂဆိုင် ဂိုထောင်ရှင်းစဉ်က သူမဈေးပေါပေါနှင့် ဝယ်ခဲ့သည့် ကုတင်ကြီးတစ်လုံးပင် ပါသေးသည်။

အမေဖြစ်သူ မျက်မှောင်ကြုတ်နေသည်ကို မြင်ပြီး လျို့လန် မေးလိုက်ပါသည်။

“မေမေ ဘာဖြစ်လို့လဲ”

ယန်ရုန်ရုန်သက်ပြင်းချလိုက်သည်။

“ငါ့ချန့်ခွင်းအိတ်လေးကို သတိရလို့ပါ”

ကျင်းချွီမြို့တွင် သူမ အဖမ်းခံခဲ့ရစဉ်တုန်းက သူမ ချန့်ခွင်းအိတ်ကို ချင်းလီ သိမ်းဆည်းသွားခဲ့သည်။ ထို့ကြောင့် ထိုအိတ်ကို တစ်သက်လုံးပြန်မြင်ရဖို့ မဖြစ်နိုင်တော့ဟု ယန်ရုန်ရုန်ယူဆခဲ့သည်။

သို့သော် အံ့အားသင့်ဖို့ကောင်းစွာဖြင့် လျို့လန်ပါးစပ်ဟလိုက်ပြီး မျက်လှည့်ပြသကဲ့သို့ ချန့်ခွင်းအိတ်ကို ထွေးထုတ်လိုက်ပါသည်။

“မေမေ့အတွက်”

သူမနှင့် အလွန်ရင်းနှီးနေသည့် အိတ်ကို ယန်ရုန်ရုန် စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ပါသည်။ သူမ ပိုင် ဆိုင်သည့် ပစ္စည်းမှန်သမျှ ချန့်ခွင်းအိတ်ထဲတွင် မပျောက်မပျက်ဘဲ ရှိနေသေးသည်ကို မြင်ပြီးအပျော်လွန်သွားခဲ့သည်။

“နင် ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ”

အမေဖြစ်သူ ပျော်ရွှင်သွားသည်ကိုမြင်ပြီး လျို့လန်လည်း ရွှင်မြူးသွားခဲ့သည်။

“လူဆိုးကြီးက ပေးလိုက်တာ၊ အဲ့ဒီအိတ်ကိုသုံးပြီး သားကို သူလှည့်စားဖို့ ကြိုးစားခဲ့တာလေ၊ ဒါပေမယ့် သားက ဉာဏ် ကောင်းတယ်၊ သူ့အကြံအစည်မအောင်မြင်တဲ့အပြင် မေမေ့အိတ်ကိုပါ ပြန်ယူလာနိုင်ခဲ့တယ်”

ပြောပြောဆိုဆိုနှင့် လျို့လန် ခေါင်းမော့ ရင်ကော့လိုက်သည်။ ထိုအခါ သူ့တင်ပါးမှ အမြီးလေးထွက်လာပြီး ဘယ် ညာ ယိမ်းထိုးနေခဲ့ပါသည်။ ချီးကျူးခံချင်နေမှန်း အလွန်သိသာသည်။

ယန်ရုန်ရုန်လည်း လျို့လန်နဖူးကို အားရပါးရနမ်းလိုက်သည်။

“မွ! ငါ့ကလေးလေးက အတော်ဆုံးပဲ!”

လျို့လန် မျက်နှာ ရှက်ကိုးရှက်ကန်းဖြင့် နီရဲသွားခဲ့ပြီး အမြီးကလည်း ပိုမိုလှုပ်ယမ်းလာခဲ့သည်။

ထိုစဉ် ယန်ရုန်ရုန့်နောက်မှ အေးစက်နက်ရှိုင်းသော အသံတစ်သံထွက်လာခဲ့သည်။

“မင်းဘာလုပ်နေတာလဲ”

ယန်ရုန်ရုန် လန့်ဖျပ်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသည့် ရှန်းဝမ်ချင်းကို မြင်လိုက်ရလေသည်။ ခုနက မြင်ကွင်းကိုမြင်သွားပုံရပြီး သူ့မျက်လုံးများ အလွန်မှောင်မိုက်နေပါသည်။

ယန်ရုန်ရုန်၏ ခြေသလုံးကို ဖက်ရင်း လျို့လန် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဘိုးဘိုးကြီး၊ သားကို မေမေ အာဘွားပေးတယ်!”

ကလေးတစ်ယောက်ကို သဝန်မတိုသင့်မှန်း ရှန်းဝမ်ချင်းသိသော်လည်း ရင်ထဲမှာတော့ ခါးသီးမိဆဲပင်။

ရှန်းဝမ်ချင်း အေးစက်စွာ မေးလိုက်သည်။

“ဘယ်သူက မင်းဘိုးဘိုးကြီးလဲ”

“ဘိုးဘိုးကြီးက မေမေ့ရဲ့ ဖေဖေဆိုတော့ သားရဲ့ ဘိုးဘိုးကြီးလို့ မေမေက ပြောတယ်လေ”

လျို့လန် ခေါင်းလေးစောင်းကာ ယန်ရုန်ရုန်ကို မေးလိုက်သည်။

“သားမှန်တယ်မလား မေမေ”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပြီး လျို့လန်အား ရာနှုန်းပြည့်မှန်ကန်ကြောင်း ထောက်ခံလိုက်ပါသည်။

ရှန်းဝမ်ချင်း: “စန်းချွမ်၊ မင်းနဲ့ငါနဲ့ သွေးမတော်သားမစပ်ဘူးနော်”

“သွေးမတော်သားမစပ်ပေမယ့် ကျွန်မအသက်ကို ရှင်ကယ်ခဲ့တာလေ၊ ကျွန်မအတွက် မိဘတစ်ပါး ပြန်ရလိုက်သလိုပဲ၊ ကျွန်မ ရင်ထဲမှာတော့ ရှင်က အဖေအရင်းထက်တောင် ပိုကောင်းသေးတယ်!”

ထိုစကားလုံးများ နှလုံးသားထဲမှ ထွက်လာသကဲ့သို့ ယန်ရုန်ရုန် ကြည်နူးစွာပြောလိုက်ပါသည်။

ရှန်းဝမ်ချင်း ဆက်နားမထောင်နိုင်တော့ပေ။ ကျောက်စိမ်းသေတ္တာလေးကို ထုတ်လိုက်ပြီး ယန်ရုန်ရုန့်လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့လေတော့သည်။

ယန်ရုန်ရုန် သေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာ အလွန်လှပသည့် ခရမ်းရောင်ပန်းပွင့်လေးကို မြင်လိုက်ရသည်။

“ဒါ ဂိုဏ်းခေါင်းဆောင်ကြီးပြောတဲ့ စွေ့ယွမ်ပန်းဆိုတာလား”

ဝတ်ရုံလက်ခေါက်ထဲမှ ငှက်ပေါက်လေး ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။

“ရှန်းဝမ်ချင်းက စနစ်ပိုင်ရှင်အပေါ် တော်တော်ကောင်းတာပဲနော်၊ ဒေါသထွက်နေပေမယ့် အရေးကြီးတာကို ပေးဖို့ မေ့မသွားဘူး”

ယန်ရုန်ရုန် သေတ္တာလေးကို ပြန်ပိတ်လိုက်ပါသည်။

“ငါလည်း သူ့အပေါ် ကောင်းပါတယ်၊ သူ့ကို ငါ့အဖေအဖြစ်တောင် အသိအမှတ်ပြုခဲ့တာကို”

ရုတ်တရက် ပြန်ရောက်လာသော ရှန်းဝမ်ချင်းတစ်ယောက် ယန်ရုန်ရုန့် စကားကို ကြားသွားခဲ့ပြီး ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

သူ့ကို ယန်ရုန်ရုန် အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်ပါသည်။

“ဘာကိစ္စရှိသေးလို့လဲ”

ပန်းပွင့်အသုံးပြုနည်းကို ပြောပြဖို့ မေ့လျော့သွားသဖြင့် ရှန်းဝမ်ချင်း ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယန်ရုန်ရုန့်ထံမှ ထိုစကားမျိုး ကြားရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ရှန်းဝမ်ချင်း မျက်နှာထား ပိုမိုအေးစက်ခက်ထန်သွားခဲ့ပြီး လေသံကလည်း တောင့်တင်းသွားခဲ့ပါသည်။

“ပွင့်ဖတ်တစ်ဖတ်ကို ရေတစ်ခွက်စီမှာစိမ်ပြီး တစ်နေ့တစ်ခွက်သောက်”

ညွှန်ကြားချက်ကို ယန်ရုန်ရုန် သေချာမှတ်သားထားလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ် အဖေ!”

ပြန်ဖို့ ခြေလှမ်းထပ်ပြင်နေသည့် ရှန်းဝမ်ချင်းတစ်ယောက် သည်းမခံနိုင်တော့ပေ။

“ငါ့ကို အဖေလို့ မခေါ်နဲ့၊ အရင်က ခေါ်သလိုမျိုး ဆရာလို့ပဲခေါ်”

ယန်ရုန်ရုန်: “ဒါပေမယ့်…”

ရှန်းဝမ်ချင်း စကားဖြတ်ပြောလိုက်သည်။

“မင်းငါ့ကို အဖေလို့ ဆက်ခေါ်နေမယ်ဆိုရင် သူများတွေကြားတဲ့အခါ နားလည်မှုလွဲသွားကြလိမ့်မယ်”

ယန်ရုန်ရုန် သဘောထားပြည့်ဝစွာ ပြုံးလိုက်သည်။

“ကျွန်မ နားလည်ပါတယ်”

ရှန်းဝမ်ချင်း ကြောင်စီစီဖြစ်သွားလေသည်။

“မင်းက ဘာကိုနားလည်တာလဲ”

“အရွယ်ရောက်ပြီးသား သမီးတစ်ယောက် ဘယ်ကမှန်းမသိ ပေါ်လာရင် ရှင့်ဂုဏ်သိက္ခာကို ထိခိုက်နိုင်ရုံတင်မကဘူး အချစ်ရေးကိစ္စမှာလည်း ရှုပ်ထွေးလာနိုင်တယ်မလား၊ ကျွန်မအသက်ကို ကယ်တင်ခဲ့တဲ့လူမို့လို့ ရှင်က ကျွန်မရဲ့ အသက် သခင် ကျေးဇူးရှင်ပါ၊ အဲ့တာကြောင့် ကျွန်မကျေးဇူးရှင်ရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးလို့မဖြစ်ဘူးလေ၊ စိတ်ချပါ၊ ကျွန်မ စိတ်ရှိတိုင်း ‘အဖေ’လို့ လျှောက်မအော်တော့ပါဘူး”

ယန်ရုန်ရုန် လက်မြှောက်ကာ သစ္စာဆိုလိုက်သည်။

ရှန်းဝမ်ချင်း သူမကို စူးစူးရှရှ စိုက်ကြည့်ရင်း မေးလိုက်သည်။

“ငါ့ရင်ထဲက အချစ်စစ်က ဘယ်သူလဲဆိုတာကော မင်းသိရဲ့လား”

“သိတာပေါ့! အဲ့တာ… ‘သူ’ မဟုတ်ဘူးလား”

ထိုအခါ နန်ခယ့်၏သတိပေးစကားများကို ရှန်းဝမ်ချင်း ချက်ချင်းဆိုသလို မေ့လျော့သွားခဲ့သည်။ သူ စိတ်မထိန်းနိုင်တော့ဘဲ နှုတ်မှ လွှတ်ခနဲ ပြောလိုက်ပါသည်။

“ငါ့ရင်ထဲက အချစ်စစ်က မင်းပဲလေ!”

ယန်ရုန်ရုန် ခေတ္တကြက်သေသေသွားခဲ့ပြီး ဝါးလုံးကွဲရယ် မောလိုက်သည်။ ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်။

ရှန်းဝမ်ချင်းလည်း နားလည်သွားခဲ့ပါသည်။ သူ့စကားတွေကို ယန်ရုန်ရုန် နည်းနည်းလေးမှ မယုံကြည်ပေ။

ထို့ကြောင့် ရှန်းဝမ်ချင်း ခြေလှမ်းများ ရှေ့တိုးလာခဲ့ပြီး လေးနက်တိုးညှင်းစွာ ပြောလိုက်သည်။

“ငါ နောက်နေတာမဟုတ်ဘူး”

ယန်ရုန်ရုန်လည်း အရယ်ရပ်သွားပြီး ပြန်မေးလိုက်ပါသည်။

“အဲ့တာဆို အချစ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ ပြောပြစမ်းပါဦး”

ရှန်းဝမ်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ယန်ရုန်ရုန် အပြုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး လေသံကလည်း ခံစားချက် မဲ့သွားခဲ့ပါသည်။

“ရှင်ကျွန်မကို ချစ်တယ်လို့ နှုတ်ကနေပြောနေပေမယ့် ရှင့်နားမှာ နေခဲ့ရတဲ့ နှစ် ၃၀ လုံးလုံး ရှင့်ဆီက ကျွန်မ ဘာမေတ္တာမှ မရခဲ့ဘူး၊ လျစ်လျူရှုမှုတွေပဲ ရခဲ့တာ၊ အဲ့တာ ရှင်ချစ်တဲ့ပုံစံလား၊ အဲ့တာဆိုရင်တော့ ကျွန်မ ငြင်းတာ မမှားဘူး ထင်တယ်နော်”

ရှန်းဝမ်ချင်း နှုတ်ခမ်းများဟသွားပြီး တစ်ခုခုကို ရှင်းပြဖို့ ကြံလိုက်ပါသည်။ သို့သော် နောက်ဆုံးမှာတော့ တစ်ခွန်းမှ ထွက်မလာခဲ့ပေ။

ဖြစ်ပြီးသား ကိစ္စများကို ယန်ရုန်ရုန် စကားမရှည်ချင်တော့သဖြင့် စကားလမ်းကြောင်းလွှဲလိုက်ပါသည်။

“ကျွန်မအခန်းထဲက ကုတင်က အရမ်းဟောင်းနွမ်းနေလို့ ‘ဆရာ့’အဆင့်အတန်းနဲ့ သင့်တော်မှာမဟုတ်ဘူး၊ ဒီအခန်းထဲမှာပဲ အိပ်လိုက်ပါလား”

ထို့နောက် သူမချန့်ခွင်းအိတ်ထဲမှ ဈေးပေါပေါနှင့် ဝယ်ယူခဲ့သည့် ကုတင်တစ်လုံးကို ထုတ်လိုက်သည်။

ထို့အပြင် ထိုင်ခုံ၊ စားပွဲများနှင့် ခန်းဆီးများကိုပါ ထုတ်လိုက်သည်။ ကုတင်နှင့်အတူ အခမဲ့ လက်ဆောင်ရခဲ့သည့် ခေါင်း အုံးများ၊ အိပ်ရာခင်းများလည်း ပါသေးသည်။

ဗလာကျင်းဖြစ်နေခဲ့သည့် အခန်းတစ်ခန်းလုံး မျက်စိတစ်မှိတ်အချိန်အတွင်း ပရိဘောဂများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

စနစ်တကျဖြစ်သွားသည့် အခန်းကိုကြည့်ပြီး ရှန်းဝမ်ချင်း စိတ်အခြေအနေ အနည်းငယ် ကြည်လင်သွားခဲ့သည်။ ဒီလောက်ပစ္စည်းတွေအများကြီး ဝယ်ယူခဲ့ရသဖြင့် ယန်ရုန်ရုန် ဝိညာဉ်ကျောက်တုံးတွေ အများကြီးသုံးခဲ့ရမှာ သေချာပါ သည်။

သူ့တပည့်လေးက သူ့အတွက် ဂရုစိုက်သေးသည့်ပုံစံပင်။

ယန်ရုန်ရုန်လည်း အနည်းငယ် ဦးညွှတ်ရင်း ရိုရိုသေသေ အကြံပြုလိုက်သည်။

“နောက်ကျနေပြီ၊ စောစောအနားယူပါ ဆရာ၊ ဒီတပည့် သွားလိုက်ပါဦးမယ်”

ထို့နောက် လက်တစ်ဖက်ဖြင့် တုတ်ကောက်ကိုကိုင်ပြီး နောက်တစ်ဖက်ဖြင့် လျို့လန်ကိုဆွဲရင်း ယန်ရုန်ရုန် ထွက်သွားလေတော့သည်။

ရှန်းဝမ်ချင်း၏စကားလုံးများကို ငှက်ပေါက်လေး သေသေ ချာချာစဉ်းစားရင်း မနေနိုင်တော့ဘဲ ယန်ရုန်ရုန်ကို ပြောလိုက်ပါသည်။

“ရှန်းဝမ်ချင်းက စနစ်ပိုင်ရှင်ကို တကယ် သဘောကျတာ ထင်တယ်နော်”

ယန်ရုန်ရုန် သမ်းဝေလိုက်ပြီး စိတ်မပါစွာ ပြောလိုက်သည်။

“ဟုတ်လား”

ငှက်ပေါက်လေးက သက်သေခိုင်လုံစွာဖြင့် ရှင်းပြလိုက်သည်။

“သူ့ ဝူနျန်ဓားမှာ ချိတ်ထားတဲ့ ပန်းပွားလေးကိုမြင်လား၊ အဲ့ဒီပန်းပွားလေးကို စနစ်ပိုင်ရှင်ကိုယ်တိုင် လုပ်ပေးခဲ့တာလေ၊ နှစ်ပေါင်းများစွာကြာတဲ့အထိ သူသိမ်းထားတုန်းပဲ! ပြီးတော့ စနစ်ပိုင်ရှင်အတွက် သူ့သက်တမ်းတွေကို ဖဲ့ပေးဖို့တောင် ဝန်မလေးခဲ့ဘူး၊ သူ့ရင်ထဲမှာ စနစ်ပိုင်ရှင်တကယ်မရှိရင် အဲ့လောက်ထိ လုပ်ပေးပါ့မလား!”

All Chapters