အခန်း (၄၅)
Vol. 5 Ch. 45
ငှက်ပေါက်လေးကို ယန်ရုန်ရုန် ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ခေါင်းပေါ်မှ အမွေးနုလေးများကို ဖြဲရင်း သေချာ စစ်ကြည့်လိုက်သည်။
ငှက်ပေါက်လေး ပျာယာခတ်ကာ ရုန်းကန်ရင်း မေးလိုက်ပါသည်။
“ဘာတွေလုပ်နေတာလဲ!”
ယန်ရုန်ရုန် အလွန်တည်တံ့စွာ ပြန်ဖြေလိုက်သည်။
“အသာနေစမ်းပါ၊ နင့်ဦးနှောက် သန္ဓေများပြောင်းသွားသလား စစ်ကြည့်မလို့”
သူမစကားကို ငှက်ပေါက်လေး အမှန်တကယ်ထင်သွားပြီး ချောက်ချားစွာ အော်လိုက်သည်။
“မဖြစ်နိုင်တာ! ကျွန်ုပ်ဦးနှောက်က ဘယ်လိုသန္ဓေပြောင်းရမှာလဲ”
“အချစ်ရူးဦးနှောက်လို သန္ဓေပြောင်းသွားတာနေမှာပေါ့!”
ငှက်ပေါက်လေး: “…”
ယန်ရုန်ရုန့်လက်ကို ငှက်ပေါက်လေး မခံချင်စိတ်ဖြင့် ရိုက်လိုက်သည်။
ယန်ရုန်ရုန် ဆက်ပြောလိုက်ပါသည်။
“ငါ့ကို ဘယ်သူက တကယ်ချစ်သလား မချစ်သလား စဉ်းစားမယ့်အစား နင့်ဦးနှောက်က စနစ် error ကို ဘယ်လိုပြင်ရမလဲဆိုတာပဲ စဉ်းစားနေသင့်တာ မဟုတ်ဘူးလား၊ ငါတို့ ဘယ်နေရာရောက်ရောက် အသက်ကို ဖက်နဲ့ထုပ်ပြီးထွက် ပြေးနေရတာ၊ နင်က အချစ်ရေးအကြောင်းပြောဖို့ အချိန်ရှိသေးတယ်ပေါ့၊ တော်တော် နှလုံးသားကြီးနေတယ်ပေါ့ ဟုတ်လား”
ငှက်ပေါက်လေး လိပ်ပြာမလုံစွာ မဝံ့မရဲမေးလိုက်သည်။
“အကယ်၍… ဒီတိုင်းမေးကြည့်တာနော် အကယ်၍များ စနစ် error ကို ပြန်ပြင်လို့မရဘဲ စနစ်ပိုင်ရှင် ဒီကမ္ဘာထဲမှာပဲ တစ် သက်လုံးနေရတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
ယန်ရုန်ရုန် စိတ္တဇတစ်ယောက်လို ပြုံးလိုက်သည်။
“အဲ့တာဆို နင့်ကို ရေနွေးပူထဲနှစ်မယ်၊ ပြီးရင် ငှက်မွေးတွေကို တစ်မွေးချင်း ဆွဲနှုတ်မယ်၊ ပြီးရင် အတောင်ပံတွေ ခြေထောက်တွေကို ခုတ်ထစ်မယ်၊ သွေးတွေ စုပ်ထုတ်ပစ်မယ်၊ အရေခွံနွှာမယ်၊ နောက်ဆုံးကျရင် ဆီအိုးထဲနင့်အသားကိုထည့်ပြီး မီးအေးအေးနဲ့ ကြော်ပစ်မယ်”
ငှက်ပေါက်လေး တုန်ယင်သွားပြီး နားများကို အုပ်လိုက်ပါသည်။
“တော်ပါတော့ မပြောပါနဲ့တော့!”
‘ကြောက်ဖို့ကောင်းလိုက်တဲ့မိန်းမ!’
ပိုကြောက်ဖို့ကောင်းသည်က ထိုစကားကို နားထောင်ပြီး လျို့လန် သွားရည်ကျနေခြင်းပင်။
လျို့လန် နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြောလိုက်သည်။ “အရမ်းအရသာရှိမယ်ထင်တယ်”
ငှက်ပေါက်လေး သွေးပျက်ကာ အော်ဟစ်လိုက်သည်။
“အနားမလာနဲ့! အား!!”
ထို့နောက် ငှက်ပေါက်လေး ယန်ရုန်ရုန့်အင်္ကျီလည်ခွံထဲ ဝင်ပြေးဖို့ ကြိုးစားလိုက်ပါသည်။ သို့သော် ယန်ရုန်ရုန်က သူ့အတောင်ပံ တစ်ဖက်ကို ဆွဲမရင်း မေးလိုက်သည်။
“နင့်ရဲ့ ဌာနချုပ်က ဘာမှအကြောင်းမပြန်သေးဘူးလား”
ငှက်ပေါက်လေး လိပ်မပြာမလုံစိတ်များ ပိုကြီးထွားလာပြီး ထစ်ငေါ့စွာဖြေလိုက်သည်။
“မ… မပြန်သေးပါဘူး”
ယန်ရုန်ရုန် ငှက်ပေါက်လေးကို လျို့လန်အနားသို့ ကပ်ပေးလိုက်သည်။
ငှက်ပေါက်လေးလည်း အတောင်ပံများကို ကြောက်လန့်တ ကြားခတ်ရင်း အသည်းအသန် အော်လိုက်ပါသည်။
“မလုပ်ပါနဲ့ မလုပ်ပါနဲ့! သူတို့ကို ကျွန်တော် ဖိအားပေးထားပါတယ်! အနည်းဆုံး ၃ ရက်အတွင်း သတင်းထူးလိမ့်မယ်! ကျွန်တော်ကျိန်ရဲပါတယ်!”
သုံးရက်…
ယန်ရုန်ရုန်လက်မခံချင်သော်လည်း လက်ခံလိုက်ပါသည်။ ငှက်ပေါက်လေးကို သူမ ပခုံးပေါ် ပြန်တင်လိုက်ပြီး ယာယီ အသက်ချမ်းသာပေးလိုက်သည်။
မျက်စိရှေ့က စားစရာပျောက်ကွယ်သွားသဖြင့် လျို့လန်ကတော့ အတော်လေး စိတ်ဓာတ်ကျသွားပုံရသည်။
အိပ်ခန်းထဲ ပြန်ရောက်သောအခါ ငလျှင်လှုပ်သည်အထင်နှင့် ယန်ရုန်ရုန် ထွက်ပြေးသွားခဲ့စဉ်တုန်းကအတိုင်းပဲ ကုတင်က ရှုပ်ပွနေပါသည်။
ယန်ရုန်ရုန် စားပွဲထံလျှောက်လာပြီး ထိုင်ချလိုက်သည်။ ထို့နောက် ကျောက်စိမ်းသေတ္တာလေးကိုဖွင့်ကာ စွေ့ယွမ်ပန်း ပွင့်ဖတ်တစ်ဖတ်ကို နှုတ်လိုက်ပြီး ရေခွက်ထဲ ထည့်လိုက်သည်။ ထို့နောက် အခါးရည်ငှဲ့ကာ ရောစပ်လိုက်ပါသည်။
ဒီနေ့ ဘာမှမစားရသေးမှန်း သတိရသွားပြီး ချန့်ခွင်းအိတ်ထဲမှ ကြက်ကြော်နှစ်တုံး ထုတ်လိုက်သည်။
သူမအတွက်တစ်တုံး၊ လျို့လန်အတွက်တစ်တုံးဖြစ်သည်။
ကြက်ကြော်ကိုက်စားရင်း စွေ့ယွမ်ပွင့်ဖတ်ရောစပ်ထားသည့် အခါးရည်ကို ဇိမ်ကျကျသောက်နေသည့် ယန်ရုန်ရုန်ကိုကြည့်ကာ ငှက်ပေါက်လေး သတိပေးလိုက်ပါသည်။
“စွေ့ယွမ်ပန်းက အရမ်းအဖိုးတန်တယ်နော်”
ပျိုနီပန်းကို ဝါးစားနေသည့် နွားတစ်ကောင်သဖွယ် အဖိုးတန်သည့်အရာကို အဖိုးတန်မှန်း နားလည်ပုံမရပါ။
ယန်ရုန်ရုန် ကြက်ခြေထောက်ကို ဝေ့ယမ်းပြကာ ပြောလိုက်သည်။
“ဒီကြက်ကြော်ကလည်း ဈေးမပေါဘူးဟဲ့! တစ်ခုကို ၃၀ တောင်ပေးရတယ်! ပြီးတော့ တစ်ရက် အကန့်အသတ်နဲ့ပဲရောင်းတာ၊ စောစောမထရင် ဝယ်လို့တောင်မရဘူး!”
ငှက်ပေါက်လေး ဆွံ့အသွားခဲ့သည်။
ကြက်ကြော်နှင့် အခါးရည်တို့ ကုန်သွားသောအခါ ယန်ရုန်ရုန် ဗိုက်ပြည့်ကာ အားရသွားပြီး နှုတ်ခမ်းကို စိတ်ကျေနပ်စွာ သုတ်လိုက်ပါသည်။
ထို့နောက် ကုတင်ပေါ်တက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
ယန်ရုန်ရုန် အိပ်မက်လှလှမက်နေစဉ် တံခါးခေါက်သံတစ်သံကြောင့် လန့်နိုးသွားခဲ့သည်။ သူမ ရွေးချယ်စရာမရှိတော့ဘဲ ကုတင်ပေါ်မှ ကုန်းကုန်းကွကွထကာ ပခုံးပေါ် ဝတ်ရုံတစ်ခု အမြန်ခြုံလိုက်ပါသည်။
မီးသွေးမီးဖိုဘေးတွင်အိပ်နေသည့် လျို့လန်လည်း ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ယန်ရုန်ရုန့်နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့ပါသည်။
ယန်ရုန်ရုန် သမ်းဝေရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။ အပြင်ဘက်တွင် မိုးလင်းခါစသာ ရှိသေးသည်။
တံခါးရှေ့တွင် ရှန်းဝမ်ချင်း ရပ်နေပါသည်။ သူ့ဝတ်ရုံက ဆီးနှင်းလို ဖြူဖွေးနေဆဲဖြစ်ပြီး မျက်နှာကလည်း အေးစက်တည်ငြိမ်နေဆဲပင်။
“ဓားသိုင်းကျင့်ကြံဖို့အချိန်ကျပြီ”
နေ့တိုင်းလိုလို အရုဏ်တက်ချိန်တွင် ရှန်းဝမ်ချင်း တောင်နောက်သို့သွားကာ ဓားသိုင်းကျင့်လေ့ရှိသည်။ မိုးရွာသည်ဖြစ်စေ၊ လေထန်သည်ဖြစ်စေ တစ်ရက်ကလေးမှ မနားခဲ့ဘဲ နှစ်ပေါင်းများစွာတိုင်အောင် တစိုက်မတ်မတ် ကျင့်ကြံခဲ့ပါသည်။
မွေးရာပါ ဓားခန္ဓာနှင့် ထိုကဲ့သို့ နှစ်ပေါင်းများစွာ ခါးခါးသီး သီး ကျင့်ကြံခဲ့ခြင်းတို့ကြောင့် ကုန်းမြေတိုက်ကိုးခုတွင် အသန်မာဆုံး ဓားသိုင်းကျင့်ကြံသူ ဖြစ်လာခဲ့ရခြင်းဖြစ်သည်။
ယန်ရုန်ရုန် မျက်လုံးများကို ပွတ်လိုက်ပြီး ဗလုံးဗထွေးပြောလိုက်သည်။
“ကျွန်မမှာ ဓားမရှိတော့ဘူးလေ၊ ဘယ်လို လေ့ကျင့်ရမှာလဲ၊ ဆရာကိုယ့်ဖာသာကိုယ်ပဲ သွားလိုက်ပါလား၊ ကျွန်မကို မေ့ထားလိုက်နော်”
ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားသည်။
“မင်းဓားက ဘယ်ရောက်သွားလဲ”
ထိုမေးခွန်းကို ရှန်းဝမ်ချင်း မေးချင်ခဲ့သည်မှာ ကြာပါပြီ။ ပထမတော့ သူမတည်နေရာကို ဝူဝမ့်ဓားမှတဆင့် ရှာဖွေနိုင်ခဲ့သည်။ သို့သော် သူမ ချင်းရှားလျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားကတည်းက ဝူဝမ့်ဓားကို ရှန်းဝမ်ချင်း အာရုံမခံနိုင်တော့ပေ။
ကျင်းချွီမြို့တွင် သူမနှင့် ပြန်လည်ဆုံတွေ့ခဲ့ချိန်မှာတောင် ဝူဝမ့်ဓားကို မတွေ့ခဲ့ရပါ။
ယန်ရုန်ရုန်: “သူစားပစ်လိုက်တာ”
ဘေးတွင်ရှိနေသည့် လျို့လန်ကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်သည်။
လျို့လန်ကလည်း ချက်ချင်းပါးစပ်ဟလိုက်ပြီး ဝူဝမ့်ဓားကို ပြန်ထွေးထုတ်ပေးလိုက်ပါသည်။ ဓားက သုံးပိုင်းကျိုးနေပြီး တစ်ချိန်က တောက်ပခဲ့သည့် ဓားသွားအရောင်အသွေးများလည်းမှေးမှိန်သွားခဲ့လေပြီ။
လျို့လန်ကို ရှန်းဝမ်ချင်း အေးစက်မှောင်မိုက်စွာ ကြည့်လိုက်သည်။ ဓားသိုင်းကျင့်ကြံသူတစ်ဦးအတွက် ဓားတစ်ချောင်း ပျက်စီးသွားခြင်းက အနာကျင်ရဆုံးဖြစ်သည်။ အထူးသဖြင့် ထိုဝူဝမ့်ဓားကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သဖြင့် သံယောဇဉ် ပိုတွယ်ရသည်။
လျို့လန်ကမူ လုံးဝ မကြောက်ဘဲ အစွယ်ပင် ဖြဲပြလိုက်သည်။
ရှန်းဝမ်ချင်းကိုယ်ထဲတွင် ပုန်းလျှိုနေသည့် မိစ္ဆာစိတ်များရှိနေမှန်း ယန်ရုန်ရုန်သိသည်။ လျို့လန်ကြောင့် ရှန်းဝမ်ချင်း အသိစိတ်လွတ်သွားမည်စိုးသဖြင့် လျို့လန်ခေါင်းကို ယန်ရုန်ရုန် အမြန်ဖိချလိုက်သည်။
နောက်ဆုံးမှာတော့ ရှန်းဝမ်ချင်း ဘာမှမပြောခဲ့တော့ပေ။ ဓားအကျိုးအပိုင်းအစများကို ကုန်းကောက်လိုက်ပြီး သေချာသိမ်းဆည်းကာ ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“နားလိုက်ဦး”
ထို့နောက် ရှန်းဝမ်ချင်း တိတ်တဆိတ် လှည့်ထွက်သွားလေတော့သည်။ ယန်ရုန်ရုန်လည်း တံခါးပိတ်လိုက်ပြီး ကုတင်ပေါ် ပြန်တက်ကာ ဆက်အိပ်နေလိုက်တော့သည်။
ယန်ရုန်ရုန် အိပ်ရာနိုးလာသောအခါ နေပင် အတော်မြင့်နေပါပြီ။ အားအင်များ အလွန်ပြည့်ဝသွားသလိုခံစားရပြီး ခန္ဓာကိုယ်လည်း အလွန်သန်မာလာသလို ခံစားရသည်။
မနေ့ညက သောက်ခဲ့သည့် စွေ့ယွမ်ပန်းပွင့်အခါးရည်ကို သတိရကာ ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ မှန်တစ်ချပ် အမြန်ထုတ်လိုက်ပါသည်။
မှန်ထဲတွင် သူမ ဆံပင်များဖြူနေဆဲဖြစ်သော်လည်း မျက်နှာပေါ်ရှိ အရေးအကြောင်းများကတော့ သိသိသာသာလျော့ နည်းသွားခဲ့ပါပြီ။ အလွန်ဆုံး အသက် ၅၀ ဝန်းကျင် အဒေါ်ကြီးဟုသာ ထင်ရတော့သည်။
ယန်ရုန်ရုန် စိတ်ကျေနပ်စွာ ပြုံးလိုက်ပါသည်။ ဂိုဏ်းခေါင်း ဆောင်ကြီး သူမကို မလှည့်စားခဲ့ပါ။ စွေ့ယွမ်ပန်းက အလွန်အာနိသင်ရှိပါသည်။
ယန်ရုန်ရုန် အဝတ်အစားလဲကာ စိတ်ကြည်လင်စွာဖြင့် တံခါးဖွင့်လိုက်သည်။ ဧည့်သည်အခန်းရှေ့မှ ဖြတ်သွားသောအခါ ရှန်းဝမ်ချင်းကို မတွေ့ရတော့ပါ။ တောင်နောက်မှာ ဓားသိုင်းကျင့်ကြံနေခြင်းဖြစ်မည်ဟု သူမ တွေးလိုက်ပါသည်။
ဝါးအိမ်လေးထဲတွင် မီးဖိုချောင်တစ်ခုရှိသည်။ ယန်ရုန်ရုန် ဂျုံမှုန့်အချို့ကို ထုတ်ကာ ဝတ်ရုံလက်များကို လိပ်တင်လိုက်ပြီး ခေါက်ဆွဲများကို စားဖိုမှူးတစ်ဦးကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် စတင်ဖန်တီးလေတော့သည်။
ဘေးတွင် ငှက်ပေါက်လေးနှင့် လျို့လန်တို့နှစ်ယောက် မှင်သက်စွာ ငေးကြည့်နေကြသည်။ ယန်ရုန်ရုန်တွင် ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။
ခေါက်ဆွဲများအသင့်ဖြစ်သောအခါ နှမ်းဆီ၊ ကြက်သွန်မြိတ်တို့ထည့်ကာ အဆုံးသတ်လိုက်သည်။ မွှေးရနံ့က တစ်အိမ်လုံးထံ ပျံ့နှံ့သွားခဲ့ကာ လျို့လန်တစ်ယောက် သွားရည်များပင် ကျလာပါပြီ။
သူတို့စားသောက်နေကြစဉ် ဖိတ်ကြားမထားသည့် ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။
ယွင်ကျဲ အိမ်တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ပထမဆုံး မြင်လိုက်ရသည့်မြင်ကွင်းက သက်လတ်ပိုင်းအရွယ် အဒေါ်ကြီးတစ်ဦးနှင့် ကလေးတစ်ယောက်တို့ ခေါက်ဆွဲများ အားရပါးရစားနေကြသည့် မြင်ကွင်းပင်။
ယွင်ကျဲ ခေတ္တကြက်သေသေသွားပြီး မယုံကြည်နိုင်မှုနှင့် မသေချာမှုတို့ ရောယှက်နေသော လေသံဖြင့် ခေါ်လိုက်လေသည်။
“ရှစ်ကျဲ စန်းချွမ်လား…”
ယန်ရုန်ရုန် ခေါင်းဆွဲပန်းကန်ထဲမှ ခေါင်းပြန်ဖော်ကာမော့ ကြည့်လိုက်သည်။ ဧည့်သည် ဘယ်သူဘယ်ဝါမှန်း သိလိုက်ရပြီးနောက် ခေါက်ဆွဲဖတ်များကို အမြန်စုပ်စားလိုက်ပြီး သွားဖြီးကာ ပြုံးပြလိုက်ပါသည်။
“ဪ ငါ့ကို ‘ရှစ်ကျဲ’လို့ ခေါ်နေပြီပေါ့၊ ရှားပါးဖြစ်ရပ်ပဲ!”
ယန်ရုန်ရုန် ပြုံးလိုက်သောအခါ သွားကြားထဲ ကြက်သွန်မြိတ်တစ်ဖတ် ညပ်နေသည်ကို မြင်ရပါသည်။
ယွင်ကျဲ ချက်ချင်းသေချာသွားခဲ့သည်။ ဒီဆံဖြူ အဒေါ်ကြီးက စန်းချွမ်ဖြစ်မှန်း သေချာပါသည်။
မနေ့က ကျင်းချွီမြို့တစ်မြို့လုံးကို သူတစ်နေကုန် အသည်း အသန် ရှာဖွေခဲ့သော်လည်း စန်းချွမ်၏အရိပ်အယောင်ကို မမြင်ခဲ့ရပေ။ ဒီနေ သူ့အမေ ရောက်လာခါမှ စန်းချွမ်ကို ဦးလေးရှန်းပြန်ခေါ်သွားပြီဖြစ်မှန်း သိခဲ့ရပါသည်။
ထို့ကြောင့် ယွင်ကျဲ နှစ်ခါမတွေးဘဲ ဂိုဏ်းထံအမြန်ပြန်ပြေးလာခဲ့ရလေသည်။