အခန်း (၄၆)
Vol. 5 Ch. 46
အပြန်လမ်းတွင်လည်း ယွင်ကျဲ စိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ စန်းချွမ် အဘွားကြီး ဖြစ်သွားလျှင်တောင် သူ မလှောင်ပြောင်သင့်ပါ။
ပြန်ပေးဆွဲခံရသည့် ကလေးများကို ကယ်တင်ရင်း စန်းချွမ် ဒီလိုပုံစံဖြစ်လာခဲ့ရခြင်း ဖြစ်သဖြင့် သူရဲကောင်းတစ်ဦးဟု သတ်မှတ်ပြီး တလေးတစားပင် ဆက်ဆံသင့်သည်။
ထို့ကြောင့် ယန်ရုန်ရုန်၏ အရွဲ့တိုက်စကားကို ကြားသော် လည်း ယွင်ကျဲ ယခင်ကလို ပြန်မငေါက်တော့ဘဲ မျက်ရည်များဝဲသွားပြီး လေးနက်စွာ ပြောလိုက်သည်။
“ရှစ်ကျဲစန်းချွမ်ကို ကျွန်တော်တို့ ရှာနေတာကြာပြီ၊ ရှစ်ကျဲဘာမှမဖြစ်လို့ တော်သေးတာပေါ့… အသက်ရှင်နေသေးလို့ တော်သေးတာပေါ့…”
ယန်ရုန်ရုန်ကြက်သေသေသွားခဲ့သည်။ ယွင်ကျဲကို ခေါင်းအစ ခြေအဆုံးအကဲခတ်ကာ သူမ အတည်ပေါက် မေးလိုက်ပါသည်။
“နင် ဆေးမှားသောက်ခဲ့တာတော့ မဟုတ်ပါဘူးနော်”
ယခင်တုန်းက သူမတို့နှစ်ယောက် ဆုံလိုက်တိုင်း ယွင်ကျဲက အေးစက်သော အကြည့်များ၊ ကြမ်းကြုတ်သော စကားလုံးများနှင့်သာ ဆက်ဆံခဲ့သည်။ သူမကို ရှမ့်ယွင်ဂိုဏ်းမှ ကန်ထုတ်ဖို့ကလွဲပြီး အခြားဘာကိုမှ ယွင်ကျဲ စိတ်မဝင်စားခဲ့ပါ။
ယခုတော့ သူမကို ‘ရှစ်ကျဲ’ဟု ခေါ်ဆိုနေရုံတင်မကဘဲ သူမ ဘေးကင်းလုံခြုံဖို့အတွက်ပါ စိတ်ပူပေးနေသေးသည်။ ကောင်းကင်ပေါ်မှ သွေးမိုးများ ရွာသွန်းခြင်းထက်ပင် ပိုမို အံ့အားသင့်ဖွယ်ကောင်းနေပါသည်။
ယွင်ကျဲ: “…”
ယွင်ကျဲ အသက်ဝဝရှူလိုက်ပြီး စိတ်ထဲမှလည်း ‘ရှစ်ကျဲက သူရဲကောင်း’ဟု တဖွဖွ ရေရွတ်ရင်း ပြန်ငေါက်ချင်စိတ်ကို မနည်းထိန်းကာ အားတင်းပြုံးလိုက်သည်။
“ရှစ်ကျဲက အရမ်းနောက်တတ်တာပဲနော်”
ယန်ရုန်ရုန် ရုတ်တရက် အကြံတစ်ခုရသွားခဲ့သည်။ သူမခေါင်းထဲ အတွေးပေါင်းစုံဝင်လာပြီး ခန့်မှန်းချက်များ စတင်ထုတ်လေတော့သည်။
“နင့်ကို အထီးကျန်ဝိညာဉ်တစ်ကောင် ပူးကပ်ထားတာများလား၊ ဒါမှမဟုတ် ခေါင်းထိပြီး အတိတ်မေ့သွားတာလား၊ သနားစရာကောင်းလိုက်တာ… ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင် မှတ်မိသေးရဲ့လား”
နောက်ဆုံးတော့ ယွင်ကျဲ သည်းမခံနိုင်တော့ဘဲ ငေါက်လိုက်ပါသည်။
“ခင်ဗျား တစ်ခါလောက်ဖြစ်ဖြစ် အတည်ပေါက်နေပေးလို့မရဘူးလား!”
ရှမ့်ယွင်ဂိုဏ်းသို့ သူ ညတွင်းချင်း ပြန်လာခဲ့ရတာဖြစ်သည်။ လမ်းတွင် ရေတစ်စက်ပင် မသောက်ခဲ့ဘဲ ယွီကျမ့်တောင် ထိပ်သို့ ချက်ချင်း လာခဲ့သည်။
သို့သော် စန်းချွမ်ကတော့ သူ့ကို ပေါက်ကရစကားတွေပြောဖို့ကလွဲပြီး အခြားဘာမှ စဉ်းစားမိပုံမရပါ။ ထိုအတွေးဖြင့် ယွင်ကျဲ အလွန်ဒေါသထွက်သွားခဲ့ရသည်။
သူဒေါသထွက်သွားတာကိုမြင်မှ ယန်ရုန်ရုန် ကျေနပ်သွားခဲ့ပါသည်။
“ဟိုးဟိုးဟိုး… နောက်ဆုံးတော့ နင်ပုံမှန် ပြန်ဖြစ်သွားပြီပဲ”
ယွင်ကျဲ ပြန်ငေါက်လိုက်သည်။
“ကျုပ် ခင်ဗျားကို ဒေါသထွက်နေမှ ပုံမှန်ဖြစ်တယ်လို့ ထင်နေတာလား ဟုတ်လား!”
ယန်ရုန်ရုန် အတည်ပေါက် ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်တယ်လေ၊ နင်ငါ့ကိုအမြဲတမ်း အဲ့လိုပဲဆက်ဆံခဲ့တာ မဟုတ်ဘူးလား၊ နင့်အချိုး ချက်ချင်းကြီးပြောင်းလဲသွားတော့ အကြံအစည်တစ်ခုခုရှိလို့ပဲဖြစ်မှာလို့ တွေးမိတာ ငါ့အပြစ်လား”
ယွင်ကျဲ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ယခင်တုန်းက စန်းချွမ်အပေါ် သူဆက်ဆံခဲ့မိသည့် ပုံစံများကို ပြန်တွေးမိပါသည်။ ရက်စက်သည်ဟူသည့် စကားလုံးမှအပ အခြားဆိုဖွယ်မရှိပါ။
သူမနေရာမှာ သူသာဆိုလျှင်လည်း ကိုယ့်ကိုယ့်ကိုယ် သေအောင် မုန်းတီးမိမှာသေချာပါသည်။ သို့သော် စန်းချွမ်ကတော့ သူ့ကို မမုန်းတီးသည့်အပြင် သူမအသက်ကို စတေးပြီး ကယ်တင်ပေးခဲ့သည်။
ထိုသို့တွေးမိလေလေ ယွင်ကျဲ ရင်နာလာလေလေဖြစ်ပြီး ရင်ထဲ အပြစ်ရှိစိတ်များ ရေလွှမ်းသလို ဝင်ရောက်လာခဲ့သည်။ သူ့လက်ကို မြှောက်ကာ ကိုယ့်ပါးကိုယ် စူးစူးရှရှ ရိုက်ပစ် လိုက်ပါသည်။
‘ငါတကယ် သေသင့်တယ်!’
ပဲ့တင်သံထပ်သွားသည့် ပါးရိုက်သံကြောင့် ယန်ရုန်ရုန်ထိတ် လန့်လွန်းသဖြင့် ခေါက်ဆွဲပန်းကန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။
“နင်… နင်ဘာလုပ်နေတာလဲ၊ အထီးကျန်ဝိညာဉ်တစ်ကောင် တကယ်ပူးကပ်နေတာများလား!”
ယွင်ကျဲ ဘာမှ ရှင်းမပြတော့ပေ။ ဝတ်ရုံကို မ,ကာ ဒူးထောက်ချလိုက်ပါသည်။
“ကျွန်တော် တောင်းပန်ပါတယ်၊ အရင်တုန်းက ဖြစ်ပျက်ခဲ့သမျှ ကျွန်တော့်အပြစ်တွေချည့်ပါပဲ၊ ရှစ်ကျဲကို တပည့်အဖြစ် လက်ခံခဲ့တာက ဦးလေးရှန်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲလေ၊ ဒါပေမယ့် ရှစ်ကျဲ ကောက်ကျစ်တဲ့ နည်းလမ်းတွေသုံးပြီး ဂိုဏ်းထဲကို ဝင်လာခဲ့တာလို့ ကျွန်တော် ခေါင်းမာမာနဲ့ ယုံကြည်ခဲ့မိတယ်၊ မိစ္ဆာမျိုးနွယ်တွေ၊ ဝိညာဉ်လမ်းစဉ်ကျင့် ကြံသူတွေနဲ့ ရှစ်ကျဲ ပူးပေါင်းထားတယ်ဆိုတဲ့ ကောလဟာလတွေကို ဦးနှောက်မဲ့စွာနဲ့ ယုံကြည်ခဲ့မိတယ်၊ ကျွန်တော် မှားသွားပါတယ် ရှစ်ကျဲ! ကျွန်တော့်ကို စိတ်ကြိုက် အပြစ်ပေးပါ!”
ထို့နောက် ကြမ်းပြင်ပေါ် ဦးချကာ လေးလေးနက်နက် တောင်းပန်လိုက်လေသည်။
ယန်ရုန်ရုန် ကြောက်ရုံတင်မဟုတ်တော့ဘဲ စိတ်ပါချောက် ချားသွားခဲ့သည်။
‘ဒီကောင် တကယ်တစ္ဆေပူးခံထားရတာပဲ!’
ယန်ရုန်ရုန် ခေါက်ဆွဲပန်းကန်ကို အမြန်ချကာ တစ္ဆေနှင်သည့် အဝါရောင်အဆောင်စက္ကူများကို ချန့်ခွင်းအိတ်ထဲမှ အမြန် ထုတ်လိုက်ပြီး အရဲတဝံ့ သတိပေးလိုက်သည်။
“ဒါကုန်းမြေတိုက်ကိုးခုမှာ နံပါတ်တစ် စွမ်းအားအကြီးမားဆုံး ရှမ့်ယွင်ဂိုဏ်း! နင့်လို အထီးကျန်ဝိညာဉ်တစ်ကောင် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရမဟုတ်ဘူး! ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အကြွင်းမဲ့အာဏာအရ နင့်ကို နှင်ထုတ်လိုက်တယ်! သွားစမ်း သွားစမ်း!!”
ယန်ရုန်ရုန် အဆောင်စက္ကူများအားလုံးကို လေထဲ ဝဲပျံပစ် လိုက်သည်။ ထို့နောက် ခေါက်ဆွဲကို အငမ်းမရစားနေဆဲ ဖြစ်သော လျို့လန်ကိုဆွဲကာ အခန်းထဲသို့ ပြေးဝင်သွားလေတော့သည်။ ဘုန်းခနဲမြည်အောင် တံခါးကို ဆွဲပိတ်လိုက်ပြီး အထဲမှ လော့ခ်ပါ ချလိုက်ပါသည်။
သစ်ရွက်ခြောက်တွေလို လေထဲဝဲပျံနေသည့် အဝါရောင် အဆောင်စက္ကူများအကြား ယွင်ကျဲ ကြောင်စီစီဖြစ်သွားပြီး ယန်ရုန်ရုန်ပြေးဝင်သွားသည့် တံခါးကို ငေးကြည့်လိုက်ပါသည်။
‘ရှစ်ကျဲ ဘာလို့ ထွက်ပြေးသွားတာလဲ… ငါတောင်းပန်တာကို လက်မခံနိုင်လို့များလား….’
ယွင်ကျဲ စိတ်ဓာတ်ကျစွာဖြင့် မတ်တပ်ပြန်ရပ်လိုက်ပြီး ယွီကျမ့်တောင်ထိပ်မှ ပြန်ထွက်လာခဲ့တော့သည်။
ထျန်ကျီးတောင်ထိပ်သို့ ယွင်ကျဲ ပြန်ရောက်လာသောအခါ ဗေဒင်တွက်ချက်နေသည့် နန်ခယ့်ကို သွားတွေ့ခဲ့သည်။
သေခါနီးဆဲဆဲ အဘိုးအိုတစ်ဦးလို မှိုင်တွေနေသည့် သားဖြစ်သူကို မြင်သောအခါ နန်ခယ့် အမြန်မေးလိုက်ပါသည်။
“ငါ့သား မင်းဘယ်လိုဖြစ်တာလဲ”
ယွင်ကျဲ ခေါင်းခါလိုက်ပြီး ဘာမှမဟုတ်ကြောင်း ပြောလိုက်သည်။ ယွင်ကျဲဝတ်ရုံပေါ်မှ နှင်းစက်တွေကို မြင်သောအခါ နန်ခယ့် ခန့်မှန်းနိုင်ခဲ့ပါသည်။
“ယွီကျမ့်တောင်ထိပ်ကို သွားခဲ့တာလား”
ယွင်ကျဲ ခေါင်းညိတ်လိုက်သည်။
“အင်း…”
နန်ခယ့် ထပ်မေးဖို့ ကြံလိုက်သော်လည်း ယွင်ကျဲက အမြန်ဖြတ်ပြောလိုက်ပါသည်။
“အဖေ ကျွန်တော့်ကိစ္စတွေကို ကျွန်တော် ဖြေရှင်းနိုင်တယ်၊ ဘာမှ ထပ်မမေးပါနဲ့တော့”
သူ့အသက်သခင် ကျေးဇူးရှင် စန်းချွမ်ကို သေချာပေါက် ကျေးဇူးပြန်ဆပ်ရမည်။ အခြားသူများ၏အကူအညီမပါဘဲ ကျေးဇူးပြန်ဆပ်နိုင်ဖို့ နည်းလမ်းရှာရမည်။
နန်ခယ့် ဘာမှဆက်မမေးတော့သဖြင့် ကျင်းချွီမြို့အကြောင်း ယွင်ကျဲ စပြောလေသည်။
“ကျွန်တော့်လူတွေနဲ့ ကျင်းချွီကို ရောက်သွားတော့ ချမ့်ထုံရှန်းရဲ့ ဒန်တျန်က ပျက်စီးနေပြီ၊ မျက်မြင်သက်သေတွေ ပြော ဆိုချက်အရတော့ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ဦးက တိုက်ခိုက်သွားတာတဲ့၊ သူ့ကိုယ်သူ ဟွေ့လုံဂိုဏ်းရဲ့ အရှင်သခင်လို့လည်း ပြောသွားသေးတယ်”
နန်ခယ့် သေသေချာချာ စဉ်းစားလိုက်သည်။
“ဟွေ့လုံဂိုဏ်းဟုတ်လား… အဲ့ဒီဂိုဏ်းနာမည် ငါတစ်ခါမှ မကြားဖူးပါလား”
ယွင်ကျဲ ဆက်ပြောလိုက်သည်။
“အဲ့ဒီကျင့်ကြံသူပြောတဲ့စကားတွေနဲ့ သူ့လုပ်ရပ်တွေကို အကဲခတ်ကြည့်ရသလောက်တော့ ဟွေ့လုံဂိုဏ်းက ရှေးဟောင်း လျှို့ဝှက်ဂိုဏ်းတစ်ခုဖြစ်ပုံရတယ်”
“ငါတို့အတွက် အန္တရာယ်ရှိတဲ့လူတွေ မဟုတ်သရွေ့ စိတ်ပူစရာမလိုသေးပါဘူး၊ အခုချမ့်ထုံရှန်း သေသွားပြီဆိုတဲ့အကြောင်း မင်းအမေ သတင်းပို့လာတယ်”
ယွင်ကျဲ မှင်သက်သွားခဲ့သည်။
“သေသွားပြီဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော်ထွက်လာတုန်းကတောင် သူအသက်ရှင်နေတုန်းပဲမဟုတ်ဘူးလား”
“သူ့သက်တမ်းတွေ ကုန်ဆုံးသွားတာ ကြာပြီလေ၊ သူများတွေရဲ့ သက်တမ်းတွေကို ခိုးပြီး အသက်ဆက်ခဲ့ရတာ၊ သူ သတ်ခဲ့တဲ့ ဝိညာဉ်တွေရဲ့ အငြှိုးတရားက ပျောက်ကွယ်မသွားဘူး၊ သူ့ကို အမြဲတမ်းလိုလို ခြောက်လှန့်နေခဲ့တာ၊ အရင်က အဲ့ဒီဝိညာဉ်တွေရဲ့ အန္တရာယ်ပြုမှုကို သူ့ရဲ့ နတ်ဝိညာဉ်သန္ဓေအဆင့်ကျင့်ကြံခြင်းက ကာကွယ်ပေးထားတာလေ၊ အခု သူ့ဒန်တျန်ပျက်စီးသွားပြီဆိုတော့ အဲ့ဒီဝိညာဉ်တွေက သူ့ကို ချက်ချင်း သတ်ပစ်လိုက်ကြပြီ၊ ဝဋ်လည်တာလို့ပဲ ဆိုရတော့မှာပေါ့”
ယွင်ကျဲ စားပွဲကို လက်သီးဖြင့် ထိုးကာ ရေရွတ်လိုက်သည်။
“သူ့ထိုက်နဲ့ သူ့ကံပဲ!”
နန်ခယ့် ဆက်ပြောလိုက်သည်။
“သေဆုံးသူတွေရဲ့ ဝိညာဉ်တွေအတွက် ထျန်းပေကျောင်းတော်ရဲ့ ဘုန်းတော်ကြီးတွေ အမျှဝေပေးပြီးသွားပြီ၊ ကယ်တင်ထားတဲ့ ကလေးတွေကိုလည်း သက်ဆိုင်ရာမိသားစုတွေဆီ ပြန်ပို့ဆောင်ပြီးသွားပြီ၊ အဲ့တာကြောင့် ဒီကိစ္စ အဆုံးသတ်သွားပြီလို့ ပြောလို့ရတယ်”
ယွင်ကျဲ မေးလိုက်သည်။
“ဒါဆို အမေ ပြန်လာတော့မှာပေါ့ ဟုတ်လား”
နန်ခယ့်ခေါင်းခါလိုက်ပါသည်။
“မလာသေးဘူး၊ ချမ့်ထုံရှန်း သေသွားပြီဆိုပေမယ့် သူသုံးခဲ့တဲ့ သွေးယုတ်စည်းဝိုင်းကွက် ပြဿနာက မပြီးသေးဘူး၊ အဲ့လို ဝိညာဉ် စားသုံးတဲ့ အခင်းအကျင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အကြီးအကဲတွေ တားမြစ် ပိတ်ပင်ခဲ့ကြတာ၊ အခုလောက်ဆို ကျင့်သုံးတဲ့လူမရှိတော့ဘဲ ပျောက်ကွယ်သွားသင့်ပြီလေ၊ ဒါပေမယ့် ချမ့်ထုံရှန်းက ဘယ်ကနေ တတ်မြောက်လာခဲ့တာလဲ၊ အဲ့ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးမှဖြစ်မယ်”
ယွင်ကျဲ မျက်မှောင်ကြုတ်သွားသည်။ ခုနကတော့ ချမ့်ထုံရှန်းကို သေသင့်သည်ဟု တွေးခဲ့မိသော်လည်း ယခုတော့ အမှန်တရားကို စစ်ဆေးမေးမြန်းနိုင်ဖို့အတွက် အသက်ရှင်နေသေးလျှင် ပိုကောင်းမည်ဟု တွေးမိနေပါပြီ။
နန်ခယ့်လည်း မျက်နှာပျက်နေပါသည်။
“ပထမတော့ ချင်းရှားလျှို့ဝှက်နယ်မြေမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင် ရုတ်တရက်ပေါ်လာတယ်၊ ပြီးတော့ ကျင်းချွီမြို့မှာ ချမ့်ထုံရှန်းနဲ့ ပတ်သတ်တဲ့ ပြဿနာဖြစ်တယ်၊ ကြီးကြီးမားမား ပြဿနာတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာပဲ၊ ငါခံစားချက်တွေမကောင်းလို့ ရှမ့်ယွင်ဂိုဏ်းရဲ့ ကံကြမ္မာအတွက် တွက်ချက်ကြည့်နေတာလေ”
ယွင်ကျဲ အလောတကြီး မေးလိုက်သည်။
“ရလဒ်က ဘာတဲ့လဲ”
“နိမိတ်မကောင်းတဲ့ ကံကြမ္မာပဲ… မကြာခင် ရှမ့်ယွင်ဂိုဏ်းမှာ သွေးချောင်းစီးတော့မယ့် နိမိတ်ကို ငါမြင်နေရတယ်”
ယွင်ကျဲရင်ထဲ လေးလံသွားခဲ့ရသည်။
“အဲ့ဒီနိမိတ်ကို ရှောင်လွှဲလို့ မရနိုင်ဘူးလား”