← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

နန်ခယ့် ခေါင်းခါလိုက်သည်။

“ဒါသာမန် နိမိတ်မဟုတ်ဘူး၊ အဲ့ဒီကပ်ဘေးရဲ့ အမြစ်တွယ်နေတာ ကြာခဲ့ပြီ၊ အရာရာကို ကံကြမ္မာနဲ့ ဝဋ်ကြွေးတွေက သတ်မှတ်ထားပြီးသားမို့လို့ လူသားတွေရဲ့ စွမ်းအားနဲ့ ပြောင်းလဲဖို့ ခက်ခဲလိမ့်မယ်၊ ဂိုဏ်းသားတွေကို အပြင်မထွက်ကြဖို့ပဲ အမိန့်ပေးလို့ ရနိုင်တယ်၊ တောင်ထိပ်တိုင်းကိုလည်း လုံခြုံရေးတင်းကြပ်ရလိမ့်မယ်”

စန်းချွမ် လုံခြုံရေးအတွက် ယွင်ကျဲအနည်းငယ် စိတ်ပူမိသည်။ သူမ ဒဏ်ရာတွေ အရှင်းမပျောက်ကင်းသေးသဖြင့် အလွန် အားနည်းနေပါသေးသည်။

အန္တရာယ်သာကြုံလာပါက စန်းချွမ် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် ယွင်ကျဲ တာဝန်ယူကာ ပြောလိုက်သည်။

“ကျွန်တော် ယွီကျမ့်တောင်ထိပ်ကိုသွားပြီး ရှစ်ကျဲစန်းချွမ်ကို ကာကွယ်ပေးမယ်!”

သို့သော် နန်ခယ့်က ခေါင်းခါလိုက်ပါသည်။

“ယွီကျမ့်တောင်ထိပ်ကို မင်းဦးလေးရှန်းက ကြီးကြပ်ထားတာ၊ စန်းချွမ်ကို သူကာကွယ်နိုင်စွမ်းရှိတယ်၊ ပြဿနာပိုကြီးအောင် သွားမလုပ်နဲ့”

‘သူတို့ရဲ့ နှစ်ယောက်တည်းကမ္ဘာကို မင်းက ဘာပြဿနာသွားရှာမလို့လဲ’

ယွင်ကျဲ တွန့်ဆုတ်နေဆဲပင်။

“အဲ့တာတော့ ဟုတ်ပါတယ် ဒါပေမယ့်…”

နန်ခယ့်အမြန်ဖြတ်ပြောလိုက်သည်။

“အေးပါ မင်းရှစ်ကျဲ စန်းချွမ်ကို ကျေးဇူးပြန်ဆပ်ချင်နေတာ ငါသိတယ်၊ ဒါပေမယ့် အခုက အချိန်မတန်သေးဘူး၊ နောင်လည်း ကျေးဇူးပြန်ဆပ်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ရလာဦးမှာပါ၊ လောလောဆယ်တော့ အိမ်ပဲ ပြန်နေလိုက်ဦး၊ မလိုအပ်ဘဲ အပြင်မထွက်နဲ့”

ယွင်ကျဲ စိတ်မပါစွာ အမိန့်နာခံလိုက်ရသည်။

“ကောင်းပါပြီ”

သူ့အဖေက ဘက်လိုက်သည်ဟု ယွင်ကျဲ ထင်မိသည်။ သားဖြစ်သူကို သူ့ညီလောက် ဂရုမစိုက်ပေ။

ယွင်ကျဲ ထွက်သွားဖို့ ခြေလှမ်းပြင်နေစဉ် နန်ခယ့်က ရုတ်တရက် လှမ်းခေါ်လိုက်ပါသည်။

“မင်းသတိထားရမယ့် ကိစ္စတစ်ခုရှိသေးတယ်၊ ဂိုဏ်းထဲမှာ စန်းချွမ်အပေါ် မင်းဘယ်လောက်ပဲ တလေးတစား ဆက်ဆံပါစေ ဂိုဏ်းအပြင်ရောက်ရင်တော့ နဂိုအတိုင်း ပြုမူရမယ်နော်”

ယွင်ကျဲ မေးလိုက်သည်။

“ဘာနဂိုအတိုင်းလဲ”

နန်ခယ့် စူးရှစွာ စိုက်ကြည့်လိုက်သည်။

“အရင်တုန်းက စန်းချွမ်ကို မင်းဘယ်လို ဆက်ဆံခဲ့သလဲ မေ့သွားပြီလား”

ယွင်ကျဲ လိပ်ပြာမလုံစွာ နှာခေါင်းပွတ်လိုက်ပါသည်။

“အဲ့တာတွေအကုန်လုံး အတိတ်မှာကျန်ခဲ့ပြီ၊ ကျွန်တော့် အပြစ်တွေကို ပြန်ပေးဆပ်ပြီးပြီလေ”

“မိစ္ဆာဘုရင်၊ ဝိညာဉ်ဧကရာဇ်နဲ့ နတ်ဆိုးအရှင်သခင်တို့က စန်းချွမ်ကို လိုက်ရှာနေကြတာ၊ မင်းရှစ်ကျဲ စန်းချွမ် သူတို့လက်ထဲ ရောက်သွားတာကို မမြင်ချင်ဘူးဆိုရင် သူရှမ့်ယွင်ဂိုဏ်းမှာ ရှိနေတယ်ဆိုတဲ့သတင်း မပေါက်ကြားစေနဲ့”

ယွင်ကျဲ ရုတ်တရက်နားလည်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

“ကျွန်တော် သိပါတယ်!”

ယွင်ကျဲ လှိုဏ်ဂူသို့ ပြန်ရောက်သောအခါ သူ့ကို စောင့်နေသည့် ကျောက်ရှုကို မြင်လိုက်ရပါသည်။

ကောင်းကင်ဘုံနန်းတော်ထဲတွင် ဓားချင်းယှဉ်ပြီး တိုက်ခိုက်ခဲ့ကြသော်လည်း ယခုတော့ အသိစိတ် ပြန်ကပ်သွားကြပြီ ဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပေးခဲ့သည်။ ယခင်တုန်းက အငြှိုးတရားတွေ ပျောက်ကွယ်သွားရုံသာ မကဘဲ သူငယ်ချင်းသံယောဇဉ်လည်း ပိုမိုနက်ရှိုင်းလာခဲ့ပါသည်။

ကျောက်ရှုက သူလာခဲ့ရသည့် အကြောင်းအရင်းကို ပြောလိုက်သည်။

“ကျင်းချွီမြို့မှာ ရှစ်ကျဲစန်းချွမ်ရဲ့ ခြေရာလက်ရာတွေကို တွေ့ခဲ့ရတယ်လို့ကြားမိတယ်၊ မင်းအဲ့ဒီကိုရောက်တော့ သူ့ကိုတွေ့ခဲ့သေးလား”

ယွင်ကျဲ ခေါင်းညိတ်လိုက်သည်။

“အင်း၊ ဦးလေးရှန်းက သူ့ကို ယွီကျမ့်တောင်ထိပ်ဆီ ပြန်ခေါ်လာခဲ့ပြီ”

အဖေဖြစ်သူ၏ သတိပေးစကားကို အမှတ်ရပြီး ယွင်ကျဲ အမြန်ထပ်ပြောလိုက်သည်။

“အဲ့ဒီကိစ္စကို ငါတို့ ဂိုဏ်းသားတွေပဲ သိထားရမှာနော်၊ အပြင်ကို ပေါက်ကြားမသွားစေနဲ့”

ကျောက်ရှုလည်း အကြောင်းအရင်းကိုရိပ်စားမိကာ ခေါင်း ညိတ်လိုက်ပါသည်။ ထို့နောက် သူမေးလိုက်သည်။

“ငါတို့ ရှစ်ကျဲစန်းချွမ်နဲ့ တွေ့ချင်လို့ ယွီကျမ့်တောင်ထိပ်ကို သွားလို့ရမလား”

ကောင်းကင်ဘုံနန်းတော်ထဲတွင် စန်းချွမ်က ယွင်ကျဲတစ်ဦးတည်းကို ကယ်တင်ပေးခဲ့ရုံမဟုတ်ဘဲ ကျောက်ရှုနှင့် အခြား တပည့်သားများကိုပါ ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် သူမကို အားလုံး ကျေးဇူးတင်နေကြပါသည်။

ပထမတော့ စန်းချွမ်သေဆုံးသွားပြီဟု ထင်ခဲ့ကြသဖြင့် သူမအတွက် အထိန်းအမှတ်ကျောက်တိုင်ကြီးတစ်ခု တည် ဆောက်ပေးဖို့ စဉ်းစားခဲ့ကြသည်။ ယခု စန်းချွမ် အသက်ရှင်နေသေးမှန်းသိလိုက်ရသောအခါ စိုးရိမ်ပူပန်မှုမှ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူချင်းတွေ့ကာ ကျေးဇူးတင်ချင်မိပါသည်။

ယွင်ကျဲလည်း စန်းချွမ်ကို သွားတွေ့ချင်ပါသည်။ သို့သော် ယွီကျမ့်တောင်ထိပ်သို့သွားပြီး စန်းချွမ်နှင့် ဦးလေးရှန်းတို့ကို အနှောင့်အယှက်မပေးဖို့ သူ့အဖေ မှာကြားထားသည်။

အခန်းထဲမှာ ယွင်ကျဲ လက်နောက်ပစ်ရင်း ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ကာ တစ်ခုခုကို စဉ်းစားနေခဲ့သည်။ အကြိမ်ကြိမ် တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခံစားချက်နောက်ကို လိုက်ဖို့သာ ဆုံးဖြတ်ခဲ့သည်။

“ဒီနေ့ နေ့လယ်ခင်း ယွီကျမ့်တောင်ထိပ်ကို အတူတူသွားကြမယ်၊ ဒါပေမယ့် အဲ့ဒီကိစ္စကို လျှို့ဝှက်ထားရမယ်နော်၊ တခြား ဘယ်သူမှ သိသွားလို့မဖြစ်ဘူး”

ကျောက်ရှုနားမလည်နိုင် ဖြစ်သွားသည်။

“ဘာလို့တုန်း”

“ခုတလော ဂိုဏ်းထဲမှာ အခြေအနေတွေ မတည်မငြိမ်ဖြစ်လာနိုင်တယ်၊ အဲ့တာကြောင့် အဖေက ငါတို့ကို အပြင်ထွက်ခွင့် တားမြစ်ထားတယ်”

ကျောက်ရှု တွန့်ဆုတ်သွားလေသည်။

“အဲ့တာဆို… ငါတို့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အမိန့်ကို ဖီဆန်ရာမကျဘူးလား”

ယွင်ကျဲ တိုးညှင်းစွာ သတိပေးလိုက်ပါသည်။

“အဲ့တာကြောင့် လျှို့ဝှက်ထားရမယ်လို့ ပြောတာပေါ့၊ ငါ့အဖေ မသိရင် ဘာမှမဖြစ်ဘူး”

ကျောက်ရှု အနည်းငယ် စိတ်လေးလံသွားသော်လည်း ခေါင်း ညိတ်လိုက်ပါသည်။ ယွီကျမ့်တောင်ထိပ်က သိပ်လည်း မဝေးသဖြင့် ချက်ချင်းသွားပြီး ချက်ချင်း ပြန်လာလိုက်လျှင် ဘာပြဿနာမှ မဖြစ်လောက်ပါ။

စန်းချွမ်ထံ သွားရောက်လည်ပတ်မည်ဖြစ်သဖြင့် လက်ချည့်ဗလာသွားလို့ မဖြစ်ပေ။ ထို့ကြောင့် ဂိုဏ်းမစ်ရှင်များ ထမ်းဆောင်ပြီး ရရှိခဲ့သည့် အမှတ်များကို အသုံးပြုကာ အစားအ သောက်နှင့် ရိက္ခာအချို့ကို လဲလှယ်ဖို့အတွက် ဂိုဏ်း၏ စီမံခန့်ခွဲရေး ခန်းမသို့ သူတို့နှစ်ယောက် သွားခဲ့ကြပါသည်။

-

ထိုအချိန်တွင် ယန်ရုန်ရုန်ကတော့ ယွီကျမ့်တောင်ထိပ်မှ ထွက်ခွာသွားလေပြီ။ အချက်အလက်တချို့ ရှာဖွေဖို့အတွက် စာကြည့်တိုက်ဆောင်သို့ သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။

ရှမ့်ယွင်ဂိုဏ်း၏ စာကြည့်တိုက်ဆောင်က ထျန်ကျီးတောင် ထိပ်တွင် တည်ရှိသည်။ ထိုတောင်ထိပ်တွင် စည်းမျဉ်းတစ်ခုရှိပါသည်။ ရွှေအမြုတေအဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူများသာ ပျံလွှားနိုင်သော နတ်ရတနာများကို အသုံးပြုခွင့်ရှိသည်။ ကျန်သူများကတော့ လမ်းသာ လျှောက်ရပါမည်။

တောင်တက်လမ်းကြီးက အလွန်ရှည်လျားလှပြီး တောင်ထိပ်မှာ တိမ်တိုက်များအတွင်းသို့ပင် တိုးဝင်ပျောက်ကွယ်နေသဖြင့် ခေါင်းမူးစရာကောင်းလှပါသည်။

ယန်ရုန်ရုန်က လျို့လန်ကိုခေါ်ပြီး လှေကားထစ်များကို ဖြည်းညှင်းစွာ တက်နေပါသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများက သက်လုံကောင်းကြပြီး လှေကားတက်ဖို့ဆိုတာ ခက်ခဲသည့်အရာ မဟုတ်သော်လည်း ယန်ရုန်ရုန့် ဒဏ်ရာများက အရှင်း မပျောက်ကင်းသေးဘဲ သက်လုံကလည်း လျော့ နည်းနေဆဲဖြစ်သည်။ ထို့ကြောင့် ဒီလောက်ရှည်လျားသည့် လှေကားကြီးကို တက်ရသည်မှာ အလွန်ခက်ခဲလှပါသည်။

ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီး၏ကျောပြင်ကို ယန်ရုန်ရုန် သတိရမိသည်။ ကံဆိုးစွာဖြင့် သူမမှာ ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့် မရှိပေ။ မဟုတ်ပါက ရွှမ်နျောင်ငှက်ကြီး၏ အကူအညီဖြင့် တောင်ထိပ်သို့ ရောက်အောင် အလျှင်အမြန် တက်နိုင်ပါလိမ့်မည်။

ယန်ရုန်ရုန် အတွေးလွန်နေစဉ် ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက် ကောင်းကင်ပေါ်မှ ဓားပျံစီးကာ ရုတ်တရက် ဆင်းလာပြီး သူမရှေ့မှာ ရုတ်တရက် ပိတ်ရပ်လိုက်ပါသည်။

ထိုကျင့်ကြံသူက အပြာရောင်နက်နက် ဝတ်ရုံကို ဆင်မြန်းထားပြီး ခါးမှာ ဓားတစ်ချောင်းကို ချိတ်ဆွဲထားသည်။ ဓားရိုးတွင် ကျောက်စိမ်း တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားသည်။ ထိုတံဆိပ်ပြားကို ကြည့်ခြင်းအားဖြင့် ထိုကျင့်ကြံသူက စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်သားတစ်ဦးဖြစ်မှန်း သိနိုင်သည်။

ထိုကျင့်ကြံသူက ယန်ရုန်ရုန်ကို မဖော်ရွေသော လေသံဖြင့် ပြောလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်ကြီးက အမိန့်ထုတ်ပြန်ထားတယ်၊ ဒီနေ့ကစပြီး ဂိုဏ်းသားတွေ မလိုအပ်ဘဲ အပြင်ထွက်ခွင့်မရှိဘူး၊ ခင်ဗျာားဘယ်တောင်ထိပ်က လာခဲ့တာလဲ၊ ဘာလို့ အပြင်မှာ လျှောက်သွားနေတာလဲ၊ လာရာအရပ်ကို အခုချက်ချင်း ပြန်လိုက်ပါ!”

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

‘ဂိုဏ်းခေါင်းဆောင်ကြီး ဘယ်တုန်းက အမိန့်ထုတ်ပြန်လိုက်တာလဲ’

သူမ မသိပါ။ ဒီအထိရောက်အောင် ပင်ပင်ပန်းပန်း တက်လာခဲ့ရတာဖြစ်သည်။ ဒီလို ပြန်လွှတ်ခံရမည်မှန်းသာ ကြိုသိလျှင် အိမ်ထဲမှ ထွက်လာခဲ့မှာတောင် မဟုတ်ပါ။

ပင်ပင်ပန်းပန်း တက်လာခဲ့ရသော ရှည်လျားလှသည့် လှေကားထစ်ကြီးကို ယန်ရုန်ရုန် ပြန်လှည့်ကြည့်လိုက်သည်။ မောဟိုက်မှုကြောင့် သူမ ခြေသလုံးများ တုန်ယင်နေပါပြီ။ ထို့ကြောင့် သူမ ညှိနှိုင်းကြည့်ဖို့ ကြိုးစားလိုက်သည်။

“ဒီမှာ ခဏလောက် ထိုင်နားလို့မရဘူးလားဟင်”

တပည့်သားက ချက်ချင်း ငြင်းဆန်လိုက်သည်။

“မရဘူး!”

ထို့နောက် ယန်ရုန်ရုန်ကို သူသေချာအကဲခတ်လိုက်သည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း အခြေခံအုတ်မြစ်ချ အဆင့်သာရှိသေးသဖြင့် ပါရမီမပါဘဲ ကြိုးစားအားထုတ်မှုလည်း မရှိသည့် တပည့်သားတစ်ဦးဖြစ်မည်ဟု ယူဆလိုက်သည်။

ဒီလိုလူမျိုးက အတွင်းစည်းတပည့်သားတစ်ဦး၏ ဝတ်ရုံကို ဆင်မြန်းထားသဖြင့် မသမာသည့် နည်းလမ်းတစ်ခုခုကို သုံးခဲ့ခြင်းသာဖြစ်ပါလိမ့်မည်။

ထိုတပည့်သား မျက်လုံးတွေထဲ အထင်သေးစက်ဆုပ်မှုများ ပေါ်လွင်လာခဲ့သည်။

“ကျုပ်မေးတဲ့မေးခွန်းကို မဖြေရသေးဘူး၊ ခင်ဗျား ဘယ်တောင်ထိပ်က လာခဲ့တာလဲလို့”

ယန်ရုန်ရုန် အမှန်အတိုင်း ပြောလိုက်ပါသည်။

“ယွီကျမ့်တောင်ထိပ်က”

တပည့်သား ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

“ဘာမှနားမလည်ဘဲ လျှောက်လိမ်နေတယ်ပေါ့ ဟုတ်လား! ယွီကျမ့်တောင်ထိပ်ကို ရွှမ်ယွဲ့ဓားသခင်က ကြီးကြပ်ထားတာ၊ ရွှမ်ယွဲ့ဓားသခင်မှာ တပည့်သား သုံးယောက်ပဲရှိတယ်၊ အငယ်ဆုံး စန်းချွမ်ကလွဲပြီး တခြားတပည့်သား နှစ်ယောက်က အရမ်းထူးချွန်လို့ နတ်ဝိညာဉ်သန္ဓေအဆင့်ကိုတောင် ရောက်နေကြပြီ၊ ခင်ဗျားလို အခြေခံအုတ်မြစ်ချအဆင့်နဲ့ ကျင့်ကြံသူက ယွီကျမ့်တောင်ထိပ်က လာတာတဲ့လား”

ယန်ရုန်ရုန် ရိုးသားစွာ ပြောလိုက်သည်။

“အင်း… ငါက အငယ်ဆုံး စန်းချွမ်ကော ဖြစ်မနေနိုင်ဘူးလား”

တပည့်သား မယုံကြည်နိုင်စွာ ရယ်မောလိုက်ပြီး လှောင် ပြောင်သရော်မှုဖြင့် ပြောလိုက်သည်။

“စန်းချွမ်က တကယ်ပါရမီ မပါဘူး၊ နှစ် ၃၀ လောက် ကျင့်ကြံပြီးတာတောင် အခြေခံအုတ်မြစ်ချ အဆင့်မှာပဲ ရှိသေးတယ်၊ ဒါပေမယ့် သူက ခင်ဗျားထက် အများကြီး ပိုငယ်တယ်၊ အမှန်အတိုင်း ဝန်ခံစမ်းပါ၊ ခင်ဗျားဘယ်သူလဲ”

ပါရမီမရှိကြောင်း ထပ်မံ စွပ်စွဲခံလိုက်ရသဖြင့် ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။

“ငါတကယ် စန်းချွမ်ပါ”

“အဲ့တာဆို ကိုယ်ရေးတံဆိပ်ပြားထုတ်ပြီး သက်သေပြလေ!”

All Chapters