အခန်း (၄၈)
Vol. 5 Ch. 48
ရှမ့်ယွင်ဂိုဏ်းသားတိုင်းတွင် ကိုယ်ရေးတံဆိပ်ပြားတစ်ခုဆီ ရှိကြပြီး ခေတ်သစ်၏ မှတ်ပုံတင်ကတ်ပြားနှင့် ညီမျှသည်။
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲနှိုက်ကာ မွှေနှောက်ရှာဖွေခဲ့သော်လည်း လက်ထဲ ဘာမှ ပါမလာခဲ့ပေ။
ချင်းရှားလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့စဉ်တုန်းက ဝင်ပေါက်တွင် ကိုယ်ရေးတံဆိပ်ပြားများကို စစ်ဆေးသည့် ရွှေအမြုတေကျင့်ကြံသူအား သူ တံဆိပ်ပြားကိုပေးခဲ့မိမှန်း သတိရသွားခဲ့သည်။
ထို့နောက် အကြောင်းအရင်းမျိုးစုံကြောင့် ထိုတံဆိပ်ပြားကို သူ ပြန်မယူနိုင်ခဲ့ပါ။
တစ်နည်းအားဖြင့် ယခု သူမက ရှမ့်ယွင်ဂိုဏ်းထဲသို့ ‘တရားမဝင်’ ဝင်ရောက်လာသူဖြစ်နေပါပြီ။
ထိုတပည့်သားက သူမကို အေးစက်သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။
“တံဆိပ်ပြား ထုတ်မပြနိုင်ဘူးမလား၊ ခင်ဗျား တကယ်လိမ်နေတာပဲ၊ ကျုပ်နဲ့ အခုချက်ချင်းလိုက်ခဲ့စမ်း!”
ယန်ရုန်ရုန် ခြေလှမ်းများ နောက်ဆုတ်သွားသည်။
“ငါ့ကို ဘယ်ခေါ်သွားမလို့လဲ”
“ခင်ဗျားလို ဘယ်ကမှန်းမသိရောက်လာတဲ့လူကို လုံခြုံရေးခန်းမဆီခေါ်ပြီး သေသေချာချာ စစ်ဆေးမေးမြန်းရမှာပေါ့”
ပြောပြောဆိုဆိုနှင့် သံကြိုးများကို ထုတ်ကာ ယန်ရုန်ရုန်ကို ချက်ချင်း ဖမ်းဆီးဖို့ ကြံလိုက်သည်။
ယန်ရုန်ရုန်လည်း အသည်းအသန် ရှင်းပြရတော့သည်။
“ငါတကယ် ယွီကျမ့်တောင်ထိပ်ရဲ့ တပည့်သားဟဲ့! နင်မယုံရင် ရွှမ်ယွဲ့ဓားသခင်ကို မေးကြည့်လို့ရတယ်၊ ဒါမှမဟုတ် ဂိုဏ်းခေါင်းဆောင်ကြီးကိုတောင် မေးကြည့်လို့ရတယ်”
“ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ရွှမ်ယွဲ့ဓားသခင်တို့က ခင်ဗျားလို့ အဆင့်အတန်းမရှိတဲ့ကြွက်မျိုး တွေ့ချင်တိုင်းတွေ့လို့ရတဲ့ လူတွေလား၊ အခုချက်ချင်း အသာတကြည်လိုက်ခဲ့နော်၊ မဟုတ်ရင် ကျုပ်ခွန်အားသုံးရလိမ့်မယ်!”
ယန်ရုန်ရုန် စိတ်မရှည်ဖြစ်လာခဲ့သည်။
“နင်စဉ်းစားဉာဏ်မရှိဘူးလား၊ ငါ့မှာ ကောက်ကျစ်တဲ့ အကြံ အစည်ရှိရင် နေ့ခင်းကြောင်တောင် ဒီလို လျှောက်သွားနေပါ့မလား”
“ခင်ဗျားဘာတွေကြံနေလဲ ခင်ဗျားကိုယ်တိုင်ပဲ သိမှာပေါ့! မလှုပ်နဲ့နော် မလှုပ်နဲ့လို့ ပြောနေတယ်! လူစကား နားမလည်ဘူးလား!”
ထိုတပည့်သားက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သံကြိုးဖြင့် တုပ်နှောင်ဖို့ ပြင်လိုက်သည်။
အမေဖြစ်သူ တိုက်ခိုက်ခံနေရသည်ကို မြင်ပြီး လျို့လန် ချက်ချင်း ပါးစပ်ဟကာ ထိုတပည့်သားကို ဝါးစားဖို့ ကြံလိုက်ပါသည်။
ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။ ဒီတပည့်သားက စိတ်ရှုပ်စရာကောင်းသော်လည်း သေရလောက်သည့်အထိတော့ အပြစ်မရှိပေ။
ထို့အပြင် ဒီနေရာက ထျန်ကျီးတောင်ထိပ်ဖြစ်သည်။ ဒီလိုနေရာမှာသာ လျို့လန် ဂိုဏ်းသားတစ်ယောက်ကို စားပစ် လိုက်လျှင် ပြဿနာအကြီးအကျယ် တက်သွားပါလိမ့်မည်။
လျို့လန်ကို သူမ ဆွဲခေါ်လိုက်ပြီး လှေကားထစ်၏ အဆုံးစွန်သို့ ပြေးသွားလိုက်သည်။ သူမနောက်တွင် အဆုံးမဲ့ အသူရာချောက်နက်ကြီးသာ ရှိပါတော့သည်။
“အနားကပ်မလာနဲ့နော်၊ ငါတို့ ခုန်ချလိုက်မှာ!”
တပည့်သားက လှောင်ပြုံးပြုံးလိုက်သည်။
“ကျုပ်ကို အဲ့လိုလာခြောက်လို့ရမယ်ထင်နေလား”
ထို့နောက် ယန်ရုန်ရုန်ကို ဖမ်းဆီးဖို့ သူရှေ့တိုးလာခဲ့ပါသည်။
ယန်ရုန်ရုန် ညာဘက်ခြေထောက်ကို နောက်သို့ အသာရွှေ့လိုက်ရာ လေထဲ တန်းလန်းဖြစ်သွားခဲ့သည်။ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သဖြင့် တပည့်သားလည်း မတတ်သာဘဲ ခြေလှမ်းများ ရပ်လိုက်ရသည်။
‘ဒီမိန်းမတကယ်ခုန်ချဖို့ ကြံနေတာလား’
ထိုစဉ် အလုပ်ကိစ္စများ ပြီးမြောက်၍ အိမ်ပြန်လာကြသော အတွင်းစည်းတပည့်သားအချို့ ထိုမြင်ကွင်းကို မြင်သွားကြသည်။
အမျိုးသမီးကျင့်ကြံသူတစ်ဦးက စိတ်ဝင်တစား ဝင်မေးလိုက်ပါသည်။
“ဘာတွေဖြစ်နေကြတာလဲ”
စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်သား ဘာမှမပြောနိုင်ခင် ယန်ရုန်ရုန်က ဦးစွာ စွပ်စွဲလိုက်ပါသည်။
“ကလေးလေးနဲ့ ကျွန်မ နှစ်ယောက်တည်း ရှိနေတာကို ဒီလူမြင်ပြီး အနိုင်ကျင့်ဖို့ ကြိုးစားနေတာ! သူ့ရဲ့ ကိုယ်လုပ်တော်လုပ်ဖို့ အတင်းအကြပ်ဖိအားပေးပြီး အသားယူဖို့ပါ ကြိုးစားနေတယ်၊ အဲ့တာကြောင့် တခြား နည်းလမ်းမရှိဘဲ ကျွန်မ အခုလို အသေခံပစ်လိုက်မယ်လို့ ခြိမ်းခြောက်နေရတာပါ”
အားလုံး ကြက်သေသေသွားခဲ့ကြသည်။
သူတို့အမြင်မှာတော့ ယန်ရုန်ရုန်က ဆံဖြူအဒေါ်ကြီးတစ်ယောက်ဖြစ်ကာ ငယ်လည်းမငယ် လှလည်းမလှပါ။ ထို့အပြင် ကလေးလေးတစ်ယောက်လည်း ရှိနေသေးသည်။
တစ်ဖက်တွင် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်သားကတော့ အတော်လေး ငယ်ရွယ်ပြီး ချောမောပါသည်။
‘အဒေါ်ကြီးတစ်ယောက်ကို ဘာလို့ သဘောကျနေရတာလဲ၊ ဧကန္တ… ထူးထူးဆန်းဆန်း ဝါသနာတွေရှိနေလို့လား’
ဒေါသကြောင့် ထိုတပည့်သား မျက်နှာ ပြာနှမ်းသွားပြီး ဟိန်းဟောက်လိုက်ပါသည်။
“ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ၊ ကျုပ်ခင်ဗျားကို လုံးဝ စိတ်မဝင်စားဘူး!”
ယန်ရုန်ရုန် ကြောက်ချင်ယောင်ဆောင်ကာ ဂုတ်တိုသွားပြီး တတွတ်တွတ်ရေရွတ်လိုက်ပါသည်။
“ခုနက နင်ပြောခဲ့တာ အဲ့လိုစကားမျိုးမဟုတ်ပါဘူး၊ ငါ့လက်ကို အတင်းဆွဲထားပြီး လုံးဝ လွှတ်မပေးဘူး၊ မျက်နှာကို ကိုင်ဖို့လည်း ကြိုးစားသေးတယ်၊ နင်တော်တော်ဖြစ်နေလို့…”
“ကျုပ် ဘာမှမဖြစ်ဘူး!”
ယန်ရုန်ရုန် အမြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ငါတို့သားအမိကို လွှတ်ပေးမယ်ဆိုရင် နင်ပြောတာကို အမှန်လို့ သတ်မှတ်ပေးပါ့မယ်”
ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန် ဘေးတစောင်းလမ်းလျှောက်ကာ အခြေအနေကို အခွင့်ကောင်းယူပြီး လစ်ထွက်သွားဖို့ ကြိုးစားလိုက်သည်။
သူမအကြံကို ရိပ်စားမိသွားပြီး တပည့်သားက အော်သတိ ပေးလိုက်ပါသည်။
“ထွက်ပြေးဖို့ မကြံနဲ့နော်!”
ထို့နောက် သူ့ဝိညာဉ်ဓားကို ထုတ်ကာ ယန်ရုန်ရုန့် ရှေ့သို့ ရွယ်လိုက်သည်။
တပည့်သား၏ ရည်ရွယ်ချက်က သူ့ဓားဖြင့် ယန်ရုန်ရုန်၏ လမ်းကို ပိတ်ကာ ထွက်မပြေးနိုင်အောင် တားဆီးဖို့ဖြစ်သည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ သူ့ညာဘက်လက် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ဓားက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဦးတည်ချက် ပြောင်းသွားခဲ့သည်။
ဓားသွားထိပ်က ယန်ရုန်ရုန် နှလုံးသားတည့်တည့်သို့ ဦးတည်သွားခဲ့ပါသည်။
ထိုတပည့်သား ချောက်ချားမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သို့သော် နောက်ကျသွားခဲ့ပါပြီ။ ရှေ့သို့ ပျံထွက်သွားသည့် သူ့ဝိညာဉ်ဓားကို ဒီတိုင်း ရပ်ကြည့်နေခဲ့ရသည်။
ထိုဓားကို ဝိညာဉ်စွမ်းအင်များက ဖုံးလွှမ်းထားသဖြင့် သာမန် အခြေခံအုတ်မြစ်ချအဆင့် ကျင့်ကြံသူတစ်ဦးက တားဆီးနိုင်မှာ မဟုတ်ပါ။
ယန်ရုန်ရုန်က ဒဏ်ရာတွေမသက်သာသေးသည့်အပြင် ခန္ဓာကိုယ်ကလည်း အလွန်အားနည်းနေသဖြင့် ယခင်ကလောက် မမြန်ဆန်ခဲ့ပေ။ ဓားချက်ကို ရှောင်တိမ်းဖို့အစွမ်း ကုန်ကြိုးစားခဲ့သော်လည်း အလွန်ဆုံး နှလုံးတည့်တည့်ကိုမထိမှန်အောင်သာ ရှောင်နိုင်ခဲ့ပါသည်။
နှလုံးသားကိုလွဲချော်သွားသော်လည်း ဓားသွားထိပ်က သူမ ပခုံးထဲ စိုက်ဝင်သွားခဲ့သည်။
အလွန် စူးရှနာကျင်သဖြင့် ယန်ရုန်ရုန်နောက်သို့ ယိမ်းသွားခဲ့သည်။ သို့သော် အနောက်တွင် လေထုကလွဲပြီး ဘာမှရှိမနေပါ။ ထို့ကြောင့် လျို့လန်နဲ့အတူတူ သူမ တောင်ထိပ်မှ ပြုတ်ကျသွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော တပည့်သားများအားလုံး ကြက်သေသေသွားခဲ့ကြသည်။ သူတို့ အသိစိတ် ပြန်ကပ်ချိန်တွင် ယန်ရုန်ရုန် တောင်ပေါ်မှ ပျောက်ကွယ်သွားခဲ့ပါပြီ။
ယွင်ကျဲနှင့် ကျောက်ရှုတို့ တောင်အောက်သို့ ဆင်းလာကြစဉ် လမ်းတွင် လူအုပ်ကြီးတစ်အုပ် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်ကို မြင်လိုက်ရသည်။ အော်သံအချို့ကိုပင် ကြားနေရပါသည်။
“ရှေ့မှာ ဘာတွေဖြစ်နေကြတာလဲ”
ကျောက်ရှု မေးလိုက်သည်။
“သွားကြည့်ကြစို့”
ယွင်ကျဲ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ အနားရောက်သောအခါ ဂိုဏ်းသားများ၏ စွပ်စွဲ ပြောဆိုသံတွေကို ကြားလိုက်ရပါသည်။
“အားလုံးက တစ်ဂိုဏ်းတည်းသားချင်းတွေလေ! မင်းဘာလို့ အဲ့လောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ရတာလဲ!”
“ဧကန္တ အဲ့ဒီအမျိုးသမီးပြောတာ မှန်နေတာလား၊ သူအမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားလို့ မင်းနှုတ်ပိတ်ပစ်လိုက်တာလား!”
“ဒီအမြင့်ကနေ ပြုတ်ကျသွားရင် အသက်ရှင်ဖို့ မလွယ်ဘူးနော်…”
အားလုံးထဲ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အပြာရောင်ဝတ်ရုံနှင့် တပည့်သားတစ်ဦးသာ ပါးစပ်ပိတ်နေခဲ့ပါသည်။ ထိုတပည့်သားကို ယွင်ကျဲသိသည်။ သူ့အမည်က ဟဲဝေ့ရှန်းဖြစ်ပြီး အကြီးအကဲ လေ့ဖုန်း၏ တပည့်အရင်းဖြစ်သည်။
“ရှစ်ရှုန်းဟဲ ဘာတွေဖြစ်နေတာလဲ”
ယွင်ကျဲကို ဟဲဝေ့ရှန်း မော့ကြည့်လိုက်သည်။ ဂိုဏ်းခေါင်း ဆောင်ကြီး၏ သားကိုယ်တိုင်ရောက်လာသဖြင့် သူ့ဘက်က အခြေအနေကို ဟဲဝေ့ရှန်း အမြန်ရှင်းပြလိုက်ပါသည်။
“ခုနက ကလေးတစ်ယောက်နဲ့ ဘယ်ကမှန်းမသိတဲ့ သက်လတ်ပိုင်း အမျိုးသမီးကြီးတစ်ယောက်ကို ငါတွေ့ခဲ့တယ်၊ သူ့အပြုအမူတွေက သံသယဖြစ်စရာကောင်းနေလို့ ဖမ်းခေါ်ပြီး စစ်ဆေးမေးမြန်းဖို့ ကြံခဲ့တာ၊ ဒါပေမယ့် သူက အသာတကြည်လိုက်မလာဘဲ ခုန်ချပြီး သတ်သေပစ်လိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ သူတကယ် မသေရဲဘဲ ထွက်ပြေးနိုင်ဖို့ အချိန်ဆွဲနေမှန်း ငါသိတယ်၊ အဲ့တာကြောင့် ငါ့ဓားကိုထုတ်ပြီး တားဖို့ကြံလိုက်တာ ဒါပေမယ့် သူ… သူ…”
‘သက်လတ်ပိုင်းအမျိုးသမီး’နှင့် ‘ကလေးတစ်ယောက်’ဟူသည့် စကားလုံးများကိုကြားပြီး ယွင်ကျဲ ရင်ထဲ သံသယများ ဝင်လာခဲ့သည်။
‘စန်းချွမ်များလား’
ယွင်ကျဲ စိတ်မရှည်စွာ မေးလိုက်သည်။
“သူ ဘာဖြစ်သွားတာလဲ!”
မျက်မြင်သက်သေများစွာရှိနေသဖြင့် ဟဲဝေ့ရှန်း ဖုံးကွယ်မထားနိုင်ပေ။ ထို့ကြောင့် အံကြိတ်ရင်း ဝန်ခံလိုက်ရသည်။
“သူ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်လို့ ငါသက်သက်ညှာညှာ တိုက်ခိုက်လိုက်တဲ့ ဓားချက်ကိုတောင် မရှောင်နိုင်ဘူး၊ ပခုံးကို ဓားထိပြီး တောင်ပေါ်က ပြုတ်ကျသွားတယ်…”
ယွင်ကျဲ စိတ်ချောက်ချားသွားကာ တောင်စွန်းနားသို့ ပြေးသွားပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ အောက်မှာ မြူခိုးမြူငွေ့များမှအပ အခြားမမြင်ရပေ။
ဟဲဝေ့ရှန်းကို သူလှည့်မေးလိုက်သည်။
“အဲ့ဒီအမျိုးသမီး နာမည်ပြောသွားသေးလား”
“သူ့ကိုယ်သူ ရွှမ်ယွဲ့ဓားသခင်ရဲ့ တပည့်အရင်း စန်းချွမ်လို့ ပြောနေတာ၊ ဒါပေမယ့် သူလိမ်နေတာ သေချာတယ်! စန်းချွမ်ကို ငါမြင်ဖူးတယ်၊ တစ်ခါတည်းမြင်ဖူးတာဆိုပေမယ့် အဒေါ်ကြီးတစ်ယောက် မဟုတ်မှန်းတော့ သေချာတယ်၊ အဲ့ဒီမိန်းမက တစ်ခုခု ကြံစည်ဖို့ ကြိုးစားနေတာ! ငါစည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာခဲ့ရုံပဲ၊ ဘာမှ အမှားမလုပ်ခဲ့ဘူး!”
ဟဲဝေ့ရှန်း ယုံကြည်မှုရှိကြောင်း ပြသဖို့အတွက် အသံတွေ ပိုမိုကျယ်လောင်လာခဲ့ပါသည်။
ယွင်ကျဲကတော့ သံသယများကို အတည်ပြုနိုင်ခဲ့ပြီး အလွန်သွေးပျက်သွားခဲ့ရသည်။
စန်းချွမ် နဂိုကတည်းကမှ ဒဏ်ရာတွေ ရရှိထားကာ အားနည်းနေသဖြင့် ဒီလောက်အမြင့်မှ ပြုတ်ကျသွားလျှင် အသက်ရှင်နိုင်ဖို့ လမ်းမမြင်တော့ပါ။