← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

ကျောက်ရှု မေးလိုက်သည်။

“ဒီကိစ္စ ရွှမ်ယွဲ့ဓားသခင်ဆီ အကြောင်းကြားသင့်လား”

ထိုစကားကြားသောအခါ ဟဲဝေ့ရှန်း မျက်မှောင်ကြုတ်ကာ ချက်ချင်း ကန့်ကွက်လိုက်ပါသည်။

“အဲ့ဒီအမျိုးသမီးကျင့်ကြံသူက တကယ် မတော်တဆဖြစ်သွားတာဆိုရင်တောင် သူ့ထိုက်နဲ့ သူ့ကံပဲလေ၊ ဒီကိစ္စကို ငါတို့ စည်းကမ်းထိန်းသိမ်းရေးခန်းမက သင့်တော်သလို ကိုင်တွယ်ဖြေရှင်းနိုင်တယ်၊ ရွှမ်ယွဲ့ဓားသခင်ကို အသိပေးစရာမလိုဘူး”

ဟဲဝေ့ရှန်း၏ စိတ်နေစိတ်ထားနှင့် စရိုက်အကြောင်း ယွင်ကျဲ ကြားဖူးပါသည်။ ဟဲဝေ့ရှန်းက သဘောထားသေးသိမ်ပြီး ခေါင်းမာတတ်ကာ အတ္တကြီးလွန်းသဖြင့် အခြားသူများ၏ အကြံပေးစကားများကို လုံးဝ လက်မခံတတ်သူဟု ဆိုကြသည်။

ယခင်တုန်းက ဟဲဝေ့ရှန်းဘက်မှ ယွင်ကျဲ ရပ်တည်ပေးခဲ့ပြီး ကာကွယ်ပြောဆိုပေးခဲ့ဖူးသည်။ ဟဲဝေ့ရှန်းက မဖော်ရွေတတ်သော်လည်း အနည်းဆုံးတော့ သူ့လုပ်ရပ်များက တရားမျှတမှုရှိသည်။

အဘက်ဘက်မှ ပြီးပြည့်စုံနေသည့် လူဟူသည်မရှိသဖြင့် ရောင်းရင်းတပည့်သားများအားလုံး တစ်ယောက်ကိုတစ်ယောက် သည်းခံပြီး ပေါင်းသင်းဆက်ဆံသင့်သည်ဟု ယွင်ကျဲ ခံယူခဲ့ပါသည်။

သို့သော် ယခု ဟဲဝေ့ရှန်း၏ စကားလုံးများကိုကြားသောအခါ ယွင်ကျဲ သွေးဆူသွားပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။

“အဲ့ဒီကျင့်ကြံသူ လိမ်နေတာမဟုတ်ဘူး! သူက တကယ်စန်းချွမ်ပဲ! သူအသက်ကြီးနေရတဲ့အကြောင်းအရင်းက ဒဏ်ရာတွေ ရထားလို့၊ မင်းဓားချက်ကို မရှောင်နိုင်ခဲ့ရတာလည်း ဒဏ်ရာတွေ မသက်သာသေးလို့ပဲ!”

ဟဲဝေ့ရှန်း ခေတ္တကြက်သေသေသွားသည်။ သို့သော် သူ မယုံကြည်နိုင်စွာ ငြင်းဆန်လိုက်ပါသည်။

“မဖြစ်နိုင်တာ! အဲ့ဒီမိန်းမက လူလိမ်ပဲ! ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ မိန်းမဆိုတာ သေချာတယ်၊ သူများတွေကို ကာကွယ်ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် စတေးမယ့်လူမျိုး လုံးဝမဖြစ်နိုင်ဘူး၊ မင်းလူမှားနေပြီထင်တယ်”

ယခင်တုန်းက ယွင်ကျဲလည်း စန်းချွမ်ကို ထိုနည်းလည်းကောင်း ကဲ့ရဲ့ခဲ့ဖူးသည်။ သို့သော် ယခု ထိုစကားလုံးများ အခြားသူတစ်ယောက်၏ နှုတ်မှ ထွက်လာသည်ကို ကြားရသောအခါ သူလက်ခံနိုင်ဖို့ ခဲယဉ်းခဲ့ပါသည်။

ယွင်ကျဲ ဒေါသမထိန်းနိုင်တော့ဘဲ ဟဲဝေ့ရှန်း၏ ဝတ်ရုံလည်ခွံကို ဆုပ်ကိုင်လိုက်သည်။

“သူဘယ်လိုလူမျိုးလဲဆိုတာ မင်းထက်ငါပိုသိတယ်! ဒီနေ့ မင်းရှစ်ကျဲစန်းချွမ်ကို ဓားနဲ့ထိုးပြီး တောင်ပေါ်က ပြုတ်ကျအောင် လုပ်ခဲ့တယ်၊ ဒီကိစ္စ ဂိုဏ်းခေါင်းဆောင်ကြီးကို ငါသေချာပေါက် တင်ပြမှာ၊ မင်းအပြစ်ဒဏ်ကို ခံယူဖို့ စောင့်နေပေတော့!”

ဟဲဝေ့ရှန်း၏ ကျင့်ကြံခြင်းအဆင့်က ယွင်ကျဲထက် မြင့်ပါသည်။ ထို့ကြောင့် သူ့လက်ကို အလွယ်တကူ ခါထုတ်လိုက်ပြီး သူ့ဝတ်ရုံကို သေသေသပ်သပ်ဖြစ်အောင် ပြန်ပြင်ရင်း ပြောလိုက်ပါသည်။

“ဂိုဏ်းခေါင်းဆောင်ကြီးက မင်းအဖေဆိုတော့ အချိန်တန်ရင် မင်းဘက်ကိုပဲလိုက်မှာ ငါသိတယ်၊ ဒါပေမယ့် ငါမကြောက်ဘူး၊ ငါဘာအမှားမှ မလုပ်ခဲ့ဘူး၊ ဒီကိစ္စကို ကောင်းကင်ဘုံအထိ တင်ပြရင်တောင် ငါ့အမှား လုံးဝ မရှိဘူး!”

ယွင်ကျဲ အံကြိတ်လိုက်သည်။ “မင်းတကယ် ကယ်လို့မရတော့ဘူးပဲ”

အနားမှ ကျောက်ရှုက သတိပေးလိုက်သည်။ “သူနဲ့ အချိန်ဖြုန်းမနေနဲ့၊ စန်းချွမ်ကို ကယ်ဖို့က ပိုအရေးကြီးတယ်”

ယွင်ကျဲ အသက်ဝဝ ရှူလိုက်ပြီး ရင်ထဲမှ ဒေါသမီးကို ထိန်းကာ ပြောလိုက်သည်။ “ငါချောက်ထဲဆင်းပြီး လိုက်ရှာလိုက်မယ်၊ မင်းက ယွီကျမ့်တောင်ထိပ်ကိုသွားပြီး ဦးလေးရှန်းကို အသိပေးလိုက်၊ မြန်မြန်သွား!”

“ဟုတ်ပြီ!”

ထျန်ကျီးတောင်ထိပ်တွင် ရွှေအမြုတေကျင့်ကြံခြင်းအဆင့်အောက်ရှိသော ကျင့်ကြံသူများ ပျံသန်းခွင့်မရှိဟူသော စည်းမျဉ်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ယွင်ကျဲ ဓားပျံကို ဆင့်ခေါ်ကာ ချောက်နက်ထဲသို့ ဆင်းသွားခဲ့ပါသည်။ ကျောက်ရှုကတော့ ‌တောင်အောက်သို့ လျှပ်စီးလိုအလျှင်နှင့် ဆက်ပြေးသွားခဲ့လေသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း နှစ်ယောက်စလုံး ပျောက်ကွယ်သွားကြသည်။

ကျန်ရစ်ခဲ့သည့် ဂိုဏ်းသားများအားလုံး ဟဲဝေ့ရှန်းကို ဝိုင်းကြည့်လိုက်ကြသည်။ သူအတော်လေး စိတ်ဖိစီးနေလိမ့်မည်ဟုလည်း ထင်ခဲ့ကြသည်။

သို့သော် ဟဲဝေ့ရှန်းကတော့ ယွင်ကျဲ ထွက်သွားသည့် အရပ်ကို ငေးကြည့်ရင်း ရေရွတ်လိုက်လေသည်။

“ထျန်ကျီးတောင်ထိပ်မှာ မပျံသန်းရဘူးဆိုတဲ့ စည်းကမ်းကို ပေါ်တင်ချိုးဖောက်တယ်ပေါ့… အပြစ်ပေးခံရမယ့်လူက မင်းဖြစ်သင့်တာ”

အားလုံး တိတ်ဆိတ်သွားကြသည်။ ဟဲဝေ့ရှန်း ဖြောင့်မတ်လွန်းသည်ပဲလား၊ ရူးသွပ်လွန်းသည်ပဲလား သူတို့ မပြောတတ်ကြတော့ပေ။

ထိုစဉ် ဂိုဏ်းသားတစ်ဦးက တိုးညှင်းစွာ မေးလိုက်သည်။ “ပြုတ်ကျသွားတဲ့ ကျင့်ကြံသူက တကယ် စန်းချွမ်ဖြစ်နေရင် မင်းဘယ်လိုလုပ်မလဲ”

ဟဲဝေ့ရှန်း တိတ်ဆိတ်သွားခဲ့သည်။

အမှန်တကယ်တော့ ဖြစ်ပျက်သွားသည့် ပြဿနာများကြောင့် သူရင်တွေ တုန်နေခဲ့ပါသည်။ အထူးသဖြင့် ယွင်ကျဲ၏ တုန့်ပြန်မှုက စစ်မှန်လွန်းသည်။ ထို့အပြင် ယွင်ကျဲ လိမ်ညာချင်လျှင်လည်း ဒီလို သေးသိမ်သည့် အလိမ်အညာမျိုး ပြောဖို့ မလိုအပ်ပါ။

‘အဲ့ဒီမိန်းမသာ… တကယ်စန်းချွမ်ဖြစ်နေရင်…’

ဂိုဏ်းသားအချင်းချင်း ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ခြင်းကို ရွှမ်ယွဲ့ဓားသခင် လုံးဝ ခွင့်လွှတ်ပေးမှာမဟုတ်ပါ။ သူ့ဆရာ အကြီးအကဲလဲ့ဖုန်း ကာကွယ်ပေးလျှင်တောင် ဟဲဝေ့ရှန်း ပြစ်ဒဏ်မှ အရှင်းလွတ်မြောက်နိုင်ချေ မရှိပေ။

ထိုစဉ် ဂိုဏ်းသားတစ်ယောက်က ထပ်ပြောလိုက်သည်။

“သူက စန်းချွမ်မဟုတ်ဘူး ဆိုရင်တောင် ရှစ်ရှုန်းဟဲက ဓားနဲ့တော့ မထိုးလိုက်သင့်ဘူးလေ၊ ရှမ့်ယွင်ဂိုဏ်းမှာ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်တာကို တားမြစ်ထားတယ်မဟုတ်ဘူးလား၊ ဘယ်လိုပဲကြည့်ကြည့် ရှစ်ရှုန်းဟဲလုပ်ခဲ့တဲ့ လုပ်ရပ်က စည်းမျဉ်းစည်းကမ်း ချိုးဖောက်ရာ ကျတာပဲ”

ထိုဂိုဏ်းသားကို ဟဲဝေ့ရှန်း စူးစူးရှရှကြည့်ကာ ပြောလိုက်သည်။

“အဲ့တာဆို ငါဓားထုတ်လိုက်တုန်းက မင်းဘာလို့ ဝင်မတားခဲ့တာလဲ၊ အခု သူသေမှ သူရဲကောင်းကြီး လာလုပ်နေတာလား၊ သူရဲကောင်းလုပ်ရတာ ပျော်စရာကောင်းရဲ့လား”

“မင်းတော်တော် ပြောရခက်တဲ့ကောင်ပဲ!”

ထိုဂိုဏ်းသား ဒေါသထွက်လွန်းသဖြင့် ဟဲဝေ့ရှန်းကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့တော့သည်။

ဒါကိုမြင်ပြီး အခြားဂိုဏ်းသားများလည်း ဆက်မနေချင်ကြတော့ဘဲ တစ်ယောက်ချင်း ထွက်သွားခဲ့ကြလေသည်။

နောက်ဆုံးတော့ ထိုနေရာမှာ ဟဲဝေ့ရှန်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

အနားမှာ ဘယ်သူမှ မရှိတော့သည့်အခါမှ ဟဲဝေ့ရှန်း ညာ ဘက်လက်ကို မ,လိုက်သည်။ သူ့ဝတ်ရုံစ လျှောကျသွားသောအခါ သလက်ကောက်ဝတ်မှာ ချည်ထားသည့် အနီရောင်ကြိုးလေးတစ်ကြိုး ပေါ်လာခဲ့ပါသည်။ ထိုကြိုးလေးတွင် အနက်ရောင် အလင်းပေါက် ပုတီးလုံးလေးတစ်လုံး ဆွဲထားသည်။

ထိုအနက်ရောင်ပုတီးလုံးလေးကို ကြည့်ရင်း ဟဲဝေ့ရှန်း တိုးညှင်းစွာ မေးလိုက်သည်။

“ဘာလို့လဲ”

ခုနက ဟဲဝေ့ရှန်း ထိုအမျိုးသမီး၏လမ်းကို ပိတ်ကာ တားဆီးချင်ခဲ့ရုံဖြစ်သည်။ သူမအသက်ကို နှုတ်ယူဖို့ အစိအစဉ် မရှိခဲ့ပေ။

သို့သော် ရုတ်တရက်ဆိုသလို သူ့ညာဘက်လက်က အလိုလို လှုပ်ရှားသွားခဲ့သည်။ ထိုအနက်ရောင် ပုတီးလုံးထဲတွင် တည်ရှိနေသည့် အရာကြောင့်ဖြစ်မှန်း ဟဲဝေ့ရှန်း သိပါသည်။

အနက်ရောင်ပုတီးလုံးထဲမှ အနက်ရောင် အခိုးအငွေ့များထွက်လာပြီး ဟဲဝေ့ရှန်း ရှေ့တွင် လူရိပ်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

ထိုလူရိပ်က ခပ်သဲ့သဲ့ ရယ်မောရင်း ပြောလိုက်ပါသည်။

“မင်းဘာတွေ ကြောက်ရွံ့နေတာလဲ၊ သူက သာမန် အခြေခံအုတ်မြစ်ချအဆင့် ကျင့်ကြံသူတစ်ယောက်ပဲကို”

ဟဲဝေ့ရှန်း: “သူက ရွှမ်ယွဲ့ဓားသခင်ရဲ့ တပည့်ဖြစ်နေနိုင်တယ်လေ!”

“အဲ့တော့ ဘာဖြစ်လဲ၊ ငါ့စွမ်းအားတွေ ပြန်ပြည့်ဝသွားတဲ့အခါကျရင် ငါ့ကို ရွှမ်ယွဲ့ဓားသခင်တောင် ယှဉ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး”

ဟဲဝေ့ရှန်း စိတ်မရှည်စွာ မေးလိုက်သည်။

“အခု အကုန်ပြဿနာတက်ကုန်ပြီ၊ ကျုပ်ဘာဆက်လုပ်ရမလဲ”

အရိပ်က ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

“စိတ်ချပါ၊ ငါရှိနေသရွေ့ မင်းကို ဘယ်သူမှ ဒုက္ခမပေးနိုင်ဘူး”

ဟဲဝေ့ရှန်း မယုံသင်္ကာ ထပ်မေးလိုက်သည်။

“ခင်ဗျားလှုပ်ရှားတော့မလို့လား၊ ခင်ဗျားသရုပ်မှန် ပေါ်သွားမှာကို မကြောက်ဘူးလား”

“သရုပ်မှန်ပေါ်သွားလည်း ပေါ်ပါစေပေါ့၊ အလွန်ဆုံး မင်းရှမ့်ယွင်ဂိုဏ်းက ထွက်ရရုံပဲ ရှိမယ်၊ ငါ့အကူအညီနဲ့သာဆို ကမ္ဘာကြီးတစ်ခုလုံးကို မင်းအုပ်စိုးနိုင်လိမ့်မယ်၊ မသေမျိုး ဖြစ်လာနိုင်မယ့်အခွင့်အရေးက လက်တစ်ကမ်း အလိုမှာ ရောက်နေပြီ!”

ဟဲဝေ့ရှန်း ဘာမှမပြောတော့ပေ။ သူ့ရင်ထဲမှာ ပဋိပက္ခတွေ ဖြစ်နေဆဲပင်။

အပြင်လောကကြီးက ဘယ်လောက်ပဲ ကျယ်ပြောပါစေ ရှမ့်ယွင်ဂိုဏ်းနှင့် ယှဉ်နိုင်စွမ်း မရှိလောက်ပါ။ ရှမ့်ယွင်ဂိုဏ်းတွင် သူ့ပြဿနာ အားလုံးကိုကူညီဖြေရှင်းပေးမည့် ဆရာတစ်ယောက်ရှိသလို ဝိညာဉ်ကျောက်တုံးကော၊ ရင်းမြစ်တွေကော မရှားလှပေ။

ရှမ့်ယွင်ဂိုဏ်းမှ ထွက်သွားရမည်ဆိုလျှင် သူ့ဘဝ ယခုလောက် သက်သာချောင်ချိတော့မည် မဟုတ်မှန်း သေချာပါသည်။

ယန်ရုန်ရုန် တောင်စွန်းမှ ပြုတ်ကျသွားသောအခါ ငှက်ပေါက်လေး စူးစူးရှရှ အော်ဟစ်လိုက်ပါသည်။

ထိုအခါ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးက သူ့ ‘အဖိုးတန်ငှက်ပေါက်လေး’၏ အရေးပေါ် အကူအညီတောင်းခံသံကို ချက်ချင်းကြားသွားခဲ့သည်။

လေထဲတွင် ယန်ရုန်ရုန်နှင့် လျို့လန်တို့ကို အမိအရဖမ်းခဲ့ပြီး ရှမ့်ယွင်ဂိုဏ်းမှ ခေါ်ထုတ်လာခဲ့ကာ နောက်ဆုံးမှာတော့ မိုင် ၁၀၀ အကွာတွင်ရှိနေသည့် ဝူရှန်းမြို့သို့ ခေါ်ဆောင်လာခဲ့ပါသည်။

ဝူရှန်းမြို့က ရှမ့်ယွင်ဂိုဏ်းပိုင်နက်အတွင်းမှာ တည်ရှိသည်။ ပုံမှန်ဆို မြို့ထဲမှာ တပည့်သားများကို မြင်ရလေ့ရှိသော်လည်း ဒီနေ့တော့ ဂိုဏ်းခေါင်းဆောင်ကြီး၏ အမိန့်အရ တပည့်သားများ အပြင်ထွက်ခွင့် မရှိကြပါ။ ထို့ကြောင့် လမ်းမပေါ်တွင် ကျင့်ကြံသူတစ်ယောက်တလေကိုမှ မမြင်ခဲ့ရပေ။

ယန်ရုန်ရုန်ကတော့ တစ်ဦးတည်းသော ခြွင်းချက်ဖြစ်သည်။ ဝူရှန်းလမ်းမပေါ်တွင် ယုံကြည်ချက်အပြည့်ဖြင့် လျှောက်လှမ်းနေသဖြင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကိုပင် ခံခဲ့ရပါသည်။

ငှက်ပေါက်လေးက ယန်ရုန်ရုန့်ပခုံးပေါ်တက်လာပြီး မေးလိုက်သည်။

“စနစ်ပိုင်ရှင် ထွက်ပြေးဖို့ ကြံနေတာလား”

ယန်ရုန်ရုန်: “ငါက ဘာလို့ပြေးရမှာလဲ၊ ငါ့ဝိညာဉ်ရင်းမြစ်ကို ဂိုဏ်းခေါင်းဆောင်နန်ခယ့် ပြန်ပြင်ပေးနိုင်မယ့် အချိန်ကို စောင့်နေတာလေ၊ ထွက်သွားဖို့ ကြံထားရင်တောင် ဝိညာဉ်ရင်းမြစ်ကို အရင်ကုသပြီးမှ သွားရမယ်”

သူမအတွက် အရေးအကြီးဆုံးအရာက ခေတ်သစ်ကမ္ဘာကို ပြန်နိုင်ဖို့ ဖြစ်သည်။ သို့သော် သူမ စွမ်းအားများ ပြန်လည် ပြည့်ဝလာဖို့က ဒုတိယအရေးအကြီးဆုံးပင်။ ရှန်းဝမ်ချင်းနှင့် ပြဿနာများကိုတော့ နောက်မှ ဖြေရှင်းလို့ရပါသည်။

ငှက်ပေါက်လေး ဇဝေဇဝါဖြစ်သွားခဲ့သည်။

“အဲ့တာဆို အခု ဘာလို့ ဂိုဏ်းဆီ မပြန်သေးတာလဲ”

သူမကို ဟဲဝေ့ရှန်းက ဓားနှင့်ထိုးလိုက်သဖြင့် တောင်စွန်းမှ ပြုတ်ကျသွားခဲ့သည်။ မျက်မြင်သက်သေများစွာလည်း ရှိပါသည်။

ယခုလောက်ဆို ထိုသတင်း အတော်လေး ပြန့်နေလောက်ပြီဖြစ်ကာ မကြာခင် ရှန်းဝမ်ချင်းနှင့် နန်ခယ့်တို့ သိသွားကြတော့မည်။ ယန်ရုန်ရုန် ဂိုဏ်းသို့ အမြန်မပြန်ပါက ဂိုဏ်းထဲမှာ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ပါသည်။

All Chapters