← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ယန်ရုန်ရုန် မကျေမနပ်ဖြစ်သွားပြီး ခံပြင်းစွာ အံကြိတ်လိုက်ပါသည်။

“ခုနက ငါမသေရုံတမယ် ဖြစ်ခဲ့တာနော်၊ အခု ချက်ချင်းပြန်သွားရင် ပြဿနာ အလွယ်တကူ ပြေလည်သွားမှာပေါ့၊ မပြန်သေးဘူး၊ ငါသေသွားပြီလို့ အားလုံးထင်သွားအောင် ထားလိုက်ဦးမယ်! ရာထူးအဆင့်ကို အလွဲသုံးစားလုပ်ပြီး သူများကို အနိုင်ကျင့်တယ်၊ လူရှေ့သူရှေ့မှာ ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်တယ်… အဲ့ဒီ တပည့်သား ဘယ်လိုဆင်ခြေတွေ ပေးဦးမလဲ ကြည့်ကြသေးတာပေါ့!”

ဟဲဝေ့ရှန်း၏ ဓားချက်က အတော်လေး ရက်စက်ပါသည်။ ဒဏ်ရာကို ဆေးလိမ်းထားပြီး သွေးထွက်ရပ်သွားပြီ ဖြစ်သော်လည်း ရံဖန်ရံခါ တဆစ်ဆစ် နာကျင်နေဆဲပင်။

ယခင်တုန်းက စနစ်မစ်ရှင်အောင်မြင်ဖို့အတွက် ယန်ရုန်ရုန် မာနကို ခဝါချပြီး အနိုင်ကျင့်စော်ကားမှုများစွာကို နှစ်ပေါင်း ၁၂၀ နီးပါး သည်းခံထားခဲ့ရသည်။ ယခု ထိုမစ်ရှင်များ အောင်မြင်သွားပြီဖြစ်ရာ ဘယ်သူ့ကိုမှ အောက်ကျို့စရာ မလိုတော့ပါ။

သူမကို တစ်စုံတစ်ယောက်က ထိခိုက်အောင် လုပ်လာလျှင် သူမဘက်ကလည်း အလွတ်ပေးမှာ မဟုတ်ပါ။

ဟဲဝေ့ရှန်း၏ မောက်မာရိုင်းစိုင်းသော အပြုအမူများကို ပြန်မြင်ယောင်ရင်း ငှက်ပေါက်လေးလည်း မကျေမနပ်ဖြစ်ကာ ထောက်ခံလိုက်ပါသည်။

“ဟုတ်တယ်! အဲ့ဒီကောင်က စိတ်ရှုပ်ဖို့ကောင်းတယ်၊ သင်ခန်းစာကောင်းကောင်း ပေးသင့်တယ်!”

စိတ်ညစ်စရာအတွေးများ မတွေးတော့ဖို့ ယန်ရုန်ရုန် ဆုံးဖြတ်လိုက်သည်။ အပြင်ကိုရောက်လာပြီဖြစ်သဖြင့် အခွင့်အရေးကို အရယူကာ စိတ်ပြေလက်ပျောက် အပန်းဖြေသင့်ပါသည်။

တိုက်ဆိုင်စွာပဲ အနီးနားတွင် ယွင်ကျင်းဆောင်ဟု ခေါ်သည့် အဝတ်အစားဆိုင်တစ်ဆိုင်က အဝတ်အစားများကို ဂိုထောင်ရှင်း လျှော့ဈေးဖြင့် ရောင်းချနေသည်။ ဆိုင်အကူဝန်ထမ်းတစ်ဦးက ဝင်ပေါက်တွင် မတ်တပ်ရပ်ပြီး အဆုတ်ကွဲမတတ် အသားကုန် အော်ဟစ်နေပါသည်။

“နှစ်ကုန်၊ ရာသီကုန် ပစ္စည်းရှင်းလင်းပွဲနော်! အတန်ဆုံးမှ အတန်ဆုံးတွေပဲ! ရှေ့က ကျော်သွားလို့ကတော့ အခွင့်အရေးကို လက်လွှတ်လိုက်ရမယ်! ဝင်ကြည့်သွားကြပါဦးနော်!”

ယန်ရုန်ရုန် ချက်ချင်း အာရုံပြောင်းသွားခဲ့သည်။ သူမ ခြေလှမ်းများက ယွင်ကျင်းဆောင်ထံသို့ အလိုလျောက် ဦးတည်သွားခဲ့သည်။

ငှက်ပေါက်လေး စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်ပါသည်။

“လျှော့ဈေးရတဲ့ ပစ္စည်းတွေ လျှောက်ဝယ်ဦးမလို့လား”

ယန်ရုန်ရုန်တွင် အကြီးမားဆုံး ဝါသနာတစ်ခုရှိသည်။ ၎င်းမှာ လျှော့ဈေးရသည့် ပစ္စည်းတိုင်းကို နှစ်ခါမစဉ်းစားဘဲ လျှောက်ဝယ်ခြင်းပင်။

သူမရှေ့မှာ ဂိုထောင်ရှင်း လျှော့ဈေးတစ်ခုနဲ့ ကြုံရတိုင်း လုံးဝကျော်မသွားနိုင်ဘဲ အသုံးမဝင်သည့် ပစ္စည်းအပုံလိုက်များကို ဝယ်လာတတ်သည်။ သူမ ချန့်ခွင်းအိတ်ထဲတွင်လည်း လျှော့ဈေးရထားသည့် အစားအစာ၊ ရိက္ခာ၊ အဝတ်အစား စသည့် ပစ္စည်းပေါင်းစုံဖြင့် ပြည့်နှက်နေတတ်ပါသည်။

ယန်ရုန်ရုန် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့! အလကားနီးပါး ရတာကို အခွင့်ကောင်းမယူတတ်ရင် တုံးရာကျမှာပေါ့”

ယွင်ကျင်းဆောင်ထဲတွင် အမျိုးသား၊ အမျိုးသမီးများအတွက် မှော်ဝတ်ရုံများကိုသာ ရောင်းချပေးနေပါသည်။

ဆိုင်အကူဝန်ထမ်း၏ အော်သံကြောင့် ဝယ်ယူတချို့ စိတ်ဝင်စားသွားကြပြီး ယန်ရုန်ရုန်လိုပဲ ဆိုင်ထဲ ဝင်လာခဲ့ကြသည်။ သို့သော် ဆိုင်ထဲရောက်သည့်နှင့်တစ်ပြိုင်တည်း စိတ်ပျက်သွားခဲ့ကြရပါသည်။

ဂိုထောင်ရှင်း လျှော့ဈေးချထားသည့် အဝတ်အစားများ၏ စတိုင်နှင့် အရောင်အသွေးများက စက်ဆုပ်စရာပင် ကောင်းလှသည်။ ထိုအဝတ်အစားများကို ဝတ်လိုက်လျှင် လှပနေသည့် လူတစ်ယောက်ကိုတောင် အိုမင်းသွားစေနိုင်သည်။

လောကြီးမှာ အလကားရသည့်အရာဟူသည်မရှိ ဟူသော ဆိုရိုးစကားကို အားလုံး နားလည်သွားခဲ့ကြပါသည်။

ဒီလို ဂိုထောင်ရှင်း လျှော့ဈေးဖြင့် ရောင်းချခြင်းခံရသည့် ပစ္စည်းအများစုက ရောင်းမထွက်ဘဲ ပုံနေသည့် ပစ္စည်းဟောင်းများသာ ဖြစ်သည်။

ထို့ကြောင့် ဘယ်လောက်ပဲ ဈေးပေါနေပါစေ လူအများစုက မဝယ်ယူချင်ကြဘဲ ဆိုင်ထဲမှ စိတ်ပျက်လက်ပျက် ပြန်ထွက်သွားကြပါသည်။

တစ်ဦးတည်းသော ခြွင်းချက်ဟူ၍ ယန်ရုန်ရုန်တစ်ယောက် တည်းသာ ရှိသည်။

လျှော့ဈေးအတန်းကို ယန်ရုန်ရုန် ပျော်ရွှင်မြူးထူးစွာ မွှေနှောက်နေပြီး ဝတ်ရုံတိုင်းကို ဆွဲယူကာ သူမခန္ဓာကိုယ်နှင့် တိုင်းကြည့်နေပါသည်။ ထို ‘အကျည်းတန်’အဝတ်အစားများကို သူမ အလွန်စိတ်ဝင်စားနေမှန်း သိသာလှသည်။

ငှက်ပေါက်လေး ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့ဘဲ ဖြောင်းဖြဖို့ ကြိုးစားလိုက်ပါသည်။

“နည်းနည်းလောက် သေချာပြန်စဉ်းစားပါဦးလား၊ အဲ့ဒီ ဝတ်ရုံတွေက အကျည်းတန်လွန်းတယ်နော်၊ စိတ်မှန်တဲ့ လူဆိုရင် ဘယ်သူမှ ဝတ်မှာမဟုတ်ဘူး၊ စနစ်ပိုင်ရှင် ဝယ်ပြီးရင်တောင် အဲ့ဒီဝတ်ရုံတွေကို ချန့်ခွင်းအိတ်ထဲမှာ ဖုန်တက်တဲ့အထိ သိမ်းထားမှာပဲ မဟုတ်ဘူးလား၊ ပိုက်ဆံအလကားဖြုန်းတီးမယ့်အစား အရသာရှိတာတစ်ခုခု သွားစားလိုက်ပါလား”

အရသာရှိသည့် အစားအသောက်တွေအကြောင်း ကြားသောအခါ လျို့လန် နားရွက်ထောင်သွားပြီး ယန်ရုန်ရုန့်ကို မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။

“မေမေ သားဗိုက်ဆာတယ်!”

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ မုန့်အချို့ ဆွဲထုတ်လိုက်ပြီး လျို့လန်လက်ထဲ ထည့်ပေးလိုက်သည်။

“အကုန်လုံံးကို တစ်ခါတည်း မျိုမချနဲ့နော်၊ တစ်ခုချင်းစီ ဖြည်းဖြည်းချင်းစား”

“အင်းပါ…”

လျို့လန် ဆီပေနေသည့် စက္ကူအိတ်များကိုယူပြီး နားနေခန်းဆီသွားကာ အေးအေးဆေးဆေး မုန့်ထိုင်စားနေလေသည်။

ငှက်ပေါက်လေး၏ ဖြောင်းဖြစကားများကို ယန်ရုန်ရုန် တစ်ခွန်းမှ နားမထောင်ခဲ့ပေ။ ငှက်ပေါက်လေးက ထပ်ဖြောင်းဖြဖို့ ကြိုးစားသော်လည်း ယန်ရုန်ရုန် စိတ်ရှုပ်လာသဖြင့် ပေါက် ပေါက်ဆုပ်တစ်ထုပ်ပေးကာ လျို့လန်နား သွားနေဖို့ မောင်းထုတ်လိုက်ပါသည်။

ပေါက်ပေါက်ဆုပ်ရနံ့ကို ရသောအခါ ငှက်ပေါက်လေးလည်း အရာရာ မေ့လျော့သွားပြီး ပေါက်ပေါက်ဆုပ်ထုပ်ကို နှုတ်သီးဖြင့်ချီရင်း လျို့လန်ထံသို့ ပျံသန်းသွားလေတော့သည်။

ကလေးနှစ်ယောက်ကို အလုပ်ပေးပြီးနောက် ယန်ရုန်ရုန် စိတ်အေးလက်အေး အဝတ်အစားရွေးနိုင်သွားပါပြီ။ မှော်ဝတ်ရုံနှစ်ထည်ကို လက်တစ်ဖက်စီမှာ ဆုပ်ကိုင်ပြီး ရွေးရခက်နေခဲ့သည်။

ရွေးချယ်မှုဆိုသည်မှာ ကလေးများအတွက်သာဖြစ်သဖြင့် ယန်ရုန်ရုန် နှစ်ထည်စလုံးကို ရွေးလိုက်ပါသည်။

ထို့နောက် ကြည့်မပျော် ရှုမပျော်ရှိလှသည့် အရောင်များနှင့် ဝတ်ရုံနှစ်ထည်ကို ကိုင်ပြီး ယန်ရုန်ရုန် ကောင်တာသို့ ပြေးသွားလိုက်သည်။

ထိုဝတ်ရုံနှစ်ထည်က လျှော့ဈေးချထားသည့် ပစ္စည်းများအနက် ဈေးအပေါဆုံးနှစ်ထည်ဖြစ်ပြီး ဂိုထောင်ထဲမှာ နှစ်ပေါင်းများစွာတိုင်အောင် သောင်တင်နေခဲ့သည့် ဝတ်ရုံများဖြစ်ကြသည်။ အောက်ဆုံးမှ ရေလျှင် ထိပ်ဆုံးကို ရောက်နေသည့် ဝတ်ရုံနှစ်ထည်ဟု ဆိုနိုင်သည်။

ထိုဝတ်ရုံနှစ်ထည် တစ်သက်လုံး ရောင်းထွက်မှာ မဟုတ်ဟု ဆိုင်ရှင်က ထင်ထားခဲ့ပါသည်။ သို့သော် ဒီနေ့ နှစ်ထည်စလုံးကို တစ်ပြိုင်တည်း ရွေးလိုက်သည့် ဝယ်သူတစ်ဦးအား မြင်လိုက်ရပြီးနောက် သူ့အပြုံးပိုကျယ်သွားခဲ့သည်။

“မှော်ဝတ်ရုံနှစ်ထည်ကို စုစုပေါင်းမှ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၈ တုံးပဲ ကျမှာပါ၊ အခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်!”

ဆိုင်အတွင်းရှိ မှော်ဝတ်ရုံတိုင်းက ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်တန်သည်။ သို့သော် ဒီဝတ်ရုံနှစ်ထည်ပေါင်းမှ သာမန် ဝတ်ရုံတစ်ထည်ဈေးပင် မရှိပါ။ ထို့ကြောင့် အတော်လေး တန်သည်ဟု ဆိုနိုင်သည်။

ယန်ရုန်ရုန်လည်း ရွှင်မြူးစွာဖြင့် ဝိညာဉ်ကျောက်တုံးများ ပေးချေလိုက်သည်။ ထို့နောက် ဆိုင်ရှင်က ဘူးလေးတစ်ဘူး ထုတ်ကာ ပြောလိုက်သည်။

“ဒါဝယ်ယူအားပေးတဲ့အတွက် လက်ဆောင်ပေးတာပါ၊ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အလကားရသည့်အရာကို မကြိုက်သူ မရှိပေ။ ထို့ကြောင့် ယန်ရုန်ရုန် ပျော်ပျော်ကြီး လက်ခံလိုက်ပါသည်။

သူမ လက်ရှိ ဝတ်ဆင်ထားသည့် အဝတ်အစားများက ဟဲဝေ့ရှန်း၏ ဓားချက်ကြောင့် ပျက်စီးနေပါပြီ။ ပခုံးပေါ်မှာလည်း သွေးကွက်များ စွန်းနေသည်။ ထို့ကြောင့် အဝတ်အစားလဲဖို့ အချိန်ကောင်းဖြစ်သဖြင့် အဝတ်အစားလဲခန်းထဲဝင်ကာ အသစ်စက်စက် ဝယ်ယူထားသည့် ဝတ်ရုံများကို လဲလှယ်ဝတ်ဆင်လိုက်ပါသည်။

ဝတ်ရုံ၏ အပေါ်ပိုင်းက အနီရောင်တောက်တောက်ရှိပြီး အောက်ပိုင်းကတော့ မွဲခြောက်ခြောက် ရွှံ့ဝါရောင်ရှိသည်။ ဝတ်ရုံ၏ အောက်ဘက်စွန်းတွင် ရောင်စုံပိုးချည်များကို အသုံးပြုပြီး ထိုးထားသည့် ခေါင်ရန်းပန်းပွင့်လေးများရှိပါသည်။ ထို့နည်းတူ လည်ခွံနှင့် ဝတ်ရုံလက်ခေါက်များတွင်လည်း ခပ်ကြီးကြီး ခေါင်ရန်းပန်းပွင့်များကို ထိုးထားသည်။

ခေါင်ရန်းပန်းပွင့်တိုင်းက အရောင်အသွေး မတူညီပေ။ ထိုဝတ်ရုံများကို ဖန်တီးခဲ့သူက ပန်းပွင့်များ မျက်စိကျစရာ မကောင်းမည်စိုးသဖြင့် မှော်အစွမ်းကို အသုံးပြုပြီး ပန်းပွင့်များကို အရောင်တောက်အောင်ပင် ဖန်တီးခဲ့သေးသည်။ ထို့ကြောင့် ၁၀ မိုင်အကွာလောက် ရောက်နေလျှင်တောင် ထိုပန်းပွင့်များ၏ အလင်းရောင်များကြောင့် မြင်ရသူတိုင်း မျက်လုံး စူးသွားနိုင်ပါသည်။

မှန်ရှေ့တွင် ယန်ရုန်ရုန် ရှေ့နောက်တောင်မြောက် လှည့်ပြီး ကိုယ့်ကိုယ်ကိုယ် အကဲခတ်ကြည့်လိုက်သည်။ သို့သော် တစ်ခုခု လိုအပ်နေသလို ခံစားရပါသည်။ အထူးသဖြင့် ဆံဦးပိုင်းမှာ ဖြစ်သည်။

ထို့ကြောင့် ဆိုင်ရှင် လက်ဆောင်ပေးထားသည့် ဘူးလေးကို ဖွင့်ကြည့်လိုက်ရာ အထဲမှာ အနီရောင်တောက်တောက်နှင့် ခေါင်ရန်းပန်းနှစ်ပွင့်ကို မြင်လိုက်ရသည်။ ထိုပန်းနှစ်ပွင့်ကို သူမ ဆံထုံးထဲ ထိုးထည့်လိုက်ပြီးမှ မှန်ထဲကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

‘ဟုတ်သွားပြီ ဒီလိုမှပေါ့!’

ယန်ရုန်ရုန် အဝတ်အစားလဲခန်းထဲမှ ပြန်ထွက်လာသည့်အခါ ဆိုင်ထဲရှိ လူတွေအားလုံး သူမထံ အကြည့်ရောက်သွားခဲ့ကြသည်။

ငှက်ပေါက်လေး၏ နှုတ်သီးမှ ပေါက်ပေါက်ဆုပ်တစ်လုံးလည်း ကြမ်းပြင်ပေါ် ဖတ်ခနဲမြည်အောင် ပြုတ်ကျသွားခဲ့သည်။ ‘အသွင်ပြောင်းလဲသွားသော’ သူ့ သခင်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။

လက်ရှိတွင် ယန်ရုန်ရုန်က အသက် ၄၀ - ၅၀ ဝန်းကျင် အရွယ်ရှိနေကာ ဆံပင်ဖြူဖြူနှင့် မျက်နှာပေါ်မှာလည်း အရေးအကြောင်းတချို့ ရှိနေသေးသည်။ ခန္ဓာကိုယ်ကလည်း အပျိုအရွယ်တွေလောက် မသေးသွယ်တော့ပေ။

ဒီလိုအသက်အရွယ်ရှိသည့် အမျိုးသမီးကြီးများက များသောအားဖြင့် ရိုးရိုးယဉ်ယဉ်သာ ဝတ်ဆင်တတ်ကြသည်။

သို့သော် ယန်ရုန်ရုန်ကတော့ အလွန်အမင်း တောက်ပြောင်ရှုပ်ထွေးလှသည့် ဝတ်ရုံကို ဆင်မြန်းထားသည်။ ဝတ်ရုံပေါ်ရှိ ရောင်စုံ ခေါင်ရန်းပန်းများက အလွန်မျက်စိကျိန်းစရာကောင်းသလို ခေါင်းပေါ်က ဧရာမ ခေါင်ရန်းပန်းနီကြီး နှစ်ပွင့်နှင့် ပေါင်းစပ်လိုက်သောအခါ ‘အပေါစားဆန်မှု’၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသလိုပင်။

သို့သော် ယန်ရုန်ရုန်ကတော့ ကိုယ့်အကြောင်းကိုယ် နားလည်ပုံမရပေ။ နားနေခန်းဆီသို့ ပျော်ပျော်ရွှင်ရွှင် ပြေးလာပြီး လျို့လန်နှင့် ငှက်ပေါက်လေးရှေ့တွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြလိုက်ကာ အပြုံးဖြင့် မေးလိုက်သည်။

“ဘယ်လိုလဲ ငါလှရဲ့လား”

All Chapters