ချန်းရန် ကြိုးစားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ပါတယ်
Vol. 29 Ch. 281
ချန်ဟွိုက်အန်က လော့ယွန်းအပေါ် သတ်ဖြတ်လိုစိတ် ရှိနေသည်။
အကြောင်းမှာ လော့ယွန်း လီချင်းရန်ကို ကြည့်သည့်အကြည့်မှာ မရိုးသား၍ပင်။
လီချင်းရန်တွင်လည်း လော့ယွန်းအပေါ် သတ်ဖြတ်လိုစိတ် ရှိနေသည်။ သူ့ဆရာက လော့ယွန်းကို သတ်ချင်နေသောကြောင့်ပင်။
သူ့ဆရာ သေစေချင်သူမှန်သမျှကို သူက တွန့်ဆုတ်မနေဘဲ သတ်ပေးမည် ဖြစ်သည်။
တောင်တန်းများပေါ်တွင် လရောင်က ရေကဲ့သို့ စီးဆင်းနေ၏။
ပိုးမွှားသံများ တိတ်ဆိတ်သွားကာ လေငြိမ်သွားပြီး လေထုမှာ လေးလံအေးခဲသွားသည်။
လော့ယွန်းက ကောင်းကင်တွင် ပျံသန်းနေပြီး ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ထံမှ ၁၅မီတာခန့် အကွာတွင် ရှိသည်။
“သတ်...” ဟူသော စကားကို ကြားလိုက်ရသောအခါ သူက ရယ်ချင်စရာဟု ထင်မှတ်နေပြီး နားကြားမှားသလားဟုပင် တွေးနေမိသည်။
သို့သော်...
ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း ဓားရိုးကို ဆုပ်ကိုင် လိုက်ကြသည်။
သတ်ဖြတ်ခြင်း အငွေ့အသက်များက သူ့အပေါ်သို့ ကျရောက်လာသော နှင်းမုန်တိုင်းတစ်ခုကဲ့သို့ တဟုန်ထိုး တက်လာတော့သည်။
“ဒီခေါင်းဆောင်က ငါ့အတွက်ပဲ...”
ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့က တပြိုင်နက်တည်း အပြေးဝင် တိုက်ခိုက်လိုက်ကြသည်။
နှစ်ဦးလုံးသည် ကြာစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံထားသူများဖြစ်ရာ သူတို့၏ ခြေလှမ်းများမှာ လုံးဝ စည်းချက်ညီနေ၏။
သွက်လက်သော ခြေလှမ်း၃လှမ်း အပြီး သူတို့က လော့ယွန်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဟုတ်ကဲ့ပါ ဆရာ...”
လီချင်းရန်က လော့ယွန်း၏ဘေးမှ လျှပ်စီးကဲ့သို့ ဖြတ်ကျော်ကာ အရှိန်မြှင့်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လော့ယွန်း၏ နောက်ဘက်၁၀မီတာအကွာသို့ ရောက်သွားပြီး သူ၏ ဓားမှာ အခြားတက်လှမ်းသူ တစ်ဦးထံသို့ ဝဲပျံသွားတော့သည်။
“ချီသန့်စင်ခြင်းအဆင့်လေးနဲ့များ ငါ့ကိုပါ သတ်ဖို့ ကြိုးစားနေတာလား...”
လော့ယွန်းက အခြေခံအုတ်မြစ်အဆင့် အလယ်အလတ် ဖြစ်သော်လည်း လီချင်းရန်၏ အရှိန်မှာ တုံ့ပြန်ရန် ခက်ခဲလောက်အောင် မြန်ဆန်လွန်းလှ၏။
သို့သော် ချန်ဟွိုက်အန်၏ ထိုးနှက်လာသော ဓားကိုမူ သူ အနိုင်အနင်း တုံ့ပြန်နိုင်သေးသည်။
သူက ခုခံရန်အတွက် ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။
“ခါးမှာ ချိတ်ထားတဲ့ ငှက်မွှေးဖြူ ဥက္ကာခဲတွေ...”
“ဘာကြီး...”
လော့ယွန်းက ချန်ဟွိုက်အန် ပါးစပ်ဟသည်ကိုပင် မမြင်လိုက်ရချေ။
ထိုအစား သူ့ထံသို့ ပြေးဝင်လာသော ပုံရိပ်မှာ ဝိုးတဝါး နောက်ခံပုံရိပ်သာ ကျန်ရစ်တော့အောင် မြန်ဆန်သွားသည်။
သူ၏ နားစည်နားတွင် အေးစက်သော အသံတစ်ခုသာ ပဲ့တင်ထပ်သွား၏။
ချန်ဟွိုက်အန်၏ ကြေးခွံနက်ဓားသည် လိမ်ကျစ်ကာ ရှေ့သို့ တိုးဝင်လာသည်။
ဓားဦးဖျားမှာ အပ်ချည်ထိုးနေသကဲ့သို့ သို့မဟုတ် ကျောက်စိမ်းတုံးလေးတစ်ခုကို ကစားနေ သကဲ့သို့ အနည်းငယ် တုန်ခါနေသည်။
ထို့နောက် လျင်မြန်သော ခတ်ထုတ်မှုတစ်ခုနှင့်အတူ လော့ယွန်း၏ ဓားလမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်သည်။
လော့ယွန်း မြင်လိုက်ရသည်မှာ ဝေဝါးနေသော ဓားအလင်းတန်းများသာ ဖြစ်ပြီး သူ၏ အမြင်အာရုံ တစ်ခုလုံးမှာ ဖြူဖွေးသော မြူခိုးများအဖြစ် ပြောင်းလဲသွား၏။
“ဓားပန်းပွင့်တွေရဲ့ ဆောင်းဦးကြာပန်းက ဓားအိမ်ထဲကနေ လျှပ်ခနဲ ထွက်လာတယ်” ဟူသော အခြားစကားတစ်ခွန်းကို သူ့နားနားတွင် ကြားလိုက်ရစဉ် လော့ယွန်း၏ နားထင်မှ အေးစက်သော ချွေးစက်များ စီးကျလာသည်။
ဒီလူက ဘယ်သူလဲ...
ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းတွေကို တတ်မြောက်ထားရတာလဲ။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အခြေခံအုတ်မြစ်အဆင့်ရှိတဲ့သူကို ဘယ်လိုလုပ် အလွယ်တကူ ရင်ဆိုင်နိုင်ရတာလဲ...
ဓားက ဘယ်နေရာက လာနေမှန်း မသိပေ။ ချန်ဟွိုက်အန်၏ ပုံရိပ်ကိုပင် သူ မလိုက်နိုင်တော့ဘဲ လမ်းကြောင်းပေါင်းစုံမှ ဝိုင်းရံထားသော အသက်ရှူကျပ်ဖွယ် သေမင်းအငွေ့အသက်ကိုသာ ခံစားနေရသည်။
တိုက်ခိုက်မှုများကို ခုခံရန် ကြိုးစားခြင်းကပင် သူ၏ အစွမ်းအစအားလုံးကို ကုန်ခမ်းစေ၏။
ကြမ်းတမ်းသော ခွန်အားက နူးညံ့မှုကို အနိုင်ယူနိုင်သည်ဟု ဆိုကြသော်လည်း သူ အစွမ်းကုန် လွှဲယမ်းလိုက်သော ဓားချက်ကို ပြိုင်ဘက်က အလွယ်တကူပင် ပယ်ဖျက်ကာ သူ့ကို ကစားနေသည်။
ကာကွယ်ခြင်းသက်သက်က ထာဝရ မတည်မြဲနိုင်။
အထူးသဖြင့် ခုခံကာကွယ်ခြင်းတွင်ပင် မတော်သော လော့ယွန်းကဲ့သို့ လူမျိုးအတွက် ပိုဆိုး၏။
ရုတ်တရက် ဓားအရှိန်အဝါက ပြောင်းလဲသွားသည်။
လော့ယွန်း ထပ်မံ မတောင့်ခံနိုင်တော့ဘဲ ဓားမှာ လက်ထဲမှ လွင့်ထွက်သွားတော့သည်။
ထိုအချိန်မှာပင် အေးစက်သော အလင်းတန်းတစ်ခုက သူ၏ မျက်စိရှေ့မှ ဖြတ်ပြေးသွား၏။
ရှောင်တိမ်းရန် နည်းလမ်းမရှိတော့။
သူ၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး လုံးဝ မှောင်အတိ ကျသွားတော့သည်။
ချန်ဟွိုက်အန်က လဲကျနေသော လော့ယွန်း၏ အလောင်းဘေးတွင် ရပ်နေပြီး သူ၏ဓားကို ကိုင်ထားသည်။ သူ၏ ခါးရှိ ဓားအိမ်မှာ ဗလာဖြစ်နေဆဲပင်။
သွေးစက်တစ်စက်မှာ ဓားသွားပေါ်မှ လျှောကျသွား၏။
မီတာ ၅၀ခန့်အကွာတွင် လီချင်းရန်က ရိုးရှင်းသော အဝတ်အစားများ၊ ကျောပေါ်က ဓားတို့နှင့် အတူ သူ့ကို လှည့်ကြည့်နေသည်။
သူ၏ ပတ်ဝန်းကျင်တွင် အလောင်း တစ်ဒါဇင်ကျော်မှာ ဟိုတစ်စ ဒီတစ်စ လဲကျနေပြီး သွေးနံ့များမှာ လေထုထဲတွင် ထုံမွမ်းနေ၏။
“မဆိုးဘူး။ မင်းရဲ့ ဓားပညာက အခုဆိုရင် ငါ့ရဲ့ အစွမ်းအစ နည်းနည်း ပါဝင်လာပြီပဲ။”
ချန်ဟွိုက်အန်က အသာအယာ ပြုံးလိုက်သည်။
သူ၏ဓားပညာမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လီချင်းရန်၏ နားလည်သဘောပေါက်မှုနှင့် ယှဉ်လျှင် သူက တစ်ဆင့်ပိုမြင့်နေဆဲဖြစ်ရာ ထိုကဲ့သို့ ပြောရန် သူ ရှက်မနေတော့ပေ။
“တပည့်အနေနဲ့ ဆရာ့ဆီက သင်ယူစရာတွေ အများကြီး လိုပါသေးတယ်။”
လီချင်းရန်၏ မျက်နှာမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပျောက်ကွယ်သွားသည်။ သူက ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ချန်ဟွိုက်အန်ထံ လျှောက်လာပြီး ဘေးနားတွင် လိမ္မာစွာ ရပ်လိုက်သည်။
ထိုမီးတိမ်နှင့် ကျင့်ကြံသူများ ကိစ္စက တကယ်ကို အချိန်ကိုက်ပင်။ သူနှင့် ဆရာ့ကြားက အနေရခက်မှုများကို ဖြေဖျောက်ရန် အကောင်းဆုံး ဖြစ်ခဲ့သည်။
သူက ထိုလူများကို မနှစ်သက်သော်လည်း အလောင်းများကိုတော့ တစ်စစီ မဖြစ်အောင် ချန်ထားပေးခဲ့သည်။ အနည်းငယ် သနားညှာတာပေးခြင်းပင်။
“ဆရာ... အဲဒီမီးတိမ်က တကယ်တမ်း ဘာကြီးလဲ။ ဆရာက သူနဲ့ သိတာလား။”
လီချင်းရန်၏ စကားကြောင့် ချန်ဟွိုက်အန် သတိပြန်ဝင်လာပြီး သူ၏ ဒန်တျန်ကို ချက်ချင်း စစ်ဆေးလိုက်သည်။
သူ၏ ဒန်တျန်အတွင်းရှိ နဂါးဝိညာဉ်ရှေ့တွင် အနီရောင် မြွေငယ်လေးတစ်ကောင်မှာ ရှိခိုးနေသည့် ပုံစံဖြင့် ဝပ်နေ၏။
၎င်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြည်လင်လာနေပြီး သေဆုံးရန် နီးကပ်နေသည်မှာ ထင်ရှားလှသည်။
မီးတိမ်မှာ ၎င်း၏ မိစ္ဆာဝိညာဉ်သာ ဖြစ်ပြီး ၎င်း၏ ရုပ်ခန္ဓာမှာ တက်လှမ်းသူ များ၏ လက်ချက်ဖြင့် ပျက်စီးသွားသည်မှာ ကြာပြီဖြစ်သည်။
ချန်ဟွိုက်အန်၏ ဝိညာဉ်အာရုံ စစ်ဆေးမှုကို သတိပြုမိသွားသောအခါ မြွေငယ်လေးသည် အားယူကာ လူးလဲထလိုက်ပြီး လျှာလေးထုတ်လျက် နူးညံ့သော မိန်းကလေးအသံဖြင့် စကားပြောလာသည် -
[ ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျူးယွီအနေနဲ့ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ]
[ ဒါပေမဲ့ ကျူးယွီရဲ့ကံကြမ္မာကတော့ ကုန်ဆုံးသွားပါပြီ။ ဆရာကြီးကို နဂါးအရှင်သခင်ဆီကိုပဲ လမ်းပြပေးနိုင်ပါတော့မယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ]
ကျူးယွီဟုအမည်ရသော မြွေငယ်လေး၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုနှင့် နောင်တများ ဖြတ်ပြေးသွား\။
၎င်း၏ ခန္ဓာကိုယ်မှာ ပို၍ ကျုံ့ဝင်သွားကာ မိစ္ဆာစွမ်းအင်များသည် မြူခိုးများကဲ့သို့ ပျံ့နှံ့သွားပြီး ဒန်တျန်အတွင်းရှိ နဂါးဝိညာဉ်ထဲသို့ တဖြည်းဖြည်း ပေါင်းစည်းသွားတော့သည်။
၎င်း၏ အသံမှာလည်း တဖြည်းဖြည်း တိုးဝင်သွား၏။
[ ကျူးယွီအနေနဲ့ ဆရာကြီးရဲ့ ကျေးဇူးကို နောက်ဘဝမှပဲ ပြန်ဆပ်ပါတော့မယ်... ကျေးဇူးပြုပြီး... ဆရာကြီး... နဂါး... နဂါးအရှင်သခင်ကို အမြန်သွားပြီးတော့ ကူညီပေးပါ... ]
ထို့နောက်တွင် မိစ္ဆာဝိညာဉ်မှာ လုံးဝ ကွယ်ပျောက်သွားတော့သည်။
၎င်းက မိမိကိုယ်ကိုယ် နဂါးဝိညာဉ်ထံ စတေးလိုက်ခြင်း ဖြစ်သည်။
နဂါးဝိညာဉ်ကို ပိုင်ဆိုင်ထားသူအနေဖြင့် ချန်ဟွိုက်အန်က ပြတ်တောင်းပြတ်တောင်း မှတ်ဉာဏ် အချို့ကို မြင်လိုက်ရသည်။
ကျူးယွီက လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ကတည်းက ကျင့်ကြံခြင်းကို စတင်ခဲ့သည်။
နောက်ပိုင်းတွင် နဂါးချီ အနည်းငယ် ရရှိခဲ့ပြီးနောက် ကျင့်ကြံခြင်းအဆင့် ထိုးတက်သွားခဲ့၏။
၎င်း၏တာဝန်မှာ နဂါးဝိညာဉ်မှ ရွေးချယ်ထားသောသူကို လမ်းပြပေးရန်ပင်။
မူလက ၎င်းသည် သေရန် အကြောင်းမရှိသော်လည်း တက်လှမ်းသူတစ်စုက ၎င်းနောက်သို့ လိုက်လံ ဖမ်းဆီးခဲ့ကြသည်။
လော့ယွန်းမှာ ထိုအထဲမှ တစ်ဦးသာ ဖြစ်ပြီး ၎င်း၏ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့သူမှာ အခြားတစ်ဦး ဖြစ်သည်။ သူက မင်မင်းဆက်နှင့် ချင်းမင်းဆက်ခေတ်ကတည်းက အသက်ရှင်ခဲ့ပြီး ပုန်းအောင်း နေခဲ့သော လျို့ဝှက်ဂိုဏ်းမှ အကြီးအကဲ မိစ္ဆာအိုကြီးတစ်ဦးပင်။
ထိုနှစ်ပေါင်း ၃၀၀အတွင်း ကျူးယွီသည် မည်သည့် မကောင်းမှုကိုမျှ မပြုခဲ့ဖူးချေ။
ထိုအစား သူက တောထဲ လမ်းမှားပြီး အန္တရာယ်ကြုံတွေ့ရသော တောင်တက်သမားများကို ကူညီပေးခြင်းကဲ့သို့ ကောင်းမှုများစွာ ပြုခဲ့သည်။
လူတိုင်းကို မကယ်နိုင်သော်လည်း သူ ကယ်နိုင်သမျှ လူတိုင်းကို ကယ်တင်ခဲ့သည်။
သို့သော် သူ အသိဉာဏ်ပွင့်ပြီး နိုးထလာသည့် အချိန်မှာပင် တက်လှမ်းသူ တစ်စု ရောက်လာပြီး သူ့ကို သတ်ပစ်လိုက်ကြသည်။
“ဒါဆို... လမ်းပြပေးရမယ့်သူ ရှိရမှာကို အဲဒီလမ်းပြက အသတ်ခံလိုက်ရတာပေါ့။ ဝိညာဉ် အပိုင်းအစလေးနဲ့ပဲ သီသီလေး လွတ်မြောက်လာခဲ့တာလား။”
ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်၏။
“ပြီးတော့ သတင်းစကားပါးဖို့နဲ့ သူရဲ့ တာဝန်ကို ပြီးမြောက်ဖို့အတွက် သူ့ရဲ့ နောက်ဆုံး ဝိညာဉ် အပိုင်းအစကိုတောင် စတေးခဲ့တာပဲ...”
နဂါးဝိညာဉ် နိုးထလာခြင်း၊ ကျူးယွီ အသိဉာဏ်ပွင့်လာခြင်း၊ အခမဲ့ အကျိုးခံစားခွင့်များဟု ထင်ရသော ရုတ်တရက် ပေါ်လာသည့် သားရဲဖမ်းပြိုင်ပွဲနှင့် ထူးဆန်းသော တက်လှမ်းသူအုပ်စု။
ထိုအရာအားလုံး ရောယှက်နေပုံမှာ တစ်စုံတစ်ယောက်က တမင်တကာ စီစဉ်ထားသည့် အတိုင်းပင်။
မိစ္ဆာများကို သတ်ခြင်းက လူသားများ၏ သဘာဝပင်။
မိစ္ဆာများနှင့် ဝိညာဉ်များအပေါ် လူတို့၏ အစွဲအလမ်းကို ချန်ဟွိုက်အန် နားလည်ပေးနိုင်သည်။
သို့သော် သူ့ဆီ ရောက်လာရမည့် အခွင့်အရေးများကို နှောင့်ယှက်သည်ကိုတော့....
လက်မခံနိုင်ပေ။
“သိတယ်လို့ပဲ ပြောရမှာပေါ့။”
ချန်ဟွိုက်အန်က လီချင်းရန်ကို ခေါင်းညိတ်ပြပြီးနောက် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ သူ သေသွားပြီ။ သူ့ကိုယ်သူ နောက်ဆုံးအထိ စတေးသွားခဲ့တာ။”
“နားလည်ပါပြီ... စိတ်မကောင်းပါဘူး ဆရာ။”
လီချင်းရန်က သူ၏ အဝတ်စွန်းကို ဆွဲထားရင်း မျက်လုံးလေးများ ကွယ်ကာ ပြောလိုက်သည်။
“ဘာအတွက် စိတ်မကောင်းဖြစ်နေတာလဲ။”
ချန်ဟွိုက်အန်က ဒူးထောက်ထိုင်ချလိုက်ပြီး လော့ယွန်း၏ အလောင်းကို စတင် မွှေနှောက် ရှာဖွေတော့သည်။
“ဆရာ... ဆရာ အခု ဘာလုပ်နေတာလဲ...”
လီချင်းရန် မျက်တောင်ခတ်ရင်း မေးလိုက်သည်။
ဆရာက ရန်သူ့နောက်ခံကို သိအောင် အလောင်းကို စစ်ဆေးနေတာလား။
ကြီးမြတ်တဲ့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က... အလောင်းဆီက ပစ္စည်းလုနေတာတော့ မဟုတ်လောက်ပါဘူးနော်။
“ပစ္စည်းလုနေတာလေ။ ဘာဖြစ်လို့လဲ။”
ချန်ဟွိုက်အန်က ခေါင်းကိုပင် မဖော်ဘဲ ပြန်ဖြေလိုက်သည်။
“ရှင်...”
လီချင်းရန် ကြောင်သွား၏။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က... အခြေခံအုတ်မြစ်အဆင့် အလောင်းဆီကနေ ပစ္စည်းလုတယ် ဟုတ်လား။
ချန်ဟွိုက်အန်၏ လက်များ ရှာဖွေနေရင်း တန့်သွား၏။
သူ၏အပြုအမူမှာ ကျင့်ကြံခြင်းအဆင့်နှင့် လုံးဝမကိုက်ညီမှန်း သူ သတိထားမိသွားသည်။
သို့သော် အလွန်အမင်း စိုးရိမ်ရသော အခြေအနေမျိုးတွင် အက်ဒရီနယ်လင်များ ထွက်လာပြီး ဦးနှောက်၏ စဉ်းစားနှုန်းကို မြန်ဆန်စေသည် မဟုတ်ပါလား။
ထို့ကြောင့် သူက ဘာမှ စဉ်းစားမနေတော့ဘဲ ကောက်ခါငင်ခါ ပြောချလိုက်သည်။
“တပည့်... မြေကြီးပေါ် ချွေးစက်တစ်စက် ကျဖို့ဆိုတာ မလွယ်ဘူး၊ ဆန်စပါးတိုင်း ပင်ပင်ပန်းပန်း ရှာဖွေထားရတာ...”
“ဆရာ ကျင့်ကြံသူ ဘဝတုန်းကဆိုရင် ဂိုဏ်းလည်း မရှိဘူး၊ သူငယ်ချင်းလည်း မရှိဘူး၊ အရင်းအမြစ်တွေဆို ပိုလို့တောင် မရှိဘူး။ ငါ့မှာ ရှိသမျှ အရာအားလုံးကို သေပြီးသားသူတွေ ဆီကနေပဲ ရှာဖွေခဲ့ရတာ။”
ချန်ဟွိုက်အန်က လော့ယွန်း၏ အလောင်းမှ ရရှိသော ပုလင်းငယ်များနှင့် ဘူးငယ်များအားလုံးကို သူ၏ နေရာလွတ်ကိရိယာထဲ အတင်းထိုးထည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါဖြင့် သက်ပြင်းချလိုက်သည်။
“အချိန်တွေ ကုန်လွန်သွားခဲ့ပြီ။ အခုတော့ အခြေအနေတွေ အများကြီး ကောင်းလာပါပြီ။ ဆရာ့ အနေနဲ့ နောက်မျိုးဆက်သစ်တွေကို အရင်းအမြစ်တွေ ဝေမျှပေးနိုင်တဲ့ အဆင့်ကို ရောက်လာပြီ။ အဲဒီတုန်းကသာ ငါ့ကို အဲဒီလို ကူညီပေးမယ့် စီနီယာတစ်ယောက်လောက် ရှိခဲ့ရင်... ကျွတ် ကျွတ်...”
“တပည့် နားလည်ပါပြီ။”
လီချင်းရန်၏ မျက်ဝန်းများ နီမြန်းလာပြီး စိတ်လှုပ်ရှားသွားသည့် အမူအရာ ပေါ်လာသည်။
သူ၏ဆရာက ယခုကဲ့သို့ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိရန် မည်မျှပင်ပင်ပန်းပန်း ရုန်းကန် ခဲ့ရမည်၊ လူပေါင်းများစွာ၏ လှောင်ပြောင်မှုနှင့် လျစ်လျူရှုမှုများကို မည်မျှ ခံစားခဲ့ရမည်ကို သူ ပုံဖော်ကြည့်လိုက်မိသည်။
သူကတော့ ဆရာ့ကို အထင်လွဲနေမိသည်။
သူ သေချာ မစဉ်းစားမိခဲ့ပေ။
အလောင်းများဆီမှ ပစ္စည်းလုခြင်းက ဆရာ့အဆင့်အတန်းနှင့် မတန်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ၎င်းက နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲမှုများကြားမှ ဖြစ်တည်လာခဲ့သော ရှင်သန်မှု အလေ့အကျင့်တစ်ခုပင်။
“ဒီနေ့ကစပြီး တပည့် ဆရာ့ဆီက သင်ယူပါ့မယ်။ ကျွန်မလည်း ဘယ်အရင်းအမြစ်ကိုမှ အလဟဿ အဖြစ်မခံတဲ့၊ ချွေတာပြီး ကြိုးစားတဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်အောင် လုပ်ပါ့မယ်။ အလောင်းတွေဆီက ပစ္စည်းလုရရင်တောင်မှပေါ့...”
လီချင်းရန်၏လေသံမှာ တည်ကြည်လေးနက်ပြီး ဆုံးဖြတ်ချက်များ ပြတ်သားနေ၏။
ချန်ဟွိုက်အန်၏စိတ် လုံးဝ အေးချမ်းသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“သင်ကြားရကျိုးနပ်တဲ့ တပည့်ပဲ...”
သူ မသိလိုက်သည်မှာ... ထိုသင်ခန်းစာလေး တစ်ခုတည်းဖြင့်...
နောင်တစ်ချိန်တွင် ချန်းယွန်ဘုံ၏ နံပါတ်တစ် ဓားအင်မော်တယ်မလေးဟု ကျော်ကြားလာမည့် ချင်းရန်နတ်မိမယ်၏ ထူးခြားချက်ကြီး သုံးရပ်ထဲမှ တစ်ခုကို သူ မတော်တဆ ဖန်တီးပေးလိုက် မိခြင်းပင်။
သူက မည်သည့်ရန်သူကို သတ်သည်ဖြစ်စေ၊ ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေပါစေဦးတော့...
အသုံးဝင်မည့် အရင်းအမြစ်မှန်သမျှကို တစ်ခုမကျန် စေ့စေ့စပ်စပ် ရှာဖွေလေ့ ရှိသောသူ ဖြစ်လာတော့သည်။
၎င်းက...
ကြည့်ရသည်မှာ တကယ့်ကို ရင်နာစရာ ကောင်းလှသည်။
...