ရေကန်မျက်နှာပြင်
Vol. 29 Ch. 282
“C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးက သားရဲဖမ်းပြိုင်ပွဲကို တက်ရောက်ဖို့ မြောက်ဘက်ကို သွားတယ်လို့ သတင်းရပါတယ်...”
“အဲဒီသတင်းက ခိုင်လုံရဲ့လား။”
“ရာနှုန်းပြည့် ခိုင်လုံပါတယ်။ ဆရာ ဒိုင်ရို...”
တိုကူဂါဝါဒိုင်ရို မျက်မှောင်ကြုတ်လိုက်ရာ သူ၏ နှုတ်ခမ်းမွှေးအောက်မှ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ “ယို့ရှ်... တကယ့်ကို အခွင့်အရေးကောင်းပဲ...”
သူတို့က ထျန်ဖူခရိုင်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိစ္ဆာအမြောက်အမြားကို လွှတ်ပေးရန် စီစဉ်ထားပြီးသား ဖြစ်သည်။
မူလက သူတို့လွှတ်လိုက်သော မိစ္ဆာများမှာ အင်အားမကြီးဘဲ မိစ္ဆာနှိမ်နင်းသူဗျူရို၏ နှိမ်နင်းခြင်း ခံရမည် သို့မဟုတ် C ပြည်နယ်၏ အင်အားအကောင်းဆုံး မိစ္ဆာနှိမ်နင်းသူဖြစ်သည့် အုပ်ချုပ်ရေးမှူးကို အခြေစိုက်စခန်းမှ ဝေးရာသို့ ဆွဲထုတ်နိုင်မည်မဟုတ်ဟု စိုးရိမ်ခဲ့ကြသည်။
သို့သော် ယခုတော့ ထိုလူက သူ့ဘာသာ ထွက်သွားလေပြီ။ ၎င်းမှာ အာမာတဲရစု နတ်ဘုရားမဆီမှ ကောင်းချီးတစ်ခုလိုပင်။
အောင်မြင်နိုင်ခြေ ၆၀%မှ ၇၀%ခန့် ရှိနေရာမှ အခုဆိုလျှင် နောက်ထပ် ၃၀% ထပ်တိုးသွားပြီ ဖြစ်သည်။
တိုကူဂါဝါ ဒိုင်ရိုသည် သူ၏လူများက အရိုးကြွေထည်မိန်းကလေးကို ဖမ်းဆီးပြီး ရှီခီဂါမီအဖြစ် ပြောင်းလဲကာ ကြီးမားသော ဆုလာဘ်များ ရရှိမည့် အချိန်ကို မြင်ယောင်နေမိသည်။
“လူတိုင်းကို အကြောင်းကြားလိုက်။ စပြီးတော့ လှုပ်ရှားကြတော့...” သူက အမိန့်ပေးလိုက်သည်။ “သားရဲဖမ်းပြိုင်ပွဲက သုံးရက်ကြာမယ်။ အုပ်ချုပ်ရေးမှူးက လေးရက်မြောက်နေ့မှ ပြန်လာနိုင်မှာ။ သူ မပြန်လာခင် မိစ္ဆာနှိမ်နင်းသူဗျူရိုထဲကို ထိုးဖောက်ပြီး အရိုးကြွေထည်မိန်းကလေးကို ငါတို့ရဲ့ လက်ထဲ ရောက်အောင် လုပ်ရမယ်...”
“ဟုတ်ကဲ့ပါ ဆရာ...”
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၌...
“အုပ်ချုပ်ရေးမှူးနဲ့ လင်းလင်လင်တို့ ဘယ်လိုနေမလဲ မသိဘူးနော်…”
ကျောက်ရင်းက ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး မျက်မှန်နောက်ကွယ်မှ သူ၏ မျက်လုံးများတွင် ကွန်ပျူတာမျက်နှာပြင်မှ အလင်းပြန်မှုများ ပေါ်နေ၏။
သူ တစ်ညလုံး အစီရင်ခံစာများကို ဖတ်ရှုနေခဲ့ရာ အခုဆိုလျှင် အိပ်ချင်စိတ်များ ပေါက်နေပြီ ဖြစ်သည်။
ယခင်ကဆိုလျှင် မိစ္ဆာနှိမ်နင်းသူဗျူရိုက အမြဲပင် အလုပ်များလွန်းပြီး ပျာယာခတ်နေရသည်။
မိစ္ဆာ သို့မဟုတ် ကျိန်စာသင့်ဝိညာဉ်အသစ်များ မှတ်တမ်းတင်ရသည်မှာ မပြီးစီးနိုင် ဖြစ်ခဲ့ရသလို လူအင်အား မလုံလောက်သဖြင့် အမြဲတမ်းပင် အကူအညီတောင်းခံနေရသည်။ တကယ့်ကို ဖရိုဖရဲနိုင်လှ၏။
သို့သော် အခုတော့ အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုအောက် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ လိုအပ်သော အရင်းအမြစ်များနှင့် လူအင်အားများ အပြည့်ရှိနေပြီ ဖြစ်သည်။
အဖွဲ့ဝင်အင်အား တောင့်တင်းသဖြင့် တာဝန်သစ်များ ပေါ်လာလျှင်ပင် နာရီဝက်အတွင်း ဖြေရှင်းပြီးသား ဖြစ်သွားသည်။ လုပ်စရာ အလုပ်ပင် မလောက်ငှတော့ဘဲ မိစ္ဆာနှိမ်နင်းသူများမှာ အဖွဲ့လိုက် ကင်းလှည့်နေကြရာ “လူအင်အားမလုံလောက်မှု” ဆိုသည်မှာ မရှိသလောက်ပင်။
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့၏ အလုပ်ပမာဏမှာလည်း တစ်ညတည်းနှင့် တစ်ဝက်ခန့် လျော့ကျသွား၏။
ဘဝက အေးအေးဆေးဆေး ဖြစ်လွန်းနေသဖြင့် ထူးဆန်းသလိုပင် ခံစားရသည်။ သူက ရုံးခန်းသို့ပင် သူ၏ ပင်ဂွင်းအရုပ်လေးကို ယူလာခဲ့သေးသည်။
ကျောက်ရင်က စိတ်ပြေလက်ပျောက် ဇာတ်ကားတစ်ကားကို ကြည့်ရန် ဗီဒီယိုဆော့ဖ်ဝဲလ်ကို ဖွင့်တော့မည့်အချိန်မှာပင်…
ရုတ်တရက် မိစ္ဆာနှိမ်နင်းသူဗျူရို၏ မစ်ရှင်စနစ်ထဲတွင် မစ်ရှင်အသစ် ၁၀ခုကျော် ဝင်လာသည်။
[ ထုံးစန်းကျင်ယွဲ့ လူနေရပ်ကွက်တွင် သံသယဖြစ်ဖွယ် ဗိုလ်ချုပ်အဆင့် ကျိန်စာသင့် အရှိန်အဝါကို တွေ့ရှိရသည်။ အခြေအနေကို အတည်ပြုရန် စောင့်ဆိုင်းနေသည် ]
[ ဝမ်တန်းဈေးဝယ်စင်တာတွင် ဆရာသခင်အဆင့် ကျိန်စာသင့်ဝိညာဉ် ပေါ်ထွက်လာကြောင်း အတည်ပြုပြီး။ အရေအတွက်ကို အတည်ပြုရန် စောင့်ဆိုင်းနေသည် ]
…
အဓိက အဖွဲ့ဝင်များအပြင် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုသည် လေ့လာစောင့်ကြည့်သူများ အုပ်စုကိုလည်း ငှားရမ်းထားသည်။ သူတို့က မိစ္ဆာမြင်လျှင် သတင်းပို့ရုံဖြင့် လစာရသည့် အချိန်ပိုင်း ဝန်ထမ်းများ ဖြစ်သည်။
ထိုစောင့်ကြည့်သူများမှာ များသောအားဖြင့် နိုးထသူများ ဖြစ်ကြပြီး မိစ္ဆာများကို အာရုံခံနိုင် သို့မဟုတ် မြင်နိုင်သော်လည်း တိုက်ခိုက်ရန် အင်အားမရှိကြ။ ထို့ကြောင့် သူတို့က ရှေ့တန်းတွင် မနေဘဲ သတင်းအချက်အလက်ကိုသာ ပေးပို့ကြသည်။
ယခင်ကဆိုလျှင် ထိုအစီရင်ခံစာများကို ဖြေရှင်းရသည်မှာ အိပ်မက်ဆိုးတစ်ခုပင်။
သို့သော် ယခုတော့...
“အစ်မရင်း၊ တာဝန်တွေ ဝင်လာပြီလား...”
ရှန့်ရှောင်ယွမ်က တံခါးကို ဝုန်းခနဲ တွန်းဖွင့်လာပြီး စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် မေးလိုက်သည်။
“အင်း၊ အများကြီးပဲ။ တစ်မိနစ်ကို ၁၀ခုလောက် တိုးနေတာ။” ကျောက်ရင်းက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း လှောင်ပြုံးလေး ပြုံးလိုက်သည်။ “ဒီလိုမျိုး ကျိန်စာသင့်သတ္တဝါတွေ ရုတ်တရက် ထွက်ပေါ်လာတာက ပုံမှန်မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်သူကပဲ နောက်ကွယ်က ကြိုးကိုင်နေပါစေ၊ ဘာတွေပဲ ရှိနေပါစေ၊ ငါတို့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက အခု ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး...”
ဟိုးအရင်ကဆိုလျှင် ကျောက်ရင် ထိုကဲ့သို့ ရဲရဲဝံ့ဝံ့ ပြောဆိုရဲမည် မဟုတ်ပေ။
သို့သော် ယခုတွင် အုပ်ချုပ်ရေးမှူးဆီမှ ရလာသော အရင်းအမြစ်များက သူတို့နောက်တွင် ရှိနေသည် မဟုတ်ပါလား။
သူက မျက်တောင်တစ်ချက် မခတ်ဘဲ ယုံကြည်ချက်ရှိရှိ ပြောနိုင်သည်။
“အားလုံးကို အကြောင်းကြားလိုက်။ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြတော့။”
ကျောက်ရင်း မတ်တပ်ရပ်လိုက်ပြီး သူ၏ စားပွဲပေါ်ရှိ ထန်ဓားကို ဆွဲယူလိုက်ကာ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
“ငါတို့ မိစ္ဆာနှိမ်နင်းသူဗျူရို… ပြန်လှုပ်ရှားရမယ့် အချိန်ရောက်ပြီ...”
...
ထိုက်ရှန်းတောင်၌...
ချန်ဟွိုက်အန်က ကျူးယွီ ပေးခဲ့သော လမ်းညွှန်ချက်အတိုင်း တောင်နက်ထဲသို့ ဆက်လက်၍ တိုးဝင်လာခဲ့သည်။
လမ်းတွင် တွေ့ရသော မိစ္ဆာအရေအတွက်မှာလည်း များလာသလို ပို၍လည်း သန်မာလာ၏။
တက်လှမ်းသူ အရေအတွက်မှာ နည်းပါးသွားသော်လည်း တွေ့ရသမျှ လူတိုင်းမှာ အင်မတန် အစွမ်းထက်ကြသည်။
ယခုထိ သူတွေ့ရသမျှ အင်အားအကြီးဆုံးလူမှာ အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ်သို့ ရောက်နေသူပင်။
တက်လှမ်းသူများကို ခွဲခြားရသည်မှာ အတော်လေး လွယ်ကူသည်။
သူတို့ဆီတွင် ထူးခြားတွင် အရှိန်အဝါတစ်ခု ရှိသည်။ ရှင်းပြရ ခက်သော်လည်း တကယ့် တောသားထီပေါက်လိုပင်။
သူတို့ ဘာလုပ်လုပ် ဆူဆူညံညံနှင့် ဟန်အပြည့် ပါတတ်သည်။ မိစ္ဆာတစ်ကောင်ကို သတ်လျှင်ပင် ပေါက်ကွဲသံမှာ မိုင်ပေါင်းများစွာအထိ ကြားနိုင်သလို ကောင်းကင်တစ်ခုလုံးလည်း လင်းထိန် သွားစေသည်။
“ဆရာ... ဒီကမ္ဘာက ကျင့်ကြံသူတွေက စိတ်ဝိညာဉ်ချီစွမ်းအင်ကို အသုံးချတာ တကယ့်ကို အလဟဿဖြစ်ပြီး ဟန်ပြတာတွေ များလွန်းတယ်နော်…” လီချင်းရန်က တိုက်ပွဲဖြစ်နေသော တက်လှမ်းသူ တစ်ဦးကို ဖြတ်ကျော်အသွားတွင် တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဆရာ... ဆရာက ဘာလို့ ဒီကမ္ဘာကို ရောက်လာတာလဲ။ ဘာလို့ ချင်းယွန်ဘုံကို မပြန်တာလဲ။ ဒီမှာက စိတ်ဝိညာဉ်ချီစွမ်းအင်က သိပ်ပြီး ပါးလွှာလွန်းတော့ ကျင့်ကြံဖို့ မသင့်တော်ဘူး ထင်လို့ပါ။”
နောက်ထပ် ခက်ခဲသော မေးခွန်းတစ်ခုပင်။
ချန်ဟွိုက်အန် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲ ပျာယာခတ်သွား၏။
သူ၏ ဦးနှောက်မှာ အစွမ်းကုန် အလုပ်လုပ်သွားပြီး စက္ကန့်ဝက် အကြာတွင် အဖြေတစ်ခု ထွက်လာခဲ့သည်။
“မင်း မသိပါဘူး ချင်းရန်... ချင်းယွန်ဘုံရဲ့ အရင်းအမြစ်တွေက အတော်လေး ခန်းခြောက် လာနေပြီ။ တစ်နေ့ကျရင် အကုန်လုံး ကုန်သွားလိမ့်မယ်။ ငါကတော့ ထိုင်ကြည့်နေလို့ မရဘူး။ အနာဂတ်အတွက် ကြိုတင်စဉ်းစားရမယ်။” သူက သက်ပြင်းချရင်း ပြောလိုက်သည်။
“ဒီကမ္ဘာက စိတ်ဝိညာဉ်ချီစွမ်းအင် ပါးလွှာတယ်ဆိုပြီး အထင်မသေးနဲ့။ လွန်ခဲ့တဲ့ ၁၀နှစ်က ဒီကမ္ဘာမှာ စိတ်ဝိညာဉ်ချီစွမ်းအင်ဆိုတာ လုံးဝ မရှိခဲ့ဘူး။”
“ဆရာ ဆိုလိုတာက… ဒီကမ္ဘာမှာ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပြန်လည်နိုးထလာနေတာလား။” လီချင်းရန် မျက်လုံးများ ဝိုင်းသွား၏။
ချင်းယွန်ဘုံက ကျင့်ကြံသူတိုင်း အရင်းအမြစ် ပြဿနာကို ရိပ်မိကြသည်။
သို့သော် စိတ်ဝိညာဉ်ချီစွမ်းအင် အကုန် မကုန်သေး၍ အပေါ်မှ မဟာတက်လှမ်းခြင်းအဆင့်နှင့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကြီးများ ဖြေရှင်းလိမ့်မည်ဟု တွေးနေကြသည်။
ကိုယ့်ဘာသာကိုယ် ဘာလို့ ခေါင်းခြောက်ခံနေမှာလဲ၊ ဟုတ်တယ်မလား။
“မှန်တယ်။” ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ “ငါ ဓားကျောင်းတော်ကနေ ထွက်ပြီး လောကသုံးထောင်မှာ လှည့်လည် သွားလာနေရတဲ့ အကြောင်းက ငါ့အတွက်ရော၊ ဓားကျောင်းတော်အတွက်ပါ လမ်းကြောင်းသစ် တစ်ခု ရှာဖွေဖို့ပဲ။”
“တကယ်လို့ ချင်းယွန်ဘုံသာ ပျက်စီးသွားမယ်၊ အရင်းအမြစ်တွေ ခန်းခြောက်သွားမယ်ဆိုရင် ငါက ဓားကျောင်းတော်ကို ဒီကမ္ဘာဆီ ခေါ်လာပြီး ထွန်းကားအောင် လုပ်ပေးရမယ်။
“အဲဒါကြောင့် ဒီကမ္ဘာက ငါ့ကို တွန်းထုတ်နေပါစေ၊ ဒီကမ္ဘာက ကျင့်ကြံသူတွေရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရမယ့် ဘေးအန္တရာယ် ရှိနေပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ ခြေကုပ်ယူနိုင်အောင် လုပ်ရမယ်။”
“နားလည်ပါပြီ…” လီချင်းရန်၏ မျက်ဝန်းများ နီမြန်းလာ၏။ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ သူက တိုးတိုးလေး ပြောလိုက်သည်။ “ဆရာက ဒီလောက်အထိ အဝေးကြီး ကြိုတွေးထားတာကိုး… ဓားကျောင်းတော် အတွက်ရော၊ ကျွန်မ အတွက်ပါ အမြဲ စဉ်းစားပေးနေတာပဲ။ ကျွန်မကတော့ ဆရာ့ကို ချင်းယွန်ဘုံ ပြန်ဖို့ ခဏခဏ ပြောနေမိတယ်။ ကျွန်မက တကယ့်ကို တစ်ကိုယ်ကောင်းဆန်မိတာပဲ။”
ထိုစကားကို ကြားသောအခါမှ ချန်ဟွိုက်အန်မှာ သက်ပြင်းတစ်ချက် ခိုးချနိုင်တော့သည်။
လီချင်းရန်က အေးအေးလေးမို့လို့ တော်သေး၏။ သူ ဘာပြောပြော ယုံပေးရှာသည်။
ဟိုကလေးမ လင်းလင်လင်လိုမျိုး မဟုတ်ပေ။
သို့သော် သူပြောသည်များက လုံးဝ အလိမ်အညာတော့ မဟုတ်။
ချင်းယွန်ဘုံက အရင်းအမြစ် ခန်းခြောက်နေသည်မှာ အမှန်ပင်။
ယခုကမ္ဘာတွင် စိတ်ဝိညာဉ်ချီစွမ်းအင်များ နိုးထနေသည်မှာလည်း အမှန်ပင်။
ဓားကျောင်းတော်တစ်ခုလုံးကို ရွှေ့လာမယ်ဆိုသည်ကတော့ လေကြီးလိုက်ခြင်းပင်။
အမှန်တိုင်း ပြောရလျှင် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူပင် လောကသုံးထောင် အကြား လွတ်လွတ်လပ်လပ် ခရီးမသွားနိုင်ပေ။
ချင်းယွန်ဘုံတွင် သူတို့က လက်ချိုးရေ၍ရသော အရေအတွက်သာ ရှိသည်။ ထို့ကြောင့်လည်း သူက ထိုကဲ့သို့ ပေါက်ကရများ ပြော၍ ရနေ၏။
အကယ်၍သာ ကမ္ဘာများကြား ကူးသန်းနိုင်လျှင် သူတော်စင် ယွိယောင်နှင့် ဆရာတော် ဖန်ယဲ့တို့ ဟိုးအရင်ကတည်းက ထွက်ပြေးသွားကြပေလိမ့်မည်။
နဂါးဝိညာဉ်ဆီမှ ခေါ်သံက ပိုပြီး နီးကပ်လာလေပြီ။
ရုတ်တရက် ထူထပ်လှသော တောင်တန်းများကြားတွင် ကွင်းပြင်ကျယ်ကြီးတစ်ခု ပေါ်လာ၏။
သူတို့နှစ်ဦး တောအုပ်ကို ဖြတ်ပြေးလာသောအခါ ကျောက်ဆောင်များ ဝိုင်းရံထားသော နေရာ တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ညကောင်းကင်အောက်တွင် ရေကန်ကျယ်ကြီး တစ်ခုက သူတို့၏ အရှေ့တွင် ဆန့်တန်းလျက် ရှိနေသည်။
ပြင်းထန်လှသော လေတိုက်သံက ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့၏ မျက်နှာကို ဖြတ်သန်း၍ သွားခဲ့သည်။
သို့သော် ထိုရေကန်ကြီးမှာမူ လုံးဝ ငြိမ်သက်နေသည်။ ထူးထူးခြားခြား ငြိမ်သက်နေခြင်းပင်။ ကြယ်များကို မော့ကြည့်နေသည့် အေးစက်တိတ်ဆိတ်သော မျက်လုံးအမည်းကြီးတစ်လုံးလိုမျိုး။ ထိုမှောင်မည်းနေသော ရေပြင်အောက် ကြောက်စရာကောင်းသော အရာတစ်ခု ရှိနေသလိုမျိုးပင်။
ချန်ဟွိုက်အန်၏ မှတ်ဉာဏ်ထဲတွင် ထိုက်ရှန်းတောင်အနီးမှာ ထိုမျှကြီးမားသော ရေကန် မရှိခဲ့ဖူးပေ။
၎င်းမှာ တစ်ခုတည်းကိုသာ ဆိုလိုနိုင်သည်။ ထိုရေကန်က မကြာခင်ကမှ ဖြစ်ပေါ်လာခြင်းပင်။
သို့သော် မည်သို့သော အရာမျိုးက ထိုမျှလောက်ကြီးမားသော ရေကန်ကြီးကို ရုတ်တရက် ဖန်တီးနိုင်မည်နည်း။
ချန်ဟွိုက်အန်၏ နှလုံးသားထဲတွင်တော့ အဖြေက ရှိနေပြီးသားပင်။
နဂါးတစ်ကောင်ပေါ့...
...