← Chapters

ဒီစုတ်ပြတ်သတ်နေတဲ့ ကမ္ဘာကြီးက ပေါက်ကွဲသွားသင့်ပြီ

Vol. 29 Ch. 283

ဒီစုတ်ပြတ်သတ်နေတဲ့ ကမ္ဘာကြီးက ပေါက်ကွဲသွားသင့်ပြီ

Vol. 29 Ch. 283

ရေကန်ကြီးက လုံးဝ ခြောက်ကပ်နေသည်မျိုးတော့ မဟုတ်။

ရေကန်ကို ဝိုင်းရံထားသည့် ကျောက်ကမ်းပါးများ အပေါ်တွင် လူ ၁၂ယောက် ရပ်နေကြပြီး တစ်ယောက်ချင်းစီကို စိတ်ဝိညာဉ်ချီစွမ်းအင် အလင်းတန်းများ လွှမ်းခြုံထားကာ မြေပြင်(၁၂)ဖြာ အကိုင်းအခက် တည်နေရာများအတိုင်း ရေကန်ကို ဝိုင်းထားကြသည်။

သူတို့ တစ်ယောက်ချင်းစီက ရွှေရောင် သံကြိုးတစ်ချောင်းစီကို တင်းတင်းဆုပ်ကိုင်ထားကြ၏။

ထိုသံကြိုးများမှာ ရေကန်၏ အောက်ခြေအထိ နက်ရှိုင်းစွာ ဆန့်တန်းသွားသည်။

ညက မှောင်အတိ ကျနေသည်။ ထိုတိတ်ဆိတ်မှုကြားတွင် ရံဖန်ရံခါ သံကြိုးချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာတတ်ပြီး အေးစက်ငြိမ်သက်နေသော ရေပြင်မှာလည်း ရုတ်တရက် ဝုန်းဒိုင်းကြဲ တုန်ခါသွားတတ်သည်။ ရေအောက်တွင် ဧရာမ သတ္တဝါကြီးတစ်ကောင် ရုန်းကန်နေသည့် အတိုင်းပင်။

“ဘယ်သူလဲ။”

ထိုလူ ၁၂ယောက်ထဲမှ ဝတ်ရုံနက်နှင့် အဘိုးကြီးတစ်ယောက်က ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ ရှိရာသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာတွင် အံ့ဩမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ဖြတ်ပြေး၍ သွားခဲ့သည်။

“ချီသန့်စင်ခြင်း နဝမအဆင့်နဲ့ ရွှေရောင်အနှစ်သာရအဆင့်ရဲ့ ယန်ဝိညာဉ် ပုံရိပ်ယောင်လား။”

ချန်ဟွိုက်အန် ဘာမှ ပြန်မပြောပေ။

အကြောင်းမှာ သူ မည်သို့ ပေါက်ကရ လေကြီးရမည်ကို စဉ်းစားမရသေး၍ပင်။

ထို့ပြင် ထိုလူ ၁၂ယောက်ဆီမှ ထွက်နေသော အရှိန်အဝါက လီချင်းရန်နှင့် ဆင်တူနေသည်။

မဟုတ်ပေ။ လီချင်းရန်ထက် ပိုသန်မာနေ၏။

လီချင်းရန်၏ ဘေးကင်းရေးနှင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူသည် စကားပြောရာ သတိထားရပေမည်။

လမ်းမှာတွေ့ခဲ့သော တက်လှမ်းသူများနှင့် ယှဉ်လျှင် ထိုကျင့်ကြံသူ အဘိုးကြီး ၁၂ယောက်က ဟန်ပြတတ်သော တောသားထီပေါက် အငွေ့အသက်မျိုး မရှိဘဲ သင်္ချိုင်းထဲမှ ခုလေးတင် တူးထုတ်ထားသော ရှေးဟောင်းပစ္စည်းမျိုးလို ဟောင်းနွမ်းအနံ့အသက်ဆိုးများ ထွက်နေသည်။

ဂလွမ်း...

သံကြိုးက နောက်တစ်ကြိမ် ထပ်မံတုန်ခါသွားပြန်သည်။

အဘိုးကြီး မျက်နှာပျက်သွားပြီး အကြည့်ကို ရုပ်သိမ်းကာ ရေကန်ဆီသို့ ပြန်အာရုံစိုက်လိုက်သည်။

“ထားလိုက်ပါတော့။ မင်းတို့နှစ်ယောက် အစွမ်းကြောင့်ပဲဖြစ်ဖြစ်၊ ကံကောင်းလို့ပဲဖြစ်ဖြစ် ဒီကို ရောက်လာတာက မင်းတို့ရဲ့ ကံကြမ္မာပဲ… အခင်းအကျင်း အသက်ဝင်လာတာနဲ့ အကူအညီ ပေးတဲ့ အချက်အချာနေရာကနေ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ထောက်ပံ့ပေးရမယ်။ မြွေနဂါးကို နှိမ်နင်းတဲ့ နေရာရာမှာ ပါဝင်တဲ့အတွက် မင်းတို့ကိုလည်း ရမှတ်အချို့ ခွဲပေးမယ်။”

ဒါဆို ရေအောက်မှာ သံကြိုးနဲ့ ချည်နှောင်ခံထားရတာ တကယ်ပဲ မြွေနဂါး တစ်ကောင်ပေါ့။

ချန်ဟွိုက်အန်က သူ့ရင်ဘတ်ကို လက်နှင့် စမ်းကြည့်လိုက်သည်။

နဂါးဝိညာဉ်၏ တုန်ခါမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

အထွတ်အထိပ် ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ ၁၂ယောက် ဖမ်းဆီးခြင်းကို ခံထားရသော ထိုမြွေနဂါးက နဂါးဝိညာဉ်နှင့် အင်မတန် ခိုင်မာသော ဆက်နွှယ်မှု ရှိနေတာ ထင်ရှားပေသည်။ ၎င်းက သူ့ကို အော်ဟစ်ကာ အကူအညီတောင်းနေခြင်းပင်။

ရေအောက်ထဲမှ ထွက်ပေါ်လာသော မြွေနဂါး၏ နာကျင်လှသည့် ဟိန်းဟောက်သံများကို သူ တစ်ယောက်တည်းသာ ကြားနိုင်သည်။

ဒေသတစ်ခုကို အုပ်စိုးရမည့် နဂါးအရှင်သခင်ဟူသော ပုဂ္ဂိုလ်မျိုးက...

အခုတွင် ကျင့်ကြံသူ ၁၂ယောက်၏ ချုပ်နှောင်ခြင်းကို ခံနေရရှာသည်။

၎င်းက ကွင်းပြင်ထဲ ရောက်သွားသည့် ကျားကို ခွေးက လာဆွဲသော ပုံပြင်အတိုင်းပင်…

“ဆရာ... ကျွန်မတို့ လှုပ်ရှားရမလား။”

လီချင်းရန်က လည်ပင်းကို လက်ဖြင့်လှီးပြသည့် အမူအရာမျိုး လုပ်ကာ အသံမထွက်ဘဲ မေးလိုက်သည်။

“မလုပ်နဲ့ဦး။”

ချန်ဟွိုက်အန်ကလည်း နှုတ်ခမ်းလှုပ်ရုံဖြင့် ပြန်ဖြေလိုက်သည်။

အမှန်တကယ်တော့ သူတို့ သွားလုပ်လျှင် ပြန်အရိုက်ခံရမည် ဖြစ်၍ပင်။ မဟုတ်ပါက သူ အစောကြီးကတည်းက ဝင်ချနေပြီ ဖြစ်သည်။

ထို့အပြင် ထိုအခင်းအကျင်းတွင် ဖြစ်ပျက်နေသည်များကို သူတို့ သေချာ မသိသေးပေ။

စောင့်ကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။

“စီနီယာ။” ချန်ဟွိုက်အန်သည် ကောင်းကင်ရှိ ကျင့်ကြံသူ ၁၂ယောက်ထံ လက်ယှက်ကာ နှိမ့်ချသော ပုံစံဖမ်းလိုက်သည်။ “အကူအညီပေးတဲ့ အချက်အချာနေရာက ဘယ်နေရာမှာ ရှိလဲဆိုတာ မေးပါရစေ။”

အဘိုးကြီးက သူ့ကို တစ်ချက်လှမ်းကြည့်သည်။ “မင်းတို့ဂိုဏ်းက လူကြီးတွေ မသင်ပေး ထားဘူးလား။ ဟူး.. တစ်မျိုးဆက်ထက် တစ်မျိုးဆက် ပိုပြီး ပေါ့ဆလာကြတာပဲ။”

သူက လက်ညှိုးညွှန်ပြလိုက်သည့် နေရာက ရေကန်ဘေးရှိ ဂူတစ်ခုပင်။

“ဟိုဘက်ကို သွား။ တခြားနေရာတွေကတော့ လူပြည့်ကုန်ပြီ။”

“ကျေးဇူးတင်ပါတယ် စီနီယာ။”

ချန်ဟွိုက်အန် လီချင်းရန်ကို တစ်ချက်ကြည့်လိုက်သည်။

အန္တရာယ်မရှိကြောင်း သေချာအောင် တစ်ချက် စစ်ဆေးပြီးနောက် သူတို့နှစ်ဦး ရိုးရှင်းလှသော ထိုဂူထဲသို့ ဝင်ခဲ့ကြသည်။

ဂူထဲတွင် တက်လှမ်းသူ ၁၀ယောက်ကျော် ရောက်နှင့်နေပြီ ဖြစ်သည်။

အားလုံးသည် အသက်မသွင်းရသေးသော ကြေးဝါရောင် အခင်းအကျင်းပြား တစ်ခုကို ဝိုင်းနေကြသည်။

ထိုအထဲက မျက်နှာတစ်ခုက အတော်လေး ရင်းနှီးနေ၏။

“အုပ်ချုပ်ရေးမှူးချန်...”

အခင်းအကျင်းပြားနားတွင် ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို မြင်လိုက်သောအခါ မျက်လုံးများ တောက်ပသွားသည်။

ထိုခေါ်သံကို ကြားလိုက်ရသည်နှင့် ချန်ဟွိုက်အန်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်၍ သွားတော့သည်။

သူ့ဘေးမှ လီချင်းရန်ကို အလျင်အမြန် လှမ်းကြည့်လိုက်ရ၏။ ကံကောင်းသည်မှာ သူက အခင်းအကျင်းပြားကိုသာ အာရုံစိုက်နေသဖြင့် သတိမထားမိလိုက်ပုံပင်။

“အဟမ်း... ညီလေးဝမ် ဖြစ်နေတာကိုး။ တိုက်ဆိုင်လိုက်တာ...” ချန်ဟွိုက်အန် လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ဝမ်ရှိုယီ အနားတိုးလာသောအခါ ချန်ဟွိုက်အန်က အသံကိုနှိမ့်ကာ ပြောလိုက်သည်။ “ငါ့နာမည်ပဲ ခေါ်ပါ။ အုပ်ချုပ်ရေးမှူးချန် ဆိုတာက အရမ်းကို သူစိမ်း ဆန်လွန်းတယ်။ ငါတို့က အဲဒီလောက်ကြီး စိမ်းနေလို့လား။”

“ဟုတ်ကဲ့ပါ၊ အစ်ကိုချန်။” ဝမ်ရှိုယီက ချက်ချင်းပြင်ခေါ်လိုက်ပြီး သွားဖြူဖြူကြီးများ ပေါ်အောင် ပြုံးပြလိုက်သည်။ ထို့နောက် သူက အခြားတက်လှမ်းသူများကို မိတ်ဆက်ပေးသည်။

“ဒါက မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ ငါတွေ့ခဲ့တဲ့ စီနီယာပဲ။ သူသာ မရှိရင် ငါ သေတာ ကြာပြီ။ ဒီနေ့က စပြီးတော့ မင်းတို့အားလုံး ငါ့ကို လေးစားသလိုမျိုး သူ့ကိုလည်း လေးစားရမယ်...”

“စီနီယာချန်...” ဝမ်ရှိုယီနောက်မှ တက်လှမ်းသူ တစ်အုပ်စုလုံးက လက်အုပ်ချီကာ ပြိုင်တူ အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။

ချန်ဟွိုက်အန် - “…”

ဒီစုတ်ပြတ်သတ်နေတဲ့ ကမ္ဘာကြီးကတော့ တကယ်ကို ပေါက်ကွဲသွားသင့်ပြီ။

မင်းတို့ ငါ့ကို နောက်နေတာလား။ တကယ်ကြီးလား...

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ထင်ထားသည့်အတိုင်းပင် လီချင်းရန်က သူ၏ မျက်လုံး အဝိုင်းသားလေးဖြင့် ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် သိချင်စိတ်များနှင့် အံ့ဩမှုများ ပြည့်နှက်နေ၏။

အကယ်၍ သူသာ အချစ်ကျွမ်းကျင်သူဆိုလျှင် ၎င်းက မိန်းကလေးတစ်ယောက်၏ နှလုံးသား စတင်ယိမ်းယိုင်နေပြီ ဆိုသည်ကို သိပေလိမ့်မည်။

မည်သို့ဆိုစေ မိန်းကလေးတစ်ယောက် အချစ်ထဲ နစ်မွန်းသွားရန် ပထမဆုံးသော ခြေလှမ်းက သိချင်စိတ်နှင့် စိတ်ဝင်စားမှုတို့ မဟုတ်ပါလား။

ကံဆိုးသည်မှာ ချန်ဟွိုက်အန်က အချစ်ကျွမ်းကျင်သူ မဟုတ်ပေ။

သူ အတော်လေး ပျာယာခတ်နေ၏။

“ကဲ၊ ကဲ... အဲဒီ ပေါက်ကရတွေ တော်တော့။”

ချန်ဟွိုက်အန် အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။ “ညီလေးဝမ်၊ မင်းက ခွန်းလွန် အင်မော်တယ်နန်းတော်ရဲ့ တပည့်ဆိုတော့... အပြင်က အဘိုးကြီး ၁၂ယောက်က ဘယ်သူတွေလဲ ဆိုတာ ပြောပြနိုင်မလား။”

“အစ်ကိုချန် မေးတာ လူမှန်သွားပြီ။” ဝမ်ရှိုယီက လျှာသပ်ကာ အချက်အလက်တွေကို စီစစ်လိုက်သည်။ “အဲဒီ ၁၂ယောက်က လျို့ဝှက်ဂိုဏ်းတွေက အကြီးအကဲတွေပဲ။ တစ်ယောက်ချင်းစီက နှစ်ပေါင်း ရာနဲ့ချီ ဒါမှမဟုတ် ဖြစ်နိုင်ရင် တစ်ထောင်ကျော်လောက်အထိ အသက်ရှင်နေကြသူတွေပဲ။ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ နိုးထလာမှ အပြင်ကို ထွက်လာကြတာ။ သူတို့ရဲ့ ရည်မှန်းချက်က မြွေနဂါးကို ဖမ်းဖို့ပဲ။ သာမန် တက်လှမ်းသူတွေက ကျိန်စာသင့် ဝိညာဉ်တွေနဲ့ မိစ္ဆာတွေကိုပဲ ပစ်မှတ်ထားကြတယ်။ အဲဒီမိစ္ဆာတွေက မြွေနဂါးရဲ့ လက်ပါးစေတွေ။ ဒါပေမဲ့ မြွေနဂါးကိုယ်တိုင်က သတ်ဖို့ ခက်ခဲတယ်။ ပြီးတော့ အခင်းအကျင်းကို အသက်သွင်း နေတုန်းမှာ အကြီးအကဲ ၁၂ယောက်က အနှောင့်အယှက် ခံလို့မရဘူး။ အဲဒါကြောင့် အနှောင့်အယှက် မခံရအောင် ဒီသားရဲဖမ်းပြိုင်ပွဲကို ဖန်တီးပြီး လူတွေကို အသုံးချနေတာ။”

ချန်ဟွိုက်အန် ချက်ချင်း သဘောပေါက်သွားသည်။

ဆုလာဘ်တွေက ဘာလို့ ဒီလောက် များနေရတာလဲဆိုတာ အံ့ဩနေတာ။

တကယ်တော့… ငါတို့ကို အခမဲ့ အလုပ်သမားတွေအဖြစ် အသုံးချနေတာပဲ။

“အဲဒီမြွေနဂါးက မကောင်းတာတွေ လုပ်ခဲ့လို့လား။” ချန်ဟွိုက်အန် ထပ်မေးလိုက်သည်။

“ဟို... ထူးထူးခြားခြား လုပ်ခဲ့တာမျိုးတော့ မကြားဖူးပါဘူး။”

ဝမ်ရှိုယီက ခေါင်းခါလိုက်ပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့ မိစ္ဆာတွေနဲ့ ကျိန်စာသင့်ဝိညာဉ်တွေဆိုတာက ခြိမ်းခြောက်မှုတွေပဲလေ။ အခု လူတွေကို ဒုက္ခမပေးသေးဘူးဆိုတာနဲ့ နောင်ကျရင်လည်း မပေးဘူးလို့ မပြောနိုင်ဘူး။ အမြစ်ပြတ် သုတ်သင်ပစ်တာ၊ ဒါမှမဟုတ် လူသားတွေရဲ့ ထိန်းချုပ်မှုအောက် ထားတာကပဲ ဒီအန္တရာယ်ကို အပြီးအပိုင် ဖယ်ရှားနိုင်မယ့် နည်းလမ်းပဲ။”

ဝမ်ရှိုယီနောက်မှ တက်လှမ်းသူ အားလုံးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ် လိုက်ကြသည်။

သူတို့အားလုံးက ထိုအမြင်အတိုင်း ရှိကြသည်မှာ ထင်ရှားပေသည်။။

သို့မဟုတ် ၎င်းက လက်ရှိ ကျင့်ကြံသူလောက၏ ပင်မရေစီးကြောင်း အမြင်ပင်။

ချန်ဟွိုက်အန်က ခြေတံရှည်ရှည်လေးနှင့် ရှောင်ချင်း၊ ပြီးနောက် အကျဉ်းခန်းထဲမှ ကြွက်သား အမြောင်းမြောင်းနှင့် ကြောင်နက်ကြီး ပါ့ကျီတို့ကို သတိရသွားသည်။

ထို့နောက် ရှက်တတ်သော ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွ။

ပြောရလျှင် သူတို့အားလုံးက မိစ္ဆာများပင်။ သို့သော် သူတို့က အန္တရာယ်ရှိမည့် အရိပ်အယောင်မျိုး တစ်ခါမှ မပြခဲ့ကြပေ။

လူတို့၏ စိတ်ထဲရှိ အစွဲအလမ်းဆိုသည်မှာ… တကယ့်ကို တောင်ကြီးတစ်လုံးလိုပင်။

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်ရုံသာ လုပ်လိုက်ပြီး မြွေနဂါးက မကောင်းဆိုးဝါးလား သို့မဟုတ် အသတ်ခံရသင့်သလား ဆိုသည်ကို ငြင်းခုံမနေတော့ပေ။

ဝမ်ရှိုယီသည် ခွန်းလွန်အင်မော်တယ်နန်းတော်မှ တက်လှမ်းသူတစ်ယောက် ဖြစ်သည်။ သူ့ကို ကျင့်ကြံခြင်း လောကထဲ ခေါ်လာသည်က ထိုဂိုဏ်းပင်။

သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် ပြုစုပျိုးထောင်မှုအရ ဝမ်ရှိုယီသည် ထိုဝါဒကိုသာ ထောက်ခံမည်မှာ သေချာသည်။

သို့သော်…

ယနေ့တော့ သူ ဝမ်ရှိုယီကို ဆန့်ကျင်ရပေလိမ့်မည်။

နဂါးဝိညာဉ်က အေးချမ်းပြီး မြင့်မြတ်သည်။ အကယ်၍ မြွေနဂါးသည် နဂါးဝိညာဉ်၏ အကြွင်းအကျန်သာ မှန်ခဲ့လျှင် သူက မကောင်းဆိုးဝါး မဖြစ်နိုင်ပေ။

အတိအကျပြောရလျှင် ကျူးယွီလိုပင်။ သူက မြွေနဂါး၏ သွန်သင်မှုအောက်တွင် လူအများကို ကူညီခဲ့သည်။ တစ်ခါမျှ ဒုက္ခမပေးခဲ့။

ချန်ဟွိုက်အန် ဂူဝသို့ လျှောက်သွားပြီး ရေကန်ပြင်နှင့် တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်သည်။

ယခု သူတို့ရှိနေသော ဂူအပြင် ကျောက်ကမ်းပါးများ၌ တခြားသော လူလုပ်ဂူ ၁၁ခု ရှိနေသည်ကို သူ သတိထားမိသည်။ ၎င်းတို့က မြေပြင်(၁၂)ဖြာ အကိုင်းအခက် ၁၂ခုနဲ့ ကိုက်ညီနေပြီး အခင်းအကျင်း၏ အချက်အချာနေရာများ ဖြစ်နေသည်မှာ ထင်ရှားသည်။

သူ ဝမ်ရှိုယီကို အမှန်တကယ် သဘောကျသည်။

အကယ်၍ သူ ဝမ်ရှိုယီ စောင့်နေသော အခင်းအကျင်းပြားကို ဖျက်ဆီးလိုက်လျှင် ဝမ်ရှိုယီအတွက် ပြဿနာတက်ပေလိမ့်မည်။

ထို့ကြောင့် သူက တခြား ၁၁ခုကိုသာ သွားဖျက်ဆီးရတော့မည်။

သူက ဝမ်ရှိုယီကို လှည့်ကြည့်လိုက်သည်။

ဝမ်ရှိုယီ၏ ခေါင်းပေါ်တွင် လင်းလင်လင်လို အနီရောင်အလင်းနှင့် ခရမ်းရောင်ချီများ ရောယှက် နေသည်။ သူက ပါရမီထူးပြီး ကြီးမြတ်တဲ့ ကံကြမ္မာပိုင်ရှင်တစ်ယောက် ဖြစ်သည်မှာ ထင်ရှား၏။

သို့သော် သူ့အပေါ်တွင် မီးခိုးရောင် မြူခိုးလွှာတစ်ခု ဖုံးအုပ်နေဆဲပင်။ တခြားသော တက်လှမ်းသူများလောက်တော့ မထူပေ။

ဒီမီးခိုးရောင် မြူခိုးတွေက ဘာကြီးလဲ…

ထားလိုက်ပါတော့။ တစ်ခုပြီးမှ တစ်ခုပေါ့။

အရင်ဆုံး တခြားအခင်းအကျင်းနေရာတွေကို သွားဖျက်ဆီးရမယ်။

ထိုသို့တွေးပြီးနောက် လီချင်းရန်နှင့်အတူ ဂူထဲမှ ထွက်ရန် ပြင်လိုက်သည်။

သို့သော် ခြေလှမ်းနှစ်လှမ်းလောက်သာ လှမ်းပြီးချိန်မှာပင် ဝမ်ရှိုယီက နောက်မှ လှမ်းခေါ် လိုက်သည်။။

“အစ်ကိုချန်... အခင်းအကျင်းက အသက်ဝင်တော့မယ်လေ။ အစ်ကိုနဲ့ မရီးက ဘယ်ကို သွားမလို့လဲ။”

ချန်ဟွိုက်အန် ခြေချော်ပြီး မှောက်ရက်လဲလုနီးပါး ဖြစ်သွား၏။

ဘေးက လီချင်းရန်က ခေါင်းငုံ့ကာ စကတ်စကို ဆွဲညှစ်နေပြီး လှပသော မျက်နှာလေးမှာ သာမန် မျက်လုံးနှင့် မြင်နိုင်လောက်သည်အထိ ရဲရဲနီသွားတော့သည်။

“အဟမ်း။ စိတ်မပူပါနဲ့။”

ချန်ဟွိုက်အန် ချောင်းဟန့်လိုက်သည်။ “ငါ လေကောင်းလေသန့် နည်းနည်း သွားရှူချင်လို့ပါ...”

...

All Chapters