ကောင်းကင်မိစ္ဆာကျင့်စဉ် အသက်သွင်းခြင်း
Vol. 29 Ch. 284
ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့က အနီးဆုံးဂူဆီသို့ အပြေးဝင်သွားကြသည်။
ထိုအချိန်မှာပင် အခင်းအကျင်းက တိတ်ဆိတ်စွာ အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
စိတ်ဝိညာဉ်ချီစွမ်းအင် အလင်းတန်း ၁၂ခုမှာ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပစ်လွှတ် လိုက်ကြ၏။
တောင်တန်းများကြားတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းသံကြီး ပဲ့တင်ထပ် သွားပြီးနောက် ဧရာမ ရွှေရောင်အခင်းအကျင်းပြားကြီးမှာ ညကောင်းကင်ယံတွင် ဖြန့်ကျက်၍ သွားကာ မှောင်ရီပျိုးစအချိန်ကိုပင် ရွှေရောင်အဆင်း သန်းသွားစေတော့သည်။
“ဒါက ဘယ်လိုအခင်းအကျင်းမျိုးလဲ။...” လီချင်းရန်က သူတို့အပေါ်ရှိ အခင်းအကျင်းကို မော့ကြည့်ရင်း မှင်သက်သွားမိသည်။
“မြေပြင်(၁၂)ဖြာ နဂါးချုပ်ရွှေသံကြိုးအခင်းအကျင်း...”
ဗဟုသုတကြွယ်ဝသော ဆရာတစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းရန် ချန်ဟွိုက်အန်က တွန့်ဆုတ် မနေဘဲ လွှတ်ခနဲ ပြောလိုက်ခြင်းပင်။
“ချုပ်နှောင်စမ်း...”
လျို့ဝှက်ဂိုဏ်း အကြီးအကဲ ၁၂ယောက်လုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
အခင်းအကျင်းအတွင်းရှိ စိတ်ဝိညာဉ်ချီစွမ်းအင်များမှာ သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ရွှေရောင်သံကြိုးများထဲသို့ စီးဝင်သွားပြီး သံကြိုးကွင်းများတစ်လျှောက် လျှပ်စီးတန်းများကို တောက်လောင်စေတော့သည်။
ရေကန်မျက်နှာပြင်မှာ ပြင်းထန်စွာ ဆူပွက်လာ၏။
မှောင်မည်းနေသော ရေအောက်တွင် လျှပ်စီးများမှာ တဖြဖြဖြနှင့် ကခုန်နေကြသည်။
လျှပ်စစ်ပိုက်ကွန်ကြားမှတစ်ဆင့် ရုန်းကန်နေသော ရှည်လျားသည့် အမည်းရောင် အရိပ်ကြီး တစ်ခုကို ဝိုးတဝါး မြင်နေရသည်။
“ဝေါင်း...”
ပြင်းထန်လှသော နဂါးဟိန်းသံကြီးမှာ ရေအောက်မှ ပေါက်ကွဲထွက်လာ၏။
သို့သော် ထိုအသံမှာ အားအင်ကုန်ခမ်းကာ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်နေသော အသံပင်။
သူ၏ ဒန်တျန်အတွင်းမှ နဂါးဝိညာဉ်၏ တုန်ခါမှုမှာ ပို၍ပင် ပြင်းထန်လာသည်။ ၎င်း၏ တင်းတင်း ပိတ်ထားသော မျက်လုံးများမှ ထိုသတ္တဝါ၏ နာကျင်မှုကို တုံ့ပြန်သည့်အလား အော်ဟစ် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာ၏။
အချိန် သိပ်မရှိတော့မှန်း ချန်ဟွိုက်အန် သိလိုက်သည်။
သူနှင့် လီချင်းရန်တို့မှာ ဂူတစ်ခုထဲသို့ ဝင်လိုက်ကြသည်။
ဂူအတွင်း၌ တက်လှမ်းသူ တစ်ရာကျော်မှာ အခင်းအကျင်းပြားကို ဝိုင်းပတ်ကာ တရားထိုင် နေကြပြီး သူတို့၏ စိတ်ဝိညာဉ်ချီစွမ်းအင်အားလုံးကို အခင်းအကျင်းထဲသို့ ထည့်သွင်းနေကြသည်။
ထိုကျင့်ကြံသူအားလုံးမှာ အားကောင်းကြသူများဖြစ်ရာ ချီသန့်စင်ခြင်း အထွတ်အထိပ်အောက် မည်သူမျှ မရှိချေ။ အားအကောင်းဆုံးသူများမှာ ဝမ်ရှိုယီနှင့် အဆင့်တူသော အခြေခံအုတ်မြစ် နောက်ဆုံးပိုင်းမှ အထွတ်အထိပ်အထိ ရှိကြသည်။
သူတို့၏ ကျင့်ကြံဆင့် မြင့်မားလေ ခေါင်းပေါ်ရှိ မီးခိုးရောင်မြူခိုးများမှာ ပို၍ ထူထပ်လေပင်။
သို့သော် ချန်ဟွိုက်အန်တွင် ထိုမြူခိုးများကို လေ့လာနေရန် အချိန်မရှိပေ။
“တပည့်... သွားတော့...”
သူ့စကားဆုံးသည်နှင့် လီချင်းရန်က ဓားကိုကိုင်ကာ လှပသော ဟင်္သာငှက်တစ်ကောင်လို့ ရှေ့သို့ လှည့်ပတ်တိုးဝင်သွားပြီး အခင်းအကျင်းပြားကို တင့်တယ်လှပသော ဓားချက်တစ်ချက်ဖြင့် ခုတ်ချလိုက်သည်။
အခင်းအကျင်းပြားကို ကာကွယ်ရန် ရွှေရောင်ဒိုင်းတစ်ခု ပေါ်လာသော်လည်း စုရွှမ်ဓား၏ဒဏ်ကို မခံနိုင်ဘဲ ချက်ချင်း ပျက်စီးသွား၏။
ဓားချက်မှာ တားဆီးခံလိုက်ရသော်လည်း အခင်းအကျင်းပြားပတ်လည်ရှိ တက်လှမ်းသူများကို လန့်ဖျပ်သွားစေကာ သူတို့၏ တရားထိုင်နေသော အာရုံများကို ပျက်ပြားသွားစေသည်။
“ဘယ်သူက ငါတို့အခင်းအကျင်းကို နှောင့်ယှက်ရဲတာလဲ။...”
“ဖယ်ကြစမ်း။ မဖယ်ရင် မင်းတို့ကိုပါ သတ်ပစ်မယ်။” ချန်ဟွိုက်အန်က လီချင်းရန်၏ နောက်မှကပ်လျက် အခင်းအကျင်းပြားဆီသို့ ပြေးဝင်သွားသည်။ သူ၏ အကြည့်မှာ အေးစက်သော ဓားသွားများကဲ့သို့ စကားပြောသူကို ဝေ့ကြည့်လိုက်၏။
သူ့အနေဖြင့် ထိုတက်လှမ်းသူများနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးမရှိပေ။
သူ့ထံ ပိုင်ဆိုင်သင့်သော အခွင့်အရေးကို လာရောက်အရယူခြင်းသာ ဖြစ်သည်။
တိုက်ခိုက်စရာမလိုလျှင် မတိုက်ချင်ပေ။
လီချင်းရန်၏ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံခြင်းအဆင့်သည် ထိုနေရာတစ်ခုလုံးကို ဖိအားပေးထားပြီ ဖြစ်ရာ ထိုတက်လှမ်းသူများသာ ဉာဏ်ရှိလျှင် ဆုတ်ခွာသွားကြပေလိမ့်မည်။
ခဏတာမျှ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် တုံ့ဆိုင်းမှုများကို သူ မြင်လိုက်ရသည်။
စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်လည်နိုးထလာခြင်းမှာ အနာဂတ်တွင် အရင်းအမြစ်များ ပေါများလာမည်ကို သူတို့ သိကြသည်။
သူတို့သာ အသက်ရှင်နိုင်သမျှ ကြာအောင် ရှင်သန်နိုင်လျှင် အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်လာနိုင်သည်။
ထို့ကြောင့် သေချာပေါက်ပင် သူတို့က တခြားသူများထက် အသက်ကို ပိုနှမြောကြသည်။
သို့သော် ထိုကြောက်ရွံ့မှုမှာ တစ်စက္ကန့်မျှပင် မခံခဲ့ပေ။
“အခင်းအကျင်းကို ဖျက်ဆီးတဲ့သူမှန်သမျှ သတ်ပစ်ကြ...”
လူအုပ်နောက်ဘက်မှ အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။
အပြာရောင်ဝတ်ရုံ ဝတ်ထားသည့် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်လိုက်ရ၏။
ချန်ဟွိုက်အန်မှာ ထိုလူ မည်သည့် လျို့ဝှက်ဂိုဏ်းကလဲ ဆိုသည်ကို သေချာကြည့်ချင်သော်လည်း သူ့ပတ်ပတ်လည်ရှိ တက်လှမ်းသူများ၏ ဝိုင်းရံမှုကြောင့် အကြည့်မှာ ကွယ်သွားရသည်။
“နှောင့်ယှက်တဲ့သူ အကုန်သတ်ပစ်...”
ကြောက်ရွံ့မှုနှင့် တုံ့ဆိုင်းမှုများ ပျောက်ကွယ်သွားသည်။
တက်လှမ်းသူများ၏ မျက်လုံးများမှာ ခိုင်မာပြီး အရူးအမူးဖြစ်နေသော အသွင်သို့ ပြောင်းလဲသွား၏။ ဆေးဖြတ်ပြီးကာစ စစ်သားများထက်ပင် ပို၍ ပြင်းထန်နေသည်။
ချန်ဟွိုက်အန် မူးဝေမှုကို ခံစားလိုက်ရသည်။
ထိုတက်လှမ်းသူများက တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုကို ခံနေရသည်မှာ အသေအချာပင်။
၎င်းမှာ တခြားရွေးချယ်စရာ မရှိတော့ကြောင်း ဆိုလိုနေသည်။
“ချင်းရန်... အခင်းအကျင်းကို ဖျက်လိုက်... ငါ သူတို့ကို တားထားမယ်...”
“ဟုတ်ကဲ့ပါ ဆရာ...” လီချင်းရန်က လူအုပ်ကြီး၏ ခေါင်းပေါ်မှ ကျော်ကာ ကောင်းကင်သို့ ခုန်တက်လိုက်ပြီး အခင်းအကျင်းပြားဆီသို့ ဓားဖြင့် ထိုးချလိုက်တော့သည်။
ချန်ဟွိုက်အန်က သူ၏နောက်မှ ကပ်လိုက်ရင်း သူ့အတွက် လမ်းပွင့်အောင် တိုးဝင်လာသော တက်လှမ်းသူများကို ခုတ်ပိုင်းပစ်လိုက်သည်။
သို့သော် လူအရေအတွက်မှာ များလွန်းလှပြီး ဂူမှာလည်း ကျဉ်းမြောင်းလွန်းလှသည်။
အချို့က သူ့ကို ဝိုင်းထားကြပြီး အချို့က လီချင်းရန် အခင်းအကျင်းပြားဆီ မရောက်အောင် ပိတ်ဆို့ရန် ကြိုးစားနေကြသည်။
စိတ်အားထက်သန်နေသည့် အခိုက်အတန့်တွင် ချန်ဟွိုက်အန်က ဟန်ဆောင်မှုများကို ဘေးချိတ်ကာ အစွမ်းကုန် ထုတ်လိုက်တော့သည်။ ကောင်းကင်မိစ္ဆာကျင့်စဉ်ကို အပြည့်အဝ အသက်သွင်းလိုက်ခြင်းပင်။
သူက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
သူ၏ မျက်ဝန်းအိမ်အနက်ပိုင်းတွင် ထူးဆန်းသော အနီရောင်အလင်းတန်း ဖြတ်ပြေးသွား၏။
သူ၏ လက်ချောင်းများ တဆတ်ဆတ်တုန်ခါကာ ကွေးကောက်၍ သွားခဲ့ပြီး အတွင်းမှ ကြောက်မက်ဖွယ် ကောင်းသောစွမ်းအားတစ်ခု နိုးထလာသည်။
“မင်းတို့ကို နောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်။ ဖယ်ပေးကြ၊ မဟုတ်ရင်တော့...”
ဘုန်း...
သူ၏ ခြေလက်များနှင့် ရိုးတွင်းခြင်ဆီများအထိ နက်ရှိုင်းသော တုန်ခါမှုတစ်ခု ခုန်လှုပ်သွားသည်။
သူ၏ခန္ဓာကိုယ်မှ မိစ္ဆာအရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
ကြွက်သားများမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် စတင်ဖောင်းကားလာသည်။
အရေပြားအောက်ရှိ သွေးကြောကြီးများမှာ မြွေများကဲ့သို့ ဖုထွက်လာ၏။
ဂျွတ်... ဂျွတ်...
သူ၏ အရိုးများမှာ နေရာရွှေ့ကာ ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး သူ၏အရပ်မှာ တစ်ပေနီးပါး မြင့်တက်သွားကာ ယခင်က ထွားကျိုင်းသော ကိုယ်ထည်ကို ဟန်ချက်ညီ သွားစေသည်။
ကျယ်ပြန့်လာသော ကိုယ်လုံးကိုယ်ထည်ကြောင့် အပေါ်အင်္ကျီမှာ စုတ်ပြဲသွားပြီး သံမဏိကဲ့သို့ မာကျောသော ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာသည်။
သူ၏ နှလုံးသားမှ စတင်ကာ အနက်ရောင် မိစ္ဆာအမှတ်အသားများမှာ ရင်ဘတ်တစ်ပြင်လုံးသို့ ပျံ့နှံ့သွားပြီး လည်ပင်းမှတစ်ဆင့် မျက်နှာတစ်ဝက်အထိ တက်လာကာ တောက်ပနေသော ကြက်သွေးရောင် မျက်လုံးများနှင့် ပေါင်းစပ်သွားတော့သည်။
“သူ... သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူပဲ...”
“မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ... သူက တကယ်ပဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ပဲ...
သူတို့၏ စိတ်များမှာ ထိန်းချုပ်ခံထားရသော်လည်း တက်လှမ်းသူများမှာ အလန့်တကြား အော်ဟစ်မိကြသည်။
ချန်ဟွိုက်အန် ဘာမှ ပြန်မပြောပေ။ သူက အမဲလိုက်တော့မည့် ကျားသစ်တစ်ကောင်ကဲ့သို့ ဝပ်လိုက်သည်။
အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
နောက်တစ်စက္ကန့်တွင်...
ဘုန်း...
ကျောက်တုံးများနှင့် ဖုန်မှုန့်များ ပေါက်ကွဲထွက်သွား၏။
သူရပ်နေသော နေရာတွင် သုံးပေနက်သော ကျင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ချန်ဟွိုက်အန်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ဝေဝါးသွားကာ ရှေ့သို့ ဒုံးကျည်ကဲ့သို့ ပြေးထွက် သွားတော့သည်။
“သူ့ကို တားကြ...” တစ်စုံတစ်ယောက်က ပျာယာခတ်ကာ အော်ပြောလိုက်သည်။
အရပ်မျက်နှာအသီးသီးမှ လက်နက် ဒါဇင်ပေါင်းများစွာမှာ ချက်ကောင်းများကို ပစ်မှတ်ထားကာ ပျံသန်းလာကြသည်။
“ကောင်းကင်မိစ္ဆာကျင့်စဉ် ပထမအဆင့်၊ သွေးပိုးအိမ်...”
ချန်ဟွိုက်အန်က လှောင်ပြုံးပြုံးလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူ့ပတ်ပတ်လည်ရှိ မိစ္ဆာအရှိန်အဝါများမှာ ခိုင်မာလှသော ကြက်သွေးရောင် အကြေးခွံ ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွား၏။
ချလွမ်... ချလွမ်... ချွမ်...
သတ္တုချင်း ရိုက်ခတ်သံများမှာ မုန်တိုင်းတစ်ခုကဲ့သို့ ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာသည်။ မီးပွင့်များ နေရာအနှံ့ လွင့်စင်သွား၏။
ဓားများနှင့် လက်နက်များမှာ သူ၏ အရေပြားပေါ်သို့ ကျရောက်ပြီးနောက် သံမဏိခဲကြီးကို ရိုက်မိသကဲ့သို့ ပြန်ကန်ထွက်သွားကြသည်။ ခြစ်ရာတစ်ခုပင် မကျန်ခဲ့။
“အခုထိ မဖယ်ကြသေးဘူးလား...” ချန်ဟွိုက်အန်၏ အသံမှာ မိုးခြိမ်းသံလို ဟိန်းထွက်လာသည်။ “ဒါဆိုရင် သေလိုက်ကြတော့...”
သူက သူတို့အားလုံးကို သတ်ရန် အစီအစဉ်မရှိခဲ့ပေ။
သို့သော် အခြေအနေနှင့် သူ၏ ကန့်သတ်ထားသော အချိန်တို့အရ ရွေးချယ်စရာ မရှိတော့။
သူက ညာလက်မောင်းကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ရာ လေပြင်းများ ပေါက်ကွဲ ထွက်သွားသည်။
ဗြုန်း...
အနားရှိ တက်လှမ်းသူအချို့မှာ လွင့်စင်သွားကြသည်။
သူတို့၏ ကာကွယ်ရေး အရှိန်အဝါများမှာ ပျက်စီးသွားပြီး ရင်ဘတ်များမှာ ချိုင့်ဝင်သွားကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြ၏။
မျက်နှာသေဖြင့်ပင် ချန်ဟွိုက်အန်မှာ နောက်ထပ်ခြေတစ်လှမ်း တိုးလိုက်ပြန်သည်။
သူ့ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကွဲသွားပြီး ဂူကြမ်းပြင်တစ်လျှောက် ပင့်ကူအိမ်သဏ္ဌာန် ပျံ့နှံ့သွားသည်။
ဘေးပတ်လည်ရှိ တက်လှမ်းသူများမှာ တုန်ခါမှုကြောင့် ယိမ်းထိုးသွားကြ၏။
သူက လက်ချောင်းများကို ဖြန့်ကာ အနီးဆုံးတက်လှမ်းသူကို လှမ်းဖမ်းလိုက်သည်။
ထိုလူမှာ ဓားကိုမြှောက်ကာ ခုခံရန် ကြိုးစားသော်လည်း...
ချန်ဟွိုက်အန်၏ လက်ထဲတွင် ထိုလက်နက်မှာ ပဲပြားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပျက်စီး၍ သွားတော့သည်။
ဂျွတ်...
သူ၏လက်ချောင်းများမှာ ထိုတက်လှမ်းသူ၏ ဦးခေါင်းကို အုပ်မိုးလိုက်ပြီး လက်ဖဝါးမှ မိစ္ဆာစွမ်းအင်များက ထိုလူကို ဝါးမျိုလိုက်သည်။
ထိုလူမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားသော ရေမြှုပ် တစ်ခုကဲ့သို့ ရှုံ့ဝင်သွားကာ အရိုးခြောက်အလောင်းအဖြစ် လဲကျသွားတော့သည်။
သွေးပိုးအိမ်သည် မိစ္ဆာများနှင့် ကျိန်စာသင့်ဝိညာဉ်များကို သန့်စင်ပေးနိုင်သည်။
သို့သော် ၎င်းက မိစ္ဆာများနှင့် ကျိန်စာသင့်ဝိညာဉ်များ အပေါ်တွင်သာ အလုပ်လုပ်သည်ဟု မဆိုလိုပေ။
အကြောင်းမှာ ၎င်းသည် မူလကောင်းကင်မိစ္ဆာကျင့်စဉ်၏ အသွင်ကွဲတစ်ခု ဖြစ်နေ၍ပင်။
၎င်း၏ အနှစ်သာရမှာ အရာအားလုံးကို သန့်စင်ရန်ဖြစ်သည်။
သို့သော်လည်း ဖြောင့်မှန်သောလမ်းစဉ်ကျင့်ကြံသူများမှ ရရှိသော အပိုင်းအစများက သိပ်ပြီး အသုံးမဝင်ပေ။
“သူက သတ္တဝါကြီး... မိစ္ဆာကြီးပဲ...” တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ် လိုက်သည်။
“အားလုံး တိုက်ခိုက်ကြ... သူ့ကို အလဲထိုးကြ...”
လူအုပ်နောက်မှ အပြာရောင်ဝတ်ရုံနှင့်လူမှာ စိတ်လွတ်လုနီးပါး ဖြစ်နေသည်။
“မဖြစ်တော့ဘူး။” ချန်ဟွိုက်အန် တိုးတိုးလေး ရေရွတ်ရင်း လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
ဘုန်း...
လေထုမှာပင် ထိုဖိအားကြောင့် စူးရှစွာ အော်ဟစ်သွားသလို ခံစားရသည်။
သူက ခြေနှစ်ဖက်ဖြင့် မြေကြီးကိုကန်ကာ အမြောက်ဆန် တစ်ခုကဲ့သို့ ရှေ့သို့ ပစ်ထွက် သွားတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
လက်သီးတစ်ချက်ချင်းစီတိုင်းမှာ အရိုးကျိုးသံများနှင့်အတူ ကျရောက်သွား၏။
အသားချင်း ရိုက်ခတ်သံများ...
သွေးများ ပန်းထွက်သွား၏။
ခန္ဓာကိုယ်များမှာ ရုပ်သေးရုပ်များကဲ့သို့ လွင့်စင်သွားပြီး တစ်ခုပြီးတစ်ခု ပြန်ကျလာကြသည်။
သူ၏ လက်သီးချက်များမှာ မြန်ဆန်လာသည်။
တစ်စက္ကန့်ကို သုံးချက်မှ ဆယ်ချက်... ထို့နောက် အချက်တစ်ရာအထိ...
သူက ဂူအတွင်း၌ လူသားဖြိုဖျက်ရေးဘောလုံး တစ်ခုကဲ့သို့ အားလုံးကို ရှင်းလင်းသွားတော့သည်။
လီချင်းရန်က ပျက်စီးနေသော အခင်းအကျင်းပြားပေါ်တွင် ရပ်နေရင်း သူ၏ဆရာ ရန်သူများကို ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ တိုက်ထုတ်နေသည်ကို ကြည့်ကာ မှင်သက်နေမိသည်။
သူက လှည့်လိုက်ပြီး နောက်ဆုံးကျန်ရှိနေသော အပြာရောင်ဝတ်ရုံနှင့်လူ၏ ရင်ဘတ်ထဲသို့ သူ၏ လက်သည်းကဲ့သို့ လက်ချောင်းများကို ထိုးသွင်းလိုက်သည်။
သူတို့နောက်မှ ကျောက်တံတိုင်းပေါ်သို့ သွေးများမှာ ရေပန်းတစ်ခုလို ပန်းထွက်သွားတော့သည်။
ချန်ဟွိုက်အန်၏ လက်မောင်းတစ်လျှောက် သွေးများ စီးကျနေ၏။
သူက အသက်တစ်ချက်ရှူလိုက်ပြီး အလောင်းကို ဘေးသို့ အသာအယာ ပစ်ချလိုက်သည်။
တစ်မိနစ်မပြည့်မီ အချိန်အတွင်းမှာပင် ဂူအတွင်း၌ မည်သူမျှ မတ်တပ်မရပ်နိုင်တော့ချေ။
မြေပြင်ပေါ်တွင် ကြေမွနေသော အလောင်းများ ပြန့်ကျဲနေ၏။
အင်္ဂါအစိတ်အပိုင်းများနှင့် ပြတ်တောက်နေသော ခြေလက်များ နေရာအနှံ့ ရှိနေသည်။
ထူထဲလှသော သွေးနံ့များကြောင့် ဂူအတွင်းရှိ အလင်းရောင်မှာပင် ပို၍ မှောင်မည်းနေသလို ခံစားရသည်။
ချန်ဟွိုက်အန်က လက်မှ သွေးများကို ခါထုတ်လိုက်သည်။
သူ၏ အကြည့်မှာ အပြာရောင်ဝတ်ရုံနှင့်လူ၏ ခါးရှိ ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားသည်။ ထိုအပေါ်တွင် အဖြူရောင်ကျောက်စိမ်းနန်းတော်ပုံ ထွင်းထုထား၏။
သူ့မှတ်ဉာဏ်သာ မမှားလျှင် ထိုအရာမှာ ခွန်းလွန်အင်မော်တယ်နန်းတော်၏ အထောက်အထား တံဆိပ်ပြားပင်။
“ဆ... ဆရာ…”
လီချင်းရန်က ချန်ဟွိုက်အန်၏ ကြောက်မက်ဖွယ်ကောင်းသော်လည်း စွမ်းအားကြီးလှသော ခန္ဓာကိုယ်ကြီးကို ကြည့်နေမိသည်။
သူ၏ မျက်လုံးများမှာ ဝိုင်းစက်နေပြီး နှုတ်ခမ်းလေးမှာလည်း အဟောင်းသား ဖြစ်နေသည်။
သူက ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်မိပြီး စကားပြောရာတွင်ပင် ထစ်ငေါ့နေ၏။
“တောင်းပန်ပါတယ်။ တပည့်... လောကထဲမှာ တစ်ခါတလေကျရင် ငါတို့မှာ ရွေးချယ်စရာ မရှိဘူးလေ။”
ကောင်းကင်မိစ္ဆာကျင့်စဉ်ကြောင့် လီချင်းရန် ထိတ်လန့်သွားမှန်း ချန်ဟွိုက်အန် သိသည်။
သို့သော် ထိုကျင့်စဉ်ကို သုံးကတည်းက ၎င်းကို သူ ထည့်တွက်ထားပြီးသားပင်။
ထို့ကြောင့် သူက လက်တစ်ဖက်ကို နဖူးပေါ်တင်ကာ မျက်နှာတစ်ဝက်ကို ဖုံးအုပ်လိုက်ပြီး...
ထရပ်တာဒါဇင်ပေါင်းများစွာ ကြားထဲ ညပ်နေသလို နိမ့်ဆင်းပြီး အက်ကွဲနေသော အသံကြီးဖြင့် ရှင်းပြလိုက်သည်။
“အဟမ်း... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဖိနှိပ်ခံထားရတော့... ဒီလောကမှာ ရှင်သန်ဖို့အတွက် ခန္ဓာကိုယ်ကျင့်စဉ်ကိုပဲ အားကိုးခဲ့ရတယ်။ အဲဒါကြောင့်...”
“အဲ... အဲဒါကို ပြောတာ မဟုတ်ပါဘူး…” လီချင်းရန်က လက်တစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ထားသော်လည်း...
လက်ချောင်းများကြားမှ ဟာနေသော နေရာလေး ရှိနေဆဲပင်။
သူ၏ အခြားလက်တစ်ဖက်မှာ ချန်ဟွိုက်အန်ကို ဝေဝါးစွာ ညွှန်ပြရင်း ဟိုဟိုဒီဒီ ယမ်းနေသည်။
သူ၏ အသံမှာ ရှက်ရွံ့မှုနှင့် သိချင်စိတ်တို့ ရောယှက်ကာ တုန်ရီနေ၏။
“ဆရာ... ဆရာ့ရဲ့ ဘောင်းဘီ...ဘောင်းဘီက...”
...