← Chapters

ဂိုဏ်းဆင့်ခေါ်မိန့်

Vol. 29 Ch. 285

ဂိုဏ်းဆင့်ခေါ်မိန့်

Vol. 29 Ch. 285

“ငါ့ဘောင်းဘီ ဘာဖြစ်လို့လဲ။ ဒီဘောင်းဘီတိုက လမ်းဘေးဈေးက ဝယ်ထားတာ။ တစ်ထည်မှ ၁၀ယွမ်ထဲ ပေးရတာ။ သက်တောင့်သက်သာရှိလွန်းလို့ ဝတ်ထားမှန်းတောင် မသိ...”

နေပါဦး...

ချန်ဟွိုက်အန် တစ်ခုခုကို သတိပြုမိသွားသည်။

သူ အောက်ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာအိုကြီးမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

သူ၏ ကောင်းကင်မိစ္ဆာကျင့်စဉ် အသွင်ပြောင်းမှုက သူ့ခန္ဓာကိုယ်ကို ထွားကျိုင်းသွားစေသဖြင့် ဘောင်းဘီမှာ တင်းအားမခံနိုင်ဘဲ ပြဲသွားခြင်းပင်။

ယခုက သူ၏နျူကလီးယားအဆင့် လျို့ဝှက်ချက်များကို ထုတ်ပြရမည့်အချိန် မဟုတ်သေးပေ။

သူက ဟင်းလင်းပြင်သိုလှောင်ကိရိယာထဲမှ ဘောင်းဘီအသစ်တစ်ထည်ကို အမြန်ထုတ်ကာ ကမန်းကတန်း လဲဝတ်လိုက်သည်။

“တပည့်... ခုနက မင်း ဘာမှ မမြင်လိုက်ဘူး မဟုတ်လား။” သူက အရှက်မရှိဘဲ အတင်းအကျပ် မေးလိုက်သည်။

ချန်ဟွိုက်အန်၏ ဘဝလက်စွဲ စကားတစ်ခုရှိသည်။ အလွန်အမင်း အိုးတိုးအန်းတန်းနိုင်သော အခြေအနေမျိုးတွင် သူကိုယ်တိုင်သာ အရှက်မရှိလျှင် ရှက်ရမည့်သူမှာ တစ်ဖက်လူသာ ဖြစ်သည်။

“တပည့်... အကုန်မြင်လိုက်ပါတယ် ဆရာ။”

လီချင်းရန်က အကြည့်လွှဲလိုက်ပြီး နီရဲနေသော နှုတ်ခမ်းလေးကို ကိုက်ထားရှာသည်။

ချန်ဟွိုက်အန် - “…”

တကယ်ကြီးလား။ ဘာလို့ ဘာတစ်ခုမှ ဇာတ်ညွှန်းအတိုင်း ဖြစ်မလာတာလဲ။

ယခုတော့ သူကိုယ်တိုင် ရှက်နေရလေပြီ။

ဂူအတွင်း၌ ပြန်လည်တိတ်ဆိတ်သွား၏။

ချန်ဟွိုက်အန်မှာ မည်သို့ ပြန်ပြောရမည်ကို မသိဘဲ ချွေးပြန်နေစဉ် အပြင်ဘက်မှ ဒေါသတကြီး ဟိန်းဟောက်သံကြီးက သူ့ကို ကယ်တင်လိုက်သည်။

“ဘယ်သူက ငါတို့ရဲ့ မြေပြင်(၁၂)ဖြာ နဂါးချုပ်ရွှေသံကြိုးအခင်းအကျင်းကို ဖျက်ဆီးရဲတာလဲ။...”

“အဲဒါ ဘာနာမည်ကြီးလဲ။” ချန်ဟွိုက်အန် ကြောင်သွား၏။

ဒီလောက်တောင် ရိုးရှင်းပြီး ဗြောင်ကျလှချည်လား။

ငါက အခြေအနေကြည့်ပြီး နာမည်တစ်ခု လွှတ်ခနဲ ပေးလိုက်တာကို တကယ်ကြီး မှန်နေမယ်လို့ မထင်ထားဘူး။

သို့သော် သူ နောက်ထပ် ဘာမှ မလုပ်ရသေးခင်မှာပင် တိုက်ခိုက်မှုတစ်ခု ကျရောက်လာ၏။

ဘုန်း...

ပေါက်ကွဲမှုက ဂူတစ်ခုလုံးကို တစ်ချက်တည်းနှင့် အစအနမကျန်အောင် ဖြိုခွဲလိုက်သည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ...

ချန်ဟွိုက်အန်ရှေ့တွင် ကာကွယ်ရပ်တည်နေသော လီချင်းရန်ကို မြင်လိုက်ရသည်။

စုရွှမ်ဓားကို လက်တစ်ဖက်ဖြင့် ကန့်လန့်ဖြတ် ကိုင်ထားပြီး ရှေ့တစ်ပေအကွာ လည်ပတ်နေသော ဓားအရှိန်အဝါ အကာအကွယ်တစ်ခုကို ဖန်တီးကာ ပေါက်ကွဲမှုဒဏ်ကို ခုခံထားခြင်းပင်။

“တောက်... ဒီအဘိုးကြီးကတော့ အသေသတ်ဖို့ ကြိုးစားနေတာပဲ။”

ချန်ဟွိုက်အန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

ဂူထဲမှ တက်လှမ်းသူများ၏ အလောင်းများကတော့ အမှုန့်ဖြစ်ကုန်လေပြီ။

အဆိုးဆုံးက ထိုအဘိုးကြီးသည် သူတို့ သေနေပြီ ဖြစ်ကြောင်းကိုပင် မသိပေ။

သူက ဂူထဲရှိ မည်သူ့ကိုမှ အရှင်ထားရန် အစကတည်းက အစီအစဉ်မရှိသည်မှာ ထင်ရှားသည်။

“အခင်းအကျင်းကို ဖျက်ဆီးတဲ့ သူခိုးလေး။ မင်းကို သတ်နိုင်ဖို့ဆို သူတို့သေရတာ တန်ပါတယ်...”

အကြီးအကဲ အဘိုးကြီးက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ကို ထပ်မံ တိုက်ခိုက်ပြန်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ပိုမြင့်သော်လည်း သူ အားကုန်သုံးထားသော လက်ဝါးရိုက်ချက်မှာ လီချင်းရန်၏ ဓားအရှိန်အဝါကြားတွင် အလွယ်တကူပင် တားဆီးခံလိုက်ရသည်။

“ဟမ်...” အဘိုးကြီး၏ မျက်ခုံးများ အံ့ဩတကြီး တွန့်ချိုးသွားသည်။

ဒီကောင်မလေးရဲ့ ယန်ဝိညာဉ်က ရွှေရောင်အနှစ်သာရအဆင့်ထဲ မကြာခင်ကမှ ဝင်ထားတာကို ငါ အာရုံခံမိတယ်။

အဲဒါကို သူက ငါ့တိုက်ကွက်ကို ဒီလောက်လွယ်လွယ်ကူကူ တားနိုင်တာလား။

ဒါဆိုရင်တော့…

“မင်းတို့ထဲက ခြောက်ယောက်က အခင်းအကျင်းကို ထိန်းထားကြ... ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့။ ဒီနှစ်ယောက်ကို အရင်သတ်မယ်...”

သူ့အမိန့်အရ နောက်ထပ် ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ ငါးယောက်မှာ သံကြိုးများကို လွှတ်ချကာ အဘိုးကြီးနှင့်အတူ ဝိုင်းလာကြသည်။

ကျင့်ကြံသူ ခြောက်ယောက်၏ ဖိအားများ ကျရောက်လာသောအခါ လီချင်းရန်၏ မျက်နှာမှာ တည်ကြည်သွားသည်။ သူသည် စုရွှမ်ဓားရိုးကို တင်းတင်းဆုပ်ကာ ချန်ဟွိုက်အန်ဘက်သို့ လှည့်ကြည့်လိုက်သည် -

“ဆရာ... ဆရာ လုပ်စရာရှိတာ သွားလုပ်ပါ။ ကျွန်မ ဒီခြောက်ယောက်ကို တားထားပေးမယ်...”

ချန်ဟွိုက်အန် ဘာလုပ်ဖို့ ကြိုးစားနေမှန်း သူ မသိပေ။

ချန်ဟွိုက်အန်တွင် မည်သည်ကြောင့် မိစ္ဆာကျင့်စဉ်များ ရှိနေကြောင်းကိုလည်း ဂရုမစိုက်ပေ။

သူက မိမိ၏ဆရာ ဖြစ်ကြောင်းကိုသာ သူ သိသည်။

ဆရာ့အရှိန်အဝါကို သူ ဘယ်တော့မှ မှားလိမ့်မည် မဟုတ်ပေ။

သူသာဖြစ်နေလျှင် လုံလောက်လေပြီ။

ကျန်သောအရာများကို ဂရုစိုက်နေရန် မလိုတော့။

ရွှေရောင်အနှစ်သာရ ခြောက်ယောက်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရန် အခွင့်အရေး မရှိကြောင်း သိနေသည့်တိုင်။

“မင်းကို အန္တရာယ်ကြားမှာ တစ်ယောက်တည်း ဘယ်ထားခဲ့ပါ့မလဲ။” ချန်ဟွိုက်အန် ခေါင်းခါပြီး သူ၏ဖုန်းကို အသာအယာ ထုတ်လိုက်သည်။ ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်ကာ ပစ္စည်းစာရင်း အထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။

အမှန်တိုင်းပြောရလျှင်...

ဤကမ္ဘာတွင် အခြေခံအုတ်မြစ်အဆင့်နှင့် ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ ထိုမျှလောက် အများအပြား တွေ့ရသညကို သူ အမှန်တကယ် အံ့ဩသွားမိသည်။

သူသာ သာမန် မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးဆိုလျှင် တက်လှမ်းသူများနှင့် သူ့ကြားမှ အစွမ်းကွာခြားချက်ကို မြင်သည်နှင့် စိတ်ဓာတ်များ ပြိုလဲနေလောက်ပြီ။

သို့သော် သူတို့ ကံဆိုးသည်က ချန်ဟွိုက်အန်မှာ သာမန်လူ မဟုတ်ခြင်းပင်။

သူက လမ်းလျှောက်နေသော Cheat Code ကြီးပင်။

“တိုက်ကြ...” ကောင်းကင်ယံမှ အဘိုးကြီး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ရွှေရောင်အနှစ်သာရ ကျင့်ကြံသူ ခြောက်ယောက်လုံးက လီချင်းရန်ထံသို့ သူတို့၏ အတတ်များကို အသီးသီး ထုတ်လွှတ်လိုက်ကြသည်။ လှိုင်းထန်နေသော စိတ်ဝိညာဉ်ချီစွမ်းအင်များကြောင့် လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး တိုက်ကွက်များ မကျရောက်မီမှာပင် ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်တုံးများမှာ ဆယ်ပေခန့်အထိ လွင့်ထွက်သွားကြသည်။

“ဆရာ... သွားတော့...”

လီချင်းရန်က အရေးတကြီး လှည့်အော်လိုက်၏။

သို့သော် ချန်ဟွိုက်အန်မှာ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ကာ ရှေ့သို့ တိုးထွက် လာသည်ကို မြင်လိုက်ရ၏။

ထိုကျောက်စိမ်းပြား၏ အရှေ့ဘက်တွင် “ဓား”ဟူသော စာလုံးကို ထင်ရှားစွာ ထွင်းထုထားသည်။

အနောက်ဘက်တွင်မူ ဓားကျောင်းတော်၏ တောင်တံခါးပုံသဏ္ဌာန် ပါရှိသည်။

တံခါးအောက်တွင် ရွှေရောင်စာလုံးဖြင့် တစ်လုံးတည်း ရေးထားသည်မှာ “ဆင့်ခေါ်ခြင်း”ပင်။

ဒါက ဓားကျောင်းတော်ရဲ့ ဂိုဏ်းဆင့်ခေါ်မိန့်လား။

လီချင်းရန် မျက်တောင်ခတ်မိသွားသည်။ ဒါပေမဲ့ တစ်ခုခု ထူးဆန်းနေသလိုပဲ…

“ငါက… ဓားကျောင်းတော်ရဲ့ ဘိုးဘေးပဲ။” ချန်ဟွိုက်အန်က သူ၏ ရှေ့သို့ တက်ရပ်လိုက်ကာ ကျရောက်လာသော တိုက်ကွက်လှိုင်းလုံးကြီးကို ရင်ဆိုင်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ဓားအလင်းတန်းများ တောက်ပနေ၏။

သူ့လက်ထဲမှ ကျောက်စိမ်းပြားကလည်း တုံ့ပြန်သည့်အနေဖြင့် လင်းထိန်လာသည်။

သူက ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကာ ဟိန်းဟောက်လိုက်သည်။

“ဒီနေ့ ငါဘိုးဘေးရဲ့ အမိန့်တော်ကို သုံးမယ်။ ဓားကျောင်းတော်တပည့်တွေ၊ မင်းတို့ဆရာရဲ့ ဆင့်ခေါ်မှုကို ထူးကြစမ်း...”

ရွှမ်း...

ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး နေရာမှာတင် ခဲသွားသကဲ့သို့ ဖြစ်သွားသည်။

ရွှေရောင်အနှစ်သာရ ခြောက်ယောက်၏ မျက်နှာများ ချက်ချင်း ပျက်သွားကြ၏။

အခြေခံအုတ်မြစ်အဆင့်ပင် မရှိသေးသော ထိုလူငယ်လေး၏ နောက်ကွယ်တွင် ခံ့ညားပြီး ထည်ဝါလှသော ဂိုဏ်းတော်ကြီးတစ်ခု၏ ပုံရိပ်ယောင်ကို သူတို့ မြင်လိုက်ရသည်။ မြင့်မားလှသော တောင်ထိပ်များ၊ ရှေးဟောင်းကျောင်းဆောင်တွေက ဟောင်းနွမ်းနေသော်လည်း ကောင်းကင်ကို ထိုးဖောက်မည့် ဓားအသိများ ထွက်ပေါ်နေသည်။

ထိုပုံရိပ်ယောင် ပေါ်ထွက်လာသည်နှင့်...

သူတို့ ထုတ်လွှတ်လိုက်သော တိုက်ကွက်များမှာ တစ်လက်မချင်းစီ အက်ကွဲပျက်စီး သွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ ကမ္ဘာငယ်လေးတစ်ခု အတွင်းရှိ...

ဓားသင်္ချိုင်းထဲတွင် အမှားများအတွက် နောင်တရကာ တရားထိုင်နေသော ဓားကျောင်းတော်၏ တိုက်ရိုက်တပည့် သုံးဦးမှာ ဆွဲငင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ဓားအရှိန်အဝါ သုံးခုမှာ သူတို့ အရှေ့ရှိ ဟင်းလင်းပြင်ကို ခွဲပစ်လိုက်၏။

တွမ်ဖုန်း မတ်တပ်ရပ်လိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် ဟင်းလင်းပြင်အက်ကြောင်းဆီသို့ ဦးညွှတ်လိုက်သည်။

“ဓားကျောင်းတော်တပည့် တွမ်ဖုန်း၊ ဆင့်ခေါ်မှုကို ထူးပါတယ်...”

စကားဆုံးသည်နှင့် သူ ပျောက်ကွယ်သွားတော့သည်။

ရှုအန်နှင့် ကျန့်ဟယ်တို့လည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။

သူတို့လည်း အက်ကြောင်းဆီသို့ ရိုသေစွာ လက်ယှက်ကာ နှုတ်ဆက်လိုက်ကြ၏။

“ဓားကျောင်းတော်တပည့် ရှုအန်၊ ဆင့်ခေါ်မှုကို ထူးပါတယ်...”

“ဓားကျောင်းတော်တပည့် ကျန့်ဟယ်၊ ဆင့်ခေါ်မှုကို ထူးပါတယ်...”

ရှူး... ရွှီး...

ဟင်းလင်းပြင်အတွင်း လှိုင်းတွန့်များ ဖြစ်ပေါ်သွားပြီး တပည့်နှစ်ဦးလုံး ပျောက်ကွယ် သွားကြသည်။

ဓားကျောင်းတော်၏ နက်ရှိုင်းသောနေရာ၊ ဂိုဏ်းချုပ်ဆောင်အတွင်း၌...

စုချီနျန် ရုတ်တရက် မျက်လုံးဖွင့်ကာ ဓားသင်္ချိုင်းဘက်သို့ လှမ်းကြည့်လိုက်သည်။

သူက နှုတ်ခမ်းတစ်ချက်သပ်ကာ ကျင့်ကြံခြင်း ပြန်လည်စတင်ရန် မျက်လုံးကို ပြန်မှိတ်လိုက်၏။

ထိုတိုက်ရိုက်တပည့် သုံးဦးမှာ ဂိုဏ်း၏ မျိုးဆက်သစ်များထဲတွင် အင်အားအကောင်းဆုံးသူများ ဖြစ်ကြသည်။

တစ်ယောက်ချင်းစီမှာ ရွှေရောင်အနှစ်သာရအဆင့် အစွမ်းများ ရှိကြသည်။

...

ချန်ဟွိုက်အန်က ဆင့်ခေါ်မိန့်ကို တင်းတင်းဆုပ်ထား၏။

သူ့ဘေးတွင် လူရိပ်သုံးခု စတင်ပေါ်ထွက်လာပြီ ဖြစ်သည်။

ပိုပြီး အစွမ်းထက်သော အကြီးအကဲများ သို့မဟုတ် ဂိုဏ်းချုပ်ကို မဆင့်ခေါ်ချင်၍ မဟုတ်ပေ။

သူ၏ လက်ရှိအဆင့်နှင့်ဆို စုချီနျန်ကို ဆင့်ခေါ်လျှင် တစ်မိနစ်သာ ခံပေလိမ့်မည်။

တစ်မိနစ်အတွင်း သူ ဘာများ လုပ်နိုင်မည်နည်း။

သို့သော် တိုက်ရိုက်တပည့် သုံးယောက်ကို ဆင့်ခေါ်ခြင်းက နာရီဝက်တိတိ ခံသည်။

ထို့ပြင် သူ မြင်ခဲ့ရသလောက် ဤကမ္ဘာက တက်လှမ်းသူများတွင် ချင်းယွန်ဘုံက ကျင့်ကြံသူများလို ခိုင်မာသော အခြေခံနှင့် လျို့ဝှက်ကျင့်စဉ်များ မရှိကြပေ။

ဟိုရွှေရောင်အနှစ်သာရ အဘိုးကြီးတောင် လီချင်းရန်ကို အားကုန်သုံးပြီး မနှိမ်နင်းနိုင်ဘူးလေ။

ဒါကို ကြည့်ရင် ဓားကျောင်းတော်ရဲ့ တိုက်ရိုက်တပည့် သုံးယောက်ဆို ဟိုရွှေရောင်အနှစ်သာရ ၁၂ယောက်ကို ကိုင်တွယ်ဖို့ လုံလောက်တာထက်တောင် ပိုနေပြီ။

တကယ်လို့ မလုံလောက်ရင်လည်း နောက်ထပ် အချိန်တွေ အကုန်ခံပြီး စစ်ကူထပ်ခေါ်ရုံပေါ့။

“တပည့်တွမ်ဖုန်း ဘိုးဘေးကို ဂါရဝပြုပါတယ်။”

အရင်ဆုံး ရောက်လာသည့် တွမ်ဖုန်းက ချန်ဟွိုက်အန်ကို မြင်ရာ မျက်တောင်ခတ်မိသွားသည်။

သူ့မျက်လုံးကိုပင် သူ မယုံနိုင် ဖြစ်သွား၏။

ဘေးမှ လီချင်းရန်ကို မြင်ပြီးမှသာ ၎င်းမှာ အမှန်တကယ်ပင် ဘိုးဘေးဖြစ်ကြောင်း သေချာ သွားတော့သည်။

“တပည့် ရှုအန်က... အဲ... ဘိုးဘေး၊ ဆံပင်ပုံစံ ပြောင်းလိုက်တာလား။”

“တပည့် ကျန့်ဟယ်က... အဲ... ဟားဟားဟား... အဲ... ဘိုးဘေးကို ဂါရဝပြုပါတယ်။”

ချန်ဟွိုက်အန်၏မျက်နှာ မည်းမှောင်သွား၏။

တွမ်ဖုန်းကလွဲရင် ဒီနှစ်ယောက်ကတော့ ဓားသင်္ချိုင်းမှာ နံရံကပ်ပြီး နောက်ထပ်တစ်နှစ်လောက် တရားထိုင်ဖို့ လိုနေပြီ။

ဒါက နောက်ရမယ့် အချိန်လား...

နည်းနည်းလောက် လေးစားမှု ရှိစမ်းပါ...

အထူးသဖြင့် ဘိုးဘေးနဲ့ တွေ့နေတဲ့ အချိန်မှာပေါ့။

“ဆံပင်က ဒီကောင်တွေကြောင့် ဖြစ်ရတာ။ သူတို့ကို မင်းတို့ပဲ ကိုင်တွယ်လိုက်တော့။” ချန်ဟွိုက်အန်က အေးစက်သော အသံဖြင့် အပြစ်ပုံချလိုက်သည်။ “လီချင်းရန်ကို ကာကွယ်။ ပြီးတော့ ဟိုရွှေရောင်အနှစ်သာရအဆင့် ၁၂ယောက်ကို တားထား။ မင်းတို့ လုပ်နိုင်မလား။”

တွမ်ဖုန်း ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။

သူတို့က ရွှေရောင်အနှစ်သာရအဆင့်များ ဖြစ်သော်လည်း သူတို့ဆီမှ ထွက်နေသော အရှိန်အဝါက ပျော့ဖတ်နေပြီး မတည်ငြိမ်ပေ။ နာမည်မရှိသော ဂိုဏ်းငယ်လေးများက ဆေးလုံးများစားပြီး အဆင့်တက်ထားသူများ ဖြစ်နိုင်လောက်သည်။

သူ တစ်ယောက်တည်းနှင့် ငါးယောက်လောက်ကို ပြဿနာမရှိ ကိုင်တွယ်နိုင်၏။

သူက ချန်ဟွိုက်အန်ကို လှည့်ကြည့်ကာ လက်ယှက်လိုက်သည်။

“စိတ်ချပါ ဘိုးဘေး။ ကျွန်တော်တို့ သုံးယောက် ရှိနေသရွေ့ ဘယ်သူမှ ကျွန်တော်တို့ ဂျူနီယာ ညီမလေးရဲ့ ဆံပင်တစ်မျှင်ကိုတောင် ထိခွင့်ရမှာ မဟုတ်ဘူး။”

...

All Chapters