← Chapters

မြွေနဂါး

Vol. 29 Ch. 286

မြွေနဂါး

Vol. 29 Ch. 286

“မင်းတို့ သုံးယောက်လုံးကို ငါ အပြည့်အဝ ယုံကြည်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြဦး။ ပြီးတော့ နောက်တစ်ခုက…”

ချန်ဟွိုက်အန်က ဂူတစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။ “ငါ့ကို ကူညီပြီး အခင်းအကျင်း အချက်အချာနေရာ အားလုံးကို ဖျက်ဆီးပေး။ ဖြစ်နိုင်ရင် မလိုအပ်ဘဲ အသက် မသတ်ကြနဲ့။ ဒါပေမဲ့ မင်းတို့ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ လာတိုက်ရင်တော့ လုံးဝ ညှာမနေနဲ့။”

“ကျွန်တော်တို့တာဝန်သာ ထားလိုက်ပါ ဘိုးဘေး။” တွမ်ဖုန်းက သူ၏ ဓားရိုးကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ သူ၏ အကြည့်မှာ ဓားသွားကဲ့သို့ ထက်ရှနေ၏။ “ဂျူနီယာညီလေးကျန့်ရဲ့ ဓားက စွမ်းအားကြီးမားတဲ့နေရာမှာ နာမည်ကြီးတယ်။ ဂျူနီယာညီလေးရှုရဲ့ ဓားကတော့ အရှိန်အဟုန် အားကောင်းတဲ့နေရာ ကျော်ကြားတယ်။ ကျွန်တော့်ရဲ့ ဓားကတော့… အမြန်နှုန်းမှာ အနှိုင်းမဲ့ပဲ။”

သူ စကားပြောအပြီးမှာပင်...

ချလွမ်...

ဓားဟိန်းသံတစ်ခု ပဲ့တင်ထပ်သွားသည်။ တွမ်ဖုန်း၏ ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့တော့၏။

ချန်ဟွိုက်အန် မော့ကြည့်လိုက်ရာ မှောင်ရီပျိုးစ ကောင်းကင်ယံတွင် ဓားအလင်းတန်းတစ်ခု ဝေါခနဲ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

ဓားချက်တစ်ချက်က ကောင်းကင်ယံရှိ ရွှေရောင်အနှစ်သာရအဆင့် ၁၂ယောက်ထံသို့ ဝှေ့ယမ်းသွားသည်။

အခြားတစ်ချက်မှာမူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အခင်းအကျင်း အချက်အချာ နေရာရှိသည့် ဂူတစ်ခုဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်သွား၏။

ရွှေရောင်အနှစ်သာရ ကျင့်ကြံသူများထံ ဦးတည်သွားသည်မှာ ဓားချီပင် ဖြစ်သည်။

ပထမဆုံး သုံးယောက်မှာ ချက်ချင်းပင် နောက်သို့ ဆုတ်သွားရပြီး သူတို့တွင် ရှိသမျှ အစွမ်းကုန်သုံး၍ ခုခံလိုက်ရသည်။

ထိုအခိုက်အတန့်မှာပင် ဓားချီကြောင့် သူတို့၏ ဝိုင်းရံပိတ်ဆို့မှုကြားတွင် ဟာကွက်တစ်ခု ဖြစ်ပေါ်သွားတော့သည်။

၎င်းမှာ အခွင့်အရေးဖြစ်ကြောင်း ချန်ဟွိုက်အန် သိလိုက်သည်။

သူက ရေကန်ဆီသို့ အပြေးသွားကာ ဝုန်းခနဲ ရေထဲသို့ ခုန်ချလိုက်တော့သည်။

ကောင်းကင်ယံရှိ ရွှေရောင်အနှစ်သာရအဆင့် ၁၂ယောက်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

“သူ ထွက်ပြေးဖို့ ကြိုးစားတာလား...”

“ပြေးပြေး မပြေးပြေး ဘာဂရုစိုက်စရာလိုလဲ... ငါတို့ရှေ့က ကောင်တွေကိုပဲ အာရုံစိုက်...”

ရွှေရောင်အနှစ်သာရအဆင့် အကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ရှုအန်နှင့် ကျန့်ဟယ် တို့ဘက်သို့ လှည့်လိုက်သည်။

သူတို့နှစ်ဦးလုံးကလည်း ရွှေရောင်အနှစ်သာရအဆင့်များ ဖြစ်နေသော်လည်း သူတို့ကိုယ်ပေါ်မှ ထွက်နေသော ဓားအသိများကြောင့် အဘိုးကြီးမှာ ကြက်သီးများပင် ထသွားရသည်။

ထို့အပြင် ကျန်သော အခင်းအကျင်း ဂူ ၁၁ခုကို ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှင့် ဖျက်ဆီးနေသော ဓားအလင်းတန်းအကြောင်းကို ပြောနေစရာပင် မလိုတော့။

အကယ်၍ သူတို့သာ ထိုအမည်မသိ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ လေးယောက်ကို အမြန် မနှိမ်နင်းနိုင်လျှင်...

ထို“အရှင်သခင်များ” ပေးထားသော တာဝန်ကို အောင်မြင်ရန်မှာ ဝေလာဝေးပင်။

သူတို့အားလုံး အသက်ပျောက်ကြရပေလိမ့်မည်။

...

ထိုအချိန်တွင် ထိုက်ရှန်းတောင်ထိပ်၊ ကျောက်ကမ်းပါးယံတွင်...

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မြေပြင်အထိ ရှည်လျားသော မုတ်ဆိတ်နှင့် တာအိုကျင့်ကြံသူ အဘိုးကြီးတစ်ဦးမှာ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ၏အကြည့်မှာ လင်းယုန်ကဲ့သို့ ထက်ရှလှပြီး တောင်တန်းများကို ဖြတ်ကျော်ကာ ရေကန်ပေါ် ဖြစ်ပွားနေသော တိုက်ပွဲကို မြင်နေရ၏။

“နောက်ဆုံးတော့… နဂါးဝိညာဉ်ရဲ့ ရွေးချယ်ခံရသူ ရောက်လာပြီပေါ့…”

သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း သူ၏ အသံထဲတွင် အေးစက်သော လှောင်ပြုံး တစ်ခု ပါဝင်နေသည်။

ဒီနေ့ရဲ့ အစီအစဉ်က မြွေနဂါးကို ထောင်ချောက်ဆင်မယ်။ သူ့ရဲ့ အကြောတွေကို ထုတ်မယ်၊ ဝိညာဉ်ကို ခိုးယူမယ်။

သားရဲဖမ်းပြိုင်ပွဲ ဆိုတာလား။ အများအမြင်မှာ ဟန်ပြထားတဲ့ မျက်နှာစာ တစ်ခုသက်သက်ပဲ။

ဆုလာဘ်တွေ ဆိုတာကလည်း လူတွေကို ဆွဲဆောင်ဖို့အတွက် သုံးထားတဲ့ ငါးစာတွေပေါ့။

စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထမှုက မကြာခင် အလယ်အလတ်အဆင့်ကို ရောက်တော့မယ်။

နဂါးဝိညာဉ် ပိုင်ဆိုင်ထားတဲ့သူပဲ လာမယ့်ခေတ်သစ်မှာ ကံကြမ္မာနဲ့ ကံတရားကို ထိန်းချုပ်နိုင်မှာ။

“အဘိုးကြီးချင်းဖုန်း... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဝါကိုတွေ မင်းရဲ့ ချင်းဖုန်းဂိုဏ်းကို ကျူးကျော်တုန်းက ငါ့ရဲ့လက်ဝါးချက်ကြောင့်သာ သူတို့တစ်ဖွဲ့လုံး ပြာဖြစ်သွားပြီး မင်းတို့ဂိုဏ်း ပျက်စီးမယ့်ဘေးက လွတ်ခဲ့တာ။ အခု အဲဒီကျေးဇူး ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား။”

ကောင်းကင်တစ်ခွင်မှာ အသံတစ်ခု ပဲ့တင်ထပ်လာ၏။

မှောင်မှိုင်းနေသော တိမ်တိုက်များကြားတွင် ဝိုးတဝါး ပုံရိပ်အချို့ကို မြင်လိုက်သည်။

“ဝူတန်ဂိုဏ်းက ကျိုးရန်ချွမ်းလား။” စုန့်ချင်းဖုန်းက ပြုံးလိုက်သည်။

“မင်းသာ အဲဒီတုန်းက စုတ်ပြတ်သတ်နေတဲ့ တောင်ဖြိုလက်ဝါးကို မသုံးခဲ့ရင် အဲဒီ သရဲတစ္ဆေတွေကို ငါကိုယ်တိုင် သတ်ပြီးသား ဖြစ်နေမှာ။ အဲဒါကို ကျေးဇူးလို့ ခေါ်တာလား။ အနှောင့်အယှက်လို့ ခေါ်တာ ပိုမှန်လိမ့်မယ်...”

သူ မတ်တပ်ရပ်လိုက်သည်။ ဘာလှုပ်ရှားမှုမှ မတွေ့ရသော်လည်း...

ခြေတစ်လှမ်း အသာအယာ လှမ်းလိုက်ရုံဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပေ(၁၀၀)ကျော်အကွာသို့ ချက်ချင်း ရောက်သွားတော့သည်။

“ဒီနေ့ နဂါးဝိညာဉ်ကို ဘယ်သူပဲ လိုချင်လိုချင် လက်သီးနဲ့ပဲ ဖြေရှင်းကြတာပေါ့။ ပိုသန်မှာတဲ့သူ ရလိမ့်မယ်။”

...

ရေအောက်တွင်...

ချန်ဟွိုက်အန်က ရွှံ့နွံထဲ လဲလျောင်းနေသော ဧရာမ သတ္တဝါကြီး၏ ဦးခေါင်းရှေ့တွင် ရပ်နေရင်း စကားမပြောနိုင်လောက်အောင် မှင်သက်နေမိသည်။

သူ နဂါးကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

နဂါးဆွဲသော ရထားလုံးကိုပင် သူ စီးဖူးသေးသည်။ ထိုအရာက သူ၏ ဂိမ်းသိုလှောင်ခန်းထဲ ရှိနေတုန်းပင်။

သူ့မှာ ထိုနဂါးနက်ကြီးများကို ထိန်းချုပ်နိုင်သော အစွမ်းသာ ရှိခဲ့လျှင် ယခုအပြင်ကမ္ဘာတွင် အပျော်သဘောနှင့် မြင့်မြတ်သောရထားလုံးကို ဆင့်ခေါ်ပြလိုက်မည်မှာ သေချာသည်။

သို့သော် ထိုနဂါးနက်များ အားလုံး ပေါင်းလိုက်သည့်တိုင် ထိုမြွေနဂါးကြီး၏ အရွယ်အစားကို မမီနိုင်ပေ။

ခွေထားသည့်တိုင် ၎င်း၏ ခန္ဓာကိုယ်က ပေရာနှင့်ချီ ရှည်လျားနေသည်။

အကယ်၍သာ ကိုယ်ကိုအပြည့်ဆန့်ပြီး ကောင်းကင်မှာ ပျံသန်းမည်ဆိုလျှင်… မည်မျှလောက် ခံ့ညားထည်ဝါလိုက်မည်နည်း။

သို့သော် ထိုကဲ့သို့ စွမ်းအားကြီးသော သတ္တဝါကြီးက… အခုတော့ အသက်ငင်နေရှာလေပြီ။

သူ နဂါးဦးခေါင်းနားတွင် ရပ်နေစဉ် မြွေနဂါးကြီးမှာ ပင်ပန်းနွမ်းနယ်နေသော သူ၏ ရွှေရောင် မျက်လုံးကြီးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ပင်ပန်းမှုများ ပြည့်နှက်နေသော ဒေါင်လိုက်မျက်လုံးသူငယ်အိမ်ကြီးများပင်။

[ နောက်ဆုံးတော့... ရောက်လာပြီပေါ့… ]

မိုးခြိမ်းသံကဲ့သို့သော အသံကြီးမှာ ချန်ဟွိုက်အန်၏ စိတ်ထဲ ပဲ့တင်ထပ်သွားသည်။ နိမ့်ဆင်းပြီး လေးစားမှုရှိလှသလို မျှော်လင့်တောင့်တမှုတွေလည်း ပြည့်နေ၏။

သူ၏ ဒန်တျန်အတွင်းမှ နွေးထွေးမှုတစ်ခု ပျံ့နှံ့လာ၏။

အောက်ကို ငုံ့ကြည့်လိုက်သောအခါ သူ၏အတွင်းမှ ရွှေရောင်နဂါးဝိညာဉ်လေး ထွက်လာပြီး ကူးခတ်နေသည်ကို မြင်လိုက်ရသည်။

လက်သီးဆုပ်လောက်သာ ရှိသော်လည်း ၎င်းမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ကောင်းသည့် မဟာကျက်သရေကြောင့် ရေကန်အောက်ခြေ တစ်ခုလုံး အေးခဲသွားသလို ခံစားသွားရသည်။

ထိုအခါမှ ချန်ဟွိုက်အန် သဘောပေါက်သွားသည်။ မြွေနဂါးကြီးက သူ့ကို စကားပြောနေခြင်း မဟုတ်။

နဂါးဝိညာဉ်ကို ပြောနေခြင်းပင်။

နဂါးဝိညာဉ်က စကားပြန်မပြောပေ။

သို့သော် မြွေနဂါးကြီးကတော့ တစ်စုံတစ်ခုကို ကြားလိုက်ရသည့်အလား တိတ်ဆိတ်သွားသည်။ ၎င်း၏ အကြည့်က ချန်ဟွိုက်အန်ထံ ရောက်လာပြီး အထက်အောက် အသေးစိတ် ကြည့်ရှု စစ်ဆေးနေ၏။

[ သူက... အရင်က ဆက်ခံသူတွေထက် ပိုပြီး အားနည်းနေတာပဲ ]

မြွေနဂါးကြီး၏ အသံမှာ သူ၏ ဦးခေါင်းခွံထဲတွင် ဟိန်းထွက်နေသည်။

[ ဒီထက် ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိတော့လို့လား ]

…ခဏလေး။ ဘာပြောလိုက်တာ။

ချန်ဟွိုက်အန်၏ မျက်နှာ မည်းမှောင်သွား၏။

ဒါက ဘာကို ဆိုလိုတာလဲ။...

ငါက ဂုဏ်သိက္ခာကြီးမားလှတဲ့ ဓားကျောင်းတော်ဘိုးဘေးပဲ...

ချင်းယွန်ဘုံမှာ နာမည်ကြားတာနဲ့ လူတွေ တုန်လှုပ်ကုန်ကြတာ...

အခုတော့ ဒီပုတ်သင်ညိုကြီးရဲ့ အထင်သေးတာကို ခံနေရတယ်ပေါ့လေ။

“ဟေ့... စကားပြောရင် နည်းနည်းလောက် လေးစားမှု ရှိစမ်းပါ...”

ချန်ဟွိုက်အန်က မြွေနဂါးကြီး၏ နှာခေါင်းကို သူ၏ ဓားအိမ်ဖြင့် တို့ကြည့်လိုက်သည်။

“ကျုပ်က ခင်ဗျားကို လာကယ်တာ။ အပြင်မှာ ခင်ဗျားကို စောင့်နေတဲ့ ရွှေရောင်အနှစ်သာရ အဆင့် ၁၂ယောက် ရှိတယ်။ ကျုပ်က ဒီကိစ္စကို လစ်လျူရှုထားလို့ ရတာပဲ...”

မြွေနဂါးကြီးက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် အထင်သေးမှုနှင့် မနှစ်မြို့မှုများ အပြည့်ဖြင့် မျက်လုံးကို လှန်ကြည့်လိုက်သည်။

“ဒါက ဘယ်လို အကြည့်လဲ...”

ချန်ဟွိုက်အန် နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

အခု သူက ကောင်းကင်မိစ္ဆာကျင့်စဉ် အသွင်တွင် မဟုတ်၍ တော်သေးသည်။

သို့မဟုတ်ပါက သူ၏ဒေါသနှင့်ဆိုလျှင် ထိုမြွေကြီးမျက်နှာကို ဓားနှင့် ခုတ်မိနေလောက်လေပြီ။

[ ဒါ ၉၉ကြိမ်မြောက်ပဲ။ မင်းရဲ့ အစစ်အမှန်ဝိညာဉ်က ဒီလောက်အထိ ပါးလွှာသွားပြီ။ တကယ်လို့ မင်း ထပ်ပြီး ရှုံးနိမ့်ခဲ့ရင်တော့ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါ တကယ်ပဲ တန်ရဲ့လား ]

မြွေနဂါးကြီးက ချန်ဟွိုက်အန်ကို လျစ်လျူရှုထားပြီး နဂါးဝိညာဉ်ကိုသာ ရှုပ်ထွေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အဖြေတစ်ခု ရလိုက်သည့်ပုံပင်။ ၎င်းက လေးပင်စွာ သက်ပြင်းချလိုက်သည်။

ချန်ဟွိုက်အန်က သူ၏ အိတ်ထဲမှ ဆေးလုံးအချို့ကို ထုတ်လိုက်သည်။

မြွေနဂါးကြီးက ဘဝင်မြင့်နေသော်လည်း တကယ် အစွမ်းထက်သည်မှာ အမှန်ပင်။

အကယ်၍ သူ့ကို ကယ်နိုင်ခဲ့လျှင် ယခုကမ္ဘာတွင် တောင့်တင်းသော အသားဒိုင်း တစ်ခု ရလိုက်ခြင်းနှင့် အတူတူ ဖြစ်သည်။ တကယ့် အမြတ်ပင်။

[ လူကလေး၊ မင်း ဘာလုပ်နေတာလဲ ]

“ဒဏ်ရာပျောက်ဆေးတွေလေ။ သောက်မလား။”

[ မသောက်ဘူး ] မြွေနဂါးကြီးက ခေါင်းခါသည်။

[ မင်း ငါ့ကို ကယ်လို့ မရဘူး။ ငါလည်း အကယ်မခံချင်တော့ဘူး ]

“ခင်ဗျား ဒီလောက်အထိ အပင်ပန်းခံ ကျင့်ကြံလာပြီး ဒီလောက်ကြီးအောင် လုပ်ထားတာကို အခုမှ မရှင်ချင်တော့ဘူး ဟုတ်လား။”

ချန်ဟွိုက်အန်က ဖျောင်းဖျကြည့်သည်။ “ဒီလိုလုပ်။ ကျုပ်နဲ့အတူ အပြင်ထွက်ခဲ့၊ စားကောင်း သောက်ဖွယ်တွေ စားပြီးတော့ ဝိုင်ကောင်းကောင်းတွေ သောက်တာပေါ့။ ကျုပ်က ဒီကမ္ဘာမှာ တစ်ဦးတည်းသော Cheat Code ရှိတဲ့ ကစားသူဗျ။ လျို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ ကျုပ်က ချီသန့်စင်ခြင်း နဝမအဆင့်ပဲ ရှိသေးတယ် ထင်ရပေမဲ့ တကယ် ဒေါသထွက်လာရင်... ကျုပ် တကယ်ကြီးကို ဒေါသထွက်တတ်တာနော်။”

မြွေနဂါးကြီးက နဂါးဝိညာဉ်ကို သံသယရှိသော မျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။

နဂါးဝိညာဉ်က ခေါင်းခါပြပြီး ချန်ဟွိုက်အန်၏ ဒန်တျန်ထဲသို့ ပြန်ဝင်သွားတော့သည်။

မြင်ရသည်မှာ စိတ်ရှုပ်၍ ထွက်သွားပုံရသည်။

[ လူကလေး... ငါ ကိုယ့်ကိုယ်ကိုယ့် စတေးပြီး နဂါးဝိညာဉ်ကို ပြန်နိုးထအောင်လုပ်မယ်။ အဲဒီအချိန်ကစပြီး မင်းက ဒီကမ္ဘာပေါ်မှာ တစ်ဦးတည်းသော အစစ်အမှန် နဂါးခန္ဓာပိုင်ရှင် ဖြစ်လာလိမ့်မယ်။]

ထိုအချိန်မှာတော့ မြွေနဂါးကြီးအနေနှင့် သူရွေးချယ်ထားတဲ့ ဆက်ခံသူက... အင်း... နည်းနည်း ငတုံးဆန်နေသည်ကို လက်ခံလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

ဒါပေမဲ့ လူတွေ ပြောကြတယ်လေ။ ငတုံးတွေမှာ သူတို့ဘာသာ ကံကောင်းတတ်ကြတယ်တဲ့။

အရင်က ဆက်ခံသူ ၉၉ယောက်လုံး တကယ့် ကျင့်ကြံသူတွေချည်းပဲ။ အချို့က အစွမ်းထက်လွန်း ကြသလို၊ အချို့ကလည်း ကြောက်စရာကောင်းလောက်အောင် ဉာဏ်ကောင်းကြတယ်။

ဒါပေမဲ့ ဘယ်သူမှ ဘာမှ မပြောင်းလဲနိုင်ခဲ့ကြဘူး။

ဒီငတုံးကောင်ကမှ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။

အခုတော့ ရှိသမျှ အကုန်ပုံအောပြီး လောင်းကြေးထပ်လိုက်ရုံပဲ။

“တွေ့တွေ့ချင်းမှာပဲ ဒီလောက်ကြီးမားတဲ့ အမွေအနှစ်ကို ပေးမယ် ဟုတ်လား။ နဂါးကြီး... ခင်ဗျားက တကယ့်ကို စိတ်ထားကောင်းတဲ့လူပဲ...”

ချန်ဟွိုက်အန်၏ နှာခေါင်းမှာ တရွှတ်ရွှတ်ဖြစ်လာပြီး နှာချေလိုက်မိသည်။

မြွေနဂါးကြီး - “…”

[ မှတ်ထား။ ဘယ်တော့မှ တက်လှမ်းသူ တစ်ယောက် မဖြစ်စေနဲ့ ]

[ ဘယ်လောက်ပဲ မက်မောစရာ ကောင်းနေပါစေ… လုံးဝ မလုပ်နဲ့ ]

မြွေနဂါးကြီးက ရေကန်အောက်ခြေမှ ထလာပြီး ချန်ဟွိုက်အန်၏ ဦးခေါင်းအထက်တွင် ခွေလိုက်သည်။

သူ့ခန္ဓာကိုယ်ကို ချည်နှောင်ထားသော ရွှေရောင်သံကြိုး ၁၂ချောင်းလုံးမှာ ကြီးမားလှသည့် စွမ်းအားအောက် ပြတ်တောက်သွားတော့သည်။

ချုပ်နှောင်ခံထားရသည့်တိုင် သူက နောက်ဆုံး လက်ကျန်စွမ်းအားလေးကို ချန်ထားခဲ့သေးသည်။

ထိုအခိုက်အတန့်လေးအတွက်။

သူ့ကိုယ်သူ စတေးပြီး နဂါးဝိညာဉ်ကို ပြည့်စုံသွားစေရန်။

ထို့ပြင် ထိုသတိပေးချက်ကို ဆက်ခံသူ၏ ဝိညာဉ်ထဲ စွဲမြဲသွားအောင် ရိုက်နှိပ်ပေးရန်ပင်။

[ အရာအားလုံးထက်... ဘယ်တော့မှ တက်လှမ်းသူ တစ်ယောက် မဖြစ်စေနဲ့... ]

...

All Chapters