အမြဲပြောင်းလဲနေသော ဘိုးဘေး
Vol. 29 Ch. 287
ရေကန်အောက်ခြေတွင် ပြင်းထန်သော ရေအောက်ရေစီးကြောင်းများ ရူးသွပ်စွာ လှိုင်းထန်နေပြီး ရေမျက်နှာပြင်ပေါ်တွင်မူ နက်ရှိုင်းသော ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုရေဝဲအတွင်း၌ ရွှေရောင် အလင်းတန်းများမှာ မည်းမှောင်သော တိမ်တိုက်များကြားမှ လျှပ်စီးများကဲ့သို့ ခဏခဏ လက်ခနဲ ဖြစ်ပေါ်နေသည်။ အတွင်းပိုင်းမှ နဂါးဟိန်းသံများနှင့် အော်ဟစ်သံများမှာ ဝိုးတဝါး ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
ရေကန်ပေါ်တွင် တိုက်ခိုက်နေကြသူအားလုံးမှာ ခဏတာ မှင်သက်သွားကြသည်။
ဆူပွက်နေသော နဂါးအရှိန်အဝါကို သူတို့အားလုံး အာရုံခံမိလိုက်ကြသည်။ ရှုအန်၏ တိုက်ခိုက်မှုကြောင့် အသက်ရှူကျပ်နေရသော ရွှေရောင်အနှစ်သာရအဆင့် အဘိုးကြီး၏ မျက်နှာမှာ နောက်တစ်ကြိမ် သိသိသာသာ ပျက်သွားပြန်သည်။
“တောက်... မြွေနဂါးက သူ့ကိုယ်သူ စတေးလိုက်ပြီ...”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟိုချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူက ဆက်ခံသူလို့တော့ မပြောနဲ့နော်။...”
ရွှေရောင်အနှစ်သာရ အဘိုးကြီးမှာ မယုံနိုင်ဖြစ်နေ၏။
နဂါးဝိညာဉ်က ဘာလို့ ဒီလောက် အားနည်းတဲ့လူကို ဆက်ခံသူအဖြစ် ရွေးချယ်ရတာလဲ။
ဂိုဏ်းချုပ်က တက်လှမ်းသူ မဟုတ်တဲ့ ရွှေရောင်အနှစ်သာရ ကျင့်ကြံသူတွေကို သတိထားဖို့ သေချာမှာကြားခဲ့တာ။
စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထမှုက လွန်ခဲ့တဲ့ ၁၀နှစ်ကမှ စခဲ့တာဆိုတော့ တက်လှမ်းသူတွေက လွဲရင် တခြားဘယ်သူက ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်နိုင်မှာလဲလို့ တွေးနေခဲ့မိတာ။
ဒါပေမဲ့ အခုတော့ ရွှေရောင်အနှစ်သာရအဆင့် တစ်ယောက်က ချီသန့်စင်ခြင်းအဆင့် ကောင်လေးတစ်ယောက်နဲ့ ပေါ်လာခဲ့တယ်။
အစကတည်းက သူ သတိထားခဲ့ပြီး ဘာမှမသိသလို ဟန်ဆောင်ကာ အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ပထမတော့ ဆက်ခံသူက ချီသန့်စင်ခြင်းအဆင့် ကောင်လေးနှင့် ပါလာသော အမျိုးသမီး ကျင့်ကြံသူဟု သူ သံသယဝင်ခဲ့သည်။ သို့သော် သူက ယန်ဝိညာဉ် ပုံရိပ်ယောင်သက်သက်ဖြစ်၍ နဂါးဝိညာဉ်ကို ဆက်ခံနိုင်မယ့်သူ မဟုတ်သည်မှာ သေချာနေသည်။ ထို့နောက် ရုတ်တရက် ပေါ်လာသော ပါရမီရှင် ဓားကျင့်ကြံသူ သုံးယောက်ထဲမှ တစ်ယောက်ယောက်များလားဟု သူ ထင်ခဲ့ပြန်သည်။ ထို့ကြောင့်လည်း စစ်ကူလာမည့်အချိန်အထိ ရအောင် အချိန်ဆွဲနေခဲ့ခြင်းပင်။
အခုကြည့်ရသည်မှာ... သူ အကုန်လုံး မှားသွားခဲ့လေပြီ။
ရေကန်အောက်ခြေတွင်။
မြွေနဂါးကြီး၏ ဦးခေါင်းထိပ်ရှိ အက်ကွဲနေသော နဂါးအကြေးခွံမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရွှေရောင်ဝိညာဉ်မီးလျှံ အမျှင်တန်းပေါင်း ထောင်သောင်းမက စုစည်းကာ ချန်ဟွိုက်အန်၏ နဖူးဆီသို့ စီးဝင်သွားတော့သည်။
ချန်ဟွိုက်အန် စကားပြောချင်သည်။ မြွေနဂါးကြီး၏ ကိုယ့်ကိုယ်ကိုယ် စတေးမှုကို တားချင်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ ဂိမ်းထဲမှ ဇာတ်ဝင်ခန်းထဲ ပိတ်မိနေသလိုမျိုး လုံးဝ လှုပ်ရှား၍မရပေ။
ဝိညာဉ်မီးလျှံများမှာ သူ၏ ဒန်တျန် အတွင်းသို့ စီးဝင်သွားသည်။ အဆင့်မြင့် နဂါးပလ္လင်မှာ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းသွား၏။
ယခင်က မျက်လုံးမှိတ်ထားသော နဂါးဝိညာဉ်မှာ အပြည့်အဝ နိုးထလာပြီး ၎င်း၏ ရွှေရောင် ဒေါင်လိုက်မျက်လုံးသူငယ်အိမ်ကြီးများမှာ ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။
မိမိ၏ဒန်တျန်မှာ အထွတ်အထိပ်အဆင့်သို့ တိုးတက်သွားပြီး ထိုအခိုက်အတန့်တွင် ချန်ဟွိုက်အန် ၎င်း၏ အမည်ကို သိရှိလိုက်ရသည်။ ကြေးခွံဖြူ...
နဂါးဝိညာဉ်က သူ၏ခန္ဓာကို ပြန်လည်ပုံဖော်ပေးသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ချန်ဟွိုက်အန်က မိမိ၏ သွေးကြောထဲတွင် ရွှေရောင်နဂါးအရိပ်တစ်ခု လှည့်ပတ်နေသည်ကို မြင်လိုက်ရသည်။ ကောင်းကင်အတိဒုက္ခများကြောင့် သေဆုံးခဲ့ရသော၊ ကောင်းကင်ဖြိုလက်ဝါး အောက်တွင် ကြေမွခဲ့ရသော၊ သေဒဏ်ပေးသည့် အခင်းအကျင်းများပေါ်တွင် ကွပ်မျက်ခံခဲ့ရသော မျိုးဆက်ဆက် ဆက်ခံသူများကို သူ မြင်လိုက်ရသည်။ သူတို့က တိမ်ဖုံးနေသော ကောင်းကင်ယံ ဆီသို့ အထက်မှ ကျရောက်လာသော ကြောက်မက်ဖွယ် နတ်ဘုရား အရှိန်အဝါများဆီသို့ လှမ်းကြည့်နေကြသည်။ ထိုတိမ်တိုက်များပေါ်တွင် ပြိုင်စံရှား ပုံရိပ်ပေါင်းများစွာ ရပ်နေကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် ပြတ်သားမှု၊ မကျေနပ်မှုနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် ထိုအကြည့်များ အားလုံးမှာ ချန်ဟွိုက်အန်၏ အကြည့်နှင့် တစ်ထပ်တည်း ကျသွားတော့သည်။
ဝေါင်း...
နဂါးဟိန်းသံကြီးမှာ ရေကန်အောက်ခြေမှ ပေါက်ကွဲထွက်လာသည်။
ချန်ဟွိုက်အန်၏ နဖူးပေါ်တွင် သေးငယ်သော ရွှေရောင်အကြေးခွံများ ပျံ့နှံ့သွားသည်။ နှုတ်ခမ်းထောင့်မှ သွေးများမှာ ပူပြင်းသော ချော်ရည်များအဖြစ် ပြောင်းလဲသွား၏။ သူ၏ မျက်လုံး သူငယ်အိမ်များမှာ ဒေါင်လိုက်အက်ကြောင်းများအဖြစ် ကျုံ့ဝင်သွားပြီး ဦးခေါင်းဘေးနှစ်ဖက်မှ နဂါးချိုများ ထွက်ပေါ်လာသည်။
သူ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ ပတ်ပတ်လည်တွင် ရေစီးကြောင်းများမှာ ပြင်းထန်စွာ ဝဲလည်သွားခဲ့သည်။
သူ ဟိန်းဟောက်လိုက်ရာ ရေကန်အထက်တွင် တိမ်တိုက်များ လိပ်တက်လာပြီး မိုးကြိုးများ စုရုံးလာ၏။
သူ၏ နဂါးအမြီးကို ဝှေ့ယမ်းလိုက်ရာ ရေကန်တစ်ခုလုံးမှာ ဆီပူထဲ ရေလောင်းလိုက်သကဲ့သို့ တရှဲရှဲနှင့် ဆူပွက်လာတော့သည်။
နဂါးဝိညာဉ်ကို ဆက်ခံသူမှန်သမျှ ကောင်းကင်ကို ဖီဆန်ရမည်။
ဘိုးဘေးနဂါးကြီးက အဘယ်ကြောင့် သူ့ကို ရွေးချယ်ခဲ့ရကြောင်းကို ယခုမှ ချန်ဟွိုက်အန် သဘောပေါက်သွားသည်။
ယခင်က သူသည် မကျန်းမာသော ခန္ဓာကိုယ်ကြီးကို ဆွဲခေါ်ပြီး ထိုက်ရှန်းတောင်ပေါ်ကို တက်ခဲ့စဉ်က အမှန်တကယ်ပင် ကံကြမ္မာကို ဖီဆန်ခဲ့လေသည်။
မြွေနဂါးကြီးက မိမိကို မည်သည့်အတွက်ကြောင့် ထိုမျှအထင်သေးသော အကြည့်နှင့် ကြည့်ခဲ့ရကြောင်းဆိုတာကိုလည်း သူ နားလည်သွားသည်။
အကြောင်းမှာ အရင် ဆက်ခံသူများ အားလုံးဟာ သူ့ထက် အဆပေါင်းများစွာ သန်မာခဲ့ကြလို့ပင်။ သူတို့က သာမန်ခွန်အားနှင့်တင် နတ်ဘုရားများကို တိုက်ခိုက်နိုင်လောက်အောင် အစွမ်းထက် ခဲ့ကြသည်။
သို့သော် ယခုထိတော့ ထိုဆက်ခံသူများ ရင်ဆိုင်ခဲ့ရသော ရန်သူများက မည်သူများဖြစ်သည်ကို သူ မသိသေးပေ။
သို့မဟုတ် သူတို့ အဘယ်ကြောင့် ဆန့်ကျင်ခဲ့ကြသလဲ ဆိုသည်ကိုပင်။
မည်သို့ဆိုစေ မြွေနဂါးကြီး၏စကားကိုတော့ သူ မှတ်ထားသည်။ တက်လှမ်းသူ မဖြစ်စေနဲ့။
ချင်းယွန်ဘုံနှင့် ဓားကျောင်းတော်၏ ကျောထောက်နောက်ခံ ရှိနေသရွေ့ လူသားလောကမှ မည်သည့်ဂိုဏ်းကိုမှ အားကိုးစရာမလိုဟု သူ ယုံကြည်သည်။
ဒါဆိုရင်တော့ သူက တက်လှမ်းသူထဲမှာ မပါဘူး... ဟုတ်တယ်မလား။
“အခုဆို ငါက... အခြေခံအုတ်မြစ်အဆင့်ရဲ့ အလယ်ပိုင်းကို ရောက်သွားပြီ...”
ချန်ဟွိုက်အန် မျက်လုံးကို မှေးလိုက်၏။
နဂါးဝိညာဉ် ပြည့်စုံသွားသည်နှင့်အမျှ သူက စွမ်းရည်အသစ်တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ နဂါးတစ်ပိုင်းအသွင်ပြောင်းခြင်းပင်။
ကောင်းကင်မိစ္ဆာကျင့်စဉ်နှင့်ယှဉ်လျှင် နဂါးအသွင်ပြောင်းခြင်းမှာ ခန္ဓာကိုယ် စွမ်းဆောင်ရည် အားလုံးကို မြှင့်တင်ပေးသည့်အပြင် စိတ်ဝိညာဉ်ချီစွမ်းအင် အသုံးချမှုကိုလည်း ပိုမို၍ ထိရောက်စေသည်။ နဂါးအသွင်ဖြင့် တိုက်ခိုက်သော ဓားချက်တိုင်း နဂါးချီ ပါဝင်နေမည် ဖြစ်သည်။ နဂါးချီမှာ ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားသည်နှင့် ထိုသူအား ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရစေလိမ့်မည်။
သေရေးရှင်ရေး တိုက်ပွဲတွင် ကြောက်ရွံ့ခြင်းမှာ အသက်အန္တရာယ်ပင်။
ရန်သူကို ကျောခိုင်းလိုက်သည်နှင့် မခြားပေ။
အဆင့်တူချင်း တိုက်ပွဲတွင် ကြောက်ရွံ့ခြင်းက သေခြင်းတရားပင်။
“စိတ်ဝိညာဉ်ချီစွမ်းအင်တွေ နိုးထလာကတည်းက ပေါ်လာတဲ့ ဒီလျို့ဝှက်ဂိုဏ်းတွေနဲ့ တက်လှမ်းသူတွေရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေတာတော့ အမှန်ပဲ…”
ချန်ဟွိုက်အန် ရေမျက်နှာပြင်ကို မော့ကြည့်လိုက်သည်။
ရေထဲမှ ဖြစ်နေသည့်တိုင် အပေါ်မှ တိုက်ပွဲကို သူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ တွမ်ဖုန်းပါ တိုက်ပွဲထဲ ဝင်လာတဲ့အတွက် ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ ၁၂ယောက်မှာ စတင် အရေးနိမ့်လာနေပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် ယခင် ဆက်ခံသူများ၏ မှတ်ဉာဏ် အပိုင်းအစလေးများသာ ရှိနေသည်။
ဇာတ်လမ်းအပြည့်အစုံကို ဆက်စပ်ကြည့်ရန် မလုံလောက်သေး။
သူသိသည်မှာ ရန်သူက ကောင်းကင်ယံမှလာခြင်း ဖြစ်သည်။
၎င်းက သူက နဂါးဝိညာဉ်ဆက်ခံသူဖြစ်ကြောင်း ထုတ်မပြသင့်သည့် သဘောပင်။
မဟုတ်လျှင် သူက ထာဝရ အမဲလိုက်ခံနေရလိမ့်မည်။
“ဒီနေ့ ငါ နဂါးဝိညာဉ် ဆက်ခံတာကို မြင်ခဲ့တဲ့သူမှန်သမျှ... သေရမယ်။” လူအချို့၏ ပုံရိပ်များမှာ သူ၏ စိတ်ထဲတွင် လက်ခနဲ ပေါ်လာပြီး သူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။
သူက နဂါးအကြေးခွံများကို ထိန်းချုပ်ကာ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်လိုက်၏။
ရွှေရောင် ဒေါင်လိုက်မျက်လုံးသူငယ်အိမ်များသာ မြင်သာတော့သည်။ ထို့နောက် သူက အသုံးနည်းသော ဧကရာဇ်ဓား ချန်ကျန်းကို ဆွဲထုတ်ကာ ရေမျက်နှာပြင်ပေါ်ရှိ ပုံရိပ်တစ်ခုဆီသို့ ပစ်ထွက်သွားတော့သည်။
ရေမျက်နှာပြင်ပေါ်တွင်။
ရွှေရောင်အနှစ်သာရ အဘိုးကြီးမှာ ရှုအန်ကို ရင်ဆိုင်ရင်း အတော်လေး ရုန်းကန်နေရသည်။
ရုတ်တရက် အောက်ခြေမှ တက်လာသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်ကို သူ ခံစားလိုက်ရ၏။
“မကောင်းတော့ဘူး...” သူ၏ နှလုံးသား ထိတ်ခနဲ ဖြစ်သွားသည်။
သူ ရှောင်တိမ်းရန် ပြင်လိုက်စဉ်မှာပင်...
“လေနဲ့လှိုင်းတံပိုးတွေ ပြင်းထန်နေမယ့် အချိန်တွေ ရှိလိမ့်မယ်။”
ဝေဝါးသော ရွတ်ဆိုသံတစ်ခု ရေအောက်မှ ပဲ့တင်ထပ်လာ၏။
နဂါးဟိန်းသံ ခပ်သဲ့သဲ့နှင့်အတူပင်။
ဘုန်း...
ဓားစွမ်းအင် အလင်းတန်းတစ်ခု ရေထဲမှ ပေါက်ကွဲထွက်လာသည်။
တောက်ပသော ရွှေရောင်ချည်မျှင်တန်းလေးတစ်ခုကဲ့သို့ပင် ၎င်းက နဂါးပုံသဏ္ဌာန် ဝဲလည်၍ တက်လာပြီး အဘိုးကြီး၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားတော့သည်။ သွေးများမှာ မှောင်မည်းသော ညကောင်းကင်ယံတွင် ဆီးပန်းနီလေးများ ပွင့်အာလာသကဲ့သို့ လွင့်စင်သွား၏။
ရွှေရောင်အနှစ်သာရအဆင့် အဘိုးကြီး၏ နောက်ကွယ်တွင် နဂါးချီများမှာ ဓားကို ဓားအိမ်ထဲ ပြန်ထည့်နေသော ပုံရိပ်ယောင် ဓားသမားတစ်ဦးအဖြစ် ခဲသွားသည်။
ထိုအခါမှ တစ္ဆေခြောက်သလို အသံတစ်ခု ပဲ့တင်ထပ်လာသည်။
“တိမ်တွေပြည့်နေတဲ့ ရွက်တွေကို လွှင့်ပြီး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်မယ်...”
ရွှေရောင်အနှစ်သာရအဆင့် တက်လှမ်းသူ တစ်ယောက်အနေဖြင့် ထိုတိုက်ကွက်ကြောင့် သူ ဒဏ်ရာမရသင့်ပေ။
သို့သော် သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်များက ရှုအန်ကြောင့် ကုန်ခမ်းနေပြီ ဖြစ်သည်။ သူက အကာအကွယ်ပင် မလုပ်နိုင်ခဲ့ချေ။ ကြာစိမ်းဓားသိုင်းကျမ်း၏ သေစေနိုင်သော စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ချန်ဟွိုက်အန်က ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ကို ကျော်ဖြတ်ပြီး တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။
“ဘိုးဘေး...”
ရှုအန် မှင်သက်သွား၏။ “ဘိုးဘေး... ဘာလို့ ဆံပင်ပုံစံက ခဏခဏ ပြောင်းနေတာလဲ။”
ခုနက ဘိုးဘေး၏ ဆံပင်မှာ အနက်ရောင်အတို ဖြစ်သည်။
အခုတော့ သူ၏ ကျောပြင်ပေါ်တွင် စီးကျနေသော ရွှေနီရောင် ဆံပင်ရှည်၊ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံ ချပ်ဝတ်တန်ဆာ၊ ခေါင်းပေါ်တွင် နဂါးချိုများ၊ နောက်ကွယ်တွင် ယမ်းခါနေသော အမြီးနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်ဝိညာဉ်ချီစွမ်းအင်များအောက် လမ်းလျှောက်နေသော မီးသီးကြီးတစ်လုံးလိုပင် တလက်လက် ထိန်လင်းနေသည်။
ဘိုးဘေးဆိုတော့လည်း ထင်ထားတဲ့အတိုင်း တကယ့်ကို အမြဲတမ်း ပြောင်းလဲနေတာပဲ...
“ဒါ ဆံပင်ပုံစံအကြောင်း ပြောနေရမယ့် အချိန်မဟုတ်ဘူး။” ချန်ဟွိုက်အန်က လီချင်းရန် ဘေးကင်းကြောင်း အတည်ပြုပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။ “တခြားကျင့်ကြံသူတွေကို ထားလိုက်။ ကျန်တဲ့ ရွှေရောင်အနှစ်သာရအဆင့် ၁၁ယောက်ကတော့ သေရမယ်။”
ဂူထဲမှ တက်လှမ်းသူများက သူ မည်သူမှန်း မသိကြပေ။ သို့သော် ထို၁၁ယောက်ကတော့ သူ နဂါးဝိညာဉ် ဆက်ခံရန် ရေထဲဆင်းသွားသည်ကို မြင်လိုက်ကြသည်။
ထို့ကြောင့် သူတို့ သေမှ ဖြစ်ပေမည်။
ထို့အပြင် ထိုမှတ်ဉာဏ် အပိုင်းအစတွေအရ သူနှင့် ထိုတက်လှမ်းသူများ၊ ပြီးနောက် သူတို့ နောက်ကွယ်မှ အရာများက မပြေလည်နိုင်သော ရန်သူများ ဖြစ်လာကြမည်မှာ သေချာသည်။
“သတ်မယ် ဟုတ်လား။”
လိပ်တက်နေသော တိမ်တိုက်များကြားမှ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
တိမ်မြူများကြားတွင် နတ်ဘုရားဆန်လှသော ပုံရိပ်အချို့ လက်ကနဲ ပေါ်လာ၏။
“နဂါးဝိညာဉ် ဆက်ခံခါစ ငှက်ပေါက်လေးက ငါတို့လူတွေကို သတ်ဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ။ ဒီညတော့ ဒီအဘိုးကြီးက မင်းရဲ့ နဂါးအရေခွံကို ဆွဲခွာပြီး နဂါးအကြောတွေကို ထုတ်ပစ်မယ်...”
“ဓား လာခဲ့စမ်း...”
အနောက်ဘက်ဆီမှ ဓားအလင်းတန်းတစ်ခု ပျံသန်းလာပြီး ထိုလူ၏ လက်ထဲသို့ ကျရောက် သွားသည်။
သူ လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်၏။
ချလွမ်...
တိမ်တိုက်အလွှာတစ်ခုလုံးမှာ ရုတ်တရက် နိမ့်ဆင်းသွားပြီး နှစ်ခြမ်း ကွဲသွားတော့သည်။
ဖြူဖျော့ဖျော့ ဓားအလင်းတန်းများမှာ ရေတံခွန်တစ်ခုကဲ့သို့ အဟုန်ပြင်းစွာ ကျဆင်းလာ၏။
ထိုဓားအရှိန်အဝါမျိုးကို ရွှေရောင်အနှစ်သာရအဆင့်က ဘယ်လိုမှ မတားနိုင်ပေ။
“ဘိုးဘေးကို ကာကွယ်ကြ...” တွမ်ဖုန်း အော်ပြောလိုက်သည်။
ရှုအန်နှင့် ကျန့်ဟယ်တို့ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ တိုက်ရိုက်တပည့် သုံးဦးမှာ တြိဂံပုံစံ ရပ်လိုက်ကြပြီး ပါရမီသုံးပါး ဓားအခင်းအကျင်းကို ပြင်ဆင်လိုက်ကြ၏။
“ပျက်စီးစမ်း...”
တိမ်တိုက်ထဲမှ တစ်စုံတစ်ယောက်က လက်ညှိုးညွှန်ပြလိုက်သည်။
အခင်းအကျင်း အသက်ဝင်လာသည်နှင့် တပြိုင်နက် ၎င်းသည် အစိတ်စိတ်အမွှာမွှာ ပျက်စီး၍ သွားတော့သည်။
“ကျွန်တော်တို့ မတားနိုင်ဘူး…”
“ဒါဆိုရင်တော့ ရှိသမျှ အကုန်ပုံအောရမှာပဲ...”
ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်လောင်လာသည်။ သူက ဂိုဏ်းဆင့်ခေါ်မိန့်ကို ဆွဲထုတ်ကာ နဖူးပေါ်တွင် ကပ်လိုက်တော့သည်။
ဝူး...
ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်။
ဓားကျောင်းတော် အတွင်း၌...
မိန်းမလှလေး ၁၀၀ကျော်နှင့် စကားဖောင်ဖွဲ့နေဆဲဖြစ်သော စုချီနျန်က ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် ဆိုဖာပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူကိုင်ထားသော ကိုယ်ပိုင်အသံလွှင့် ကျောက်စိမ်းပြားလေးသာ ကြမ်းပြင်ပေါ်သို့ အသာအယာ လွင့်ကျန်ရစ်ခဲ့၏။
...