တပည့် သဘောမတူဘူး
Vol. 29 Ch. 288
“ငါ့ကို ဘယ်ငရဲခန်းထဲ ဆွဲခေါ်လာတာလဲ...”
၎င်းမှာ စုချီနျန်တစ်ယောက် လူသားကမ္ဘာကို ရောက်လာချိန် ပြောလိုက်သည့် ပထမဆုံးသော စကားပင်။
နှာခေါင်းထဲ လေတစ်ချက် ရှူသွင်းလိုက်ရုံနှင့်တင် ထိုနေရာက လေထုအရည်အသွေး မည်မျှ ဆိုးဝါးကြောင်း သူ သိလိုက်လေပြီ။
စိတ်ဝိညာဉ်ချီစွမ်းအင်ကလည်း စုတ်ပြတ်သတ်နေတာပဲ။ ဓားကျောင်းတော်ထက်တောင် ပိုပြီး ဆိုးနေသေးတယ်။ ဒါက ကျင့်ကြံသူတစ်ယောက်နေလို့ရတဲ့ နေရာမျိုး ဟုတ်ရဲ့လား။
သူ မော့ကြည့်လိုက်သောအခါ အခြေခံအုတ်မြစ်အဆင့်လောက်သာ ရှိနေပြီး မီးသီးတစ်လုံးလို တလက်လက် တောက်ပနေသော ဓားကျောင်းတော်ဘိုးဘေးကို မြင်လိုက်ရ၏။ ရင်းနှီးနေသော အရှိန်အဝါသာ မပါလျှင် သူ မှတ်မိလိမ့်မည် မဟုတ်ပေ။
တကယ်တော့ ကျင့်ကြံခြင်းအဆင့်က ဘာအရေးကြီးလို့လဲ။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် မဟုတ်သရွေ့ သူက ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်နေပြီပဲ။ သာမန် နတ်အသွင်ပြောင်းခြင်းအဆင့်အရှေ့မှာ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတာ ဘာမှမဖြစ်ပါဘူး။
“မင်္ဂလာပါ၊ ဘိုးဘေး...”
ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူ ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပင်...
နောက်တစ်စက္ကန့်၌...
ဘုန်း...
ဓားအရှိန်အဝါတစ်ခုက စုချီနျန်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာပြီး ပေါက်ကွဲမှုကြောင့် ရေကန်ကြီးမှာ ဘေးတိုက် နှစ်ခြမ်းကွဲသွားကာ ရေတံတိုင်းကြီး နှစ်ခုမှာ ပြန်မပိတ်နိုင်တော့ဘဲ မတ်တပ်ရပ်နေတော့သည်။
စုချီနျန်၏ ကိုယ်ပေါ်တွင် ရွှေရောင်အကာအကွယ်တစ်ခု လက်ခနဲ ပေါ်လာပြီး သူက ဘာဒဏ်ရာမှ မရဘဲ ထွက်လာနိုင်ခဲ့သည်။ သို့သော် ဓားအရှိန်အဝါက မြန်လွန်းပြီး အကာအကွယ်က ထိပြီးမှ ပေါ်လာသည့်အတွက် စုချီနျန်၏ တစ်ဝက်မီးခိုးရောင် ဖြစ်နေသော ဆံပင်မှာ တစ်ချက်တည်း ပြောင်သလင်းခါ သွားတော့သည်။
တိုက်ရိုက်တပည့် သုံးယောက်မှာ သူတို့ဂိုဏ်းချုပ်၏ ပြောင်လက်နေသော ကတုံးကြီးကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေကြသည်။ မည်သူမှ စကားတစ်ခွန်းပင် မဟရဲကြ။
စုချီနျန် ခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးရှေ့မှ ဖြည်းဖြည်းချင်း လွင့်ကျသွားသော ဆံပင်များကို ကြည့်နေမိသည်။ သူ့ပုခုံးများ တုန်ခါနေ၏။
“ဘယ်သူလုပ်တာလဲ...”
တိမ်တိုက်ထဲမှ ပုံရိပ်က ယခုလေးတင် မည်မျှကြီးမားသော အမှားကို လုပ်မိသွားကြောင်း မသိသေးပေ။
ချင်းဖုန်းဂိုဏ်းချုပ် စုန့်ချင်းဖုန်းက ထိုလူကို သံသယရှိစွာ စိုက်ကြည့်နေလေသည်။ သူ မျက်မှောင်ကြုတ်ကြည့်သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်ကို လုံးဝ ထိုးဖောက် မမြင်နိုင်ပေ။
မိမိ၏ဓားချက်ကို ခန္ဓာကိုယ်နှင့် တိုက်ရိုက်ခံလိုက်သောသူ ရှိနေကြောင်း သူက မယုံနိုင် ဖြစ်နေ၏။
၎င်းမှာ အခြေတည်ဝိညာဉ်အဆင့် နောက်ဆုံးအဆင့် တိုက်ကွက် ဖြစ်၏။
ယခုလို စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထခါစ အချိန်တွင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဆိုသည်မှာ လမ်းလျှောက်နေသော နတ်ဘုရားတစ်ပါးလိုပင်။
“ဘယ်သူလဲ ဟုတ်လား...”
စုန့်ချင်းဖုန်းကို ပြန်ဖြေလိုက်သည်ကတော့ ဒေါသတကြီး ဟိန်းဟောက်သံကြီးပင်။ ထိုအသံမှာ ဖိနှိပ်ထားခြင်းမရှိဘဲ ဓားအတွင်းသို့ စုစည်းသွားကာ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
ဓားဦးဖျားက ရေမျက်နှာပြင်ကို ထိလိုက်ရုံနဲ့ လှိုင်းကြက်ခွပ်လေးတွေ ထွက်ပေါ်လာ၏။
စုချီနျန် မော့ကြည့်လိုက်ရာ ထိုလှိုင်းလေးများ အေးခဲသွားလေသည်။ ရေကန်တစ်ခုလုံးက အထွတ်အထိပ် နတ်အသွင်ပြောင်းခြင်းအဆင့် ဖိအားအောက် ခဲသွားခြင်းပင်။
ကမ်းပါးယံမှ ကျောက်ဆောင်များက သူ့ဓားသွားပေါ် အရိပ်ထင်နေပြီး တောင်တန်းများနှင့် ဓားကို ခွဲခြားမရတော့။ သူက ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး တောင်တစ်လုံးစာလောက်ရှိသည့် ဓားကြီးကို လက်နှစ်ဖက်နှင့် မြှောက်လိုက်၏။
ထို့နောက် ခုတ်ချလိုက်လေသည်။
ယခုက အရုဏ်တက်ချိန်ဖြစ်ရာ ကောင်းကင်တွင် နံနက်ခင်းအလင်း ဖျော့ဖျော့လေးများ ရှိနေသင့်သည်။ သို့သော်လည်း ကြီးမားလှသော ဓားအရိပ်ကြီးကြောင့် အလင်းများအကုန် ကွယ်ပျောက်သွားရ၏။
ကောင်းကင်ယံတွင် မည်းနက်နေသော မျဉ်းကြောင်းကြီးတစ်ခု အတင်းအကျပ် ဆွဲလိုက်သလိုမျိုး ဖြစ်သွားပြီး အပေါ်မှ တိမ်တိုက်အလွှာများ အားလုံး အောက်ကို ပြိုကျသွားခဲ့သည်။
စုန့်ချင်းဖုန်း မော့ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များက အပ်ဖျားလောက်အထိ ကျုံ့သွားတော့သည်။
သူမြင်လိုက်ရသည်က ဓားစွမ်းအင်တင် မဟုတ်ပေ။ ထိုက်ရှန်းတောင်ကြီး တစ်ခုလုံး သူ့ပေါ်ကို ပြိုကျလာသလိုပင်။
၎င်းက အတိုင်းအဆမရှိသလို ရှောင်လို့လည်း မလွတ်နိုင်ပေ။
ထိုအခိုက်အတန့်မှာပင် သူ သဘောပေါက်သွား၏။
သူ့ဓားကို တားလိုက်တဲ့လူက သူနှင့် အဆင့်အတန်း လုံးဝမတူသောသူပင်။
နတ်အသွင်ပြောင်းလဲခြင်းအဆင့်...
စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထခါစ အချိန်တွင် မရှိသင့်သေးသော အဆင့်မျိုးပင်။
မဟာမိုးကြိုးကျောင်းတော် သို့မဟုတ် ခွန်းလွန်အင်မော်တယ်နန်းတော်က ရှေးဟောင်း မိစ္ဆာအိုကြီးများတွင်သာ ထိုမျှလောက် ကြောက်စရာကောင်းသောအစွမ်း ရှိနိုင်သည်။
ပြေးမှပဲ...
ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်။ အဲဒါက ပြေးဖို့ပဲ...
နဂါးဝိညာဉ်ကိုလည်း မေ့လိုက်တော့။ အသက်မရှိရင် နဂါးဝိညာဉ်က ဘာလုပ်ဖို့လဲ။
သူဟာ နေရာလွတ်ကို လက်မအကွာအဝေးအဖြစ် ကျုံ့စေသော အဆင့်မြင့် ထွက်ပြေးနည်းကို သုံးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၀မိုင် အဝေးသို့ ရောက်သွား၏။
သို့သော်လည်း သူ့ကျောပေါ်မှ စိမ့်တက်လာသော အေးစက်မှုက ပျောက်မသွားသေးပေ။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ထိတ်လန့်သွားရ၏။
တောင်တစ်လုံးလို ဓားအရိပ်ကြီးက သူ့ခေါင်းပေါ် ရှိနေတုန်းပင်။
ဖြည်းဖြည်းချင်း ကျလာသလို ထင်ရသော်လည်း သူ မည်သို့ပင် လူးလွန့်ပြီး ရှောင်ပါစေ၊ ထိုဓား၏ အကွာအဝေးထဲမှ ရုန်းမထွက်နိုင်ပေ။
ထိုအချိန်တွင် သူက မြတ်စွာဘုရား၏ လက်ဝါးပေါ်မှ မျောက်ကလေးလို ခံစားနေရ၏။
“စီနီယာ... တွေ့တွေ့ချင်း အသေသတ်ဖို့အထိ လိုလို့လား။ ဒါတွေက နားလည်မှုလွဲတာလည်း ဖြစ်နိုင်ပါတယ်...”
“ကျွန်တော့်မှာ ခွန်းလွန်အင်မော်တယ်နန်းတော်က အကြီးအကဲတစ်ယောက်နဲ့ ပတ်သက်မှု ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ စီနီယာ... ညှာတာပေးပါဦး...”
စုန့်ချင်းဖုန်း အညံ့ခံရန် ကြိုးစားလိုက်သည်။ ချင်းဖုန်းဂိုဏ်းက ခွန်းလွန်အင်မော်တယ်နန်းတော်၏ လက်အောက်ခံ ဂိုဏ်းတစ်ခု မဟုတ်ပါလား။
နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသူဆိုလျှင် ခွန်းလွန်အင်မော်တယ်နန်းတော် အကြောင်းကို သိပေလိမ့်မည်…
သို့သော် ကောင်းကင်ယံမှ ပြန်ကြားလိုက်ရသည်ကတော့ ဒေါသတကြီး ဟိန်းဟောက်သံကြီးပင်။
“မင်းရဲ့ အင်မော်တယ်နန်းတော်ကို သွားXXXလိုက်... ငါ့ဆံပင်တွေကို ငရဲပြည်ကနေ သွားပြီးတော့ တောင်းပန်လိုက်စမ်း...”
“စီနီယာ... ကျွန်တော့်မှာ ဆံပင်ပေါက်ဆေး ရှိပါတယ်...”
”မင်းရဲ့ ဆေးကိုလည်း သွားXXXလိုက်...”
”သေလိုက်စမ်း...”
ဘုန်း...
ဓားအရှိန်အဝါ ကျဆင်းလာပြီး ခန္ဓာကိုယ်နှင့်ဝိညာဉ် မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည်။
ရေကန်ပေါ်ကို ပြန်ရောက်သောအခါ စုချီနျန်က ကတုံးတုံးထားသော ဦးခေါင်းကို ပွတ်သပ်ရင်း ပိုပြီးပင် ဒေါသထွက်လာ၏။
“အခု မင်းတို့အလှည့်ပဲ...”
စကားတောင် မဆုံးသေးခင်မှာပင် သူ ပျောက်ကွယ်သွားခဲ့သည်။
တိမ်တိုက်ထဲမှ ပုံရိပ်ယောင်များက ထိတ်လန့်တကြား ထွက်ပြေးကြသော်လည်း အထွတ်အထိပ် နတ်အသွင်ပြောင်းခြင်း ကျင့်ကြံသူ၏ လက်ဝါးထဲမှ မည်သို့ လွတ်နိုင်မည်နည်း။
စုချီနျန်အတွက်က သဓားကို မြှောက်ပြီး ဝှေ့ယမ်းလိုက်ရုံ... တို့ဟူးတုံးကို လှီးနေသလိုပင်။
တစ်မိနစ် မပြည့်ခင်မှာပင် ကျန်ရှိနေသော ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူများက အကုန် အမှုန့် ဖြစ်သွားလေပြီ။
“ဘိုးဘေး... ကျွန်တော် အရှက်ရအောင် လုပ်မိသွားပါတယ်။”
စုချီနျန်က ချန်ဟွိုက်အန်ရှေ့တွင် ရပ်လိုက်ပြီး လက်အုပ်ချီနှုတ်ဆက်ကာ ပြောင်လက်နေသော ဦးခေါင်းကို အဝတ်တစ်စနှင့် ပတ်ရင်း အတင်းပြုံးလိုက်သည်။
ဓားကျောင်းတော်တပည့် သုံးယောက်က သူတို့ဂိုဏ်းချုပ်ကို ထိုကဲ့သို့ပုံစံနှင့် မြင်ရသည့်အတွက် မရယ်မိအောင် အတင်းအောင့်ထားရ၏။ ရယ်ချင်စိတ်ကို အောင့်ထားရလွန်း၍ မျက်နှာများပင် နီရဲနေကြလေပြီ။
အကယ်၍ တစ်ချက်လောက်လေးများ ရယ်လိုက်မိလျှင် ဓားသင်္ချိုင်းတွင် ဆင်ခြင်ရမည့် ပြစ်ဒဏ် နှစ်ဆတိုးသွားမည်မှာ သေချာနေ၍ပင်။
“ကောင်းပြီလေ။” ချန်ဟွိုက်အန်က ခန့်ညားစွာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့အတူတူ အချိန်အတော်ကြာ နေခဲ့၍လည်း ဖြစ်နိုင်၏။ အခြေခံအုတ်မြစ်အဆင့်သာ ရှိသော်လည်း အထွတ်အထိပ် နတ်အသွင်ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်ရှေ့ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ် နေနိုင်သည်မှာ ဓားကျောင်းတော်ဘိုးဘေး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရာ ရောက်ပေသည်။
“ဘိုးဘေးမှာ တခြား ဘာအမိန့်များ ရှိသေးလဲ။”
အခုမှ စုချီနျန်က ချန်ဟွိုက်အန်၏ ပုံစံအသစ်ကို သေသေချာချာ ကြည့်ရန် အချိန်ရလိုက်သည်။ လူတစ်ဝက် နဂါးတစ်ဝက်ပင်။ ၎င်းမှာ အစစ်အမှန် နဂါးသွေးမျိုးဆက်ဆိုသည်မှာ သေချာ၏။
ဘိုးဘေးလိုလူမျိုးမှပဲ ဒီလောက်အထိ လုပ်ရဲတာ။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်အောက်က တခြားဘယ်သူမဆို...
ဒါမှမဟုတ် ချင်းယွန်ဘုံက ဖြောင့်မှန်သောလမ်းစဉ်ဂိုဏ်းတွေက လူတစ်ဝက် မိစ္ဆာတစ်ဝက်ဆိုပြီး အမဲလိုက်တာ ခံရလိမ့်မယ်၊
ဒါမှမဟုတ် မိစ္ဆာဂိုဏ်းတွေက နဂါးသွေးကို လိုချင်လို့ ချောင်းမြောင်းတိုက်ခိုက်တာ ခံရလိမ့်မယ်၊
ပိုဆိုးတာက “အစစ်အမှန်နဂါးသွေးမျိုးဆက်ကို စော်ကားတယ်” ဆိုပြီး သားရဲမျိုးနွယ်စုတွေရဲ့ ဖမ်းဝရမ်းထုတ်တာ ခံရမှာပဲ။
ချန်ဟွိုက်အန် တိတ်ဆိတ်နေတာကြောင့် စုချီနျန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ထပ်မံ၍ မေးလိုက်သည်။
“ပြီးတော့ ဘိုးဘေး။ ဒီကမ္ဘာက ဘာဖြစ်နေတာလဲ။ ကြည့်ရတာ တစ်မျိုးကြီးပဲ…”
“ဘာလို့ ဒီလောက် အမေးများနေတာလဲ။” ချန်ဟွိုက်အန် လက်ခါပြလိုက်သည်။ “အများကြီး သိနေတာက မင်းအတွက် မကောင်းဘူး။ အချိန်စေ့ပြီ။ ပြန်တော့။”
သူပြောလိုက်သည်နှင့် သူ့ခေါင်းပေါ်မှ ဂိုဏ်းဆင့်ခေါ်မိန့်က မှိန်သွားပြီး စွမ်းအင်များ ကုန်ခမ်းသွားသည်။ စုချီနျန်နှင့် တိုက်ရိုက်တပည့်သုံးယောက် အပေါ်မှာ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သူတို့ကို မျက်စိတစ်မှိတ်အတွင်းမှာပဲ စုပ်ယူသွားတော့သည်။
သူ၏သရုပ်မှန်ပေါ်သွားမည့် ဘေးမှ လွတ်မြောက်သွားလေပြီ။
ချန်ဟွိုက်အန် သက်ပြင်းတစ်ချက် ချလိုက်၏။
အထွတ်အထိပ် နတ်အသွင်ပြောင်းလဲခြင်း ကျင့်ကြံသူဘေးတွင် မျက်တောင် မခတ်ဘဲ ထိုင်နေနိုင်ခြင်းမှာ ဟန်ဆောင်နေခြင်းပင်။
သူ၏ လက်ရှိပုံစံနှင့် ကျင့်ကြံခြင်းအဆင့် အကြောင်းကိုတော့... လီချင်းရန် ချင်းယွန်ဘုံကို ပြန်ရောက်သွားလျှင် အပေါက်လမ်းတည့်သော ဇာတ်လမ်းတစ်ပုဒ်နှင့် ဖုံးကွယ်ပေးမည်မှာ သေချာပေသည်။
တိုက်ပွဲကတော့ ပြီးသွားလေပြီ။
ချန်ဟွိုက်အန် နဂါးအသွင်မှ ပြန်ပြောင်းလိုက်သောအခါ ချက်ချင်းပင် ကိုယ်လက်ပေါ့ပါးသွား၏။
“အား...ဆရာ... ဆရာ့ရဲ့... ဆရာ့ဘောင်းဘီက... နောက်တစ်ခါ ထပ်ပြီးတော့…”
သူ့နောက်မှ လီချင်းရန်၏ ထိတ်လန့်တကြား အော်သံ ထွက်လာသည်။
ချန်ဟွိုက်အန် လှည့်ကြည့်လိုက်၏။ လီချင်းရန်က ချက်ချင်းပင် မျက်နှာကို လက်နှင့် အုပ်လိုက်သော်လည်း လက်ချောင်းကြားမှ ချောင်းကြည့်နေသည်မှာ သိသာနေပြီး သူ့၏ မျက်လုံးလေးများက တလက်လက် တောက်ပနေ၏။
ယခင်တစ်ခါ ဖြစ်ပြီးကတည်းက ချန်ဟွိုက်အန် ကျင့်သားရနေပြီ ဖြစ်သည်။
ကျွမ်းကျင်စွာပင် ဘောင်းဘီတစ်ထည် ထုတ်ဝတ်လိုက်၏။
မျက်နှာက တည်ငြိမ်နေလေသည်။
တကယ့်ကို ဖြောင့်မတ်မှန်ကန်သော ပုံစံမျိုးနှင့်ပင်။
“မကြည့်သင့်တာကို မကြည့်နဲ့... မဟုတ်ရင် မင်း တာအိုလက်တွဲဖော် ဘယ်တော့မှ ရမှာမဟုတ်ဘူး...” သူက လီချင်းရန်၏ခေါင်းလေးကို လက်တစ်ဖက်နှင့် ဖိရင်း ဆူလိုက်သည်။
လီချင်းရန်က ခေါင်းကို အဖိခံထားရင်း ပါးလေးနှစ်ဖက် ဖောင်းအောင်လုပ်ကာ စူပုတ်နေသည်။ “ကျွန်မ တာအိုလက်တွဲဖော် မလိုချင်ပါဘူး။”
“ကျင့်ကြံခြင်းမှာ ဥစ္စာ၊ အဖော်၊ နည်းလမ်း၊ နေရာ ဆိုတာ ရှိတယ်။ တာအိုလက်တွဲဖော်က ဒုတိယနေရာမှာ ရှိတာလေ။ အရေးကြီးတာပေါ့...” ချန်ဟွိုက်အန်က တည်တည်ကြည်ကြည် ဆုံးမလိုက်သည်။
အကယ်၍ လီချင်းရန်က တာအိုလက်တွဲဖော်အဖြစ် မိမိကိုသာ လိုချင်သည်ဟု ပြောခဲ့လျှင် သူက ချက်ချင်း သဘောတူမိပေလိမ့်မည်။
တကယ့်ကမ္ဘာတွင် တွေ့ပြီး သရုပ်မှန်ပေါ်မပေါ်ကိုပင် ဂရုမစိုက်နိုင်တော့မည် မဟုတ်ပေ။
ဘာမှ မရှိတာထက်စာရင် ရှိနေတာက ပိုကောင်းတာပေါ့။
သို့သော် လီချင်းရန်က ပြောလိုက်သည်မှာ...
“ဆရာ... တပည့် သဘောမတူဘူး...”
“ဟော... ဒါဆို ပြောပါဦး။ မင်းက ဘယ်လိုထင်လို့လဲ။” ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။ “ပြောစမ်းပါဦး။”
လီချင်းရန်က မျက်လုံးဝိုင်းဝိုင်းနှင့် အလေးအနက် ကြည့်နေ၏။ သူက လက်ချောင်းလေးများနှင့် တစ်ခုချင်း ရေတွက်ပြနေလေသည်။
“ပထမအချက်က တာအိုလက်တွဲဖော်ရှိရင် အရင်းအမြစ်တွေကို ခွဲဝေပေးရမယ်။ ဆရာက ကျွန်မကို အရင်းအမြစ်တွေ အများကြီး ပေးထားတာ။ အဲဒါတွေကို တခြားသူနဲ့ ဝေမျှရမှာက တကယ့်ကို အရှုံးပဲ။”
“ဒုတိယအချက်က တာအိုလက်တွဲဖော်ရှိရင် အဲဒီဆက်ဆံရေးအတွက် အချိန်နဲ့ စွမ်းအင်တွေ ပေးရမယ်။ တကယ်လို့ ကျွန်မက သေသေချာချာ မထိန်းသိမ်းနိုင်ရင် တခြားအမျိုးသမီး ကျင့်ကြံသူက သူ့ကို လုသွားနိုင်တယ်။ အဲဒါဆို ကျွန်မရဲ့ လူရော၊ ဥစ္စာရော ဆုံးရှုံးသွားမှာပေါ့။”
“တတိယအချက်က တကယ်လို့ တာအိုလက်တွဲဖော် သေသွားရင် ကျွန်မရဲ့ ခံစားချက်တွေကို ထိခိုက်စေပြီး တာအိုနှလုံးသားကို ပျက်စီးစေနိုင်တယ်။ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က ထာဝရ ရပ်တန့်သွားနိုင်တယ်။ ကျွန်မကတော့ ဝမ်းနည်းကြေကွဲရင်း သေသွားမှာပေါ့။”
“နိဂုံးချုပ်ရရင်...”
လီချင်းရန်က လက်ချောင်းလေးများနှင့် ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ပုံစံ လုပ်လိုက်သည်။
“တာအိုလက်တွဲဖော် ထားတာက ဘာကောင်းကျိုးမှ မရှိပါဘူး။ အဲဒါကြောင့် ကျွန်မက ဆရာ့ရဲ့ ဘေးနားမှာပဲ တပည့်မလေးအဖြစ်နဲ့ ထာဝရ နေသွားချင်တယ်...”
...