ဒါဆို ဆရာလည်း တာအိုလက်တွဲဖော် မထားနဲ့
Vol. 29 Ch. 289
“မင်းပြောတာက… တကယ့်ကို အဓိပ္ပာယ်ရှိသားပဲ။” ချန်ဟွိုက်အန်က မေးစေ့ကို စဉ်းစားဟန်ဖြင့် ပွတ်သပ်လိုက်သည်။
ဒီအတွေးအခေါ်လား။ တစ်မျိုးတော့ ပါရမီရှင်ဆန်သား။
ဒါက အခုခေတ် လူငယ်တွေ ရည်းစားမထားတာ၊ အိမ်ထောင်မပြုတာတွေအတွက် ပေးတတ်တဲ့ အကြောင်းပြချက်တွေနဲ့ တူနေတာပဲ။
လူပျို၊အပျိုဘဝနဲ့နေရင် ပိုက်ဆံ ကြိုက်သလို သုံးလို့ရတယ်။
ဒါပေမဲ့ အိမ်ထောင်ပြုလိုက်ရင်လား။ အခုတော့ အသုံးစရိတ်တွေကို ခွဲဝေရပြီ။ ကလေးတွေပါ ရလာရင် သုံးယောက်စာ၊ လေးယောက်စာ ဖြစ်သွားမယ်။ ရန်ဖြစ်ရင် စိတ်ဓာတ်ကျမယ်။ တကယ်လို့ ဖောက်ပြန်တာခံရလို့ ကွာရှင်းလိုက်ရင်တော့ ပိုက်ဆံရော၊ သိက္ခာရော အကုန် ဆုံးရှုံးသွားပြီ။
အဆိုးဆုံးက ဘာလဲ။ အချိန်တွေ၊ စွမ်းအင်တွေနဲ့ ပိုက်ဆံတွေ အလဟဿ ဖြစ်သွားတာပဲပေါ့။
နောက်ဆုံးတော့ ဘာမှကျန်မှာ မဟုတ်တော့ဘူး။
“ဟုတ်တယ်မလား။ ဟုတ်တယ်မလား။” လီချင်းရန်က သူ၏ မေးစေ့လေးကို ဂုဏ်ယူစွာ မော့လိုက်ပြီး မျက်လုံးလေးများက တလက်လက် တောက်ပနေသည်။ ထို့နောက် သူက မေးလိုက်သည်။ “ဒါနဲ့... ဆရာ့မှာကော တာအိုလက်တွဲဖော် ရှိလား။”
“မရှိပါဘူး...” ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။
“အရင်ကကော ရှိဖူးလား။” သူက ထပ်မေးပြန်သည်။
ချန်ဟွိုက်အန် ပါးစပ်ဟလိုက်သည်။
ဟုတ်တယ်… သူ့မှာ ရည်းစားဟောင်းတစ်ယောက် ရှိခဲ့ဖူးတယ်။
သူ့ကို အမှိုက်လို ဆက်ဆံခဲ့တဲ့ ရည်းစားဟောင်းပေါ့။
သူတို့ လမ်းခွဲပြီးမှပဲ သိလိုက်ရတာက...
သူ ကြုံရာကျပန်း အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာနေချိန်မှာ သူ့ရည်းစားကတော့ ဈေးဝယ်စင်တာ ကလပ်တွေမှာ မော်ဒယ်ကောင်လေးတွေနဲ့ ပျော်ပါးနေခဲ့တာလေ။
သူ့ပိုက်ဆံတွေနဲ့ပေါ့။
အဲဒီတုန်းက သူက တော်တော်လေး ရုပ်ရည်သန့်ပြန့်တယ်လို့ ပြောလို့ရပေမဲ့…
သူတို့လို ရုပ်ရည်ကို အရင်းအနှီးလုပ်ပြီး အသက်မွေးဝမ်းကျောင်းနေတဲ့ သူတွေကိုတော့ သူ ဘယ်ယှဉ်နိုင်ပါ့မလဲ။ လူတွေရဲ့ အလိုရမ္မက်ဆိုတာ ဘယ်တော့မှ မတင်းတိမ်နိုင်ဘူးလေ။
အမှန်အတိုင်း ပြောရရင် သူ့ကိုလည်း တာအိုလက်တွဲဖော်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။
တာအိုလက်တွဲဖော်ဆိုတာ လမ်းစဉ်အပေါ်မှာ တစ်ဦးကိုတစ်ဦး ကူညီရမယ့်သူတွေလေ။
ဒါပေမဲ့ ဘာမှ ကူညီစရာမရှိတော့ရင် သစ္စာဖောက်မှုအဖြစ် ပြောင်းလဲသွားရင် အဲဒါကိုတော့ လမ်းခွဲခြင်းလို့ ခေါ်တာပေါ့။
“အင်း... ရှိခဲ့ဖူးတယ်။” ချန်ဟွိုက်အန် အမှန်အတိုင်း ဖြေလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် သူ၏ တပည့်မလေး၏ မျက်ဝန်းများတွင် စပ်စုလိုစိတ်များ ဝင်းခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ သူ နေရောင်ခြည်ကို ရှာဖွေနေသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ ကိုယ်ကို မတ်လိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးလာ၏။
“ဒါဆိုရင်... ဘာလို့ ဆရာက သူနဲ့ အခုထိ အတူတူ မရှိတော့တာလဲ။”
“အဲဒါကတော့…” ချန်ဟွိုက်အန် ခဏလောက် စဉ်းစားပြီး လီချင်းရန် နားလည်နိုင်မည့် ပုံစံဖြင့် အနှစ်ချုပ်ပြောလိုက်သည်။
”အဲဒီတုန်းက ငါက အရမ်းအားနည်းနေသေးတာလေ။ ပါရမီလည်းမရှိ၊ ခွန်အားလည်းမရှိဘူး။ အရမ်းဖျားနာနေပြီး သေဖို့လက်တစ်ကမ်း အခြေအနေမှာတောင် ရှိခဲ့တာ။ ဒါကြောင့် အဲဒီလို အခြေအနေမျိုးမှာ ငါ့ရဲ့ တာအိုလက်တွဲဖော်က ထွက်သွားဖို့ ရွေးချယ်တာက သဘာဝကျပါတယ်။ သူ့မှာ ဒီထက်ပိုကောင်းတဲ့သူကို ရှာခွင့်ရှိတာပဲ မဟုတ်လား။”
လီချင်းရန် တိတ်ဆိတ်သွား၏။
ထိုကဲ့သို့ကိစ္စများက ချင်းယွန်ဘုံတွင် အမြဲဖြစ်နေကျပင်။
ဂိုဏ်းငယ်လေးများမှ ပါရမီရှင်များက ဂိုဏ်းကြီးထဲ ရောက်သွားလျှင် သူတို့၏ အဖော်များကို စွန့်ပစ်လေ့ရှိကြသည်။ အရင်းအမြစ်အတွက်နှင့် မိမိ၏ တာအိုလက်တွဲဖော်ကို ပြန်သတ်သော အဖြစ်အပျက်များပင် ရှိသေးသည်။
သစ္စာဖောက်ခြင်းကို “ပုံမှန်” ဖြစ်ရပ်တစ်ခုဟု လီချင်းရန် မထင်သော်လည်း ရှင်သန်လိုစိတ်က လူများကို မိစ္ဆာများအဖြစ် ပြောင်းလဲပစ်တတ်ကြောင်းကိုတော့ သူ သိသည်။
“စိတ်မပူပါနဲ့ ဆရာ။ ကျွန်မကတော့ ဆရာ့ကို ဘယ်တော့မှ ပစ်မသွားပါဘူး။”
“အခု ငါ အစွမ်းထက်ပြီး အရင်းအမြစ်တွေ အများကြီးရှိနေလို့လား။” ချန်ဟွိုက်အန်က ပြုံးရင်း မေးလိုက်သည်။
“မဟုတ်ပါဘူး။” လီချင်းရန်က နှုတ်ခမ်းလေးကို တိမ်တိုက်ကြားက လမင်းလေးလို ညှို့ယူဖွယ် ပြုံးလိုက်ရင်း ပြောသည်။ ”ကျွန်မက ဆရာ့ရဲ့ တပည့်လေ။ တာအိုလက်တွဲဖော် မဟုတ်ဘူး။ ကျွန်မ လုပ်ရမှာက ဆရာ့နောက်ကို လိုက်ဖို့ပဲ။ တာအိုလက်တွဲဖော်တွေက စိုးရိမ်ရတာတွေ ပိုများတယ်။ ဆရာဆိုတာ အဖေနဲ့ တူတူပါပဲ။ မှန်ပါတယ်။ အချို့လူတွေက မိဘကို ပစ်သွားကြသလို အချို့မိဘတွေကလည်း သားသမီးကို ပစ်သွားတတ်ကြတယ်… ဒါပေမဲ့ ကျွန်မကတော့ အဲဒီလိုလူစားမျိုး မဟုတ်ဘူး။”
ချန်ဟွိုက်အန်၏ ဘဝအတွေ့အကြုံအရ...
တခြားမည်သူမဆို ထိုစကားမျိုး ပြောခဲ့လျှင် သူ စိတ်ထဲမှ နှာခေါင်းရှုံ့မိပေလိမ့်မည်။
သို့သော် ယခု ပြောနေသူမှာ လီချင်းရန်ပင်။
သူ လီချင်းရန်ကို ယုံကြည်သည်။
သူက ချင်းယွန်ဂိုဏ်းမှ ရက်ရက်စက်စက် နှင်ထုတ်ခံရပြီး သေလုမျောပါး အခြေအနေနှင့် တဲအိမ်လေးထဲတွင် နေခဲ့ရချိန်အထိ သူတို့ကို လက်မလျှော့ခဲ့သူပင်။ ၎င်းမှာ သူသည် မည်မျှအထိ သစ္စာရှိပြီး မြတ်နိုးတတ်ကြောင်းကို ပြနေ၏။
“မင်းကို ငါ ယုံကြည်ပါတယ်။”
“ဒါဆိုရင် ဆရာလည်း တာအိုလက်တွဲဖော် မရှာနဲ့တော့နော်။”
“ကောင်းပါပြီဗျာ။ မရှာပါဘူး။”
“ဟီးဟီး..”
သူ၏အပြုံးမှာ အရည်ပျော်နေသော နှင်းများကဲ့သို့ နူးညံ့ပြီး စင်ကြယ်လှ၏။
ဒီလောက် အံ့သြဖို့ကောင်းတဲ့ တပည့်မလေး ရှိနေမှတော့ ဘာလို့ တာအိုလက်တွဲဖော် လိုမှာလဲ။
၎င်းမှာ ချန်ဟွိုက်အန်၏ စစ်မှန်သော အတွေးပင်။
...
“အစ်ကိုချန်...”
သူ့နောက်မှ အသံတစ်ခု ထွက်လာသည်။
ချန်ဟွိုက်အန် လှည့်ကြည့်လိုက်၏။ လီချင်းရန်က ဗီဇအရ ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး ရောက်လာသူကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။ နူးညံ့သော ကြောင်ပေါက်လေးက ချက်ချင်း အဆူးများ ထောင်နေသော ဖြူကောင်လို အသင့်အနေအထား ဖြစ်သွားတော့သည်။
ဝမ်ရှိုယီတစ်ယောက် အတော်လေးကို စုတ်ပြတ်သတ်နေသော ပုံစံနှင့် ပြေးလာနေခြင်းပင်။
“အစ်ကိုချန်... အဆင်ပြေရဲ့လား။ ခုနက ရေကန်ပေါ်မှာ တိုက်ပွဲကြီး ဖြစ်သွားတာ။ ကျွန်တော်တို့ ရှိနေတဲ့ ဂူကြီးလည်း ပျက်စီးသွားပြီး လူတွေ အကုန်မြေပိကုန်တာပဲ။ ပြီးတော့ အခင်းအကျင်း ကျောက်ပြားကိုလည်း တစ်ယောက်ယောက်က ဓားတစ်ချက်တည်းနဲ့ နှစ်ခြမ်းခွဲပစ်လိုက်တယ်… ဟမ်... အစ်ကိုချန်... ခင်ဗျား... ခင်ဗျား အခြေခံအုတ်မြစ်အဆင့်ကို ရောက်...”
ဖြတ်....
ချန်ဟွိုက်အန်က ဝမ်ရှိုယီ၏ပါးစပ်ကို ပလက်တီပတ်စ်နှုတ်သီးလိုမျိုး တင်းတင်းပိတ်လိုက်၏။
“ဒီနေရာမှာ အခုပဲ တိုက်ပွဲကြီး ဖြစ်သွားတာ။ ငါတို့လို ကျင့်ကြံခြင်းအဆင့် နိမ့်တဲ့သူတွေ ပတ်ချာလည် လည်နေရမယ့် နေရာမဟုတ်ဘူး။ သွားမယ်။ အခုချက်ချင်း...” ချန်ဟွိုက်အန်က ချောင်းတစ်ချက်ဟန့်ရင်း ဝမ်ရှိုယီကို သတ်တော့မည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။
ဝမ်ရှိုယီက သူ့ပါးစပ် မည်သည်ကြောင့် ပိတ်ခံကြောင်းကို မသိသော်လည်း ချန်ဟွိုက်အန်၏ မျက်နှာပေးအရတော့ ရှင်းနေလေပြီ။
ပါးစပ်...ပိတ်...ထား။
ချန်ဟွိုက်အန်၏ လက်ရှိအစီအစဉ်က ဟက်စကီးခွေးများအကြားမှ ဝံပုလွေတစ်ကောင်လို ရောနေပြီး ထိုသားရဲဖမ်းပြိုင်ပွဲကို တိတ်တိတ်ဆိတ်ဆိတ် အဆုံးသတ်ရန်ပင်။
ရေကန်ပေါ်က အပြင်းအထန် တိုက်ပွဲကြီးလား။
အဲဒါက ဓားကျောင်းတော်ဂိုဏ်းချုပ်ရယ်၊ သူ့တပည့်သုံးယောက်ရယ်... နောက်ပြီး နဂါးလူသား သေးသေးလေး တစ်ယောက်ရယ်လေ။ ငါနဲ့ ဘာဆိုင်လို့လဲ။
ကြွေးရှင်ရှိရင် ကြွေးဆပ်ရမှာပေါ့။ ဒါက ချန်ဟွိုက်အန် ဒါမှမဟုတ် လီချင်းရန်နဲ့ ပတ်သက်တယ် ဆိုတာ ဘယ်သူမှ သက်သေပြနိုင်မှာ မဟုတ်ဘူး။
လီချင်းရန်က သူ၏ဆရာနှင့် ဝမ်ရှိုယီနောက်မှ လိုက်လာရင်း ချန်ဟွိုက်အန်၏ ကျောပြင်ကို စပ်စုလိုသော မျက်လုံးလေးများနှင့် စိုက်ကြည့်နေမိသည်။
အခု ဆရာ ထုတ်ပြထားတဲ့ ကျင့်ကြံခြင်းအဆင့်က အခြေခံအုတ်မြစ်အဆင့်။
ဒါဆိုရင်... ဆရာ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် ကျင့်ကြံခြင်းအဆင့်က ဒီကမ္ဘာရဲ့ ဆန္ဒကြောင့် ပေါင်းစည်းခြင်းအဆင့်အထိ အဖိနှိပ်ခံထားရတာ နေမှာ။ ဒါကြောင့်လည်း အခြေခံအုတ်မြစ် အဆင့်လောက်ပဲ မြင်နေရတာပေါ့။
ဂိုဏ်းချုပ်စုရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလို့ မကျသွားတာလဲ ဆိုတော့....
အချိန်ကြောင့်ပဲ။
စုချီနျန်က ဒီကို ရောက်နေတာ တစ်မိနစ်တောင် မပြည့်သေးဘူးလေ။ ဒီကမ္ဘာရဲ့ အလိုဆန္ဒက သူ့ကို သတိတောင် ထားမိဦးမှာ မဟုတ်သေးဘူး။ သူ့အစွမ်းကို ဖိနှိပ်ဖို့ အချိန်မရလိုက်တာပေါ့။
ဒါပေမဲ့ ဆရာကတော့ ဒီမှာ နေလာတာ ကြာပြီဆိုတော့ ကောင်းကင်ဘုံတာအိုရဲ့ ဖိနှိပ်မှုက ဆရာ့အပေါ်မှာ သေချာပေါက် သက်ရောက်နေပြီ။
ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ခန္ဓာနဲ့ ပြသထားတဲ့ အစွမ်းကြားက ကွာခြားချက်က ရွှေရောင်အနှစ်သာရအဆင့်မှာ မျှခြေဖြစ်သွားတဲ့အထိ ထပ်ပြီး ဖိနှိပ်ခံရဦးမှာ သေချာတယ်။
“ငါက တကယ့်ကို ဉာဏ်ကောင်းတာပဲ...”
လီချင်းရန်၏ နှုတ်ခမ်းလေးမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်သည့် အပြုံးဖြင့် ကွေးညွှတ်သွားသည်။ သူ၏ မျက်လုံးလေးများက တလက်လက် တောက်ပနေ၏။
ဆရာ့ကို မေးခွန်းတွေ မေးပြီး စိတ်အနှောင့်အယှက် ပေးနေစရာ မလိုပါဘူး။ လျို့ဝှက်ချက်ကို ကိုယ့်ဘာသာ ဖော်ထုတ်နိုင်ရမယ်။ အဲဒါမှ ထက်မြက်တဲ့ တပည့်မလေး ဖြစ်မှာ...
ရှေ့တွင်တော့ ချန်ဟွိုက်အန်က တည်ကြည်သော မျက်နှာပေးနှင့် သွားနေသည်။
အပြင်ပန်းတွင်တော့ တည်ငြိမ်အေးဆေးနေပုံ ပေါ်နေသော်လည်း အတွင်းထဲတွင်တော့ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
ဒါက မကောင်းဘူး။
တကယ်ကို မကောင်းဘူး။
စကားပုံတစ်ခု ရှိတယ်လေ။ လိမ်ညာမှု တစ်ခုကနေ နောက်ထပ် လိမ်ညာမှုပေါင်း ထောင်ချီကို ဖြစ်စေတယ်ဆိုတာမျိုးပေါ့။
ခုနက စုချီနျန်ကို ဆင့်ခေါ်လိုက်တာကတော့ တကယ့်ကို မိုက်တယ်။
စုချီနျန် ဟိုလူတွေကို ရိုက်နှက်နေတာကို ကြည့်ရတာက ပိုပြီးတော့တောင် မိုက်သေးတယ်။
ဒါပေမဲ့ စုချီနျန်ရဲ့ အထွတ်အထိပ် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ဘယ်လို ရှင်းပြရမှာလဲ...
ဒါက ငါ့ရဲ့ ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကို ဗြောင်ကျကျ ဖော်ပြလိုက်သလို ဖြစ်မနေဘူးလား။
ဒါပေမဲ့... လီချင်းရန်ရဲ့ အမူအရာကို ကြည့်ရသလောက်တော့ ဘာမှ သတိထားမိတဲ့ပုံ မပေါ်ဘူး။
တကယ်လို့ သူ သတိမထားမိဘူးဆိုရင်တော့ တော်သေးတာပေါ့။
သူက အခုလို ချစ်စရာကောင်းတဲ့ ငတုံးမလေးအဖြစ်ပဲ ရှိနေမယ်ဆိုရင် အကောင်းဆုံးပဲ။ လင်းလင်လင်ဆိုတဲ့ အရူးမလေးလို တစ်နေ့ကို မေးခွန်းပေါင်း တစ်သန်းလောက် လိုက်မေးနေမှာ မဟုတ်ဘူး။
“အစ်ကိုချန်... ခုနက ဓားကျင့်ကြံသူ တစ်ယောက်ကို မြင်လိုက်လား။ မီးခိုးရောင် တိုက်ပွဲဝတ်စုံ ဝတ်ထားပြီး မျက်လုံးထောင့်မှာ အမာရွတ်နဲ့လူလေ။” ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို ခွန်းလွန် အင်မော်တယ်နန်းတော် တပည့်များ နေရာယူထားသော တောင်ပေါ်ကို ခေါ်လာရင်း စကားများ တရစပ် ပြောနေတော့သည်။
“မယုံနိုင်စရာပဲ... အဲဒီလူက ဝေါခနဲ ရောက်လာပြီး၊ ဝေါခနဲ အခင်းအကျင်းကျောက်ပြားကို တစ်ချက်တည်းနဲ့ ခုတ်ပစ်လိုက်တာ။ ပြီးတော့ ဝုန်းခနဲ ဂူကို ကန်ဖောက်ပြီး၊ ဝေါခနဲ ပျောက်သွားတာပဲ။ အကုန်လုံးက သုံးစက္ကန့်လောက်ပဲ ကြာမယ်...”
ထိုသို့ ပြောနေရင်း ဝမ်ရှိုယီက တကယ့်ကို အားကျနေသည့် ပုံစံပင်။ “ကျွန်တော်ကော ဘယ်တော့မှ အဲဒီလို ဓားနဲ့ အမိုက်စား ဖြစ်လာမှာလဲ မသိဘူး။”
“မသိဘူးလေ။ ငါတော့ သူ့ကို မမြင်လိုက်ဘူး။” ချန်ဟွိုက်အန်က ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
ဝမ်ရှိုယီ ပြောနေသည်မှာ တွမ်ဖုန်းအကြောင်းဆိုသည်ကို သူ သိသည်။
တိုက်ရိုက်တပည့် သုံးယောက်ထဲတွင် တွမ်ဖုန်း တစ်ယောက်သာ မျက်လုံးနားတွင် အမာရွတ် ရှိ၏။ သူက တက်လှမ်းသူများကို သတ်ခဲ့ရုံတင် မကပေ။ အခင်းအကျင်း ကျောက်ပြားများ အားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ အလုပ်လုပ်ပုံက တကယ့်ကို ကြောက်စရာ ကောင်းလှ၏။
“ဟုတ်မှာပါ။ ခင်ဗျား သူ့ကို မမြင်လိုက်တာ ကံကောင်းတယ်မှတ်။ မြင်လိုက်ရင် ခင်ဗျားလည်း နှစ်ပိုင်း ပြတ်သွားမှာ သေချာတယ်။”
ချန်ဟွိုက်အန် မျက်လုံးလှန်လိုက်မိသည်။ ပြောစရာ စကားပင် မရှိတော့ပေ။
လီချင်းရန်ကတော့ သူ့နောက်တွင် ခေါင်းငုံ့ပြီး မရယ်မိအောင် အောင့်ထားရရှာသည်။
“စီနီယာဝမ်... ကျွန်တော်တို့ စီနီယာကျန်းနဲ့ အဆက်အသွယ် ပြတ်သွားပြီ…”
နောက်ထပ် တပည့်တစ်ယောက် ရောက်လာပြီး ဝမ်ရှိုယီ၏ နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။
ဝမ်ရှိုယီ၏မျက်နှာ တည်ကြည်သွား၏။ သူ ချန်ဟွိုက်အန်ကို လက်ယှက်၍ နှုတ်ဆက်လိုက်သည်။
“အစ်ကိုချန်... ကျွန်တော် ဖြေရှင်းစရာလေးတွေ ရှိလို့။ ဂိုဏ်းပေါင်းစုံက အကြီးအကဲတွေ တိုက်ခိုက်ခံရပြီး ပျောက်ဆုံးနေတယ်။ ကြည့်ရတာ ပြိုင်ပွဲက စောစောစီးစီး ပြီးသွားမယ့်ပုံပဲ။”
“ခင်ဗျား မိစ္ဆာတွေ အများကြီး မသတ်နိုင်ခဲ့ရင်လည်း စိတ်မပူပါနဲ့…” သူက ချန်ဟွိုက်အန်ကို လူမမြင်သော နေရာဆီ ဆွဲခေါ်သွားလိုက်သည်။
ထို့နောက် မည်သူမှ မကြည့်နေကြောင်း သေချာအောင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးမှ ချန်ဟွိုက်အန်၏လက်ထဲကို ကြွေပုလင်းလေးတစ်လုံး ထည့်ပေးလိုက်သည်။
သူ တိုးတိုးလေး ကပ်ပြောလိုက်၏။
“ဒါက ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ အရိုးသန့်စင်ဆေးလုံးတွေ။ အလယ်အလတ်အဆင့်။ ပြိုင်ပွဲက ဆုတွေထက် အများကြီး သာတယ်။ ခင်ဗျားပဲ သိမ်းထား။ ဘယ်သူ့ကိုမှ မပြောနဲ့ဦး။”
...