← Chapters

ဂိုဏ်းဖွင့်ပွဲအခမ်းအနား

Vol. 15 Ch. 142

ဂိုဏ်းဖွင့်ပွဲအခမ်းအနား

Vol. 15 Ch. 142

ရက်အနည်းငယ်ကြာပြီးနောက် ဖေးရှန်ဂိုဏ်း၏ ကြီးကျယ်ခမ်းနားသောဖွင့်ပွဲအခမ်းအနား စတင်လေ၏။ ဤပွဲသည် ချင်လင်နယ်မြေတစ်ခုလုံး၏ အာရုံစိုက်မှုကိုရရှိထားသဖြင့် ဧကရာဇ်နိုင်ငံတစ်ခု၏နန်းတက်ပွဲထက်ပင် ပို၍လူပြောများနေသည်။

သို့သော်လည်း အခမ်းအနားကျင်းပသည့်နေ့တွင် ဂိုဏ်းအဝင်ဝ၌ ထင်သလောက်လူမစည်လှပေ။ ကျန်းချန်သည် စောစောစီးစီးနိုးထလာပြီး မင်္ဂလာရှိသောအနီရောင်ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထား၏။ ယနေ့တွင် သူသည် ချင်လင်နယ်မြေရှိလူတိုင်းကို သူရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ဤနယ်မြေကို သူစိုးမိုးတော့မည်ဖြစ်ကြောင်း ကြေညာမည်ဖြစ်သည်။

အဝေးမှတပည့်တစ်စု သူ့ကိုလှမ်းမြင်လိုက်ကြသည်။ တန်ထိုက်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"ဝိုး... အဲဒါဘယ်သူလဲ"

"ဘာလို့ ဒီလောက်ခန့်ညားနေရတာလဲ"

အနားသို့ရောက်လာသောအခါ သူတို့ ပို၍အံ့အားသင့်သွားကြသည်။

"အို... ဂိုဏ်းချုပ်ကြီးပဲ"

"ဒီလောက်အထိ တုန်လှုပ်စရာကောင်းအောင်ခန့်ညားပြီး မိုင်ပေါင်းထောင်ချီတဲ့ အလင်းရောင်တွေကိုတောင် မှေးမှိန်သွားစေနိုင်တဲ့ရုပ်ရည်မျိုး ဂိုဏ်းချုပ်ကလွဲလို့ ဘယ်သူမှမရှိနိုင်ဘူးဆိုတာ ကျွန်တော်သိသားပဲ"

အခြားတပည့်များကမူ တန်ထိုက်၏မြှောက်ပင့်မှုမှာ အလွန်အကျွံဖြစ်လွန်းသည်ဟု စိတ်ထဲမှ ကဲ့ရဲ့နေကြသော်လည်း သူတို့၏တုံ့ပြန်မှုမှာလည်း မနှေးလှပေ။

"ဂိုဏ်းချုပ်က ပိုပြီးခန့်ညားလာတာပဲ"

"ဂိုဏ်းချုပ်က နေ့တိုင်း အရှိန်အဝါသစ်တွေထွက်နေတာ၊ မင်းတို့ကမှ သတိမထားမိကြတာ"

တတိယမျိုးဆက် တပည့်ဖြစ်သူ ဝေမြောင်ကမူ အားလုံးထက်သာလွန်သောစကားတစ်ခွန်းကို ပြောလိုက်သည်။

"ဂိုဏ်းချုပ်သာမရှိရင် ကမ္ဘာကြီးဟာ ထာဝရအမှောင်ထုထဲမှာပဲရှိနေမှာ"

ဤစကားကိုကြားလိုက်ရသောအခါ အစ်ကိုကြီးချန်၏မျက်နှာတွင် အပြုံးများပိုမိုပွင့်လန်းသွားသည်။ သူက ဝေမြောင်၏ပခုံးကိုပုတ်ကာ

"မင်းရဲ့ နားလည်သဘောပေါက်မှုက တော်တော်ကောင်းတာပဲ၊ ငါမင်းကို မျှော်လင့်ချက်ထားတယ်"

ဟုဆိုကာ ရတနာအဆင့်ချပ်ဝတ်တစ်ခုကို လက်ဆောင်ပေးလိုက်သည်။

တပည့်များမျက်လုံးပြူးကုန်၏။

စကားတစ်ခွန်းတည်းနဲ့ ရတနာအဆင့်ပစ္စည်းတစ်ခု ရသွားတာလား...

အားလုံးမှာ ဝေမြောင်ကိုမနာလိုဖြစ်ကာ အပိုင်းပိုင်းဆွဲဖြတ်ချင်စိတ်များ ပေါက်သွားကြတော့သည်။

ယနေ့တွင် ကျန်းချန်သည် လျှို့ဝှက်နယ်မြေ၏အစီအရင်များကို ဖွင့်လှစ်ပေးထားပြီး မည်သူမဆို လွတ်လပ်စွာဝင်ထွက်ခွင့်ပြုထားသည်။ သူသည် အလွန်ဧည့်ဝတ်ကျေပွန်သူဖြစ်၏။

အပြင်ဘက်တွင်ဧည့်သည်များ တဖြည်းဖြည်းရောက်ရှိလာကြသည်။ ကျောက်ဟုန်တယ်သည် ဂိုဏ်းအဝင်ဝတွင်လွင့်မျောနေသော မီတာတစ်သိန်းကျော်သည့် ကျားကြီးကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားရသည်။ ထိုကျားကြီး၏လည်ပင်းတွင် ဂိုဏ်းစောင့်နတ်သားရဲ ဟူသော ဆိုင်းဘုတ်နှင့် ဖေးရှန်ဂိုဏ်းကကြိုဆိုပါသည် ဟူသောစာတန်းကို ချိတ်ဆွဲထားလေ၏။

ကျောက်ဟုန်တယ်သည် မိုင်ပေါင်းသုံးထောင်အကွာရှိ ဝါးမြစ်မြို့တော်မှ ကျောက်မိသားစု၏ စတုတ္ထမန်နေဂျာဖြစ်သည်။ သူတို့မိသားစု၏ အားအကောင်းဆုံးဘိုးဘေးမှာ ဝိညာဉ်အခြေတည်အဆင့်သာရှိသဖြင့် ဤဂိုဏ်းသို့လာရန် အလွန်ကြောက်ရွံ့နေကြသည်။

ဖေးရှန်ဂိုဏ်းက မြင့်မြတ်နယ်မြေကို ဖျက်ဆီးထားသဖြင့် အခြားဂိုဏ်းကြီးများ၏ အငြိုးထားခြင်းကိုခံရမည်စိုး၍ မိသားစုခေါင်းဆောင်ကိုယ်တိုင်မလာဘဲ မန်နေဂျာကိုသာ လွှတ်လိုက်ခြင်းဖြစ်သည်။

ဂိုဏ်းအဝင်ဝတွင်မှတ်ပုံတင်သောအခါ တပည့်တစ်ဦးက အော်ဟစ်လိုက်သည်။

"ဝါးမြစ်မြို့ ကျောက်မိသားစု ရောက်ရှိလာပါပြီ။ လက်ဆောင်... အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀"

ဤပမာဏမှာအလွန်နည်းပါးသော်လည်း လော့ယွမ်က သူ့ကိုလာရောက်ကြိုဆိုပြီး ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်သွားသည်။

ထိုစဉ်အပြင်ဘက်မှ ထပ်မံကြေညာသံထွက်ပေါ်လာသည်။

"ရှေးဟောင်းရန်မင်းဆက်မှ ပိုင်ယွီဓားသူတော်စင် ကြွရောက်လာပါပြီ။ လက်ဆောင်... ရွှေစင်တစ်ပိဿာ"

သူတော်စင်ဟူသောအမည်ကို ကြားလိုက်ရသောအခါ အားလုံးမှင်သက်သွား၏။ သူတော်စင်အဆင့် ပညာရှင်တစ်ဦး အမှန်တကယ်ရောက်လာသလော..

လော့ယွမ်နှင့် ယင်းရွှယ်အာတို့ အပြေးအလွှားသွားကြည့်သောအခါ အသက် ၃၀ ခန့်ရှိပြီး တည်ငြိမ်သောမျက်လုံးများနှင့် ကျောတွင် ရှေးဟောင်းဓားတစ်လက်လွယ်ထားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။ သူသည် မျက်စိသုံးလုံးကျားကြီးကိုမြင်သော်လည်း အမူအရာပျက်ယွင်းခြင်းမရှိဘဲ တည်ငြိမ်လွန်းလှသည်။

သို့သော်လည်း လော့ယွမ်က စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။ ထိုသူမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၉ သာ ရှိသည့် သာမန်လူတစ်ဦးဖြစ်နေသောကြောင့်ပင်။

ခန္ဓာကိုယ်သန့်စင်ခြင်းမှာ မပျံသန်းနိုင်သဖြင့် ယင်းရွှယ်အာက သူ့ကို လေထဲတွင်လှမ်းဖမ်းကာ ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်သွားရလေတော့သည်။

All Chapters