ရင်ဘတ်ထဲမှ စို့တက်လာသောမျက်ရည်များ
Vol. 15 Ch. 144
ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနားမှာ အလွန်ရိုးရှင်း၏။ ကျန်းချန်သည် ရှည်ရှည်ဝေးဝေး စကားပြောနေရသည်ကို ပျင်းရိသဖြင့် ဆိုင်းဘုတ်လဲလှယ်ခြင်းနှင့် သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားသော ဖဲကြိုးဖြတ်ခြင်းအစီအစဉ်ကိုသာ လုပ်ဆောင်လိုက်သည်။
ဧည့်သည်များမှာ ၎င်း၏ထူးခြားမှုကို နားမလည်ကြသော်လည်း လက်ခုပ်သံများကတော့ မိုးထိမတတ် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် စားသောက်ပွဲ စတင်လေတော့သည်။ အစားအသောက်နှင့် ဝိုင်များ စားပွဲပေါ်သို့ ရောက်လာသည်နှင့် တစ်ခန်းလုံးရှိလူများမှာ အသက်ရှူမှားကုန်ကြ၏။
အစ်ကိုကြီးချန်သည် ယခင်က ပါယွန်းခန်းမ၏တည်ထောင်ပွဲကို တက်ရောက်ဖူးသဖြင့် ထိုပုံစံအတိုင်း ပြန်လည်စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ဤစားသောက်ပွဲမှာ ထိုစဉ်ကထက် အဆပေါင်းများစွာ ပိုခမ်းနား၏။
တည်ငြိမ်လှသော ပိုင်ယွီဓားသူတော်စင်ပင်လျှင် နေရာမှဝုန်းခနဲထရပ်လိုက်မိသည်။ သူသည် ခရမ်းရောင်အသီးလေးတစ်လုံးကိုကိုင်ကာ ကျန်းချန်ကိုအံ့သြတုန်လှုပ်စွာကြည့်မိ၏။
"ဒါ... ဒါက တစ်လုပ်စားရုံနဲ့ ကျင့်ကြံမှုကို နှစ်ပေါင်းနှစ်ရာစာတိုးတက်စေတဲ့ ခရမ်းရောင်နတ်အသီးမဟုတ်လား"
"ကျင့်ကြံမှုတိုးတက်တာလား..."
အစ်ကိုကြီးချန်ကတော့ ဘာမှနားမလည်ပေ။ ဤအသီးများကို သူက လျှို့ဝှက်နယ်မြေအတွင်းရှိ တောင်ကုန်းများပေါ်မှ ခူးလာခြင်းဖြစ်သည်။
ထိုနေရာတွင် ဤအသီးများမှာ တောင်ပုံရာပုံရှိနေပြီး သူ့အမြင်တွင် အောက်ခြေအဆင့်ပစ္စည်းများသာ။ သို့သော် သာမန်ဆေးလုံးများထက်ပိုကောင်းသည်မှာ အစိမ်းလိုက်စားလျှင်လည်း အရသာရှိခြင်းပင်။
ဘေးမှလော့ယွမ်က ပြုံးလျက်
"ဒါက ခရမ်းရောင်နံ့သာအသီးပါပဲ၊ ဒါပေမဲ့ ဒါက ဝိညာဉ်စွမ်းအားကိုတိုးစေတာပါ"
ဟု ရှင်းပြလိုက်သည်။
ပိုင်ယွီဓားသူတော်စင်သည် ထိုအသီးကို အလွန်အဖိုးတန်သည်ဟုယူဆကာ မစားရက်ဘဲ သူ၏ဝတ်ရုံထဲသို့ ဂရုတစိုက်ထည့်သိမ်းလိုက်၏။ အခြားသူများကမူ သူ့ကိုတောသားဟုသတ်မှတ်ကာ ခိုး၍ရယ်မောကြသည်။
သို့သော် နောက်တစ်မိနစ်တွင် သူတို့အားလုံးပါ အံ့သြသွားကြရပြန်သည်။ ဝိုင်တစ်ခွက်ကို အတူတကွ သောက်သုံးလိုက်ကြပြီးနောက် ဧည့်သည် ၂,၀၀၀ ထဲမှ ၄၀၀ ကျော်မှာ နေရာတင်ပင် ကျင့်စဉ်အဆင့်တစ်ဆင့်စီ တက်လှမ်းသွား၏။
ကျောက်ဟုန်တယ်သည် သူ၏ခွက်အလွတ်ကိုကြည့်ပြီး မှင်သက်နေသည်။ သူသည် မူလဖြစ်တည်ခြင်းအဆင့် ၆ မှ ၇ သို့ ရောက်သွားလေပြီ။ သူ၏ဘဝတွင် ဤအဆင့်မှာ အဆုံးသတ်ဟုထင်ခဲ့သော်လည်း မယုံနိုင်စရာများဖြစ်သွားလေ၏။
"ဒါ... ဒါက အင်မော်တယ်တွေသောက်တဲ့ နတ်သုဒ္ဓါလား"
တစ်ဦးက ရေရွတ်လိုက်သည်။
"ဝိညာဉ်စွမ်းအားတင်မဟုတ်ဘူး... ဒီဝိုင်ထဲမှာ ဝိညာဉ်အခြေတည်အဆင့်ရဲ့ အနှစ်သာရတွေပါနေတယ်"
လူတိုင်းမှာ နောက်တစ်ခွက်သောက်ရန်အတွက် ဝိုင်အိုးများကို အလုအယက်လုယူကြတော့သည်။ အချို့မှာ အိုးလိုက်မော့သောက်ကြသလို၊ အချို့မှာမူ ဝိုင်အတွက်ရန်ဖြစ်လုနီးပါးပင်။ ကျန်းချန်ကပြုံးလျက်...
"ဝိုင်တွေ အများကြီးရှိပါသေးတယ်၊ စိတ်ကြိုက်သောက်ကြပါ၊ ရန်မဖြစ်ကြပါနဲ့"
သူ၏အမိန့်အရ တပည့်များက လူနှစ်ဖက်စာခန့်ရှိသော ဝိုင်စည်ကြီးများကို စားပွဲတိုင်း၏ဘေးတွင် ချထားပေး၏။ ဧည့်သည်များမှာ ဤရက်ရောမှုကိုမြင်သောအခါ အိမ်မက်မက်နေသကဲ့သို့ပင်။ စားပွဲပေါ်ရှိ အသီးတိုင်း၊ ဟင်းပွဲတိုင်းမှာ ကျင့်စဉ်အတွက် အထောက်အကူပြုနေသည်။
စားသောက်ပွဲအပြီးတွင် ကျောက်ဟုန်တယ်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၁ သို့ ရောက်ရှိသွားသည်။ သက်တမ်းလည်းတိုးသွားသဖြင့် ဘဝတစ်ခုလုံးပြောင်းလဲသွားချေပြီ။ အခြားသူများလည်း ထိုနည်းတူပင် အကျိုးထူးများရရှိကြ၏။
ဧည့်သည်များမှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်ကာ ငိုယိုကြတော့သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး"
"ဖေးရှန်ဂိုဏ်းကိုလာရတာ ကျွန်တော်တို့ဘဝရဲ့ အကြီးမားဆုံးဂုဏ်အသရေပါပဲ"
"ကျွန်တော်ပြန်ရောက်ရင် ဂိုဏ်းချုပ်ကြီးရဲ့ရုပ်တုကို ရွှေနဲ့သွန်းပြီး နေ့တိုင်းအမွှေးတိုင်ထွန်းပူဇော်ပါ့မယ်"
ဒင်... ဒင်... ဒင်
စနစ်အသိပေးချက်များတက်လာသည်။ ဧည့်သည် ၃၀၀ ကျော်မှာ ကျန်းချန်အပေါ် အလွန်အမင်းကျေးဇူးတင်ပြီး သစ္စာရှိသွားကြသဖြင့် အမှတ်အချို့ရရှိ၏။ ကျန်းချန်ကမူ ဘေးရှိ လန်ယီကိုကြည့်ကာ သက်ပြင်းချမိသည်။
ဒီလူတွေက ထမင်းတစ်နပ်နဲ့တင် ငါ့လူဖြစ်ကုန်ကြပြီ၊ မင်းကတော့ ငါ လက်စားချေပေးတာတောင် အမှတ်တစ်မှတ်မှမတက်ဘူး...
စားသောက်ပွဲကျင်းပနေစဉ်မှာပင် နှလုံးသားဌာနမှပညာရှင်များ ဖေးရှန်ဂိုဏ်းအပြင်ဘက်သို့ ရောက်ရှိလာကြသည်။ မျိုးနွယ်စုခေါင်းဆောင်ချင်းစော့နှင့် အခြားပညာရှင် ၂၀ ခန့်ပါဝင်ပြီး ထိုအထဲတွင် အရှင်မြတ်လေးဦးပါဝင်သည်။
သူတို့သည် ဂိုဏ်းအဝင်ဝတွင်လွင့်မျောနေသော မျက်စိသုံးလုံးကျားကြီးကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွား၏။
"သူတော်စင်အဆင့်... နတ်ဆိုးဘုရင်"
ဖေးရှန်ဂိုဏ်းတွင် နတ်ဆိုးဘုရင်တစ်ကောင်က ဂိုဏ်းစောင့်ပေးနေသည်ဟူသောအချက်က ချင်းစော့ကို တုန်လှုပ်စေသည်။ သူမသည် ရှေ့ဆက်တိုးရန် တွန့်ဆုတ်နေစဉ်မှာပင် မျက်စိသုံးလုံးကျားကြီး၏ အုန်းမောင်းသံကဲ့သို့ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာ၏။
"မင်းတို့တွေ အပြင်မှာဘာရပ်လုပ်နေကြတာလဲ။ ငါကြည့်ရတာ မျက်စိနောက်လာပြီ... အထဲကို မြန်မြန်ဝင်ကြစမ်း"