ရှင်တို့ကိုဂုဏ်ပြုဖို့ လာတာမဟုတ်ဘူး
Vol. 15 Ch. 145
ချင်းစော့နှင့် ကျန်လူများမှာ ချွေးစေးများပင် ထွက်လာကြသည်။ သူတော်စင်အဆင့် နတ်ဆိုးဘုရင်ကြီးက သူတို့၏ချောင်းမြောင်းမှုကို စောစီးစွာသိရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယေဘုယျအားဖြင့် အခြားဂိုဏ်းမှပညာရှင်များက ဂိုဏ်းအဝင်ဝတွင် လာရောက်ချောင်းမြောင်းနေသည်ကို ဂိုဏ်းစောင့်သားရဲကမိသွားလျှင် တိုက်ပွဲကိုရှောင်လွှဲ၍မရနိုင်ပေ။ သို့သော် ဤကျားကြီးကမူ သူတို့ကို အထဲအမြန်ဝင်ရန်သာ အတင်းတိုက်တွန်းနေ၏။
ချင်းစော့က သတိကြီးစွာဖြင့် ရှင်းပြရန်ကြိုးစားလိုက်သည်။
"ဟို... စီနီယာနတ်ဆိုးဘုရင်ကြီး၊ ကျွန်မတို့ တမင်လုပ်တာမဟုတ်ပါဘူး..."
"တော်... တော်... စကားများမနေနဲ့ မြန်မြန်ဝင်ကြစမ်း"
မျက်စိသုံးလုံးကျားသည် သူတို့မည်သူမည်ဝါဖြစ်ကြောင်းမသိပေ။ သူတို့ကိုလည်း ဖိတ်ကြားထားသောဧည့်သည်များဟုသာထင်မှတ်နေပြီး နောက်ကျနေသဖြင့် အထဲဝင်ခိုင်းနေခြင်းဖြစ်သည်။ ချင်းစော့တို့၏တွန့်ဆုတ်မှုကိုလည်း သူ၏ခန့်ညားသောအရှိန်အဝါကြောင့် ကြောက်ရွံ့နေကြသည်ဟုသာ မှတ်ယူလေ၏။
ဒီဖေးရှန်ဂိုဏ်းက တကယ်ပဲ ဒီလောက်ပေါ့ပေါ့ပါးပါးရှိတာလား။ ဧည့်သည်တွေရဲ့ အထောက်အထားကိုတောင် မစစ်ဆေးဘူးလား။ ရန်သူတွေဆိုရင် ဘယ်လိုလုပ်မလဲ...
ချင်းစော့တို့မှာ ဘာပြောရမှန်းမသိတော့ပေ။ နတ်ဆိုးဘုရင်ကိုယ်တိုင်က အထဲဝင်ရန် လမ်းဖွင့်ပေးထားမှတော့ သူတို့ နောက်ဆုတ်ရန်အကြောင်းမရှိတော့သဖြင့် ဂိုဏ်းအတွင်းသို့ ဝင်လာခဲ့ကြသည်။
ဝင်ဝင်ချင်းမှာပင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအားကြောင့် အံ့အားသင့်သွားကြ၏။
"ဒါ အဆင့် ၈ ဝိညာဉ်သွေးကြော မဟုတ်လား"
"ပုယွီမြင့်မြတ်နယ်မြေမှာက အဆင့် ၆ ပဲ ရှိတာလေ။ ဒီနေရာက တကယ့်ကိုအားကျစရာပဲ..."
လမ်းတစ်လျှောက်တွင် မည်သူမျှ သူတို့ကိုတားဆီးခြင်းမရှိ။ ဧည့်ခန်းမသို့ရောက်သောအခါ ကျန်းချန်ကိုလှမ်းမြင်လိုက်ရသည်။
ကျန်းချန်သည် စိုးရိမ်ပူပန်မှုအလျှင်းမရှိဘဲ ခမ်းခမ်းနားနား ပွဲကျင်းပနေသည်ကို မြင်ရသောအခါ ချင်းစော့မှာ စိတ်ထဲမှ ရေရွတ်မိသည်။
ဒီလူကတော့ တကယ့်ကို အကြောက်အလန့်မရှိဘူး။ သူတော်စင်အဆင့်တွေက သူ့ကို ပစ်မှတ်ထားနေတာကိုတောင် ဒီလောက် လူသိရှင်ကြားပွဲလုပ်နေရဲတယ်...
"အင်း"
ကျန်းချန်သည်လည်း သူတို့ကိုမြင်သွားပြီး ပြုံးရွှင်စွာဖြင့် အနားသို့လျှောက်လာသည်။
"ဘာကိစ္စနဲ့ ရောက်လာကြတာလဲ။ ကြိုဆိုပါတယ်... ကြိုဆိုပါတယ်"
ပြီးခဲ့သည့်အကြိမ်က စိတ်မကျေနပ်စရာများရှိခဲ့သော်လည်း နှစ်ဖက်စလုံးမှာ ရန်သူများမဟုတ်ကြ။ နှလုံးသားမျိုးနွယ်စုက ပွဲတက်ရန်ရောက်လာသည်ဟုထင်သဖြင့် ကျန်းချန်ဝမ်းသာသွားသည်။
သူက ဂုဏ်သိက္ခာရှိသောဧည့်သည်များကို လိုချင်နေချိန်တွင် ဤအဆင့်မြင့်ပညာရှင်အုပ်စု ရောက်လာခြင်းက အချိန်ကိုက်ပင်။
"ဂိုဏ်းချုပ်ကျန်း၊ ကျွန်မတို့က..."
ချင်းစော့စကားမဆုံးမီ ကျန်းချန်က သူမကိုဆွဲခေါ်ကာ နေရာပေးလိုက်သည်။
"လာပါ... လာပါ၊ ထိုင်ကြပါ... မျိုးနွယ်စုခေါင်းဆောင်ချင်းက နောက်ကျနေတော့ အပြစ်ပေးတဲ့အနေနဲ့ ဝိုင်သုံးခွက်သောက်ရမယ်နော်"
ငါ့မျိုးရိုးနာမည်က ချင်းမဟုတ်ဘူး...
ချင်းစော့က စိတ်ထဲကြိတ်ပြောလိုက်မိသည်။
လန်ယီသည်လည်း သူမကိုကူညီခဲ့ဖူးသော နှလုံးသားမျိုးနွယ်စုကိုမြင်ရသဖြင့် ဝမ်းသာအားရနှုတ်ဆက်၏။ အခြားတပည့်များမှာမူ ဤလူများသည် ဂိုဏ်းချုပ်၏မိတ်ဆွေများဟုထင်မှတ်ကာ အသည်းအသန် ဝိုင်းဝန်းဧည့်ခံကြတော့သည်။
"ဟုတ်တယ်... ဟုတ်တယ်... အပြစ်ပေးဝိုင်သုံးခွက် သောက်ရမယ်"
"မျိုးနွယ်စုခေါင်းဆောင်ချင်း... ရောက်လာမှတော့ ဧည့်သည်ပဲပေါ့၊ အားမနာပါနဲ့"
"ဂိုဏ်းချုပ်ရဲ့သူငယ်ချင်းဆိုတာ ဖေးရှန်ဂိုဏ်းတစ်ခုလုံးရဲ့ သူငယ်ချင်းပဲ"
ယင်းရွှယ်အာနှင့် ဝေမြောင်တို့က အရှင်မြတ်အဆင့်ပညာရှင်နှစ်ဦးကို ဝိုင်သုံးခွက်အတင်းတိုက်လိုက်ရာ တစ်ခန်းလုံးမှ ဟေးခနဲ အော်ဟစ်အားပေးကြသည်။ ချင်းစော့မှာလည်း အခွင့်အရေးမသာသဖြင့် ဝိုင်သုံးခွက်ကို သောက်လိုက်ရလေ၏။
ထို့နောက် ကျန်းချန်က ခန်းမအလယ်သို့သွားကာ ကြေညာလိုက်သည်။
"အားလုံးပဲ... ဒီဧည့်သည်တွေကို မသိကြသေးဘူးထင်တယ်... ဒီအမျိုးသမီးက မင်ရှင်းမြင့်မြတ်နယ်မြေရဲ့ခေါင်းဆောင် ချင်းစော့ပဲဖြစ်ပါတယ်။ သူမက အရှင်မြတ်အဆင့် ၉ ရှိတဲ့ နာမည်ကျော်ပညာရှင်ကြီးပါ။ ကျန်တဲ့သူတွေကလည်း အရှင်မြတ်အဆင့်တွေပါပဲ"
(အစကတော့ သူတော်စင်အဆင့်ဆိုပြီး အခုကျမှ အရှင်မြတ်အဆင့်ဖြစ်သွားလို့ပါ)
သူတို့တွေက ငါ့ကိုဂုဏ်ပြုဖို့လာကြတာပေါ့...
ကျန်းချန် ဂုဏ်ယူစွာတွေးလိုက်၏။
ခန်းမတစ်ခုလုံး ဆူညံသွားသည်။
"အရှင်မြတ်အဆင့်တွေ"
"မင်ရှင်းမြင့်မြတ်နယ်မြေက တခြားမြင့်မြတ်နယ်မြေတွေထက်တောင် အင်အားကြီးတာ။ သူတို့က တော်ရုံတန်ရုံပွဲဆို မတက်ကြဘူးလေ"
"ဖေးရှန်ဂိုဏ်းက တကယ့်ကိုမျက်နှာပွင့်တာပဲ။ သူတို့ကိုတောင် ဖိတ်နိုင်တယ်"
နှလုံးသားမျိုးနွယ်စုမှပညာရှင်များမှာမူ ငိုရခက်ရယ်ရခက် ဖြစ်နေကြသည်။
ကျွန်မတို့က ရှင်တို့ကိုဂုဏ်ပြုဖို့လာတာမဟုတ်ဘူး... ရှင်တို့နဲ့ ဘာပတ်သက်မှုမှမရှိတော့ကြောင်း လာပြောတာ...
သူတို့သည် မည်သည့်ဂိုဏ်းနှင့်မျှမပတ်သက်ချင်ဘဲ အေးဆေးနေလိုသော အင်မော်တယ် အကြွင်းအကျန်မျိုးနွယ်စုဖြစ်သည်။ သို့သော်ယခုမူ လူတိုင်းကသူတို့ကို ကျန်းချန်၏အခင်ဆုံးသူငယ်ချင်းများဟု သတ်မှတ်ကုန်ကြလေပြီ။
ချင်းစော့သည် အခြေအနေကိုရှင်းပြရန် ကြိုးစားပြန်သည်။
"ဂိုဏ်းချုပ်ကျန်း... ကျွန်မတို့လာရတဲ့အကြောင်းရင်းက..."
ကျန်းချန်က သူမ၏ပခုံးကိုပုတ်ကာ ငါနားလည်ပါတယ်ဟူသောအကြည့်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ချင်း... ဘာမှဆက်မပြောပါနဲ့တော့။ အရင်ကစိတ်မကျေနပ်စရာတွေကို လေထဲလွှင့်ပစ်လိုက်ပါပြီ။ ကျွန်တော်က သဘောထားကြီးတဲ့သူမို့ အကုန်မေ့လိုက်ပါပြီ"
"ရန်စတွေကိုဖယ်ပြီး မိတ်ဆွေအဖြစ် ပြောင်းလဲလိုက်ကြရအောင်"
ကျန်းချန်က ဝိုင်တစ်ခွက်ကို အကုန်မော့သောက်လိုက်ရာ ခန်းမတစ်ခုလုံး သောင်းသောင်းဖျဖျ အော်ဟစ်အားပေးကြပြန်သည်။ ချင်းစော့မှာ လုံးဝဆွံ့အသွား၏။
လူပုံအလယ်တွင် ကျန်းချန်က မိတ်ဆွေဖွဲ့ရန်ကမ်းလှမ်းနေချိန်တွင်...
"ငါတို့က နင့်ကိုအဆက်အသွယ်ဖြတ်ဖို့လာတာ" ဟု ပြောလိုက်ပါက ချက်ချင်း ရန်သူဖြစ်သွားမည်မှာ အသေအချာပင်။
အပြင်တွင်လည်း နတ်ဆိုးဘုရင်ရှိနေသဖြင့် သူမအနေဖြင့် အသာတကြည်ပင် ဧည့်သည်အဖြစ် ဆက်လက်နေထိုင်လိုက်ရလေတော့သည်။
စားသောက်ပွဲကို ညနေစောင်းအထိ ကျင်းပခဲ့၏။ နှလုံးသားမျိုးနွယ်စုဝင် ၂၀ ခန့်မှလွဲ၍ ကျန်ဧည့်သည်အားလုံးမှာ အလွန်ပျော်ရွှင်ခဲ့ကြသည်။ ကျန်းချန်သည် ခန်းမအလယ်တွင် ထွက်ပေါ်လာပြန်သည်။