နှလုံးသားတို့၏ အပြောင်းအလဲ
Vol. 15 Ch. 146
“အားလုံးပဲ”
“အလုပ်တွေများနေတဲ့ကြားက ဝေးလံခေါင်သီတဲ့အရပ်ကိုလာရောက်ပြီး ကျွန်ုပ်ရဲ့ဖေးရှန်ဂိုဏ်း တည်ထောင်ပွဲအခမ်းအနားကို တက်ရောက်ပေးကြတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်”
ကျန်းချန်စကားဆုံးသည်နှင့် လူတိုင်း နေရာမှထရပ်လိုက်ကြသည်။
“အားမနာပါနဲ့ ဂိုဏ်းချုပ်ကျန်း၊ လူကြီးမင်းက တကယ်ကို သဘောထားကြီးလွန်းပါတယ်”
“ကျွန်တော်တို့ကသာ လူကြီးမင်းကို ကျေးဇူးတင်ရမှာပါ”
သူတို့အားလုံးသည် ယနေ့တွင် ကျင့်စဉ်အဆင့်များ အနည်းနှင့်အများ တက်လှမ်းခဲ့ကြသဖြင့် ကျေးဇူးမတင်ဘဲမနေနိုင်ကြ။
“အမှန်ပါပဲ၊ ဒီနေ့ဖေးရှန်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျလာကြည့်ခွင့်ရလို့ပဲ ဂိုဏ်းချုပ်ကျန်းဟာ ဘယ်လောက်တောင် ဖော်ရွေပျူငှာတယ်ဆိုတာ သိခွင့်ရတာပါ”
“ညီအစ်ကိုပြောတာမှန်တယ်။ ဒီယန်က ကျင့်ကြံသက်နှစ်ပေါင်းသုံးရာကျော်အတွင်းမှာ ဟိတ်ဟန်ကြီးတဲ့ ပညာရှင်ဆိုသူတွေကို အများကြီးမြင်ဖူးခဲ့တယ်။ အဲဒီလူတွေက ဂိုဏ်းချုပ်ကျန်းထက် အဆပေါင်းသောင်းချီအားနည်းပေမဲ့ ကျွန်တော်တို့လိုလူတွေကို မျက်လုံးနဲ့တောင် တည့်တည့်မကြည့်ကြဘူး။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းပါတယ်”
“အပြင်က ကောလာဟလတွေက ဂိုဏ်းချုပ်ကြီးကို လူဆိုးကြီးတစ်ယောက်လို ပုံဖော်ထားတာဟာ တကယ့်ကို ဒေါသထွက်စရာပါပဲ”
“ကျွန်တော်တို့ပြန်ရောက်ရင် ဂိုဏ်းချုပ်ကြီးရဲ့နာမည်ကောင်းကို ပြန်လည်ထွန်းတောက်လာအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်သွားမှာပါ”
ဤချီးမွမ်းစကားများကြောင့် ကျန်းချန်မှာ အနည်းငယ်မြောက်ကြွကြွဖြစ်သွား၏။
ငါက ဂိုဏ်းတွေအများကြီးကို ဖျက်ဆီးခဲ့တာတောင် ဒီလောက်မြင့်မြတ်တဲ့သူဖြစ်နေတာလား။ ကျင့်ကြံခြင်းလောကရဲ့ စံပြပုဂ္ဂိုလ်ဖြစ်သွားပြီလား...
“မြှောက်ပင့်လွန်းနေပါပြီ”
“ဒီလိုစိတ်ကူးရှိကြတာကိုပဲ ကျေးဇူးတင်ပါတယ်။ အားလုံးက အဖိုးတန်တဲ့လက်ဆောင်တွေလည်း ပေးခဲ့ကြတယ်လေ”
“ဒါကြောင့် မခွဲခွာခင်မှာ ဒီကျန်းချန်ကလည်း အားလုံးအတွက် အမှတ်တရလက်ဆောင်လေးတွေ ပြန်ပေးချင်ပါတယ်”
နောက်ထပ် အံ့သြစရာတွေ ရှိသေးတာလား...
ဧည့်သည်များမှာ ပြောစရာစကားပင်မရှိတော့ပေ။ သူတို့သည် ယနေ့တွင် စားသောက်ပွဲလာတာလား၊ ဆုနှင်းသဘင်အခမ်းအနားလာတာလားဟုပင် ထင်မှတ်နေရသည်။
သူတို့ပေးခဲ့သော လက်ဆောင်များမှာ ဤနေရာမှ ဝိုင်တစ်ခွက် သို့မဟုတ် အသီးတစ်လုံး၏ တန်ဖိုးကိုပင်မမီကြောင်း သူတို့သိကြသဖြင့် အားနာနေကြသည်။ သို့သော် သန်မာလိုသောဆန္ဒကြောင့် မည်သူမျှမငြင်းဆန်ကြ။
ကျန်းချန်က ဝတ်ရုံလက်ကိုဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ် နှစ်ထောင်ကျော်သည် ဧည့်သည်တစ်ဦးချင်းစီ၏ရှေ့တွင် လွင့်မျောလာခဲ့သည်။
“ဒီလက်စွပ်ထဲမှာ အဆင့် ၅ ဝိညာဉ်ဆေးရည် ၁၀ ပုလင်း၊ အဆင့် ၆ ဝိညာဉ်ဆေးရည် ၁ ပုလင်း၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၈၀၀ နဲ့ အဆင့် ၅ ဝိညာဉ်ချပ်ဝတ်တန်ဆာတစ်စုံ ပါဝင်ပါတယ်။ အားလုံးအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
မူလက သူသည် အဆင့် ၄ ပစ္စည်းများကိုသာပေးရန် စီစဉ်ထားသော်လည်း ဖိတ်ထားသည့်ဂိုဏ်းကြီးများ မလာကြသဖြင့် စိတ်တိုကာ လက်ဆောင်အဆင့်ကို တမင်မြှင့်လိုက်ခြင်းဖြစ်သည်။ သူတို့ကို နောင်တရစေချင်၏။ ကျန်းချန်အတွက်မူ ဤပစ္စည်းများသည် သမုဒ္ဒရာထဲမှရေတစ်ပေါက်မျှသာ။
လက်စွပ်ထဲမှပစ္စည်းများကို မြင်လိုက်ရသောအခါ ဧည့်သည်များမှာ မျက်လုံးပြူး၊ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဤပစ္စည်းများသည် သူတို့အတွက် ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားစေနိုင်သော ရတနာများမဟုတ်ပါလား။
“ဂိုဏ်းချုပ်ကျန်း”
ကျင့်ကြံသူတစ်ဦးသည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်စွပ်ကိုကိုင်ကာ ဒူးထောက်လိုက်သည်။
“ဒီလောက်ကြီးမားတဲ့ကျေးဇူးတရားကို ကျွန်တော်ဘယ်လိုဆပ်ရပါ့မလဲ”
“ဂိုဏ်းချုပ်ကြီးခင်ဗျာ၊ ကျွန်တော်တို့ကအင်အားနည်းလို့ လူကြီးမင်းကအရေးမစိုက်ပေမဲ့ တစ်နေ့နေ့မှာ လူကြီးမင်းက အမိန့်တစ်ခုပေးလိုက်တာနဲ့ ကျွန်တော်တို့အသက်ကိုပဓာနမထားဘဲ အမှုထမ်းပါ့မယ်”
ဒင်... ဒင်... ဒင်...
စနစ်၏အသိပေးချက်အရ ခန်းမအတွင်းရှိဧည့်သည်အားလုံးမှာ ကျန်းချန်အပေါ် လုံးဝသစ္စာရှိသွားကြပြီဖြစ်သည်။ ကျန်းချန်သည် သူ၏ပုံရိပ်ကိုမြှင့်တင်ရန်အတွက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း သစ္စာရှိသူများရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဧည့်သည်များထွက်ခွာသွားပြီးနောက် နှလုံးသားဌာနမှလူများသာ ကျန်ရစ်တော့သည်။ ချင်းစော့က ကျန်းချန်ကို ညအိပ်တည်းခိုခွင့်တောင်းခံလိုက်ရာ ကျန်းချန်က ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်၏။
နှလုံးသားဌာနမှလူများ သီးသန့်တွေ့ဆုံသောအခါ ချင်းစော့က သက်ပြင်းချလိုက်သည်။
“အခုဆိုရင် အပြင်လောကက ငါတို့အားလုံးကို ဖေးရှန်ဂိုဏ်းရဲ့မဟာမိတ်တွေလို့ သတ်မှတ်ကုန်ကြပြီ။ ကျန်းချန်က ငါတို့ကို သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတွေအဖြစ် အတင်းသွတ်သွင်းလိုက်တာပဲ”
“ဒါဆို သူတော်စင်ပိဖုန်းကို ဘယ်လိုရှင်းပြကြမလဲ”
“ရှင်းပြနေစရာမလိုတော့ဘူး။ အဆိုးဆုံးကတော့ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို မဖွင့်ပဲနေကြတာပေါ့”
ချင်းစော့က အေးဆေးစွာပြောလိုက်သည်။
အကြီးအကဲတစ်ဦးက နှာခေါင်းရှုံ့ရင်း
“ဒီကိစ္စက ဘယ်လိုပဲကြည့်ကြည့် သူတော်စင်ပိဖုန်းကလွန်တာပဲ။ သူက စုန်းဌာနရဲ့ရတနာကို လုထားတာတင်မကဘူး၊ အခုလည်း ငါတို့ကိုအသုံးချပြီး ကျန်းချန်ကိုတိုက်ခိုက်ခိုင်းနေတာ။ ဓားမထုတ်ဘဲလူသတ်ချင်နေတာ မသိဘူးထင်နေလား”
ချင်းစော့က ခေတ္တစဉ်းစားပြီးနောက် သူမ၏မျက်လုံးများ ပြတ်သားလာသည်။
“အပြင်လောကက ငါတို့နဲ့ဖေးရှန်ဂိုဏ်းကို မဟာမိတ်လို့သတ်မှတ်နေမှတော့... တကယ်ပဲ မဟာမိတ် လုပ်လိုက်ကြတာပေါ့”
“ကျန်းချန်က အင်မော်တယ်နယ်မြေကို ဝင်ခွင့်ရမယ့်အခွင့်အရေးကို လက်လွှတ်မှာမဟုတ်ဘူး။ ငါတို့ ဒီမှာခေါင်းစားနေမယ့်အစား သူ့ကို အမှန်အတိုင်းအကုန်ပြောပြပြီး ဒီပြဿနာကို သူ့ဆီပေးလိုက်ရအောင်။ ဒီလူဟာ ကံတရားအလွန်ကြီးမားတဲ့သူမို့ တစ်ခုခုတော့ဖြေရှင်းနိုင်လိမ့်မယ်”