လုယူလိုက်ရင်ပြီးတာပဲလေ
Vol. 15 Ch. 147
"ဟင်"
နှလုံးသားဌာနအကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။
"ဒါက ကျွန်မတို့နှလုံးသားဌာနရဲ့ နှစ်ပေါင်းများစွာစောင့်ထိန်းလာတဲ့ ပြင်ပရန်စတွေမှာမပါဝင်ရဘူးဆိုတဲ့စည်းကမ်းကို ချိုးဖောက်ရာရောက်နေတယ်"
"ဖေးရှန်ဂိုဏ်းနဲ့မဟာမိတ်ဖွဲ့တယ်ဆိုတာ သူတို့ရဲ့ရန်သူတွေကိုပါ အတူတူရင်ဆိုင်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"
"မှန်တယ်... ဖေးရှန်ဂိုဏ်းဆိုတာ ပြဿနာတွေစုဝေးနေတဲ့ ဝဲဂယက်ကြီးလိုပဲ..."
ချင်းစော့က ခေါင်းယမ်းလိုက်သည်။
"အခုအခြေအနေအရ ကျွန်မတို့မှာရွေးချယ်စရာတစ်ခုပဲရှိတော့တယ်။ ဘေးကင်းရာမှာ အေးဆေးနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"
"ကျွန်မ တစ်ခုလောင်းကြေးထပ်ရဲတယ်... အကယ်၍ အခုကျန်းချန်နဲ့ အဆက်အသွယ်ဖြတ်လိုက်ရင်တောင် သူတော်စင်ပိဖုန်းက နောက်တစ်ကြိမ်မှာ တခြားအကြောင်းပြချက်တစ်ခုနဲ့ ကျွန်မတို့ကို ထပ်ပြီးခြိမ်းခြောက်ဦးမှာပဲ"
"အဲဒီလို လူယုတ်မာမျိုးထက်စာရင်၊ ကျန်းချန်ရဲ့ဘက်မှာ ရပ်တည်တာကပိုကောင်းပါတယ်"
အကြီးအကဲများတိတ်ဆိတ်သွား၏။ ချင်းစော့ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။
သူတော်စင်ပိဖုန်းသည် အင်မော်တယ်နယ်မြေတံခါးဖွင့်ရန်ကိစ္စတွင် သူတို့အပေါ် အမြဲတမ်း အခွင့်အရေးယူပြီး နှိပ်စက်လေ့ရှိသည်မှာအမှန်ပင်။
နောက်တစ်နေ့တွင်ကျန်းချန်သည် နှလုံးသားဌာနအဖွဲ့နှင့် ထပ်မံတွေ့ဆုံသည်။
"ဂိုဏ်းချုပ်ကျန်း... အမှန်အတိုင်းပြောရရင် ကျွန်မတို့ ဒီကိုလာတာက ဂုဏ်ပြုဖို့တင်မဟုတ်ဘူး၊ သူတော်စင်ပိဖုန်းကိုသတိထားဖို့ လာသတိပေးတာပါ"
ချင်းစော့က စကားကို ပါးနပ်စွာပြောလိုက်သည်။ မနေ့က သူတို့ အမှန်တကယ်ဂုဏ်ပြုခဲ့သယောင် ပုံဖော်လိုက်ခြင်းပင်။
ကျန်းချန်က သံသယဖြင့်ကြည့်ကာ
"သူတော်စင်ပိဖုန်း၊ ဟုတ်လား... ချင်လင်နယ်မြေရဲ့ တစ်ဦးတည်းသောသူတော်စင်လား။ သူက ဘာဖြစ်လို့လဲ။ ငါ့ကိုလာတိုက်မလို့လား"
ကျန်းချန်၏အသံမှာ စိုးရိမ်နေသည်ထက် စိတ်လှုပ်ရှားနေသယောင်ပင်။ ရန်သူများလေ အမှတ်တွေရလေ မဟုတ်ပါလား။
"အတိအကျကြီးတော့ မဟုတ်ပါဘူး..."
ချင်းစော့မှာ ကျန်းချန်၏ စိတ်ပျက်သွားသောမျက်နှာကိုကြည့်ပြီး အံ့သြနေမိသည်။
"ရှင် ပုယွီမြင့်မြတ်နယ်မြေကို ဖျက်ဆီးပြီးတဲ့နောက် သူတော်စင်ပိဖုန်းက ကျွန်မတို့ဆီရောက်လာပြီး ရှင်တို့ကိုဒဏ်ခတ်ဖို့ ပူးပေါင်းခိုင်းတယ်"
"ဒဏ်ခတ်မယ်..."
အစ်ကိုကြီးချန် မျက်မှောင်ကြုတ်သွားသည်။
"သူက သူတော်စင်တစ်ယောက်ဖြစ်ပြီးတော့ တိုက်ရိုက်လာမတိုက်ဘဲ ဘာလို့ ဒီလိုကလေးကလားတွေ လုပ်နေတာလဲ"
"အဲဒါက..."
ချင်းစော့က လေသံကိုလျှော့ကာ
"သူက နောက်ပိုင်းမှာ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေ တံခါးပွင့်တဲ့အခါ ရှင်နဲ့ လန်ယီကို ပေးမဝင်ဖို့ ကျွန်မတို့ကိုတားခိုင်းထားတာပါ"
"ဘာ"
လန်ယီက မခံမရပ်နိုင်ဖြစ်သွားသည်။
"သူက ဘယ်လောက်တောင် အရှက်မရှိတာလဲ။ အဲဒီ အရိုးချေဖျက်အလံဆိုတာ ကျွန်မတို့ စုန်းဌာနဆီက သူလိမ်ယူသွားတာလေ။ သူက ဘာအခွင့်အရေးနဲ့..."
လန်ယီ၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ အင်မော်တယ်နယ်မြေသို့တက်လှမ်းပြီး သူမ၏မျိုးနွယ်စုများကိုပြန်ရှာရန်ဖြစ်သည်။ ယခုမူ ထိုလမ်းစကို ပိတ်ပင်ခံရမည်ဆိုသဖြင့် သူမဒေါသထွက်နေရခြင်းပင်။ သူမက ချင်းစော့ကို မျက်ရည်ဝဲလျက် ကြည့်ကာ
"မျိုးနွယ်စုခေါင်းဆောင်... ရှင် သဘောတူလိုက်တာလား"
"လန်ယီ... မစိုးရိမ်ပါနဲ့။ ငါတို့ သူ့ရဲ့ မတရားတဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်"
ချင်းစော့က အမှန်အတိုင်းပြောလိုက်သည်။
မူလကတော့ သဘောတူဖို့စဉ်းစားခဲ့ပေမဲ့ အခုတော့ပြောင်းလဲသွားပြီပေါ့...
အခြားအကြီးအကဲများကလည်း
"ဟုတ်တယ်... ငါတို့ မင်းကို ဘယ်လိုလုပပစ်ထားမှာလဲ"
"ငါတို့ ကျန်းချန်ကိုသတိပေးဖို့ ညတွင်းချင်းလာခဲ့ကြတာ"
စသည်ဖြင့် လန်ယီကိုနှစ်သိမ့်ပေးကြသည်။
သို့သော် အစ်ကိုကြီးချန်ကတော့ ဘာမှမခံစားရပေ။
"ဒါပဲလား"
"ရှင်..."
ချင်းစော့ မှင်သက်သွားသည်။
"ငါပြောတာက... သူ့ရဲ့ဒဏ်ခတ်မှုဆိုတာ ဒီလောက်ပဲလားလို့"
နှလုံးသားဌာနမှလူများမှာ စကားပင်မပြောနိုင်တော့ပေ။ ဤကိစ္စကမပြင်းထန်ဘူးလား။
"ဂိုဏ်းချုပ်ကျန်း... ပေါ့ပေါ့တန်တန် မတွေးပါနဲ့။ အင်မော်တယ်နယ်မြေထဲဝင်ဖို့ဆိုတာ ရှင်တို့ရဲ့ အနာဂတ်ပဲ။ အဲဒီထဲဝင်ဖို့ မှော်ရတနာ ၉ ခု ပေါင်းရတာ၊ အရိုးချေဖျက်အလံက သူ့လက်ထဲမှာဆိုတော့ တော်တော်ခက်ခဲလိမ့်မယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
"အင်မော်တယ်နယ်မြေထဲသွားဖို့ ငါစီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ဖြေရှင်းရလွယ်ပါတယ်"
"လွယ်တယ်... ဟုတ်လား"
သူတို့ခေါင်းခြောက်နေရသည့်ကိစ္စကို ကျန်းချန်က လွယ်သည်ဟုပြောနေသည်။ သူတော်စင်ပိဖုန်းဆိုသည်မှာ အလွန်ပါးနပ်ပြီး ကိုင်တွယ်ရခက်သူမဟုတ်ပါလား။
ကျန်းချန်ပြုံးလိုက်သည်။
"သူနဲ့စကားပြောပြီး အချိန်ဖြုန်းနေစရာမလိုပါဘူး။ သူ့လက်ထဲက အရိုးချေဖျက်အလံကို လုယူလိုက်ရင်ပြီးတာပဲလေ"
သူသည် မျိုးနွယ်စု ၈ ခုလုံးက သူတော်စင်ပိဖုန်းကို ဘာကြောင့်ကြောက်နေကြသည်ကို နားမလည်ပေ။ လူအများကြီးနဲ့ဝိုင်းပြီး သူ့ခေါင်းကိုရိုက်ခွဲကာ လုယူလိုက်လျှင် အကုန်အဆင်ပြေမည်မဟုတ်ပါလား။
မင်းတို့မလုရင် ငါလုမယ်။ အလံကိုရလိုက်ရင် အင်မော်တယ်နယ်မြေတံခါးဖွင့်တဲ့ အခွင့်အရေးက ငါ့လက်ထဲရောက်လာမှာပဲ။ ငါဖွင့်ချင်တဲ့အချိန် ဖွင့်လို့ရသွားပြီ...
ချင်းစော့တို့မှာ အိပ်မက်ယောင်နေသူကိုကြည့်သကဲ့သို့ ကြည့်နေကြသည်။
"ဂိုဏ်းချုပ်ကျန်း... ရှင်က ကိစ္စတွေကို အရမ်းရိုးရှင်းအောင် တွေးနေတာပဲ။ သူတော်စင်ပိဖုန်းက စိတ်ဓာတ်မကောင်းပေမဲ့ သူ့ရဲ့ခွန်အားကတော့ အစစ်အမှန်ပဲ။ သူက နယ်ပယ်ပေါင်းစုံမှာ ထိပ်တန်းအဆင့်ရှိတဲ့ ထိပ်တန်းသူတော်စင်တစ်ပါးနော်"
သို့သော် အစ်ကိုကြီးချန်ကတော့ ဂရုမစိုက်ပေ။
"မင်းတို့ မျိုးနွယ်စု ၈ ခုလုံး ပေါင်းရင်တောင် သူ့ကိုမနိုင်ဘူးလား"
ချင်းစော့က ခေါင်းယမ်းလိုက်သည်။
"မနိုင်ဘူး။ သူက အခု ရှင်တို့ဆီလာနေတာက သူ့ရဲ့ဓမ္မခန္ဓာပဲ၊ သူ့ရဲ့ကိုယ်ပွားပေါ့။ မူလခန္ဓာကတော့ အလံနဲ့အတူ တခြားတစ်နေရာမှာရှိနေတာ။ ကိုယ်ပွားကိုသတ်လိုက်ရင်လည်း အင်မော်တယ်နယ်မြေတံခါးဖွင့်ဖို့ လမ်းစပျောက်သွားလိမ့်မယ်"
"ဒါဆို သူ့ရဲ့မူလခန္ဓာကိုရှာပေါ့။ သူက ထုန်ယိုမြင့်မြတ်နယ်မြေရဲ့ အကြီးအကဲမဟုတ်လား။ အဲဒီကို အကုန်လုံးဝိုင်းတိုက်လိုက်ရင် မပြီးဘူးလား"
အကြီးအကဲများမှာ သက်ပြင်းချမိ၏။ သူတို့သည် ကျန်းချန်ကိုမဟာမိတ်ဖွဲ့မိသည်မှာ မှန်ရဲ့လားဟုပင် သံသယဝင်လာကြသည်။
ကျန်းချန်ကပါရမီထူးချွန်သော်လည်း စကားပြောသည်မှာ အသိဉာဏ်မရှိသော ၃ နှစ်သား ကလေးတစ်ယောက်လို ဖြစ်နေသည်မဟုတ်ပါလား။
"တိုက်လို့မရဘူး"
ချင်းစော့က စိတ်ရှည်စွာရှင်းပြသည်။
"အခြားနယ်မြေတွေကနေ နယ်ကျော်ပြီးသွားတိုက်ရင် နိယာမတွေရဲ့ဖိနှိပ်မှုကိုခံရပြီး အစွမ်းကုန်မထုတ်နိုင်ဘူး။ ပြီးတော့ သူတော်စင်တွေမှာ လွတ်မြောက်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းအတွင်းမှာ သူတော်စင်တစ်ယောက်မှ အသတ်ခံရတာ မရှိသလောက်ပဲ။ အကယ်၍ သတ်လို့မအောင်မြင်ခဲ့ရင် သူနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီး အင်မော်တယ်နယ်မြေတံခါးက ဘယ်တော့မှပွင့်လာတော့မှာမဟုတ်ဘူး"
သူမထောက်ပြသောအချက်များမှာ ခက်ခဲလှသော်လည်း ကျန်းချန်အတွက်မူ ဘာမှမဟုတ်ပေ။ ယခု သူသိချင်သည်မှာ တစ်ခုတည်းသာ။
သူတော်စင်ပိဖုန်း၏ မူလခန္ဓာဘယ်မှာလဲ။ သူနဲ့သာတွေ့လိုက်ရလို့ကတော့...
ထိုပါးနပ်လှပါသည်ဆိုသော သူတော်စင်ကြီးမှာ နေရာတင် သေလူဖြစ်သွားရပေမည်။