အစ်ကိုကြီးချန် စစ်ထွက်ခြင်း
Vol. 15 Ch. 149
"ကျွန်တော်ဘယ်လိုသိလဲဆိုတာ အရေးမကြီးပါဘူး"
"အရေးကြီးတာက ဒီသဘောတူညီချက်ကို ခင်ဗျားတို့ လက်ခံမှာလား၊ ငြင်းပယ်မှာလားဆိုတာပဲ"
သူတော်စင်ပိဖုန်းသည် အရိုးဘုရင်များငြင်းပယ်မည်ကို လုံးဝမစိုးရိမ်ပေ။ အင်မော်တယ်ဖြစ်ခွင့်ကို မည်သူမျှငြင်းဆန်နိုင်မည်မဟုတ်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀ သန်းလုံးလုံး အောက်ဘုံရှိ နယ်ပယ်ပေါင်းစုံမှ သူတော်စင်အဆင့်ပညာရှင်များမှာ ရူးသွပ်လုနီးပါးဖြစ်နေ၏။ မိုးကြိုးဘေးဒုက္ခ မရှိ၊ အထက်ဘုံသို့တက်လှမ်းခွင့်မရှိဘဲ သူတော်စင်အဆင့်ထိပ်ဆုံးမှာတင် တစ်ဆို့နေကြရသည်။
သူတော်စင်အဆင့်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀ သန်းဖြစ်သော်လည်း ၎င်းမှာ အဆုံးအစရှိသော အချိန်ကာလသာဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်း သူတော်စင်အဆင့်ပညာရှင်များစွာသည် သက်တမ်းကုန်ဆုံးကာ စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးသွား၏။
အရိုးဘုရင်သုံးပါးသည် နောက်ဆုံးတွင် ငြိမ်ကျသွားကြသည်။
"မင်းရဲ့တောင်းဆိုမှုက အရမ်းများလွန်းတယ်"
"အရိုးတစ်ပိုင်းရဖို့တောင်မဖြစ်နိုင်တာကို မင်းက သုံးပိုင်းတောင်လိုချင်နေတာလား"
"တစ်ခြားဟာပြောင်းပေးပါ"
သို့သော် ပိဖုန်းသည်အလျှော့မပေးပေ။ သူသည် ခြိမ်းခြောက်ရာတွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။
"ခင်ဗျားတို့ အင်မော်တယ်ဖြစ်သွားပြီဆိုရင် ဒီနှလုံးမဲ့အင်မော်တယ်အရိုးက ခင်ဗျားတို့အတွက် ဘာမှအသုံးမဝင်တော့ဘူး မဟုတ်လား"
အရိုးမျိုးနွယ်စုဝင်များ အင်မော်တယ်ဖြစ်သွားပါက တစ်ကိုယ်လုံး အင်မော်တယ်အရိုး ဖြစ်သွားမည်ဖြစ်သဖြင့် သူတစ်ပါး၏အရိုးကိုအလှဆင်ရန် မလိုအပ်တော့ပေ။ သို့သော် အခြားမျိုးနွယ်စုများအတွက်မူ ဤအရိုးမှာ အလွန်စွမ်းအားကြီးသော လက်နက်တစ်ခုဖြစ်နေဆဲ။
အကယ်၍ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသည် ကောင်းကင်အင်မော်တယ်ထက်ပင် ပိုမိုကြံ့ခိုင်နေမည်ဆိုပါက တိုက်ပွဲတွင်အလွန်အားသာမည်မှာ အသေအချာပင်။
"ဒါပေမဲ့ ငါတို့ အင်မော်တယ်မဖြစ်သေးဘူးလေ"
ရွှေတောင်ပံအရိုးဘုရင်၏အသံမှာ အရိုးအချင်းချင်းကြိတ်ခြေနေသကဲ့သို့ ကြမ်းတမ်းလှသည်။
"မင်းပြောတဲ့ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေက တကယ်ဖြစ်ရင်တောင် အင်မော်တယ်လောကကိုရောက်မယ်လို့ အာမမခံနိုင်ဘူး"
"အင်မော်တယ်ဖြစ်ဖို့ဆိုတာ ကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ရတာပဲ။ လောင်းကြေးထပ်ရဲတဲ့သတ္တိမရှိရင်လည်း မေ့လိုက်တော့ဗျာ"
ပိဖုန်းက လှည့်ထွက်ရန်ပြင်လိုက်သည်။
"နေဦး"
အရိုးဘုရင်သုံးပါးသည် နောက်ဆုံးတွင် သူ့နောက်သို့လိုက်လာကြတော့သည်။ ပိဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။ ဤအရိုးကို သူရရှိတော့မည်မှာ သေချာသွားပြီ။ ဤနေရာပြီးလျှင် သူ၏နောက်ထပ်မှတ်တိုင်မှာ ဓားနယ်မြေဖြစ်သည်။
ပိဖုန်း အောင်ပွဲခံနေသော်လည်း ကျန်းချန်က သူ့ကိပစ်မှတ်ထားနေကြောင်း မသိရှိပေ။
.....................................................................................................................................
ဖေးရှန်ဂိုဏ်းတွင်မူ စစ်ထွက်ပွဲအခမ်းအနား ကျင်းပနေသည်။ ကျန်းချန်သည် ပိဖုန်း၏မူလခန္ဓာ ဘယ်မှာရှိမှန်းမသိသဖြင့် အထိရောက်ဆုံးနှင့် အကြမ်းတမ်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်သည်။
၎င်းမှာ ထုန်ယိုမြင့်မြတ်နယ်မြေကို ဖျက်ဆီးပစ်ရန်ပင်။
ထိုနေရာသည် ပိဖုန်း၏ဂိုဏ်းဟောင်းဖြစ်ပြီး သူသည် ထိုဂိုဏ်း၏အကြီးအကဲလည်းဖြစ်သည်။ ထိုနေရာကိုတိုက်ခိုက်လိုက်ပါက ပိဖုန်းထွက်မလာဘဲမနေနိုင်တော့ပေ။
လက်ရှိတွင် ထိုဂိုဏ်း၌ အရှင်မြတ်အဆင့်လေးဦးသာရှိသဖြင့် ကျန်းချန်၏ သူတော်စင်အဆင့်စိတ်ဝိညာဉ်ဖြင့် အလွယ်တကူချေမှုန်းနိုင်မည်ဖြစ်သည်။
ကျန်းချန်သည် တပည့်များကို အတွေ့အကြုံရစေရန် ဂိုဏ်းသားအားလုံးနှင့်အတူစစ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းရင်ပြင်ရှေ့တွင် ဖေးရှန်ဂိုဏ်း တပည့် ၇၀ ကျော်သည် စနစ်တကျ တန်းစီနေ၏။
"ဒါဟာ ငါတို့ဂိုဏ်းရဲ့ ပထမဆုံးစုပေါင်းစစ်ချီပွဲပဲ"
"ငါ့မှာ တောင်းဆိုချက်တစ်ခုပဲရှိတယ်။ မြက်တစ်ပင်တောင်မကျန်အောင် ရှင်းပစ်ခဲ့ကြ"
ချင်းစော့နှင့် နှလုံးသားဌာနမှလူများမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
"ဂိုဏ်းချုပ်ကျန်း... ပြန်စဉ်းစားပါဦး။ ထုန်ယိုမြင့်မြတ်နယ်မြေမှာ တပည့်တစ်သိန်းကျော်ရှိတာနော်"
"ရှင်တို့မှာ လူအင်အားဒီလောက်နည်းနည်းလေးနဲ့... အကယ်၍ ပိဖုန်းရဲ့မူလခန္ဓာက အဲဒီမှာရှိနေရင် အားလုံးသေကုန်ကြလိမ့်မယ်"
ကျန်းချန် ပြုံးလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင် ချင်းစော့၊ စိုးရိမ်မနေပါနဲ့။ ဒီရန်သူလောက်က အေးဆေးပါ၊ ခင်ဗျားတို့ ကူညီစရာတောင် မလိုပါဘူး"
ကျန်းချန်က သူတို့ပါလာပြီး ပစ္စည်းခွဲဝေယူရမှာစိုးသဖြင့် ငြင်းဆန်ခြင်းဖြစ်သည်။
သူသည် ဘေးရှိလန်ယီကိုကြည့်ကာ လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
"စုန်းမျိုးနွယ်စုကို အဲဒီလူယုတ်မာပိဖုန်းက ဖျက်ဆီးခဲ့တာ။ ငါ ဘယ်လိုလုပ်ငြိမ်နေနိုင်မှာလဲ။ မင်းရဲ့ရင်ထဲကဒဏ်ရာတွေမကျက်မချင်း ငါရပ်တန့်မှာမဟုတ်ဘူး"
ဒီစကားတွေက မင်းကို မျက်ရည်ကျစေမှာပဲမဟုတ်လား...
ကျန်းချန်က တွေးလိုက်သော်လည်း စနစ်က ဘာမှအသိမပေးပေ။
လန်ယီသည် မျက်ရည်ဝဲလျက်
"ကျန်း... ကျွန်မအတွက်နဲ့ ဒီလောက်အထိ လုပ်ပေးစရာမလိုပါဘူး"
ပြောသော်လည်း ကျန်းချန်အတွက် အမှတ်များမတက်လာသဖြင့် စိတ်ပျက်သွားသည်။
အောက်မှတပည့်မလေးများဖြစ်သော ကျိလင်းဟန်၊ လင်းနင်၊ ယင်းရွှယ်အာတို့မှာမူ စိတ်ဓာတ်ကျသွား၏။
ဒါဆိုဒီစစ်ပွဲက လန်ယီရဲ့အကြိုက်ကိုလိုက်ဖို့အတွက်ပေါ့လေ။ နှလုံးသားမဲ့တဲ့ လူရှုပ်ကြီး...
"ကဲ... အားလုံး စစ်သုံးပစ္စည်းတွေလာထုတ်ကြ"
ကျန်းချန်က လက်ကိုဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ် ၇၀ ကျော်ပေါ်လာ၏။
လက်စွပ်တစ်ခုချင်းစီတွင် အဆင့်မြင့်ရတနာလက်နက်တစ်ခု၊ အဆင့် ၉ ဝိညာဉ်လက်နက်နှစ်ခု၊ အစွမ်းထက်ဆောင်များနှင့် ဆေးလုံးများစွာ ပါဝင်သည်။
"ပြန်လာလို့ ဒါတွေအကုန်မသုံးရသေးရင် ပြန်အပ်ရမယ်နော်"
ကျန်းချန်သည် တွန့်တိုသောအိမ်ရှင်မကြီးကဲ့သို့ မှာကြားလိုက်လေတော့သည်။