ငါတို့နှလုံးသားဌာနကလည်း တာဝန်ရှိတာပေါ့
Vol. 15 Ch. 150
လေ့ကျင့်ခန်းလုပ်တာကတစ်ပိုင်း၊ လူတကယ်သေသွားရင်တော့ မကောင်းပေ...
နောက်တစ်ဆင့် အသက်ပြန်ရှင်ခြင်းအတွက် အမှတ်မည်မျှလိုအပ်မည်ကို ကျန်းချန်မသိသေးသဖြင့် သူ့တပည့်များဘေးကင်းရေးကို အထူးဂရုစိုက်သည်။ သူထုတ်ပေးသမျှပစ္စည်းများမှာ အကောင်းဆုံးများသာ။
အထူးသဖြင့် ကျိလင်းဟန်၊ လင်းနင်နှင့် လော့ယွမ်တို့ကို သူလုယက်ထားသော မှော်ရတနာသုံးခုကို အထူးတပ်ဆင်ပေးလိုက်သည်။
ဖေးရှန်ဂိုဏ်းတပည့် ၇၀ ကျော်လုံး အဆင့် ၉ ဝိညာဉ်လက်နက်များ၊ ရတနာလက်နက်များနှင့် မှော်ရတနာများပါ တပ်ဆင်ထားသည်ကို မြင်သောအခါ နှလုံးသားဌာနမှပညာရှင်များ မျက်လုံးပြူးသွား၏။ ဤကဲ့သို့ခံစားခွင့်မျိုးကို သူတို့ အလွန်အားကျမိသည်။
နှလုံးသားဌာနမှာ အင်အားကြီးသော်လည်း စနစ်တကျစီမံခန့်ခွဲမှုမရှိသဖြင့် မချမ်းသာပေ။ အရှင်မြတ်အဆင့်ငါးဦးသာ ရတနာလက်နက်သုံးနိုင်ပြီး ကျန်သူများမှာ သာမန်ဝိညာဉ်လက်နက်များကိုသာ ကိုင်ဆောင်နေရဆဲဖြစ်သည်။
ယခုမူ ဖေးရှန်ဂိုဏ်း၏ ကောင်းကင်ကံကြမ္မာအဆင့်တပည့်လေးများပင် သူတို့ထက် ပစ္စည်းကိရိယာ ပိုမိုခမ်းနားနေချေပြီ။
"အဟမ်း"
ချင်းစော့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး တစ်ခုခုပြောရန်လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"ဂိုဏ်းချုပ်ကျန်း... ဒီတိုက်ပွဲအတွက် ငါတို့နှလုံးသားဌာနမှာလည်းတာဝန်ရှိတာပေါ့"
အခြားအကြီးအကဲများကလည်း အပြေးအလွှားရှေ့တိုးလာ၏။ သူတို့၏ တိုက်ခိုက်လိုစိတ်များမှာ ရုတ်တရက် အဟုန်ပြင်းစွာထွက်ပေါ်လာသည်။
"ဟုတ်တယ်... ငါတို့လည်းတိုက်ခိုက်ချင်တယ်"
"ကျွန်မတို့ကိုပါခေါ်သွားပါ ဂိုဏ်းချုပ်ကြီး"
ကျန်းချန်ကတော့ မအပေ။ ဤအဘွားကြီးများ၏အကြံကို သူကောင်းကောင်း သိသည်။ ခုနကတော့ တွန့်ဆုတ်နေပြီး အခုမှ ဘာလို့တက်ကြွနေတာလဲ။
တောက်... ငါ့ဆီက ရတနာလက်နက်တွေနဲ့ အဆောင်တွေကို အလကားလိုချင်နေတာပဲ။ အိပ်မက်မက်နေလိုက်...
"မလိုအပ်ဘူးလို့ ထင်ပါတယ်"
ကျန်းချန်က အေးဆေးစွာငြင်းလိုက်သည်။
"ဒါက ဖေးရှန်ဂိုဏ်းရဲ့ကိစ္စပဲလေ။ ခင်ဗျားတို့ကို အလုပ်မရှုပ်စေချင်တော့ဘူး"
"ဂိုဏ်းချုပ် မှားနေပြီ"
ချင်းစော့က ကြားဖြတ်ပြောလိုက်သည်။
"မဟာမိတ်တွေဆိုတာ အတူတူတက်၊ အတူတူနောက်ဆုတ်ရမှာပေါ့... ထုန်ယိုမြင့်မြတ်နယ်မြေက ငါတို့ကို အမြဲနှိပ်စက်နေတာ။ သူတို့နဲ့တိုက်ဖို့စောင့်နေတာကြာပြီ"
"အေးလေ... ငါတို့နဲ့ ထုန်ယိုဆိုတာ မတည့်အတူနေရန်သူတွေပဲ"
ကဲ... ဒီလောက်သရုပ်ဆောင်ချင်နေကြတာ။ ရစေရမယ်...
"မျိုးနွယ်စုခေါင်းဆောင်ချင်းစော့က ဒီလောက်တောင်စိတ်အားထက်သန်နေမှတော့... ကောင်းပါပြီ"
ကျန်းချန်က ပြုံးလိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းရဲ့စစ်သုံးပစ္စည်းတွေက အကုန်ဝေလိုက်ပြီဗျ။ ပိုတာမရှိတော့ဘူး။ ဒါပေမဲ့ ခင်ဗျားတို့လို အရှင်မြတ်အဆင့်တွေကတော့ ဒီထက်ကောင်းတဲ့ပစ္စည်းတွေရှိမှာဆိုတော့ ဒါတွေကိုအရေးလုပ်မှာမဟုတ်ပါဘူးနော်"
ဘာ... ကုန်သွားပြီ၊ ဟုတ်လား... ပြီးတော့အစုတ်အပြတ်တွေတဲ့လား... အဲဒါတွေက အစုတ်အပြတ်မဟုတ်ဘူးလေ... ချင်းစော့မျက်နှာစိမ်းဖန့်သွားသည်...
"မျိုးနွယ်စုခေါင်းဆောင်ချင်း... ငါတို့ထွက်ခွာရမယ့်အချိန်ရောက်ပြီ"
"ဟို... အဲဒါက..."
ပစ္စည်းတွေမရရင် သူတို့မသွားချင်တော့ပေ။ သူတစ်ပါးနယ်မြေထဲ သွားရောက်တိုက်ခိုက်ခြင်းမှာ အန္တရာယ်များ၏။ သို့သော် စကားကလည်း ထွက်ပြီးသွားပြီ။ အခုမှနောက်ဆုတ်လျှင် အရှက်ကွဲတော့မည်။
"အဲ... ဂိုဏ်းချုပ်ကျန်း၊ ငါတို့ရဲ့ရတနာလက်နက်တွေက မင်ရှင် မြင့်မြတ်နယ်မြေမှာကျန်ခဲ့လို့။ အခုက ဂုဏ်ပြုဖို့ပဲလာတာဆိုတော့ ဘာမှမပြင်ဆင်ထားမိဘူး"
ချင်းစော့က အမြန်ဆင်ခြေပေးလိုက်သည်။
"ရှင်တို့ အရင်သွားနှင့်ကြပါ။ ငါတို့ပစ္စည်းတွေသွားယူပြီးမှ ထုန်ယိုမြင့်မြတ်နယ်မြေမှာ လာဆုံကြမယ်လေ"
ကျန်းချန်က သူတို့ကိုကြည့်ပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ဒါက လစ်ထွက်ဖို့အကွက်မှန်း သူသိသည်။
"မလောပါဘူး... ကျွန်တော်တို့ ဒီမှာပဲစောင့်နေပါ့မယ်"
ချင်းစော့ ငိုချင်သွားသည်။
ဒီကောင်လေးက ဘာလို့ ဒီလောက်ကိုင်တွယ်ရခက်ရတာလဲ...
"မလိုပါဘူး... မလိုပါဘူး။ ကျွန်မတို့ လမ်းသိပါတယ်။ တိုက်ပွဲကအရေးကြီးတယ်လေ။ ကျွန်မတို့ အမြန်လိုက်လာခဲ့ပါ့မယ်... တကယ်ပါ"
ကျန်းချန်က ပြုံးလျက်ခေါင်းညိတ်ပြလိုက်၏။ နှလုံးသားဌာနမှလူများမှာ အသက်ဘေးမှလွတ်မြောက်လာသူများကဲ့သို့ အပြေးအလွှားထွက်ခွာသွားကြတော့သည်။
ထို့နောက် ကျန်းချန်သည် မျက်စိသုံးလုံးကျားကို ခေါ်လိုက်သည်။ တပည့်များကို အမြန်ဆုံးခေါ်ဆောင်သွားရန်အတွက် ကျားကြီးကို စီးတော်ယာဉ်အဖြစ်အသုံးပြုရန် စီစဉ်လေ၏။
ကျားကြီးမှာ အစကငြင်းချင်သော်လည်း ပါရမီတိုးမြှင့်ပေးမည်ဟူသောမက်လုံးကြောင့် နောက်ဆုံးတွင် လက်ခံလိုက်ရသည်။
ကျန်းချန်သည် တပည့်များကို ကျားကြီးနှင့်လွှတ်လိုက်ပြီး သူကတော့ ရှေ့ပြေးအဖြစ် အရင်သွားနှင့်မည်ဖြစ်သည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကိုသုံးကာ ထုန်ယိုမြင့်မြတ်နယ်မြေ၏အပြင်ဘက်သို့ ရောက်ရှိလာ၏။
မြင့်မြတ်နယ်မြေ၏အဝင်ဝကိုကြည့်ရင်း သူစဉ်းစားခန်းဝင်သွားသည်။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှမသိသဖြင့် အတင်းဝင်ရပေမည်။ သူသည် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအချို့ကိုကြည့်ရင်း ထူးဆန်းသောအကြံတစ်ခုရသွားသည်။
အကယ်၍ သူက တစ်စုံတစ်ယောက်အဖြစ်ရုပ်ဖျက်ပြီး အထဲကိုဝင်တိုက်လိုက်လျှင် ထိုလူမှာ သူတော်စင်ပိဖုန်း၏အမုန်းကိုခံရမည်မဟုတ်ပါလား။ ဤကဲ့သို့ သူတစ်ပါးကိုအပြစ်ပုံချခြင်းမှာ မရိုးသားသော်လည်း...
ကျန်းချန်သည် ကိုယ်ကိုတစ်ချက်လှုပ်ခါလိုက်ပြီး ချင်းစော့၏ပုံစံအဖြစ် ပြောင်းလဲလိုက်လေတော့သည်။