အခန်း (၂၀၁-၂၀၂)
Vol. 11 Ch. 201-202
အပိုင်း(၂၀၁) သိုင်းဘုရင်ဂေဟာနှင့် ကျွမ်းရှုယွမ်
"ဝိုး... အစ်ကိုလင်း... ဒီနေရာက ဘယ်လိုလုပ်ပြီး အလှဆင်လိုက်တာလဲ... အရမ်းလှတာပဲ"
"ဘုရားရေ... အစ်ကိုလင်း... ဒီဆိုဖာတွေ၊ စားပွဲတွေ၊ ကြမ်းခင်းတွေနဲ့ မျက်နှာကြက်မီးဆိုင်းတွေ... ဒါတွေအကုန်လုံး ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
"အစ်ကိုလင်းယွမ်... အစ်ကို့ဆီက ဒီစားပွဲက ကျွန်မအိမ်က စားပွဲနဲ့ တူနေသလိုပဲ" ဟု ဆုန့်ဝမ်က အံ့သြတကြီး ရေရွတ်လိုက်သည်။
ဧည့်ခန်းမဆောင်အတွင်းရှိ သစ်သားစားပွဲမှာ သူမအိမ်မှ စားပွဲနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
သူမက စားပွဲဆီသို့ အလျင်အမြန် ပြေးသွားပြီး သူမ ကိုယ်တိုင် ပြုလုပ်ခဲ့ဖူးသော အမှတ်အသားများကို ရှာဖွေကြည့်ရှုလိုက်ရာ သူမအိမ်မှ စားပွဲအစစ်အမှန် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်သည်။
"အဲ့ဒီတုန်းက တိုက်ခန်းကနေ ထွက်ခွာရတော့မှာဆိုတော့ အသုံးဝင်မယ့် ပစ္စည်းမှန်သမျှ ပစ္စည်းသိုလှောင်ခန်းထဲ ထည့်ယူလာခဲ့တာလေ"
"ကဲ... လာကြ... လာကြ... မင်းတို့ ပရိဘောဂတွေ လိုချင်တယ်ဆိုရင် ငါ့ကိုပြော... တစ်ယောက် တစ်စုံစီ လက်ဆောင်ပေးမယ်"
လျှိုဖိန်ဖိန်က အလျင်အမြန်ပင် လက်ထောင်လိုက်ပြီး ပြောသည်။
"အစ်ကိုလင်း... ညီမ ဆိုဖာ လိုချင်တယ်... အစ်ကိုခိုင် လုပ်ပေးထားတဲ့ ဝါးထိုင်ခုံက ထိုင်ရတာ တင်ပါးနာတယ်"
အားလုံးက ထိုစကားကြောင့် တဝါးဝါး ပွဲကျသွားကြသည်။
လင်းယွမ်က ပြုံး၍ ပြန်ပြောလိုက်သည်။
"ကိစ္စမရှိဘူး... ရစေရမယ်"
တုံယန်ကလည်း အလျင်စလို လက်ထောင်လိုက်ပြီး ပြောလာသည်။
"အစ်ကိုလင်း... ညီမကတော့ လျှပ်စစ်ပစ္စည်း တစ်စုံလောက် လိုချင်တယ်... ခုနက အစ်ကို့မီးဖိုချောင်ထဲမှာ ထမင်းပေါင်းအိုးတွေ၊ လျှပ်စစ်မီးဖိုတွေ တွေ့ခဲ့ရတယ်... ပိုနေတာများ ရှိမလား"
သူမ၏မောင်ဖြစ်သူမှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ရှိသူဖြစ်ရာ လျှပ်စစ်ပစ္စည်းများမှာ နေအိမ်အတွက် အသုံးဝင်ပေလိမ့်မည်။
လင်းယွမ်က ပြုံးရွှင်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ရတာပေါ့... မီးသီးတွေရော လိုချင်လား... တုံကျဲက လျှပ်စစ်ထုတ်နိုင်တော့ အီလက်ထရောနစ် ပစ္စည်းတွေကို ပိုပြီး ဆောင်ထားသင့်တယ်လို့ ထင်တယ်"
တုံယန်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြရှာသည်။
"ကောင်းတာပေါ့ အစ်ကိုရယ်... အရမ်းကောင်းတာပေါ့"
သူမက တုံကျဲကို ဆွဲခေါ်လိုက်ပြီး ပြောသည်။
"အစ်ကိုလင်းကို ကျေးဇူးတင်စကား ပြောလိုက်ဦးလေ"
တုံကျဲကလည်း ဝမ်းသာအားရဖြင့် ပြောရှာသည်။
"ကျေးဇူးပါ အစ်ကိုလင်း"
လင်းယွမ်က ပြုံးလျက် ကောင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ပြန်ရောက်ရင် ရေဒီယို အသံလွှင့်ချက်တွေကို ဂရုတစိုက် နားထောင်ပေးနော်... ငါ့အတွက် မှတ်သားထားပေးဖို့ မမေ့နဲ့"
"ဟုတ်ကဲ့ပါ အစ်ကိုလင်း... စိတ်ချပါ"
ထို့နောက် အခြားသူများကလည်း တစ်ယောက်တစ်ပေါက်ဖြင့် ပရိဘောဂပစ္စည်း အချို့ကို တောင်းဆိုကြတော့သည်။
လင်းယွမ်၏ နေအိမ်ပြင်ဆင်ထားပုံမှာ အလွန်ကောင်းမွန်လွန်းသဖြင့် အားလုံးက မနာလို အားကျဖြစ်နေကြရသည်။
မည်သူမဆို ဤကဲ့သို့ ပြည့်စုံလုံလောက်သော ဂူအိမ်မျိုးတွင် ဝင်ရောက်နေထိုင်ချင်ကြသည် မဟုတ်ပါလား။
ကျောက်ခိုင်က ဘယ်ညာ ဝေ့ဝဲကြည့်ရှုရင်း ရုတ်တရက် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"အစ်ကိုလင်း... အိမ်ထဲမှာ အခန်းတွေ အများကြီး တူးထားတာ ဘာလုပ်ဖို့လဲ... အစ်ကိုနဲ့ အမမေ နှစ်ယောက်တည်း နေတာမလား"
သူ့စကားမဆုံးခင်မှာပင် လျှိုဖိန်ဖိန်က သူ့ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။
ကျောက်ခိုင်မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး ဘာမှန်းမသိဘဲ တိုးတိုးလေး ကပ်မေးလိုက်သည်။
"နင် ဘာလို့ ငါ့ကို လာကန်တာလဲ"
လျှိုဖိန်ဖိန်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ရှင်က တကယ်ပဲ တုံးတာလား... ဟန်ဆောင်နေတာလား... အခန်းတွေ ပိုလုပ်ထားတာက တခြားလူတွေ လာနေဖို့ ပြင်ထားတာပေါ့"
ထိုအခါမှ ကျောက်ခိုင်တစ်ယောက် သဘောပေါက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင် သံသယဝင်နေဆဲပင်။ အမတင်းတို့၊ ဆုန့်ဝမ်တို့က အောက်ထပ်မှာ ဂူအိမ်တွေ တူးပြီးနေပြီ မဟုတ်ပါလား။
နောင်ကျရင် သူတို့က ဒီအပေါ်ကို ပြောင်းလာကြမှာလား။
သို့သော် ဤကိစ္စမျိုးကို သူ ထုတ်မပြောရဲပေ။ ဘာမှ မသိနားမလည်သူ တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ အများနည်းတူ လင်းယွမ်၏ နေအိမ်ကို လိုက်လံကြည့်ရှုနေလိုက်သည်။
နေ့လည်စာကို လင်းယွမ်၏ အိမ်တွင်ပင် စုပေါင်းစားသောက်ကြသည်။ ဘီယာသောက်ကြရင်း ဟော့ပေါ့ တည်ခင်း ဧည့်ခံသည်။
ရန်မေ၏ ဟော့ပေါ့စားချင်သော ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။
ဤတစ်နပ်ကို လူတိုင်း ကျေနပ်စွာ စားသောက်ခဲ့ကြသည်။ လင်းယွမ်၏အိမ်တွင် အသားငါးသာမက ဟင်းသီးဟင်းရွက်များပါ ရှိနေခြင်းကြောင့် ဖြစ်သည်။
ဟော့ပေါ့ ဟင်းပွဲများမှာ စုံလင်လှသဖြင့် ခေတ္တမျှဖြင့် လူတိုင်းသည် ကမ္ဘာပျက်ကပ်ဘေး မတိုင်ခင် ကျေးလက်ဒေသ အပန်းဖြေခရီးထွက်ပြီး စားသောက်နေရသကဲ့သို့ ခံစားလိုက်ကြရသည်။
ထမင်းဝိုင်းတွင် အစပိုင်း၌ အမိုးအကာစခန်းကို မည်သို့ တိုးချဲ့ကြမည်၊ ကားပါကင်ကွင်းပြင်၌ ဘာလုပ်ကြမည်၊ တောင်စောင်း လှေကားထစ် စိုက်ခင်းများ အခြေအနေ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
စကားပြောရင်း ပြောရင်းဖြင့် ကမ္ဘာမပျက်ခင်က နေ့ရက်များကို ပြန်ပြောင်း ပြောဆိုမိလာကြသည်။ အချို့က ဆွေမျိုးသားချင်းများကို လွမ်းဆွတ်ကာ အသံထွက်သည်အထိ ငိုကြွေးကြသလို၊ အချို့က သေဆုံးသွားသော မိသားစုဝင်များကို သတိရကာ မျက်ရည်သုတ်နေကြသည်။
တော်သေးသည်မှာ လင်းယွမ်က လူအများ၏ ဝမ်းနည်းပူဆွေးမှုများကို အချိန်မီ ဖြတ်တောက်လိုက်ပြီး စကားလမ်းကြောင်း လွှဲပေးလိုက်ခြင်းပင်။
...
မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ရပ်တန့်ခြင်း မရှိသော်လည်း လင်းယွမ်တို့ဖက်တွင် အခြေအနေများ တည်ငြိမ်စ ပြုလာပြီ ဖြစ်သည်။
ထိုအချိန်တွင် မီးသတ်ရေလှောင်ကန် နေရာမှ (၃) မိုင်ခန့် ကွာဝေးသော တောင်ပေါ်လမ်းမ၌၊ လမ်းဘေး ဝဲယာတွင် တည်ဆောက်ထားသော အတော်အတန် ကြီးမားသည့် ဂေဟာစံအိမ် တစ်ခု ရှိလေသည်။
ထိုနေရာသည် ထိုက်ယန်တောင်၏ အခြားသော အထင်ကရ နေရာတစ်ခု ဖြစ်သည့် သိုင်းဘုရင်ဂေဟာ ဖြစ်သည်။
သိုင်းဘုရင်ဂေဟာဆိုသည်မှာ ရှေးလူကြီးများက 'သိုင်းဘုရင်ယန်ဖိန်' ဘွဲ့ခံ ကျန့်ချန်ကုန်းကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ပါးစပ်ရာဇဝင်များအရ ကျန့်ချန်ကုန်းသည် ပင်လယ်ဓားပြများကို နှိမ်နင်းရာ လမ်းခရီးတွင် လင်ကျောင်းမြို့ကို ဖြတ်သန်းခဲ့ပြီး ဤနေရာ အမြင့်သို့ တက်ရောက်ကာ အဝေးသို့ မျှော်ကြည့်ခဲ့သည်ဟု ဆိုသည်။
ပြည်သူများ၏ ဆင်းရဲဒုက္ခနှင့် ပင်လယ်ဓားပြများ၏ သတ်ဖြတ်ခြင်း ခံရမှုများကို တွေ့မြင်ရသဖြင့် စိတ်မကောင်းဖြစ်ကာ ဤနေရာ၌ တစ်လကျော်ကြာ တပ်စွဲရပ်နားခဲ့ပြီး ပင်လယ်ဓားပြ ထောင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့သည်။
ဒေသခံပြည်သူများက သူ၏ ကျေးဇူးတရားကို အောက်မေ့သတိရသော အားဖြင့် ထိုက်ယန်တောင်ပေါ်တွင် သိုင်းဘုရင်ဂေဟာကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
သိုင်းဘုရင်ဂေဟာသည် မင်မင်းဆက်နှင့် ချင်းမင်းဆက် နှစ်ခေတ်ကို ဖြတ်သန်းခဲ့ပြီး စစ်ဒဏ်ကြောင့် အကြိမ်ကြိမ် ပျက်စီးခဲ့ရသည်။ နောက်ပိုင်းတွင် အစိုးရက ထိုက်ယန်တောင် ခရီးသွားဇုန်ကို စီမံကိန်း ပြန်လည်ရေးဆွဲရာ၌ သိုင်းဘုရင်ဂေဟာကို အထူးတလည် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။
ယခင်က သိုင်းဘုရင်ဂေဟာမှာ တစ်လုံးတည်းသာ ရှိသော်လည်း ပြန်လည် မွမ်းမံပြီးနောက်တွင်မူ မူလ အဆောက်အဦကို အခြေခံ၍ ဂေဟာစံအိမ် အစုအဝေး တစ်ခုအဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့သည်။
ထို့ကြောင့် သိုင်းဘုရင်ဂေဟာ ဆိုသည်မှာ အဆောက်အဦ တစ်ခုတည်း မဟုတ်တော့ဘဲ ဂေဟာစံအိမ် (၁၀) လုံးခန့် ဆက်စပ်နေသော အဆောက်အဦ အစုအဝေးကြီး တစ်ခု ဖြစ်လာသည်။
ထိုက်ယန်တောင် တစ်ကြောတွင် ထင်ရှားကျော်ကြားသော နေရာတစ်ခုဟု ဆိုနိုင်သည်။
ဂေဟာစံအိမ်များ အတွင်းတွင် အလိုအလျောက် ရောင်းချသည့် စက်များသာမက ခရီးသွားများ အနားယူ စားသောက်နိုင်ရန် လက်ဖက်ရည်ဆိုင်များပါ ရှိလေသည်။
သို့သော် ယခုအချိန်တွင် သိုင်းဘုရင်ဂေဟာ၏ ရုပ်သွင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဂေဟာစံအိမ် ပတ်လည်တွင် ဝါးဖြင့် ပြုလုပ်ထားသော ကာကွယ်ရေး ခြံစည်းရိုးများကို တည်ဆောက်ထားပြီး တောင်နံရံများပေါ်တွင်လည်း ဂူအိမ်များစွာ တူးဖော်ထားကြသည်။
ဂူအိမ်များအတွင်း၌ လူများ ဝင်ထွက်သွားလာနေကြသဖြင့် လူနေထိုင်မှု ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။
တောင်ပေါ်လမ်းမတွင်လည်း ဝါးများဖြင့် ပြုလုပ်ထားသော မတ်စောက်သည့် လှေကားများကို တပ်ဆင်ထားပြီး အလျင်အမြန် အတက်အဆင်း ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။
ထိုအချိန်၌ လူငယ်နှစ်ဦးသည် တောင်ပေါ်လမ်းအတိုင်း အသည်းအသန် ပြေးတက်လာကြသည်။
ထိုသူနှစ်ဦးသည် ခြေလှမ်းကျဲကျဲဖြင့် အရှိန်ပြင်းစွာ ပြေးလွှားနေကြပြီး စက္ကန့်ပိုင်း အတွင်းမှာပင် ပေ (၁၀၀) ခန့် ခရီးပေါက်သွားသည်။
သိသာထင်ရှားသည်မှာ ထိုနှစ်ဦးစလုံးသည် အလျင်အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
သူတို့သည် ခြေကုန်သုတ် ပြေးလာကြပြီး သိုင်းဘုရင်ဂေဟာ အဝင်ဝသို့ ရောက်သည်နှင့် လူတစ်ယောက်က ချက်ချင်း လှမ်းအော်လိုက်သည်။
"ကျန်းချင်း... ဝမ်လဲ့... မင်းတို့ ဘာလို့ အသားကုန်ပြေးနေတာလဲ... သန္ဓေပြောင်း သတ္တဝါတွေ လိုက်လာလို့လား"
ထိုလူငယ်နှစ်ဦးသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ကျန်းချင်း ဆိုသူက အမောတကော ပြန်ဖြေသည်။
"အမကျွမ်းကို အရေးကြီးကိစ္စ ပြောစရာရှိလို့"
ပတ်ဝန်းကျင်မှ လူအများက စိတ်ဝင်တစား ကြည့်လာကြပြီး တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာကိစ္စမို့လို့ ဒီလောက် အရေးကြီးနေတာလဲ... စွမ်းအားကြီးတဲ့ သန္ဓေပြောင်း သတ္တဝါကြီးတွေများ ပေါ်လာလို့လား"
"ကျန်းချင်း... ဘာဖြစ်တာလဲဟ"
ကျန်းချင်းက လက်ကို ခါယမ်းလိုက်ပြီး ပြောသည်။
"သန္ဓေပြောင်းကောင် မဟုတ်ဘူး... လူတွေ... လူတွေ"
"မီးဝါးတောထဲကို လူတစ်စု ရောက်လာတယ်... ပြီးတော့ မီးဝါးတောနားက မီးသတ်ရေလှောင်ကန်ကိုပါ သိမ်းပိုက်လိုက်ကြတယ်... ဒီနေ့ ငါတို့ညီအစ်ကိုနှစ်ယောက် ဝါးပိုးကြွက် ဖမ်းဖို့သွားရင်းနဲ့ အဲဒီလူစုကို တွေ့ခဲ့တာ"
"ဘာ... မီးဝါးတောကို လူတွေ သိမ်းသွားတယ် ဟုတ်လား"
"ဖုန်းဟွမ်ဘုရားကျောင်းက လူတွေလား"
"တောက်... ဟို ထူလုံနဲ့ ဟုန်ခွေးအိုကြီးက စစ်ဖြစ်ချင်နေတာလား... သူတို့ အစ်ကိုကြီးမုန့်ကို မကြောက်ကြဘူးလား"
သိုင်းဘုရင်ဂေဟာရှိ လူများမှာ ချက်ချင်းပင် ဒေါသထွက်သွားကြပြီး ဆဲဆိုကြိမ်းမောင်းသံများ ဆူညံသွားသည်။
ကျန်းချင်းက ပြန်ရှင်းပြသည်။
"မဟုတ်ဘူး... ဖုန်းဟွမ်ဘုရားကျောင်းဖက်က မဟုတ်ဘူး... တောင်ပေါ်ကို အခုမှ တက်လာတဲ့ လူသစ်အဖွဲ့လို့ ထင်တာပဲ... ငါတို့ ညီအစ်ကိုတွေ ဖုန်းဟွမ်ဘုရားကျောင်းဖက်ကို တမင်သွားပြီး စုံစမ်းခဲ့သေးတယ်"
"အဲဒီလူစုထဲမှာ အစွမ်းပိုင်ရှင်တွေ ပါတယ်တဲ့... ဒီတစ်ခေါက် တောင်ပေါ်တက်လာတော့ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေနဲ့ တိုက်ခိုက်ခဲ့ကြသေးတယ်... ပြီးတော့ ငါတို့ သိုင်းဘုရင်ဂေဟာကိုပါ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေကြတယ်တဲ့"
"ဒါတွေအကုန်လုံးကို ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ ကိုယ်တိုင် ပြောပြတာ... ငါတို့ ညီအစ်ကိုတွေလည်း သွားကြည့်ခဲ့တယ်... ဖုန်းဟွမ်ဘုရားကျောင်းဖက်မှာ လူတွေ အများကြီး သေထားပုံရတယ်... လှေကားထစ်တွေပေါ်မှာ မိုးရေနဲ့ မပါသွားတဲ့ အသားစတွေ ကျန်နေသေးတယ်"
"တော်ပြီကွာ... မပြောတော့ဘူး... ငါ အမကျွမ်းနဲ့ အစ်ကိုကြီးမုန့်ဆီ အမြန်သွားပြီး သတင်းပို့လိုက်ဦးမယ်"
"အေး... သွား... မြန်မြန်သွား... မီးဝါးတောကို အဆုံးရှုံးခံလို့ မဖြစ်ဘူး... အဲဒီက ဝါးတွေက ငါတို့အတွက် အရမ်းအရေးကြီးတယ်... လေးနဲ့မြှား လုပ်ဖို့တင် မကဘူး၊ အဲဒီမှာ ဝါးပိုးမျှစ်တွေ၊ ဝါးပိုးကြွက်တွေ အများကြီး ရှိတာ"
"ဟုတ်တယ်... အချိန်ဆွဲမနေနဲ့တော့... ငါလည်း မင်းတို့နဲ့ လိုက်ခဲ့မယ်"
စကားပြောနေရင်းပင် လူအချို့ ထွက်လာကြပြီး ကျန်းချင်းနှင့် ဝမ်လဲ့ နှစ်ယောက်ကို ခေါ်ဆောင်ကာ အကြီးဆုံး ဂေဟာစံအိမ်ကြီးဆီသို့ အလျင်အမြန် ထွက်ခွာသွားကြသည်။
ထိုနေရာသည် သိုင်းဘုရင်ဂေဟာ၏ ပင်မဆောင် ဖြစ်သည်။ ယခုအချိန်၌ သိုင်းဘုရင်ဂေဟာ ပင်မဆောင်အတွင်း အောက်ဖက်တွင် အစွမ်းပိုင်ရှင်အချို့ ထိုင်နေကြပြီး ထိပ်ဆုံးနေရာတွင်မူ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။
ထိုအမျိုးသမီးသည် ကျက်သရေရှိပြီး ပြည့်ဖြိုးသောအလှ ပိုင်ဆိုင်ထားကာ မြင့်မြတ်သော အငွေ့အသက်များ လွှမ်းခြုံထားသည်။
သူမသည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် လက်ဖက်ရည် သောက်နေရင်း အောက်ဖက်မှ အစွမ်းပိုင်ရှင်များ၏ မကြာမီ ရောက်ရှိလာတော့မည့် ပင်လယ်ဒီရေလှိုင်းတံပိုး အကြောင်း ဆွေးနွေးနေကြသည်ကို နားထောင်နေသည်။
"ဒီတစ်ခေါက် ပင်လယ်ဒီရေလှိုင်းက ပြီးခဲ့တဲ့ အခေါက်ထက် ပိုကြမ်းမယ်လို့ မှန်းရတယ်"
"မိုးကြီးတာကလည်း အခုထိ မတိတ်သေးဘူး... ရေမျက်နှာပြင်ကလည်း ဆက်တိုက် မြင့်တက်နေတယ်... ရေထဲက သတ္တဝါတွေလည်း ပိုများလာပြီး ပိုပိုကြီးလာကြတယ်"
"ဟုတ်တယ်... ရေမျက်နှာပြင် မြင့်တက်လာတော့ ရေနက်ပိုင်းက ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးတွေ ကမ်းဖက်ကို ကူးလာမှာ သေချာတယ်"
"ပစ္စည်းတွေ ဆယ်ယူနေတဲ့ ညီအစ်ကိုတွေကို လက်သွက်ခိုင်းမှ ရမယ်... အနီးအနား ရေပြင်ပေါ်က ပစ္စည်းတွေကို အကုန်ရှင်းပြီး ဝါးဖောင်ခြံစည်းရိုးတွေ ခတ်ထားဖို့ ပြင်ရမယ်"
"သတ္တုတွင်းဖက်က ညီအစ်ကိုတွေလည်း အရှိန်တင်မှ ရမယ်... နောက်ဆုံးအသုတ် စွမ်းအင်ကျောက်တုံးတွေ သယ်ပြီးတာနဲ့ တူးဖော်တာကို ခဏရပ်ပြီး ဒီရေလှိုင်းဒဏ် ခံနိုင်ဖို့ ပြင်ဆင်ရတော့မယ်"
"ပင်လယ်ဒီရေလှိုင်းတင် မကဘူး... တောထဲက သန္ဓေပြောင်း သတ္တဝါတွေလည်း ရှိသေးတယ်... ဒီရေတက်လာရင် သူတို့လည်း သောင်းကျန်းကြမှာ"
"တောက်... ဒီခွေးမသား မိုးနတ်မင်းက ဘယ်အချိန်ထိ ရွာနေဦးမှာလဲ မသိဘူး"
တစ်စုံတစ်ယောက်က ညည်းညူအပြစ်တင်လိုက်သည်။
ထိုအချိန်တွင် ကျက်သရေရှိလှသော အမျိုးသမီးက စားပွဲခုံကို ခပ်ဖွဖွ ခေါက်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။
ချက်ချင်းပင် လူအားလုံး ပါးစပ်ပိတ်သွားကြပြီး သူမကို ဝိုင်းကြည့်လာကြသည်။
ကျွမ်းရှုယွမ်က ပျင်းရိလေးတွဲ့သော လေသံဖြင့် မေးလိုက်သည်။
"ရိက္ခာတွေ အလုံအလောက် ပြင်ဆင်ပြီးပြီလား... ထုံးစံအရဆိုရင် ပင်လယ်ဒီရေလှိုင်းက အနည်းဆုံး နှစ်ရက်လောက် ကြာတတ်တယ်... (၁၅) ရက်နဲ့ (၁၆) ရက်နေ့တွေက အမြင့်ဆုံးအချိန်ပဲ... အဲဒီရက်တွေ ကျော်သွားရင်လည်း ကျွန်းပေါ်မှာ ကျန်ခဲ့တဲ့ သန္ဓေပြောင်း ရေသတ္တဝါတွေကို ရှင်းလင်းရဦးမှာ"
"အမကျွမ်း... အကုန် ပြင်ဆင်ပြီးပါပြီ... အိမ်အသီးသီးရဲ့ ရိက္ခာတွေကို ဂူအိမ်တွေထဲ ထည့်ထားပြီးပါပြီ... (၇) ရက်စာ စားသောက်ဖို့ လုံလောက်ပါတယ်"
ကျွမ်းရှုယွမ်က ခေါင်းငြိမ့်လိုက်သည်။
"စိုက်ခင်းတွေရော... ကာကွယ်ရေးတွေ လုပ်ပြီးပြီလား"
"အမကျွမ်း... စိုက်ခင်းတွေကိုတော့ ဝါးတွေနဲ့ပဲ ခြံစည်းရိုး ခတ်ထားနိုင်ပါတယ်... သန္ဓေပြောင်းကောင် အသေးလေးတွေကိုတော့ တားနိုင်ပေမယ့် အကောင်ကြီးတွေနဲ့ တွေ့ရင်တော့ အဲဒီခြံစည်းရိုးတွေက အလကား ဖြစ်သွားမှာ"
ကျွမ်းရှုယွမ် ကြားလိုက်ရသောအခါ သူမ၏ လှပသော မျက်နှာပေါ်တွင် အားမလိုအားမရ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။
"တတ်နိုင်သလောက် လုပ်ထားကြတာပေါ့... တို့နေရာက မြင့်တော့ ဒီရေလှိုင်းနဲ့ပါလာတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ဒီအထိ တက်လာနိုင်ချင်မှ တက်လာနိုင်မှာပါ"
နှုတ်မှသာ ထိုသို့ ပြောလိုက်ရသော်လည်း မဖြစ်နိုင်ကြောင်း သူမ သိနေသည်။
ပင်လယ်ထဲတွင် ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးများ အလွန် များပြားလွန်းလှသည်။ ဒီရေလှိုင်းနှင့်အတူ ၎င်းတို့သည် ကမ်းပေါ်သို့ တက်လာကြမည်မှာ အသေအချာပင်။
ဥဥချင်၍ ဖြစ်စေ၊ အစာရှာထွက်ချင်၍ ဖြစ်စေ ကမ်းပေါ်သို့ တက်လာကြမည်ဖြစ်ရာ တိုက်ပွဲများ ဖြစ်ပွားမည့် အရေးကို ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။
သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဖက်မှ အလျင်စလို ခြေသံများ ကြားလိုက်ရသည်။
ထို့နောက် ကျန်းချင်း၊ ဝမ်လဲ့နှင့် လူအချို့ တံခါးခေါက်လာကြသည်။
ကျွမ်းရှုယွမ်က စိတ်ရှုပ်ထွေးစွာဖြင့် "ဝင်ခဲ့" ဟု ပြောလိုက်သည်။
လူအုပ်စု အလျင်အမြန် ဝင်ရောက်လာကြပြီး ခေါင်းဆောင်ပိုင်းများ ရှိနေသည်ကို တွေ့သောအခါ ကျန်းချင်းက ချက်ချင်း တင်ပြလေသည်။
"အမကျွမ်း... ပြဿနာ တက်ပြီ... မီးဝါးတောဖက်ကို လူတစ်စု ရောက်လာတယ်... သူတို့ အဲဒီမှာ နေရာယူလိုက်ကြပြီ"
ကျွမ်းရှုယွမ်က ဘာကိစ္စလဲဟု မေးမြန်းချင်နေသော်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း ခါးမတ်သွားသည်။ သူမ မျက်နှာပေါ်မှ ပျင်းရိလေးတွဲ့သော အမူအရာများ ပျောက်ကွယ်သွားပြီး မှုန်မှိုင်းသော မျက်နှာထား ဖြစ်သွားသည်။
"ဘယ်က လူတစ်စုလဲ... ထူလုံတို့ ကောက်ကျစ်တာလား"
သူမ၏ ပထမဆုံး အတွေးမှာ မြောက်ဖက်ရှိ ဖုန်းဟွမ်ဘုရားကျောင်း စခန်းမှ လုပ်ကြံခြင်းလော ဟူ၍ ဖြစ်သည်။ မီးဝါးတောသည် သူတို့ သိုင်းဘုရင်ဂေဟာနှင့် ဖုန်းဟွမ်ဘုရားကျောင်း ကြားတွင် ရှိနေသဖြင့် ဖုန်းဟွမ်ဘုရားကျောင်းမှ လွဲ၍ အခြား အင်အားစု မရှိနိုင်ဟု သူမ ယူဆလိုက်သည်။
ကျန်းချင်းက ခေါင်းခါရင်း ပြောသည်။
"မဟုတ်လောက်ဘူး... ကျွန်တော်နဲ့ ဝမ်လဲ့ ဖုန်းဟွမ်ဘုရားကျောင်းဖက်ကို သွားပြီး သေသေချာချာ စုံစမ်းခဲ့တယ်... ဒီလူစုက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရေပေါ်ကနေ ကမ်းတက်လာကြတာ... ခေါင်းဆောင်တဲ့သူက လင်းယွမ်လို့ခေါ်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက်တဲ့"
"သူတို့က မြောက်ဖက်ကနေ ကမ်းတက်လာကြတာ... ကမ်းတက်တက်ချင်း ထူလုံတို့အဖွဲ့ရဲ့ တားဆီးတာကို ခံခဲ့ရတယ်... မထင်မှတ်ထားတာက အဲဒီလူစုထဲမှာ အစွမ်းပိုင်ရှင်တွေ မနည်းဘူး... ဖုန်းဟွမ်ဘုရားကျောင်းက လူတွေကို ဖောက်ထွက်နိုင်ရုံတင်မကဘူး အနိုင်ပိုင်းပြီး ကမ်းတက်လာနိုင်ခဲ့ကြတယ်"
"ကျွန်တော်တို့ စုံစမ်းရသလောက် ထူလုံနဲ့ အဲဒီလင်းယွမ်ဆိုတဲ့လူ ထိပ်တိုက် တွေ့ခဲ့ကြတယ်... ထူလုံက အဲဒီလူကို မယှဉ်နိုင်လို့ ပေါက်ကွဲသင်္ကေတ ကျောက်တုံးကို သုံးပြီး အဲဒီလူစုကို ခြိမ်းခြောက် မောင်းထုတ်လိုက်ရတာတဲ့"
"ထူလုံ ရှုံးသွားတယ်ဟုတ်လား"
ကျွမ်းရှုယွမ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မျက်နှာထား တည်ကြည်လေးနက်သွားသည်။
သူမ၏ အောက်ဖက်တွင် ထိုင်နေကြသော အစွမ်းပိုင်ရှင်များလည်း အာမေဋိတ် အသံများ ထွက်ပေါ်လာကြသည်။
"ထူလုံရဲ့ တက်တူးဝိညာဉ် အစွမ်းက ထူးဆန်းပြီး အမျိုးမျိုး ပြောင်းလဲနိုင်တာလေ... ရှုံးသွားတယ် ဟုတ်လား"
"ထူလုံရဲ့ အစွမ်းနဲ့တောင် ရှုံးတယ်ဆိုတော့... ဒီလင်းယွမ်ဆိုတဲ့ကောင်က ဘာအစွမ်းမို့လို့လဲ"
"လာသူက သာမန် မဟုတ်ဘူးပဲ... ရေကြီးနေတဲ့အထဲကနေ အတင်းဝင်ရောက်လာနိုင်တယ်ဆိုတော့ သေချာပေါက် ရိုးရိုးတန်းတန်းတော့ မဟုတ်ဘူး... သိုင်းဝိဇ္ဇာအဆင့် လူတွေ ပါလာတာ မဆန်းပါဘူး"
"သူတို့ လူဘယ်နှယောက်လောက် ရှိလဲ"
"ကျန်းချင်း... တခြား ဘာသတင်းရသေးလဲ"
အားလုံးက တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြတော့သည်။
ကျန်းချင်းက ဆက်ပြောသည်။
"အချိန်က အရမ်းကပ်နေတော့ ကျွန်တော်တို့ များများစားစား စုံစမ်းလို့မရသေးဘူး"
"သိရသလောက်ကတော့ အဲဒီလူစုက အင်အား (၁၀၀) ဝန်းကျင်လောက် ရှိမယ်... အဲဒီအထဲမှာ အစွမ်းပိုင်ရှင်က (၁၀) ယောက်မက ရှိလောက်တယ်"
"ဖုန်းဟွမ်ဘုရားကျောင်းထဲက ကျွန်တော်တို့ သူလျှို ပြောပြချက်အရ ထူလုံက အဲဒီလူနဲ့ တိုက်ခိုက်တုန်းက ကျားဖြူဝိညာဉ်၊ နတ်ဘုရားလက်ဝါး၊ စေတန်အရိုးခေါင်း ဆိုတဲ့ ဝိညာဉ် သုံးမျိုးစလုံးကို သုံးခဲ့တယ်တဲ့... နောက်ဆုံး နဂါးစိမ်းဝိညာဉ်ကို ထုတ်သုံးတာတောင် ရှုံးသွားတယ်တဲ့"
"ဘာ"
"ထူလုံကို အဲဒီအဆင့်ထိရောက်အောင် ဖိအားပေးနိုင်တယ် ဟုတ်လား"
"ထူလုံရဲ့ ကျားဖြူဝိညာဉ် အခြေအနေမှာ ခွန်အားက (၂၀) ကျော်နေပြီလေ... ဒါတောင် ရှုံးတယ်လား"
"အဲဒီ လင်း ဆိုတဲ့ကောင်က ခွန်အားအစွမ်းပိုင်ရှင်လား"
"မဟုတ်သေးဘူး... ထူလုံရဲ့ နဂါးစိမ်းဝိညာဉ် အခြေအနေက ကျားဖြူဝိညာဉ်ထက် ခွန်အား ပိုကြီးတယ်... အနည်းဆုံး အစ်ကိုကြီးမုန့်ရဲ့ ခွန်အားနီးပါး ရှိနေပြီ... (၂၅) မှတ် အထက်မှာ ရှိတယ်"
အားလုံးမှာ မယုံနိုင်လောက်အောင် ဖြစ်နေကြပြီး အာမေဋိတ်သံများ ဆူညံသွားသည်။
ကျွမ်းရှုယွမ်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
"အဲဒီလူက ဘယ်လို အစွမ်းပိုင်ရှင်မျိုးလဲ"
"ပြောရခက်တယ်... သူလျှိုပြောပြတာကတော့ အဲဒီလူရဲ့ ခွန်အားက ကျားဖြူဝိညာဉ် အခြေအနေမှာရှိတဲ့ ထူလုံကို လုံးဝ အပြတ်အသတ် ဖိနှိပ်နိုင်တယ်တဲ့... နဂါးစိမ်းဝိညာဉ် အခြေအနေနဲ့ တွေ့တဲ့အခါမှာလည်း မတိမ်းမယိမ်း ရှိနေပြီး အသာစီးတောင် ရနေသေးတယ်တဲ့"
"ဒါဆို ခွန်အားအစွမ်းပိုင်ရှင် ပေါ့" ဟု ကျွမ်းရှုယွမ်က မေးလိုက်သည်။
"မဟုတ်ဘူး... ခွန်အားတင် မကဘူး... အဲဒီတုန်းက ရှိနေတဲ့ သူလျှိုက ထူလုံ ပါးစပ်ကနေ 'စိတ်စွမ်းအင်' ဆိုတဲ့ စကားလုံး ပြောလိုက်တာ ကြားလိုက်ရတယ်တဲ့... အဲဒီလူမှာ စိတ်စွမ်းအင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုလည်း ရှိနေလောက်တယ်" ဟု ကျန်းချင်းက အမြန် ပြန်ဖြေလိုက်သည်။
ကျွမ်းရှုယွမ်၏ မျက်နှာမှာ ပို၍ လေးနက်သွားသည်။
"စိတ်စွမ်းအင်နဲ့ ခွန်အား... အစွမ်းနှစ်မျိုး ပိုင်ရှင်လား"
"ဖြစ်နိုင်ချေ များတယ်" ကျန်းချင်းက ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
ထိုနေရာရှိ လူအားလုံး၏ မျက်နှာထားများမှာ ပို၍ တင်းမာသွားကြသည်။
"အစွမ်းနှစ်မျိုး... ဖြစ်နိုင်လို့လား"
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ထူလုံရဲ့ တက်တူးဝိညာဉ် အစွမ်းဆိုရင်လည်း အစွမ်းအများကြီး ပိုင်ဆိုင်ထားတာပဲ မဟုတ်လား... သူ့မှာ တက်တူး ဘယ်နှမျိုးရှိလဲ၊ အဲဒီလောက် အသွင်ပြောင်းနိုင်တာပဲလေ"
"အဲဒါနဲ့ မတူဘူးလေ... ထူလုံရဲ့ ပြောင်းလဲမှုအားလုံးက တက်တူးဝိညာဉ် အစွမ်းတစ်ခုတည်းကနေ လာတာ... တခြားအစွမ်းတစ်ခု ထပ်ပိုလာတာမှ မဟုတ်တာ"
"အဲဒီ လင်း ဆိုတဲ့လူကရော ထူလုံလိုမျိုး အခြေအနေ ဖြစ်နေနိုင်မလား... အစွမ်းတစ်ခုတည်းကနေ ပုံစံအမျိုးမျိုး ကွဲထွက်နေတာမျိုးလေ"
"စိတ်စွမ်းအင် အစွမ်းက မူလကတည်းက တော်တော်ကို ကိုင်တွယ်ရခက်တာ... ဒီလူက ထိပ်တန်း ခွန်အားအစွမ်းပိုင်ရှင်တွေ မပိုင်ဆိုင်နိုင်တဲ့ ခွန်အားမျိုးပါ ရှိနေသေးတယ် ဟုတ်လား"
"စိတ်စွမ်းအင်ရော၊ ခွန်အားပါ ရှိနေတဲ့ အစွမ်းနှစ်မျိုး ပိုင်ရှင်ဆိုရင်တော့ ထူလုံ မယှဉ်နိုင်တာ မဆန်းပါဘူး"
သိုင်းဘုရင်ဂေဟာ အတွင်း၌ ဆွေးနွေးသံများ ဆူညံနေတော့သည်။
ရုတ်တရက် လူငယ်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။
"ဒီလူ ဘယ်လောက်ပဲ တော်နေပါစေ... အစ်ကိုကြီးမုန့်ကို ယှဉ်နိုင်ပါ့မလား"
သူ့စကားအဆုံးတွင် မျက်နှာချင်းဆိုင်မှ အမျိုးသမီး တစ်ဦးကလည်း ဝင်ပြောလေသည်။
"ယာဝေပြောတာ မှန်တယ်... အမကျွမ်း... အစ်ကိုကြီးမုန့်ရဲ့ [အသားပြန်လည်ကြီးထွားခြင်း] အစွမ်းနဲ့ဆိုရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး... ဟိုလူက ခွန်အား ဘယ်လောက်ပဲ ကြီးပါစေ၊ စိတ်စွမ်းအင် ဘယ်လောက်ပဲ ကောင်းပါစေ၊ အစ်ကိုကြီးမုန့် ပြိုင်ဘက် မဖြစ်နိုင်ဘူး"
ထိုအခါ ယွမ်ရွေ့ဟု ခေါ်သော လူငယ်နှင့် ထိုအမျိုးသမီးတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ပြုံးလိုက်ကြသည်။
"ယာဝေ ပြောတာ ဟုတ်တယ်... အစ်ကိုကြီးမုန့်ကမှ ပြိုင်ဘက်ကင်းတာ"
ကျွမ်းရှုယွမ်က စကားမပြောဘဲ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖက်သို့ လှည့်ကာ မေးလိုက်သည်။
"ဆရာလီ... ရှင် ဘယ်လိုမြင်လဲ"
လီယွဲ့ကျင်းက လေးနက်စွာ ပြောလိုက်သည်။
"အမကျွမ်း... ဒီကိစ္စက ဖုန်းဟွမ်ဘုရားကျောင်းဖက်က ကစားတဲ့ ပရိယာယ်ပဲ ဖြစ်လောက်တယ်"
"အော်... ဘယ်လိုမျိုးလဲ" ကျွမ်းရှုယွမ်က ချက်ချင်း မေးလိုက်သည်။
လီယွဲ့ကျင်းက ဆက်ပြောသည်။
"ထူလုံက ဒီလင်းယွမ်ဆိုတဲ့လူကို နိုင်လား၊ ရှုံးလား ဆိုတာကို ခဏထားဦး... သူက ဒီလူစုကို မောင်းထုတ်လိုက်တယ်... ဒီလူစုက ထိုက်ယန်တောင်ပေါ်ကို အခုမှ ရောက်ဖူးတာဆိုတော့ နယ်မြေ ကျွမ်းကျင်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့က ဘယ်မှ မသွားဘဲ မီးဝါးတောဖက်ကို တန်းရောက်သွားကြတယ်"
"စခန်းကြီး လေးခုစလုံးမှာ မီးဝါးတောက ကျွန်တော်တို့ပိုင်တဲ့ နယ်မြေဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ... ပြီးတော့ အဲဒီနေရာက ကျွန်တော်တို့စခန်းနဲ့ အနီးဆုံးပဲ"
"အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဝါးပိုးကြွက် မွေးမြူရေး စီမံကိန်းနဲ့ ပတ်သက်နေတယ်"
"အရင်တစ်ခေါက် ကျွန်တော်တို့တွေ ဝါးပိုးကြွက်တွေ အများကြီး ဖမ်းမိပြီး ယာဝေရဲ့ အစွမ်းနဲ့ သားဖောက်နိုင်ခဲ့တယ်... တောင်ပေါ်က စခန်းကြီး လေးခုကြားမှာ အရောင်းအဝယ် လုပ်နိုင်ခဲ့ကတည်းက သူတို့တွေ မနာလို ဖြစ်နေကြတာ"
"ဒါပေမဲ့ အစ်ကိုကြီးမုန့်ရဲ့ အစွမ်းကြောင့် မြောက်ဖက်က ထူလုံပဲ ဖြစ်ဖြစ်၊ တောင်ဖက်က ထျန်ဝေပဲ ဖြစ်ဖြစ် လက်ရှောင်နေခဲ့ကြတာ"
"ဒီတစ်ခေါက် အပြင်လူတွေ ရောက်လာတော့ ထူလုံတို့အဖွဲ့က လမ်းပြကျောက်တုံး ရသွားတာပေါ့"
"ကျွန်တော့်အထင်တော့ ဒီလို အဆိပ်ပြင်းတဲ့ အကြံအစည်ကို ကြံစည်နိုင်တာ ဟုန်ဖူ ဆိုတဲ့ ခွေးအိုကြီးပဲ ရှိတယ်"
လီယွဲ့ကျင်း၏ စကားကြောင့် လူအားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။
"ဟုတ်သားပဲ... ဒီလူစုက တောင်ပေါ်ကို အခုမှ တက်လာတာ... မီးဝါးတောက ဘယ်စခန်းနဲ့ နီးတယ်ဆိုတာ ဘယ်လိုလုပ် သိမလဲ"
"ဆရာလီ ပြောတာ မှန်တယ်... ဒီကိစ္စက ထူလုံနဲ့ ဟုန်ခွေးအိုကြီး နောက်ကွယ်ကနေ ကစားတဲ့ ပွဲပဲ နေမှာ"
"သူတို့က အပြင်က လူတွေကို အသုံးချပြီး တို့ကို စမ်းသပ်ချင်တာ"
"ဒီအပြင်လူစုကို သေနတ်လို အသုံးချသွားတာပဲ... တောက်... အဓိကက မီးဝါးတောကို အဆုံးရှုံးခံလို့ မဖြစ်ဘူး... အဲဒီနေရာက ဝါးပိုးကြွက် ဖမ်းလို့ရတဲ့ နေရာ"
"ဒါ ဗြောင်ကျတဲ့ ပရိယာယ်ပဲ"
"ဟုန်ခွေးအိုကြီး... တော်တော် ယုတ်မာကောက်ကျစ်တဲ့ကောင်"
"အစိုးရဝန်ထမ်း လုပ်ခဲ့တဲ့ကောင်တွေထဲမှာ ကောင်တာ တစ်ကောင်မှ မရှိဘူး"
လူအများက ဒေါသတကြီး ဆဲဆိုကြရင်း မြောက်ဖက်ရှိ ဖုန်းဟွမ်ဘုရားကျောင်းအပေါ် မုန်းတီးမှုများ ပိုတိုးလာကြသည်။
အဓိက အကြောင်းရင်းမှာ စခန်းနှစ်ခု အကွာအဝေး နီးကပ်လွန်းသဖြင့် ယခင်ကတည်းက တောင်ပေါ်ရှိ သယံဇာတ လုရင်း လူသေမှုများ ရှိခဲ့ဖူးသည်။
စစ်တပ်၏ ရေဒီယို အသံလွှင့်ချက်ကို ရရှိပြီးနောက် သူတို့သည် စစ်တပ်မှ ထုတ်ပြန်သော သင်္ကေတ နည်းပညာများကို ကိုယ်စီ ဖော်ထုတ်ခဲ့ကြသည်။
ဖုန်းဟွမ်ဘုရားကျောင်းဖက်မှ ပေါက်ကွဲသင်္ကေတကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ သိုင်းဘုရင်ဂေဟာဖက်မှမူ စစ်တပ်၏ အခြား အရေးကြီးသော သင်္ကေတ နည်းပညာ တစ်ခုဖြစ်သည့် ရေကာသင်္ကေတကို ဖော်ထုတ်နိုင်ခဲ့သည်။
ဤရေကာသင်္ကေတကို ပင်လယ်ဒီရေလှိုင်း တစ်ခေါက် အပြီးတွင် ရေကြီးမှုကြောင့် ပါလာသော သန္ဓေပြောင်း သတ္တဝါ တစ်ကောင်၏ ခန္ဓာကိုယ်ထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထို ရေဘေးသင့် သန္ဓေပြောင်း သတ္တဝါကြီးမှာ အလွန် အစွမ်းထက်လှသည်။ ရေပြန်ကျသွားချိန်တွင် ကျွန်းပေါ်၌ ကျန်ရစ်ခဲ့ပြီး နယ်မြေဧကရာဇ် တစ်ပါးသဖွယ် ဖြစ်လာခဲ့သည်။
သူတို့ စခန်း တစ်ခုတည်း အနေဖြင့် ထိုသတ္တဝါကြီးကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။
ထိုစဉ်က အစွမ်းထက်လှသော သန္ဓေပြောင်း သတ္တဝါကြီးကို သတ်ဖြတ်ရန် ဖုန်းဟွမ်ဘုရားကျောင်းနှင့် သိုင်းဘုရင်ဂေဟာတို့ ပူးပေါင်းခဲ့ကြပြီး ဖုန်းဟွမ်ဘုရားကျောင်းမှ ပေါက်ကွဲသင်္ကေတကို အသုံးပြုကာ နောက်ဆုံး၌ ထိုသတ္တဝါကြီးကို ဖောက်ခွဲသတ်ဖြတ်နိုင်ခဲ့သည်။
ထိုသတ္တဝါကြီး သေဆုံးပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ထဲ၌ ရေကာသင်္ကေတ အခွံတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ထိုအခါ အခြေအနေမှာ ပေါက်ကွဲသွားတော့သည်။ မူလက ပူးပေါင်း လက်တွဲခဲ့ကြသော စခန်းနှစ်ခုသည် ချက်ချင်း ရန်လိုသွားကြပြီး ထိုသင်္ကေတကို အလုအယက် ဖြစ်လာကြသည်။
သို့သော် အဆုံး၌ ဝူမုန့်သည် သူ၏ အသားပြန်လည်ကြီးထွားခြင်း အစွမ်းကို အသုံးပြုကာ သေဘေးကို မမှုဘဲ၊ အသားကုန် တိုက်ခိုက်ခဲ့သဖြင့် သတ္တဝါကြီး၏ အလောင်းမှ ထိုသင်္ကေတကို ရယူနိုင်ခဲ့ပြီး သိုင်းဘုရင်ဂေဟာသို့ ယူဆောင်လာနိုင်ခဲ့သည်။
ထိုကိစ္စကြောင့်ပင် စခန်းနှစ်ခုကြား၌ ရန်ငြိုး အကြီးအကျယ် ဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။
ကျွမ်းရှုယွမ်က စဉ်းစားခန်း ဝင်နေပြီးနောက် ပြောလိုက်သည်။
"ဒါက ထင်ရှားတဲ့ ပရိယာယ်ပဲ... တို့တွေက မီးဝါးတောကို မရ ရအောင် ယူမှာဆိုတော့... မထင်မှတ်ဘဲ ဒီလို လူတစ်စု ရောက်လာတာပေါ့"
သူမက စားပွဲခုံကို လက်ဆစ်ဖြင့် ခပ်ဖွဖွ ခေါက်ရင်း တန်ပြန်တိုက်စစ်ဆင်မည့် နည်းလမ်းကို စဉ်းစားနေသည်။
ကျန်လူများကလည်း စကားမဆိုကြတော့ဘဲ သူမ ဆုံးဖြတ်ချက်ချမည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
သိုင်းဘုရင်ဂေဟာမှ အသက်ရှင်ကျန်ရစ်သူများ အားလုံး သိထားသည်မှာ ဤနေရာတွင် အမည်ခံ ခေါင်းဆောင်မှာ အစ်ကိုကြီးမုန့် ဖြစ်သည် ဟူ၍ပင်။
သို့သော် လက်တွေ့တွင်မူ အစ်ကိုကြီးမုန့်သည် တိုက်ခိုက်ရေး တစ်ခုတည်းကိုသာ တာဝန်ယူပြီး ကိစ္စအဝဝကို ကျွမ်းရှုယွမ်ကသာ ဆုံးဖြတ်ကြောင်း အားလုံးက နားလည်ထားကြသည်။
ဆက်ရန်...
အပိုင်း(၂၀၂) ဝူမုန့်နှင့် ဝိညာဉ်လိပ်ခွံဒိုင်း
ကျွမ်းရှုယွမ်က ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီယွဲ့ကျင်းက မေးလိုက်သည်။ "ဒါဆိုရင် ဟိုလူစုရဲ့ ခေါင်းဆောင်နဲ့ သွားဆွေးနွေးရင် ကောင်းမလား"
ကျွမ်းရှုယွမ်က ပြန်ပြောလိုက်သည်။ "ဘယ်လို ဆွေးနွေးမှာလဲ... သူတို့က အဲဒီနေရာမှာ အခြေချနေပြီ... ရှင်သာဆိုရင်ရော ပြန်ပြောင်းပေးပါ့မလား"
လီယွဲ့ကျင်းလည်း ထိုစကားကို ကြားသောအခါ ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်မိသည်။
"ဒါဆိုရင် ချဖို့ပဲ ရှိတော့တာပေါ့" ယွမ်ရွေ့က ဒဲ့တိုးပင် ပြောလိုက်သည်။
"အခုလို ခေတ်ပျက်ကြီးထဲမှာ တစ်ပွဲလောက် မချရဘဲနဲ့တော့ စကားပြောရတာ အဆင်ပြေမှာ မဟုတ်ဘူး"
"ဟုတ်တယ်... အခုချိန်က လက်သီးမာတဲ့လူက အမှန်ပဲ... ဟုန်ဖူတို့၊ ထူလုံတို့က ဒီလူတွေကို မြှောက်ပင့်ပေးပြီး ပြဿနာရှာခိုင်းတာ ဟုတ်မဟုတ် မသေချာပေမယ့် ငါတို့ကတော့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး"
"ချစရာရှိ ချရမှာပဲကွာ... ကြောက်နေစရာ လိုလို့လား"
အခန်းထဲရှိ အစွမ်းပိုင်ရှင်များက တယောက်တစ်ပေါက် အော်ဟစ် ပြောဆိုလိုက်ကြသည်။
ကျွမ်းရှုယွမ်က ထိုအခြေအနေကို မြင်သောအခါ သက်ပြင်းချရင်း နဖူးကို လက်ဖြင့် အသာထောက်လိုက်ပြီး... "တိုက်ခိုက်ပြီးမှ စကားပြောလို့ရမယ် ဆိုပေမယ့်လည်း... ဟုန်ဖူတို့ရဲ့ ညစ်ပတ်တဲ့ အကွက်ထဲ ဝင်သွားရမှာကိုတော့ သိပ်ဘဝင်မကျဘူး"
"ရှင်တို့ ဒီမှာ ခဏထိုင်နေကြဦး... ကျွန်မ အစ်ကိုမုန့် ဆီသွားပြီး သူ့သဘောထား သွားမေးလိုက်ဦးမယ်"
ကျွမ်းရှုယွမ်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လူအများ၏ အကြည့်အောက်မှာပင် ဘေးဘက်ရှိ အခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။
သူမ တံခါးကို တွန်းဖွင့်လိုက်သောအခါ အနောက်ဘက်တွင် အခန်းမဟုတ်ဘဲ တောင်ဂူတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဂူအတွင်းပိုင်းသည် မှောင်မိုက်မနေဘဲ ဖြူလွှလွှ အလင်းရောင်များဖြင့် လင်းထိန်နေသည်။
ဂူနံရံများပေါ်တွင် ချိတ်ကောက်များ ရိုက်နှက်ထားပြီး ထိုချိတ်များတွင် ဖန်ပုလင်း အိမ်လေးများ ချိတ်ဆွဲထားသည်။
ထိုဖန်ပုလင်းများထဲတွင် လက်သီးဆုပ်အရွယ် ပိုးကောင်များ ဝပ်နေကြသည်။
ထိုပိုးကောင်များ၏ အမြီးပိုင်းမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်နေပြီး ထိုအလင်းရောင်များကပင် ဂူအတွင်းကို လင်းထိန်စေခြင်း ဖြစ်သည်။
ဒါတွေက သန္ဓေပြောင်း ပိုးစုန်းကြူးများ ဖြစ်ပုံရသည်။ ဤလူစုက ယင်းတို့ကို ဖမ်းဆီးပြီး ပုလင်းများ၊ သေတ္တာများထဲ ထည့်ကာ မီးလုံးသဖွယ် အသုံးပြုထားကြသည်။
ဂူအတွင်းတွင် မီးရောင်များ လင်းထိန်နေသဖြင့် ထင်ထားသလို စိုစွတ်မှောင်မိုက်မနေပေ။
ဂူထဲတွင် အခန်းသုံးခန်းနှင့် ဧည့်ခန်းမကျယ် တစ်ခုရှိသည်။ ဧည့်ခန်းကို သေသပ်စွာ ပြင်ဆင်ထားသော်လည်း နံရံများက ကျောက်သားများ ဖြစ်နေပြီး ကုတင်နှင့် ထိုင်ခုံများမှာ သာမန်သစ်သားဖြင့် ပြုလုပ်ထားသဖြင့် အနည်းငယ်တော့ ဆင်းရဲနွမ်းပါးပုံ ပေါက်နေသည်။
သူတို့သည် ဘေးဒုက္ခမှ ထွက်ပြေးလာကြသူများ ဖြစ်သဖြင့် လင်းယွမ်ကဲ့သို့ ပရိဘောဂ အကောင်းစားများကို သယ်ဆောင်လာနိုင်ခြင်း မရှိပေ။
ဧည့်ခန်းကို ဖြတ်ကျော်ပြီးနောက် ကျွမ်းရှုယွမ်က သိပ်မကျယ်ဝန်းလှသော အခန်းတစ်ခန်းရှေ့သို့ ရောက်လာသည်။
အခန်းတံခါးဝသို့ ရောက်သည်နှင့် အခန်းထဲမှ ဝုန်းခနဲ မြည်သံများကို ကြားလိုက်ရသည်။
တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး လေထု တုန်ခါသွားသော အသံများပါ ကြားနေရသည်။
တစ်ခါတစ်ရံ အပူလှိုင်းများပါ တံခါးဝအထိ ဟပ်လာတတ်သည်။
ကျွမ်းရှုယွမ်က တံခါးဝတွင် ရပ်လျက် လေ့ကျင့်ရေးအခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
ကြွက်သားအဖုအထစ်များနှင့် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးသည် အခန်းထဲတွင် လက်သီးများကို အားကုန်လွှဲကာ လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ လက်သီးချက်များက ပြင်းထန်လှပြီး လက်သီးထိုးလိုက်တိုင်း လေလှိုင်းများ ထန်သွားကာ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံများ ထွက်ပေါ်လာသည်။
သူ၏ လှုပ်ရှားမှု မြန်ဆန်လာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်းရှိ သွေးလည်ပတ်မှုနှုန်းကလည်း ပိုမိုမြန်ဆန်လာသည်။
အထွတ်အထိပ်သို့ ရောက်သောအခါ ရုတ်တရက် သူ၏ လက်သီးဆုပ်မှ ပြင်းပြသော အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဝုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
လေထုက ရုတ်ချည်း ပေါက်ကွဲသွားပြီး မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်လှိုင်းများ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
လေပြင်းများ တိုက်ခတ်သွားပြီး နံရံများပင် တုန်ခါသွားသည်။
ထို ကြွက်သားအမျိုးသားက လက်သီးတစ်ချက် ထိုးပြီးနောက် ရပ်တန့်လိုက်သည်။ ထို့နောက် တံခါးဝရှိရာသို့ လှည့်ကြည့်လိုက်သည်။
ထိုသူသည် လေးထောင့်စပ်စပ် မျက်နှာကျနှင့်ဖြစ်ပြီး ဓားသွားကဲ့သို့ စူးရှသော မျက်လုံးများ ရှိသည်။ ခန္ဓာကိုယ်ပေါ်တွင် အပိုအလို အဆီပိုဟူ၍ မရှိဘဲ ကျစ်လျစ်ပြည့်စုံသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ကျွမ်းရှုယွမ်ကို မြင်သောအခါ ဝူမုန့်က ပြုံးလိုက်ပြီး "ပုံမှန်ဆို ငါလေ့ကျင့်နေရင် မင်းဘယ်တော့မှ မလာပါဘူး... ကိစ္စရှိလို့လား"
ကျွမ်းရှုယွမ်က ပြုံးရွှင်စွာဖြင့် "ရှင်လေ့ကျင့်နေတဲ့ ပေါက်ကွဲလက်သီး အောင်မြင်သွားပြီလား"
ဝူမုန့်က ခေါင်းကို အသာခါလိုက်ပြီး "ဘယ်လိုလုပ် အဲ့လာက်လွယ်မှာလဲ... ငါ့ရဲ့ သွေးလေလည်ပတ်မှု အားကောင်းပေမယ့် စိတ်စွမ်းအင်က မလုံလောက်သေးဘူး... ခန္ဓာကိုယ်ထဲက သွေးစီးဆင်းမှုကို ပေါက်ကွဲသင်္ကေတအဖြစ် ပြောင်းလဲဖို့ ခက်ခဲနေတုန်းပဲ"
"လက်သီး (၁၀) ချက်ထိုးမှ (၁) ချက်လောက်ပဲ ပေါက်ကွဲသင်္ကေတ အာနိသင် ပါလာတယ်"
ကျွမ်းရှုယွမ်က ထိုစကားကို ကြားသောအခါ စိတ်မကောင်းဖြစ်သွားပြီး သူ့အနားသို့ သွားကာ ချွေးသုတ်ပေးလိုက်ရင်း "ဒီလောက်ဆို တော်တော်လေး အစွမ်းထက်နေပါပြီ... စစ်တပ်က ထုတ်ပြန်ထားတာတော့ သင်္ကေတကို ပြီးပြည့်စုံအောင် ရေးဆွဲဖို့ အနည်းဆုံး စိတ်စွမ်းအင် (၂၅) မှတ် လိုအပ်တယ်တဲ့"
"ကျွန်မတို့ စခန်းမှာ ဆရာလီ တစ်ယောက်ပဲ အဲဒီအမှတ်ကို ရောက်တာလေ... ရှင့်ကိုယ်ရှင် အရမ်း ဖိအားမပေးပါနဲ့"
ဝူမုန့်က ခေါင်းခါလိုက်ပြီး "အချိန်မရှိတော့ဘူး... ကောင်းကင်ကြီးက လူသားတွေကို လမ်းမပိတ်ဘဲ ဆင့်ကဲပြောင်းလဲ ကျင့်ကြံနိုင်အောင် အခွင့်အရေး ပေးထားမှတော့ ငါတို့ဘက်က ပေါ့ဆနေလို့ မဖြစ်ဘူး"
"ငါတို့က တခြား သန္ဓေပြောင်း သတ္တဝါတွေထက် အများကြီး နောက်ကျနေပြီ... ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ရင် တဖြည်းဖြည်းနဲ့ ဒီဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းပေါ်ကနေ ဖယ်ရှားခံလိုက်ရလိမ့်မယ်"
သူ့မျက်လုံးများက တည်ကြည်ပြတ်သားနေသည်။ မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ရင်း "တစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။
ကျွမ်းရှုယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... ထိုက်ယန်တောင်ပေါ်ကို လူတစ်စု ထပ်ရောက်လာတယ်"
ဝူမုန့်က ကြားလိုက်သည်နှင့် ပြုံးလိုက်ပြီး "ရေကြီးတာကို ရှောင်ပြီး ထွက်ပြေးလာကြပြန်ပြီလား... လူဆိုးတွေတော့ မပါဘူးမလား... စိတ်ထားကောင်းတဲ့ လူတွေဆိုရင်တော့ လက်ခံထားလိုက်ပါ"
"စစ်တပ်က ကြေညာချက်ထဲမှာ ပြောထားသလိုပဲ... အခုချိန်က လူသားအချင်းချင်း စည်းလုံးရမယ့် အချိန်လေ"
ကျွမ်းရှုယွမ်က သက်ပြင်းချလိုက်ပြီး သူမ၏ အမျိုးသားကို ကြည့်ကာ "ရှင်က လူတွေကို သိပ်အထင်ကြီးလွန်းတယ်"
"လူတိုင်းက ရှင်ထင်သလို သဘောထားကြီးပြီး တရားမျှတကြတာ မဟုတ်ဘူး... အဲဒီလူစုက တောင်ပေါ်ရောက်လာပြီး မီးဝါးတောဘက်ကို နေရာယူလိုက်ကြတယ်"
"အဲဒီနေရာက ကျွန်မတို့ မီးဝါးကြွက် မွေးမြူဖို့ စီစဉ်ထားတဲ့ နေရာလေ... ကျွန်မတို့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတဲ့ စီမံကိန်း နေရာဆိုတာ ရှင်လည်း သိသားပဲ"
ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး "အဲဒီနေရာက ငါတို့ပိုင်တယ်ဆိုတာ သူတို့ သိရဲ့လား"
ကျွမ်းရှုယွမ်က ခေါင်းခါလိုက်ပြီး "မသိလောက်ဘူး... ဆရာလီ ခန့်မှန်းတာကတော့ ဟုန်ဖူနဲ့ ထူလုံတို့က အဲဒီလူတွေကို မြှောက်ပင့်ပြီး ငါတို့ဆီ လွှတ်လိုက်တာတဲ့... ရည်ရွယ်ချက်ကတော့ ငါတို့နဲ့ အဲဒီလူစု တိုက်ခိုက်ကြအောင်လို့ပေါ့"
"ဒါနဲ့... အဲဒီလူစုကို ဦးဆောင်တဲ့သူက အစွမ်းနှစ်မျိုးပိုင်ရှင် ဖြစ်လောက်တယ်လို့ သံသယရှိရတယ်... ခွန်အားကြီးသလို စိတ်စွမ်းအင်လည်း မြင့်မားတယ်တဲ့"
"ထိပ်တန်းပညာရှင်တစ်ယောက်လား"
ဝူမုန့်၏ မျက်လုံးများ အရောင်တောက်လာပြီး စိတ်ဝင်စားသွားသည့်ပုံ ပေါ်သည်။
ကျွမ်းရှုယွမ်က သူ ဒီလိုဖြစ်လာမည်ကို ကြိုသိနေသဖြင့် သက်ပြင်းချကာ "ဟုတ်လောက်တယ်... ကြားတာတော့ ထူလုံက အဲဒီလူရှေ့မှာ ကျားဖြူဝိညာဉ်၊ နတ်ဘုရားလက်ဝါး၊ စေတန်အရိုးခေါင်း၊ နဂါးစိမ်းဝိညာဉ် စတဲ့ အစွမ်းတွေကို ဆက်တိုက် ထုတ်သုံးခဲ့ပေမယ့် အားလုံး ရှုံးနိမ့်သွားတယ်တဲ့"
"နောက်ဆုံးကျမှ ပေါက်ကွဲသင်္ကေတကျောက်တုံးနဲ့ ခြိမ်းခြောက်ပြီးတော့မှ အဲဒီလူကို မောင်းထုတ်နိုင်ခဲ့တာ"
"ကောင်းတယ်"
ဝူမုန့်က လက်သီးကို ဆုပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်...
"ထူလုံကို ပြန်မချနိုင်အောင် လုပ်နိုင်တယ်ဆိုတော့ တကယ့် ဆရာတစ်ဆူပဲ... အခု သူက ဝါးတောထဲမှာလား"
"အင်း... ကျွန်မ လာတာက ရှင့်သဘောထားကို မေးချင်လို့... ဒီလူတွေကို ဘယ်လို ကိုင်တွယ်မလဲ"
"တကယ်လို့ ဒီလူစုနဲ့ တိုက်ခိုက်လိုက်ရင် ဟုန်ဖူနဲ့ ထူလုံတို့ရဲ့ အကွက်ထဲ ဝင်သွားမှာ စိုးရတယ်"
"ဒါပေမဲ့ မတိုက်ခိုက်ရင်လည်း မီးဝါးတောကို ပြန်ရနိုင်မှာ မဟုတ်ဘူး"
ဝူမုန့်က ရယ်မောလိုက်သည်။ ထို့နောက် တံခါးဝရှိ အင်္ကျီကို လှမ်းယူလိုက်ပြီး "သူများ အကြံအစည်တွေ ဘာတွေ စိတ်ဝင်စားမနေနဲ့... ဟုန်ဖူနဲ့ ထူလုံ ဆိုတာ အကျင့်ကောင်းတဲ့ သူတွေမှမဟုတ်တာ"
"ဝါးတောကို ပြန်လိုချင်ရင် ငါတို့ ပေါ်ပေါ်ထင်ထင်ပဲ သွားတောင်းမယ်"
"ဟိုလူက မပေးရင်တော့ တစ်ပွဲလောက် နွှဲကြတာပေါ့... နိုင်ရင် ဝါးတောကို ပြန်ယူမယ်"
"ထူလုံတို့ ကိစ္စကတော့ ငါ့ရဲ့ ပေါက်ကွဲလက်သီး အောင်မြင်သွားတဲ့အခါမှ ငါကိုယ်တိုင် သွားရှင်းမယ်"
ကျွမ်းရှုယွမ်က သူမ၏ အမျိုးသား အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး အလောတကြီးဖြင့် "အခုချက်ချင်း သွားမလို့လား"
"အခု သွားမယ်"
ဝူမုန့်က အင်္ကျီဝတ်ရင်း ဂူအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။ "ဒါနဲ့... အဲဒီလူ နာမည်က ဘယ်သူတဲ့လဲ"
"မျိုးရိုးနာမည်က လင်း... ကျန်းချင်း ပြောတာတော့ လင်းယွမ် တဲ့"
......
လင်းထိန်နေသော ဂူအတွင်းတွင် လင်းယွမ်က လက်ထဲမှ အစိမ်းရောင် ပုလဲကို ပွတ်သပ်ကြည့်ရှုနေသည်။
ဤသည်မှာ ခေါင်းကြီးခလေး၏ ဦးခေါင်းထဲမှ ရရှိခဲ့သော စွမ်းအင်ပုလဲ ဖြစ်သည်။
လင်းယွမ်က စိတ်စွမ်းအင်ကို ပုလဲထဲသို့ ထည့်သွင်းလိုက်သောအခါ စိတ်ပင်လယ်ထဲတွင် အာရုံကြောကွန်ရက်သဖွယ် ရှုပ်ထွေးသော ပုံရိပ်တစ်ခု ပေါ်လာသည်။
သူ၏ စိတ်စွမ်းအင်များက ထိုပုံရိပ်များအတိုင်း ပြန့်ကားသွားပြီး တစ်စုံတစ်ခုကို ထိန်းချုပ်နိုင်စွမ်းရှိသော အင်အားမျိုး ရရှိလာသည်ဟု ခံစားလိုက်ရသည်။
"ဒီ အာရုံကြောကွန်ရက်လို ပုံစံက သင်္ကေတ တစ်မျိုးများလား"
"ဒီသင်္ကေတက စိတ်စွမ်းအင်ကို အားဖြည့်ပေးပြီး စွမ်းအားတစ်မျိုး ထွက်လာအောင် လုပ်ပေးနိုင်ပုံရတယ်"
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း လိုမျိုးပဲ... စိတ်စွမ်းအင်ကို ထုတ်လွှတ်တဲ့ နည်းလမ်းတစ်မျိုးပဲ"
လင်းယွမ်က စဉ်းစားခန်း ဖွင့်နေရင်း ထိုကွန်ရက်ပုံစံကို မှတ်သားရန် ကြိုးစားလိုက်သည်။
သို့သော် ဤသင်္ကေတပုံစံမှာ အလွန်ရှုပ်ထွေးလှသည်။ စွမ်းအင်ပုလဲကို နဖူး၌ ကပ်ထားမှသာ ပုံစံတူ ကူးယူနိုင်သည် ဖြစ်သည်။
ပုလဲကို ဖယ်လိုက်သည်နှင့် ဦးနှောက်ထဲတွင် ဘာမှမကျန်တော့ဘဲ အတုခိုးရန် ခက်ခဲသွားသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤစွမ်းအင်ပုလဲမှာ ပုံစံခွက်တစ်ခုနှင့် တူပြီး စိတ်စွမ်းအင်မှာ ရေနှင့် တူနေသည်။
ပုံစံခွက် ရှိနေသောအခါ စိတ်စွမ်းအင်က ထိုပုံစံအတိုင်း စီးဆင်းပြီး သင်္ကေတပုံစံ အလိုလို ဖြစ်သွားသည်။
သို့သော် ပုံစံခွက် မရှိတော့သည်နှင့် စိတ်စွမ်းအင်မှာ ထိုသင်္ကေတပုံစံ ဖြစ်ပေါ်လာရန် ခက်ခဲသွားတော့သည်။
"အချိန်ယူပြီး လေ့ကျင့်မှ ရမယ့် သင်္ကေတ အစွမ်းတစ်ခု ထပ်တိုးပြန်ပြီပေါ့"
"စနစ်ဆီကနေ ပညာရပ်တွေ မဲပေါက်ဖို့ ဘာလို့ အမှတ်တွေ အများကြီး ကုန်ရလဲဆိုတာ အခုမှ နားလည်တော့တယ်"
"စနစ်က ပေးတာဆိုရင် သင်္ကေတ လေ့ကျင့်ရတဲ့ အဆင့်ကို ကျော်ပြီး အစွမ်းကို တန်းရတာကိုး"
"ဒီလိုကြည့်ရင် အမှတ် (၁) သောင်း ပေးပြီး ပညာရပ်တစ်ခု မဲနှိုက်ရတာ သိပ်မများပါဘူးလေ"
လင်းယွမ် တွေးတောရင်း စိတ်စွမ်းအင် ပုလဲကို ပြန်သိမ်းလိုက်သည်။
လက်ရှိတွင် သူလေ့ကျင့်ထားပြီး အတော်လေး ခရီးရောက်နေသော သင်္ကေတတစ်ခု ရှိသည်။
၎င်းမှာ ဟိုးအရင်က ရရှိခဲ့သော လိပ်ခွံပေါ်မှ စိတ်စွမ်းအင် အကာအကွယ် သင်္ကေတ ဖြစ်သည်။
ဟန်လုံစင်တာတွင် သီချင်းဆိုသော သန္ဓေပြောင်းသတ္တဝါ၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ခံရစဉ်က ထိုလိပ်ခွံကို အသုံးပြုပြီး ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုတိုက်ပွဲတွင်ပင် လိပ်ခွံကွဲကြေသွားခဲ့ပြီး လိပ်ခွံသင်္ကေတကိုပါ လက်လွတ် ဆုံးရှုံးခဲ့ရသည်။
ကံကောင်းသည်မှာ သူသည် ဟိုးအရင်ကတည်းက ထိုသင်္ကေတကို ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့ဖူးသည်။
သူ့စိတ်စွမ်းအင်ဖြင့် ထိုသင်္ကေတပုံစံကို အကြိမ်ကြိမ် ပုံဖော်ခဲ့ဖူးသည်။
ထိုစဉ်က သင်္ကေတပုံစံ ပေါ်လာအောင် လုပ်နိုင်ခဲ့သော်လည်း ကြာရှည်ခံအောင် မထိန်းထားနိုင်ခဲ့ပေ။
ထိုစဉ်က ဘာကြောင့်မှန်း နားမလည်ခဲ့သော်လည်း စစ်တပ်၏ ရေဒီယိုအသံလွှင့်ချက်ကို နားထောင်ပြီးမှ သဘောပေါက်သွားခဲ့သည်။
"ဒီသင်္ကေတတွေက မရိုးရှင်းဘူး... လုံလောက်တဲ့ စိတ်စွမ်းအင် မရှိရင် သင်္ကေတရဲ့ အနှစ်သာရကို ပုံဖော်ဖို့ ခက်ခဲတာကိုး"
"ငါ လိပ်ခွံ စရတုန်းက စိတ်စွမ်းအင် အရည်အသွေးမှတ်က လိုအပ်ချက်ကို မမီသေးဘူး... ဒါကြောင့် ဘယ်လောက်ကြိုးစားကြိုးစား သင်္ကေတရဲ့ အနှစ်သာရကို မဖမ်းဆုပ်နိုင်ခဲ့တာ"
"သင်္ကေတ ပုံသဏ္ဌာန်ကို တည်ငြိမ်အောင် ထိန်းပြီး စိတ်စွမ်းအင် အကာအကွယ် ဖြစ်လာအောင် လုပ်ဖို့ဆိုတာ ဝေးရောပေါ့"
လင်းယွမ် ပြန်စဉ်းစားကြည့်လိုက်သည်။ နောက်ပိုင်းတွင် သူ့စိတ်စွမ်းအင် အမှတ်များ တိုးလာပြီး ဟန်လုံစင်တာ ရောက်မှသာ စိတ်စွမ်းအင် အကာအကွယ် သင်္ကေတကို ခပ်ရေးရေး စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုစဉ်ကလည်း အခြေအနေကို ကြာရှည် ထိန်းမထားနိုင်ခဲ့ပေ။
"အခု ငါ့ရဲ့ စိတ်စွမ်းအင်က (၂၉.၂) အထိ ရောက်နေပြီ... စိတ်စွမ်းအင် အကာအကွယ် သင်္ကေတကို ပုံဖော်ဖို့ လုံလောက်နေလောက်ပြီ"
စစ်တပ်က ထုတ်ပြန်ထားသော အကာအကွယ် သင်္ကေတနှင့် ကွဲပြားစေရန် လင်းယွမ်က ဤသင်္ကေတကို 'စိတ်စွမ်းအင် အကာအကွယ် သင်္ကေတ' ဟု အမည်ပေးလိုက်သည်။ တရားဝင် အခေါ်အဝေါ်အရမူ 'မြေဓာတ် အကာအကွယ် သင်္ကေတ' ဟု ခေါ်သည်။
ထို မြေဓာတ် အကာအကွယ် သင်္ကေတ ပိုင်ဆိုင်သော သန္ဓေပြောင်း သတ္တဝါကို လင်းယွမ် မတွေ့ဖူးသေးပေ။ တရားဝင် မှတ်တမ်းများအရ ထိုသင်္ကေတမျိုးကို သန္ဓေပြောင်း မြေခွေး၊ ဖြူကောင်၊ ပိုးတောင်မာ၊ ကဏန်း၊ ပုစွန် စသည်တို့တွင် တွေ့ရတတ်သည်ဟု ဆိုသည်။
ကံဆိုးသည်မှာ သူသည် သန္ဓေပြောင်း ကဏန်းများနှင့် ပုစွန်များကို အများအပြား ဖမ်းဆီးခဲ့ဖူးသော်လည်း ထိုသင်္ကေတမျိုး တစ်ခုမှ မတွေ့ခဲ့ရပေ။
"မြေဓာတ် အကာအကွယ် သင်္ကေတ မရှိတော့လည်း စိတ်စွမ်းအင် အကာအကွယ် သင်္ကေတကိုပဲ အရင်လေ့လာတာပေါ့"
"ဒါက ငါ့အတွက် အအောင်မြင်နိုင်ဆုံး သင်္ကေတ နည်းပညာပဲ"
လင်းယွမ် မျက်လုံးမှိတ်ကာ ဦးနှောက်ထဲရှိ စိတ်စွမ်းအင်များကို အာရုံခံလိုက်သည်။
သူသည် ဟိုးအရင်က လိပ်ခွံပေါ်မှ သင်္ကေတကို အာရုံပြုကာ စိတ်စွမ်းအင်များကို ဖြည်းဖြည်းချင်း စီးဆင်း စုစည်းလိုက်သည်။
သင်္ကေတ ပုံစံအတိုင်း စိတ်စွမ်းအင်ဖြင့် စတင် ပုံဖော်လိုက်သည်။
စိတ်စွမ်းအင်များ စီးဆင်းလည်ပတ်လာပြီး လိပ်ခွံသင်္ကေတပုံစံနှင့် တူလာသည်နှင့်အမျှ...
သူ့ခန္ဓာကိုယ် ပတ်လည်တွင် ကြည်လင်သော စိတ်စွမ်းအင် အကာအကွယ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
လင်းယွမ် စိတ်ကို စုစည်းကာ နောက်ဆုံးအဆင့် စိတ်စွမ်းအင်ကို ပုံဖော်လိုက်သည်။ ထိုခဏ၌ပင် သူ့စိတ်စွမ်းအင်များ ရုတ်တရက် ကျုံ့သွားသည်။
မူလက အားနည်းနေသော အကာအကွယ်သည် ချက်ချင်းဆိုသလို မာကျောခိုင်ခံ့သွားပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် လိပ်ခွံသဏ္ဌာန် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
ဤအကာအကွယ်သည် ကြည်လင်နေပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
လင်းယွမ် မျက်လုံးဖွင့်လိုက်သည်။ ဝမ်းသာအားရ ဖြစ်သွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"အောင်မြင်ပြီ"
"ကာကွယ်နိုင်စွမ်း ဘယ်လောက်ရှိလဲ စမ်းကြည့်ရမယ်"
လင်းယွမ်က အကာအကွယ်ကို ထိန်းထားရင်း လေထုထဲသို့ လက်ဖြင့် လှမ်းခေါက်ကြည့်လိုက်သည်။
လေထုထဲတွင် ဘာမျှမရှိသော်လည်း လင်းယွမ် ခေါက်လိုက်သောအခါ ဒုန်း... ဒုန်း... ဒုန်း... ဟူသော အသံများ ထွက်ပေါ်လာသည်။
"စိတ်စွမ်းအင် တိုက်ခိုက်မှုကိုတင်မဟုတ်ဘူး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုပါ ကာကွယ်နိုင်တာပဲ"
"ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲတော့ မသိဘူး"
လင်းယွမ် စဉ်းစားပြီးနောက် လက်သီးကို အားထည့်ကာ စိတ်စွမ်းအင် အကာအကွယ်ကို ဝုန်းခနဲ ထိုးချလိုက်သည်။
ဒုန်း...!
လေထုတစ်ခုလုံး တုန်ခါသွားပြီး ဝီခနဲ အသံများ မြည်ဟည်းသွားသည်။
လေထုများ မျက်စိရှေ့မှာပင် တုန်ခါလိမ်တွန့်သွားသည်။
သို့သော် စိတ်စွမ်းအင် အကာအကွယ်မှာ ကွဲမသွားဘဲ အနည်းငယ်သာ တုန်ခါသွားသည်။ ခံနိုင်ရည် ရှိနေသေးသည်။
ခသာမန် ခွန်အား (၁၅.၉) လောက်နဲ့တော့ အကာအကွယ်ကို မခွဲနိုင်ဘူးပဲ"
လင်းယွမ် ကျေနပ်သွားပြီး ကြွက်သားပေါက်ကွဲသိုင်း ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
ထိုခဏ၌ပင် သွေးလည်ပတ်မှု မြန်ဆန်လာပြီး နှလုံးခုန်သံများ စည်တီးသံကဲ့သို့ ကျယ်လောင်လာကာ ကြွက်သားများ ဖောင်းကြွလာသည်။
ခွန်အားသည် ချက်ချင်း နှစ်ဆတိုးလာပြီး အမှတ် (၃၀) ကျော်သွားသည်။
လင်းယွမ် ထပ်မံ ထိုးချလိုက်သည်။
"ဝုန်း... ဂျစ်"
ပေါက်ကွဲသံနှင့်အတူ တစ်ဆက်တည်းမှာပင် တစ်စုံတစ်ခု ကွဲအက်သွားသံကို ကြားလိုက်ရသည်။ စိတ်စွမ်းအင် အကာအကွယ်ပေါ်တွင် အက်ရာများ ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် အက်ရာများ ကျယ်ပြန့်သွားပြီး ဂျစ်... ဂျစ်... မြည်သံများ ဆက်တိုက် ပေါ်လာသည်။
ခဏအကြာတွင် ဦးနှောက်ထဲ၌ စုစည်းထားသော လိပ်ခွံသင်္ကေတ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
သူ့စိတ်စွမ်းအင်များ ပြိုကျသွားပြီး ထိုသင်္ကေတကို ဆက်လက် မထိန်းထားနိုင်တော့ပေ။
"ခွန်အား (၃၀) ကျော်သွားရင်တော့ စိတ်စွမ်းအင် အကာအကွယ်က မတောင့်ခံနိုင်တော့ဘူးပဲ"
"ဒီ စိတ်စွမ်းအင် အကာအကွယ်က စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို အဓိက ကာကွယ်ဖို့အတွက်လုပ်ထားတာ"
"အခုချိန်သာ သီချင်းဆိုတဲ့ မိစ္ဆာမနဲ့ ပြန်တွေ့ရင် သူ့ရဲ့ စိတ်ဝိညာဉ်တိုက်ကွက်ကို ငါကာကွယ်နိုင်မလား မသိဘူး"
လင်းယွမ် ကျေနပ်သွားသည်။ ဤလိပ်ခွံသင်္ကေတကို ပုံဖော်နိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု တိုးလာခြင်း ဖြစ်သည်။
သူသည် အရည်အသွေးမှတ် မျက်နှာပြင်ကို ဖွင့်ပြီး သိုင်းပညာရပ် ကဏ္ဍကို ကြည့်လိုက်သည်။
သိုင်းပညာရပ် - ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း၊ ဝိညာဉ်လိပ်ခွံဒိုင်း
ထင်ထားသည့်အတိုင်း ပညာရပ်အသစ်တစ်ခု တိုးလာသည်။
လင်းယွမ်က ထိုပညာရပ် အမည်ကို မြင်သောအခါ ကြောင်သွားသည်။
"ဝိညာဉ်လိပ်ခွံဒိုင်း... ဒါက ဒီသင်္ကေတကနေ ရလာတဲ့ ပညာရပ်နာမည်လား"
လင်းယွမ် အံ့ဩသွားသည်။ ဒီနာမည်က 'စိတ်စွမ်းအင် အကာအကွယ် သင်္ကေတ' ဆိုတာထက် ပိုနားထောင်ကောင်းသည်။
သူက ဝိညာဉ်လိပ်ခွံဒိုင်း ၏ အချက်အလက်များကို အမြန် ဖတ်ကြည့်လိုက်သည်။
အမည် - ဝိညာဉ်လိပ်ခွံဒိုင်း
စွမ်းအင်အဆင့် - အဖြူရောင်
လိုအပ်ချက် - စိတ်စွမ်းအင် ၂ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ်
အာနိသင် - စိတ်စွမ်းအင်ဖြင့် လိပ်ခွံပုံစံ အကာအကွယ်ကို ဖန်တီးပေးပြီး စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည်။
လင်းယွမ် ဖတ်ကြည့်လိုက်ရာ သူလက်တွေ့ စမ်းသပ်ထားသည်များနှင့် အတူတူပင် ဖြစ်သည်။
သို့သော် လိုအပ်ချက်ကို မြင်သောအခါ အံ့ဩသွားမိသည်။
"စိတ်စွမ်းအင် ၂ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂ မှတ် ရှိတာနဲ့ ဒီပညာရပ်ကို သုံးနိုင်တာလား"
"ဘာလို့ ငါကျတော့ စိတ်စွမ်းအင် (၂၅) မှတ် ရောက်မှ လေ့ကျင့်လို့ ရတာလဲ"
လင်းယွမ် သံသယ ဝင်သွားသော်လည်း ခဏစဉ်းစားပြီးနောက် အကြောင်းရင်းကို သဘောပေါက်သွားသည်။
ဟိုလိပ်ကလေးက သဘာဝအတိုင်း လိပ်ခွံပါလာပြီးသား၊ သင်္ကေတကလည်း လိပ်ခွံပေါ်မှာ အဆင်သင့် ပါပြီးသား ဖြစ်သည်။
လိပ်ကလေး၏ မျိုးရိုးဗီဇထဲတွင် ဤပညာရပ်က ပါပြီးသား ဖြစ်သဖြင့် လူသားတွေ အစွမ်းနိုးထလာသလိုပင် မွေးရာပါ ရရှိလာခြင်း ဖြစ်သည်။
သူကကျတော့ လိပ်ခွံသင်္ကေတကို ကြည့်ပြီး လိုက်လေ့ကျင့်ရခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ သင်္ကေတကို လေ့လာလိုက်စားမည် ဆိုပါက အနည်းဆုံး စိတ်စွမ်းအင် (၂၅) မှတ် ရှိမှ ရမည်ဖြစ်သည်။
သို့သော် မွေးရာပါ သင်္ကေတစွမ်းအင် ပါလာသော လိပ်ကလေးမှာမူ စိတ်စွမ်းအင် ၂ မှတ်၊ ကြံ့ခိုင်မှု ၂ မှတ် ရှိရုံဖြင့် ထိုစွမ်းအင်ကို ထုတ်သုံးနိုင်ခြင်း ဖြစ်သည်။
"ပညာရပ်တိုင်းမှာ သက်ဆိုင်ရာ သင်္ကေတ တစ်ခုစီ ရှိတယ်... ဒါမှမဟုတ် ပညာရပ်တိုင်းမှာ သက်ဆိုင်ရာ သင်္ကေတ ရှိတယ် ဆိုပါစို့"
"ဒါဆိုရင် ငါ့ရဲ့ ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း တွေကရော သင်္ကေတ ပုံစံအနေနဲ့ ဖော်ပြလို့ ရနိုင်မလား"
"ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဒီပညာရပ်နှစ်ခုရဲ့ သင်္ကေတ ပုံသဏ္ဌာန်ကို ငါအခုထိ အာရုံမခံနိုင်သေးတာများလား"
"ကိုယ့်ခန္ဓာကိုယ်ထဲက ပညာရပ်သင်္ကေတကို ဘယ်လို အာရုံခံရမလဲ"
လင်းယွမ် ခေတ္တမျှ အတွေးနက်သွားသည်။
ဒါက လူတစ်ယောက်သည် သူများ၏ ဦးခေါင်းကို မြင်ရသော်လည်း ကိုယ့်ဦးခေါင်းကို ပြန်မမြင်ရသလိုမျိုး ဖြစ်နေသည်။
ကိုယ်တိုင် နိုးထလာသော အစွမ်းများသည် မျိုးရိုးဗီဇက ရွေးချယ်ပေးလိုက်ခြင်း ဖြစ်ပြီး ဗီဇထဲတွင် ထွင်းထုထားပြီးသား ဖြစ်သည်။
ဦးနှောက်ကို ခွဲ၊ အသားကို လှန်ကြည့်မှသာ ခန္ဓာကိုယ်ထဲတွင် ဖော်ပြနေသော မျိုးရိုးဗီဇ သင်္ကေတပုံစံကို မြင်တွေ့ရပေမည်။
ဒါက လင်းယွမ် တခြား သန္ဓေပြောင်း သတ္တဝါတွေဆီကနေ သင်္ကေတ ရှာဖွေတွေ့ရှိခဲ့သော နည်းလမ်းဖြစ်သည်။
သို့သော် သူက သင်္ကေတ ရှိမရှိ သိချင်ရုံနှင့် ကိုယ့်ဦးနှောက်ကို ကိုယ်ပြန်ခွဲကြည့်ရန်မှာ မဖြစ်နိုင်ပေ။
"ထားလိုက်ပါတော့... ဝိညာဉ်လိပ်ခွံဒိုင်း သင်္ကေတကိုပဲ အရင်လေ့လာတာပေါ့"
"အခု သင်္ကေတကို ငါပိုင်နိုင်သွားပြီ... စစ်တပ်က သင်ပေးတဲ့ နည်းလမ်းအတိုင်း သက်ဆိုင်ရာ ဓာတ်သဘာဝတူတဲ့ စွမ်းအင်ကျောက်တုံးပေါ်မှာ ဒီသင်္ကေတကို ထွင်းလိုက်ရင် တစ်ခါသုံး သင်္ကေတကျောက်တုံး ရလာမှာပဲ"
"ငါသာ ဝိညာဉ်လိပ်ခွံဒိုင်း သင်္ကေတကို စွမ်းအင်ကျောက်တုံးပေါ် ထွင်းနိုင်ရင် ဒီကျောက်တုံးတွေကို အများကြီး ထုတ်လုပ်နိုင်ပြီပေါ့"
"အဲဒီကျရင် ကျောက်ခိုင် တို့၊ တင်းယန် တို့ကို ဒီကျောက်တုံးတွေ ပေးထားပြီး လိုအပ်တဲ့အချိန် ထုတ်သုံးခိုင်းလိုက်ရင် သူတို့လည်း ဝိညာဉ်လိပ်ခွံဒိုင်း ရလာပြီး စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ကြမှာ"
စိတ်စွမ်းအင် အကာအကွယ် ပညာရပ်မျိုးကို ယခုအချိန်ထိ လင်းယွမ် သိပ်မတွေ့ဖူးသေးပေ။
စိတ်စွမ်းအင် တိုက်ခိုက်မှု ဆိုသည်မှာ ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်ခဲသည်။ တကယ်လို့သာ စိတ်စွမ်းအင် အကာအကွယ် သင်္ကေတကျောက်တုံး ရှိလာလျှင် အစွမ်းပိုင်ရှင် အားလုံးက လိုချင်တပ်မက်ကြမှာ သေချာသည်။
"ဒီ ဝိညာဉ်လိပ်ခွံဒိုင်း ကျောက်တုံးတွေကို တခြား ခိုလှုံရေးစခန်းတွေနဲ့ အရောင်းအဝယ် လုပ်ရင်ရော"
လင်းယွမ် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ အရောင်းအဝယ်လုပ်လျှင် သန္ဓေပြောင်း သတ္တဝါများဖြင့်သာ ပေးချေခိုင်းမည် ဆိုပါက သူ အမှတ်တွေ မရိုးနိုင်အောင် ရတော့မည်။
သူက စိတ်လှုပ်ရှားမှုကို အသာထိန်းပြီး ဝိညာဉ်လိပ်ခွံဒိုင်း ကျောက်တုံး ထုတ်လုပ်ရန် စတင် ပြင်ဆင်လိုက်သည်။
ပထမဦးစွာ သင်္ကေတကျောက်တုံး ပြုလုပ်ရန် ဓာတ်သဘာဝ တူညီသော စွမ်းအင်ကျောက်တုံး လိုအပ်သည်။
သို့သော် ယခုအချိန်ထိ လင်းယွမ်က စိတ်စွမ်းအင်အမျိုးအစား စွမ်းအင်ကျောက်တုံးမျိုး မတွေ့ဖူးသေးပေ။
ကိစ္စမရှိ၊ စိတ်စွမ်းအင် ကျောက်တုံး မရှိလျှင် ဓာတ်မဲ့ စွမ်းအင်ကျောက်တုံး ရှိသေးသည်။
"ဓာတ်မဲ့ စွမ်းအင်ကျောက်တုံးနဲ့ ဓာတ်ပါတဲ့ စွမ်းအင်ကျောက်တုံး ဘာကွာလဲတော့ မသိဘူး"
"တန်ဖိုးအရ ကြည့်မယ်ဆိုရင် ဓာတ်မဲ့ စွမ်းအင်ကျောက်တုံးက ဘယ်သင်္ကေတကိုမဆို ကူးယူလို့ရတော့ ဓာတ်ပါတဲ့ ကျောက်တုံးထက် ပိုတန်ဖိုးကြီးသင့်တာပေါ့"
"ဒါပေမဲ့ စစ်တပ် ရေဒီယိုအသံလွှင့်ချက်ထဲမှာတော့ စွမ်းအင်ကျောက်တုံး သတ္တုကြောရဲ့ အပေါ်ယံလွှာမှာ ဓာတ်မဲ့ စွမ်းအင်ကျောက်တုံးတွေ ရှိတတ်ပြီး အတွင်းပိုင်းရောက်မှ ဓာတ်ပါတဲ့ စွမ်းအင်ကျောက်တုံးတွေ ဖြစ်လာတာလို့ ပြောတယ်"
"သဘောတရားအရ ဆိုရင် သတ္တုကြောရဲ့ အနှစ်ပိုင်းက ပိုတန်ဖိုးကြီးသင့်တာ မဟုတ်ဘူးလား"
လင်းယွမ်က ဓာတ်မဲ့နှင့် ဓာတ်ပါ ကျောက်တုံးများတွင် ကွာခြားချက် ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။
ကံဆိုးသည်မှာ သူ့လက်ထဲတွင် ပေါက်ကွဲမြှားမှ ရရှိထားသော မီးဓာတ် စွမ်းအင်ကျောက်တုံး အပိုင်းအစလေး တစ်ခုသာ ရှိသည်။
နှိုင်းယှဉ်ကြည့်ရန် မဖြစ်နိုင်ပေ။
သူက ခေါင်းခါလိုက်ပြီး သံသယများကို မျိုသိပ်ကာ ဓာတ်မဲ့ စွမ်းအင်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်သည်။
ထို့နောက် ထွင်းထုရန် ဓားတစ်ချောင်းကို ယူလိုက်ပြီး သင်္ကေတ စတင်ထွင်းထုရန် ပြင်ဆင်လိုက်တော့သည်။
ဆက်ရန်...