အခန်း (၂၀၉-၂၁၀)
Vol. 11 Ch. 209-210
အပိုင်း(၂၀၉) သိုင်းဘုရင်ဂေဟာမှ လူများ ကြက်သေသေသွားခြင်း
"အဲဒီတုန်းက ညီအစ်ကိုတစ်ယောက် သူ့ပင့်ကူအိမ်ထောင်ချောက်ထဲ ပြုတ်ကျသွားတာ... ငါတို့ ဘယ်လိုမှ အနားကပ်လို့မရဘူး"
"ပင့်ကူမျှင်တွေက စေးကပ်လွန်းတဲ့အပြင် အရမ်းလည်း မာတယ်... ဖြတ်လို့တောင် မပြတ်ဘူး... နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ အရိုးလှံသွား ပင့်ကူကြီးက ရိပ်မိသွားရော"
"ကံကောင်းချင်တော့ အဲဒီနားမှာ ရွှေနက်ရောင် လူဝံကြီးတစ်ကောင် ရှိနေပြီး ပင့်ကူကြီးနဲ့ တိုက်ခိုက်နေလို့... ငါတို့လည်း အခွင့်ကောင်းယူပြီး လူပြန်ကယ်လာနိုင်ခဲ့တာ"
"လင်းယွမ်... ထိုက်ယန်တောင်ပေါ်မှာ သန္ဓေပြောင်းသတ္တဝါတွေ မနည်းဘူးဆိုပေမယ့် တကယ့် ထိပ်တန်းအဆင့်တွေကတော့ ရှားတယ်... အရိုးလှံသွား ပင့်ကူကြီးနဲ့ ရွှေနက်ရောင် လူဝံကြီးလောက်ပဲ ကြောက်စရာကောင်းတာ"
"တော်သေးတာက သူတို့တွေက တောနက်ထဲမှာပဲ နေကြတာ... အရေအတွက်လည်း မများဘူး"
"အဲဒါကြောင့် ငါတို့က တောအစပ်နားမှာ စခန်းချကြတာပေါ့"
"ဒါပေမဲ့ တောအစပ် မြေပြန့်မှာ စခန်းချတာကလည်း အားနည်းချက်ရှိတယ်... ရေတက်ချိန်ရောက်ရင် ပင်လယ်ထဲက သတ္တဝါတွေ အများကြီး တက်လာပြီး တိုက်ခိုက်တတ်ကြတယ်"
"အဲဒီအချိန်ကျမှ ဂူစခန်းတွေရဲ့ ကောင်းကွက်ကို သိရတာ"
လင်းယွမ်က ဝူမုန့်၏ နှုတ်မှ ရေတက်ချိန်အကြောင်း ထပ်မံကြားလိုက်ရသဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။
"ရေတက်ချိန် ဆိုတာ ဘာကိုပြောတာလဲ"
ဝူမုန့်က ပြန်ဖြေသည်။
"မင်းတို့က တောင်ပေါ်ရောက်ကာစဆိုတော့ မသိတာ မဆန်းပါဘူး"
"လစဉ် (၁၅) ရက်၊ (၁၆) ရက်တွေမှာ ဆွဲငင်အားကြောင့် ရေတက်လေ့ရှိတယ်... ရေကြီးတာက ပေ ၃၀ ကျော်လောက်အထိ မြင့်တက်လာတတ်တာ"
"ရေတက်ချိန်အတွင်းမှာ ရေထဲက သန္ဓေပြောင်းသတ္တဝါတွေ အများကြီး တောင်ပေါ်တက်ပြီး အသိုက်ဆောက် ဥဥကြတယ်... ကုန်းနေသတ္တဝါတွေကို ရှာဖွေစားသောက်ကြတာလေ"
"အဲဒီအချိန်က အန္တရာယ်အများဆုံး ဆိုပေမယ့် ရိတ်သိမ်းစရာ အများဆုံးအချိန်လည်း ဟုတ်တယ်"
"ရေစတက်တဲ့ ပထမ နှစ်ရက်မှာတော့ လုံးဝ အပြင်မထွက်နဲ့... ရေကြီးနေတဲ့အချိန် အကောင်ကြီးတွေ ပါလာတတ်တယ်... တချို့ရေနေသတ္တဝါတွေက ကြောက်စရာကောင်းလွန်းလို့ ပင့်ကူကြီးနဲ့ လူဝံကြီးတောင် မြင်ရင် ထွက်ပြေးရတယ်"
"ရေပြန်ကျသွားရင် အကောင်ကြီးတွေက ရေနဲ့အတူ ပြန်ပါသွားရော... ထိုက်ယန်တောင်ပေါ်ကနေ ထွက်သွားကြတာ"
"ကျန်ခဲ့တဲ့ အကောင်ငယ်လေးတွေကတော့ ကျွန်းပေါ်မှာ ကျန်ရစ်ခဲ့တတ်တယ်... အဲဒီကျရင် စွန့်စားပြီး ထွက်ဖမ်းရင် အများကြီး ရနိုင်တယ်"
"အဲဒါကို ရေတက်ချိန်လို့ ခေါ်တာ... အန္တရာယ်လည်းရှိသလို အခွင့်အရေးလည်း ဖြစ်တယ်"
"ရေသတ္တဝါတွေကို ဖမ်းချင်ရင် ရေတက်ပြီး တတိယရက် လေးရက်မြောက်လောက်မှ စဖမ်းရတာ"
"အရမ်းနောက်ကျသွားရင်လည်း မဖြစ်ပြန်ဘူး... သူတို့အချင်းချင်း ပြန်စားပစ်ကြတာရယ် တောထဲက သန္ဓေပြောင်းသတ္တဝါတွေ လာဖမ်းစားတာရယ်ကြောင့် ကုန်သွားတတ်တယ်"
"မှတ်ထားနော်... ပထမ နှစ်ရက်တော့ လုံးဝ အပြင်မထွက်နဲ့"
လင်းယွမ်က ဝူမုန့်၏ စကားကို နားထောင်ရင်း စိတ်ထဲတုန်လှုပ်သွားသည်။
ရေတက်ချိန်ဆိုသည်မျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူ တိုက်ခန်းတွင် ရှိစဉ်က ပင်လယ်သတ္တဝါများ တိုက်ပေါ်တက်ကာ တိုက်ခိုက်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။
ထိုစဉ်က သန္ဓေပြောင်းဖားကြီးများ အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
လင်းယွမ်က ဖားကြီးများ အငြိုးထား၍ လိုက်လာသည်ဟု ထင်ခဲ့မိသော်လည်း ယခုပြန်စဉ်းစားကြည့်လျှင် ထိုအချိန်သည် ရေတက်ချိန်နှင့် တိုက်ဆိုင်နေ၍ အဆောက်အဦးပေါ် တက်လာကြခြင်း ဖြစ်တန်ရာသည်။
လင်းယွမ် တွေးလေလေ ဖြစ်နိုင်ချေရှိလေလေဟု ယူဆမိသည်။
အမှန်တကယ်ပင် တိုက်ခန်းထဲ၌ ဆက်နေခြင်းက လုံးဝ မလုံခြုံပေ။
တစ်လတစ်ကြိမ် ရေတက်ချိန်တိုင်း ပင်လယ်သတ္တဝါများ ကုန်းပေါ်တက်လာနိုင်သည်။
တိုက်ခန်းလှေကားများသည် ကျဉ်းမြောင်းသော်လည်း သန္ဓေပြောင်းအကောင်ငယ်များ ဝင်လာပါက သာမန်လူများ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။
"သြော်... အဲဒီလိုကိုး... အစ်ကိုဝူမုန့်တို့သာ မပြောရင် ဒီတစ်ခါ ရေတက်ချိန်ကျရင် ကျွန်တော်တို့ အထိနာတော့မှာ"
"ဒါနဲ့... ဒီတစ်ခေါက် ရေတက်ချိန်က ဘယ်တော့လဲ"
ဝူမုန့်က ဖြေသည်။ "မလိုတော့ဘူး... ဒီနေ့ (၁၂) ရက် ရှိနေပြီဆိုတော့ သုံးလေးရက်ပဲ လိုတော့တယ်... မင်းတို့ စားစရာတွေ ကြိုစုထားမှ ဖြစ်မယ်"
လင်းယွမ် ခေါင်းညိတ်ကာ မှတ်သားလိုက်သည်။
ထို့နောက် သူက ဝူမုန့်နှင့် လူအုပ်ကြီးကို သူ့အိမ်သို့ ဖိတ်ခေါ်လိုက်သည်။
လင်းယွမ်၏ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဝူမုန့်တို့တစ်သိုက် ကြက်သေသေကုန်ကြသည်။
"ဒါ... ဒါက သစ်သားကြမ်းခင်းလား"
ဝူမုန့်က လင်းယွမ်၏ ဂူအိမ်ခန်းထဲသို့ ခြေချလိုက်သည်နှင့် အံ့အားသင့်သွားသည်။
ကြမ်းပြင်ပေါ်တွင် သပ်ရပ်စွာ ခင်းကျင်းထားသော သစ်သားကြမ်းခင်းများ ရှိနေပြီး အရောင်တင်ဆီသုတ်ထားသဖြင့် ကွန်ဒိုတိုက်ခန်းများမှ ကြမ်းခင်းများနှင့် တစ်ထပ်တည်း တူညီနေတော့သည်။
"ဘုရားရေ... အစ်ကိုလင်း... ခင်ဗျားဆီမှာ... ဆိုဖာတွေတောင် ရှိတာလား"
"အလိုလေး... အစ်ကိုလင်း... ဧည့်ခန်းထဲမှာ လက်ဖက်ရည်ပွဲခင်းမယ့် စားပွဲတွေ တီဗီစင်တွေပါ ရှိနေတာလား"
"ကျွတ်... ကျွတ်... ဒီ တီဗီအကြီးကြီးက ဘယ်လိုလုပ် ရောက်နေတာလဲ... ပြီးတော့ မီးကရော ဘယ်လိုရတာလဲ"
မျက်စိရှေ့မှ ဧည့်ခန်းသည် မီးရောင်များ လင်းထိန်နေပြီး ကြမ်းခင်းကော်ဇောများ ခင်းကျင်းထားသည်။ ဧည့်ခံရန် စားပွဲကုလားထိုင်များနှင့် ကြွေလက်ဖက်ရည်ပန်းကန်အစုံအလင်လည်း ရှိနေသည်။
နံရံဘက်တွင်လည်း လင်းယွမ်က တီဗီစင်လုပ်ထားပြီး နံရံကပ်စက္ကူများ ကပ်ထားကာ အယ်လ်စီဒီ တီဗီအကြီးကြီး တစ်လုံး ချိတ်ဆွဲထားလေသည်။
အောက်ဘက်ရှိ တီဗီစင်ပေါ်တွင် ဗွီစီဒီ စက်အဟောင်းတစ်လုံးပင် ရှိနေသေးသည်။
သိုင်းဘုရင်ဂေဟာမှ လူများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ဒါက တောင်ဂူတဲ့လား။
သိုင်းဘုရင်ဂေဟာတွင် အစည်းအဝေးခန်းမ၌သာ ခေတ်မီပစ္စည်း အနည်းငယ်ရှိပြီး ကျန်သူများမှာမူ ကျောက်ခေတ်လူရိုင်းများကဲ့သို့ နေထိုင်ရသည် မဟုတ်ပါလော။
ဝူမုန့်နှင့် အမကျွမ်းတို့၏ ဂူများက အနည်းငယ် သပ်ရပ်သည် ဆိုသော်လည်း ကိုယ်တိုင်လုပ် သစ်သားကုတင်နှင့် သစ်သားပရိဘောဂ ရိုးရိုးလေးများသာ ရှိသည်။
ကောင်းမွန်သည့် အဝတ်အစားပင် ပိုင်ဆိုင်သူ မရှိကြပေ။
လင်းယွမ့်အိမ်လို ခေတ်မီသည့် နေရာမျိုး ဘယ်သူ့ဆီမှာ ရှိမည်နည်း။
ဒါက ကမ္ဘာပျက်ကပ်ဘေး ဟုတ်ရဲ့လား။
ခဏတာမျှ ဝူမုန့်ပင် အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားသည်။
လီယွဲ့ကျင်းနှင့် အခြားသူများမှာမူ လုံးဝ ဆွံ့အသွားကြသည်။
လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ "ထိုင်ကြပါ... အားလုံးပဲ ထိုင်ကြ... နေ့လယ်စာ ဒီမှာပဲ စားသွားကြလေ... ကျွန်တော် ဧည့်ခံပါ့မယ်"
ဝူမုန့် အသိပြန်ဝင်လာပြီး လင်းယွမ်ကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "လငါးယွမ်... မင်း... မင်း ဒီပရိဘောဂတွေ ဘယ်ကရတာလဲ"
"ပြီးတော့ ဒီကြမ်းခင်းတွေ... ကိုယ့်ဘာသာ သစ်တုံးခွဲပြီး ခင်းထားတာတော့ မဟုတ်ဘူးမလား"
လင်းယွမ်က ရယ်မောလိုက်သည်။ "အော်... ဒါတွေလား... ဒါတွေအကုန် တောင်ပေါ်တက်တုန်းက သယ်လာတာလေ... အိမ်ကနေ ထွက်ပြေးတုန်းက လိုရမယ်ရ အကုန်သိမ်းကျုံးယူလာတာ"
"ခင်ဗျားတို့ရော မသယ်လာကြဘူးလား"
ဝူမုန့်မှာ ဆွံ့အသွားပြီး "ညီလေးရာ... အသက်လုပြေးရတာကို ဒါတွေပါ သယ်လာတယ်ပေါ့" ဟု ပြောမိသည်။
လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး "ကျွန်တော့်အစွမ်းအကြောင်း ပြောပြဖို့ မေ့နေတာပဲ... တကယ်တော့ ကျွန်တော်က ဟင်းလင်းပြင်အစွမ်းပိုင်ရှင်ပါ"
"ဒီပစ္စည်းတွေအကုန်လုံး ဟင်းလင်းပြင်ထဲ ထည့်သယ်လာတာလေ"
သိုင်းဘုရင်ဂေဟာမှ လူများအားလုံး လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
"ဟင်းလင်းပြင်အစွမ်း"
"ဘာ... ဟင်းလင်းပြင်အစွမ်း ရှိသေးတာလား"
"ဒါက... ဟင်းလင်းပြင်အစွမ်းဆိုတာ ဘာကိုပြောတာလဲ"
...
လူတိုင်းက လင်းယွမ်ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။
သူတို့သည် ဟင်းလင်းပြင်အစွမ်းပိုင်ရှင်ဟူသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
လင်းယွမ်သည် စနစ်ရှိကြောင်း ဖုံးကွယ်ထားလိုသဖြင့် ဟင်းလင်းပြင်အစွမ်းပိုင်ရှင်အဖြစ်သာ ဟန်ဆောင်လိုက်သည်။
သူက ပြုံးလျက် "ကျွန်တော်က ကိုယ်ပိုင်ဟင်းလင်းပြင်တစ်ခု ဖန်တီးလို့ရတယ်... ဒီပစ္စည်းတွေက အစကတည်းက စုဆောင်းပြီး ဟင်းလင်းပြင်ထဲ ထည့်သယ်လာတာ"
ဝူမုန့်က ကိုယ်ပိုင်ဟင်းလင်းပြင်အကြောင်း သိပ်စိတ်မဝင်စားဘဲ အခြားအရာကို တွေးမိကာ အံ့ဩတကြီးမေးသည်။ "ဒါဆို မင်းရဲ့ စိတ်စွမ်းအင်တွေ ခွန်အားတွေ အလျင်တွေ သန်မာနေတာက ဟင်းလင်းပြင်အစွမ်းကြောင့်ပေါ့"
လင်းယွမ်က မျက်ဝန်းများ လက်ခနဲဖြစ်သွားပြီး "ဟုတ်မယ်ထင်တယ်... ကျွန်တော်လည်း ကိုယ့်လို အစွမ်းတူတဲ့လူ မတွေ့ဖူးတော့ မသိဘူး... ဟင်းလင်းပြင်အစွမ်းက ခန္ဓာကိုယ် အရည်အသွေးကို မြှင့်တင်ပေးတာ ဖြစ်လောက်တယ်"
ဝူမုန့်က တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး "တကယ်ပါပဲ... ကမ္ဘာကြီးက ကျယ်ပြောပြီး ဆန်းကြယ်လွန်းတယ်... ငါက ကိုယ့်အစွမ်းကိုယ် သေချာလေ့ကျင့်ထားလို့ အောင်မြင်မှုအနည်းငယ်ရှိပြီဆိုပြီး ကျေနပ်နေခဲ့တာ"
"အခုတော့ နွားခြေရာခွက်ထဲက ဖားက ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသလို ဖြစ်နေပြီ"
လင်းယွမ် စိတ်ထဲတွင် အနည်းငယ် ရှက်သွားသည်။ ဝူမုန့်က တကယ့် ပါရမီရှင် ဖြစ်ပြီး သူက စနစ်၏ အကူအညီဖြင့် ဖြတ်လမ်းနည်းသုံးထားခြင်း ဖြစ်သောကြောင့်ပင်။
သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ "ခဏလေးနော်... စားစရာ ပြင်ဆင်ခိုင်းလိုက်ဦးမယ်"
"ဆရာလင်း... အိမ်မှာ မီးက ဘယ်လိုရတာလဲ" ကောကျဲက မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
လင်းယွမ်က အဝေးရှိ သန္ဓေပြောင်းနေကြာပန်းကို ညွှန်ပြရင်း "အဲဒီ သန္ဓေပြောင်းနေကြာပန်းက ကျွန်တော် မတော်တဆ ရထားတာ... သူက နေရောင်ခြည်ထုတ်ပေးနိုင်တယ်လေ... ဆိုလာပြားတွေနဲ့ တွဲပြီး အားသွင်းတာပေါ့"
"ဒါပေမဲ့ ဒီလောက် မီးအားနဲ့တော့ မလောက်ပါဘူး... ကျွန်တော်တို့ စခန်းမှာ လျှပ်စစ်ထုတ်ပေးနိုင်တဲ့ အစွမ်းပိုင်ရှင်တစ်ယောက် ရှိနေလို့"
"အရင်တုန်းက ဘက်ထရီအိုးတွေ ရှာထားတာ ရှိတယ်... အဲဒီအစွမ်းပိုင်ရှင်ရဲ့ အကူအညီနဲ့ လျှပ်စစ်မီး ရနေတာပါ"
"ဒါနဲ့ မီးစက်တစ်လုံးလည်း ရှိသေးတယ်... ဒါပေမဲ့ ဓာတ်ဆီလိုတယ်"
လင်းယွမ်က သူ၏ ဂူအောင်းခိုလှုံရာစခန်း အခြေအနေကို ရှင်းပြလိုက်ရာ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
"သန္ဓေပြောင်းနေကြာပန်းက နေရောင်ခြည် ထုတ်ပေးနိုင်တယ် ဟုတ်လား"
"လျှပ်စစ်ထုတ်နိုင်တဲ့ အစွမ်းပိုင်ရှင်လည်း ရှိသေးတာလား... ဘုရားရေ... အဲဒီလူ ဘယ်မှာလဲ... ဒါ ရတနာပဲဗျ"
"ဘုရားဘုရား... မီးစက်တောင် ရှိသေးတယ်ပေါ့... ခင်ဗျားနေရာက ခိုလှုံရေးစခန်းလား အပန်းဖြေစခန်းလားတောင် မသဲကွဲတော့ဘူး... ကျွန်တော်တို့နေတဲ့နေရာနဲ့ ယှဉ်လိုက်ရင် လူရိုင်းတွေလို ဖြစ်နေပြီ"
သိုင်းဘုရင်ဂေဟာမှ လူများမှာ အံ့ဩလွန်း၍ မည်သို့ ပြောရမှန်းပင် မသိတော့ပေ။ မနာလိုအားကျစိတ်များလည်း ဖြစ်ပေါ်လာကြသည်။
နေရာအကျယ်အဝန်းကို ပြောရလျှင် လင်းယွမ်၏ နေရာက သူတို့လောက် မကျယ်ပေ။
သို့သော် နေထိုင်မှု အဆင့်အတန်းနှင့် ပတ်သက်လာလျှင် သူတို့က လင်းယွမ်၏ ခြေဖျားပင် မမီချေ။
လင်းယွမ်က ရယ်မောလိုက်ပြီး "သိပ်လည်း မဟုတ်ပါဘူးဗျာ... ကျွန်တော်က ကြိုတင်ပြင်ဆင်မှု ကောင်းခဲ့လို့ပါ... ဒါနဲ့ ခင်ဗျားတို့ ပြန်ရင် လက်ဆောင်ပေးမယ်"
"ဘာလက်ဆောင်လဲဟင်" ကောကျဲက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လင်းယွမ်က ပြုံး၍ "ဘာလိုအပ်လို့လဲ" ဟု မေးသည်။
ကောကျဲက လက်မြှောက်ပြီး "ဆရာလင်း... ကျွန်မ မွေ့ရာတစ်လုံးလောက် လိုချင်ပါတယ်... အပိုရှိရင်ပေါ့"
သူမ စကားဆုံးသည်နှင့် ကျန်လူများ အသိပြန်ဝင်လာပြီး အလုအယက် မေးမြန်းကြတော့သည်။
"ဆရာလင်း... ကျွန်မလည်း မွေ့ရာလိုချင်တယ်... ဂူထဲက သစ်သားကုတင်က မာလွန်းလို့ အိပ်မပျော်ဘူး" ပိုင်ကျစ်လဲ့ကလည်း အလျင်အမြန် ပြောသည်။
ယွမ်ရွေ့ကလည်း ဟန်မဆောင်နိုင်တော့ဘဲ ဝင်ပြောသည်။ "ဆရာလင်း... ကျွန်တော်က မွေ့ရာမလိုဘူး... ခြင်ထောင်တစ်လုံးလောက် လိုချင်တယ်... ဂူထဲမှာ ခြင်တွေက များလွန်းလို့ပါ"
လီယွဲ့ကျင်းကလည်း မနေနိုင်တော့ပေ။ "ဆရာလင်း... သန္ဓေပြောင်းနေကြာပန်း အပိုရှိသေးလားဗျာ... ညဘက်တွေက ရှည်လွန်းတယ်... မီးရောင်မရှိတော့ နေရတာ အရမ်းခက်တယ်"
တစ်ခဏအတွင်း သူတို့အားလုံး အားမနာနိုင်တော့ဘဲ အသီးသီး တောင်းဆိုကုန်ကြသည်။
ဝူမုန့်ပင် သည်းမခံနိုင်တော့ဘဲ "တော်ကြတော့... တော်ကြတော့... သူက လက်ဆောင်နည်းနည်း ပေးမယ်ပြောတာကို မင်းတို့က အိမ်ပါ ဖြိုသယ်သွားကြတော့မလို့လား" ဟု ဟန့်တားလိုက်သည်။
ထိုအခါမှ သိုင်းဘုရင်ဂေဟာမှ လူများ သတိဝင်လာပြီး မျက်နှာပူသွားကြသည်။
လင်းယွမ်ကမူ ဂရုမစိုက်ပေ။ ပြုံးလျက်ပင် "အားလုံးပဲ... ခင်ဗျားတို့ပြောတဲ့ ပစ္စည်းတွေ ကျွန်တော့်ဆီမှာ ရှိပါတယ်... ဒါပေမဲ့ ဒီလို အကြီးစားပစ္စည်းတွေကို လက်ဆောင်ပေးဖို့တော့ အဆင်မပြေဘူး... ဒီခေတ်ကြီးမှာ ဒီပစ္စည်းတွေက တန်ဖိုးရှိတယ်လေ"
"ဒီလိုလုပ်ကြမယ်... ရေတက်ချိန်ပြီးသွားရင် ကျွန်တော် လေလံပွဲတစ်ခု လုပ်ပေးမယ်... အဲဒီကျရင် ဒီပစ္စည်းတွေကို ထုတ်ရောင်းပေးပါ့မယ်... စိတ်ဝင်စားရင် လာဝယ်ကြပေါ့"
လင်းယွမ့်စကားကြောင့် အားလုံး စိတ်ဝင်စားသွားကြသည်။
"လေလံပွဲ ဟုတ်လား... ဆရာလင်း... ဘယ်လိုပုံစံနဲ့ ရောင်းမှာလဲ"
"ဆရာလင်း... အခုချိန်မှာ ပိုက်ဆံလိုချင်သေးတာလား... စက္ကူပိုက်ဆံတွေက သုံးမရတော့ဘူးလေ"
"ဟုတ်တယ် ဆရာလင်း... ဘာနဲ့ လာဝယ်ရမှာလဲ"
လူတိုင်း ဝိုင်းမေးကြသည်။
လင်းယွမ်က "ပိုက်ဆံကတော့ သေချာပေါက် မလိုဘူး... ကျွန်တော်က စွမ်းအင်ကျောက်တုံးတွေ ဒါမှမဟုတ် သင်္ကေတကျောက်တုံးတွေ လိုချင်တာ... ပြီးတော့ သန္ဓေပြောင်းသတ္တဝါ အရှင်တွေ... ရေထဲကကောင်ဖြစ်ဖြစ် ကုန်းပေါ်ကကောင်ဖြစ်ဖြစ် အရှင်ဖမ်းလာရင် လက်ခံတယ်"
"တခြား ထူးဆန်းတဲ့ ပစ္စည်းတွေရှိရင်လည်း တန်ဖိုးဖြတ်ပြီး လက်ခံပေးမယ်"
"ဒါပေမဲ့ ဒါတွေက နောက်မှပြောကြတာပေါ့... ဒီနေ့တော့ ဧည့်သည်အနေနဲ့ လာတာဆိုတော့ ဒါတွေ မပြောကြေး"
"အခုလောလောဆယ် လူသုံးကုန်ပစ္စည်းတချို့ လက်ဆောင်ပေးပါမယ်... ကျွန်တော့်စေတနာပေါ့"
"အမျိုးသမီးတွေအတွက် တစ်ယောက်ကို ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည် တစ်စုံစီ ပေးမယ်"
"အမျိုးသားတွေအတွက်တော့ အားကစားဖိနပ်တစ်ရံ၊ ခြေအိတ် (၁၀) ရံနဲ့ ခြင်ဆေးခွေတစ်ဗူးစီ ပေးမယ်"
လင်းယွမ့်စကားကြောင့် ကျား၊မ မရွေး မျက်လုံးများ အရောင်တောက်လာကြသည်။
ယွမ်ရွေ့က "ဆရာလင်းက တကယ် သဘောကောင်းတာပဲဗျာ" ဟု အော်ဟစ်လိုက်သည်။
သူ့ခြေထောက်မှ အားကစားဖိနပ်မှာ ပေါက်ပြဲနေပြီး ဖိနပ်ထိပ် ဟနေသည်မှာ ကြာပြီဖြစ်သည်။
ခြေအိတ်ဆိုလျှင် ပိုဆိုးသေးသည်။ ခြေချောင်းများပင် အပြင်သို့ ထွက်နေပြီး အပေါက်အပြဲများသာ ဖြစ်နေသည်။
ခြင်ဆေးခွေဆိုသည်မှာလည်း အသက်ကယ်ဆေးပင်။
ဂူထဲမှ ခြင်များမှာ အလွန်ဆိုးရွားလှသည်။ သန္ဓေပြောင်းနေသလား မပြောတတ်၊ ကိုက်လိုက်လျှင် အဖုကြီးများထကာ ယားယံပြီး နာကျင်လှသည်။
တစ်ခါတစ်ရံ သူသည် မြေကြီးထဲသို့ တိုးဝင်အိပ်ချင်သော်လည်း အစွမ်းကုန်သွားပြီး ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ် မြေမြှုပ်မိမည်စိုး၍ မလုပ်ရဲပေ။
မိန်းကလေးများမှာလည်း စိတ်လှုပ်ရှားနေကြသည်။ တောင်ပေါ်ရောက်သည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်ရာ ကောင်းမွန်စွာ ရေမချိုးရ၊ ခေါင်းမလျှော်ရသည်မှာ ကြာခဲ့ပြီ။
ယခင်က ရေချိုးခေါင်းလျှော်သည် ဆိုရာ၌ ရေလောင်းချရုံသာ ဖြစ်ပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည် သုံးစွဲရန် အခြေအနေ မရှိခဲ့ပေ။
ရှာမတွေ့ခြင်းက အဓိက အကြောင်းရင်းဖြစ်သည်။
ရေဘေးရှောင်စဉ်က မည်သူကများ ဆပ်ပြာ၊ ခေါင်းလျှော်ရည် သယ်လာမည်နည်း။
အားလုံး ပျော်ရွှင်မြူးထူးသွားကြပြီး မိန်းကလေးများက "အစ်ကိုလင်း" ဟု ပြောင်းလဲခေါ်ဝေါ်လာကြသည်။
အမျိုးသားများကမူ လက်တွေ့ကျကျဖြင့် "ဆရာလင်း" ဟု ခေါ်ကြသည်။
အခန်းထဲတွင် ပျော်ရွှင်သော အငွေ့အသက်များ လွှမ်းခြုံသွားသည်။
လင်းယွမ်လည်း ကျေနပ်စွာ ပြုံးလိုက်သည်။
သူသည် ဟန်လုံစင်တာမှ ကုန်တိုက်တစ်ခုလုံးနီးပါးကို သိမ်းကျုံးယူငင်လာခဲ့ခြင်း ဖြစ်သည်။
ပစ္စည်းသိုလှောင်ခန်းထဲတွင် ဆပ်ပြာ၊ ခေါင်းလျှော်ရည်များမှာ ရေတွက်မရအောင် များပြားလှပြီး အဝတ်အစားနှင့် ဖိနပ်များလည်း တောင်ပုံရာပုံ ရှိနေသည်။
ဟန်လုံစင်တာတွင် အထည်ဆိုင်ပေါင်း မြောက်မြားစွာ ရှိခဲ့သည် မဟုတ်ပါလော။
ကုန်တိုက်ကြီးထဲတွင် စားသောက်ကုန်မှလွဲ၍ ကျန်လူသုံးကုန်ပစ္စည်းများမှာ လျော့နည်းခြင်း မရှိခဲ့ပေ။
ယခု သူပေးလိုက်သည်မှာ အစွန်းထွက်မျှသာ ဖြစ်သော်လည်း သိုင်းဘုရင်ဂေဟာမှ လူများနှင့် ဆက်ဆံရေး ကောင်းမွန်စေသည်။
ထို့ပြင် ဤအစွမ်းပိုင်ရှင်များကို ကြော်ငြာသဘောမျိုး အသုံးချကာ ရေတက်ချိန်အလွန် ကုန်သွယ်ပွဲအတွက် လမ်းခင်းလိုက်ခြင်းလည်း ဖြစ်သည်။
သူသည် အဆင့်မြင့် လေလံပွဲသာမက ဈေးပွဲတော်လေးတစ်ခုပါ ဖန်တီးချင်နေသည်။
လူတိုင်းကို အသုံးချပြီး သန္ဓေပြောင်းသတ္တဝါများ ဖမ်းခိုင်းကာ စွမ်းအင်ကျောက်တုံးများ ရှာဖွေစေလိုသည်။
ဈေးကွက်ဖြစ်ပေါ်လာသည်နှင့် သူ၏ အမှတ်များ တရိပ်ရိပ် တက်လာမည် ဖြစ်သည်။
ထိုအခါကျမှ ကျွမ်းကျင်မှုများနှင့် အရည်အသွေးမှတ်များကို စိတ်ကြိုက် မဲနှိုက်ပြီး အစွမ်းများ မြှင့်တင်ရမည်။
ခဏကြာမှ သိုင်းဘုရင်ဂေဟာမှ လူများ စိတ်ငြိမ်သွားကြသည်။
သူတို့သည် လင်းယွမ့်အိမ်ကို ပြတိုက်တစ်ခုကဲ့သို့ သဘောထားပြီး နေရာအနှံ့ လိုက်လံကြည့်ရှုကာ အားကျနေကြသည်။
ဤပစ္စည်းများကို မတွေ့ရသည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်၍ အပြစ်ဆိုဖွယ် မရှိပေ။
"ဆရာလင်း... ဒီတီဗီက ကြည့်လို့ရလား... လိုင်းမိလား" ယွမ်ရွေ့က တီဗီရှေ့သို့ ပြေးသွားပြီး မေးလိုက်သည်။
လင်းယွမ်က ရယ်မောပြီး "အခုချိန်မှာ ဘယ်က လိုင်းမိမှာလဲ... လှိုင်းတောင် မရှိတော့ဘူး"
"ဒါဆို အလှထားတာပဲလား" ယွမ်ရွေ့က နှမြောတသ ဖြစ်သွားသည်။
လင်းယွမ်က "အလှသက်သက်တော့ မဟုတ်ပါဘူး... ဟို ဗွီစီဒီ စက်က အဘိုးကြီးတစ်ယောက်အိမ်က ရလာတာ... အခွေတွေလည်း အများကြီးပါတယ်"
"ပြီးတော့ ကွန်ပျူတာတွေ ဟာ့ဒ်ဒစ်တွေလည်း ရထားတော့ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ ကြည့်လို့ရတာပေါ့... တီဗီနဲ့ ချိတ်ကြည့်လို့ ရတယ်လေ"
"ဒါပေမဲ့ အခုချိန်မှာ လူတိုင်းက အသက်ရှင်ဖို့ ရုန်းကန်နေရတာဆိုတော့ အပန်းဖြေဖို့ အချိန်သိပ်မရှိကြဘူး... စိတ်ပြေလက်ပျောက် ဝိုင်းဖွဲ့ကြည့်ကြတာလောက်ပဲ ရှိတာ"
"အလှထားတယ် ဆိုလည်း မမှားပါဘူး"
ယွမ်ရွေ့က တက်ခေါက်လိုက်ပြီး "ဘာလို့ အချိန်မရှိရမှာလဲဗျာ... မိုးရာသီဆိုတော့ စောစောမှောင်တာ... နေ့ခင်းဘက် ငါးဖမ်းပြီးရင် ညဘက်တွေက ရှည်လွန်းတယ်... တီဗီလေးကြည့် ရုပ်ရှင်လေးကြည့်ရရင် ဘယ်လောက်ကောင်းမလဲ"
လင်းယွမ်က ပြုံး၍ ခေါင်းခါလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
ယွမ်ရွေ့က အစွမ်းပိုင်ရှင်ဖြစ်၍ ငါးဖမ်းရတာ လွယ်ကူသော်လည်း သာမန်လူများအတွက်မူ မလွယ်ကူလှပေ။
မိုးသည်းထဲတွင် တစ်နေကုန် ငါးဖမ်းပြီးပါက ညဘက်တွင် သတိလစ်မတတ် အိပ်ပျော်သွားကြသည်သာ။
လက်ရှိတွင် အားလုံးသည် အသက်ရှင်ရပ်တည်ရေးကိုသာ ဦးစားပေးနေရသည်။
လင်းယွမ်မှာမူ စနစ်ရှိနေ၍ ထိုမျှ မပင်ပန်းပေ။ ရန်မေကလည်း အိမ်မှုကိစ္စများ လုပ်ကိုင်ပေးသဖြင့် အေးဆေးစွာ နေထိုင်နိုင်သည်။
ညဘက်တွင်လည်း အချစ်ရေး ကိစ္စများအတွက် ရုပ်ရှင်ကားများ ကြည့်ရှုကာ အပန်းဖြေလေ့ ရှိသည်။
"ဟယ်... အစ်ကိုလင်း... ရေချိုးခန်းထဲမှာ ဘိုထိုင်အိမ်သာတောင် ရှိတယ်"
ပိုင်ကျစ်လဲ့က ရေချိုးခန်းတံခါးဖွင့်ပြီး အံ့ဩသွားသည်။
မျက်စိရှေ့မှ ရေချိုးခန်းသည် သူမ၏ ယခင်အိမ်မှ ရေချိုးခန်းနှင့် မခြားနားပေ။
မဟုတ်သေး... လင်းယွမ်၏ ဂူအိမ်မှ ရေချိုးခန်း ပြင်ဆင်ထားပုံမှာ သူမအိမ်ထက်ပင် သာလွန်ကောင်းမွန်နေသေးသည်။
ရေခြောက် ရေစို သီးသန့်ခွဲထားပြီး ရေချိုးကန်၊ လက်ဆေးကန်များအပြင် အိမ်သာကလည်း အော်တိုစနစ် ဖြစ်နေသည်။
ပိုင်ကျစ်လဲ့မှာ လုံးဝ ကြက်သေသေသွားသည်။
ဒါက ဂူအိမ်တဲ့လား။
အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများမှ ရေချိုးခန်းများသာ ဤမျှ ကောင်းမွန်ပေလိမ့်မည်။
ထိုအသံကြောင့် ကောကျဲနှင့် အခြားအမျိုးသမီး အစွမ်းပိုင်ရှင်များပါ ရေချိုးခန်းသို့ ပြေးကြည့်ကြသည်။
လင်းယွမ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ မိန်းကလေးများသည် ရေချိုးခန်းတွင် ဓာတ်ပုံရိုက်ရသည်ကို နှစ်သက်ကြပြီး ရေချိုးခန်းထဲ၌ အချိန်ကုန်ရသည်ကို သဘောကျတတ်ကြသည် မဟုတ်ပါလော။
ဝူမုန့်လည်း မနေနိုင်တော့ဘဲ "လင်းယွမ်... မင်းရဲ့ ဟင်းလင်းပြင်ထဲမှာ ပစ္စည်းတွေ ဘယ်လောက်တောင် ထည့်ထားတာလဲ... ရေချိုးကန်တောင် ပါလာတယ်ပေါ့"
လင်းယွမ်က ရယ်မောကာ လက်ကာပြလိုက်ပြီး "သိပ်အများကြီး မဟုတ်ပါဘူးဗျာ... လူသုံးကုန်တွေပဲ များပါတယ်... စားစရာ သိပ်မပါဘူး... ခင်ဗျားလည်း သိတဲ့အတိုင်း အခုချိန်မှာ အစားအသောက်က ရှားတယ်လေ"
"လူတွေက အသက်ရှင်ဖို့ပဲ ကြိုးစားနေရတော့ ဒီလို အပြင်ပန်းပစ္စည်းတွေကို ဂရုမစိုက်ကြတော့ဘူး... အဲဒါကြောင့် ကျွန်တော်လည်း လိုက်ကောက်ထားလိုက်တာ"
ဝူမုန့်က ခေါင်းညိတ်ပြီး "ဟုတ်တယ်... ဒီရေဘေးကြီးက ဘယ်တော့ပြီးမလဲ မသိဘူး... လူသားတွေအတွက် စားဝတ်နေရေးက အခက်ခဲဆုံးပဲ"
"လင်းယွမ်... စားစရာ အခက်အခဲရှိရင် သိုင်းဘုရင်ဂေဟာကို လာခဲ့... ငါ့ဆီမှာ သန္ဓေပြောင်း သားကောင်အသားခြောက်တွေ စုထားတာ ရှိတယ်"
လင်းယွမ်က ပြုံး၍ "မလိုပါဘူးဗျာ... ကျွန်တော့်ဆီမှာ လူနည်းတယ်... ရာဂဏန်းလောက်ပဲ ရှိတာ... ငါးဖမ်းလိုက် အမဲလိုက်လိုက်နဲ့ လောက်ငပါတယ်"
"နောက်ပိုင်းကျရင် တောင်စောင်းတွေမှာ လှေကားထစ်စိုက်ခင်းတွေ လုပ်ပြီး ဟင်းသီးဟင်းရွက်နဲ့ အစာရေစာ စိုက်ပျိုးဖို့ စိတ်ကူးထားတယ်"
ဝူမုန့်က ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။ "စိုက်ပျိုးရေးလား... ကျွန်တော်တို့ဘက်မှာလည်း လုပ်ကြည့်ဖူးတယ်... အရမ်းခက်တယ်ဗျ"
"အပင်တွေက နေရောင်လိုတယ်... မိုးက အမြဲရွာနေတော့ အပင်မပေါက်ဘူး... အရင်က မျိုးစေ့တွေက သုံးမရတော့ဘူး... လက်ရှိ အခြေအနေနဲ့ ကိုက်ညီမယ့် သန္ဓေပြောင်းမျိုးစေ့ ရှာမှရတာ"
"ဒါပေမဲ့ သန္ဓေပြောင်းအပင်တွေက ရှာရခက်တယ်... တချို့အပင်တွေက ပုံစံရော ဓာတ်သဘာဝပါ ပြောင်းသွားကြတာ... အရင်က အဆိပ်မရှိပေမယ့် အခု အဆိပ်ရှိတာမျိုး ဖြစ်နိုင်တယ်"
"လူသားတွေ အခုထိ စားသောက်လာခဲ့ကြတာ ရှေးလူကြီးတွေ စမ်းသပ်စားသုံးရင်း အသက်တွေ ပေးဆပ်ခဲ့ရလို့လေ"
"မင်းတို့ စိုက်မယ်ဆိုရင် သေချာရွေးချယ်ပါ... မစားခင်မှာလည်း အဆိပ်ရှိမရှိ အရင်စမ်းသပ်ဦး"
"နောက်တစ်ချက်က စိုက်ပျိုးရေးလုပ်မယ်ဆိုရင် အကာအကွယ် ကောင်းကောင်းလုပ်ထား... တောထဲက သန္ဓေပြောင်းသတ္တဝါတွေက စိုက်ခင်းတွေကို လာဖျက်ဆီးတတ်တယ်"
"ပြောရရင်တော့ စိုက်ပျိုးရေးလုပ်ရတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး"
ဝူမုန့်က သူတို့ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပြန်ပြောင်းသတိရကာ သက်ပြင်းချလိုက်သည်။
လင်းယွမ်လည်း မျက်မှောင်ကြုတ်သွားသည်။ ဤအချက်များကို သူ ထည့်မတွက်မိခဲ့ပေ။
သူတို့ ယခင်က အလွန် အကောင်းမြင်ခဲ့ကြသည်ဟု ထင်မိသည်။ စားသောက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရန်မှာ လွယ်ကူလှသည် မဟုတ်ပါတကား။
ဆက်ရန်...
အပိုင်း(၂၁၀) ကျန်ခိုလှုံရေးစခန်းနှစ်ခု၏ အခြေအနေ
အမှန်စင်စစ်တွင် စိုက်ပျိုးရေးဟူသည် ပညာရပ်တစ်ခု ဖြစ်ပေသည်။
အချို့လူများက စိုက်ပျိုးရေးကို မျိုးစေ့ကြဲရုံဖြင့် နောက်တစ်နှစ်တွင် အသီးအနှံ ရရှိနိုင်သည်ဟု ထင်မြင်ယူဆလေ့ရှိကြ၏။
အကယ်၍ ထိုမျှ လွယ်ကူနေပါက မည်သူကများ အလုပ်ထွက်လုပ်ကြဦးမည်နည်း။ သူဌေးများက စောစီးစွာကပင် စိုက်ပျိုးရေး လုပ်နေကြပြီး ဆင်းရဲသားများအတွက် အလှည့်ကျန်တော့မည် မဟုတ်ပေ။
စိုက်ပျိုးရေးသည် မြေဆီလွှာ ပြုပြင်ခြင်းမှစ၍ မျိုးစေ့ရွေးချယ်ခြင်း၊ ပေါင်းသင်ခြင်း၊ ပိုးမွှားဖယ်ရှားခြင်း၊ ဆေးဖျန်းခြင်း၊ အသီးများကို ရှင်းလင်းခြင်းနှင့် ပျိုးထောင်ခြင်း အစရှိသဖြင့် ကဏ္ဍစုံကို ထည့်သွင်းစဉ်းစားရသော ပညာရပ်တစ်ခု ဖြစ်သည်။
သို့မဟုတ်ပါက စိုက်ပျိုးရေးတက္ကသိုလ်ဟူ၍ မည်သို့ရှိလာနိုင်မည်နည်း။
လင်းယွမ်တို့ လူစုထဲတွင် စိုက်ပျိုးရေးကို သီးသန့်ကျွမ်းကျင်သောသူ တစ်ဦးမျှ မပါဝင်ချေ။
အဒေါ်ကြီးလီတို့ကဲ့သို့သော သက်ကြီးပိုင်းများသည် ငယ်စဉ်က လယ်စိုက်ခဲ့ဖူးကြသော်လည်း ကျွမ်းကျင်ပညာရှင်အဆင့် ဗဟုသုတမရှိဘဲ အတိတ်က အတွေ့အကြုံများကိုသာ အားပြုနေရသူများ ဖြစ်ကြသည်။
သို့သော် ယခုအခါ ကမ္ဘာကြီးက ပြောင်းလဲသွားချေပြီ။ သက်ရှိအားလုံး ဆင့်ကဲပြောင်းလဲလာကြသလို အပင်များလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
ယခင်က စိုက်ပျိုးရေး အတွေ့အကြုံများသည် ယခုအချိန်တွင် အသုံးဝင်ချင်မှ ဝင်ပေတော့မည်။
ဥပမာအားဖြင့် မျိုးစေ့ရွေးချယ်ခြင်းကို ကြည့်ပါ။ ယခင်ကဆိုလျှင် အွန်လိုင်းမှတစ်ဆင့် မျိုးကောင်းမျိုးသန့်များကို အလွယ်တကူ ဝယ်ယူနိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် မျိုးကောင်းမျိုးသန့်များကို မည်သည့်နေရာ၌ သွားရောက်ဝယ်ယူနိုင်မည်နည်း။
လင်းယွမ်တို့ ပစ္စည်းရှာဖွေရင်း မျိုးကောင်းမျိုးသန့်များကို တွေ့ရှိခဲ့လျှင်တောင်မှ ထိုမျိုးစေ့များသည် ယခုလက်ရှိ ပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိမရှိ မည်သူက အာမခံနိုင်မည်နည်း။
သေချာ စဉ်းစားကြည့်လျှင် မကိုက်ညီနိုင်သည်က ရာခိုင်နှုန်း များပေလိမ့်မည်။
ဤနှစ်ဝက်ကာလပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းနေပြီး နေရောင်ခြည်လည်း မရရှိသဖြင့် မည်သည့်မျိုးစေ့က အပင်ပေါက်နိုင်မည်နည်း။ မည်သို့ ရှင်သန်ကြီးထွားနိုင်မည်နည်း။
ယခုအချိန်တွင် သန္ဓေပြောင်းလဲသွားသော အပင်မျိုးစေ့များသာလျှင် ရှင်သန်နိုင်စွမ်း ရှိကြပေသည်။
လင်းယွမ် ဤအချက်ကို တွေးမိသည်နှင့် ရှာတွေ့ထားသော ပိန်းဥများ၏ အရေးပါမှုကို ပို၍ နားလည်လာမိ၏။
"ဒီပိန်းဥတွေကို ဘယ်လိုပဲဖြစ်ဖြစ် သေချာ သိမ်းဆည်းထားပြီး အမြောက်အမြား စိုက်ပျိုးနိုင်ဖို့ နည်းလမ်းရှာရမယ်"
"ဒါ့အပြင် အနီးအနားက တောအုပ်ထဲမှာ စားလို့ရတဲ့ အပင်တွေ ရှိမရှိ လူလွှတ်ပြီး ရှာခိုင်းရမယ်... ပြီးရင် အစားထိုး ပြန်လည်စိုက်ပျိုးဖို့ ပြင်ဆင်ရမယ်"
"ဒီကိစ္စကို ဆုန့်ဝမ်တို့ကို သေချာ မှာထားမှ ဖြစ်တော့မယ်"
စိုက်ပျိုးရေးအကြောင်း ဆွေးနွေးပြီးနောက် လင်းယွမ်က မွေးမြူရေးဘက်သို့ ခေါင်းစဉ်ပြောင်း၍ မေးမြန်းလိုက်သည်။
"အစ်ကိုမုန့်... ခင်ဗျားတို့ဘက်မှာ မွေးမြူရေးအခြေအနေ ဘယ်လိုလဲ"
ဝူမုန့်က "ဒီကိစ္စကို ဆရာလီနဲ့ ယာဝေကိုပဲ မေးကြည့်လိုက်... သူတို့ပဲ ဦးစီးနေတာ... ကျွန်တော်က သိပ်ဝင်မပါဘူး" ဟု ပြန်ဖြေလိုက်၏။
လင်းယွမ် လှည့်ကြည့်လိုက်သောအခါ ယွဲ့ယာဝေနှင့် ကောကျဲတို့အဖွဲ့သည် လင်းယွမ်အိမ်ရှိ ရေချိုးခန်းနှင့် အိပ်ခန်းများကို လိုက်လံကြည့်ရှုနေကြပြီး ရံဖန်ရံခါတွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဟယ်... Estee Lauder အဆီအနှစ်ပါလား... လင်းယွမ်ဆီမှာ ဒါမျိုး ရှိနေသေးတာပဲ"
(မင်မင်အိမ်ပြောင်းကာစ ဝိုင်ဖိုင်မရသေးလို့ Estee Lauder ဆိုတာ ဘာမှန်း ရှာလို့မရသေးဘူး။ ကွကိုယ်ပဲ ရှာကြည့်ကြည့်နော်။ ဖြစ်နိုင်တာကတော့ ရေချိုးခန်းမှာသုံးတဲ့ အမွှေးဆီ တို့ အလှဆီတို့ဖြစ်နိုင်တယ်)
"ဘုရားရေ... ရေခဲသေတ္တာ... သူ့ဆီမှာ ရေခဲသေတ္တာတောင် ရှိတယ်ဟ"
"အမယ်လေး... ငါတို့သာ ရေခဲသေတ္တာရှိရင် နေ့တိုင်း အသားခြောက်ပဲ စားနေစရာ မလိုတော့ဘူး"
"ဘုရားရေ... မီးဖိုခန်းကို ကြည့်ဦး... မီးဖိုခုံရော လျှပ်စစ်မီးဖိုရော အစုံပဲ... ငါတော့ အားကျလွန်းလို့ သေတော့မယ်... ငါ ထမင်းချက်တိုင်း ထင်းမီးပဲ သုံးနေရတာ"
"ငါလည်း အတူတူပါပဲ... ဒီလို မိုးသည်းနေတဲ့အချိန်မှာ အပြင်က သစ်ကိုင်းခြောက်တွေက မီးစွဲဖို့ ခက်တယ်... ထင်းရှူးသားနဲ့ ဝါးခြောက်လောက်ပဲ မီးတောက်တာ... မီးမွှေးတိုင်း ထွက်လာတဲ့ မီးခိုးတွေက မွန်းပြီး အသက်ရှူကြပ်မတတ်ပဲ"
မိန်းကလေးနှစ်ယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြပြီး မျက်နှာတွင် အားကျမှုများ အထင်းသား ပေါ်နေသည်။
လင်းယွမ်လည်း တတ်နိုင်သည့်အရာ မရှိသဖြင့် လီယွဲ့ကျင်းဘက်သို့သာ လှည့်လိုက်ရ၏။
လီယွဲ့ကျင်းက ပြုံးကာ "ကျွန်တော်ပဲ ပြောပြပါ့မယ် လင်းယွမ်... လောလောဆယ် ကျွန်တော်တို့ဆီမှာ မွေးမြူရေးစခန်း နှစ်ခုရှိတယ်"
"တစ်ခုကတော့ ရေထွက်ကုန် မွေးမြူရေးပါ... ဒီအပိုင်းကတော့ ရိုးရှင်းပါတယ်... ခိုလှုံရေးစခန်းနားမှာ ရေကန်တူးပြီး ရေထဲက ငါးတွေဖမ်းထည့်ထားလိုက်တာပဲ"
"အဲဒါကလည်း အရေးပေါ် အခြေအနေအတွက် သက်သက်လုပ်ထားတာ... ပမာဏက သိပ်မကြီးဘူး"
"နောက်ထပ် မွေးမြူရေးစခန်းတစ်ခုကတော့ ယာဝေ တာဝန်ယူထားတာ... အဓိကက ကြက်နီ မွေးမြူရေးပေါ့"
လင်းယွမ်က ထိုစကားကိုကြားသော် အလျင်အမြန်ပင် "ကြက်နီ... အဲဒါ ဘာကောင်လဲ" ဟု မေးလိုက်သည်။
လီယွဲ့ကျင်းက ပြုံးလျက် "ကြက်နီဆိုတာ ထိုက်ယန်တောင်ဘက်က သန္ဓေပြောင်းသတ္တဝါတစ်မျိုးပါ... ဘယ်လို ရောက်လာလဲတော့ ကျွန်တော်တို့လည်း မသိဘူး... ဒီကြက်နီတွေက အမွေးတွေ တစ်ကိုယ်လုံး နီရဲနေပြီး မိုးဒဏ်ခံနိုင်တယ်... အနိမ့်ပိုင်းလောက်ပဲ ပျံနိုင်ပြီး အဝေးကြီးတော့ မရောက်နိုင်ဘူး"
"အဓိကက ပိုးကောင်တွေ ဟင်းရွက်စိမ်းတွေ စားတယ်... ကျွန်တော်တို့လည်း မတော်တဆ တွေ့ရာကနေ အကောင်နည်းနည်း ဖမ်းပြီး မွေးကြည့်တာ"
"ဒီလအနည်းငယ်အတွင်းမှာ ရလဒ်က တော်တော်ကောင်းတယ်... ကြက်နီက အသားထွက်နှုန်း မများပေမယ့် ဥအုနှုန်း မဆိုးဘူး... နှစ်လလောက်ဆိုရင်ပဲ ဈေးကွက်တင်လို့ ရပြီ... ကြီးထွားတာ အရမ်းမြန်တယ်"
"ဒါက ကျွန်တော်တို့ သိုင်းဘုရင်ဂေဟာရဲ့ အထူးထွက်ကုန်ပဲ... လကုန်တိုင်း ကိုးဝူမျှော်စင် ဈေးရောင်းပွဲတော်မှာ ကျွန်တော်တို့ရဲ့ ကြက်နီတွေက ရောင်းအားအကောင်းဆုံး ပစ္စည်းပဲ" ဟု ရှင်းပြသည်။
လင်းယွမ်က "ဒီကြက်နီမွေးမြူရေးမှာ သတိထားရမယ့်အချက်တွေ ရှိလား" ဟု စိတ်ဝင်တစား မေးလိုက်၏။
"မနည်းဘူးဗျ... ကြက်နီမွေးတာက သာမန်ကြက်မွေးတာနဲ့ သိပ်မကွာပေမယ့် ပိတ်လှောင်ထားတဲ့ ပတ်ဝန်းကျင် လိုအပ်တယ်... ဂူထဲမှာ မွေးတာ အကောင်းဆုံးပဲ... ဒါမှ မိုးဒဏ်လည်း ရှောင်နိုင်မယ်... ကြက်ဥကောက်ရတာလည်း လွယ်မယ်"
"နောက်ပြီး တခြား အသားစား သန္ဓေပြောင်းသတ္တဝါတွေရဲ့ ရန်ကနေလည်း ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့"
"ကြက်နီအချင်းချင်း တိုက်ခိုက်တာမျိုးကိုလည်း သတိထားရသေးတယ်... အသေးစိတ် အချက်အလက်တွေကတော့ အများကြီးပဲ"
"ကျွန်တော်တို့ စခန်းမှာ အရင်က ကြက်မွေးမြူရေး လုပ်ဖူးတဲ့သူတွေ ပါလာလို့ တော်သေးတယ်... ဒီကိစ္စကို သူတို့က ပိုနားလည်တယ်"
ထိုနေရာအထိ ပြောပြီးနောက် လီယွဲ့ကျင်းက "လင်းယွမ် အချိန်ရရင် ကျွန်တော်တို့ စခန်းကို လာလည်ပါလား" ဟု ဖိတ်ခေါ်လိုက်သည်။
"ခင်ဗျားတို့ဆီမှာ အသင့်တော်ဆုံးကတော့ မီးဝါးကြွက် မွေးတာပဲ"
"မီးဝါးကြွက်တွေက ဝါးတောကို မှီခိုပြီး ရှင်သန်ကြတာ... တစ်ခါမွေးရင် အကောင်ပေါက် ခုနစ်ကောင် ရှစ်ကောင်လောက် ပါတယ်... တစ်နှစ်ကို သုံးသားလောက် မွေးတတ်တယ်... သေချာလုပ်ရင် အဲဒါက စီမံကိန်းကောင်းတစ်ခုပဲ"
လင်းယွမ် ခေါင်းငြိမ့်ကာ "မွေးမြူရေးကလည်း ပညာရပ်ကြီးတစ်ခုပါပဲလား... နောက်မှ ကျွန်တော် လူခေါ်ပြီး ခင်ဗျားတို့ဆီ ပညာလာသင်ခိုင်းပါ့မယ်" ဟု ပြောလိုက်၏။
နှစ်ဖက်စလုံးက ခိုလှုံရေးစခန်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် အကြံဉာဏ်များကို ဖလှယ်ကြသည်။
သိုင်းဘုရင်ဂေဟာကဲ့သို့ အောင်မြင်ပြီးသား နမူနာတစ်ခု ရှိနေသဖြင့် လင်းယွမ်တို့အဖို့ လမ်းမှားရောက်မည့် အန္တရာယ်မှ များစွာ သက်သာသွားစေသည်။
အတွေ့အကြုံ မျှဝေပေးသည့်အတွက် တစ်ဖက်လူက အဖိုးအခ မတောင်းဆိုသော်လည်း အချိန်တန်လျှင် တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ရမည်ကို လင်းယွမ် ကောင်းစွာ နားလည်ထားပေသည်။
ခိုလှုံရေးစခန်း တည်ဆောက်မှုအကြောင်း ပြောပြီးနောက် လင်းယွမ်က အခြား ခိုလှုံရေးစခန်း နှစ်ခု၏ အခြေအနေကို စုံစမ်းလိုက်၏။
"အစ်ကိုမုန့်... တောင်ဘက်နဲ့ အနောက်ဘက်က စခန်းနှစ်ခုက အခြေအနေ ဘယ်လိုလဲ... သူတို့ကရော ခင်ဗျားလိုပဲ ဆက်ဆံရ လွယ်ကူရဲ့လား"
ဘေးနားတွင် ရေသောက်နေသော လီယွဲ့ကျင်းမှာ လင်းယွမ်က ဝူမုန့်ကို ဆက်ဆံရ လွယ်ကူသည်ဟု ချီးမွမ်းလိုက်သဖြင့် ရေပင် သီးမလို ဖြစ်သွားရသည်။
ဝူမုန့်ဆိုသည်မှာ လူတိုင်းနှင့် အဆင်ပြေပြေ စကားပြောတတ်သူ မဟုတ်ကြောင်း သူ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
လင်းယွမ်သာ ဝူမုန့်၏ စိန်ခေါ်မှုကို လက်မခံနိုင်ခဲ့ပါက ဝူမုန့်သည် သူ့အား စကားပင် လုပ်ပြောလိမ့်မည် မဟုတ်ချေ။
မီးဝါးတောကဲ့သို့ နေရာကောင်းတစ်ခုကိုလည်း သူ့အား ပေးမည် မဟုတ်ပေ။
ဝူမုန့်သည် လင်းယွမ်၏ စွမ်းရည်ကို အသိအမှတ် ပြုထားသောကြောင့်သာလျှင် လင်းယွမ်အနေဖြင့် လူတစ်စုကို ဦးဆောင်ကာ မီးဝါးတောကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်လက်ခံထားခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူတို့အချင်းချင်း တန်းတူရည်တူ ဆက်ဆံပြောဆိုနေခြင်း ဖြစ်၏။
ဝူမုန့်က သဘောကောင်းသည်ဟု ပြောလိုက်လျှင်တော့ အကြီးအကျယ် မှားသွားပေလိမ့်မည်။
ထူလုံနှင့် ဟုန်ဖူတို့လူစုက သိုင်းဘုရင်ဂေဟာလူများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ပြီး ရေကောက်ပစ္စည်း လုယူကြစဉ်က ဝူမုန့်တစ်ယောက် ဖုန်းဟွမ်ဘုရားကျောင်းအထိ တက်ပြီး သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့သည်ကို လီယွဲ့ကျင်း ယနေ့တိုင် မှတ်မိနေသေးသည်။
ဝူမုန့်က ပြုံးလိုက်ပြီး "အဲဒီနှစ်ယောက်ကတော့ ကျွန်တော့်လောက် စကားပြောရ လွယ်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"အနောက်ဘက်က လီယွဲ့ဖုန်း ကတော့ မိန်ဟိုင် (မိန်ပန်းပင်လယ်) ရှုခင်းသာနေရာကို သိမ်းပိုက်ထားတယ်... မူလ မိန်ဟိုင်ဥယျာဉ် ခြံစည်းရိုးတွေကို အကာအကွယ်ယူပြီး အဲဒီမှာ ခိုလှုံရေးစခန်း ဖွင့်ထားတာ... ကျွန်တော်တို့ကတော့ မိန်ဟိုင်ခိုလှုံရေးစခန်းလို့ပဲ ခေါ်ကြတယ်"
"လီယွဲ့ဖုန်းတို့ လူစုက စခန်းလေးခုထဲမှာ လူအနည်းဆုံးပဲ... လူဦးရေ တစ်ရာကျော်လောက်ပဲ ရှိတယ်... အင်း... ခင်ဗျားတို့နဲ့ မတိမ်းမယိမ်းလောက်ပါပဲ"
"သူက ချင်ယွီစံအိမ်လုံးချင်းအိမ်ရာဘက်ကနေ ထွက်ပြေးလာတာ... အစကတည်းက သူဌေးကြီးဆိုတော့ ဦးနှောက်သိပ်ပြေးတယ်... သူ ရထားတဲ့ အစွမ်းကလည်း အရမ်းကြမ်းတယ်... တောင်ပေါ်ကို ပထမဆုံး ထွက်ပြေးလာတဲ့ အသုတ်ထဲမှာ ပါတယ်။"
"အခု သူတို့ မိန်ဟိုင်ဥယျာဉ်ဘက်မှာ မီးတိမ်ယုန် မွေးမြူရေးအပြင် မိန်ဟွာဝက် မွေးမြူရေးပါ လုပ်ထားတယ်... မွေးမြူထားတဲ့ ပမာဏက မသေးဘူး... ကိုးဝူမျှော်စင် ဈေးရောင်းပွဲတော်တိုင်းမှာ သူတို့က မိန်ဟွာဝက် နှစ်ကောင်လောက် ယူလာပြီး အရောင်းအဝယ် လုပ်လေ့ရှိတယ်"
လင်းယွမ် မျက်မှောင်ကြုတ်လျက် "သူက အရမ်းတော်လား... သူ့အစွမ်းက ဘာလဲ" ဟု မေးလိုက်၏။
လီယွဲ့ကျင်းက "လီယွဲ့ဖုန်းကို လူတွေက ထိုက်ယန်တောင်ရဲ့ ပင်လယ်ဓားပြဘုရင်လို့ ခေါ်ကြတယ်... ဒီလူက လူငယ်ကြိုက် အာနီမဲ ဇာတ်လိုက်တစ်ယောက်လို အစွမ်းမျိုး ရထားတာ... ခန္ဓာကိုယ်က ရော်ဘာလိုပဲ ကျုံ့နိုင်ဆန့်နိုင်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တယ်... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အားလုံးနီးပါးကိုလည်း ခုခံနိုင်စွမ်းရှိတယ်" ဟု ဝင်ပြောသည်။
လင်းယွမ် အံ့အားသင့်သွားပြီး "ပင်လယ်ဓားပြဘုရင် လူဖီလား... ဒီလူက ရော်ဘာအစွမ်း ရထားတာလား"
"လုံးဝကြီး တူတာတော့ မဟုတ်ဘူး... အာနီမဲ ထဲကလောက် မစွမ်းပေမယ့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တော်တော်များများကိုတော့ လျစ်လျူရှုနိုင်တာ အမှန်ပဲ"
ထိုအချိန်တွင် ယွမ်ရွေ့က "လီယွဲ့ဖုန်းဆိုတဲ့ ခွေးကောင်ရဲ့ အစွမ်းက တော်တော် စိတ်ပျက်ဖို့ကောင်းတယ်... ဒါပေမဲ့ ကျွန်တော်နဲ့ကျတော့ ကွက်တိပဲ... သူ့ခန္ဓာကိုယ်က ဘယ်လောက်ပဲ ပုံစံပြောင်းနိုင်ပါစေ... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို မကြောက်ပါစေ... သူ့ကို မြေကြီးထဲ ဆွဲချလိုက်ရင်တော့ အသက်ရှူကျပ်ပြီး သေမှာပဲ" ဟု ဝင်ပြောလိုက်၏။
ဝူမုန့်က ရယ်မောကာ "အဲဒါက မင်း သူ့နားကပ်ခွင့်ရမှ ဖြစ်မှာလေ... သူက တစ်ယောက်ထဲမှ မဟုတ်တာ"
"ပြောရရင် သူ့အစွမ်းက ငါ့ကို တော်တော်လေး ဖိအားပေးနိုင်တယ်... ငါ့ခွန်အား ဘယ်လောက်ပဲ ကြီးကြီး သူ့ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်တယ်"
"ဒါကြောင့်လည်း ငါက ကြွက်သားပေါက်ကွဲအစွမ်းကို အသည်းအသန် လေ့ကျင့်နေရတာ... သွေးမီးတောက်တွေ ထွက်လာပြီး အပူချိန်မြင့်မြင့်နဲ့ လောင်ကျွမ်းနိုင်မှ သူ့ရဲ့ ရော်ဘာခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မှာ"
လင်းယွမ်မှာ အံ့ဩတကြီး နားထောင်ရင်း "ရော်ဘာခန္ဓာကိုယ်တဲ့လား... ဒီလို အစွမ်းမျိုးတောင် ရှိသေးတာကိုး" ဟု ရေရွတ်လိုက်မိသည်။
ဝူမုန့်က ဆက်လက်၍ "ဒါပေမဲ့ သူ့အစွမ်းက မင်းနဲ့ကျတော့ နည်းနည်း ရှုံးနိမ့်နိုင်ခြေ ရှိတယ်... မင်းရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်အစွမ်းက သူ့အတွက် တကယ့် ခြိမ်းခြောက်မှုကြီးပဲ"
"ဒါနဲ့ စကားမစပ်... ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တိုင်းရဲ့ စိတ်စွမ်းအင်က မင်းလိုပဲ ကြမ်းကြလား... အကုန်လုံး စိတ်စွမ်းအင်နဲ့ တိုက်ခိုက်နိုင်ကြတာလား"
လင်းယွမ်က ခေါင်းခါရင်း "အဲဒါတော့ ကျွန်တော်လည်း မသိဘူး... လောလောဆယ်တော့ ကျွန်တော်နဲ့ စွမ်းရည်တူတဲ့သူ မတွေ့သေးဘူး" ဟု ဖြေလိုက်၏။
ဝူမုန့်က ခေါင်းငြိမ့်ကာ "ဟုတ်တာပဲ... လူတိုင်းရဲ့ မျိုးရိုးဗီဇက မတူကြဘူးလေ... ရွေးချယ်မှုတွေလည်း ကွာခြားကြတယ်... နိုးထလာတဲ့ အစွမ်းတွေလည်း ကွာမှာ သေချာတယ်"
"အဲဒီအစွမ်းတွေက လူတစ်ယောက်ချင်းစီရဲ့ လက်ဗွေရာလိုပဲ... တစ်မူထူးခြားနေကြတာ"
"အမျိုးအစားတူ အစွမ်းဆိုရင်တောင် အသေးစိတ် အချက်အလက်တွေမှာ ကွာခြားမှု ရှိနိုင်တယ်"
လင်းယွမ်က သူ့အစွမ်းအကြောင်းကို အကြာကြီး ဆွေးနွေးမနေစေလိုသဖြင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး "ဒါနဲ့ သူတို့မွေးထားတဲ့ မီးတိမ်ယုန်နဲ့ မိန်ဟွာဝက်ဆိုတာ ဘာကောင်တွေလဲ... အဲဒီလို သန္ဓေပြောင်းသတ္တဝါမျိုး ကျွန်တော် တစ်ခါမှ မကြားဖူးဘူး" ဟု မေးလိုက်သည်။
ဝူမုန့်က "မီးတိမ်ယုန်ဆိုတာ တောယုန်တစ်မျိုးကနေ သန္ဓေပြောင်းလာတဲ့ အမျိုးအစားပဲ... အမွေးတွေက မီးနီရောင်တောက်နေပြီး ခြေသည်းလက်သည်းတွေက ထက်မြက်တယ်... ခုန်နိုင်စွမ်း ကောင်းလွန်းလို့ ဖမ်းရခက်တယ်"
"သူတို့ရဲ့ စိတ်ကလည်း အရမ်းကြမ်းပြီး ရန်လိုတတ်ကြတယ်... ဒါပေမဲ့ မီးတိမ်ယုန်က အသီးအရွက်စား သန္ဓေပြောင်းသတ္တဝါ ဖြစ်ပုံရတယ်"
"ပြီးတော့ တစ်ကောင်တည်းနဲ့တင် ရှီဘာအီနု ခွေးတစ်ကောင်စာလောက် ရှိတယ်... အသားထွက်နှုန်းများပြီး မီးမှုတ်ထုတ်နိုင်တယ်"
(ရှီဘာအီနု - Shiba Inu)
"ဒီမီးတိမ်ယုန်တွေကို လီယွဲ့ဖုန်း စခန်းက ရွှေတွင်းလို သဘောထားကြတာ... အကောင်လိုက် ဘယ်တော့မှ အပြင်ကို မရောင်းဘူး... ယုန်သားပဲ ရောင်းတယ်"
"မိန်ဟွာဝက် ကတော့ သန္ဓေပြောင်း တောဝက်တစ်မျိုးပဲ... အစုံစား သတ္တဝါပေါ့... ကိုယ်ပေါ်မှာ မက်မွန်ပွင့်ပုံ အစက်အပြောက်တွေ ပါလို့ နာမည်ကြီးတာ... အသားအရသာက မွှေးပြီး နူးညံ့တယ်... မိန်ဟိုင်ဥယျာဉ်နားမှာပဲ အနေများပြီး မက်မွန်ပန်းတွေ မက်မွန်သီးတွေ စားလေ့ရှိတယ်"
"ဒီ မိန်ဟွာဝက်ကလည်း အသားထွက်နှုန်း မနည်းဘူး... ပြီးတော့ စိတ်သဘောထား နူးညံ့ပြီး သတ္တိနည်းတယ်... အာရုံဦးဂေဟာက ထျန်ဝေတို့လည်း မွေးထားတယ်လို့ ကြားတယ်"
(မိန်ဟွာ ဆိုတာ မက်မွန်ပန်းကိုပြောတာပါ)
လင်းယွမ် နားထောင်ပြီးနောက် စဉ်းစားခန်း ဝင်သွားသည်။ ဤ သန္ဓေပြောင်းသတ္တဝါ နှစ်မျိုးစလုံးသည် တိုက်ခိုက်လိုစိတ် သိပ်မပြင်းထန်သဖြင့် အမှတ်များများစားစား ရနိုင်မည် မဟုတ်ပေ။
လီယွဲ့ကျင်းက "ငါတို့ ထင်တာကတော့ မီးတိမ်ယုန်နဲ့ မိန်ဟွာဝက်က အိမ်မွေးဝက်နဲ့ ယုန်တွေကနေ သန္ဓေပြောင်းလာတာ ဖြစ်လောက်တယ်... ဒါကြောင့် သန္ဓေပြောင်းလဲမှု အဆင့် သိပ်မမြင့်တာ" ဟု ဖြည့်စွက်ပြောကြားသည်။
လင်းယွမ် ခေါင်းငြိမ့်ကာ "အိမ်မွေးတိရစ္ဆာန်ကနေ သန္ဓေပြောင်းလာတာဆိုတော့ သူတို့ရဲ့ မူလဗီဇ ကျန်နေသေးပြီး မွေးမြူရ လွယ်တာ ဖြစ်မယ်"
"ဒါနဲ့ ခင်ဗျားတို့ ခုနကပြောတဲ့ အာရုံဦးဂေဟာ ဆိုတာက စတုတ္ထမြောက် ခိုလှုံရေးစခန်းလား"
ဝူမုန့်က ခေါင်းငြိမ့်ပြပြီး "ဟုတ်တယ်... အာရုံဦးဂေဟာဆိုတာ ထိုက်ယန်တောင် တောင်ဘက်က ခိုလှုံရေးစခန်းပဲ... ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်ကလူတွေ စုပေါင်းထားကြတာ... ခေါင်းဆောင်က ထျန်ဝေ တဲ့"
"ထျန်ဝေက စိတ်ကြီးတယ်... သူ့အစွမ်းက မီးအစွမ်း... သူ့စိတ်ကလည်း သူ့အစွမ်းကြောင့် ဒီလို ဖြစ်နေတာလားတော့ မသိဘူး"
"မီးအစွမ်းက အရမ်းကြမ်းတယ်... ပြီးတော့ ပေါက်ကွဲသင်္ကေတ ကျောက်တုံးလုပ်နည်းကိုပါ တတ်ထားတော့ ရွေ့လျား ယမ်းဘီလူးတိုင်ကြီးလို ဖြစ်နေတာ... ငါတို့ သူ့ကို သိပ်မဆက်ဆံချင်ကြဘူး"
"ထျန်ဝေက သတ္တုတွင်း ဝင်ပေါက်အဓိကနေရာကို သိမ်းပိုက်ထားတယ်... သတ္တုတွင်းကို လက်ဝါးကြီးအုပ်ထားပြီး စွမ်းအင်ကျောက်တုံး အများစုကို သူတို့ပဲ ထိန်းချုပ်ထားတာ"
"ဒီလူစုက ခိုလှုံရေးစခန်း လေးခုထဲမှာ လူအများဆုံးနဲ့ အစွမ်းပိုင်ရှင် အများဆုံး စခန်းပဲ"
"ထျန်ဝေက အခု သူ့စခန်းမှာ ဧကရာဇ်ဘုရင်တစ်ပါးလို မင်းမူနေတယ်လို့ ကြားတယ်... သူက သတ္တုတွင်းထဲမှာ ဂူတွေအများကြီးတူးပြီး ခိုလှုံရေးစခန်း လုပ်ထားတာ"
"သာမန်လူတွေကို ကျွန်ပြုပြီး စွမ်းအင်ကျောက်တုံးတွေ တူးခိုင်းတယ်... စားစရာ သောက်စရာတွေ ရှာခိုင်းတယ်"
"သူ့စခန်းကနေ ထွက်ပြေးလာတဲ့ လူတချို့ကို ငါတို့ ကယ်ခဲ့ဖူးတယ်... အဲဒီလူတွေ ပြောပြလို့ ဟိုဘက်အခြေအနေ တချို့ကို သိရတာ"
ဝူမုန့်က ထျန်ဝေအကြောင်း ပြောရင်း မျက်နှာထား တင်းမာသွားပြီး လေသံက အေးစက်သွား၏။
ထျန်ဝေကဲ့သို့သော လူစားမျိုး၏ လုပ်ရပ်များသည် လူတိုင်းနှင့် စည်းလုံးညီညွတ်စွာ နေလိုသော ဝူမုန့်၏ ခံယူချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ထျန်ဝေသည် လျှိုအားလုံကဲ့သို့ ကိုယ်ကျိုးကြည့်ပြီး ဥပဒေမဲ့သည့် လူတန်းစားမျိုး ဖြစ်သည်။
"အစ်ကိုမုန့်... အဲဒီလိုလူမျိုးကို နှိမ်နင်းမယ့်သူ မရှိဘူးလား" ဟု လင်းယွမ်က မေးလိုက်သည်။
သူ့စကား၏ ဆိုလိုရင်းမှာ ဝူမုန့်အနေဖြင့် ထိုလူကို အဘယ်ကြောင့် မရှင်းပစ်သနည်းဟု မေးလိုက်ခြင်းပင် ဖြစ်သည်။
ဝူမုန့်က ခေါင်းခါရင်း "ကိုင်တွယ်ရ ခက်တယ်ဗျ... သူ့အစွမ်းက မီးအစွမ်း... ငါ့ရဲ့ ကြွက်သားပြန်လည်ကြီးထွားခြင်းအစွမ်းက ပြန်လည်ကောင်းမွန်တာ မြန်ပေမယ့် သူ့ရဲ့ မီးအစွမ်းရယ် ပေါက်ကွဲကျောက်တုံး တွေရယ် ပေါင်းလိုက်ရင် ငါ ချက်ချင်း သေသွားနိုင်တယ်"
"ငါ့အစွမ်းနဲ့တောင် ဒဏ်ရာကို ပြန်ကုစားဖို့ အချိန်မီမှာ မဟုတ်ဘူး"
"နောက်ပြီး သူက အောက်လမ်းနည်းသုံးပြီး သိုင်းဘုရင်ဂေဟာကို ခိုးဝင်ပြီး ဖောက်ခွဲလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး"
"ဒါကြောင့် သူ့ကို သတ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ချက် မရှိသရွေ့တော့ ဘယ်သူကမှ ဒီအရူးကောင်ကို သွားပြီး ရန်မစရဲကြဘူး"
လင်းယွမ် သဘောပေါက်သွားသည်။ ကြွက်သေတစ်ခု မီးစတစ်ခု ဖြစ်မှာကို စိုးရိမ်ကြခြင်း ဖြစ်သည်။
ဝူမုန့်ရော အခြား ခိုလှုံရေးစခန်း ခေါင်းဆောင်များပါ တစ်ဖက်လူက ဖြစ်ချင်ရာဖြစ် တိုက်ခိုက်လာမည်ကို စိုးရိမ်ကြသည်။
မည်သူမျှ မလိုအပ်ဘဲ စွန့်စားလိုကြမည် မဟုတ်ပေ။
လင်းယွမ် မတတ်နိုင်ဘဲ သက်ပြင်းချမိလိုက်၏။ အစွမ်းပိုင်ရှင်များက မည်မျှပင် စွမ်းပကားကြီးပါစေ အပေးအယူ အလျော့အတင်း လုပ်တတ်ရန်နှင့် အများအကျိုးကို ငဲ့ကွက်ရန် လိုအပ်ကြောင်း သိလိုက်ရသည်။
ဝူမုန့်ကဲ့သို့ စွမ်းအားကြီးသူပင်လျှင် သူ့လက်အောက်ရှိ ခိုလှုံရေးစခန်းအတွက် ထည့်သွင်းစဉ်းစားနေရသည်။
သူ့စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များ ပိုမို ကြီးထွားလာသည်။
"ငါ့မှာ သီးသန့် ထုတ်ကုန် အထောက်အပံ့ မရှိတဲ့အပြင်... ပြိုင်ဘက်ကို အပြတ်အသတ် နှိမ်နင်းနိုင်တဲ့ အစွမ်းလည်း မရှိသေးဘူး"
"ဒါကြောင့် ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံနဲ့ ဟုန်ဖူတို့က ငါ့ကို အကြံအစည်နဲ့ ချဉ်းကပ်ရဲကြတာ"
"ငါသာ တစ်ယောက်တည်းနဲ့ ထူလုံတို့ကို အပြတ် နှိမ်နင်းနိုင်ရင်... သူတို့က မီးဝါးတောကို အကြောင်းပြပြီး ငါ့ကို ကစားရဲပါ့မလား"
"မဖြစ်ဘူး... ငါ့စွမ်းရည်ကို အမြန်ဆုံး မြှင့်တင်ရမယ်... စခန်းကြီးလေးခုက လူအကုန်လုံးကို အပြတ်အသတ် နှိမ်နင်းနိုင်တဲ့အထိ မြှင့်တင်ရမယ်"
"အဲဒီကျမှ ထိုက်ယန်တောင် တစ်ခုလုံးကို စုစည်းပြီး စွမ်းရည်ကို ပိုမြှင့်တင်နိုင်မှာ... ကိုယ့်နေရာကိုယ်ခိုင်အောင်လုပ်ပြီး ဒီမိုးကြီး ပြီးသွားတဲ့အထိ စောင့်နိုင်မှာ"
လင်းယွမ်၏ အတွေးများ ရှင်းလင်းသွားသည်။ လောလောဆယ် အရေးကြီးဆုံးမှာ အသာလေး ငြိမ်နေပြီး အမှတ်များ စုဆောင်းကာ ကံစမ်းမဲ အသည်းအသန် နှိုက်ရန် ဖြစ်သည်။
သူ၏ အရည်အသွေး ကဏ္ဍစုံကို အမြန်ဆုံး မြှင့်တင်ရမည်။
ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စွမ်းရည်အသစ်များကို မဲပေါက်ရန် လိုအပ်သည်။
အထူးသဖြင့် တိုက်ခိုက်နိုင်စွမ်း မြင့်မားသော သိုင်းပညာများကို ရရှိရန် လိုအပ်သည်။
"အချိန်... ငါ အချိန်လိုအပ်တယ်"
"ငါ့ကိုသာ အချိန်လုံလုံလောက်လောက် ပေးမယ်ဆိုရင်... ထိုက်ယန်တောင်ရဲ့ အသန်မာဆုံးလူ ဖြစ်လာမှာပဲ"
လင်းယွမ် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ထိုအချိန်တွင် ရန်မေက ဝူချင်းတို့နှင့်အတူ ငါးကင် ပြင်ဆင်ပြီးသွားလေပြီ။
"မောင်လေး... ငါးကင် ရပြီ... အားလုံး ထမင်းစားလို့ ရပြီနော်"
လင်းယွမ်လည်း ထရပ်လိုက်ပြီး "အစ်ကိုမုန့်... ဆရာလီ... အားလုံးပဲ ထမင်းစားရအောင်ဗျာ" ဟု ဖိတ်ခေါ်လိုက်သည်။
ဝူမုန့်နှင့် လီယွဲ့ကျင်းတို့လည်း နေရာမှထကာ ဂူအပြင်ဘက်ရှိ ဝါးအဆောက်အအုံဆီသို့ လျှောက်သွားကြ၏။
ဂူအပြင်သို့ ရောက်သည်နှင့် ချဉ်စပ်စပ် မွှေးကြိုင်သော အနံ့တစ်မျိုး ပျံ့လွင့်လာသည်။
ချက်ချင်းပင် သိုင်းဘုရင်ဂေဟာမှ လူအားလုံး မျက်လုံးပြူးသွားကြပြီး တံတွေးများ အဆက်မပြတ် မျိုချမိကြသည်။
ဝါးအဆောက်အအုံထဲတွင် စားပွဲဝိုင်း အများအပြား ခင်းကျင်းထားပြီး စားပွဲတိုင်းတွင် ငါးကင်ဗန်းတစ်ဗန်းစီ တင်ထားသည်ကို တွေ့လိုက်ရသည်။
သူတို့ စိတ်ကူးထဲကအတိုင်း မီးဖြင့် ရိုးရိုးကင်ထားသော ငါးကင်မျိုးနှင့် လုံးဝ မတူပေ။
ဒါက ရေကြီးမှု မဖြစ်ခင်တုန်းက စားသောက်ဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ စစ်ချွမ်းငါးကင် ပါလား။
ငါးများကို ရွှေဝါရောင်သန်းသည်အထိ ကင်ထားပြီး မွှမွှလေးဖြစ်အောင် ဓားရာမွမ်းကာ ထောင့်မှန်စတုဂံပုံ သံဗန်းထဲတွင် ထည့်ထားသည်။
ငါးကင်၏ ဘေးပတ်လည်တွင် ဟင်းရွက်များ၊ ပဲပင်ပေါက်များ၊ ပဲပြားခြောက်များနှင့် အာလူးခွံနွှာထားသည်များကို တွေ့ရသည်။
ငရုတ်သီးဆီနီနီကို ငါးကင်ပေါ်သို့ လောင်းချထားသဖြင့် လတ်ဆတ်သော အစပ်အဟပ် အနံ့များက ဝါးအဆောက်အအုံ တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။
ဟင်းရည်ထဲတွင် ငရုတ်ကောင်းစေ့ အနီအစိမ်းများ မျောပါနေပြီး မီးသွေးခဲ၏ အပူရှိန်ကြောင့် ဟင်းရည်အနီများ ပွက်ပွက်ဆူကာ အငွေ့တထောင်းထောင်း ထနေ၏။
"ဟာ... ဒါ... ဒါက စစ်ချွမ်းငါးကင် မလား"
"လင်းယွမ်... ခင်ဗျားဆီမှာ ဘယ်လိုလုပ်ပြီး ဒီလောက် ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ရှိနေရတာလဲ"
"ဘုရားရေ... ခင်ဗျားတို့ ငရုတ်ကောင်းစေ့တွေ ဘယ်က ရတာလဲ... ကျွန်တော် ငရုတ်ကောင်းစေ့နဲ့ ချက်တဲ့ငါးဆို အရမ်းကြိုက်တာဗျ"
"လင်းယွမ်... ခင်ဗျားက ဒါကို ငါးကင်လို့ ခေါ်တာလားဗျာ"
ဝူမုန့်လည်း ကြောင်အသွားသည်။ ထိုအမွှေးအကြိုင်များက သူ့ခံတွင်းကို လှုံ့ဆော်လိုက်သဖြင့် ပါးစပ်ထဲတွင် သွားရည်များ ပြည့်လျှံလာ၏။
သူ့စိတ်ဓာတ် မည်မျှပင် ကြံ့ခိုင်ပါစေ တံတွေး မျိုချမိသည်ကိုတော့ မထိန်းနိုင်ပေ။ သူက လင်းယွမ်ဘက် လှည့်ကာ "လင်းယွမ်... မင်းဟာက... ခမ်းနားလွန်းမနေဘူးလားကွာ" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးလျက် "ဒါတွေက သန္ဓေပြောင်းငါးတွေပါ... ရေကြီးတဲ့အထဲက ဖမ်းလာတာလေ... ဘာများ ခမ်းနားစရာ ရှိလို့လဲ... ထိုင်ကြ... အားလုံးပဲ ထိုင်ကြပါ" ဟု ပြောလိုက်သည်။
သူက လူများကို နေရာချပေးလိုက်သည်။ ရန်ဆန်းမင်တို့မှာ လင်းယွမ်ဆီမှ အစားကောင်းများကို စားနေကျ ဖြစ်သော်လည်း တံတွေးမြိုချကာ နေရာအသီးသီး ယူလိုက်ကြ၏။
ယွဲ့ယာဝေ၊ ကောကျဲ၊ ပိုင်ကျစ်လဲ့ အစရှိသော မိန်းကလေးများမှာမူ အမူအရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နေရာကောင်းတစ်နေရာကို ချက်ချင်း ဦးလိုက်ကြသည်။ မိန်းကလေးများမှာ တံတွေးများ အဆက်မပြတ် မျိုချနေကြရသည်။
ယွဲ့ယာဝေက "အစ်ကိုလင်းရယ်... နောက်မနေပါနဲ့... အစ်ကိုမုန့် ပြောတာက ငါးကို ပြောတာမဟုတ်ဘူး... ဒီအဆာပလာတွေကို ပြောနေတာရှင့်.. ဒီထဲက ဟင်းရွက်တွေကို ထားလိုက်ဦး... ဒီ ငရုတ်ကောင်းစေ့တွေ၊ ငရုတ်သီးတွေ၊ ငရုတ်သီးဆီတွေ... အမယ်လေး... သွားရည်တောင် ကျတယ်... အစ်ကိုက ဒီပစ္စည်းတွေ ဘယ်က ရှာတွေ့တာလဲ" ဟု အသံကျယ်ကြီးဖြင့် မေးလိုက်သည်။
"ဟုတ်တယ် အစ်ကိုလင်း... အစ်ကို မသိလို့ပါ... ကျွန်မ ငရုတ်သီး မစားရတာ ဘယ်လောက်ကြာပြီလဲ မသိဘူး... ကျွန်မက စီချွမ်သူပါရှင်... မွှေးလွန်းလို့ သေတော့မယ်" ကောကျဲ တစ်ယောက် အစားမက်လွန်း၍ စီချွမ်လေသံပင် ထွက်လာသည်။
ပိုင်ကျစ်လဲ့ဆိုလျှင် သွားရည်ကျမည် စိုးသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားရပြီး "အစ်ကိုလင်း... စားပြီးရင် ဒီဟင်းရည်ကို ကျွန်မ ပါဆယ်ထုပ်လို့ ရမလားဟင်... ပြန်ရောက်ရင် ခေါက်ဆွဲပြုတ်စားချင်လို့... အရမ်း မွှေးလွန်းလို့ပါ" ဟု လှမ်းအော်လိုက်သည်။
လင်းယွမ်မှာ သူတို့ပုံစံကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ "ဒါတွေက အသင့်စား ဟင်းပွဲတွေပါ... ထိုက်ယန်တောင်ကို မလာခင်တုန်းက စားသောက်ဆိုင်တွေထဲကနေ အသင့်စား ဟင်းခတ်အမွှေးအကြိုင်ထုပ်တွေ ရှာတွေ့ခဲ့တာ"
"အဲဒီတုန်းက စားစရာတွေကို တခြားလူတွေ ယူသွားကြတယ်... ဒီ ဟင်းခတ်အမွှေးအကြိုင်ထုပ်တွေပဲ ကျန်ခဲ့တာ"
"ဟင်းရွက်တွေကတော့ တကယ် ရှားပါးသွားပြီ... ကျွန်တော်တို့ဆီမှာလည်း သိပ်မကျန်တော့ဘူး"
လီယွဲ့ကျင်းက နှမြောတသ ဖြစ်နေသော မျက်နှာဖြင့် "လင်းယွမ်... ဒီ ငရုတ်ကောင်းစေ့တွေက အသင့်စားထုပ်ထဲက မဟုတ်ဘူးမလား... ဒါတွေက မျိုးစေ့လုပ်ပြီး စိုက်လို့ရတယ်လေ... ပျိုးထောင်ကြည့်ရင် ဖြစ်ချင်ဖြစ်လာမှာ" ဟု ဝင်ပြောသည်။
လင်းယွမ်က ရယ်မောကာ "ငရုတ်ကောင်းစေ့ ရှိပါသေးတယ်... နောက်မှ ခင်ဗျားတို့ကို မျိုးစေ့လုပ်ဖို့ လက်ဆောင်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူက ဆက်လက်၍ "တကယ်တော့ ထိုက်ယန်တောင်ပေါ်မှာ တောငရုတ်ကောင်းပင်တွေ ရှိတယ်... ရေမကြီးခင်တုန်းက ကျွန်တော် ဒီကို အလည်လာတုန်းက တောင်ပေါ်လမ်းမှာ တွေ့ဖူးတယ်... အခု အဲဒီအပင်တွေ ဘယ်လိုနေမလဲတော့ မသိဘူး... အရင်နေရာမှာ ရှိနေဦးမလားပဲ"
"အခွင့်အရေးရရင် သွားကြည့်ဦးမှပါ" ဟု ပြောလိုက်သည်။
ဝူမုန့် စိတ်ဝင်စားသွားပြီး "လင်းယွမ်... တောင်ပေါ် တောနက်ထဲကိုတော့ တစ်ယောက်တည်း မသွားနဲ့နော်... အဲဒီထဲက သန္ဓေပြောင်းသတ္တဝါတချို့က ဆင့်ကဲပြောင်းလဲတာ အရမ်းမြန်တယ်... သတိထားမှ ရမယ်... တကယ် သွားချင်တယ်ဆိုရင် လူများများ ခေါ်သွား" ဟု သတိပေးလိုက်သည်။
လင်းယွမ်က ပြုံး၍ ခေါင်းငြိမ့် လက်ခံလိုက်ပြီးနောက် "ကဲ... အားလုံးပဲ... ငါးစားကြရအောင်... စကားပဲ ပြောမနေကြနဲ့... လာကြ လာကြ... စားကြမယ်" ဟု တိုက်တွန်းလိုက်သည်။
စကားဆုံးသည်နှင့် အလိမ္မာဆုံး မိန်းကလေးဖြစ်သည့် ပိုင်ကျစ်လဲ့က ပန်းကန်နှင့် တူကို မြှောက်ကာ "ညီမ စားတော့မယ်နော်" ဟု အော်ဟစ်လိုက်လေသည်။
ကျန်လူများမှာ စကားပင် မပြောနိုင်တော့ဘဲ တူကိုယ်စီဖြင့် အလုအယက် စားသောက်ကြတော့သည်။ အနည်းငယ် နောက်ကျသွားလျှင် လွတ်သွားမည်ကို စိုးရိမ်နေကြသည့်အလားပင်။
ဆက်ရန်...