← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 11 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 11 Ch. 213-214

အပိုင်း(၂၁၃) အဖွဲ့အသီးသီး၏ တုံ့ပြန်မှုများ

ဖုန်းဟွမ်ဘုရားကျောင်းဘက်ခြမ်းတွင် ဟုန်ဖူက လက်ဖက်ရည်သောက်နေပြီး သူ၏အောက်ဘက်တွင် ကျိဖုန်း မတ်တတ်ရပ်နေသည်။

ဤလူသည် ယခင်က ပေါက်ကွဲမြှား မှတ်စုစာအုပ်ကို သွားရောက်ပို့ဆောင်ခဲ့သည့် အလျင်အစွမ်းသုံးယောက်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သည်။

ကျိဖုန်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်လည်ပြောပြလိုက်သောအခါ ဟုန်ဖူက ဟားတိုက်၍ ရယ်မောလိုက်လေသည်။

"ကြည့်ရတာ ဒီကောင်လေးက... စစ်တပ်ရေဒီယိုအသံလွှင့်ချက်ထဲမှာ သင်္ကေတနည်းပညာ သုံးမျိုးအကြောင်း ထပ်ခါတလဲလဲ ကြေညာနေတယ်ဆိုတာ မသိသေးဘူးပဲ... ငတုံးလေး... ဟားဟားဟား"

ကျိဖုန်းက မနေနိုင်တော့ဘဲ မော့ကြည့်ကာ မေးလိုက်သည်။ "ဥက္ကဌဟုန်... သူတို့က ရေဒီယိုအသံလွှင့်ချက်ကို နောက်ကျရင် ကြားရမှာပဲ... အဲဒီကျရင် အမှန်တရားကို သိသွားပြီး... ဟို လင်းယွမ် ဆိုတဲ့လူက ပြဿနာလာမရှာနိုင်ဘူးလား"

ဟုန်ဖူက ချက်ချင်းပင် ရယ်မောလိုက်ပြီး "ပြဿနာလာရှာမယ်... အဲဒါက သူ့မှာ အခွင့်အရေးရှိဦးမှလေ... သူတို့က မီးဝါးတောကို သိမ်းပိုက်ထားပြီးတော့... ငါတို့ကို ပြဿနာလာရှာဖို့ အချိန်ရဦးမယ်များ မင်းထင်နေလား"

"မီးဝါးတောကို ဝူမုန့်က သူ့ပစ္စည်းလို သတ်မှတ်ထားတာ ကြာလှပြီ... မီးဝါးတော ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ငါတို့နဲ့ လာဆွေးနွေးဖို့ လူလွှတ်တာ တစ်ကြိမ်မကတော့ဘူး... အခု ဒီနေရာကို တခြားလူက ဦးအောင်သိမ်းပိုက်သွားတာကို... သူ သည်းခံနေမယ်များ ထင်လား"

"လင်းယွမ် နဲ့ ဝူမုန့်တို့ သေချာပေါက် တိုက်ပွဲဖြစ်ကြလိမ့်မယ်... အဲဒီအချိန်ကျရင် ဒီကောင် အသက်ရှင်ပါ့မလားဆိုတာတောင် ပြောရခက်တယ်"

"ထားပါတော့ကွာ... သူ အသက်ရှင်တယ်ပဲထား... မကြာခင် ရောက်လာတော့မယ့် ပင်လယ်ရေဒီရေလှိုင်းကိုရော... သူ ရင်ဆိုင်နိုင်ပါဦးမလား"

"ဟက်... ချာတိတ်လေးပါ... နုပါသေးတယ်ကွာ"

ဟုန်ဖူက ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ခေါင်းကို ခပ်ဖွဖွယမ်းကာ လက်ဖက်ရည်ခွက်မှ အငွေ့ကို မှုတ်ထုတ်ရင်း တစ်ငုံသောက်လိုက်သည်။

ကျိဖုန်းက ဘာမျှဆက်မပြောတော့ဘဲ ဟုန်ဖူ၏ စကားကိုသာ စောင့်ဆိုင်းနေလိုက်သည်။

ဟုန်ဖူက လက်ဖက်ရည်သောက်ပြီးနောက် ပြောလိုက်သည်။ "ဒီရက်ပိုင်း... မင်းတို့ မီးသတ်ရေလှောင်ကန်ဘက်ကို သေချာစောင့်ကြည့်နေ... လင်းယွမ် နဲ့ သိုင်းဘုရင်ဂေဟာက လူတွေ စတင်တိုက်ခိုက်ကြပြီဆိုတာနဲ့... ချက်ချင်း လာသတင်းပို့"

"ဟုတ်ကဲ့ပါ"

ကျိဖုန်းက လင်းယွမ်၏ လေပြည်ညင်းသဖွယ် နွေးထွေးသော ဆက်ဆံပုံကို ပြန်လည်အမှတ်ရမိပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တစ်ဖက်လူအတွက် နှမြောတသ ဖြစ်ရုံမှတစ်ပါး သူ ဘာမှမတတ်နိုင်ပေ။

သို့သော် သူ၏စကားသံ မဆုံးသေးမီမှာပင် တံခါးပေါက်ဝမှ အလျင်စလို ခြေသံများကို ကြားလိုက်ရသည်။

ထို့နောက် သူ၏ညီအစ်ကိုဖြစ်သူ ဝမ်ရှောင်က ကပျာကယာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

သူ၏မျက်နှာထားမှာ စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေပြီး တံခါးဝသို့ ဝင်ဝင်ချင်း အော်ပြောလိုက်လေသည်။ "ဥက္ကဌဟုန်... အစ်ကိုဖုန်း... ချနေကြပြီ... အဲဒီလူစုနဲ့ သိုင်းဘုရင်ဂေဟာက လူတွေ ချနေကြပြီ"

"ဒေါင်"

ဟုန်ဖူက ရုတ်တရက် မတ်တတ်ထရပ်လိုက်ရာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်ထဲမှ ခွက်ကိုပင် မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားလေသည်။

သူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "တကယ်လား... မင်း ကိုယ်တိုင် မြင်ခဲ့တာလား"

ကျိဖုန်းကလည်း ဝမ်ရှောင်ကို အလောတကြီး လှမ်းကြည့်ပြီး မေးလိုက်သည်။ "ဒီလောက် မြန်လား... ဝူမုန့် ရောက်လာပြီလား"

ဝမ်ရှောင်က ခေါင်းညိတ်ပြလိုက်ပြီး "ရောက်လာပြီ... ဝူမုန့် ကိုယ်တိုင် လူတွေခေါ်ပြီး ရောက်လာတာ... လီအဘိုးကြီးလည်း ပါတယ်... ဝါးတောထဲမှာ ရောက်နေကြပြီ"

"ကျွန်တော် ပြန်ပြေးလာတဲ့အချိန်မှာ... မြေလျှိုးအစွမ်းသုံးတဲ့ ယွမ်ရွေ့ ရယ်... ကြေးနီလူသား ချန်ကျန့်ဖုန်း ရယ်က စတင်တိုက်ခိုက်နေကြပြီ"

"လင်းယွမ် လက်အောက်က ရေခဲအစွမ်းပိုင်ရှင်ရယ်... နောက်ပြီး လေဖိအားအမြောက်လက်သီး သုံးတဲ့ အမျိုးသမီး အစွမ်းပိုင်ရှင်ရယ်ကို ဝိုင်းထားကြပြီ"

"တိုက်ပွဲအခြေအနေ လွတ်သွားမှာစိုးလို့... ဟန်ပန်း ကို အဲဒီမှာ စောင့်ကြည့်ခိုင်းထားခဲ့ပြီး... ကျွန်တော် ခင်ဗျားတို့ကို အမြန်လာသတင်းပို့တာ"

"ကောင်းတယ်... မင်း လုပ်တာ သိပ်ကောင်းတယ်"

ဟုန်ဖူက လက်ခုပ်တီးလိုက်ပြီး မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာသွားလေသည်။ သူက အခန်းထဲမှ ချက်ချင်းထွက်လိုက်ပြီး ဘုရားကျောင်းအပြင်ဘက်ရှိ အစွမ်းပိုင်ရှင်များကို လှမ်းအော်လိုက်သည်။ "လူတွေ အကုန်လုံးကို သတင်းပို့လိုက်... ဒီတစ်ခါ လှုပ်ရှားမှုကြီး ရှိမယ်လို့"

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် အပြင်ဘက်မှလူများ အသီးသီး ပြေးဝင်လာကြသည်။

ဖုန်းဟွမ်ဘုရားကျောင်းရှိ အစွမ်းပိုင်ရှင်များအားလုံး စုံညီရောက်ရှိလာသော်လည်း ထူလုံ တစ်ယောက်သာ ပျောက်နေသည်။

ဟုန်ဖူက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "ညီနောင်တို့... အခွင့်အရေး ရောက်လာပြီ"

"ဥက္ကဌဟုန်... ဘာအခွင့်အရေးလဲ"

"ဥက္ကဌဟုန်... ဘာဖြစ်လို့လဲ... ဘာလို့ လူတွေအကုန် ခေါ်လိုက်တာလဲ"

"ဥက္ကဌဟုန်... သားကောင်အကြီးစားတွေများ တွေ့ထားလို့လား"

လူအုပ်ကြီးက ဖုန်းဟွမ်ဘုရားကျောင်းအတွင်း စုရုံးကာ တရုန်းရုန်းဖြင့် မေးမြန်းနေကြသည်။ တစ်ယောက်ချင်းစီ၏ မျက်နှာထားများမှာ စိတ်လှုပ်ရှား တက်ကြွနေကြသည်။

ယခင်က ဥက္ကဌဟုန် လူစုပြီဆိုလျှင် အလုပ်ကြီးအကိုင်ကြီး လုပ်စရာရှိမှသာ ဖြစ်သည်။

သန္ဓေပြောင်း သစ်သီးများ တွေ့ရှိခြင်းသော်လည်းကောင်း၊ သန္ဓေပြောင်း သားရဲကြီးများကို သတ်ဖြတ်ရန်သော်လည်းကောင်း ဖြစ်လေ့ရှိသည်။

ဒီကိစ္စတွေက အလကား လုပ်ပေးရတာ မဟုတ်ပေ။ အောင်မြင်သွားရင် ဆုလာဘ်တွေ ကိုယ်စီရကြသည်။

ယခုဆိုလျှင် ပင်လယ်ရေဒီရေလှိုင်း ရောက်လာတော့မည်ဖြစ်ရာ ဤအစွမ်းပိုင်ရှင်များ၏ လက်ထဲတွင်လည်း စားနပ်ရိက္ခာ အနည်းငယ် စုဆောင်းထားရန် လိုအပ်နေသည်။

ထို့ကြောင့် ဒီရေမတက်လာမီ စားစရာသောက်စရာ ပိုမိုရရှိရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

ဟုန်ဖူက လက်ကာပြလိုက်ပြီး လူအုပ်ကြီးကို ငြိမ်သက်စေလိုက်သည်။

ထို့နောက် သူက အပြုံးတစ်ခုနှင့်အတူ မေးလိုက်သည်။ "ညီနောင်တို့... လင်းယွမ် ဆိုတဲ့ လူတစ်စုကို မှတ်မိကြသေးလား"

လူအုပ်ထဲမှ တစ်ယောက်က ချက်ချင်း ထအော်လေသည်။

"မှတ်မိတာပေါ့... အဲဒီခွေးမသားက ညီလေး ဆုန်ယိ ကို ရိုက်သတ်သွားတာလေ"

"တောက်... ဒီခွေးကောင်တွေ... ငါ့ညီလည်း သူတို့လက်ချက်နဲ့ သေခဲ့ရတာ"

"သောက်ကျိုးနည်း... ဒီလူစု ထပ်ရောက်လာပြန်ပြီလား"

"ဥက္ကဌဟုန်... သူတို့ ဘယ်မှာလဲ... ပြဿနာ လာရှာပြန်ပြီလား... ကျုပ် သူတို့နဲ့ အသေချမယ်"

......

ဤလူအုပ်ထဲမှ အများစုမှာ လင်းယွမ်တို့နှင့် တိုက်ခိုက်ဖူးကြသူများဖြစ်ပြီး ထိုစဉ်က လေးမြှားအဖွဲ့ တိုက်ခိုက်မှုအတွင်း မိသားစုဝင်များ သေဆုံးခဲ့ရသူ မနည်းပေ။

ထို့ကြောင့် သူတို့သည် လင်းယွမ်တို့လူစုကို အရိုးထဲစွဲအောင် မုန်းတီးကြသည်။

ဟုန်ဖူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

"အရင်တုန်းက ဒီလူစုက ထိုက်ယန်တောင်ပေါ်မှာ နေချင်တယ်လို့ စိတ်ကူးယဉ်ခဲ့ကြတယ်... ဟက်... ဒီတောင်ပေါ်က သူတို့နေလို့ရမယ့်နေရာမျိုး ဟုတ်မဟုတ်လည်း ပြန်မကြည့်ကြဘူး"

"ငါ အခုလေးတင် သတင်းရတယ်... ဒီငတုံးတွေ... မီးဝါးတောမှာ သိုင်းဘုရင်ဂေဟာက လူတွေနဲ့ တိုက်ပွဲဖြစ်နေကြပြီတဲ့"

"အခု လူအကုန်လုံး ငါနဲ့လိုက်ခဲ့ကြ... ငါတို့ မီးဝါးတောဘက်ကို သွားကြည့်ကြမယ်"

"တကယ်လို့ ဒီ အပြင်က လာတဲ့လူစုကို အခွင့်ကောင်းယူပြီး သတ်ပစ်နိုင်မယ်... ပြီးတော့ သိုင်းဘုရင်ဂေဟာကိုပါ တစ်လက်စတည်း ထိုးနှက်နိုင်မယ်ဆိုရင်... မင်းတို့ အကြီးအကျယ် အောင်ပွဲခံပြီပဲ... ထူလုံ ပြန်လာတဲ့အခါကျရင် သေချာပေါက် ဆုကြီးကြီးချီးမြှင့်လိမ့်မယ်"

ဟုန်ဖူ၏ အမိန့်ပေးသံအဆုံးတွင် အစွမ်းပိုင်ရှင်အများအပြားမှာ စိတ်အားထက်သန်သွားကြပြီး လက်သီးလက်မောင်းတန်းကာ အသင့်ဖြစ်နေကြတော့သည်။

ထို့နောက် လူအုပ်ကြီးသည် ဟုန်ဖူ၏ နောက်မှလိုက်ပါကာ သည်းထန်စွာရွာသွန်းနေသော မိုးရေထဲတွင် မီးဝါးတော ရှိရာဘက်သို့ ဝုန်းဒိုင်းကြဲ ပြေးလွှားထွက်ခွာသွားကြလေသည်။

သို့သော် မီးဝါးတောသို့ မရောက်မီမှာပင် ပြန်ပြေးလာသော ဟန်ပန်း နှင့် လမ်းတွင် ပက်ပင်းတိုးလေတော့သည်။

ကျိဖုန်းနှင့် ဝမ်ရှောင်တို့သည် ဟန်ပန်းကို မြင်လိုက်ရသော် အံ့သြသွားကြပြီး သူ့ကို ဟုန်ဖူ ရှေ့သို့ အလျင်အမြန် ခေါ်ဆောင်လာကြသည်။

"ဟန်ပန်း... မင်း ဘာလို့ ပြန်ရောက်လာတာလဲ... မီးဝါးတော ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ"

ဟုန်ဖူက ဟန်ပန်းကို မြင်လိုက်သည်နှင့် စိတ်ထဲတွင် လေးလံသွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။

ဟန်ပန်း၏ မျက်နှာတွင် မိုးရေများ ရွှဲနစ်နေပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "ဥက္ကဌဟုန်... မြန်မြန် ပြန်လှည့်ကြပါ... မီးဝါးတောကို သွားလို့မဖြစ်တော့ဘူး... ဝူမုန့် က ဘာစိတ်ကူးပေါက်သွားလဲ မသိဘူး... ဟို လင်းယွမ် ဆိုတဲ့လူနဲ့ ညီအစ်ကိုတွေလို ဖြစ်နေကြပြီ"

"အခု လင်းယွမ်က ဝူမုန့်တို့အဖွဲ့ကို သူ့ရဲ့ခိုလှုံရာစခန်းဆီ ခေါ်သွားပြီး ဧည့်ခံပွဲ လုပ်နေကြပြီ"

"ခင်ဗျားတို့ အခြေအနေကို အကဲဖြတ်မှားပြီး ဒုက္ခရောက်မှာစိုးလို့... ကျွန်တော် အမြန်ပြန်ပြေးလာပြီး သတင်းလာပေးတာ"

ဟုန်ဖူ အပါအဝင် လူအားလုံး ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာများ ပျက်ယွင်းသွားကြပြီး ဒေါသထွက်သွားကြသည်။

"ဘာကွ... ဝူမုန့်နဲ့ လင်းယွမ်က ညီအစ်ကိုတွေလို ဖြစ်သွားကြပြီ ဟုတ်လား"

"မဖြစ်နိုင်တာ... သူတို့ မဟာမိတ် ဖွဲ့လိုက်ကြပြီလား"

"သောက်ကျိုးနည်း... ဝူမုန့်က မောက်မာပြီး လူတွေကို အထင်သေးတတ်တာ မဟုတ်လား... သူက လင်းယွမ်နဲ့ မဟာမိတ်ဖွဲ့ပါ့မလား"

"သိုင်းဘုရင်ဂေဟာက မီးဝါးတောကို မျက်စိကျနေတာ ကြာပြီလေ... သူတို့က ဘယ်လိုလုပ် ပူးပေါင်းသွားကြတာလဲ"

"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲကွာ"

"ဥက္ကဌဟုန်... ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမလဲ"

......

လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက်နှင့် ဆူညံသွားကြသည်။ စိတ်လှုပ်ရှားနေကြပြီး ဒီသတင်းကို လက်ခံနိုင်ရန် ခဲယဉ်းနေကြပုံရသည်။

နေရာရောက်ခါနီးမှ ရန်သူတွေက အပြန်အလှန် သတ်ဖြတ်ပြီး သေကျေဒဏ်ရာရတာမျိုး မဟုတ်ဘဲ မဟာမိတ်ဖွဲ့လိုက်ကြသည် ဆိုပါလား...။

သောက်ကျိုးနည်း... တကယ်လို့သာ သူတို့ ရောက်သွားခဲ့ရင် တစ်ဖက်လူတွေ သွေးသောက်မဟာမိတ်ဖွဲ့တဲ့ပွဲမှာ ယဇ်ကောင် ဖြစ်သွားရုံပဲ ရှိတော့မှာပေါ့...။

ဟုန်ဖူ၏ မျက်နှာထားမှာ တည်ငြိမ်မှုမရှိတော့ဘဲ ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်သည်။ "ဟက်... တော်လိုက်တဲ့ ဝူမုန့်... တော်လိုက်တဲ့ သိုင်းဘုရင်ဂေဟာ"

"သူတို့ ဘာအကွက် ရွှေ့ချင်နေလဲဆိုတာ ငါသိပြီ"

လူအုပ်ကြီးက ဟုန်ဖူကို မော့ကြည့်ကာ စိတ်အားထက်သန်စွာဖြင့် နားစွင့်နေကြသည်။

"ဥက္ကဌဟုန်... သူတို့ ဘာအကွက်ရွှေ့မလို့လဲ"

"ဥက္ကဌဟုန်... သိုင်းဘုရင်ဂေဟာက အပြင်လူတွေနဲ့ တကယ်ပဲ ပူးပေါင်းမှာလား"

"သူတို့ ငါတို့ကိုများ ပြန်တိုက်မလို့လား"

......

ဟုန်ဖူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ငါ ခန့်မှန်းတာ မမှားဘူးဆိုရင်... သိုင်းဘုရင်ဂေဟာက လူတွေက သည်းခံပြီး စောင့်နေကြတာပဲ ဖြစ်ရမယ်"

"ဝူမုန့်က အမြှီးအမောက်တည့်အောင် တွေးတတ်တဲ့ကောင် မဟုတ်ဘူး... ဒီလောက် နက်နက်နဲနဲ လှည့်ကွက်မျိုးကို သူ ဘယ်လိုမှ စဉ်းစားမိမှာ မဟုတ်ဘူး... ဒါ သေချာပေါက် ကျွမ်းရှုယွမ် နဲ့ ဟို ခွေးခေါင်းပါမောက္ခ လီ တို့ စဉ်းစားပေးထားတာပဲ ဖြစ်မယ်"

"ဘာတွေ စဉ်းစားပေးထားတာလဲ" ကျိဖုန်းက မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

ဟုန်ဖူက ဆက်ပြောသည်။ "လင်းယွမ်တို့အဖွဲ့ ငါတို့ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ တိုက်ခိုက်ခဲ့တာကို သူတို့ ကြားပြီးလောက်ပြီ... ပြီးတော့ ငါ ဉာဏ်ဆင်ပြီး မီးဝါးတောဘက် မျှားခေါ်သွားတယ်ဆိုတာကိုလည်း သူတို့ ရိပ်မိနေမှာပဲ... ငါက သူတို့ကို တိုက်ပွဲဖြစ်စေချင်တယ်ဆိုတာလည်း သိနေမှာပေါ့"

"ဝူမုန့်က သေချာပေါက် သည်းခံနိုင်မှာ မဟုတ်ဘူးလို့ ငါတွက်ထားတာ... ဒါပေမဲ့ ကျွမ်းရှုယွမ် ဆိုတဲ့ မြေခွေးမကို ငါ မေ့နေခဲ့တယ်... အဲဒီမိန်းမက ငါ့အကွက်ကို ရိပ်မိသွားတာပဲ"

"သူက လင်းယွမ်ကို အသုံးချပြီး ရှေ့ထွက်ခိုင်းချင်နေတာ... အပေါ်ယံမှာတော့ မီးဝါးတောကို စွန့်လွှတ်လိုက်မယ် လင်းယွမ်နဲ့ မဟာမိတ်ဖွဲ့မယ် ပြီးရင် ဖုန်းဟွမ်ဘုရားကျောင်းကို အတူတူ တိုက်ခိုက်မလို ပုံစံဖမ်းနေတာ"

"တကယ်တမ်းကျတော့... လင်းယွမ်နဲ့ ငါတို့ ရန်ဘက်ဖြစ်ပြီး အသေအလဲ တိုက်ခိုက်ကြမယ့်အချိန်ကို သူ စောင့်နေတာ... ပြီးမှ သိုင်းဘုရင်ဂေဟာက ကြားကနေ ဝင်ပြီး အမြတ်ထုတ်မလို့လေ"

"ဟားဟား... တော်တော် ကောင်းတဲ့ တွက်ချက်မှုပဲ... တော်တော် ယုတ်မာတဲ့ မိန်းမ"

ဟုန်ဖူသည် သိုင်းဘုရင်ဂေဟာ၏ ပရိယာယ်ကို ဖောက်ထွင်းမြင်နိုင်လိုက်ပြီဟု ကိုယ့်ကိုယ်ကိုယ် ယူဆကာ အေးစက်စွာ ရယ်မောလိုက်သည်။

တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။ တော်သေးသည်က မသွားလိုက်မိ၍... မဟုတ်လျှင် အခုအချိန်လောက်ဆို အကြီးအကျယ် နစ်နာတော့မည်ဖြစ်သည်။

ထို့ကြောင့် ဟုန်ဖူက စိတ်ကို ပြန်စုစည်းလိုက်ပြီး အမိန့်ပေးလိုက်သည်။ "ပြန်မယ်"

ကျိဖုန်းနှင့် လူအုပ်ကြီးက ချက်ချင်း နောက်သို့ လှည့်လိုက်ကြသည်။ ထိုစဉ် တစ်ယောက်က မေးလိုက်သည်။ "ဥက္ကဌဟုန်... ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ"

"ဥက္ကဌဟုန်... ဒီအတိုင်းပဲ သူတို့ကို မဟာမိတ်ဖွဲ့ခိုင်းလိုက်တော့မှာလား... အဲဒါဆို ကျုပ်တို့အတွက် အန္တရာယ်ရှိတယ်နော်"

"ဟုတ်တယ်လေ ဥက္ကဌဟုန်... မြန်မြန် နည်းလမ်းရှာမှ ဖြစ်မယ်"

"အစ်ကိုကြီးထူလုံ ရော... အစ်ကိုကြီးထူလုံကို မြန်မြန် ပြန်ခေါ်လိုက်ပါ"

ဟုန်ဖူက အသံမာမာဖြင့် ပြောလိုက်သည်။ "ဘာတွေ လန့်နေကြတာလဲ... သူတို့ မဟာမိတ်ဖွဲ့ရင်... ငါတို့ကရော အပြင်လူကို အကူအညီတောင်းလို့ မရဘူးလား"

"ကျုပ်တို့က အကူအညီတောင်းမယ်"

"ဥက္ကဌဟုန်... ကျုပ်တို့က တခြား ခိုလှုံရာစခန်းတွေနဲ့ မဟာမိတ်သွားဖွဲ့မယ်လို့ ပြောတာလား"

ရုတ်ချည်းပင် လူအတော်များများ သဘောပေါက်သွားကြပြီး ဝိုင်းမေးကြတော့သည်။

ဟုန်ဖူက လက်ကာပြလိုက်ပြီး "အရင် ပြန်မယ်... ပြန်ရောက်မှ ဆက်ပြောမယ်"

လူအုပ်ကြီးသည် လာစဉ်က စိတ်အားတက်ကြွစွာ ချီတက်လာခဲ့သော်လည်း ယခု ပြန်လှည့်သည့်အခါတွင်မူ အရှုံးသမားများသဖွယ် ဖြစ်နေလေသည်။

အစအဆုံး လင်းယွမ်တို့အဖွဲ့ကို အရိပ်အယောင်မျှပင် မမြင်လိုက်ရပေ။

ဖုန်းဟွမ်ဘုရားကျောင်းသို့ ပြန်ရောက်သောအခါ လူအများက ဟုန်ဖူကို ဝိုင်းအုံကာ စိတ်လောကြီးစွာ မေးမြန်းကြသည်။

"ဥက္ကဌဟုန်... ခင်ဗျားမှာ ဘာအကြံဉာဏ်ကောင်းတွေ ရှိလို့လဲ"

"ဟုတ်တယ်... ဥက္ကဌဟုန်... ဒီတစ်ခါက နောက်စရာ မဟုတ်ဘူးနော်... ဝူမုန့် တစ်ယောက်တည်းနဲ့တင် တော်တော် ရှင်းရခက်နေတာ... အခု လင်းယွမ် ပါ ပေါင်းလိုက်ရင်တော့ အခြေအနေ တော်တော်ဆိုးသွားပြီ"

"ဒီနှစ်ယောက် လက်တွဲလိုက်ရင်... အစ်ကိုကြီးထူလုံတောင် ယှဉ်နိုင်ပါ့မလား မသိဘူး"

......

ဟုန်ဖူက စားပွဲကို ရိုက်ချလိုက်ပြီး အော်ပြောလိုက်သည်။ "ဘာတွေလန့်နေကြတာလဲ... အားလုံး တိတ်စမ်း"

သူ၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။ "သူတို့ မဟာမိတ်ဖွဲ့တာက... အဲဒီလောက် ယုံကြည်ရမယ်လို့ မင်းတို့ ထင်နေတာလား"

"လင်းယွမ် ဆိုတဲ့ကောင်ကလည်း ငတုံး မဟုတ်ဘူး... သိုင်းဘုရင်ဂေဟာက လူတွေ သူ့ကို အသုံးချနေတာ သိသိကြီးနဲ့တော့ သူ အလိမ်ခံမယ် မထင်ဘူး"

"ငါ အတိအကျ ပြောရဲတယ်... သူတို့ မဟာမိတ်ဖွဲ့တယ်ဆိုတာ အပေါ်ယံပဲ ဖြစ်မှာ... ဘာလှိုင်းဂယက်မှ ထလာနိုင်မှာ မဟုတ်ဘူး"

သူ ထိုသို့ပြောလိုက်မှ လူအုပ်ကြီးမှာ အမှန်ပဲဟု တွေးမိသွားကြသည်။

သူတို့သာ လင်းယွမ် နေရာမှာဆိုရင်လည်း သိုင်းဘုရင်ဂေဟာကို ယုံမှာမဟုတ်ပေ။

တောင်ပေါ်ကို တက်လာကာစမှာ ဘယ်သူက သူစိမ်းတွေကို အလွယ်တကူ ယုံကြည်ရဲပါ့မလဲ။

ဖုန်းဟွမ်ဘုရားကျောင်းမှ လူအများမှာ စိတ်သက်သာရာ ရသွားကြသည်။

အမှန်အတိုင်း ပြောရလျှင် လင်းယွမ်တို့အဖွဲ့နှင့် သိုင်းဘုရင်ဂေဟာတို့ မဟာမိတ်ဖွဲ့လိုက်သည်ဟု ကြားလိုက်ရချိန်တွင် သူတို့ တကယ်ပင် လန့်ဖျပ်သွားခဲ့ကြသည်။

လင်းယွမ်က ရန်စလို့ကောင်းမည့်လူ မဟုတ်သလို... ဝူမုန့်ကလည်း ပို၍ပင် မထိတွေ့ရဲစရာ ကောင်းသည်။

ဒီ လူသတ်ကောင်နှစ်ကောင်သာ ပေါင်းမိသွားလျှင် ဖုန်းဟွမ်ဘုရားကျောင်းတော့ သွားပြီဟု တွေးမိကြသည်။

ကျိဖုန်းက မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါပေမဲ့... ဥက္ကဌဟုန်... အဲဒါက ခန့်မှန်းချက်ပဲ ရှိသေးတာလေ... တကယ်လို့များ... တကယ်လို့များ သူတို့ အမှန်တကယ် လက်တွဲလိုက်ရင် ဘယ်လိုလုပ်မလဲ"

ဟုန်ဖူ၏ မျက်နှာက မည်းမှောင်သွားပြီး ပြောလိုက်သည်။ "အဲဒါကြောင့် ငါတို့ကလည်း ကြိုတင်ကာကွယ်ထားရမယ်... ကျိဖုန်း... ခဏနေရင် မင်း လူတစ်ချို့ခေါ်ပြီး သတ္တုတွင်းဧရိယာဘက်ကို သွား... ပြီးရင် အဘိုးကြီး စွန်းကွေ့ ကို ရှာပြီး စကားနည်းနည်းလောက် သွားပြောချေ"

"ဥက္ကဌဟုန်... ထျန်ဝေ တို့နဲ့ မဟာမိတ်ဖွဲ့မလို့လား"

"ဥက္ကဌဟုန်... ဒီကိစ္စကို အစ်ကိုကြီးထူလုံ ပြန်လာမှ တိုင်ပင်ရင် မကောင်းဘူးလား... ထျန်ဝေ က အချိန်ကိုက်ဗုံးလိုပဲ... ဘယ်အချိန် ပေါက်ကွဲမလဲ မသိနိုင်ဘူး... သူနဲ့ ပူးပေါင်းတာ သိပ်အကျိုးရှိမယ် မထင်ဘူး"

ဟုန်ဖူက ရုတ်တရက် ရယ်မောလိုက်သည်။ "မင်းတို့ စိုးရိမ်နေတာကို ငါက နားမလည်ဘူးများ မှတ်နေလား"

"စိတ်ချပါ... သူတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး"

"မင်းတို့ စဉ်းစားကြည့်... လင်းယွမ်တို့အဖွဲ့အကြောင်း သတ္တုတွင်းဧရိယာကို သတင်းပေးလိုက်ရင်... ထျန်ဝေ တို့ရဲ့ အလုပ်လုပ်ပုံစံအရ... ဒီလို အသားတုံးအကြီးကြီးကို သူတို့ လွှတ်ပေးထားမယ် ထင်လား"

ထိုစကားကို ကြားသောအခါ လူအများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။

"ဥက္ကဌဟုန်... ဒီအကွက်က ရှယ်ပဲ"

"ထျန်ဝေက ဒေါသကြီးတယ်... လင်းယွမ်က လူအုပ်ကြီးခေါ်ပြီး တောင်ပေါ်တက်လာတယ်... လက်ထဲမှာလည်း စားနပ်ရိက္ခာတွေ ပါတယ်ဆိုတာ သိသွားရင်... သေချာပေါက် ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး"

"အရင်တုန်းကလည်း တောင်ပေါ်တက်ပြီး ခိုလှုံဖို့လာတဲ့ ဒေသခံတွေကို... အများအားဖြင့် ထျန်ဝေ တို့က အတင်းအဓမ္မဖမ်းပြီး ကျောက်တူးခိုင်းတာလေ... သတ္တုတွင်းဘက်မှာက လုပ်သားအင်အား တော်တော်လိုနေတာကိုး"

"ထျန်ဝေသာ လင်းယွမ်နဲ့ တိုက်ကြပြီဆိုရင်... သိုင်းဘုရင်ဂေဟာက လူတွေ ဘယ်လိုရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ"

"ဟေး... အဲဒီကျရင်တော့ ပွဲက ကြည့်ကောင်းပြီ"

......

ဟုန်ဖူသည် လူအများ၏ ဆွေးနွေးသံများကို နားထောင်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ကျေနပ်အားရနေလေသည်။

လင်းယွမ်တို့အဖွဲ့ကို အရှင်ထား၍ မဖြစ်ပေ... အထူးသဖြင့် ဖုန်းဟွမ်ဘုရားကျောင်း အနီးအနားတွင် လုံးဝ ပေးမနေနိုင်။

လူအင်အား ရာဂဏန်းရှိသော ဤအဖွဲ့သာ ဖွံ့ဖြိုးလာခဲ့လျှင် ဖုန်းဟွမ်ဘုရားကျောင်းအတွက် အန္တရာယ်ရှိလာနိုင်သည်။

ကျိဖုန်းသည် ဝမ်ရှောင်၊ ဟန်ပန်း နှစ်ဦးကို ခေါ်ဆောင်၍ ဟုန်ဖူ ကိုယ်တိုင်ရေးထားသော စာကိုယူကာ ဖုန်းဟွမ်ဘုရားကျောင်းမှ အလျင်အမြန် ထွက်ခွာသွားပြီး သတ္တုတွင်းဧရိယာဘက်သို့ ဦးတည်သွားလေသည်။

......

"လေပြင်းက တောင်ကို နုတ်မတတ် တိုက်ခတ်

မိုးက မြစ်တာကျိုးသလို ရွာသွန်း

အိမ်ခေါင်မိုးတွေ မလုံတော့

ပြတင်းပေါက်တွေ တဂျိဂျိမြည်

ငှက်တွေ မြေပေါ်ပြုတ်ကျသေ

ကြက်တွေ ခွေးတွေ အသံတိတ်

အိုမင်းမစွမ်းသူတွေ ပြေးစရာမြေမရှိ

ထိုင်လိုက်ထလိုက် သက်ပြင်းချကာ

လန့်ဖျပ်နေရရှာ"

မိန်ဟိုင်ဥယျာဉ်၊ 'ရနံ့သင်း' လက်ဖက်ရည်ဆိုင်တွင် ဖြစ်သည်။

လီယွဲ့ဖုန်း သည် အပြင်ဘက်မှ လေပြင်းမိုးကြီးကို ငေးကြည့်ရင်း ကဗျာရှည်တစ်ပုဒ်ကို ရွတ်ဆိုကာ စိတ်ထဲတွင် ခံစားချက်များ ဖြစ်ပေါ်နေသည်။

မလှမ်းမကမ်းရှိ အိမ်တံစက်မြိတ်အောက်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ မြေကြီးပေါ်တွင် ထိုင်လျက် လေပြင်းမိုးကြီးကိုကြည့်ကာ မျက်နှာငယ်လေးများနှင့် ဖြစ်နေကြသည်။

ခြံဝင်းထဲတွင် အရွက်မရှိသော မက်မွန်ပင်အောက်၌ ခြံစည်းရိုးခတ်ထားသော တဲအိမ်များ၊ ခြေတံရှည် တဲအိမ်များ ဆောက်လုပ်ထားသည်။

ထိုအထဲတွင် ခန္ဓာကိုယ်ပေါ်၌ မက်မွန်ပန်းပွင့်ပုံ အစက်အပြောက်များပါသော တောဝက်အချို့ ရေထဲတွင် လူးလှိမ့်ကာ အစာရှာနေကြသည်။

ခြံဝင်း၏ မြောက်ဘက်ခြမ်းတွင် ကျောက်တောင်ကမ်းပါးရှိပြီး ထိုနေရာတွင် ကျောက်လိုဏ်ဂူများ တူးဖော်ထားကာ လူအချို့ ဝင်ရောက်နေထိုင်ကြသည်။

အနီရောင် ယုန်အချို့မှာ မြေအောက်လိုဏ်ခေါင်းထဲတွင် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေကြပြီး အဝေးမှကြည့်လျှင် မီးတိမ်တိုက်တစ်ခု ရွေ့လျားနေသကဲ့သို့ ထင်ရသည်။

"အစ်ကိုဖုန်း... ကဗျာစပ်နေပြန်ပြီလား"

လက်ဖက်ရည်ဆိုင်အပြင်ဘက်မှ အမျိုးသမီးတစ်ဦး ပြုံးရွှင်စွာ လမ်းလျှောက်လာပြီး နှုတ်ဆက်လိုက်သည်။

လီယွဲ့ဖုန်း က ထိုအမျိုးသမီးကို မြင်သောအခါ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ "ဟန်ဟန်တို့အမေ... ဒီလောက် မိုးချုပ်နေပြီ ဘယ်သွားမလို့လဲ"

ထိုအမျိုးသမီးက ရှက်သွေးဖြာစွာ ပြုံးလိုက်ပြီး "ကလေးက အမကြီးလျို ဆီမှာ ဆော့နေလို့လေ... သွားကြိုမလို့"

လီယွဲ့ဖုန်း က ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး "မိုးချုပ်တော့မယ်... စောစောပြန်တာ ကောင်းပါတယ်"

ထိုအမျိုးသမီးက ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆို အစ်ကိုဖုန်း... သွားလိုက်ဦးမယ်နော်"

လီယွဲ့ဖုန်း သည် ထွက်ခွာသွားသော အမျိုးသမီးကို လိုက်ကြည့်နေစဉ် သူ၏ နောက်ကျောဘက်သို့ ပူနွေးသော ခန္ဓာကိုယ်တစ်ခုက လာရောက်ကပ်တွယ်လေသည်။

"ဟွန့်... ရှင်က အဲဒီလို အိမ်ထောင်ရှင်မ မျိုးကို ကြိုက်တာလား"

လီယွဲ့ဖုန်း က နောက်သို့ လှည့်မကြည့်ဘဲ ပြုံး၍ ပြောလိုက်သည်။ "အဝတ်အစား ဝတ်လိုက်ပါဦး... မိုးမချုပ်သေးဘူး"

ချင်ရှောင်ယန် က နှာခေါင်းရှုံ့လိုက်ပြီး အဝတ်အစား ဝတ်ဆင်ကာ လှည့်ထွက်လာခဲ့သည်။

သူမ၏ အသက်မှာ ၃၀ မပြည့်သေးသော်လည်း အိမ်ထောင်သည်အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိနေပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း အဖုအထစ် အမောက်အဝန်းများဖြင့် ပြည့်စုံလှသည်။

သူမက တံခါးပေါက်ဘောင်ကို မှီ၍ မေးလိုက်သည်။ "ကျွန်မတို့ရဲ့ အစ်ကိုဖုန်းက... ဘာတွေများ ဆွေးနေပြန်ပြီလဲ"

လီယွဲ့ဖုန်း က ပြုံးလိုက်သည်။ "ဘာဆွေးရမှာလဲ... ဒီမိုးကြီးက ရွာနေတာ နှစ်ဝက်ရှိနေပြီ... ဘယ်တော့ ရပ်မလဲဆိုတာ မသိနိုင်သေးဘူး"

"ဒီအတိုင်း ဆက်ရွာနေရင်... ထိုက်ယန်တောင်ကြီးများ ရေမြုပ်သွားမလားလို့ စိတ်ပူနေတာ"

ထိုစကားကြောင့် ချင်ရှောင်ယန်၏ မျက်နှာထား ပြောင်းလဲသွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "မဖြစ်နိုင်တာ... ထိုက်ယန်တောင်ကြီးသာ ရေမြုပ်သွားရင်... တောင်အောက်က လူတွေ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ"

လီယွဲ့ဖုန်း က ခေါင်းခါလိုက်သည်။ "လူသားတွေရဲ့ အသက်ရှင်သန်နိုင်စွမ်းက မင်းထင်ထားတာထက် ပိုပြီး ကြံ့ခိုင်ပါတယ်"

"ဒါပေမဲ့ ဒါက ငါ့ရဲ့ စိုးရိမ်စိတ် သက်သက်ပါ... အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"

"ထားလိုက်ပါတော့... သန္ဓေပြောင်း စပါးပင် သုတေသနလုပ်တာ ဘယ်လိုအခြေအနေ ရှိလဲ"

ချင်ရှောင်ယန် က သက်ပြင်းချလိုက်ပြီး ပြောသည်။ "ဘာမှ မထူးခြားသေးဘူး... ကျွန်မတို့ဆီမှာ ရှိတဲ့ မျိုးစေ့တွေက မူလ ရိုးရိုးစပါးမျိုးစေ့တွေပဲလေ... အခုလို ပတ်ဝန်းကျင်မျိုးနဲ့ ဘယ်လိုမှ အဆင်မပြေဘူး"

"စိုက်လိုက်တဲ့ စပါးပင်တွေက နေရောင်ခြည်မရတော့ အများစုက အပင်မပေါက်ကြဘူး... ရေမွှန်းပြီး ပုပ်ကုန်တာတွေတောင် ရှိတယ်"

လီယွဲ့ဖုန်း က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလိုဆို မဖြစ်ဘူး... ငါတို့လက်ထဲမှာ စားစရာ သိပ်မကျန်တော့ဘူး... နောက်ပိုင်း ကာဗိုဟိုက်ဒရိတ် လုံလောက်အောင် မစားရဘဲ အသားချည်းပဲ စားနေလို့လည်း အဆင်မပြေဘူး"

"ကြည့်ရတာ တောထဲသွားပြီး သန္ဓေပြောင်း စပါးပင် သွားရှာမှ ဖြစ်မယ်ထင်တယ်"

ချင်ရှောင်ယန် က သက်ပြင်းချလိုက်သည်။ "ဒီတောင်ပေါ်မှာ သန္ဓေပြောင်း စပါးပင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ... သန္ဓေပြောင်း မက်မွန်သီး ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိသေးတယ်"

"သန္ဓေပြောင်း စပါးပင် မရှိရင်တောင်... တခြား သန္ဓေပြောင်း အပင်တွေ ရှိနိုင်တာပဲ... ကာဗိုဟိုက်ဒရိတ် ဖြည့်ဆည်းပေးနိုင်မယ့် အပင်ဆိုရင် ငါတို့ စိုက်ပျိုးဖို့ ထိုက်တန်တယ်"

"လောလောဆယ် ငါတို့ မွေးမြူထားတဲ့ မီးတိမ်ယုန်တွေ၊ မိန်ဟွာဝက်တွေက အသားထွက်နှုန်း မဆိုးပါဘူး... ကိုးဝူမျှော်စင်မှာ အရောင်းအဝယ်လုပ်တိုင်း ငါတို့ အမြတ်အစွန်း ကောင်းကောင်းရပါတယ်"

"ဒါကိုကြည့်ရင် ငါတို့ လျှောက်နေတဲ့ လမ်းကြောင်းက မှန်ကန်တယ်ဆိုတာ ပြနေတယ်... လက်ရှိ ကမ္ဘာပျက်ကပ်ဘေးမှာ အရေးအကြီးဆုံး ပြဿနာက အစွမ်းတွေ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာ မဟုတ်ဘူး... စစ်တပ်စခန်းကို ဘယ်လိုရှာမလဲ ဆိုတာလည်း မဟုတ်ဘူး... အသက်ရှင်ရပ်တည်နိုင်ဖို့ ပြဿနာကို အရင်ဖြေရှင်းရမှာ"

ချင်ရှောင်ယန် က ပြန်ပြောသည်။ "ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ ကျွန်မတို့ လူ ၂၀၀ ကျော်လောက်နဲ့က တိုးတက်မှု အရမ်းနှေးတယ်လေ"

လီယွဲ့ဖုန်း က သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်... လူအင်အားက အရေးအကြီးဆုံးပဲ... ဒါပေမဲ့ ခက်တာက ဒီ ထိုက်ယန်တောင်က ဒီလောက်ပဲ ကျယ်တာ... လူအများကြီး လက်မခံနိုင်ဘူး"

သူက အင်အားချဲ့ထွင်ချင်သည်။ လူဦးရေ တိုးပွားစေချင်သည်။

သို့သော် ထိုက်ယန်တောင်က မကျယ်ဝန်းလှပေ။ လူဦးရေသာ အလွန်အမင်း များပြားလာပါက ထိုက်ယန်တောင်၏ အရင်းအမြစ် ခွဲဝေမှုကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်။

ဒါကြောင့်လည်း ဖုန်းဟွမ်ဘုရားကျောင်း နှင့် သတ္တုတွင်းဧရိယာက လူတွေက တောင်ပေါ်တက်လာပြီး ခိုလှုံခွင့်တောင်းသောသူတွေကို မောင်းထုတ်သည့်အခါ... သူက ဘာမှ ဝင်မပြောဘဲ ငြိမ်နေခဲ့ခြင်း ဖြစ်သည်။

သူ လက်မခံချင်၍ မဟုတ်... လက်ရှိ ထိုက်ယန်တောင် အနေအထားအရ လူပိုတွေကို အစာကျွေးဖို့ မတတ်နိုင်သောကြောင့် ဖြစ်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

ထိုစဉ် စင်္ကြံလမ်းတစ်လျှောက်မှ အလျင်စလို ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

လီယွဲ့ဖုန်း နှင့် ချင်ရှောင်ယန် တို့ အခန်းအပြင်ဘက် စင်္ကြံလမ်းကို လှမ်းကြည့်လိုက်ကြသည်။

မျက်နှာထား စူပုတ်ပုတ်နှင့် ကိုယ်ခန္ဓာ ပိန်ပါးပါး အမျိုးသမီးတစ်ဦး အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင် အနည်းငယ် တွေ့နေရသည်။

ချင်ရှောင်ယန် က သူမကို မြင်သောအခါ အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။ "ချွီမုန့်ကျူ... ဘာတွေ ဒီလောက် အလောကြီးနေတာလဲ... ဘာလဲ... ငါက အစ်ကိုဖုန်း ကို စားလိုက်မှာ စိုးလို့လား"

ချွီမုန့်ကျူ က သူမကို လုံးဝ ဂရုမစိုက်ဘဲ လီယွဲ့ဖုန်း ရှေ့သို့ တန်းပြေးသွားကာ အလောတကြီး ပြောလိုက်သည်။ "အစ်ကိုဖုန်း... ကျွန်မ သတင်းရထားတယ်... တောင်ပေါ်ကို လူတစ်စု တက်လာတယ်... လူအင်အားက ရာဂဏန်းလောက် ရှိတယ်"

လီယွဲ့ဖုန်း က မျက်ခုံးပင့်လိုက်သည်။ "ဟေ... ဘယ်လို တက်လာတာလဲ... ဘယ်နေရာက တက်လာတာလဲ"

"မြောက်ဘက်က"

"ဖုန်းဟွမ်ဘုရားကျောင်း ဘက်ကလား"

"ဟုတ်တယ်"

လီယွဲ့ဖုန်း က စိတ်ဝင်စားသွားသည်။ "ထူလုံ က သူတို့ကို တောင်ပေါ်တက်ခွင့် ပေးလိုက်တယ်ပေါ့"

"အဲဒီလူစုထဲမှာ ဆရာကြီးတွေ ပါတယ်... အတင်း ဝင်တိုက်ပြီး တက်လာကြတာ... ကျွန်မ စုံစမ်းရသလောက်ဆိုရင် အဲဒီလူက ထူလုံ နဲ့ ထိပ်တိုက်တွေ့ပြီး လက်ရည်ယှဉ်တာတောင် အရေးနိမ့်တဲ့ပုံ မပေါ်ဘူးတဲ့" ချွီမုန့်ကျူ က လျှာသွက်အာသွက် ပြောလိုက်သည်။

လီယွဲ့ဖုန်း ၏ မျက်နှာပေါ်မှ တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး အံ့သြသည့် အမူအရာ ပေါ်လာသည်။

"ထူလုံ ရဲ့ တက်တူးဝိညာဉ်အစွမ်းက... ငါတောင်မှ နိုင်မယ်လို့ အာမ မခံရဲဘူး... အဲဒီလူက ဘာအစွမ်း သုံးတာလဲ"

"ထားလိုက်ပါတော့... မင်း အထဲအရင်ဝင်... အဝတ်အစားလဲလိုက်ဦး... ပြီးရင် အစအဆုံး ငါ့ကို ပြန်ပြောပြ"

သူက ချွီမုန့်ကျူ ကို အခန်းထဲသို့ ခေါ်လိုက်သော်လည်း ချွီမုန့်ကျူ က နှာခေါင်းရှုံ့လိုက်ပြီး အထဲမဝင်ဘဲ ချင်ရှောင်ယန် ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ရှင်က ကျွန်မကို သူနဲ့ တစ်ခန်းတည်း အတူနေခိုင်းမလို့လား"

လီယွဲ့ဖုန်း မှာ မတတ်သာသည့်အဆုံး ချင်ရှောင်ယန် ကို ကြည့်ကာ ပြောလိုက်ရသည်။ "ရှောင်ယန်... မင်း ဘေးခန်းကို အရင်သွားနေလိုက်"

ချင်ရှောင်ယန် က ချွီမုန့်ကျူ ကို မျက်စောင်းထိုးလိုက်သော်လည်း စကားနားထောင်စွာဖြင့် လှည့်ထွက်သွားလေသည်။

ချွီမုန့်ကျူ က ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် အခန်းထဲသို့ဝင်ကာ လီယွဲ့ဖုန်း အား လူသစ်အုပ်စုအကြောင်း စတင်ပြောပြလေတော့သည်။

"ဒီလူစုက ရေလမ်းကနေ လာကြတာ... ဘယ်ကနေ လာလဲဆိုတာတော့ အတိအကျ မသိရဘူး... ခေါင်းဆောင်နာမည်က လင်းယွမ် တဲ့... လူအင်အား ၁၀၀ ဝန်းကျင်လောက် ရှိတယ်... သူ့လက်အောက်မှာလည်း အစွမ်းပိုင်ရှင်တွေ အများကြီးပါတယ်"

"ကျွန်မတို့ လူတွေ မြင်ခဲ့တာကတော့... ဒီ လင်းယွမ် ဆိုတဲ့လူရဲ့ အစွမ်းက တော်တော် ကြောက်စရာကောင်းတယ်... ခွန်အားကြီးပြီး အမြန်နှုန်း မြင့်မားတာတင် မကဘူး... စိတ်စွမ်းအင်နဲ့ တိုက်ခိုက်နိုင်စွမ်းလည်း ရှိပုံရတယ်"

ချွီမုန့်ကျူ သည် သူမ ရရှိထားသော သတင်းအချက်အလက်များကို တစ်လုံးမကျန် အကုန်အစင် ပြန်လည်ပြောပြလိုက်လေသည်။

ဆက်ရန်...

အပိုင်း(၂၁၄) အစုရှယ်ယာဝင်ရန် အစည်းအဝေးထိုင်ခြင်းနှင့် လူအများ၏ မျှော်လင့်ချက်

"နဂါးအမည်လျှင် မြစ်မကူး ဆိုသလိုပါလား"

ချွီမုန့်ကျူး၏ စကားကို နားထောင်ပြီးနောက် လီယွဲ့ဖုန်း မျက်နှာတွင် အံ့ဩမင်သက်သွားသည့် အရိပ်အယောင်များ ပေါ်ွထက်လာခဲ့၏။

သူက အပြင်ဘက်တွင် ရွာသွန်းနေသော မိုးသည်းထန်နေမှုကို လှမ်းကြည့်လိုက်ရင်း...

"ဒီ လင်းယွမ်က ထူလုံနဲ့တောင် သရေကျအောင် ယှဉ်နိုင်တယ်ပေါ့... ထိုက်ယန်တောင်တော့ ငြိမ်းချမ်းတော့မယ် မထင်ဘူး"

ချွီမုန့်ကျူးက အပြင်ဘက် မိုးရေချိန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး...

"ရှင်ပြောချင်တာက ဒီလူက ပြဿနာရှာမယ့်သူလို့ ဆိုလိုတာလား"

"ဟဲဟဲ... အသစ်ရောက်လာတဲ့သူတွေထဲမှာ အဝါးမခံရဘဲ ခြေမြဲအောင် ရပ်တည်နိုင်တဲ့သူ ဘယ်နှစ်ယောက်များ မင်း မြင်ဖူးလို့လဲ"

"သတ္တုတွင်းဧရိယာက ထျန်ဝေပဲဖြစ်ဖြစ် ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံပဲဖြစ်ဖြစ် ဘယ်သူက သူတော်ကောင်းမို့လို့လဲ"

"ထိုက်ယန်တောင်ဆိုတာက မြောက်ပိုင်းကလို ပေထောင်ချီမြင့်တဲ့ တောင်ကြီးတွေမှ မဟုတ်တာ... ဒီနေရာရဲ့ ပင်လယ်ရေမျက်နှာပြင် အမြင့်က စုစုပေါင်းမှ ပေ ၁၀၀၀ လောက်ပဲ ရှိတာလေ... တောင်လို့သာ ခေါ်တာ တကယ်တမ်းကျတော့ တောင်ကုန်းလေး တစ်ခုပါပဲ"

"ဒီလောက်ကျဉ်းတဲ့ နေရာလေးမှာ လူဘယ်နှယောက်ကို အစာကျွေးနိုင်မှာမို့လို့လဲ"

"အပြင်လူတွေ များလာတာနဲ့အမျှ ဒီနေရာက သယံဇာတတွေက ခွဲဝေဖို့ လောက်မှာမဟုတ်တော့ဘူး"

"စောင့်ကြည့်နေလိုက်... ထျန်ဝေရော ထူလုံရော လှုပ်ရှားကြတော့မှာ"

"ဒါဆို သိုင်းဘုရင်ဂေဟာ ဘက်ကရော... သူတို့က ဒီအတိုင်း လက်ပိုက်ကြည့်နေကြမှာလား" ဟု ချွီမုန့်ကျူးက မေးလိုက်၏။

လီယွဲ့ဖုန်း ပြုံးလိုက်ပြီး...

"ဝူမုန့်ဆိုတဲ့လူက ရည်မှန်းချက်ကြီးပေမယ့် မာန်မာနကြီးလွန်းတယ်... သာမန် အစွမ်းပိုင်ရှင်လောက်ကို သူ့မျက်လုံးထဲ ထည့်မှာမဟုတ်ဘူး"

"သူက အစွမ်းတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့နဲ့ လေ့လာတူးဖော်ဖို့လောက်ပဲ စိတ်ဝင်စားတာ... အပြင်လောကက အာဏာလုတဲ့ ကိစ္စတွေကို သိပ်ဂရုစိုက်လေ့မရှိဘူး"

"ဒါပေမဲ့ ကျွမ်းရှုယွမ် ဆိုတဲ့ မိန်းမကတော့ တော်တော်လည်တာ... သူကတော့ ဒီလူသစ်တွေကို ဒီတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး"

ချွီမုန့်ကျူး နားမလည်နိုင်စွာဖြင့် "ဘာလို့ ဒီလူသစ်တွေကို အရေးတယူ လုပ်နေရမှာလဲ"

လီယွဲ့ဖုန်းက ရယ်မောကာ "ဘာလို့လဲဆိုတော့ သူတို့က တောင်ပေါ်ကို အခုမှ ရောက်လာတာလေ... သူတို့ဆီမှာ ပစ္စည်းဥစ္စာ အများကြီး ပါလာမှာ သေချာတယ်"

"ပင်လယ်ရေလှိုင်းတက်လာမယ့် ကိစ္စအတွက်သာ သေချာပြင်ဆင်ထားလိုက်ပါ... ဒီတစ်ခေါက် ရေတက်ပြီးသွားရင် ကိုးဝူဈေးရောင်းပွဲတော် ကျင်းပတဲ့အခါ ပစ္စည်းကောင်းတွေ အများကြီး ထွက်လာလောက်တယ်"

ချွီမုန့်ကျူးက တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီးနောက် ပြုံးလိုက်ကာ...

"မိန်ဟိုင်ဥယျာဉ်ကို ကျွန်မတို့ ဦးစီးထားနိုင်တာ ကံကောင်းတယ်... ပြီးတော့ အစ်ကိုဖုန်းရဲ့ အမြော်အမြင် ကြီးမားမှုကြောင့် မီးတိမ်ယုန်တွေနဲ့ မိန်ဟွာဝက်တွေကို အစကတည်းက မွေးမြူထားနိုင်ခဲ့တာပဲ"

ထိုသို့ ပြောရင်း သူမက လီယွဲ့ဖုန်းအနားသို့ တိုးကပ်သွားကာ သူမ၏ ခြေထောက်နှစ်ဖက်ဖြင့် လီယွဲ့ဖုန်း၏ ခါးကို ခွလိုက်လေသည်။

လီယွဲ့ဖုန်း တစ်ချက် ပြုံးလိုက်ပြီး သူမ၏ အင်္ကျီရင်ဘတ်ထဲသို့ လက်လျှိုဝင်လိုက်၏။

ချွီမုန့်ကျူး၏ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်ဝန်းများတွင် ရမ္မက်ဆန္ဒများ ယိုဖိတ်လာလေသည်။

အပြင်ဘက်တွင် ရှိနေသော ချင်ရှောင်ယန်က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် "မြေခွေးမ" ဟု တိုးတိုးလေး ဆဲရေးလိုက်မိသည်။

......

မိုးချုပ်စပြုလာပြီ ဖြစ်သည်။ မီးသတ်ရေလှောင်ကန် ခိုလှုံရေးစခန်းရှိ ဝါးအဆောက်အအုံတွင် အိမ်ထောင်စုအသီးသီးက ထမင်းဟင်းချက်ပြုတ်ရန် အလုပ်ရှုပ်နေကြ၏။

ကောင်းကင် လုံးဝ မည်းမှောင်သွားသည်အထိ စောင့်၍ မရပေ။ သို့မဟုတ်ပါက ညဘက် မီးရောင်ကြောင့် ပိုးမွှားများကို ဆွဲဆောင်မိသလို ဖြစ်သွားတတ်သည်။

တတ်နိုင်သော အိမ်ထောင်စုအချို့က ထမင်းချက်ရန် ထင်းမီး၊ မီးခြစ်များကို အသုံးမပြုဘဲ လျှပ်စစ်မီးဖိုများကို အသုံးပြုကြသည်။

လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကိုတော့ ဘက်ထရီအိုးများပေါ်တွင် အဓိက မှီခိုနေရပြီး ဘက်ထရီအားသွင်းရန်အတွက်မူ တုံကျဲလေးကို သွားရောက် အကူအညီ တောင်းခံကြရ၏။

တုံကျဲလေးမှာ ယခုအခါ ခိုလှုံရေးစခန်း၏ နာမည်အကြီးဆုံး လူ ဖြစ်နေလေပြီ။ အိမ်တိုင်းလိုလို ဘက်ထရီကုန်လျှင် ဖြစ်စေ၊ ဖုန်းအားကုန်လျှင် ဖြစ်စေ သူ့ကို လာရှာပြီး အကူအညီ တောင်းကြရသည်။

တုံကျဲလေးက အခကြေးငွေ ကြီးကြီးမားမား မယူသော်လည်း နေ့စဉ် လာရောက် အကူအညီတောင်းခံသူ များပြားလှ၏။

အချို့က ငါးတစ်ကောင် ပေးကြသည်။ အချို့က မျှစ် ၃ ချောင်း၊ အချို့က တောရိုင်းဟင်းသီးဟင်းရွက် အနည်းငယ် တူးပေးကြသည်။

တစ်နေ့တာ ကုန်ဆုံးသောအခါ တုံကျဲလေးမှာ စား၍ပင် မကုန်နိုင်တော့ပေ။ အစားအစာ အများအပြားကို စုဆောင်းထားနိုင်ပြီး လင်းယွမ်ထံတွင် သွားရောက်ကာ မုန့်ပဲသရေစာများနှင့် လဲလှယ်စားသောက်တတ်သေးသည်။

ယခု တုံကျဲလေးသည် သူ့ကိုယ်သူ ရှာဖွေကျွေးမွေးနိုင်ရုံသာမက သူ့အမအတွက် ရိက္ခာကိုပါ ရှာဖွေပေးနိုင်နေပြီ ဖြစ်သည်။

ခိုလှုံရေးစခန်း တစ်ခုလုံးတွင် လင်းယွမ်မှလွဲလျှင် သူသည် အချမ်းသာဆုံးဟု ဆိုနိုင်ပေလိမ့်မည်။

လင်းယွမ်၏ အိမ်တွင် ဆုန့်ဝမ်၊ အဒေါ်ကြီးလီ၊ တင်းယန်၊ ရန်ဆန်းမင်၊ ကျောက်ခိုင်နှင့် အခြားသူများ ရောက်ရှိနေကြ၏။

"မင်းတို့ ပြောချင်တာက သန္ဓေပြောင်း ပိန်းဥ တစ်စိတ်တစ်ပိုင်းကို တောင်ဂူထဲမှာ စိုက်မယ်ဆိုတဲ့ သဘောလား"

လင်းယွမ် အနည်းငယ် အံ့ဩသွားသည်။ ပိန်းဥကို တောင်ဂူထဲ စိုက်လျှင် ရှင်သန်နိုင်ပါ့မလား။

ဆုန့်ဝမ်က "ဒီ သန္ဓေပြောင်း ပိန်းဥအမျိုးအစားက အသက်ရှင်သန်နိုင်စွမ်း အရမ်းမြင့်တယ်... နေရောင်ခြည် သိပ်မလိုဘဲ မြေဆီလွှာ အနေအထားကလည်း အေးပြီး စိုစွတ်တာမျိုး လိုအပ်တာ... ကျွန်မတို့ တိုင်ပင်ကြည့်ပြီးပြီ... တောင်ဂူထဲမှာ မြေဆီလွှာ ခင်းလိုက်ရင် စိုက်ပျိုးရေး လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တယ်"

"အဓိကအချက်က ဒီပိန်းဥတွေက ကြီးထွားနှုန်း မြန်တယ်... တစ်လကနေ နှစ်လအတွင်း ရင့်မှည့်နိုင်ပြီး ပိန်းဥတစ်ပင်ကို ၄ ပေါင် ၅ ပေါင်လောက် အသီးထွက်တယ်... သူ့ရဲ့ ပင်စည်ကိုလည်း အချဉ်တည်ပြီး စားလို့ရတော့ တကယ့်ကို တန်ဖိုးရှိတဲ့ စီးပွားဖြစ် သီးနှံပါပဲ"

"နောက်တစ်ချက်က တောင်ဂူထဲမှာ စိုက်မယ်ဆိုရင် သန္ဓေပြောင်း သတ္တဝါတွေ ဖျက်ဆီးမှာတို့ လူတွေ ခိုးတူးမှာတို့ ကိုလည်း ကာကွယ်နိုင်သလို ပင်လယ်ရေတက်လာတဲ့အခါ အကောင်တွေ ထွက်လာပြီး စိုက်ခင်းတွေကို နင်းခြေဖျက်ဆီးမှာကိုလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့"

လင်းယွမ်က ပြုံးလိုက်ပြီး "မင်းတို့က သိုင်းဘုရင်ဂေဟာဘက်က တောင်စောင်းစိုက်ခင်းတွေ အခြေအနေကို ကြားပြီး စိတ်ကူးရသွားတာမလား"

ဆုန့်ဝမ်ကလည်း ရယ်မောလိုက်ပြီး ခေါင်းညိတ်ကာ "ဟုတ်တယ်... အရင်က ကျွန်မတို့ တွေးတာ နည်းနည်း လွယ်လွန်းသွားတယ်... သန္ဓေပြောင်း သတ္တဝါတွေရဲ့ ပြဿနာနဲ့ သန္ဓေပြောင်း မျိုးစေ့တွေရဲ့ ပြဿနာကို ထည့်မတွက်မိလိုက်ဘူး"

"သိုင်းဘုရင်ဂေဟာက လူတွေ ပြန်သွားပြီးတဲ့နောက် ကျွန်မတို့ စမ်းသပ်မှုတချို့ လုပ်ကြည့်တော့ အံ့ဩစရာ ကောင်းတဲ့ အချက်တချို့ တွေ့လာရတယ်"

"ဘာတွေ့တာလဲ" လင်းယွမ်က ချက်ချင်း မေးလိုက်၏။

"အဒေါ်ကြီးလီ... အဒေါ်ပဲ ပြောပြလိုက်ပါ" ဆုန့်ဝမ်က အဒေါ်ကြီးလီကို လှမ်းကြည့်လိုက်သည်။

အဒေါ်ကြီးလီက အလျင်စလိုပင် "အဒေါ်က သန္ဓေပြောင်း ပိန်းဥတချို့ကို တောင်ဂူထဲ ရွှေ့စိုက်ကြည့်တာ... မြေဆီလွှာ ပတ်ဝန်းကျင်ကိုလည်း ပိန်းဥ မူလပေါက်တဲ့ နေရာက မြေကြီးတွေပဲ တူးပြီး ယူလာခဲ့တယ်... မူလပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံး တူအောင်လို့ပေါ့"

"ပြီးတော့ အလင်းရောင် ပြဿနာအတွက် ဆုန့်ဝမ်ရဲ့ သန္ဓေပြောင်း နေကြာပန်းအိုးကို အလင်းရောင် အရင်းအမြစ်အနေနဲ့ ယူသုံးလိုက်တယ်"

"မထင်မှတ်ထားတာက ညနေလောက်ကျတော့ ရွှေ့စိုက်ထားတဲ့ ပိန်းဥတွေက ပြန်ပြီး ရှင်သန်လာရုံတင် မကဘူး... ကြီးထွားနှုန်းကလည်း အားရစရာ ကောင်းနေတာကို တွေ့လိုက်ရတယ်"

"အဒေါ်နဲ့ ဆုန့်ဝမ် တိုင်ပင်ကြည့်တော့ ဒီလို ဖြစ်လာရတဲ့ အကြောင်းရင်းက ဟို သန္ဓေပြောင်း နေကြာပန်းကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိတယ်"

"ဒီ သန္ဓေပြောင်း နေကြာပန်းက ထုတ်လွှတ်တဲ့ အလင်းရောင်က တကယ့် နေရောင်ခြည်လိုပဲ အပင်တွေကို အစာချက်လုပ်နိုင်စွမ်း ရှိစေပုံရတယ်"

"အဒေါ်တို့ တွေးမိတာက ဒီလိုဆိုရင် အလင်းရောင် ပြဿနာလည်း ပြေလည်သွားပြီဆိုတော့ တောင်ဂူထဲမှာပဲ လုံးဝ စိုက်ပျိုးလို့ ရပြီပေါ့"

"ဒီလိုဆို သန္ဓေပြောင်း သတ္တဝါတွေ နင်းခြေမှာလည်း ပူစရာမလို... အသီးတွေကို လူခိုးမှာလည်း စိတ်ပူစရာ မလိုတော့ဘူးလေ"

"ပြီးတော့ ဒီလို စနစ်တကျ စီမံခန့်ခွဲတဲ့ ပုံစံမျိုးဆိုရင် နေပူမိုးရွာထဲ ထွက်စရာမလိုဘဲ ထိန်းသိမ်းရတာလည်း ပိုလွယ်ကူတာပေါ့"

လင်းယွမ် ကြားလိုက်ရသည့်အခါ အံ့ဩဝမ်းသာသည့် မျက်နှာထား ဖြစ်ပေါ်လာပြီး "ဘာ... သန္ဓေပြောင်း နေကြာပန်းက အဲဒီလို အာနိသင် ရှိသေးတာလား"

ဆုန့်ဝမ်ကလည်း သက်ပြင်းချကာ "ဟုတ်တယ်... ဒီ သန္ဓေပြောင်း နေကြာပန်းက ထုတ်လွှတ်တဲ့ အလင်းက နေရောင်ခြည်ကို အစားထိုးနိုင်တယ်... ပြီးတော့ ကျွန်မ သတိထားမိတာက သန္ဓေပြောင်း နေကြာပန်းနဲ့ နီးလေလေ သန္ဓေပြောင်း အပင်တွေရဲ့ ကြီးထွားနှုန်းက ပိုကောင်းလေလေပဲ"

"ကျွန်မ သံသယရှိတာက သန္ဓေပြောင်း နေကြာပန်းက စွမ်းအင်မှုန် တစ်မျိုးမျိုး ထုတ်လွှတ်ပေးပြီး အဲဒါကို ဟိုအပင်တွေက စုပ်ယူနိုင်တာ ဖြစ်မယ်"

"ဒါပေမဲ့ ကျွန်မတို့ လူတွေ စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ သန္ဓေပြောင်း အသီးအနှံတွေက သန္ဓေပြောင်း အသီး စစ်စစ် ဟုတ်မဟုတ်နဲ့ စားပြီးရင် အစွမ်းတွေ နိုးထလာနိုင်မလား ဆိုတာတော့ မသိသေးဘူး"

"အစ်ကိုလင်း... အစ်ကို့ဆီမှာ သန္ဓေပြောင်း နေကြာပန်းစေ့ ပိုနေတာများ ရှိသေးလား... ကျွန်မ ထပ်စမ်းကြည့်ချင်လို့... သန္ဓေပြောင်း နေကြာပန်းတွေ ပိုပြီး စိုက်ပျိုးနိုင်မလားလို့ပါ"

"တကယ်လို့များ ပိုပြီး စိုက်ပျိုးနိုင်ခဲ့ရင် တစ်ပိုင်တစ်နိုင် အိမ်တွင်းစိုက်ပျိုးရေး ပုံစံမျိုး လုပ်လို့ရနိုင်တယ်... ပြီးတော့ ဒီ သန္ဓေပြောင်း နေကြာပန်းက မီးရောင် အလင်းအမြစ် တစ်ခုလည်း ဖြစ်တာကိုး"

"တောင်ဂူထဲက မှောင်မိုက် စိုစွတ်တဲ့ နေရာတွေကို အချိန်မီ ခြောက်သွေ့စေပြီး ပိုးမွှားမှိုစွဲတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လေ"

လင်းယွမ် ကြားလိုက်ရတော့ စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ သန္ဓေပြောင်း နေကြာပန်းစေ့ ဆိုတာ သူ ကံစမ်းမဲ နှိုက်ထားရတာ မဟုတ်ပါလော။

သူ့ဆီမှာ ဘယ်လိုလုပ် အပိုမျိုးစေ့ ရှိပါမည်နည်း။

သို့သော် ဒီပစ္စည်းက ထပ်ပြီး မဲနှိုက်၍ မရသည်တော့ မဟုတ်၊ အမှတ်တော့ ကုန်ပေမည်။

နောက်ပြီး ဆုန့်ဝမ် ပြောသည့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစိုက်ပျိုးရေး ပုံစံဆိုသည်ကို ကြားလိုက်ရတော့ သူ ခေါင်းကုတ်ချင်သလို ဖြစ်သွားသည်။

အမှန်အတိုင်း ပြောရလျှင် လူတိုင်းကို အိမ်တွင်း စိုက်ပျိုးရေး လုပ်ခိုင်းဖို့ သူ သိပ်ဘဝင်မကျလှပေ။

အားလုံးကသာ ကိုယ့်အိမ်မှာကိုယ် စိုက်ပျိုးရေး လုပ်နေကြမည်ဆိုလျှင် အချိန်ကုန်ကြမည်ဖြစ်ရာ သူ့အတွက် ဘယ်သူက ငါးဖမ်း၊ အမဲလိုက် ပေးကြတော့မည်နည်း။

လင်းယွမ်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ စိုက်ပျိုးရေးကို သူကပဲ ဦးစီးပြီး အကြီးစား စိုက်ပျိုးရေး ပုံစံဖြင့် လုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မည်။

ပြီးမှ ကျန်တဲ့လူတွေကို ငါးဖမ်း အမဲလိုက်ခိုင်း၊ ရလာတဲ့ ပစ္စည်းတွေကို အမှတ်နဲ့ လဲလှယ်ပြီး သူ့ဆီက အစားအစာ ပြန်ဝယ်ခိုင်းလိုက်လျှင် ပြီးပြီမဟုတ်လော။

ထိုသို့ဆိုလျှင် လူတိုင်း ပိန်းဥလည်း စားရမည်၊ သူလည်း အမှတ်တွေ မြတ်မည် မဟုတ်ပါလော။

ထို့ကြောင့် သူက ချက်ချင်းပင် "ဒီ သန္ဓေပြောင်း နေကြာပန်းစေ့ကို ကျွန်တော်လည်း တိုက်ဆိုင်လို့ ရခဲ့တာ... ထပ်ရှာဖို့ကတော့ သိပ်မလွယ်ဘူး... နောက်မှ တောင်ပေါ်တက်ပြီး ပတ်ကြည့်ဦးမယ်... တစ်ခုခု တွေ့ချင်လည်း တွေ့မှာပေါ့"

"ဒီနေ့ မင်းတို့ပြောတဲ့ အိမ်တွင်း စိုက်ပျိုးရေး စီမံကိန်းက လုပ်လို့ ဖြစ်မယ် ထင်တယ်... ဒီတော့ အနီးအနားမှာ ကွင်းပြင်ကျယ်လိုမျိုး ဖြစ်နေတဲ့ တောင်ကြား ရှိမရှိ အရင်ရှာကြတာပေါ့"

"ပြီးရင် အဲဒီနေရာကို ခြံခတ်ဖို့ နည်းလမ်း ရှာကြမယ်... မဟုတ်ရင် တောင်ဂူတူးပြီး စိုက်မယ်ဆိုရင် အချိန်ကုန် လူပန်း ဖြစ်လွန်းတယ်"

"အဓိကက အကြီးစား စိုက်ပျိုးရေး လုပ်ဖို့ ခက်တယ်... ဒီ ထိုက်ယန်တောင်က အကျယ်အဝန်း သိပ်ရှိတာမှ မဟုတ်တာ... တောင်ဂူကို ဘယ်လောက်ထိ ကျယ်အောင် တူးနိုင်မှာမို့လို့လဲ"

"တောင်ကြား တစ်ခုလောက် ရှာတွေ့ပြီး ခြံစည်းရိုး ခတ်လိုက်ရင်လည်း အာနိသင်က အတူတူလောက်ပဲ ဖြစ်မှာပါ"

ဆုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး "အဲဒါလည်း ဟုတ်တာပဲ... ဒါပေမဲ့ လောလောဆယ်တော့ ကျွန်မတို့ တောင်ဂူအသေးစားလေး တစ်ခုလောက်မှာ အရင် စမ်းကြည့်ကြတာပေါ့"

"ကောင်းပြီ... ဒီကိစ္စ မင်းတို့ကိုပဲ အပ်လိုက်မယ်"

"ဒါနဲ့ ဒေါက်တာရန်... ဒီရက်ပိုင်း အစွမ်း နိုးထလာတဲ့သူ ရှိလား"

"မရှိပါဘူး" ရန်ဆန်းမင်က ခေါင်းခါပြသည်။

လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး "အစွမ်း နိုးထဖို့ ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ... ဒါနဲ့ ခဏနေရင် အစွမ်းပိုင်ရှင်တွေ အားလုံးကို ခေါ်လိုက်ပါဦး... ကျွန်တော် ကြေညာစရာ ကိစ္စလေး တစ်ခု ရှိလို့"

ရန်ဆန်းမင် အနည်းငယ် နားမလည် ဖြစ်သွားသည်။ လင်းယွမ် ဘာအကြောင်း ပြောမလို့များ ဒီလောက် အလေးအနက် ထားနေပါလိမ့်ဟု တွေးမိသော်လည်း မေးခွန်းထုတ်မနေတော့ဘဲ ခေါင်းညိတ်ကာ "ကောင်းပါပြီ... ကျွန်တော် လူသွားခေါ်လိုက်ပါ့မယ်"

မကြာမီ အစွမ်းပိုင်ရှင် အားလုံး လင်းယွမ်၏ ဝါးအိမ်သို့ စုရုံးရောက်ရှိလာကြသည်။

လင်းယွမ်က တရားဝင် ကြေညာလိုက်သည်။ "အားလုံးပဲ... ကျွန်တော် ဒီ ခိုလှုံရေးစခန်းမှာ ကုန်တိုက်ကြီး တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားပါတယ်"

သူက မိမိ၏ စီမံကိန်းကို ထုတ်ဖော် ပြောကြားလိုက်ပြီးနောက် ဘေးနားရှိ ရန်မေကို လှမ်းကြည့်လိုက်သည်။

"အမမေ... အမကပဲ ဒီ ကုန်တိုက်ကြီး အကြောင်း အားလုံးကို ရှင်းပြပေးလိုက်ပါဦး"

ရန်မေက ရှေ့သို့ ထွက်လာပြီး "ကုန်တိုက်ကြီး ဆိုတာကတော့ ရေမကြီးခင် ခေတ်တုန်းက ရှိခဲ့တဲ့ ဝမ်တတို့ အီးယွန်တို့လို ဈေးဝယ်စင်တာကြီးတွေနဲ့ သဘောသဘာဝ တူတယ်"

"ကျွန်မတို့ရဲ့ ကုန်တိုက်ကြီးက ခိုလှုံရေးစခန်းက သယံဇာတ အရင်းအမြစ် အားလုံးကို စုစည်းထားမှာ ဖြစ်ပြီး အဲဒီမှာ သားသတ်ရုံ၊ အစားအသောက်တန်း၊ ဖျော်ဖြေရေး၊ ကုန်သွယ်မှု ဇုန် ဆိုပြီး အပိုင်းတွေ ခွဲထားပါလိမ့်မယ်"

"အဲဒီအချိန်ကျရင် လုပ်အား အားလုံးကို လွတ်လပ်ခွင့် ပေးလိုက်မှာ ဖြစ်ပြီး သီးသန့် လူတစ်စုကပဲ ဒီကိစ္စတွေကို တာဝန်ယူ လုပ်ကိုင်ကြမှာပါ... ကျန်တဲ့သူတွေကတော့ ကိုယ်ဝါသနာပါရာ ငါးဖမ်းတာ၊ အမဲလိုက်တာ ဒါမှမဟုတ် တခြား အလုပ်ကိစ္စတွေကိုပဲ အာရုံစိုက် လုပ်ကိုင်ကြရုံပါပဲ"

သူမ၏ စကားသံ ဆုံးသည်နှင့် လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

"ကုန်တိုက်ကြီး ဟုတ်လား... အာ... နားထောင်ရတာတင် ဟိုတုန်းက ခေတ်ကို ပြန်ရောက်သွားသလိုပဲ"

"အမမေ... ဒီ ကုန်တိုက်ကြီးက ဘယ်လောက်အတိုင်းအတာ ရှိမှာလဲ... ဘယ်နေရာမှာ ဆောက်မှာလဲ"

"အစ်ကိုလင်း... ကုန်တိုက်ကြီးထဲမှာ ဘာတွေ ရောင်းမှာလဲ"

"အစားအသောက်တန်း ဟုတ်လား... ငါးကလွဲလို့ ကျွန်တော်တို့ဆီမှာ ဘာအစားအစာ ရှိသေးလို့လဲ"

"ကုန်သွယ်မှုဇုန် ဆိုတာတော့ မဆိုးဘူး... ကိုယ့်လက်ထဲက မလိုတဲ့ ပစ္စည်းတွေကို ထုတ်ရောင်းပြီး လိုချင်တာ ပြန်ဝယ်လို့ ရတာပေါ့"

"သားသတ်ရုံကရော ဘာအဓိပ္ပာယ်လဲ... ငါးကူသတ်ပေးမှာလား"

......

အားလုံးက တရုန်းရုန်းနှင့် ဆွေးနွေးငြင်းခုံနေကြပြီး လေထုမှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည်။

ရန်ဆန်းမင်၊ တင်းယန် စသည့် အသိပညာ ဗဟုသုတ ရှိသူများ၏ မျက်လုံးများမှာ အရောင်တောက်လာကြ၏။

ဒီလူတွေက ရန်မေ၏ ရိုးရှင်းသော မိတ်ဆက်စကားကို ကြားလိုက်ရုံဖြင့် ဒီကိစ္စတွင် ပါဝင်နေသည့် ကြီးမားသော စီးပွားရေး အခွင့်အလမ်းကို ချက်ချင်း နားလည်လိုက်ကြသည်။

ဒါသာ တကယ် ဖြစ်လာခဲ့လျှင် ခိုလှုံရေးစခန်း၏ အဆင့်အတန်းက ချက်ချင်း မြင့်တက်သွားပေလိမ့်မည်။

ရန်ဆန်းမင်က မနေနိုင်တော့ဘဲ "ဆရာလင်း... ဒီ ကုန်တိုက်ကြီးကို ခင်ဗျား တစ်ယောက်တည်း လုပ်မှာလား"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ကာ "အဓိက အပိုင်းကိုတော့ ကျွန်တော် ဦးစီးမှာပါ... ခင်ဗျားတို့ ပါဝင်ချင်တယ် ဆိုရင်လည်း ကျွန်တော် အစုရှယ်ယာ ခွဲပေးပါ့မယ်"

"တစ်ခု ကြိုပြောထားချင်တာက... ရှုပ်ထွေးမှုတွေ မဖြစ်ရအောင်... ဒီကုန်တိုက်ကြီးမှာ ငွေကြေးအစား အမှတ်စနစ်ကို အသုံးပြုပြီး... ပလက်ဖောင်းပေါ်ကနေ အမှတ်နဲ့ အရောင်းအဝယ် လုပ်ကြမှာပါ"

"သားသတ်ရုံဘက်မှာကတော့... သန္ဓေပြောင်း သတ္တဝါ အမျိုးမျိုးကို ပြန်ဝယ်ယူပေးပါလိမ့်မယ်... ရေထဲက အကောင်ဖြစ်ဖြစ် ကုန်းပေါ်က အကောင်ဖြစ်ဖြစ်ပေါ့... ဝယ်ယူတဲ့အခါ အမှတ်နဲ့ ပေးချေမှာပါ"

"ဆိုလိုတာက လူတိုင်းက ကိုယ့်ရဲ့ သားကောင်ကို သားသတ်ရုံမှာ ရောင်းလိုက်ရင် အမှတ်တွေ ရလာမယ်"

"အဲဒီ အမှတ်တွေကို ကုန်တိုက်ကြီးထဲမှာ စိတ်ကြိုက် သုံးစွဲနိုင်တယ်"

"သုံးစွဲနိုင်တဲ့ အရာတွေထဲမှာ အစားအသောက်၊ ဖျော်ဖြေရေး နဲ့ ပစ္စည်းဝယ်ယူတာတွေ အားလုံး ပါဝင်ပါတယ်"

ကျောက်ခိုင်က စိတ်မရှည်စွာဖြင့် "အစ်ကိုလင်း... အစားအသောက် အနေနဲ့ ဘာတွေ ရှိမှာလဲဗျ"

လင်းယွမ်က ရယ်မောလိုက်ပြီး "အဓိကကတော့ အသားဟင်းလျာတွေ၊ အစာပြေ နဲ့ ဟင်းသီးဟင်းရွက်တွေ ပံ့ပိုးပေးမှာပါ... ဒီအပိုင်းကိုတော့ ကျွန်တော် ထိန်းချုပ်ထားပါမယ်"

"ကျန်တဲ့ ကုန်ပစ္စည်းတွေ အနေနဲ့လည်း ကျွန်တော် စီစဉ်ပေးမှာပါ... နေ့စဉ်သုံး ပစ္စည်းတွေတင်မကဘူး... ရေချိုးသန့်စင်ပစ္စည်းတွေ၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ ဖိနပ် စတာတွေ အားလုံး ရှိလာမှာပါ"

ထိုစကားကို ကြားလိုက်ရသည့်အခါ အားလုံး၏ မျက်လုံးများ အရောင်တောက်လာကြတော့သည်။

သူတို့အားလုံး လင်းယွမ်၏ ဂူကို ဝင်ရောက် လေ့လာဖူးကြပြီး ထိုနေရာက ဘယ်လောက် သက်တောင့်သက်သာ ရှိလိုက်သလဲ ဆိုတာ သိကြသည်လေ။

တကယ်လို့ သူတို့သာ ပရိဘောဂတွေ၊ လျှပ်စစ်ပစ္စည်းတွေ ဝယ်လို့ရမယ်ဆိုရင် ကိုယ့်ဂူကိုလည်း လှလှပပ ပြင်ဆင်လို့ ရပြီပေါ့။

အထူးသဖြင့် မိန်းကလေးများမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

သူတို့ ရန်မေကို ကြည့်ပြီး အားကျနေရသည်မှာ ကြာပြီဖြစ်သည်။ နေ့တိုင်း လှလှပပ ပြင်ဆင်ထားပြီး ကိုယ်သင်းနံ့ကလည်း မွှေးကြိုင်နေသည်။

သူတို့မှာတော့ တစ်ကိုယ်လုံး ချွေးစော် မနံလျှင်တောင် ငါးညှီနံ့ နံနေတတ်သည်။

နေ့တိုင်း ရေချိုးပြီး ဆပ်ပြာတိုက်ခွင့် ရမည်ဆိုလျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။

ယောက်ျားလေးများ အတွက်လည်း ပြောစရာ မလိုတော့ပေ။ ဘယ်သူကများ နေ့တိုင်း အသေအလဲ ပင်ပန်းလာပြီးမှ ပြန်ရောက်တာနဲ့ ထမင်းဟင်း ချက်ချင်ကြမည်နည်း။

အသင့်စား ဟင်းလျာတွေသာ ရှိမည်ဆိုလျှင် သိပ်ကောင်းမည့် ကိစ္စပင်။

လင်းယွမ်၏ ဤစီမံကိန်းကို လူတိုင်းက ချက်ချင်းပင် ထောက်ခံလိုက်ကြသည်။

ကျောက်ခိုင်နှင့် အခြားသူများကဆိုလျှင် လင်းယွမ်ကို အမြန်ဆုံး အကောင်အထည် ဖော်ရန်ပင် တိုက်တွန်းနေကြ၏။

ရှီဟိုင်ကျူးက အော်ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော်တို့ လုပ်ပေးရမယ့် ကိစ္စရှိရင် ပြောသာပြောဗျာ"

လင်းယွမ်က ပြုံးလိုက်ပြီး "လောလောဆယ် အဓိက ပြဿနာက နေရာပဲ... ဒီ ကုန်တိုက်ကို အပြင်ဘက်မှာ ဆောက်လို့တော့ မဖြစ်ဘူး... ဒါဆိုရင် သန္ဓေပြောင်း သတ္တဝါတွေရဲ့ တိုက်ခိုက်တာကို ခံရနိုင်သလို တခြား အစွမ်းပိုင်ရှင်တွေရဲ့ မျက်စိကျတာကိုလည်း ခံရနိုင်တယ်"

"ဒါကြောင့် ကျွန်တော်က ဒီနားက တောင်ကမ်းပါးယံ တစ်ခုခုမှာ သင့်တော်တဲ့ နေရာရှာပြီး အတွင်းပိုင်းကို တူးဖော် ဆောက်လုပ်ဖို့ စိတ်ကူးထားတယ်... အနည်းဆုံး ၄ ထပ်လောက်ပေါ့... ပထမထပ်နဲ့ ဒုတိယထပ်ကို စားသောက်ဆိုင်၊ တတိယထပ်ကို ကုန်တိုက်၊ စတုတ္ထထပ်ကို အနားယူ ဖျော်ဖြေရေး နေရာ လုပ်မယ်"

"အထပ်တိုင်းရဲ့ အကျယ်အဝန်းက သိပ်ကျဉ်းလို့ မဖြစ်ဘူး... အနည်းဆုံးတော့ စူပါမားကတ် အသေးစားလောက်တော့ ရှိရမယ်"

"ဒါဆိုရင် လုပ်ရမယ့် အလုပ်က မနည်းဘူးနော်" ကျောက်ခိုင်က ဝင်ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ကာ "ဟုတ်တယ်... ဒါကြောင့် ခင်ဗျားတို့ကို ခေါ်လိုက်တာ... ဒီကိစ္စကို အားလုံး ဝိုင်းဝန်း ကူညီပေးကြဖို့လေ... ပါဝင်ကူညီတဲ့သူ အားလုံးကို အကျိုးအမြတ် ရှယ်ယာ ခွဲပေးမယ်"

ရှိနေသော အစွမ်းပိုင်ရှင် အားလုံး စိတ်လှုပ်ရှားသွားကြသည်။

ဒီစီမံကိန်းက နားထောင်လိုက်ရုံနဲ့တင် သေချာပေါက် အမြတ်ထွက်မယ့် ကိစ္စမှန်း သိသာနေသည်။

အထူးသဖြင့် လင်းယွမ်က ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်သည့်အတွက် ပစ္စည်းအမြောက်အမြားကို သူ ပိုင်ဆိုင်ထားမှာ သေချာသည်။

ဒါကြောင့် ဒီကုန်တိုက်ကြီးက အလားအလာ အလွန်ကောင်းသည်။

အခု သူတို့အနေနဲ့ လုပ်အား နည်းနည်း စိုက်ထုတ်လိုက်ရုံနဲ့ အနာဂတ် အကျိုးကျေးဇူးတွေကို ခံစားရမည် ဆိုမှတော့ ဘယ်သူက ငြင်းမည်နည်း။

လင်းယွမ် အနေဖြင့်လည်း အစွမ်းပိုင်ရှင် အားလုံးကို စည်းရုံးထားဖို့ လိုအပ်သည်။ ခိုလှုံရေးစခန်း တစ်ခုကို လည်ပတ်ဖို့အတွက် ယခင်က ရှိခဲ့တဲ့ ဩဇာအာဏာ တစ်ခုတည်းနဲ့တော့ ရေရှည် မဖြစ်နိုင်ပေ။

အကျိုးစီးပွားနဲ့ ချည်နှောင်ထားမှသာ သူတို့ရဲ့ ဆက်ဆံရေးက ခိုင်မြဲမည် ဖြစ်သည်။

ထို့ကြောင့် အားလုံးက စိတ်လှုပ်ရှားစွာဖြင့် သဘောတူ လက်ခံလိုက်ကြသည်။

လင်းယွမ်ကလည်း ပြုံးရွှင်စွာဖြင့် လူအများနှင် စာချုပ်စာတမ်း အချို့ကို လက်မှတ်ရေးထိုးလိုက်သည်။

ဥပဒေဆိုတာ မရှိတော့သည့်တိုင် ကတိစကား သက်သက်နှင့်လည်း မဖြစ်ပေ။ စာရွက်စာတမ်း အထောက်အထား ကျန်ရှိနေမှသာ အားလုံး စိတ်ထဲတွင် ယုံကြည်မှု ရှိပြီး အလုပ်လုပ်ရတာ စိတ်ဖြောင့်မည် ဖြစ်သည်။

အမြတ် ဘယ်လိုခွဲမလဲ၊ ရှယ်ယာ ဘယ်လောက်လဲ ဆိုတာတွေကိုတော့ အသေးစိတ် ပြောမနေတော့ပေ။

လင်းယွမ်အတွက် အဓိက လိုချင်သည်မှာ ကုန်တိုက်ကြီး မဟုတ်ဘဲ အမှတ်စနစ်ဖြင့် လည်ပတ်မည့် ပလက်ဖောင်းသာ ဖြစ်သည်။ လူတိုင်း သူ့အတွက် အလုပ်လုပ်ပေးမည်၊ သူ့အတွက် ငါးဖမ်း အမဲလိုက်ပေးမည်၊ ထိုမှတဆင့် သူ အမှတ်များများ ရမည်။

ကျန်တာတွေကတော့ အားလုံး အသားစားရပြီး ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဘေးထွက် အကျိုးကျေးဇူးတွေသာ ဖြစ်သည်။

ခြုံပြောရလျှင် ဒီစီမံကိန်းက နှစ်ဦးနှစ်ဖက် ပျော်ရွှင်ရမည့် ကိစ္စပင်။

စာချုပ်ကိစ္စ ပြီးသွားတော့ နေရာရွေးချယ်ရန် ဖြစ်လာသည်။

အားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် သူတို့ ကောင်းသည် ထင်သည့် နေရာများကို ထောက်ခံ တင်ပြကြသည်။

ထိုအချိန်တွင် ဆုန့်ဝမ်က ရုတ်တရက် "အစ်ကိုလင်း... ကျွန်မ နေရာကောင်း တစ်ခု တွေ့ထားတယ်... တကယ် ကောင်းတဲ့နေရာပါ"

လင်းယွမ်က သူမကို လှမ်းကြည့်ပြီး "ဟုတ်လား... ဘယ်နေရာကို တွေ့ထားတာလဲ"

"မီးဝါးတောရဲ့ အနောက်ဘက်မှာ တောင်ကြား တစ်ခုရှိတယ်... အဲဒီနေရာက သုံးဖက် သုံးတန် တောင်ရံထားပြီး ဝင်ပေါက် ထွက်ပေါက် တစ်ခုတည်း ရှိတယ်... အဲ့ဝင်ထွက်ပေါက်က ကျွန်မတို့ရဲ့ ဒီ မီးဝါးတောပဲ"

"ကျွန်မနဲ့ အဒေါ်ကြီးလီ ပိန်းဥစိုက်ဖို့ နေရာရှာရင်း ပတ်ဝန်းကျင် မြေအနေအထားကို သေချာ လိုက်ကြည့်ထားတာလေ"

"ကျွန်မ အမြင်ကတော့ အဲဒီနေရာက ကုန်တိုက် တည်ဆောက်ဖို့ သင့်တော်ရုံတင် မကဘူး... တောင်ကြားထဲမှာ စိုက်ပျိုးရေးပါ လုပ်လို့ ရနိုင်တယ်"

"ကျွန်မတို့ ဒီ မီးဝါးတော တစ်ဖက်ကိုသာ လုံအောင် ကာကွယ်ထားနိုင်ရင် ကျန်တဲ့ ဘက်တွေက တောင်တွေ ကာထားပြီးသားဆိုတော့ ပြီးပြည့်စုံတဲ့ ခိုလှုံရေးစခန်း တစ်ခု ဖြစ်လာမှာ"

ဆုန့်ဝမ် ပြောပြီးသည်နှင့် ရန်ဆန်းမင်ကလည်း "ခင်ဗျား ပြောတဲ့ နေရာကို ကျွန်တော်လည်း ရောက်ဖူးတယ်... ဆရာလင်း... အဲဒီနေရာက တကယ် ကောင်းတယ်ဗျ... တောင်ကြား အကျယ်အဝန်းကလည်း မသေးဘူး... မြေမျက်နှာသွင်ပြင်ကလည်း ညီညာတယ်... အထဲက ပေါင်းပင်တွေ သစ်ပင်တွေကို ရှင်းလိုက်ရင် အခြေစိုက်စခန်း တစ်ခုအဖြစ် ဖွံ့ဖြိုးအောင် လုပ်လို့ ရတယ်"

လင်းယွမ် စဉ်းစားလိုက်ပြီး "ဒါဖြင့် မနက်ဖြန် ကျွန်တော်တို့ အားလုံး သွားကြည့်ကြတာပေါ့... ဒီနှစ်ရက်အတွင်းမှာတော့ ပင်လယ်ရေတက်လာမယ့် ကိစ္စကို အဓိက တာဝန်အနေနဲ့ ထားကြတာပေါ့"

အားလုံးက ခေါင်းညိတ်လိုက်ကြပြီး စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။

ဘဝက တဖြည်းဖြည်း မျှော်လင့်ချက် ရှိလာပြီ ဖြစ်သည်။ မိန်တုဥယျာဉ်မှ ထွက်ခွာလာစဉ်က အားလုံး၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အနာဂတ်က ဘယ်မှာလဲ၊ ဘယ်သူမှ မသိခဲ့ကြ။ တစ်ကမ္ဘာလုံး ရေတွေကြီး၊ နေရာတိုင်းမှာ သန္ဓေပြောင်း သတ္တဝါတွေနဲ့ မျှော်လင့်ချက် ဆိုတာ ရှာမတွေ့ခဲ့ပေ။

အခုတော့ မတူတော့... အားလုံး ထိုက်ယန်တောင်ကို ရောက်လာကြပြီ... ခြေချစရာ နေရာ ရှာတွေ့ခဲ့ကြပြီ။

စားရေးသောက်ရေး ကျပ်တည်းနေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်ကို မြင်နေရပြီ ဖြစ်သည်။

ရေအရင်းအမြစ် ရှိသည်၊ မြေ ရှိသည်... ဒါဆို မျှော်လင့်ချက် ရှိပြီ။

အဓိကအချက်က သူတို့ စစ်တပ်နဲ့ အဆက်အသွယ် ရခဲ့ပြီး စစ်တပ်ဆီက သတင်းတွေ ရခဲ့သည်။

စစ်တပ် ရှိနေသေးကြောင်း၊ နိုင်ငံတော် လုံးဝ ပြိုကွဲမသွားသေးကြောင်း သိလိုက်ရတော့ အားလုံးအတွက် အားကိုးစရာ ရှိလာသည်။

အခု လင်းယွမ်က ဦးဆောင်ပြီး အခြေအနေကို ထိန်းကျောင်းပေးနေသဖြင့် ထိုက်ယန်တောင်တွင် အခြေချနိုင်ခဲ့ပြီ... အရာအားလုံးက ကောင်းမွန်သည့် ဘက်သို့ ဦးတည်နေသည်။

ဒီအရာအားလုံးက အရင်တုန်းက တိုက်ခန်းထဲ ပုန်းအောင်းနေရသည့် ဘဝနှင့် စာလျှင် ကွာခြားလွန်းလှသည်။

ဟိုတုန်းကတော့ မနက်ဖြန် ဘာဖြစ်မယ်မှန်း မသိ၊ ဒီတစ်နပ် စားပြီးရင် နောက်တစ်နပ် စားရပါ့မလား ပူနေရသည်။

အဲဒီထက် စောတဲ့ အချိန်တုန်းကဆိုလျှင် အသက်အန္တရာယ်တောင် စိုးရိမ်ရပြီး ဝမ်ကျဲ၊ လျှိုအားလုံ တို့လို လူတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရသည်။

အခု ပြန်ကြည့်လိုက်တော့ အားလုံး အသက်ရှင် ကျန်ရစ်ခဲ့ကြရုံမက ဘဝက ပိုပြီး ကောင်းမွန်လာခဲ့ပြီ မဟုတ်ပါလော။

"အဲဒီနေ့တုန်းက တိုက်ခန်းထဲမှာပဲ ကျန်နေရစ်ခဲ့ပြီး ကယ်ဆယ်ရေး လာမယ့်အထိ စောင့်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ လူတွေများ... ကျွန်မတို့ရဲ့ အခု ဘဝကို သိရင် နောင်တရကြမလား မသိဘူးနော်"

လမ်းတွင် လျှိုဖိန်ဖိန်က မနေနိုင်ဘဲ ညည်းတွား ပြောဆိုလိုက်သည်။

ဘေးနားရှိ ကျောက်ခိုင်က ပြုံးလိုက်ပြီး "လူတိုင်းမှာ ကိုယ်စီ ရွေးချယ်မှုတွေ ရှိကြတာပဲလေ"

"ငါကတော့ အစကတည်းက ယုံကြည်တယ်... ဒီကမ္ဘာပေါ်မှာ ငါတို့ကို အသက်ရှင်အောင် ခေါ်သွားနိုင်မယ့်သူ ရှိတယ်ဆိုရင် အဲဒါ အစ်ကိုလင်း ပဲ ဖြစ်မှာလို့"

သူတို့ ပြောစကားကို ကြားတော့ လူအများက လှည့်ကြည့်လာကြသည်။

ရန်ဆန်းမင်ကလည်း သက်ပြင်းချရင်း "ဟုတ်ပါတယ်... ဆရာလင်း တစ်ယောက်တည်းသာ လုံလောက်တဲ့ ကြင်နာမှု ရှိသလို ကျွန်တော်တို့ကို အသက်ရှင်အောင် ခေါ်ဆောင်သွားနိုင်မယ့် အရည်အချင်းလည်း ရှိတာပါ"

သူ တွေးတောင် မတွေးရဲပေ... တကယ်လို့ လင်းယွမ်သာ မရှိခဲ့ရင် သူတို့ တိုက်ခန်းက လူတွေ တန့်ဟူ တို့လို လူတွေရဲ့ ခေါင်းပုံဖြတ် ဖိနှိပ်မှုအောက်မှာ သေကုန်ကြလောက်ပြီ။

တန့်ဟူကို သတ်နိုင်ခဲ့ရင်တောင် တိုက်ခန်းထဲမှာ ဆက်နေခဲ့ရင် သန္ဓေပြောင်း ဖားကြီးတွေလို သတ္တဝါတွေရဲ့ လက်ချက်နဲ့ သေကြရမှာ သေချာသည်။

အခု သူတို့ အသက်ရှင်နေရတာ၊ ထိုက်ယန်တောင်မှာ ခြေကုပ်ယူနိုင်တာ အားလုံးက လင်းယွမ်ကြောင့်ပင် ဖြစ်သည်။

"ဒီ ကုန်တိုက်ကြီး စီမံကိန်းကို အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြရမယ်"

ရန်ဆန်းမင်က ဆက်ပြောလိုက်သည်။ "တကယ်လို့များ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ဒီတစ်ခေါက် ကျွန်တော်တို့ ထိုက်ယန်တောင်မှာ အခိုင်အမာ ခြေကုပ်ယူနိုင်ပြီ... အဲဒီကျရင် ခိုလှုံရေးစခန်းကြီး ၄ ခုကတောင် ကျွန်တော်တို့ကို အထင်ကြီး လေးစားလာရလိမ့်မယ်... ပြောမရဘူး... ကျွန်တော်တို့က ပဉ္စမမြောက် ခိုလှုံရေးစခန်းကြီး ဖြစ်လာနိုင်တယ်"

"ဟုတ်တယ်... တို့ဆီမှာ လူအင်အားကလည်း တခြား ခိုလှုံရေးစခန်းတွေထက် မလျော့ဘူး... ဆရာလင်း နောက်လိုက်ရင် သေချာပေါက် အောင်မြင်မှာ"

"ကဲ... အားလုံးပဲ... ကြိုးစားကြမယ်ဟေ့"

"အသက်ရှင်အောင် နေကြမယ်"

ဆက်ရန်...

All Chapters