အခန်း (၂၁၇-၂၁၈)
Vol. 11 Ch. 217-218
အပိုင်း(၂၁၇) ကွင်းဆင်းလေ့လာခြင်းနှင့် ပေါက်ကွဲမှု
ဝါးအိမ်ဘက်၌ အိပ်မပျော်သော သက်ကြီးရွယ်အိုများသည် စောစီးစွာထကာ မနက်စာအတွက် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။
အဒေါ်ကြီးလီက မနက်စောစောစီးစီး လှေကားထစ်စိုက်ခင်းသို့ ကမန်းကတန်းသွားကာ သူမ၏ ပိန်းဥခင်း အခြေအနေကို သွားကြည့်သည်။
ချိုင်ကြည်၊ ဦးလေးမာနှင့် အခြားသူများက ဝါးပလိုင်းများကို လွယ်၊ ငါးဖမ်းပိုက်နှင့် ငါးမျှားတံများကို ကိုင်ဆောင်လျက် ကားလမ်းမပေါ်သို့ တက်ကာ ရေစပ်ရှိရာဆီသို့ အဖော်များနှင့်အတူ သွားကြသည်။
လူတိုင်းတွင် လုပ်စရာကိုယ်စီ ရှိနေကြသည်။ ပင်ပန်းကြသော်လည်း မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြ၏။
အလုပ်များနေခြင်းက တိုက်ခန်းထဲတွင် ထိုင်ပြီး သေမည့်နေ့ကို စောင့်နေရခြင်းထက် ပိုကောင်းသည် မဟုတ်ပါလော။
လင်းယွမ်က သူ့အိမ်ရှိရာ ဝါးအိမ်ထပ်သို့ ပြန်ရောက်သည်နှင့် အနံ့မွှေးမွှေးကို ခပ်လှမ်းလှမ်းကတည်းက ရလိုက်သည်။
သူ အပေါ်ထပ်သို့ တက်ကြည့်လိုက်ရာ ရန်မေက မနက်စာ ပြင်ဆင်နေလေပြီ။
မနက်စာအတွက် ကန်စွန်းဥပြုတ်ရည်နှင့်အတူ အချဉ်တည်ထားသော ငါးအသားပေါက်စီက အငွေ့တထောင်းထောင်းဖြင့် အနံ့က မွှေးကြိုင်နေပြီး ကာဗိုဟိုက်ဒရိတ် အပြည့်အဝ ပါဝင်ပေသည်။
ထို့ပြင် သူမက ကြက်ဥအချို့ကိုလည်း ကြော်ထားသေးသည်။ ဆီပူပူတွင် ကြွပ်ရွနေအောင် ကြော်ထားသော သန္ဓေပြောင်းငါးကြော်ပေါ်တွင် ငရုတ်သီးမှုန့်လေးများ ဖြူးထားသဖြင့် စိတ်ချမ်းမြေ့ဖွယ် အနံ့အသက်တို့ကို ပေးစွမ်းနေ၏။
လင်းယွမ်သည် တစ်ညလုံး လေ့ကျင့်ထားရသဖြင့် ဗိုက်က ဟာလာဟင်းလင်း ဖြစ်နေပြီဖြစ်သည်။ သူက ရှေ့သို့တိုးကာ သူမ၏ ခါးသိမ်သိမ်လေးကို လှမ်းဖက်လိုက်ပြီး အသက်ဝဝ ရှူသွင်းလိုက်ရင်း...
"မွှေးလိုက်တာ"
ရန်မေက ပြုံးလျက် ဆိုသည်။
"မောင်လေး ဗိုက်ဆာနေမယ်ဆိုတာ သိလို့... လာ... ထမင်းစားရအောင်"
"ကျွန်တော်ပြောတာ အမမေဆီက ကိုယ်သင်းနံ့လေးက မွှေးနေတာလို့"
"ခစ်ခစ်... မနက်စောစောစီးစီး ပါးစပ်က ချိုနေပါရောလား... ကဲ... မြန်မြန်စားပါ... လိမ္မာတယ်... ဒီမှာ ပလာတာ နည်းနည်း ထပ်လုပ်လိုက်ဦးမယ်... ခဏနေရင် တင်းယန်... ဆုန့်ဝမ်နဲ့ ဖိန်ဖိန်တို့လည်း လာစားကြမှာ"
သူမက လင်းယွမ်ကို အနမ်းတစ်ပွင့် ပေးလိုက်ပြီး ထမင်းစားပွဲဆီသို့ တွန်းပို့လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်ကာ အားနာမနေတော့ဘဲ စတင် စားသောက်လိုက်တော့သည်။
ယခုလိုအချိန်မျိုးတွင် ဤမျှ ပြည့်စုံကောင်းမွန်သော မနက်စာမျိုးကို စားနိုင်သည်မှာ လင်းယွမ်တို့ဆီ၌သာ ရှိပေလိမ့်မည်။
မကြာခင်မှာပင် လင်းယွမ်က ပေါက်စီများကို ကုန်စင်အောင် စားလိုက်ပြီး ကန်စွန်းဥပြုတ်ရည် သုံးပန်းကန်သောက်ကာ ငါးကြော်နှစ်ကောင်ကိုပါ ထပ်စားလိုက်မှ ဗိုက်ဝသွားတော့သည်။
ထိုအချိန်တွင် တင်းယန်၊ ဆုန့်ဝမ်၊ တုံယန်၊ လျှိုဖိန်ဖိန်နှင့် ကျောက်ခိုင်တို့ ရောက်လာကြသည်။
တုံယန်က သူမ၏ မောင်လေး တုံကျဲကိုပါ ခေါ်လာခဲ့သည်။
ရောက်သည်နှင့် တုံကျဲက တံတွေးတွေ မြိုချနေရရှာသည်။ သူသည် ယခုအခါ စားရေးသောက်ရေး မပူရသော်လည်း ချက်ပြုတ်ခြင်း၌မူ ကျွမ်းကျင်သူ မဟုတ်ပေ။
လင်းယွမ်ဆီ လာတိုင်း ရန်မေ လက်ရာများကို စားဖူးပြီးနောက် အခြားသူများ ချက်ပြုတ်သည်ကို သူ မစားချင်တော့ပေ။
"အား... မွှေးလိုက်တာ... အမမေ... ဘာတွေ ချက်နေတာလဲ"
လျှိုဖိန်ဖိန်က ရန်မေရှိရာဆီသို့ အပြေးသွားကာ ဝမ်းသာအားရ မေးလိုက်သည်။
ကျောက်ခိုင်ကလည်း တံတွေးတစ်ချက် မြိုချလိုက်ပြီး လှမ်းအော်ပြောလိုက်သည်။
"အစ်ကိုလင်း... အစ်ကိုက နေ့တိုင်း စားသောက်နေတာ ကောင်းလွန်းမနေဘူးလား... တော်သေးတာပေါ့ တခြားသူတွေ မမြင်လို့... မဟုတ်ရင် သွားရည်ကျပြီး သေသွားလောက်တယ်"
လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။
"ကုန်တိုက်အဆောက်အအုံ ပြီးသွားရင် သူတို့လည်း ဒါတွေ စားရမှာပါ"
"ရော့... ပေါက်စီတစ်လုံး စားလိုက်"
ပြောရင်းဆိုရင်း သူက ကျောက်ခိုင်ကို အသားပေါက်စီအကြီးကြီး တစ်လုံး လှမ်းပေးလိုက်သည်။
ကျောက်ခိုင်ကလည်း အားနာမနေဘဲ ပေါက်စီကို လှမ်းယူကာ ကန်စွန်းဥပြုတ်ရည် တစ်ပန်းကန်ခပ်ပြီး အားရပါးရ စားသောက်လေတော့သည်။
စားသောက်နေရင်း သူက မေးလိုက်သည်။
"အစ်ကိုလင်း... ဒီနေ့ ဆုန့်ဝမ်တို့ပြောတဲ့ တောင်ကြားချိုင့်ဝှမ်းဘက်ကို သွားကြည့်မှာလား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"အင်း... ဒီနေ့ သွားကြည့်မယ်... အဆင်ပြေတယ်ဆိုရင် နေရာသတ်မှတ်လိုက်တော့မယ်"
"သိပြီ... ဒါဆို ကျွန်တော် စားပြီးတာနဲ့ လူသွားခေါ်လိုက်မယ်"
တင်းယန်က ရန်မေနားတွင် ပုန်းအောင်းနေသော ဆုန့်ဝမ်ကို လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားရသဖြင့် လှမ်းခေါ်လိုက်သည်။
"ဆုန့်ဝမ်... လာလေ... ထမင်းလာစား"
ဆုန့်ဝမ်က လင်းယွမ်ကို မသိစိတ်ဖြင့် တစ်ချက် လှမ်းကြည့်ပြီး အကြည့်လွှဲလိုက်ကာ...
"အော်... ငါ... ကန်စွန်းဥပြုတ်ရည် တစ်ခွက် ခပ်လိုက်ဦးမယ်"
တုံယန်က ချက်ချင်း လှမ်းအော်ပြောသည်။
"အမဆုန့်... ဒီမှာ အမဖို့ ခပ်ပြီးသား ရှိတယ်... လာ... ဒီမှာ လာထိုင်"
သူမက လက်လှမ်းပြနေသည့် နေရာမှာ လင်းယွမ်၏ ဘေးတွင် ဖြစ်နေသည်။
ဆုန့်ဝမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ တင်ပါးပေါ်က ကိုက်ရာနေရာလေးက ယားကျိကျိ ဖြစ်နေသလို ခံစားရသည်။
သူမက မတတ်သာဘဲ ပြုံးလိုက်ရပြီး မျက်နှာရဲရဲဖြင့် လျှောက်လာခဲ့သည်။
လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ... ငါက ကိုက်စားမှာ စိုးလို့လား"
သူ့ကို ဘာမှမဖြစ်သလို ပုံစံဖြင့် မြင်လိုက်ရသဖြင့် ဆုန့်ဝမ်မှာ ဒေါသထွက်လွန်း၍ အံကြိတ်လိုက်မိသည်။ သူမမှာ သူ့ဘေးတွင် ဝင်ထိုင်ရုံမှတစ်ပါး အခြားမတတ်နိုင်သဖြင့် ခုံအောက်မှနေ၍ သူ့ကို တိတ်တဆိတ် ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဘာမှ ပြန်မလုပ်ပေ။ သို့သော် သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ သူမ၏ တင်ပါးအိအိလေးမှ ကိုက်ရာနေရာကို ဖွဖွလေး လှမ်းဆွဲလိုက်သည်။
ဆုန့်ဝမ်မှာ တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလို တုန်တက်သွားပြီး ပြုတ်ရည်ပန်းကန်တောင် မှောက်လုနီးပါး ဖြစ်သွားသည်။
"အိုး... ဖြည်းဖြည်း... ဖြည်းဖြည်း"
လျှိုဖိန်ဖိန်က လှမ်းအော်သတိပေးလိုက်သည်။
ဆုန့်ဝမ်က မျက်နှာရဲတက်သွားပြီး ကပျာကယာ ပြောလိုက်သည်။
"ရတယ်... ရတယ်... နည်းနည်း ချော်သွားလို့"
တင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခု လွဲနေသည်ဟု ခံစားရသဖြင့် လင်းယွမ်ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။
လင်းယွမ်ကမူ ကျောက်ခိုင်နှင့် တည်ဆောက်တော့မည့် ကုန်တိုက်အခြေစိုက်စခန်းအကြောင်း တည်တည်ကြည်ကြည် ဆွေးနွေးနေလေသည်။
တင်းယန်က မျက်လုံးကို မှေးစင်းလိုက်ပြီး တစ်ခုခုကို တွေးမိကာ စားပွဲခုံအောက်သို့ ငုံ့ကြည့်လိုက်သည်။
သို့သော် လင်းယွမ်၏ လှုပ်ရှားမှုများမှာ စိတ်စွမ်းအင်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ရာ သူမအနေဖြင့် မည်သို့ မြင်နိုင်ပါမည်နည်း။
သူမ သံသယဝင်နေသေးသည်ကို မြင်သောအခါ လင်းယွမ်က ပန်းကန်နှင့် တူကို ချလိုက်ပြီး ပြောလိုက်သည်။
"ငါတော့ တော်တော်လေး ဝသွားပြီ... ဆုန့်ဝမ်... တင်းယန်... နင်တို့လည်း စောစောစားကြ... စားပြီးရင် နင်တို့ပြောတဲ့ တောင်ကြားကို အတူတူ သွားကြည့်ကြမယ်"
"အမမေ... ကျွန်တော် အခန်းထဲသွားပြီး တစ်ရေးလောက် ပြန်အိပ်လိုက်ဦးမယ်"
ရန်မေက ဆိုသည်။
"သွား... သွားလေ"
လင်းယွမ် ထွက်သွားသည်နှင့် တင်းယန်က ထူးဆန်းသလို မေးလိုက်သည်။
"ရန်မေ... သူက ဘာလို့ပြန်အိပ်တာလဲ... ညတုန်းက မအိပ်ဘူးလား"
ဘေးနားရှိ လျှိုဖိန်ဖိန်က ချက်ချင်းပင် အတင်းအဖျင်း ပြောလိုသော မျက်နှာပေးဖြင့် အာမေဋိတ် ပြုလိုက်သည်။
"ဘာ... အမမေ... အမတို့ ညလုံးပေါက် မအိပ်ကြဘူးလား... အမ... အမက ဒီလောက်စောစော ဘယ်လိုလုပ် ထနိုင်တာလဲ"
ရန်မေ မျက်နှာ ရဲခနဲ ဖြစ်သွားပြီး...
"ဘာတွေ လျှောက်ပြောနေတာလဲ... မောင်လေးက ညတုန်းက လေ့ကျင့်ရေးဆင်းနေတာ"
ထိုစကားကြားသည်နှင့် လူတိုင်း ကြောင်အသွားကြပြီး အံ့သြသွားကြသည်။
တင်းယန်က ကပျာကယာ မေးလိုက်သည်။
"လေ့ကျင့်ရေး... ဘာလေ့ကျင့်ရေးလဲ"
"မသိဘူးလေ... သူက ညတုန်းက စောစောစီးစီး အပြင်ထွက်သွားပြီး မနက်ကျမှ ပြန်ရောက်လာတာ"
ကျောက်ခိုင်က မနေနိုင်ဘဲ ဝင်ပြောသည်။
"အစ်ကိုလင်းက တော်တော် လုံ့လဝီရိယ ရှိတာပဲဗျာ... သူက ဒီလောက် စွမ်းနေတာတောင် လေ့ကျင့်နေတုန်းလား"
ပြောပြီးသည်နှင့် သူက ခေါင်းခါလိုက်သည်။
"မဖြစ်တော့ဘူး... မနက်ဖြန်ကစပြီး ကျွန်တော်လည်း ကိုယ့်အစွမ်းကို ပြန်လေ့ကျင့်မှ ရတော့မယ်"
အခြားသူများလည်း သူများထက် နောက်ကောက်ကျ ကျန်ရစ်မည်ကို စိုးရိမ်စိတ် ဝင်လာကြပြီး ကိုယ်စီ တက်ကြွလာကြသည်။
တုံကျဲ တစ်ယောက်သာ ခေါင်းငုံ့ပြီး ပြုတ်ရည်ကို ကြိုးစားပမ်းစား သောက်နေလေသည်။
လင်းယွမ်က တစ်ရေးပြန်အိပ်မည်ဟု ပြောသော်လည်း တကယ်တမ်းတွင် တစ်နာရီမပြည့်ခင်မှာပင် နိုးလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက (၂၁.၈) အထိ မြင့်မားနေသဖြင့် ပြန်လည်သက်သာနှုန်းက အလွန် ကြောက်ခမန်းလိလိ ကောင်းမွန်လှသည်။
ယခုဆိုလျှင် ခန္ဓာကိုယ်ကို ထပ်တလဲလဲ ဒဏ်ခတ်လေ့ကျင့်ခဲ့သဖြင့် သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက လျင်မြန်စွာ ပြန်လည်ကုစားခြင်း စွမ်းရည်ကိုပါ ရရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် တစ်နာရီခန့် အနားယူလိုက်ရုံဖြင့် သူ၏ စိတ်စွမ်းအင်နှင့် ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာကာ ကျားတစ်ကောင်၊ နဂါးတစ်ကောင်ပမာ တက်ကြွလန်းဆန်းလာခဲ့သည်။
လင်းယွမ် အပြင်ထွက်လာသောအခါ မိန်းကလေးအချို့ ဧည့်ခန်းထဲတွင် တီဗွီကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ တီဗွီထဲတွင် ဟာသကားတစ်ခု ပြသနေပြီး ဗွီစီဒီ စက်ဖြင့် ဖွင့်ထားခြင်း ဖြစ်သည်။
တုံကျဲနှင့်အတူ ချိုင်ယောင်၊ ဝမ်အန်း၏ သမီးဖြစ်သူ ဝမ်ယုတို့လည်း ရှိနေကြသည်။ ကလေးအချို့မှာ ရှေ့နောက်လူးလိမ့်နေအောင် ရယ်မောနေကြပြီး အလွန် ပျော်ရွှင်နေကြပုံရသည်။
လင်းယွမ်လည်း လိုက်၍ ပြုံးမိသွားသည်။ လူများ၏ ဤမျှ ပျော်ရွှင်စွာ ရယ်မောသံများကို မကြားရသည်မှာ ကြာခဲ့ပြီ မဟုတ်ပါလော။
"အယ်... မောင်လေး... နိုးပြီလား... ဆူညံသံနေလို့ နိုးသွားတာလား"
လင်းယွမ် နိုးလာသည်ကို မြင်သောအခါ ရန်မေက အလျင်အမြန်ထလာပြီး ရေတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး...
"မဟုတ်ပါဘူး... အလိုလို နိုးလာတာပါ... ဘာကား ကြည့်နေကြတာလဲ"
သူက ရေတစ်ခွက်သောက်ရင်း တီဗွီဘက်သို့ လှမ်းကြည့်လိုက်သည်။
တင်းယန်က လှည့်ကြည့်ပြီး ပြောလိုက်သည်။
"စတီဖင်ချောင်ရဲ့ ကျောင်းထွက်ရဲ ကားလေ"
လင်းယွမ်က ပြုံးလိုက်သည်။
"စတီဖင်ချောင်ကားကိုး... ဒါကြောင့် ဒီလောက် ရယ်နေကြတာ... ကျောက်ခိုင်ရော"
"သူက အငြိမ်မနေနိုင်ဘူး... ဒေါက်တာရန်တို့ဆီ သွားရှာတယ်... ကျွန်မတို့ ဘယ်အချိန် သွားကြမလဲ"
"အခု သွားကြတာပေါ့"
တင်းယန်နှင့် ဆုန့်ဝမ်တို့က ချက်ချင်း ထရပ်ကြသည်။ လျှိုဖိန်ဖိန်နှင့် တုံယန်တို့လည်း ထလာကြသည်။
လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
"နင်တို့ လိုက်စရာ မလိုပါဘူး... အိမ်မှာပဲ အနားယူနေလိုက်ပါ... ငါတို့ပဲ သွားလိုက်မယ်"
လျှိုဖိန်ဖိန်နှင့် တုံယန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ရုပ်ရှင်ကိုလည်း ဆက်ကြည့်ချင်နေကြသည်။
သူတို့ ရုပ်ရှင်မကြည့်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
ဤရုပ်ရှင်ကို အကြိမ်ကြိမ် ကြည့်ဖူးသော်လည်း ယခုအချိန်တွင် ပြန်ကြည့်ရသည်က ခံစားချက် လုံးဝ ကွဲပြားခြားနားနေသည်။
ရေကြီးသည့် ကမ္ဘာပျက်ကပ်ဘေး စတင်ချိန်မှစ၍ လူတိုင်း စိတ်ပင်ပန်းနေခဲ့ရရာ ယခုလို စိတ်အပန်းဖြေခွင့်ရသည်မှာ ရှားပါးလှသည်။
ရန်မေက သူမတို့ နေချင်သည်ကို ရိပ်မိသဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဖိန်ဖိန်... ယန်ယန်... နင်တို့ နေခဲ့ပြီး အမကို အဖော်လုပ်ပေးကြလေ"
လင်းယွမ်က ရယ်မောလိုက်ပြီး...
"ကဲ... ဒါဆို ငါတို့ သွားတော့မယ်"
နှုတ်ဆက်ပြီးနောက် သူသည် တင်းယန်၊ ဆုန့်ဝမ်တို့နှင့်အတူ ဂူထဲမှ ထွက်ခွာလာပြီး ဝါးအိမ်ပေါ်မှ ဆင်းလာခဲ့သည်။
မကြာမီ ရန်ဆန်းမင်၊ ကျောက်ခိုင်တို့နှင့် တွေ့ဆုံပြီး အနားယူနေကြသော အစွမ်းပိုင်ရှင်အချို့ကိုပါ ခေါ်ဆောင်ကာ ဆုန့်ဝမ်၏ ဦးဆောင်မှုဖြင့် ဝါးတောဘက်သို့ ထွက်လာခဲ့ကြသည်။
ဝါးတောကို ဖြတ်သန်းသွားရာ လင်းယွမ်က ဝါးပိုးမျှစ်တူးသူများနှင့် မီးဝါးကြွက် ဖမ်းသူများကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လင်းယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ကျောက်ခိုင်နှင့် ရန်ဆန်းမင်ကို လှမ်းကြည့်လိုက်သည်။
"လူတွေကို အလွန်အကျွံ မဖမ်းဆီးကြဖို့ ပြောလိုက်ဦး... နောက်ပိုင်းကျရင် ငါတို့ မီးဝါးကြွက်တွေကို မွေးမြူရေး လုပ်ရမှာ"
ရန်ဆန်းမင်က ခေါင်းညိတ်လိုက်သည်။
"သိပြီ... ကျွန်တော် ပြန်ရောက်ရင် လူတွေကို သတိပေးလိုက်ပါ့မယ်"
"ခြုံပြောရရင်တော့ ကျွန်တော်တို့ဆီမှာ ပစ္စည်းပြတ်လပ်လွန်းနေလို့သာ ဒီလို မီးဝါးကြွက်တွေကို တစိုက်တမတ် ဖမ်းနေကြတာ" ဟု ကျောက်ခိုင်က သက်ပြင်းချကာ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြီး...
"မီးဝါးကြွက် မွေးမြူရေး ဖြစ်လာပြီးတဲ့အခါကျရင်... တခြား မွေးမြူရေးလုပ်လို့ရမယ့် အကောင်တွေ ရှိမလား ထပ်ပြီး ရှာကြည့်ကြတာပေါ့"
"ဘာပဲဖြစ်ဖြစ် ထမင်းကို တစ်လုပ်ချင်း စားရသလို... လမ်းကိုလည်း တစ်လှမ်းချင်း လျှောက်ရမှာပဲ"
ကျောက်ခိုင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
စကားပြောရင်းဖြင့် လူအုပ်ကြီးသည် ဝါးတောကို ဖြတ်သန်းကာ သစ်တောတစ်ခုထဲသို့ ဝင်ရောက်လာကြသည်။
ဆုန့်ဝမ်က ပြောလိုက်သည်။
"ရှေ့နားဆို ရောက်ပြီ"
ပြောသည့်အတိုင်းပင် ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် ရှေ့တွင် ကွင်းပြင်ကျယ်ကြီး ပေါ်လာပြီး တောင်ကြားချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်ရသည်။
ချိုင့်ဝှမ်း၏ သုံးဖက်သုံးတန်တွင် တောင်များ ဝန်းရံထားပြီး သစ်တောဘက် အခြမ်းတစ်ခုသာ တောင်ကုန်း မရှိပေ။
မြောက်ဘက်တွင် ရေတံခွန်တစ်ခုက တောင်ပေါ်မှ ထိုးဆင်းကျလာပြီး တောင်ခြေတွင် ရေကန်တစ်ခု ဖြစ်ပေါ်နေသည်။
ရေကန်ထဲမှ ရေများမှာ လျှံကျနေပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စမ်းချောင်းတစ်ခုအဖြစ် စုစည်းကာ မြေနိမ့်ရာ အရှေ့ဘက်သို့ တဝေါဝေါ စီးဆင်းသွားသည်။
ချိုင့်ဝှမ်းထဲတွင် အပင်အမျိုးမျိုးနှင့် ချုံပုတ်များ ထူထပ်စွာ ပေါက်ရောက်နေသည်။
အနောက်ဘက်အကျဆုံး တောင်နံရံပေါ်တွင် နွယ်ပင်များစွာ တွဲလဲကျနေပြီး အထပ်ထပ် ဖြစ်နေကာ အလွန် မတ်စောက်သည်။
ဆုန့်ဝမ်က မိတ်ဆက်ပြောကြားသည်။
"ကျွန်မတို့ ဒီနေရာကို စတွေ့တုန်းက မြေအနေအထား အရမ်းကောင်းတယ်လို့ တွက်ခဲ့တာ... ဒီနေရာက ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလိုက်မယ်ဆိုရင် စိုက်ပျိုးရေးအတွက် တကယ့်ကို နေရာကောင်း တစ်ခုပဲ"
"ပြီးတော့ အနောက်ဘက် တောင်နံရံမှာ နွယ်ပင်တွေက အများကြီးပဲ... ဒါပေမဲ့ နွယ်ပင်အောက်က ကျောက်နံရံက ညီညာတယ်... ကုန်တိုက် ဖွင့်ဖို့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်... အဲဒီကျရင် ဒီနွယ်ပင်တွေကို မခုတ်ပစ်ဘဲ ထားလိုက်... ကျွန်မ သူတို့ကို ထိန်းချုပ်ပြီး တံတားအဖြစ် ယက်လုပ်ခိုင်းလို့ ရတယ်... အရှေ့ဘက်က ကျောက်ကမ်းပါးနဲ့ ချိတ်ဆက်ပြီး လေပေါ်လမ်းလျှောက်တံတား လုပ်လို့ရတယ်"
ဆုန့်ဝမ်က ပြောနေရင်း မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေသည်။ သူမသည် ဤနေရာကို စောစောစီးစီးကတည်းက သဘောကျနေပြီး ကိုယ်ပိုင် စီမံကိန်းများပင် ချမှတ်ထားပြီးပုံ ရသည်။
လင်းယွမ်လည်း ပြုံးလိုက်ပြီး...
"အားလုံး ဘယ်လိုမြင်လဲ"
ရန်ဆန်းမင်က အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ဒီကျောက်တုံးတွေက ဘယ်လိုနေလဲ... တူးရတာ လွယ်မလား... ပြိုကျလွယ်တဲ့ ကျောက်သားမျိုးတော့ မဟုတ်ဘူးမလား"
ဆုန့်ဝမ်က အလျင်အမြန် ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး... ကျွန်မတို့ ကြည့်ပြီးပြီ... ဒီက ကျောက်သားတွေက တစ်ဆက်တည်း ကျောက်သားတွေ... အလွှာချင်းကပ်နေတဲ့ ကျောက်သားမျိုး မဟုတ်ဘူး"
"ဒီမှာ သန္ဓေပြောင်းသားရဲအုပ်စုတွေ မရှိဘူးလား" ဟု ကျောက်ခိုင်က မေးသည်။
"မရှိလောက်ဘူး... ကျွန်မတို့ ဝင်လိုက်ထွက်လိုက် လုပ်တာ ကြာပြီ... ဘာသားရဲအုပ်စုမှ မတွေ့ဖူးဘူး... ပြီးတော့ ဒီမှာက သန္ဓေပြောင်းသစ်သီးတွေ မရှိဘူး... တောဟင်းရွက်တွေတော့ အများကြီးပဲ"
"အရင်တုန်းက ခိုလှုံရေးစခန်းက လူတော်တော်များများ ဒီဘက်ကိုလာပြီး ဟင်းရွက် လာခူးကြတယ်"
လင်းယွမ်က ပြောလိုက်သည်။
"အားလုံးပဲ ကိုယ့်ဟာကိုယ် လိုက်ကြည့်ကြပါ... အကြံဉာဏ်ရှိရင် ပြောကြ... အတူတူ ဆွေးနွေးကြတာပေါ့"
ထို့ကြောင့် လူအားလုံး နေရာအနှံ့ လိုက်လံကြည့်ရှုကြလေသည်။
ဤနေရာရှိ မြေအနေအထားမှာ အပြင်ဘက်ထက် ပို၍ ညီညာပြန့်ပြူးသည်။ သို့သော် ကုန်းဆင်းအနည်းငယ်တော့ ရှိသည်။
ဤကဲ့သို့ ကုန်းဆင်းရှိခြင်းက မကောင်းသည့်အချက် မဟုတ်ပေ။ အနည်းဆုံးတော့ မိုးရေများ ချိုင့်ဝှမ်းထဲတွင် တင်မနေဘဲ ကုန်းဆင်းအတိုင်း စီးဆင်းသွားနိုင်မည် ဖြစ်သည်။
အပင်များ ထူထပ်စွာ ပေါက်ရောက်နေခြင်းက မြေဆီလွှာတိုက်စားမှုကို ကောင်းစွာ ကာကွယ်ပေးနိုင်ပြီး မြေကြီးများ ရေထဲပါမသွားအောင်၊ မြေဆီလွှာ ဆုံးရှုံးမှု မရှိအောင် ထိန်းထားပေးနိုင်သည်။
ချိုင့်ဝှမ်းတစ်ခုလုံး၏ ဧရိယာမှာ မသေးငယ်ပေ။ အနည်းဆုံး ဧကပေါင်းများစွာ ကျယ်ဝန်းသည်။
လင်းယွမ်သည် ကျောက်နံရံပေါ်မှ တွဲလဲကျနေသော နွယ်ပင်များကို ကိုင်ကာ အပေါ်သို့ တက်သွားလိုက်သည်။
ထိပ်ဆုံးသို့ ရောက်သောအခါ ကျောက်ကမ်းပါးပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သည်။ ကျောက်ကမ်းပါး အပေါ်ဘက်တွင် အနည်းငယ် ပြေပြစ်သော တောင်ကုန်းတစ်ခု ရှိပြီး ထိုမှတစ်ဆင့် အပေါ်သို့ ဆက်တက်သွားလျှင် သစ်တောအုပ်ကြီး ရှိကာ တောင်ထိပ်အထိ ဆက်တိုက် သွားနိုင်သည်။
သူက ချိုင့်ဝှမ်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ချိုင့်ဝှမ်းတစ်ခုလုံးကို ကွင်းကွင်းကွက်ကွက် မြင်နေရသည်။ မိမိခြေအောက်မှ ဖြာထွက်သွားသော တောင်တန်းသည် ဝါးတောကို ဖြတ်သန်းပြီး ဝါးအိမ်ဘက်ရှိ တောင်တန်းနှင့် သွားဆက်နေသည်ကို တွေ့လိုက်ရသည်။
မိမိတို့ တူးဖော်ထားသော တောင်ခါးပန်းနေရာသည် ဤနေရာမှ ဖြာထွက်သွားခြင်း ဖြစ်နေသည်။
လင်းယွမ် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"ဒီကနေ တောင်ပတ်လမ်းဖောက်ပြီး နှစ်နေရာကို ချိတ်ဆက်လိုက်ရင် ကောင်းမလား"
"နောက်ပိုင်းကျရင် ကုန်တိုက်က ကုန်တိုက်... နေစရာက နေစရာပေါ့"
"မဖြစ်သေးဘူး... ဒီအကွာအဝေးက နည်းနည်း ဝေးလွန်းနေတယ်"
လင်းယွမ် ခေါင်းခါလိုက်သည်။ သိပ်မဖြစ်နိုင်ဟု ယူဆလိုက်သည်။ ထို့ပြင် နှစ်နေရာလုံး ဝါးတောကို ဖြတ်သွားရုံဖြင့် ရောက်နိုင်ရာ တကူးတက တောင်ပတ်လမ်း ဖောက်နေစရာ မလိုပေ။
သူသည် ချိုင့်ဝှမ်းအပေါ်ဘက် ကျောက်ကမ်းပါး အစွန်းတစ်လျှောက် လမ်းလျှောက်ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။
"ဒီနေရာမှာ နောက်ပိုင်းကျရင် ကင်းမျှော်စင် ချထားမှ ဖြစ်မယ်... မဟုတ်ရင် ရန်သူက ဒီကနေ ခိုးဝင်ပြီး တိုက်ခိုက်လာနိုင်တယ်"
"အင်း... ဟန်လုံစင်တာက ဖြုတ်ယူလာတဲ့ စီစီတီဗွီ ကင်မရာတွေ အများကြီး ရှိတာပဲ... တပ်လို့ရမလား မသိဘူး"
လင်းယွမ်က ထိုအချက်ကို သတိရသွားပြီး မှတ်သားထားလိုက်သည်။
ထို့နောက် နောက်ထပ် ကိစ္စတစ်ခုကို တွေးမိပြန်သည်။ ထိုအရာမှာ လျှပ်စစ်မီး ထောက်ပံ့မှု ကိစ္စပင်။
"လောလောဆယ် ငါ စုဆောင်းထားတဲ့ ဘက်ထရီတွေက သိပ်မများဘူး... ကုန်တိုက်ကြီးတစ်ခုလုံး လည်ပတ်ဖို့ဆိုရင် နည်းနည်း ခက်ခဲလောက်တယ်"
"အထူးသဖြင့် အပန်းဖြေဇုန် လုပ်မယ်ဆိုရင် ငါ့ဆီက ကွန်ပျူတာတွေ... ပရိုဂျက်တာတွေ အကုန် သုံးရမှာ... အဲဒါဆိုရင် မီးအား တော်တော်လိုလိမ့်မယ်"
"တုံကျဲ တစ်ယောက်တည်း အားကိုးနေရင်တော့ အဲဒီကောင်လေး ပင်ပန်းပြီး သေသွားလိမ့်မယ်"
"မီးစက်တွေ သုံးမယ်ဆိုရင်လည်း လျှပ်စစ်ပစ္စည်းတွေက များလွန်းတော့ ဝန်နိုင်ပါ့မလား မသိဘူး"
လင်းယွမ် ခေါင်းခဲသွားသည်။ သေသေချာချာ စဉ်းစားကြည့်လိုက်မှ ကုန်တိုက်အခြေစိုက်စခန်း တည်ဆောက်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အသေးစိတ် အချက်အလက်တွေက များလွန်းနေသည်။
စားသောက်ရေး ကိစ္စလည်း ရှိသေးသည်။ ထမင်းချက်ဖို့ ဘယ်လို လုပ်ကြမလဲ။ ထင်းမီး သုံးကြမလား။
သည်လို မိုးကြီးလေကြီးထဲတွင် မီးဝါးပင်များက လောင်စာအဖြစ် အသုံးဝင်ပြီး အစိုအတိုင်း မီးရှို့၍ ရသည် ဆိုသော်လည်း မီးဝါးပင် ဘယ်လောက်များများက ဒီလောက် လောင်ကျွမ်းမှုကို ခံနိုင်ရည် ရှိပါမည်နည်း။
အခြားသစ်ပင်များဆိုလျှင် သည်လို မိုးတွင်းကာလကြီး၌ မီးရှို့၍ပင် ရမည် မဟုတ်ပေ။
"တခြားစခန်းတွေက မီးမွေးပြီး ထမင်းချက်ဖို့ ဘာတွေ သုံးကြလဲ မသိဘူး... သစ်သားချည်းပဲ သုံးတာတော့ မဖြစ်နိုင်ဘူး... ဒီလောက် စိုရွှဲနေတဲ့ သစ်သားတွေကို ဘယ်လို မီးရှို့မလဲ"
သူ ကျောက်ကမ်းပါးပေါ်မှ ပြန်ဆင်းလာချိန်တွင် အခြားသူများလည်း နေရာအနှံ့ လိုက်ကြည့်ပြီး၍ ပြန်ရောက်နေကြပြီ ဖြစ်သည်။
လူအားလုံး စုဝေးလိုက်ကြပြီး မိမိတို့ အမြင်ကို အသီးသီး တင်ပြကြသည်။
ရန်ဆန်းမင်က ဆိုသည်။
"ဒီနေရာက တကယ့်ကို ခံစစ်ကောင်းပြီး တိုက်စစ်ဆင်ဖို့ ခက်တဲ့ နေရာကောင်း တစ်ခုပဲ... ဝါးတောဘက်ကိုသာ လုံခြုံအောင် ကာကွယ်ထားနိုင်ရင် အပြင်လူတွေ ဝင်တိုက်ဖို့ ခက်လိမ့်မယ်"
"ဒါပေမဲ့ တောင်ကြားအပေါ်ဘက်ကနေ လူတွေ တိုက်ခိုက်လာမှာကိုတော့ သတိထားရမယ်"
လင်းယွမ်က ပြုံးလျက် ပြောသည်။
"တောင်ကြားအပေါ်ဘက်ကို ကျွန်တော် သွားကြည့်ပြီးပြီ... အဲဒီမှာလည်း တောင်စောင်းပဲ... လူအများကြီး နေလို့မရဘူး... ပြီးတော့ သစ်တောတွေအုပ်နေတာ... လမ်းလျှောက်ဖို့ မလွယ်ဘူး... ကျွမ်းကျင်သူ အနည်းငယ်လောက်ပဲ အဲဒီကနေ ခိုးဝင်တိုက်ခိုက်နိုင်မှာ... လူအုပ်လိုက်ကြီး အဲဒီဘက်ကနေ ဆင်းလာဖို့တော့ မဖြစ်နိုင်ဘူး"
တင်းယန်က ပြောသည်။
"ဒီနေရာက ဧရိယာ မသေးဘူး... ပြီးတော့ မြေအနေအထားကလည်း နည်းနည်း ပြေပြစ်တယ်... စိုက်ပျိုးရေး မွေးမြူရေး လုပ်ဖို့ တကယ် သင့်တော်တယ်... ဟိုဘက်က ရေကန်ထဲမှာလည်း သန္ဓေပြောင်းရေသတ္တဝါတချို့ မွေးမြူလို့ ရနိုင်တယ်"
ကျောက်ခိုင်က ဝင်ပြောသည်။
"တောင်နံရံတွေကလည်း ခိုင်ခံ့တယ်... အသစ် တူးဖော်မယ်ဆိုရင် ပြဿနာ သိပ်မရှိလောက်ဘူး"
ထန်ယင်းက ဆိုသည်။
"ကျွန်မ အနီးနားက အပင်တွေကို လိုက်ကြည့်ပြီးပြီ... ဆေးဖက်ဝင်အပင် တော်တော်များများ ရှိသလို စားလို့ရတဲ့ အပင်တွေလည်း ရှိတယ်... ဒီအပင်တွေကို အကုန် ရှင်းပစ်စရာ မလိုဘူး"
အားလုံးက တစ်ယောက်တစ်ပေါက်နှင့် ဤနေရာကို သဘောကျကြောင်း ပြောဆိုကြပြီး ကုန်တိုက်အခြေစိုက်စခန်း တည်ဆောက်ရန် အမှန်တကယ် သင့်လျော်သည်ဟု ယူဆကြသည်။
လင်းယွမ်က လူတိုင်း၏ အကြံပြုချက်များကို စုစည်းပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဟုတ်ပြီ... အားလုံးက ဒီလို ပြောကြတော့လည်း ဒီနေရာကိုပဲ အတည်ပြုလိုက်ကြတာပေါ့... ပြန်ရောက်ရင် ဒီနေရာမှာ တောင်ဖြို ဥမင်တူးပြီး ကုန်တိုက်အခြေစိုက်စခန်း တည်ဆောက်ကြမယ်"
"မွေးမြူရေးဇုန်ကိုလည်း ဒီနားမှာပဲ ထားမယ်... ဒါပေမဲ့ အနံ့အသက်ဆိုးတွေ များလွန်းမှာစိုးလို့ အဆောက်အအုံနဲ့တော့ ခွဲထားရမယ်"
"ပြီးတော့ သားသတ်ရုံကို မွေးမြူရေးဇုန်နဲ့ အတူထားမယ်... နောက်ပြီး အိမ်တွင်းစိုက်ပျိုးရေးကိုလည်း မွေးမြူရေးဇုန်နဲ့ ကပ်လျက် ထားရမယ်"
"တခြား အသေးစိတ် ကိစ္စတွေကိုတော့ အဲဒီအချိန်ကျမှ နည်းလမ်းရှာပြီး ဆွေးနွေးကြတာပေါ့"
......
ဤသို့ဖြင့် ကုန်တိုက်အခြေစိုက်စခန်း တည်ဆောက်မည့်နေရာကို အတည်ပြုလိုက်ကြသည်။
အားလုံး စိတ်ဓာတ် တက်ကြွနေကြပြီး ဒီရေလှိုင်းဘေးအန္တရာယ် ပြီးဆုံးသည်နှင့် လုပ်ငန်း စတင်ရန် ပြင်ဆင်နေကြသည်။
"ကဲ... လောလောဆယ်တော့ ဒီလောက်ပဲ... အားလုံး အရင် ပြန်ကြမယ်... ဒီရေလှိုင်းအန္တရာယ်ကို ကာကွယ်ဖို့ အစွမ်းကုန် ပြင်ဆင်ကြမယ်... ဒီရေလှိုင်းဘေး ပြီးတာနဲ့ ငါတို့ စပြီး"
"ဝုန်း"
လင်းယွမ် စကားမဆုံးခင်မှာပင် ဝါးအိမ်ဘက်ဆီမှ ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
အားလုံး ထိတ်လန့်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
လင်းယွမ် ချက်ချင်း သတိဝင်လာပြီး ခန္ဓာကိုယ်ကို ချက်ချင်း လှုပ်ရှားကာ ပြေးထွက်သွားလိုက်သည်။
"သေစမ်း... ပြဿနာတက်ပြီ"
"မြန်မြန် ပြန်ကြ"
"ဘာဖြစ်တာလဲ"
တစ်ခဏချင်းမှာပင် အခြားသူများလည်း အသီးသီး သတိဝင်လာကြပြီး ဝါးတောဘက်သို့ အလျင်အမြန် ပြေးထွက်သွားကြသည်။
ထိုအထဲတွင် လင်းယွမ်၏ အမြန်နှုန်းက အမြင့်ဆုံး ဖြစ်သည်။ သူ၏ အလျင် အရေအသွေးမှတ်မှာ အမြင့်ဆုံးဖြစ်ရာ အရှိန်ပြင်းစွာ ပြေးလွှားရင်း မျက်စိတစ်မှိတ်အတွင်း ဝါးတောထဲသို့ ဝင်ရောက်သွားသည်။
အခြားသူများကို စောင့်မနေနိုင်တော့ဘဲ သူသည် ဝါးတောထဲတွင် လျင်မြန်စွာ ပြေးလွှားသွားသည်။
သို့သော် မီးဝါးတောမှာ သိပ်သည်းလွန်းသဖြင့် သူ၏ အရှိန်ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေသည်။
ငါးမိနစ်ခန့် ကြာပြီးနောက် လင်းယွမ်သည် ဝါးတောထဲမှ ဖောက်ထွက်လာနိုင်ခဲ့သည်။ မီးသတ်ရေလှောင်ကန် ဘေးနားရှိ ဝါးအိမ်မှ မီးခိုးမည်းကြီးများ လိပ်တက်နေပြီး မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည်ကို မြင်လိုက်ရသည်။
လူအများအပြား ကြောက်လန့်တကြား အော်ဟစ်ကာ မီးငြှိမ်းသတ်နေကြသည်။
လင်းယွမ် မျက်နှာထားမှာ ချက်ချင်း တည်သွားပြီး အလျင်အမြန် ပြေးဝင်သွားသည်။
ရှေ့တည့်တည့်မှ ကင်းလှည့်ခေါင်းဆောင် ဝမ်အန်းနှင့် ပက်ပင်းတိုးသည်။ သူသည် လူများကို ကယ်ဆယ်နေခြင်း ဖြစ်သည်။
လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
ဝမ်အန်း မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေသည်။ အစွမ်းကို အသုံးပြု၍ လဲကျနေသူများကို ကယ်ဆယ်ရင်း ဖြေလိုက်သည်။
"မသိဘူးဗျ... ရုတ်တရက်ကြီး ပေါက်ကွဲသွားတာ... မီးဝါးတွေကလည်း မီးလောင်လွယ်တော့ ချက်ချင်းကြီး ထတောက်တော့တာပဲ"
လင်းယွမ် ဒေါသထွက်သွားသော်လည်း အများကြီး မေးမနေနိုင်တော့ဘဲ ဝါးအိမ်ရှိရာသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။
သို့သော် ဝါးအိမ်ရှေ့သို့ မရောက်မီမှာပင် ဟွမ်ဟန်က သူ၏ ရွှေအိုရောင်စပါးအုံးမြွေကြီးကို ထိန်းချုပ်ကာ လျင်မြန်စွာ ကြီးထွားလာစေသည်ကို တွေ့လိုက်ရသည်။
ရွှေအိုရောင်စပါးအုံးမြွေကြီးက ပေ (၄၀) ခန့်အထိ ကြီးထွားလာပြီး ပါးစပ်မှ ရေမြှားများကို မှုတ်ထုတ်လိုက်သည်။
သို့သော် ဝါးအိမ်မှ မီးတောက်များက ငြိမ်းမသွားပေ။ အဘယ်ကြောင့်ဆိုသော် မီးဝါးပင်များသည် အလွန် မီးလောင်ခံပြီး ရေဖြင့် လောင်းရုံနှင့် မငြိမ်းသတ်နိုင်သောကြောင့် ဖြစ်သည်။
ရေဖြင့် လွယ်လွယ်ငြိမ်းသတ်၍ ရပါက သည်လို မိုးကြီးလေကြီးထဲတွင် လောင်ကျွမ်းနိုင်မည် မဟုတ်ပေ။
လင်းယွမ် ထိတ်လန့်ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။
"ဟွမ်ဟန်... လူအရင်ကယ်"
ဟွမ်ဟန်က ချက်ချင်း သဘောပေါက်သွားပြီး ရွှေအိုရောင်စပါးအုံးမြွေကြီးကို ထိန်းချုပ်ကာ မြွေတံတားအဖြစ် လျင်မြန်စွာ ခင်းပေးလိုက်ပြီး လူများကို တစ်ထပ်ချင်းဆီမှ မြွေခန္ဓာကိုယ်ပေါ် လျှောဆင်းစေခဲ့သည်။
လင်းယွမ်ကမူ တစ်ရှိန်ထိုး ခုန်တက်လိုက်ပြီး ခဏချင်းမှာပင် ထိပ်ဆုံးထပ်ရှိ သူ၏ ဂူပေါက်ဝသို့ ရောက်ရှိသွားသည်။
သို့သော် အပေါ်ရောက်သည်နှင့် သူ ကြောင်အသွားသည်။ သူ၏ ဂူပေါက်ဝတွင် နှင်းရိုက်ထားသလို ဖြစ်နေပြီး ထူထဲသော ရေခဲလွှာကြီးက ဝါးအိမ်ပတ်လည်ကို ဖုံးအုပ်ထားသဖြင့် မီးတောက်များ ဤနေရာသို့ လောင်ကျွမ်းလာရန် မဖြစ်နိုင်ပေ။
ဂူထဲမှ ရန်မေက လင်းယွမ်ကို မြင်သောအခါ လှမ်းအော်ပြောလိုက်သည်။
"မောင်လေး... ကျောက်ခိုင်ကို ကူညီခိုင်းလိုက်... မီးဝါးက မီးလောင်လွယ်ပြီး မီးလောင်ခံတယ်... ဒါပေမဲ့ ရေခဲနဲ့ မီးဝါးကို ရိုက်လိုက်ရင် မီးကူးတာကို ဖြတ်တောက်နိုင်တယ်... ပြီးရင် မိုးရေကြောင့် မီးငြိမ်းသွားလိမ့်မယ်"
လင်းယွမ် ကြားသည်နှင့် ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်သည်။
"အမတို့ ဂူထဲမှာပဲ ပုန်းနေ... အပြင်ကိစ္စကို ကျွန်တော်တို့ ရှင်းလိုက်မယ်"
ဂူထဲတွင် မီးခိုးစုပ်စနစ် ရှိသည့်အပြင် ယခု ရန်မေက ရေခဲအစွမ်းကိုပါ အသုံးပြုထားသဖြင့် အတွင်းမှလူများ ဘေးကင်းရေးအတွက် ပူပန်စရာ မလိုတော့ပေ။
သူ ဝါးအိမ်ပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ချိန်တွင် ကျောက်ခိုင်တို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ချက်ချင်း အော်ပြောလိုက်သည်။
"ကျောက်ခိုင်... ဝါးအိမ်ကို ရေခဲရိုက်လိုက်... မီးမကူးစေနဲ့"
ကျောက်ခိုင်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး...
"ကျွန်တော့် တာဝန်ထားလိုက်"
သူက ချက်ချင်းပင် လက်နှစ်ဖက်ကို နီးစပ်ရာ ဝါးအိမ်တိုင်ပေါ် ကပ်လိုက်ရာ ရေခဲနှင်းမြူများ ဖြာထွက်သွားပြီး ဝါးအိမ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။
ဝါးအိမ်မှာ မိုးရေစိုရွှဲနေပြီးဖြစ်ရာ ရေခဲနှင်းမြူများ ဖုံးလွှမ်းသွားသည်နှင့် တစ်ခဏချင်းမှာပင် ရေခဲရိုက်ထားသော ဝါးအိမ်အဖြစ် ပြောင်းလဲသွားသည်။
မီးမှာ ချက်ချင်း ထိန်းချုပ်နိုင်သွားသည်။ တင်းယန်၊ ဆုန့်ဝမ်၊ စွန်းရှုနှင့် အခြားသူများလည်း လူများကို ဝိုင်းဝန်း ကယ်ဆယ်ကြသည်။
မကြာမီ မီးလုံးဝ ငြိမ်းသွားသည်။
လင်းယွမ်နှင့် အခြားသူများမှာ မီးခိုးများကြောင့် ညစ်ပေကုန်ကြသည်။ သူက ဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်ကာ မေးလိုက်သည်။
"ဒဏ်ရာရတဲ့သူ ရှိလား... အားလုံး ဘာမှ မဖြစ်ကြဘူးမလား"
ကံကောင်းစွာပင် ယခုတစ်ကြိမ် မီးကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
သို့သော် လင်းယွမ် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပုံမှာ ထူးဆန်းလွန်းနေသည်။
သူက မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ သိတဲ့သူ ရှိလား... ပေါက်ကွဲသံက ဘယ်ကလာတာလဲ"
လူအုပ်ထဲမှ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အော်ပြောသည်။
"လင်းယွမ်... အမ ကြားတာတော့ ပထမထပ်က ပေါက်ကွဲတာ... ဒါပေမဲ့ ဘယ်လို ပေါက်ကွဲလဲဆိုတာတော့ မမြင်လိုက်ရဘူး"
"လင်းယွမ်... ကျွန်တော်လည်း မြင်တယ်... ပထမထပ်ကနေ စလောင်တာပါ"
လူအများက ဝိုင်းအော်ပြောကြပြီး ကင်းလှည့်အဖွဲ့ဝင် အချို့ကလည်း ပထမထပ်မှ မီးစလောင်ကြောင်း အတည်ပြုကြသည်။
လင်းယွမ် သံသယ ဝင်သွားသည်။ ပထမထပ်တွင် လူမနေပေ။ အဘယ်ကြောင့်ဆိုသော် မြေကြီးနှင့် နီးကပ်လွန်းပြီး စိုထိုင်းဆ များလွန်းသောကြောင့် ဖြစ်သည်။ အားလုံးက ဂူတူးဖော်စဉ်ကတည်းက တတ်နိုင်သမျှ မြင့်သောနေရာတွင် တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။
သူက မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။
"လူစိမ်းတွေ တွေ့လိုက်သေးလား"
အားလုံးက ခေါင်းခါပြကြသည်။
ရုတ်တရက် လူတစ်ယောက်က အာမေဋိတ်အသံဖြင့် ပြောလိုက်သည်။
"ဟယ်... အဒေါ်ကြီးလီတို့ရော... လှေကားထစ်စိုက်ခင်းဘက်က လူတွေရော"
အားလုံးက မလှမ်းမကမ်းရှိ လှေကားထစ်စိုက်ခင်းဘက်သို့ လှည့်ကြည့်လိုက်ကြရာ လှေကားထစ်စိုက်ခင်းတွင် ရှိနေရမည့် အဒေါ်ကြီးလီနှင့် အခြားသူများ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၏။
လင်းယွမ် မျက်ခုံး ပင့်တက်သွားပြီး ချက်ချင်း သဘောပေါက်လိုက်သည်။ သူ၏ မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
"အသံပြပြီး ဟန်ပြတိုက်ခိုက်တာပဲ"
"ကျောက်ခိုင်... ဒေါက်တာရန်... ကင်းလှည့်ခေါင်းဆောင်တွေ အကုန်လုံး... အနီးနား ပတ်ဝန်းကျင် တောအုပ်ကို ချက်ချင်း ရှာဖွေကြ"
ဆက်ရန်...
အပိုင်း(၂၁၈) သတ္တုတွင်းဧရိယာမှ လူလာဖမ်းခြင်း
"ဝှစ်... ဝှစ်... ဝှစ်"
အစွမ်းပိုင်ရှင်အဖွဲ့ အသီးသီးသည် လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး လှေကားထစ် စိုက်ခင်းများနှင့် ကားလမ်းမဆီသို့ တစ်ပြိုင်နက်တည်း ပြေးလွှားသွားကြသည်။
လင်းယွမ်က လှေကားထစ် စိုက်ခင်းအနီးသို့ ပထမဆုံး ရောက်ရှိသွားသည်။ မြေကြီးမှာ ရွှံ့နွံများဖြင့် ဗွက်ထနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့တွင် ရေအိုင်များ ဖြစ်ပေါ်နေသည်။
ခြေရာများ ရှုပ်ပွနေသော မြေပြင်ပေါ်တွင် မည်သည့်အချိန်က ကျန်ရစ်ခဲ့သော ခြေရာများဖြစ်သည်ကို ခွဲခြားရန် မလွယ်ကူပေ။
လင်းယွမ်သည် ခြေရာခံ ကျွမ်းကျင်သူတစ်ယောက် မဟုတ်သလို ခြေရာများကို ခွဲခြားစိတ်ဖြာနိုင်သည့် နည်းစနစ်များကိုလည်း နားမလည်ပေ။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ခြေရာများကို အလျင်အမြန် လိုက်ရှာကြည့်ရုံသာ တတ်နိုင်လေသည်။
မိုးက သည်းကြီးမည်းကြီး ရွာသွန်းနေပြီး မြေကြီးမှာ စိုစွတ်နေသဖြင့် လူတစ်ယောက် ဖြတ်လျှောက်သွားပါက သေချာပေါက် ခြေရာကျန်ရစ်မည် ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီအချိန်အတွင်း လူရောက်သွားခြင်း ဖြစ်သောကြောင့် မိုးမည်မျှပင် သည်းထန်ပါစေ၊ ခြေရာများကို ရေတိုက်စားသွားရန် မဖြစ်နိုင်ပေ။
မကြာမီတွင် ရှုပ်ပွနေသော ခြေရာအချို့ကို ရှာတွေ့လိုက်သည်။
ထိုခြေရာများသည် လယ်ကန်သင်းရိုးအတိုင်း တောင်ပေါ်သစ်တောထဲသို့ ဦးတည်သွားနေသည်။
လင်းယွမ်၏ မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။
"ထင်တဲ့အတိုင်းပဲ... ကျားကို တောင်ပေါ်က မျှားခေါ်တာပဲ... တစ်ယောက်ယောက်က ပေါက်ကွဲမှု ဖန်တီးပြီး လူတွေကို အာရုံလွှဲလိုက်တာ... ပြီးမှ အခွင့်ကောင်းယူပြီး လယ်ကန်သင်းရိုးပေါ်က လူတွေကို ဖမ်းခေါ်သွားတာပဲ"
ဝူယင်က ချက်ချင်းပင် "လင်းယွမ်... ကျွန်တော် လိုက်သွားလိုက်မယ်" ဟု ပြောလိုက်သည်။
လင်းယွမ် ခေတ္တမျှ စဉ်းစားလိုက်သည်။ ဝူယင်၏ အစွမ်းမှာ အလွန်ထူးခြားသည်။ အရိပ်ထဲသို့ ဝင်ရောက်နိုင်ပြီး အသံတိတ် လှုပ်ရှားနိုင်သကဲ့သို့ ပုန်းအောင်းရာတွင်လည်း အလွန်ကောင်းမွန်သည်။ သူ လိုက်သွားပါက ပြဿနာရှိမည် မဟုတ်ပေ။
ထို့ကြောင့် ခေါင်းညိတ်လက်ခံလိုက်ပြီး "သတိထားနော်... ရန်သူကို တွေ့ရင် ကိုယ်တိုင်ဝင်မလုပ်နဲ့... သေချာ စောင့်ကြည့်ရုံပဲ ကြည့်ထား" ဟု မှာကြားလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ" ဝူယင်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လှည့်မထွက်မီ ဟွမ်ဟန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဟွမ်ဟန်နှင့် အကြည့်ချင်း ဆုံသွားသောအခါ သူမက မျက်လွှာချကာ အကြည့်လွှဲသွားပြီး တစ်ဖက်သို့ လှည့်သွားလေသည်။
ဝူယင်မှာ ခါးသီးစွာ ပြုံးလိုက်မိပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရုတ်ခြည်း လှုပ်ရှားကာ အရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
လင်းယွမ်မှာမူ သူတို့နှစ်ဦးကြားက သံယောဇဉ် ကိစ္စများကို ဂရုစိုက်နေချိန် မရပေ။
"ဟွမ်ဟန်... ပေါက်ကွဲတုန်းက နင် တစ်ခုခု ထူးခြားတာ မတွေ့လိုက်ဘူးလား" ဟု မေးလိုက်သည်။
"မတွေ့ဘူး လင်းယွမ်... ကျွန်မ ကင်းလှည့်နေတာပဲ... ဘာမှ မမြင်လိုက်ရဘူး" ဟု ဟွမ်ဟန်က ခေါင်းခါလျက် ပြန်ဖြေသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် တောင်ပတ်လမ်းမပေါ်မှ ဆူညံသံများကို ကြားလိုက်ရသည်။
လင်းယွမ် လှမ်းကြည့်လိုက်သောအခါ တာအိုဆရာလင်း၊ ကုဖုန်းနှင့် အခြားသူများ အလောတကြီး ပြေးလာကြသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ဒဏ်ရာများ ရထားပုံရပြီး တာအိုဆရာလင်းက အော်ဟစ်နေလေသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦးဗျ"
လင်းယွမ် မသွားရသေးခင် ရှီဟိုင်ကျူးက ထိုနေရာသို့ အရင်ရောက်သွားပြီး နှစ်ယောက်သားကို တွဲထူကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ... မင်းတို့နှစ်ယောက် ဘာဖြစ်လာတာလဲ"
ကုဖုန်းက အမောတကောဖြင့် "ကျွန်တော်တို့ တောင်ခြေမှာ ငါးဖမ်းနေတုန်း ရုတ်တရက် လူတစ်စု ရောက်လာတယ်... ဘာမှလည်း မပြောဘဲ ကျွန်တော်တို့ကို ချက်ချင်း ဖမ်းတော့တာပဲ"
"ဦးလေးမာ၊ ချိုင်ကြည်နဲ့ တခြားလူတွေ အဖမ်းခံလိုက်ရပြီဗျ"
ရှီဟိုင်ကျူးမှာ ထိတ်လန့်ဒေါသထွက်သွားပြီး "သူတို့ ဘယ်ဘက်ကို ခေါ်သွားတာလဲ" ဟု အလျင်အမြန် မေးလိုက်သည်။
"အနောက်ဘက် တောအုပ်ထဲကိုပါ"
ထိုအချိန်တွင် လင်းယွမ်လည်း ရောက်လာပြီး ထိုစကားကို ကြားသည်နှင့် "ဟိုဘက်က အစွမ်းပိုင်ရှင်တွေ ပါလား" ဟု မေးလိုက်သည်။
"ပါတယ်... အများကြီးပဲ... ပြီးတော့ သူတို့အားလုံးမှာ ပေါက်ကွဲသင်္ကေတကျောက်တုံးတွေ ပါတယ်... ကျွန်တော်တို့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ ပေါက်ကွဲကျောက်တုံးတွေနဲ့ အပစ်ခံရပြီး သေလုနီးပါး ဖြစ်သွားတာ... တာအိုဆရာလင်းရဲ့ အစွမ်းနဲ့ ဟန်ပြခြောက်လှန့်လိုက်လို့သာ... မဟုတ်ရင် ကျွန်တော်တို့တောင် ပြန်ရောက်လာမှာ မဟုတ်ဘူး"
"ပေါက်ကွဲသင်္ကေတကျောက်တုံး ဟုတ်လား... ဒါဆို ဖုန်းဟွမ်ဘုရားကျောင်းက လူတွေများလား" ရန်ဆန်းမင်က ထိတ်လန့်တကြား မေးလိုက်သည်။
ကျောက်ခိုင်က ချက်ချင်းပင် "မဖြစ်နိုင်တာ... ဖုန်းဟွမ်ဘုရားကျောင်းက လူတွေက မြောက်ဘက်မှာလေ... သူတို့က ဘာကိစ္စ အနောက်ဘက်ကို ပြေးရမှာလဲ" ဟု ဝင်ပြောသည်။
လင်းယွမ်က တည်ငြိမ်စွာဖြင့် "ဒါတွေ စဉ်းစားမနေနဲ့တော့... အရင်လိုက်ကြမယ်... သူတို့ လူတွေအများကြီး ဖမ်းခေါ်သွားတာ ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ကျွန်တော် လိုက်ခဲ့မယ်" ကျောက်ခိုင်က အလျင်အမြန် ပြောသည်။
သို့သော် လင်းယွမ်က ခေါင်းခါလိုက်ပြီး "မလိုက်နဲ့... မင်းတို့ ဘယ်သူမှ လိုက်မလာနဲ့... အားလုံး ကာကွယ်ရေးစခန်းမှာပဲ နေခဲ့ကြ" ဟု တားမြစ်လိုက်သည်။
ရန်ဆန်းမင်က ချက်ချင်း သဘောပေါက်သွားပြီး "မင်း... ဒီနားမှာ တခြားကင်းပုန်းတွေ ကျန်နေသေးမှာ စိုးလို့လား" ဟု မေးလိုက်သည်။
"အင်း... ငါတစ်ယောက်တည်းဆို ရပြီ... မင်းတို့ စခန်းကို သေချာ စောင့်ကြပ်ထားကြ... နောက်ထပ် အမှားမခံနဲ့တော့"
တင်းယန်က စိတ်မထိန်းနိုင်စွာဖြင့် "လင်းယွမ်... ကျွန်မ လိုက်ခဲ့မယ်လေ" ဟု ပြောသည်။
ဆုန့်ဝမ်ကလည်း "ကျွန်မရော လိုက်ခဲ့မယ်... ကျွန်မက အပင်တွေကို ထိန်းချုပ်နိုင်တော့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မှာပါ" ဟု စိတ်ပူပန်စွာ ပြောလေသည်။
လင်းယွမ် ခေတ္တ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ငြင်းပယ်လိုက်သည်။
"နင်တို့ အလျင်က နှေးလွန်းတယ်... ငါ့ကို မီမှာ မဟုတ်ဘူး... စိတ်ချပါ... ငါ့အရည်အချင်းကို နင်တို့ သိသားပဲ"
သူ စကားဆက်မပြောတော့ဘဲ ချက်ချင်းလှည့်ကာ အနောက်ဘက် တောအုပ်ဆီသို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။
ဦးလေးမာ၊ ချိုင်ကြည်နှင့် တခြားလူများကို ဖမ်းသွားသူများနှင့် အဒေါ်ကြီးလီတို့ လူစုကို ဖမ်းသွားသူများ... အားလုံး ထွက်ပြေးသွားသည့် ဦးတည်ချက်မှာ အနောက်ဘက်သို့ ဖြစ်သည်။
ဒါ တိုက်ဆိုင်မှုလား...။
ဒါမှမဟုတ် ဒီလူစုက တမင်သက်သက် ရန်တိုက်ပေးချင်လို့လား...။
လင်းယွမ် ပြန်စဉ်းစားကြည့်လိုက်သည်။ အနောက်ဘက်ရှိ ကာကွယ်ရေးစခန်းဆိုသည်မှာ ဝူမုန့် ပြောပြဖူးသည့် သတ္တုတွင်းဧရိယာ စခန်းပင် ဖြစ်သည်။
ထိုစခန်း၏ ခေါင်းဆောင်မှာ ထျန်ဝေဟုခေါ်သော မီးအစွမ်းပိုင်ရှင် တစ်ဦးဖြစ်သည်။
သူနှင့် ထိုလူစုမှာ တစ်ခါမှ ဆုံဖူးခြင်း မရှိပါဘဲလျက် တစ်ဖက်လူက အဘယ်ကြောင့် အကြောင်းမဲ့သက်သက် သူ့ကို လာရောက် ရန်ရှာရသနည်း။
လင်းယွမ် စဉ်းစား၍ မရပေ။ သို့သော် ယခုအချိန်သည် ဒါတွေကို တွေးတောနေရမည့်အချိန် မဟုတ်၊ လူများကို အမြန်ဆုံး ကယ်ထုတ်ရမည့် အချိန်ဖြစ်သည်။
"ဝုန်း"
တောအုပ်ထဲတွင် လင်းယွမ်၏ ခြေတစ်ချက် ဆောင့်နင်းလိုက်မှုကြောင့် မြေကြီးများ လွင့်စဉ်ကာ မြက်ခင်းများ ကွာထွက်ကုန်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းပမာ လေတိုးသံ တဝေါဝေါမြည်ဟည်းလျက် ရှေ့သို့ ပစ်ဝင်သွားသည်။
သည်းထန်နေသော မိုးရေများကြားတွင် အရိပ်တစ်ခု မိုးစက်များကို ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရသည်။
သူ၏ ခြေထောက်ကြွက်သားများ ပေါက်ကွဲထွက်မတတ် အားစိုက်ထုတ်လိုက်ပြီး အကြောများ တင်းမာနေသည်။ အလျင် (၁၄.၈) အထိ ရှိသော သူသည် ရှုပ်ထွေးပွေလီလှသည့် တောတောင်အနေအထားတွင် မြေပြန့်၌ လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးသွက်လက်နေသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
နားစည်နားတွင် လေတိုးသံများ ဆူညံနေပြီး မျက်စိတစ်မှိတ်အတွင်း လင်းယွမ်သည် မိုင်ပေါင်းများစွာ ခရီးပေါက်သွားခဲ့ပြီ ဖြစ်သည်။
(၅) မိနစ်ခန့် အကြာတွင် သူ့နားရွက်များ လှုပ်ရှားသွားပြီး ဆဲဆိုကြိမ်းမောင်းသံများကို သဲ့သဲ့ကြားလိုက်ရသလို ခံစားလိုက်ရသည်။
လင်းယွမ်သည် အရှိန်ပြင်းစွာ ပြေးလွှားနေရာမှ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အသံလာရာ အရပ်ကို အာရုံခံလိုက်သည်။ ထို့နောက် အနောက်မြောက်ဘက်ဆီသို့ ချက်ချင်း ဦးတည်ပြေးဝင်သွားသည်။
မြက်ခင်းပြင်တစ်ခုကို ဖြတ်သန်းသွားပြီးနောက် ရှေ့တွင် သစ်တောအုပ် ထူထပ်နေသည်ကို တွေ့ရသည်။ သစ်ပင်များပေါ်တွင် ရောင်စုံဖဲကြိုး အစအနအချို့ တွဲလောင်းကျနေသည်ကို ရံဖန်ရံခါ တွေ့ရသည်။
ဖဲကြိုးများမှာ အရောင်လွင့်နေပြီဖြစ်ပြီး တောင်တက်အဖွဲ့တစ်ခုခု၏ အမည်ကို ဝါးတားတား ရေးသားထားသည်။
ထင်ရှားသည်မှာ ဤနေရာသည် တစ်ချိန်က တောလမ်းခရီးကြမ်း လျှောက်သူများ အသုံးပြုခဲ့သည့် လမ်းကြောင်းဟောင်းတစ်ခု ဖြစ်ပုံရသည်။
သို့သော် ယခုအခါ အပင်များ ရူးသွပ်မတတ် ကြီးထွားလာမှုကြောင့် မူလလမ်းကြောင်းမှာ ပျောက်ကွယ်သလောက် ဖြစ်နေပြီဖြစ်သည်။
သို့သော် ဤဧရိယာ မြေပြင်အနေအထားကို ကျွမ်းကျင်သူများကမူ ထိုဖဲကြိုးများကို ကြည့်ကာ မူလလမ်းကြောင်းဟောင်းကို ရှာဖွေနိုင်ပေလိမ့်မည်။
"ကြည့်ရတာ ဒီလူတွေထဲမှာ ထိုက်ယန်တောင်ကို မကြာခဏ တက်ဖူးတဲ့ တောင်တက်ဝါသနာရှင်တွေ ပါပုံရတယ်... ပြီးတော့ ဒီနယ်မြေကို သူတို့ ကောင်းကောင်း ကျွမ်းကျင်နေတယ်"
လင်းယွမ်သည် ထင်းရှူးပင်အချို့ကို ကွေ့ပတ်ကျော်ဖြတ်လိုက်ပြီးနောက် ရုတ်တရက် ကိုယ်ကို တိခနဲ ရပ်တန့်လိုက်သည်။
ရှေ့နားရှိ တောအုပ်ထဲတွင် လူတစ်စု လမ်းလျှောက်နေသည်ကို လှမ်းမြင်လိုက်ရသည်။
ချိုင်ကြည်၊ ဦးလေးမာနှင့် အခြားသူများအားလုံး ထိုအထဲတွင် ပါဝင်နေသည်။ သူတို့၏ မျက်နှာများမှာ ကြောင်တောင်တောင် ဖြစ်နေပြီး လမ်းတစ်လျှောက်လုံး ပြေးနေကြသည်။
ဦးလေးမာမှာ အသက်ရှူပင် မဝတော့သော်လည်း ရပ်တန့်မည့် အရိပ်အယောင် လုံးဝမပြပေ။
ရှေ့နှင့် နောက်တွင် သူ မမြင်ဖူးသော အစွမ်းပိုင်ရှင် နှစ်ယောက်က အော်ဟစ်ကာ မောင်းနှင်နေကြသည်။
"တောက်... မြန်မြန်လုပ်စမ်း... ပြေးစမ်း"
"ဟေ့ကောင် လောင်ချီ... သူတို့ကို မြန်မြန်မောင်းစမ်းကွာ"
ရှေ့မှ ခေါင်းတုံးနှင့် အစွမ်းပိုင်ရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
နောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက အမောတကောဖြင့် "မင်းက ငါ့ကို အလျင်အစွမ်းပိုင်ရှင် မှတ်နေလား... ငါလည်း မောနေပြီကွ... ပြီးတော့ ငါ ထိန်းချုပ်ထားတဲ့ ဒီကောင်တွေက သာမန်လူတွေပဲ ရှိတာ... ဒီထက် မြန်ရင် အကုန် သေကုန်လိမ့်မယ်" ဟု ပြန်ပြောလိုက်သည်။
ခေါင်းတုံးက ဒေါသတကြီးဖြင့် "တောက်... မင်း မမေ့နဲ့နော်... အဲ့ဒီ စခန်းမှာ ဆရာကြီးတွေ အများကြီးရှိတယ်... သူတို့ လိုက်လာလို့ကတော့ ငါတို့မှာ ထူလုံနဲ့ သရေကျအောင် တိုက်နိုင်တဲ့ အရည်အချင်း မရှိဘူးနော်"
"သိပါတယ် သိပါတယ်ကွာ... တောက်... ဒီအချိန်ကြီးကျမှ ဘာလို့ ဒီလူတွေကို ဖမ်းခိုင်းနေရတာလဲ... အစ်ကိုဝေ လာမှ လုပ်လို့ မရဘူးလား"
"မင်းက ဘာနားလည်လို့လဲ... အစ်ကိုဝေ တိုက်ခိုက်ရင် အရမ်းကြမ်းတာ... အဲ့ကျရင် အလုပ်သမား ဘယ်နှယောက် အသက်ရှင်ကျန်ခဲ့မှာလဲ"
လူလတ်ပိုင်း အမျိုးသားမှာ ပြောစရာ စကားမရှိ ဖြစ်သွားပြီးနောက် "ငါတို့နောက်ကို လိုက်လာမယ် မထင်ပါဘူးကွာ... မြောင်ဖေးတို့က ဟိုဘက်က စိုက်ပျိုးရေး လုပ်နေတဲ့ မိန်းမတွေကို ဖမ်းသွားတယ်လေ... အဲ့ဒါက ဟို အစွမ်းပိုင်ရှင်တွေကို ဆွဲဆောင်သွားမှာပါ" ဟု ပြောလိုက်သည်။
ခေါင်းတုံးက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး "အဲ့ဒါတော့ ဟုတ်တယ်... ငါတို့ လက်စစွမ်းပြခဲ့တဲ့ နေရာနဲ့ အတော်ဝေးတာပဲ... ဒါပေမဲ့ မကာကွယ်လို့တော့ မဖြစ်ဘူး... ဟို ဆေးလိပ်ဖွာတဲ့ကောင်နဲ့ တာအိုဆရာလိုလို ကောင်က လွတ်သွားတယ်လေ"
သူတို့နှစ်ဦးသည် စကားပြောရင်း အရှိန်မြှင့်တင်လိုက်ကြပြီး လမ်းတစ်လျှောက်လုံး အနားမယူခဲ့ကြပေ။
လင်းယွမ် ထိုစကားများကို ကြားလိုက်သောအခါ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။ ဒီလူစုက လူခွဲပြီး လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။
တစ်ဖွဲ့က ရေစပ်တွင် ငါးဖမ်းနေသော ချိုင်ကြည်၊ ဦးလေးမာ စသည့် လုပ်အားကောင်းသော ယောက်ျားများကို ဖမ်းဆီးခဲ့ပြီး၊ နောက်တစ်ဖွဲ့က စိုက်ခင်းထဲရှိ အဒေါ်ကြီးလီ အစရှိသော သက်ကြီးပိုင်း အမျိုးသမီးများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ထို့ပြင် သူတို့၏ စကားပြောဆိုမှုအရ ဤနှစ်ယောက်သည် ဖုန်းဟွမ်ဘုရားကျောင်းမှ မဟုတ်ဘဲ အနောက်ဘက် သတ္တုတွင်းဧရိယာမှ ထျန်ဝေ၏ လူများဖြစ်ကြောင်း သိလိုက်ရသည်။
လင်းယွမ် နားမလည်နိုင် ဖြစ်သွားသည်။ သူသည် ထျန်ဝေ၏ လူများနှင့် အဆက်အသွယ်ပင် မရှိခဲ့ဖူးပေ။
တစ်ဖက်လူက အဘယ်ကြောင့် ဤမျှဝေးကွာသော နေရာထိ လာရောက်ပြီး သူ့ကို တိုက်ခိုက်ရသနည်း။
ဒါ သောက်ရူးတွေ မဟုတ်ဘူးလား...။
"တောက်... ငါက လူသစ်မို့လို့ ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ ရတယ် ထင်နေကြတာလား"
လင်းယွမ်၏ မျက်လုံးအိမ်ထဲတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ လက်ကို ဆန့်ထုတ်လိုက်ရာ စတီးပိုက်လုံး နှစ်ချောင်း သူ့လက်ထဲသို့ ရောက်ရှိလာသည်။
သူ၏ အကြည့်က လူများကို ထိန်းချုပ်ထားသည်ဟု ပြောသော လူလတ်ပိုင်း အစွမ်းပိုင်ရှင်ထံတွင် စူးစိုက်နေသည်။
ထိုလူ၏ အစွမ်းက မည်မျှအထိ အကျိုးသက်ရောက်မှု ရှိသည်ကို မသိသော်လည်း၊ ဦးလေးမာတို့ကို ထိန်းချုပ်ထားနိုင်သည် ဆိုကတည်းက ထိုလူကို ဦးစွာ သတ်ပစ်ရမည် ဖြစ်သည်။
သို့မဟုတ်ပါက တစ်ဖက်လူက ဦးလေးမာ၊ ချိုင်ကြည်တို့ကို ဓားစာခံလုပ်ပြီး သူ့ကို ခြိမ်းခြောက်လာလျှင် သူ လှုပ်ရှားရ ခက်သွားပေလိမ့်မည်။
လင်းယွမ် အကြည့်များ အေးစက်သွားပြီး အသက်ကို ဝအောင် ရှူသွင်းလိုက်ကာ လက်မောင်းကို မြှောက်လျက် ခြေတစ်လှမ်း လှမ်းလိုက်သည်။
နောက်တစ်ခက္ကာတွင် ခါးကို လိမ်၍ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ကျောရိုးမကြီးက လေးကြီးတစ်လက်ကဲ့သို့ တုန်ခါသွားပြီး လက်ထဲမှ စတီးပိုက်လုံးသည် အရှိန်ပြင်းစွာဖြင့် ပစ်လွှတ်ခြင်း ခံလိုက်ရသည်။
"ဝှီးးးးးးးးးးး"
ထိတ်လန့်ဖွယ် ကောင်းလှသော လေတိုးသံသည် စူးရှစွာ ထွက်ပေါ်လာပြီး နားစည်များကိုပင် ကွဲထွက်သွားစေမတတ် ဖြစ်သွားသည်။
ရှေ့မှ လူလတ်ပိုင်းနှင့် ခေါင်းတုံးတို့၏ မျက်နှာများ ရုတ်ခြည်း ပြောင်းလဲသွားကြသည်။
"မကောင်းတော့ဘူး"
"လူရှိတယ်"
နှစ်ယောက်သား ပြိုင်တူ အာမေဋိတ် အော်လိုက်မိကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုလူလတ်ပိုင်း အမျိုးသားမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ငွေရောင် အရိပ်တစ်ခု သူ၏ ရင်ဘတ်ကို ဖောက်ထွင်းဝင်ရောက်သွားတော့သည်။
ဗွပ် ခနဲ အသံနှင့်အတူ စတီးပိုက်လုံးက သူ၏ နှလုံးသားကို တိုးဝင်ဖောက်ထွက်သွားပြီး သွေးစိုင် အသားစများကို သယ်ဆောင်သွားလေသည်။
လူလတ်ပိုင်း အမျိုးသားသည် "အားးးးးးးးး" ခနဲ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် မည်သူ လက်ချက်လဲ ဆိုသည်ကို သိရန် နောက်သို့ အတင်း လှည့်ကြည့်လေသည်။
သို့သော် သူ့မျက်စိရှေ့တွင် အရိပ်တစ်ခု ဝိုးတဝါး ပေါ်လာပြီး လူတစ်ယောက် ရောက်ရှိနေပြီ ဖြစ်သည်။
ထို့နောက် သူ၏ ခေါင်းကို လူတစ်ယောက်က ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို ခံစားလိုက်ရသည်။
ဖုန်း ခနဲ အသံနှင့်အတူ ခေါင်းတစ်ခုလုံး ကြေမွသွားပြီး ချက်ချင်းပင် သတိလစ်သွားတော့သည်။
လင်းယွမ်သည် ထိုလူ၏ ခေါင်းကို နင်းခြေရင်း ခုန်တက်လိုက်ကာ လေပေါ်မှနေ၍ ရှေ့သို့ အသည်းအသန် ပြေးနေသော ခေါင်းတုံးထံ လက်သီးဖြင့် ပစ်သွင်းလိုက်သည်။
ထိုခေါင်းတုံးသည် အလျင်အစွမ်းပိုင်ရှင် ဖြစ်သောကြောင့် အလွန်လျင်မြန်သည်။
သို့သော် သူ မည်မျှပင် မြန်စေကာမူ အချိန်တိုအတွင်း လင်းယွမ်ကို ဖြတ်ကျော်နိုင်ခြင်း မရှိပေ။
"ဝုန်း"
လင်းယွမ်သည် လေပေါ်တွင် ပျံဝဲနေရင်း လက်သီးတစ်ချက် ထိုးချလိုက်သည်။
လေထုသည် ရုတ်တရက် လိမ်တွန့်ကာ ချိုင့်ဝင်သွားပြီး ကြောက်မက်ဖွယ် လက်သီးအား ပါဝင်သော လေဖိအားအမြောက်ဆန်က တရွှီရွှီမြည်လျက် ထွက်ပေါ်လာသည်။
"လေဖိအားအမြောက်လက်သီး"
"ဝုန်း"
အဖြူရောင် လေဖိအားအလုံးသည် ခေါင်းတုံး၏ ကျောပြင်တွင် ပေါက်ကွဲသွားသည်။
ထိုခဏ၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြဲနေသော အဝတ်စုတ်အိတ်ကဲ့သို့ လွင့်စင်ထွက်သွားပြီး ထင်းရှူးပင် အချို့ကို တိုက်မိကာ သစ်ပင်များ ကျိုးပဲ့ကုန်သည်။
လင်းယွမ် မြေပြင်ပေါ်သို့ ခြေချလိုက်ပြီးနောက် ခုန်ပျံကျော်လွှားကာ ချက်ချင်းပင် ထိုခေါင်းတုံး၏ ရှေ့သို့ ရောက်သွားသည်။
သူက ခေါင်းတုံးကို ဆွဲမလိုက်ရာ ခေါင်းတုံး၏ ကျောရိုးမှာ ချိုင့်ဝင်နေပြီး အရိုးများ ထိုးထွက်နေသည်ကို တွေ့ရသည်။ ကျောရိုးနှင့် နံရိုးများ ကျိုးကြေကုန်ပြီ ဖြစ်သည်။
လင်းယွမ် စိတ်ထဲတွင် ဝမ်းသာသွားသည်။ "ငါ့ရဲ့ ထိုးနှက်အားက တိုးမလာပေမယ့် ဒီလို ပေါက်ကွဲထွက်တဲ့ ဖျက်ဆီးအားကတော့ အများကြီး တိုးလာတာပဲ"
သူက တစ်ဖက်လူကို ဆွဲမထားလိုက်သည်။ ခေါင်းတုံးမှာ မသေသေးသော်လည်း ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူက လင်းယွမ်ကို ထိတ်လန့်တကြား ကြည့်ရင်း နှုတ်ခမ်းများ တုန်ရီစွာဖြင့် "အသက်... အသက်ချမ်းသာပေးပါ" ဟု တောင်းပန်လိုက်သည်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး "မင်းတို့က သတ္တုတွင်းဧရိယာက ထျန်ဝေရဲ့ လူတွေလား" ဟု မေးလိုက်သည်။
"အဟွတ်... အဟွတ်... ဟုတ်... ဟုတ်ပါတယ်"
ခေါင်းတုံးက သွေးများ အော့အန်ရင်း ပြန်ဖြေသည်။ "ကျွန်တော်က... အမိန့်အတိုင်း လုပ်ရတာပါ... မသတ်ပါနဲ့"
"ကျွန်တော့်မှာ... မိန်းမနဲ့ ကလေး ရှိသေးလို့ပါ"
လင်းယွမ်က ဂရုမစိုက်ဘဲ အေးစက်စွာ ထပ်မေးသည်။ "ငါတို့က မင်းတို့ကို ဘယ်နေရာမှာ စော်ကားမိလို့လဲ"
"မရှိ... အဟွတ်"
"အော်... မရှိဘူးပေါ့... ဒါဆို မင်းတို့က ငါ့ကာကွယ်ရေးစခန်းကို ဗုံးခွဲပြီး ငါ့လူတွေကို လာဖမ်းတာပေါ့လေ"
"ဒါက... ဒါက ဦးလေးကွေ့နဲ့ အစ်ကိုဝေရဲ့ သဘောပါ... ကျွန်တော်က... တကယ်ပဲ ခိုင်းတာ လုပ်ရုံသက်သက်ပါ"
လင်းယွမ်၏ မျက်ဝန်းများ အေးစက်နေသည်။ ဒီကောင့်ဆီက ဘာမှ ထပ်မေး၍ ရတော့မည့်ပုံ မပေါ်ပေ။
သူက "ဦးလေးကွေ့က ဘယ်သူလဲ... သူက ဘာစွမ်းရည်ရှိလဲ" ဟု ထပ်မေးလိုက်သည်။
"ဦးလေးကွေ့က... ကျွန်တော်တို့ရဲ့ နည်းဗျူဟာမှူးပါ... သူက... သူက သတ္တုတွင်းဧရိယာက ကိစ္စအတော်များများကို တာဝန်ယူထားတာ... အစ်ကိုဝေက သူ့ကို အရမ်းယုံကြည်တယ်"
"သူ့ရဲ့ အစွမ်းက အရမ်းကြမ်းတယ်... သူက... သူက"
စကားမဆုံးမီ ထိုခေါင်းတုံး၏ မျက်နှာတွင် သွေးရောင်များ လွှမ်းလာပြီး ပြင်းထန်စွာ ချောင်းဆိုးလာသည်။
နှစ်ချက်မျှသာ ဆိုးလိုက်ရပြီး "ဗွက်" ခနဲ သွေးတစ်လုပ် အန်ချလိုက်သည်။
ထို့နောက် လည်ပင်းစောင်းကျသွားပြီး အသက်ပါ ပါသွားတော့သည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီခွေးကောင်... အရေးကြီးတဲ့နေရာရောက်မှ သေသွားရတယ်လို့။
သူက ခေါင်းတုံး၏ အလောင်းကို ပစ်ချလိုက်ပြီး မျက်နှာများ ငေးငိုင်နေကြသော မာကောချိုင်၊ ချိုင်ကြည်နှင့် အခြားသူများကို မော့ကြည့်လိုက်သည်။
"ဦးလေးမာ... ချိုင်ကြည်"
သူ လှမ်းခေါ်လိုက်ပြီး အလျင်အမြန် လျှောက်သွားလိုက်သည်။
(၁၀) ယောက်ကျော်ရှိသော လူအုပ်ကြီးမှာ လင်းယွမ်ကို ကြောင်တောင်တောင် ကြည့်နေကြသည်။ ခဏကြာမှ ဦးလေးမာ တစ်ယောက် သတိပြန်ဝင်လာသည်။
"လင်းယွမ်... ငါ... ငါ ဘယ်ရောက်နေတာလဲ"
ဦးလေးမာ သတိဝင်လာသည်နှင့် တခြားလူများလည်း အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။
"ဘာဖြစ်တာလဲ... ငါ ငါးဖမ်းနေတာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ... ငါ ငါးမျှားနေတာ... ဘာလို့ ရုတ်တရက် ဒီရောက်နေတာလဲ"
"လင်းယွမ်... ဘာတွေ ဖြစ်ကုန်တာလဲဗျာ"
ချိုင်ကြည်လည်း မျက်နှာပျက်နေသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် အလောင်းနှစ်လောင်းကို တွေ့လိုက်ရသည်။
သူတို့ ဘယ်လောက်ပဲ အဖြစ်မှန်ကို မသိပါစေဦး၊ အခြေအနေကိုတော့ ရိပ်မိလိုက်ကြသည်။
"တစ်ယောက်ယောက်က ငါတို့ကို တိတ်တဆိတ် တိုက်ခိုက်လိုက်တာလား"
လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "အများကြီး ပြောမနေနဲ့တော့... ခင်ဗျားတို့ တိုက်ခိုက်ခံလိုက်ရတာ... အခု ချက်ချင်း ပြန်လိုက်ခဲ့ကြ" ဟု ပြောလိုက်သည်။
အားလုံး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အချိန်ဆွဲမနေရဲကြတော့ပေ။ ချက်ချင်း ထရပ်ကာ လင်းယွမ်နောက်သို့ လိုက်ပါလာကြသည်။
လမ်းတွင် လင်းယွမ်က "ခင်ဗျားတို့ တိုက်ခိုက်ခံရတာကို မသိလိုက်ကြဘူးလား" ဟု မေးလိုက်သည်။
ဦးလေးမာက "ငါတို့က အဲ့ဒီတုန်းက တစ်နေရာတည်း စုမနေဘူး... ငါးမျှားတံ ကိုယ်စီနဲ့ ခွဲနေကြတာ... ဒါပေမဲ့ သိပ်တော့ မဝေးကြပါဘူး" ဟု ပြန်ဖြေသည်။
"ပြီးတော့ အာရုံက ငါးမျှားတဲ့ဆီ ရောက်နေတော့ သတိမထားမိလိုက်ကြဘူး"
ချိုင်ကြည်ကလည်း "ကျွန်တော်ကတော့ တာအိုဆရာလင်းနဲ့ ကုဖုန်းတို့ တစ်ခုခု ပြောနေသံ ကြားလိုက်သလိုပဲ... ဒါပေမဲ့ ရုတ်တရက် စိတ်တွေ လွတ်သွားပြီး ဘာမှ မမှတ်မိတော့ဘူး" ဟု ပြောသည်။
"လင်းယွမ်... ကျွန်တော်ကတော့ ဒီခေါင်းတုံးနဲ့ လူလတ်ပိုင်းကို တွေ့လိုက်တယ်... သူတို့က မြက်ခင်းထဲက ထွက်လာတာ... ကျွန်တော်က ဘယ်သူတွေလဲလို့ မေးမလို့ ရှိသေးတယ်... စကားတောင် မပြောရသေးဘူး... အဲ့ဒီ လူလတ်ပိုင်းရဲ့ မျက်လုံးနဲ့ ဆုံလိုက်တာနဲ့ ဘာမှ မမှတ်မိတော့တာပဲ" ဟု တစ်ယောက်က အော်ပြောလိုက်သည်။
လူတိုင်းက ထိုစဉ်က ဖြစ်ပျက်ခဲ့ပုံများကို တရစပ် ပြောပြနေကြသည်။
လင်းယွမ် အဖြစ်မှန်ကို တဖြည်းဖြည်း သဘောပေါက်လာသည်။ ထိုနှစ်ယောက်တွင် တစ်ယောက်က အလျင်အစွမ်းပိုင်ရှင် ဖြစ်ပြီး၊ တစ်ယောက်က စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်သည်။
ထိုလူလတ်ပိုင်း အမျိုးသားသည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဖြစ်ပြီး မည်သည့်နည်းလမ်း သုံးလိုက်သည် မသိ၊ အားလုံး၏ စိတ်ကို ညှို့ယူဖမ်းစားလိုက်ခြင်း ဖြစ်သည်။
တာအိုဆရာလင်းနှင့် ကုဖုန်းတို့မှလွဲ၍ ကျန်လူများမှာ သာမန်လူများသာ ဖြစ်သဖြင့် ထိုဒဏ်ကို မခံနိုင်ကြပေ။
ကုဖုန်းနှင့် တာအိုဆရာလင်းတို့ ဘာကြောင့် လွတ်မြောက်လာသည်ကိုလည်း လင်းယွမ် ခန့်မှန်းမိသည်။
ကုဖုန်း၏ ဆေးလိပ်ငွေ့မှုတ်ထုတ်သည့် အစွမ်းမှာ အဆင့်မြှင့်တင်ပြီးနောက်ပိုင်း စိတ်စွမ်းအင်ကို ကာကွယ်နိုင်စွမ်း ရှိလာသောကြောင့် တစ်ဖက်လူ၏ စိတ်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
တာအိုဆရာလင်းကမူ သူ၏ ရွှေရောင်အလင်းတန်း အစွမ်းက ဟန်ပြခြောက်လှန့်ရုံသာ တတ်နိုင်သော်လည်း သူ၏ ကိုယ်ပိုင် စိတ်စွမ်းအင်မှာ မနိမ့်ကျပေ။
ရွှေရောင်အလင်းတန်းကို ထိန်းချုပ်ပြီး ဟန်ပြအမျိုးမျိုး လုပ်နိုင်ရန်အတွက် စိတ်စွမ်းအင် လိုအပ်သည်။
ထိုနှစ်ယောက်သည် တစ်ဖက်လူ၏ စိတ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သဖြင့် ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။
"လင်းယွမ်... ဒီလူတွေက ဖုန်းဟွမ်ဘုရားကျောင်းက လူတွေလား" ဦးလေးမာက မေးလိုက်သည်။
လင်းယွမ် ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... သတ္တုတွင်းဧရိယာက လူတွေ" ဟု ဖြေသည်။
"သတ္တုတွင်းဧရိယာက ဟုတ်လား... ထျန်ဝေလား" ဦးလေးမာ အံ့အားသင့်သွားသည်။
ချိုင်ကြည်ကလည်း သံသယဖြင့် "သူတို့လား... ငါတို့နဲ့ သူတို့နဲ့ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့... ငါတို့ကို ဘာကိစ္စ ဖမ်းရတာလဲ" ဟု မေးသည်။
လင်းယွမ် ခေါင်းခါလိုက်သည်။ သူ၏ မျက်နှာမှာ အုံ့မှိုင်းနေပြီး "ဒီကိစ္စက ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး... ခင်ဗျားတို့ကို အရင် ပြန်ပို့ပေးမယ်... ခဏနေရင် ကျွန်တော်ကိုယ်တိုင် သတ္တုတွင်းဧရိယာဘက်ကို သွားပြီး အဲ့ဒီ ထျန်ဝေဆိုတဲ့ကောင်နဲ့ သွားတွေ့မယ်" ဟု ပြောလိုက်သည်။
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ဦးလေးမာနှင့် ချိုင်ကြည်တို့ စိတ်မကောင်း ဖြစ်သွားကြသည်။
သူတို့ကိုယ်သူတို့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး ဘာအကူအညီမှ မပေးနိုင်ခဲ့ပေ။
အရင်တုန်းက လျှိုအားလုံကို ရင်ဆိုင်ခဲ့စဉ်က သူတို့အားလုံး ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြဖူးသည်။
သို့သော် အချိန်ဘယ်လောက်မှ မကြာလိုက်...။
လူတိုင်း တိုးတက်ပြောင်းလဲကုန်ကြပြီး အချို့က အစွမ်းများ နိုးထလာကြသည်။ သူတို့ကရော...။
နှစ်ယောက်သား စိတ်ဓာတ်ကျနေပြီး လင်းယွမ်နောက်သို့ လိုက်ကာ ကာကွယ်ရေးစခန်းသို့ ပြန်ရောက်လာကြသည်။
ကျောက်ခိုင်နှင့် အခြားသူများက ဆီးကြိုနေကြပြီး အခြေအနေကို အလောတကြီး မေးမြန်းကြသည်။
လင်းယွမ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
အားလုံးမှာ ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်သွားကြသည်!
"ဘာ... သတ္တုတွင်းဧရိယာက လူတွေ ဟုတ်လား... ငါတို့ သူတို့ကို ဘယ်တုန်းက သွားစော်ကားမိလို့လဲ"
"တောက်... ဒီ ထျန်ဝေဆိုတဲ့ ခွေးကောင် ဦးနှောက် ပျက်နေတာလား... ငါတို့နဲ့ ဘာရန်ငြိုးရှိလို့ လာတိုက်ခိုက်ရတာလဲ"
"သောက်ကျိုးနည်း... လင်းယွမ်... အခုချက်ချင်း သူတို့နဲ့ သွားစာရင်းရှင်းကြမယ်"
"ဟုတ်တယ် လင်းယွမ်... ဒီလူတွေက ငါတို့ကို လူသစ်တွေမို့လို့ အနိုင်ကျင့်တာ"
အားလုံးက တစ်ယောက်တစ်ပေါက်နှင့် ဒေါသတကြီး ပြောဆိုနေကြသည်။
အကယ်၍ မြောက်ဘက် ဖုန်းဟွမ်ဘုရားကျောင်းက လူများ လာရောက်တိုက်ခိုက်ခြင်း ဆိုပါက ဤမျှ ဒေါသထွက်မိမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဖုန်းဟွမ်ဘုရားကျောင်းနှင့် သူတို့မှာ မူလကတည်းက ရန်ငြိုးရှိထားပြီး ဖြစ်သည်။
ယခု သတ္တုတွင်းဧရိယာမှ ထျန်ဝေဆိုသူကို သူတို့ မြင်ပင် မမြင်ဖူးဘဲလျက် ဤလူစုက သူတို့ကို လာရောက်တိုက်ခိုက်သည် ဆိုတော့ကာ...။
အားလုံး ဒေါသထွက်ကြသည်မှာ မဆန်းပေ။
လင်းယွမ်က တည်ငြိမ်စွာဖြင့် "ဒီကိစ္စကို ငါ ရှင်းလိုက်မယ်... မင်းတို့ စခန်းမှာပဲ နေခဲ့ပြီး ဝါးတဲအိမ်ကို ပြန်ဆောက်ထားကြ" ဟု ပြောလိုက်သည်။
"လင်းယွမ်... ဒီတစ်ခါတော့ ကျွန်မ လိုက်ကို လိုက်ခဲ့မယ်"
"အစ်ကိုလင်း... ကျွန်မလည်း လိုက်မယ်"
ဆုန့်ဝမ်နှင့် တင်းယန်တို့ ချက်ချင်း အော်ပြောလိုက်ကြသည်။ ဒီတစ်ခါတော့ သူတို့၏ မျက်နှာတွင် ပြတ်သားမှုများ အပြည့်ရှိနေပြီး လင်းယွမ် ငြင်းပယ်သည်ကို လက်ခံမည့်ပုံ မပေါ်ပေ။
ကျောက်ခိုင်ကလည်း "အစ်ကိုလင်း... ကျွန်တော်လည်း လိုက်ခဲ့ပါရစေ... အဲ့ဒီ ထျန်ဝေက မီးအစွမ်းပိုင်ရှင် မဟုတ်လား... ကျွန်တော့်ရဲ့ ရေခဲအစွမ်းက တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မှာပါ" ဟု ပြောသည်။
ရန်ဆန်းမင်ကလည်း "လင်းယွမ်... မင်း စခန်းကို နောက်တစ်ခါ တိုက်ခိုက်ခံရမှာ စိုးရိမ်နေတာ ငါသိပါတယ်... စိတ်ချပါ... ဒီဘက်မှာ ငါတို့အားလုံး သေချာ သတိထားပြီး စောင့်ကြပ်နေပါ့မယ်... ကျောက်ခိုင်တို့ကို ခေါ်သွားလိုက်ပါ... မဟုတ်ရင် ငါတို့လည်း မင်းအတွက် စိတ်မချဘူး" ဟု ဝင်ပြောသည်။
ရှီဟိုင်ကျူးက "ဟုတ်တယ် လင်းယွမ်... မင်းက ငါတို့ရဲ့ အဓိက တိုက်ခိုက်ရေးအင်အားပဲ... စစ်တိုက်ပြီဆိုတာနဲ့ ဘယ်သူက အနုမြူလက်နက်ကို စစချင်း ထုတ်သုံးမှာလဲ" ဟု ထောက်ခံပြောဆိုသည်။
အားလုံးက ဝိုင်းဝန်းပြောဆိုနေကြသဖြင့် လင်းယွမ် နောက်ဆုံးတွင် လက်ခံလိုက်သည်။ "ဒါဆိုရင် ကျောက်ခိုင် လိုက်ခဲ့... တင်းယန်နဲ့ ဆုန့်ဝမ်... နင်တို့နှစ်ယောက် နေခဲ့"
မိန်းကလေးနှစ်ယောက်က သဘောမတူဘဲ တစ်ခုခု ပြောရန် ပြင်လိုက်သည်။
လင်းယွမ်က လေးနက်သော မျက်နှာထားဖြင့် "စကားနားထောင်" ဟု ဟန့်တားလိုက်သည်။
သူက ဆက်လက်၍ "ရန်သူက သတ္တုတွင်းဧရိယာမှာ နေတာ... သူတို့လက်ထဲမှာ မီးအစွမ်းပိုင်ရှင်သုံး ကျောက်တုံးတွေ အများကြီး ရှိနိုင်တယ်... တကယ်လို့ တစ်ဖက်လူက သူသေကိုယ်သေဆိုပြီး ပေါက်ကွဲကျောက်တုံးတွေ အများကြီးကို တပြိုင်နက် ဖောက်ခွဲလိုက်ရင် ငါတစ်ယောက်တည်းဆို ရှောင်တိမ်းလို့ ရနိုင်သေးတယ်... ဒါပေမဲ့ မင်းတို့ပါ ပါလာရင် ငါတို့အားလုံး အသက်ရှင်လျက် ပြန်ထွက်လာဖို့ ခက်လိမ့်မယ်... နားလည်လား" ဟု ရှင်းပြလိုက်သည်။
တင်းယန် ငြိမ်ကျသွားသည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် နောင်တရိပ်များ ယှက်သန်းနေသည်။
သူမက လင်းယွမ်ကို စိတ်ဆိုးခြင်း မဟုတ်ဘဲ မိမိကိုယ်ကို စိတ်ဆိုးနေခြင်း ဖြစ်သည်။
သူမ ဘာကြောင့် ဒီလောက် အားနည်းနေရတာလဲ... အခုချိန်ထိ လင်းယွမ်ကို ဘာမှ မကူညီပေးနိုင်သေးပါလားဟု တွေးမိကာ ဒေါသထွက်နေခြင်း ဖြစ်သည်။
ဆုန့်ဝမ်၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာသည်။ သူမကတော့ တင်းယန်လောက် စိတ်ခံစားချက် မပြင်းထန်သော်လည်း "အစ်ကိုလင်း... ဒါဆိုရင်... အစ်ကို သေချာပေါက် ပြန်လာရမယ်နော်" ဟု ပြောလိုက်သည်။
လင်းယွမ် သူမကို ပြုံးပြလိုက်ပြီး "စိတ်ချပါ... ငါ့အစွမ်းကို နင်တို့ သိသားပဲ" ဟု ပြောသည်။
ထို့နောက် ကျောက်ခိုင်၏ ပခုံးကို ပုတ်ကာ "သွားစို့" ဟု ပြောလိုက်သည်။
ကျောက်ခိုင် ခေါင်းညိတ်လိုက်ပြီး လူအုပ်ထဲမှ လျှိုဖိန်ဖိန်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ပါးစပ်ဟလိုက်သော်လည်း စကားမပြောဖြစ်ဘဲ ပြုံးရုံသာ ပြုံးပြလိုက်ပြီး "ငါ သွားပြီ" ဟု နှုတ်ဆက်လိုက်သည်။
"အင်း... စောစော ပြန်လာနော်" လျှိုဖိန်ဖိန်က စိတ်မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
ကျောက်ခိုင်က လက်ဝှေ့ယမ်းပြလိုက်ပြီး လင်းယွမ်နောက်သို့ လိုက်ကာ လှေကားထစ် စိုက်ခင်းများဘက်မှနေ၍ အနောက်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားကြသည်။
စိုက်ခင်းများကို ဖြတ်ကျော်ပြီး တောအုပ်ထဲသို့ ရောက်သောအခါ လင်းယွမ်က လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံး တစ်တုံးကို ချက်ချင်း ထုတ်ယူလိုက်ပြီး ကျောက်ခိုင်ကို ပေးလိုက်သည်။
"ဒီ သင်္ကေတကျောက်တုံးကို ကိုင်ထား"
ကျောက်ခိုင် အံ့အားသင့်သွားပြီး "အစ်ကိုလင်း... ဒါ သင်္ကေတကျောက်တုံးလား" ဟု မေးလိုက်သည်။
"အင်း"
"ဒီကျောက်တုံးက ပေါက်ကွဲကျောက်တုံးနဲ့ မတူပါလား" ကျောက်ခိုင်က သံသယဖြင့် မေးသည်။
လင်းယွမ် ပြုံးလိုက်ပြီး "ဒါ ငါကိုယ်တိုင် လုပ်ထားတာ... လိပ်ခွံစွမ်းအင်အကာအကွယ် ကျောက်တုံးလို့ ခေါ်တယ်... အစွမ်းသွင်းလိုက်ရင် စိတ်စွမ်းအင် အကာအကွယ် အလွှာတစ်ခု ထွက်လာပြီး စိတ်တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်"
"မင်းရဲ့ တခြားအရည်အချင်းတွေကို ငါ စိတ်မပူဘူး... ဒါပေမဲ့ စိတ်စွမ်းအင်အပိုင်းမှာ မင်းက အားနည်းတယ်... အရေးကြီးတဲ့အချိန်ကျရင် ဒါကို သုံးလိုက်... မင်းအသက်ကို ကယ်နိုင်လိမ့်မယ်"
"ဒါ့အပြင် သူက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုလည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်တယ်... ဒါပေမဲ့ စိတ်စွမ်းအင် ကာကွယ်မှုလောက်တော့ မကောင်းဘူးပေါ့"
ကျောက်ခိုင်၏ စိတ်နှလုံး တုန်လှုပ်သွားပြီး ဝမ်းသာအားရဖြင့် "အစ်ကိုလင်း... အစ်ကိုက သင်္ကေတကျောက်တုံးတွေကို ကိုယ်တိုင် လုပ်နိုင်နေပြီလား... စစ်တပ်က သင်္ကေတနည်းပညာကို အစ်ကို တတ်မြောက်သွားပြီပေါ့" ဟု မေးလိုက်လေသည်။
ဆက်ရန်...