← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 11 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 11 Ch. 219-220

အပိုင်း(၂၁၉) သတ္တုတွင်းဧရိယာသို့ ဝင်ရောက်သတ်ဖြတ်ခြင်း

ကျောက်ခိုင်တစ်ယောက် စိတ်လှုပ်ရှားနေမိသည်။ သင်္ကေတနည်းပညာဆိုသည်မှာ စစ်တပ်မှ ထုတ်ဖော်ပြသထားသည့် သာမန်လူများ အသက်အန္တရာယ်မှ ကာကွယ်နိုင်သော နည်းပညာတစ်ခု ဖြစ်သည်။

ခိုလှုံရေးစခန်းကြီး လေးခုစလုံးတွင် သက်ဆိုင်ရာ နည်းပညာများ ရှိကြပြီး အနည်းနှင့်အများဆိုသလို သင်္ကေတနည်းပညာ တစ်ခု၊ နှစ်ခုလောက်ကို ပိုင်ဆိုင်ထားကြသည်။

ကျောက်ခိုင်တို့အဖွဲ့ တောင်ပေါ်တက်လာစက သင်္ကေတနည်းပညာ၏ လက်ချက်ကို တစ်ကြိမ် ခံစားခဲ့ရဖူးသည်။ ဖုန်းဟွမ်ဘုရားကျောင်းမှ လူများက ပေါက်ကွဲမြှားများဖြင့် ပစ်ခတ်ခဲ့သဖြင့် သူတို့လူအချို့ သေဆုံးခဲ့ရပြီး ထိုအငြိုးကို ယခုထက်ထိ လက်တုံ့မပြန်နိုင်သေးပေ။

ယခု လင်းယွမ်က သင်္ကေတကျောက်တုံးတစ်တုံးကို ထုတ်ပြလာပြီး သူကိုယ်တိုင် သုတေသနပြု လုပ်ထားသည်ဟု ပြောလာသည်။

ကျောက်ခိုင် အံ့သြဝမ်းသာဖြစ်သွားသည်မှာ အမှန်ပင်။ အကယ်၍သာ ဒါကို အမြောက်အမြား ထုတ်လုပ်နိုင်မည်ဆိုပါက ခိုလှုံရေးစခန်း တစ်ခုလုံးရှိ လူအားလုံး၏ စွမ်းရည်သည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပေလိမ့်မည်။

လင်းယွမ်က ပြုံးလိုက်ရင်း "ဒီသင်္ကေတကျောက်တုံးက ငါ မတော်တဆ ရထားတာ... စစ်တပ်က ထုတ်ပြန်ထားတဲ့ ပေါက်ကွဲသင်္ကေတ၊ ရေကွင်းသင်္ကေတ၊ အကာအကွယ်သင်္ကေတတွေနဲ့ မတူဘူး"

"လောလောဆယ် ငါတို့ ခိုလှုံရေးစခန်းမှာပဲ ဒီနည်းပညာရှိသေးတယ်... ပြီးတော့ ထိုက်ယန်တောင်တစ်ခုလုံးမှာ စိတ်စွမ်းအင်တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော သင်္ကေတနည်းပညာပဲ"

"လောလောဆယ် ငါ့လက်ထဲမှာ စွမ်းအင်ကျောက်တုံး သိပ်မရှိတော့ အများကြီး ထုတ်မပေးနိုင်သေးဘူး... ဒါကြောင့် မင်းတို့ကို မပြောပြဖြစ်တာ... မင်း ဒါကို အရင်ယူသုံးထားလိုက်... သတ္တုတွင်းဧရိယာရောက်လို့ ထျန်ဝေဆိုတဲ့ကောင်ကို သတ်ပြီးရင်တော့ ငါတို့သုံးဖို့ စွမ်းအင်ကျောက်တုံးတွေ အလိုလို ရလာမှာပါ"

ကျောက်ခိုင်က ထိုစကားကိုကြားလျှင် ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဟုတ်တယ်... ဒီတစ်ခါတော့ သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမယ်"

သူတို့နှစ်ဦးသည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှပင် အလျင်အမြန် ခရီးဆက်လာခဲ့ကြသည်။ မကြာမီတွင် ကျောက်ခိုင် ခြေလှမ်းတုန့်သွားပြီး "လင်းယွမ်... ဒီမှာ လာကြည့်ပါဦး"

လင်းယွမ် လျှောက်သွားလိုက်ရာ ကျောက်ခိုင်က သစ်ပင်ကြီးတစ်ပင်၏ အနီးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူက သစ်ပင်ခြေရင်း မြေကြီးမှ (၁) ပေခန့်အကွာ နေရာတစ်ခုကို လက်ညှိုးထိုးပြရင်း "ဒါ ဝူချင်း ထားခဲ့တဲ့ အမှတ်အသားပဲ"

လင်းယွမ် ကြည့်လိုက်ရာ အဝတ်စလေးတစ်စ ဖြစ်နေသည်။ သူ ပြန်စဉ်းစားကြည့်လိုက်ရာ ထိုအဝတ်စသည် ဝူချင်း ဝတ်ဆင်ထားသော အဝတ်အစားနှင့် တူနေသည်။

လင်းယွမ်က ချက်ချင်းပင် "ထပ်ရှာကြည့်ရအောင်... ဒီနားတဝိုက်မှာ သေချာပေါက် ရှိဦးမှာပဲ"

ကျောက်ခိုင် ခေါင်းငြိမ့်လိုက်ပြီး နှစ်ယောက်သား သစ်ောအုပ်ထဲတွင် အလျင်အမြန် ရှာဖွေလိုက်ကြသည်။ မကြာမီတွင်ပင် နောက်ထပ် အဝတ်စတစ်စကို ထပ်တွေ့လိုက်ရသည်။

ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ဝူချင်း ချန်ထားခဲ့သော သဲလွန်စများနောက်သို့လိုက်ရင်း အနောက်ဘက်သို့ ဦးတည်လာခဲ့ကြသည်။

တစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက် လင်းယွမ် ရုတ်တရက် ရပ်တန့်လိုက်သည်။

ကျောက်ခိုင်က သံသယဖြင့် မော့ကြည့်ရင်း "ဘာဖြစ်လို့လဲ"

လင်းယွမ်က လက်ကာပြလိုက်ပြီး တိတ်တိတ်နေရန် အမူအရာလုပ်ပြလိုက်သည်။ ထို့နောက် ဘယ်ဘက် အရှေ့ထောင့်သို့ လက်ညှိုးထိုးပြလိုက်သည်။

ကျောက်ခိုင် လန့်ဖျပ်သွားပြီး လေးနက်သော အမူအရာဖြင့် လင်းယွမ် ညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည်။

ဘယ်ဘက်အရှေ့ထောင့်ရှိ မိုးမျှော်သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ဧရာမ စပါးအုံးမြွေကြီးတစ်ကောင် ရစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။

ထိုစပါးအုံးမြွေကြီးသည် အနည်းဆုံး အလုံးပတ် (၁၀) ပေခန့်ရှိပြီး အရှည်မှာ ပေပေါင်း (၁၀၀) ကျော် ရှိပေလိမ့်မည်။

သစ်ပင်ကြီးပေါ်တွင် ရစ်ပတ်ထားသည်မှာ သစ်ပင်မှ ပေါက်ထွက်လာသော ဧရာမ သစ်နွယ်ကြီးတစ်ပင်သဖွယ် ဖြစ်နေသည်။ ကြမ်းတမ်းသော အကြေးခွံများမှာ သာမန်မြွေများကဲ့သို့ ချောမွတ်ပြောင်လက်နေခြင်းမျိုး မရှိပေ။

ယင်းအစား အနက်ရောင် ကျောက်တုံးကြီးများ စီစီရီရီ တပ်ဆင်ထားသကဲ့သို့ ထူထဲလေးလံသော အသွင်အပြင် ရှိသည်။

မည်သူမဆို မြင်လိုက်ရသည်နှင့် ခေါင်းနပန်းကြီးသွားစေလောက်သည့် ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။

ကျောက်ခိုင်တစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်မိပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်က လေသံတိုးတိုးဖြင့် "ဖြည်းဖြည်းချင်းသွား... သူ သတိမထားမိခင် ရှောင်ထွက်သွားကြမယ်"

ကျောက်ခိုင် ခေါင်းငြိမ့်လိုက်သည်။

သူတို့နှစ်ဦး အသံမထွက်စေရအောင် သတိထားရင်း နောက်ဆုတ်လိုက်ကြသည်။ မည်သူမျှ ထိုဧရာမမြွေကြီး၏ ပိုင်နက်ထဲသို့ မဝင်ရဲကြပေ။

ဤမျှကြီးမားသော ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးမျိုးကို သူတို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးချေ။

သူတို့နှစ်ဦး သတိထား၍ နောက်ဆုတ်လာခဲ့ရာ ထိုမြွေကြီးကို မမြင်ရတော့သည့် နေရာရောက်မှ သက်ပြင်းချနိုင်တော့သည်။

ကျောက်ခိုင်က တီးတိုးလေသံဖြင့ "လင်းယွမ်... ဒီလောက်ကြီးမားတဲ့ ခန္ဓာကိုယ်မျိုးရဖို့ သန္ဓေပြောင်းလဲနှုန်း ဘယ်လောက်တောင် မြင့်ရမလဲ"

လင်းယွမ် ခေါင်းခါလိုက်ပြီး "ဒါက မျိုးစိတ်ကန့်သတ်ချက်ကို ကျော်လွန်နေပြီ... ဒီသန္ဓေပြောင်း သတ္တဝါရဲ့ သန္ဓေပြောင်းလဲနှုန်းကို ခန့်မှန်းဖို့ ခက်တယ်"

"ငါ့အထင်တော့ ၉၀% အထက်မှာ ရှိလောက်တယ်"

လင်းယွမ်က ပြုံးလိုက်ပြီး... "သွားကြစို့... အဝေးက ရှောင်သွားကြမယ်... ဒီ ထိုက်ယန်တောင်က မကြီးပေမယ့် ပုန်းအောင်းနေတဲ့ အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါတွေ မနည်းလှဘူး"

"အရင်တုန်းက အရိုးလှံပင့်ကူကြီး ရှိတယ်... အခု နောက်ထပ် အစွမ်းအစ မသိရသေးတဲ့ ဧရာမ မြွေကြီး ပေါ်လာပြန်ပြီ... ငါတို့ လူသားတွေက အစာကွင်းဆက်ရဲ့ ထိပ်ဆုံးနေရာကနေ ပြုတ်ကျသွားခဲ့ပြီပဲ"

လင်းယွမ်က ဆက်ပြောသည်။ "လက်ထဲမှာ လက်နက်မရှိရင် လူသားတွေဆိုတာ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးသတ္တဝါလို့ ဘယ်တုန်းကမှ မသတ်မှတ်နိုင်ခဲ့ပါဘူး"

စကားပြောရင်း သူတို့၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။

သစ်တောအုပ်ကို ဖြတ်ကျော်လိုက်သည်နှင့် ရှေ့မှ မြက်ပင်သစ်ပင်များမှာ တဖြည်းဖြည်း နိမ့်ပါးလာပြီး မြေဆီလွှာမှာလည်း သဲကျောက်မြေအဖြစ် ပြောင်းလဲသွားလေသည်။

ရှေ့ဆက်သွားလေ သစ်ပင်များ ခြောက်သွေ့ညှိုးနွမ်းနေသည့် အရိပ်အယောင်များကို တွေ့ရလေဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်တလင်းခါစ ပြုလာသည်။

ကျောက်တုံးကြီးများမှာ မြေကြီးပေါ်တွင် ပေါ်ထွက်နေပြီး မိုးရေကြောင့် ပြောင်လက်ချောမွတ်နေသည်။

"ဒါ... သတ္တုတွင်းဧရိယာလား"

ကျောက်ခိုင် အံ့သြသွားပြီး မျက်နှာတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။

လင်းယွမ်ကလည်း ထူးဆန်းနေသည့် မျက်နှာထားဖြင့ "ထိုက်ယန်တောင်ကို ငါ အကြိမ်ကြိမ် လာဖူးတယ်... ဒီလောက်ကျယ်ပြန့်တဲ့ နေရာလွတ်ကြီး ရှိတာမျိုး မမှတ်မိဘူး"

"ကျွန်တော်လည်း... ထိုက်ယန်တောင်ကို ရောက်ဖူးတာပဲ... ဒီလို ကျောက်တုံးတွေချည်း ရှိနေတဲ့ နေရာမျိုး ရှိမှန်း မှတ်မိသလိုလိုတော့ ရှိတယ်"

"ရေကြီးပြီးမှ ပေါ်လာတာ ဖြစ်လောက်တယ်... ဘယ်လို ဖြစ်လာလဲတော့ မသိဘူး"

"လင်းယွမ်... ကြည့်ပါဦး... ဒီက သစ်ပင်တွေနဲ့ မြက်ပင်တွေက မီးလောင်ထားသလို ခြောက်သွေ့နေတယ်"

လင်းယွမ်လည်း ထိုအချက်ကို သတိထားမိသည်။ သူက မြက်ပင်အချို့ကို ဆွဲနှုတ်ကြည့်လိုက်ရာ အမြစ်များ ခြောက်သွေ့နေပြီး အရွက်များ ညှိုးနွမ်းနေသည်ကို တွေ့ရသည်။ နေပူရှိန်ပြင်းပြင်းဖြင့် လောင်ကျွမ်းခံထားရသကဲ့သို့ပင်။

"ထူးဆန်းတယ်... မိုးတွေ ဒီလောက်ရွာနေတာတောင် ဒီအပင်တွေက ရေငတ်ပြီး သေနေသလို ဖြစ်နေပါလား" ကျောက်ခိုင် မနေနိုင်ဘဲ ပြောလိုက်သည်။

လင်းယွမ်က အဝေးမှ ကျောက်တုံးများ ပြည့်နှက်နေသော သတ္တုတွင်းဧရိယာကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

"ဒီနေရာက မြေဆီလွှာနဲ့ ဆိုင်မလား"

"ဒီနေရာက မီးဓာတ် စွမ်းအင်ကျောက်တုံးတွေ ထွက်တဲ့ သတ္တုတွင်းဧရိယာဆိုတော့ မီးဓာတ်သဘာဝ သေချာပေါက် ပြင်းထန်မှာပဲ... အဲဒါကြောင့် ဒီနားက အပင်တွေ ဒီလိုဖြစ်ကုန်တာ နေမှာ"

ကျောက်ခိုင်က သေချာစဉ်းစားကြည့်ပြီးနောက် လက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်လိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် ရုတ်တရက် အနီးရှိ ကျောက်တုံးကြီးတစ်ခု၏ အရိပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

"လင်းယွမ်... ကိုကျောက်ခိုင်... ခင်ဗျားတို့ ရောက်လာကြပြီပဲ"

ထွက်လာသူမှာ ဝူချင်းပင် ဖြစ်သည်။

ကျောက်ခိုင် အလျင်အမြန် ထလိုက်ပြီး "ဝူချင်း... မင်း ဒီမှာ ရှိနေတာလား... ရန်သူတွေရော"

ဝူချင်းက စိတ်ပူပင်စွာဖြင့် "ရန်သူတွေက အဒေါ်ကြီးလီတို့ကို ခေါ်ပြီး သတ္တုတွင်းထဲ ဝင်သွားကြပြီ"

"လင်းယွမ်... ဒီလူတွေက အရမ်းရက်စက်ကြမ်းကြုတ်တယ်... ကျွန်တော်တို့ အမြန်ဆုံး သွားကယ်မှ ဖြစ်မယ်... အဒေါ်ကြီးလီက အသက်ကြီးတော့ ကိစ္စမရှိပေမယ့် အမဝူတို့၊ အမလျှိုတို့က အသက်သိပ်မကြီးသေးဘူး... သူတို့ကို ဟိုလူတွေ"

သူ စကားကို ဆုံးအောင် မပြောနိုင်ဘဲ မျက်နှာပျက်ယွင်းသွားသည်။

လင်းယွမ် နားလည်လိုက်သည်။ အမဝူဆိုသည်မှာ ချိုင်ကြည်၏ မိန်းမဖြစ်ပြီး အသက် လေးဆယ်ဝန်းကျင်သာ ရှိသေးသည်။ အမလျှို ဆိုသည်မှာ ဟူဝေမင်၏ မိန်းမ လျှိုရှုချင်းဖြစ်ပြီး သူမသည်လည်း အသက် လေးဆယ်ကျော်သာ ရှိသေးသည်။

အခြားသော အမျိုးသမီးအချို့မှာလည်း အသက် သုံးလေးဆယ်အရွယ်များ ဖြစ်ကြပြီး ရုပ်ရည်အသင့်အတင့် ရှိကြသည်။

သတ္တုတွင်းဧရိယာမှ လူများသည် လူကောင်းများ မဟုတ်ကြပေ။ အမျိုးသမီးများ သူတို့လက်ထဲ ရောက်သွားပါက ဇာတ်သိမ်းကောင်းမည် မဟုတ်ချေ။

လင်းယွမ်က လေးနက်သော အသံဖြင့် "ဝူချင်း၊ ကျောက်ခိုင်... ခဏနေ ငါ အထဲဝင်ပြီး ဆူညံပွက်လောရိုက်အောင် လုပ်လိုက်မယ်... မင်းတို့နှစ်ယောက်က အခွင့်အရေးကြည့်ပြီး လူဝင်ကယ်ကြ"

"မှတ်ထားနော်... လူကယ်ပြီးတာနဲ့ မင်းတို့ အရင်ထွက်ပြေးကြ... ငါ့ကို စိတ်ပူစရာ မလိုဘူး"

"ကျန်တာ ငါ့တာဝန်ထား"

ကျောက်ခိုင် လန့်သွားပြီး "အစ်ကိုလင်း... ဝူချင်းကိုပဲ သွားကယ်ခိုင်းလိုက်ပါ... ကျွန်တော် အစ်ကိုနဲ့ လိုက်ခဲ့မယ်"

လင်းယွမ် ခေါင်းခါလိုက်ပြီး "ဝူချင်းက ပုန်းအောင်းတာ၊ ခြေရာခံတာမှာ တော်ပေမယ့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရတာ သူ့အားသာချက် မဟုတ်ဘူး... မင်း သူနဲ့ တွဲလုပ်မှ ငါ စိတ်ချရမှာ"

ကျောက်ခိုင် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း လင်းယွမ်၏ မျက်နှာထား တင်းမာသွားသည်ကို မြင်လိုက်ရသဖြင့် မပြောရဲတော့ပေ။

"ငါ ပြောတာ နားထောင်စမ်း ကျောက်ခိုင်"

ကျောက်ခိုင် ကြောင်အသွားပြီး လင်းယွမ် အတည်ပြောနေမှန်း သိလိုက်သည်။ ထို့ကြောင့် ခေါင်းငြိမ့်လိုက်ရင်း "အစ်ကိုလင်း... ဂရုစိုက်နော်... အန္တရာယ်ရှိရင် အရင်ပြေးပါ... ကျွန်တော်တို့ကို ဂရုစိုက်မနေနဲ့"

"အစ်ကို အသက်ရှင်နေမှ သူတို့ အစ်ကို့ကို ကြောက်ကြမှာ... ဒါမှ ကျွန်တော်တို့လည်း အသက်ရှင်နိုင်မှာ"

လင်းယွမ် အနည်းငယ် မှင်သက်သွားပြီး ကျောက်ခိုင်၏ အလေးအနက်ထားသော မျက်နှာထားကို ကြည့်ကာ ပြုံးလိုက်သည်။ "ငါ သိပါတယ်"

ပြောပြီးသည်နှင့် ကျောက်တုံးများ ပြည့်နှက်နေသော သတ္တုတွင်းဧရိယာဘက်သို့ အကြည့်ပို့လိုက်သည်။

"ထျန်ဝေ တစ်ယောက်တည်းနဲ့တော့ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

"တကယ်တော့... ထိုက်ယန်တောင်တစ်ခုလုံးမှာ ငါ့ကို ထိခိုက်အောင် လုပ်နိုင်တဲ့လူ မရှိတော့ပါဘူး"

သူက တိုးတိုးလေး ရေရွတ်လိုက်ရင်း ကျောက်တုံးပုံများရှိရာ သတ္တုတွင်းဧရိယာထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားလေသည်။

သူ သတ္တုတွင်းဧရိယာထဲသို့ နီးကပ်လာသည်နှင့် ကင်းစင်ပေါ်မှ လူများ သူ့ကို ချက်ချင်း သတိထားမိသွားကြသည်။

"ဟေ့ လူတစ်ယောက်"

"ရပ်လိုက်"

"ဘယ်သူလဲ"

ကင်းစင်ပေါ်မှ အစောင့်များ အော်ဟစ်လိုက်ကြပြီး လင်းယွမ်အား လေးမြှားများဖြင့် ချိန်ရွယ်လိုက်ကြသည်။

အခြားတစ်ဖက်တွင်လည်း ကင်းသမားတစ်ဦးက ခရာမှုတ်လိုက်ပြီး လူစုရန် အချက်ပေးလိုက်သည်။

မကြာမီတွင်ပင် သတ္တုတွင်း အတွင်းပိုင်း ဂူပေါက်များထဲမှ သန်မာထွားကြိုင်းသော လူငယ်လူရွယ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

ထိုလူများသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများဖြင့် မိုးရေထဲသို့ ပြေးထွက်လာကြသည်။

တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘယ်ကောင်က သေချင်စော်နံနေလို့ ငါတို့ဆီ လာရှုပ်ရဲတာလဲကွ"

"သတ္တုတွင်းဧရိယာကိုများ ဝင်ရဲတယ်... သေချင်နေတာလား"

"အစ်ကိုဝေ နဲ့ ဦးလေးကွေ့ တို့ကို မနှောင့်ယှက်ကြနဲ့"

ထိုလူများသည် သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စုဖြင့် ထွက်လာကြသည်။

အချို့က ကျောက်တုံးကြီးများပေါ်သို့ ခုန်တက်လိုက်ကြသည်။ အချို့က ကျောက်တုံးများကို မှီကာ လင်းယွမ်ကို လှောင်ပြောင်သရော်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

"ဟ... တစ်ယောက်တည်းလား"

"ဟေ့ကောင်... တစ်ယောက်တည်းပါကွ... မင်းက ဘာတွေ အော်နေတာလဲ"

"ဟေ့ကောင်လေး... မင်း ဘယ်ကလဲ... ဒါ ဘယ်နေရာလဲဆိုတာ သိရဲ့လား"

"ဟဟ... မထင်မှတ်ဘဲ သတ္တုတွင်းကျွန် တစ်ကောင် အလကား ရလာတာပဲ"

"ဘယ်သူမှ မလုကြနဲ့... ဒီကောင်က ငါ့ကောင်"

လူအုပ်ထဲမှ သန်စွမ်းဖျတ်လတ်သော လူငယ်တစ်ဦး ရုတ်တရက် ခုန်ထွက်လာပြီး လင်းယွမ်ဆီသို့ ပြေးဝင်လာကာ လင်းယွမ်ကို သူပိုင်ကြောင်း ကြွေးကြော်လေသည်။

ကျန်လူများက ဒေါသတကြီးဖြင့် "သောက်ကျိုးနည်း လျှိုတုန်း... ဘာလို့ မင်းပိုင်ရမှာလဲ... မင်းလက်ထဲမှာ သတ္တုတွင်းကျွန်တွေ အများကြီး ရှိပြီးသားကို"

"မရဘူး... ဒီကောင်လေးက ပုံစံကြည့်ရတာ အားရှိမယ့်ပုံပဲ... သတ္တုတူးရင် သေချာပေါက် အလုပ်ဖြစ်မှာ... ဒီကောင်က ငါ့အပိုင်ပဲ"

"ဖယ်ကြစမ်း... ငါ့ကို ဘယ်သူမှ လာမလုနဲ့... ငါ့ဆီက ကျွန်တွေ သုံးကောင်တောင် သေသွားပြီ... ဒီကောင်က ငါ့အတွက်ပဲ ဖြစ်ရမယ်"

သတ္တုတွင်းမှ အစွမ်းပိုင်ရှင်များသည် လင်းယွမ်ကို ဝိုင်းဝန်း လုနေကြလေသည်။

မူလက ဤအစွမ်းပိုင်ရှင်များသည် ကိုယ်ပိုင် သတ္တုတွင်းကျွန်များ ထားရှိကြသည်။ သူတို့လက်အောက်မှ ကျွန်များ တူးဖော်ရရှိသော စွမ်းအင်ကျောက်တုံးများကို သူတို့က သိမ်းယူကြသည်။

ရလာသမျှထဲမှ ထက်ဝက်ကို အထက်လူကြီးများဖြစ်သော ဆွန်းကွေ့ နှင့် ထျန်ဝေ တို့အား ပေးအပ်ရသည်။

ထို့ကြောင့် လက်ထဲတွင် ကျွန်များလေလေ တူးဖော်ရရှိသည့် စွမ်းအင်ကျောက်တုံး များလေလေ ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့်ပင် သူတို့သည် လူသစ်မြင်လျှင် ကျွန်ပြုရန် အသည်းအသန် လုယူကြခြင်း ဖြစ်သည်။

လင်းယွမ်မှာ အရပ်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းသဖြင့် သူတို့မြင်လိုက်သည်နှင့် အရည်အသွေးကောင်းမည့် ကျွန်တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ အုတ်အော်သောင်းနင်း လုယက်နေကြခြင်း ဖြစ်သည်။

ခန္ဓာကိုယ် ဖျတ်လတ်သော လူငယ်သည် အပြေးမြန်ဆုံးဖြစ်ပြီး လင်းယွမ်ကို ပထမဆုံး ဦးပိုင်သူ ဖြစ်သည်။

ယခုအခါ သူသည် စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ဖော့ပညာကို အသုံးပြုကာ အရိပ်တစ်ခုအလား လျင်မြန်စွာ ရွေ့လျားလာသည်။

သူသည် အလျင်အစွမ်းပိုင်ရှင် တစ်ဦးဖြစ်သောကြောင့် အခြားသူများထက် ဦးအောင် လာနိုင်ခြင်း ဖြစ်သည်။

လင်းယွမ် အနီးသို့ ရောက်သည်နှင့် သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး "ဟေ့ကောင်လေး... မင်းအဖိုးနဲ့ လိုက်ခဲ့ပေတော့"

ပြောပြောဆိုဆိုဖြင့် သူ၏ လက်တစ်ဖက်က လင်းယွမ်၏ လည်ပင်းကို လှမ်းညှစ်လိုက်သည်။

လင်းယွမ်သည် မျက်နှာသေဖြင့်သာ ရပ်နေသည်။ ထိုလူများ၏ ဆဲဆိုအော်ဟစ်သံများ၊ လှောင်ပြောင်သံများကို ဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေသည်။

ထိုလက် လင်းယွမ်၏ လည်ပင်းနားသို့ (၅) လက်မ (၆) လက်မခန့် အလိုသို့ ရောက်လာမှသာ...

သူ၏ ညာလက်သီးကို ရုတ်တရက် ထိုးနှက်လိုက်သည်။

"ဝုန်း"

လက်မောင်းရိပ်တစ်ခု လှုပ်ရှားသွားပြီးနောက် နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်သံ ပေါ်ထွက်လာခဲ့သည်။

နောက်တစ်ခဏ၌ ထိုအလျင်အစွမ်းပိုင်ရှင်မှာ စုတ်ပြတ်နေသော အဝတ်အိတ်ကြီးပမာ လွင့်စင်ထွက်သွားတော့သည်။

လေထဲတွင်ပင် သွေးများနှင့် အူများ တဗွမ်းဗွမ်း ကျဆင်းလာသည်။

နာကျင်စွာ အော်ဟစ်လိုက်သံကြီးသည် သတ္တုတွင်းဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အားလုံး ကြက်သီးမွေးညှင်း ထသွားကြသည်။

"ဟာ... မဟုတ်သေးဘူး... အစွမ်းပိုင်ရှင်ဟ"

"သောက်ကျိုးနည်း... အကြောမာတဲ့ကောင်ကွ"

"သတိထား"

"အား"

လူများ အခြေအနေကို သတိမပြုမိခင်မှာပင် နောက်ထပ် အော်ဟစ်သံများ ပေါ်ထွက်လာသည်။

လူတစ်ယောက် လေထဲသို့ လွင့်စင်သွားပြီး ကျောက်တုံးကြီးပေါ်သို့ ပြုတ်ကျကာ အသားတစ်ပုံဘဝသို့ ရောက်သွားရသည်။

လင်းယွမ်၏ ခန္ဓာကိုယ်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။

လက်သီးတစ်ချက်၊ ခြေတစ်ချက် ကစားလိုက်တိုင်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေထုပင် တုန်ခါသွားသည်။

သာမန် သွေးသားခန္ဓာကိုယ်များမှာ သူနှင့် ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲထွက်ကုန်ပြီး အရိုးများ၊ အသားစများ၊ သွေးမိုးများ ရွာသွန်းကုန်သည်။

"အား"

"ကယ်ကြပါ... ကယ်ကြပါဦး"

"မြန်မြန်... အစ်ကိုဝေ ကို သွားခေါ်ကြ"

"ပြေးကြဟေ့... ပြေးကြ"

လင်းယွမ် သတ်ဖြတ်နေသည်မှာ မြန်ဆန်လွန်းလှသည်။ သူသည် ကြွက်သားပေါက်ကွဲသိုင်းကို အသုံးပြုထားသဖြင့် ခွန်အား (၃၀) အထိ ရောက်ရှိနေပြီး လက်သီးချက်တိုင်းသည် သေစေနိုင်သော စွမ်းအားများ ပါဝင်နေသည်။

ရန်သူက အကာအကွယ် အစွမ်းပိုင်ရှင်မဟုတ်ပါက သူ့လက်သီးချက်ကို မည်သူမျှ ခံနိုင်ရည်မရှိပေ။

လင်းယွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အားလုံး သေကြစမ်း"

"ဘုန်း"

သူ့အနီးရှိ လူတစ်ယောက်၏ ခေါင်းကို လက်သီးဖြင့် ရိုက်ခွဲလိုက်ရာ သွေးများ ပန်းထွက်လာပြီး နတ်ဆိုးတစ်ပါးသဖွယ် ဖြစ်နေသည်။

သတ္တုတွင်းမှ အစွမ်းပိုင်ရှင်များသည် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။ အလျင်အစွမ်းပိုင်ရှင်များသည် အမြန်ဆုံး ထွက်ပြေးပြီး ထျန်ဝေကို သွားရောက် အကြောင်းကြားကြသည်။

ခွန်အား အစွမ်းပိုင်ရှင်များမှာမူ ခြေထောက်အပိုပါမလာသည်ကိုပင် နောင်တရနေကြပြီး အဝေးသို့ ပြေးကာ ကျောက်တုံးများကို ဆွဲယူ၍ ရမ်းသန်း ပစ်ခတ်ကြသည်။

အခြားသော အစွမ်းပိုင်ရှင်များမှာလည်း မိမိတို့ တတ်ကျွမ်းသည့် ပညာများဖြင့် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားကြသည်။

ရေအစွမ်းပိုင်ရှင် တစ်ယောက်က မိုးရေများကို စုစည်းပြီး လင်းယွမ်၏ မျက်နှာကို ရေလုံးကြီးဖြင့် ဖုံးအုပ်လိုက်သည်။

လင်းယွမ်၏ ခေါင်းတစ်ခုလုံး ရေလုံးထဲတွင် ရောက်သွားပြီး အသက်ရှူ၍ မရတော့ပေ။

သို့သော် သူ လုံးဝ ဂရုမစိုက်ပေ။ ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုကို ဆွဲမကာ အားကုန် ပစ်ပေါက်လိုက်သည်။

"ဘုန်း"

ရှေ့မှ ခွန်အားအစွမ်းပိုင်ရှင် တစ်ယောက်မှာ ကျောက်တုံးပိပြီး အသားတစ်ပုံ ဘဝသို့ ရောက်သွားရသည်။

သူ လှည့်ကြည့်လိုက်ချိန်တွင် မြှားတစ်စင်း ပျံဝဲလာသည်။

မြှားတံပေါ်တွင် လက်သီးဆုပ်ခန့်ရှိသော ပေါက်ကွဲသင်္ကေတ တစ်ခု ပါလာပြီး ရုတ်တရက် ပေါက်ကွဲသွားသည်။

ပြင်းထန်သော ပေါက်ကွဲမှုလှိုင်း ရိုက်ခတ်လာရာ လင်းယွမ်က မထီမဲ့မြင် ပြုံးလိုက်ပြီး လက်ကာလိုက်သည်။ စိတ်စွမ်းအင် အကာအကွယ်တစ်ခု ချက်ချင်း ပေါ်လာသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲမှုလှိုင်းနှင့် စိတ်စွမ်းအင်တို့ ရိုက်ခတ်မိပြီး စိတ်စွမ်းအင်တံတိုင်း ကွဲအက်သွားသည်။

ကျန်ရှိနေသော ပေါက်ကွဲမှုလှိုင်းသည် လင်းယွမ်၏ အဝတ်စများကိုသာ လှုပ်ခါသွားစေနိုင်ပြီး သူ့ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။

ရေကြီးမှုဒဏ်ကို ခံနိုင်ရည်ရှိလာသော သူ့ခန္ဓာကိုယ်သည် ယခုအခါ ထူထဲမာကျောပြီး အလွန်ခိုင်ခံ့နေပြီ ဖြစ်သည်။

လင်းယွမ် ပြုံးလိုက်ရင်း "မြှားပစ်တတ်တာ မင်းတို့ပဲ ရှိတယ်များ ထင်နေလား"

သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ချောင်းအရွယ်အစားခန့်ရှိသော သံချောင်းတို သုံးချောင်း ပေါ်လာသည်။

ထိုသံချောင်းတိုများမှာ ထိပ်နှစ်ဖက်ကို ချွန်ထက်အောင် သွေးထားပြီး ပြားချပ်သော ပုံသဏ္ဍာန် ရှိသည်။

သံချောင်းတိုဟု ခေါ်သည်ထက် ပျံလွှားဓား ဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။

ဒါတွေက ရန်ဆန်းမင်ကို အကူအညီတောင်းပြီး (ထက်မြက်ခြင်း) အစွမ်း ထည့်သွင်းခိုင်းထားသော ပျံလွှားဓားများ ဖြစ်သည်။

စောစောက သူ စိတ်စွမ်းအင်ကို အသုံးမပြုဘဲ လက်သီးသက်သက်ဖြင့်သာ ရန်သူများကို ထိုးကြိတ်သတ်ဖြတ်ခဲ့သည်။

ရည်ရွယ်ချက်မှာ ဆူညံသံများ ထွက်ပေါ်လာစေရန်နှင့် လူများကို ဆွဲဆောင်ရန် ဖြစ်ပြီး ကျောက်ခိုင်နှင့် ဝူချင်းတို့အတွက် အခွင့်အရေး ဖန်တီးပေးရန် ဖြစ်သည်။

ယခုအခါ သတ္တုတွင်းမှ အစွမ်းပိုင်ရှင်များ စုဝေးရောက်ရှိလာကြပြီ ဖြစ်သဖြင့် သူ လက်တွန့်နေစရာ မလိုတော့ဘဲ ဝှက်ဖဲကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

"ရွှပ်"

"ရွှပ်"

"ရွှပ်"

လင်းယွမ် လက်ဝှေ့ယမ်းလိုက်သည်နှင့် သံချောင်းတို ပျံလွှားဓား သုံးချောင်းသည် လေကိုခွင်း၍ ပျံသန်းသွားကြသည်။

လေထဲတွင် အရိပ်တန်း သုံးခု ဖြစ်ပေါ်သွားသည်။

"ဒုတ်... ဒုတ်... ဒုတ်"

"အား"

ပထမဆုံး အသတ်ခံလိုက်ရသူမှာ ရေအစွမ်းပိုင်ရှင် ဖြစ်သည်။

ပျံလွှားဓား ပျံလာသည်ကို မြင်လျှင် ရေတံတိုင်းဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း နောက်ထပ် ဓားတစ်ချောင်းက သူ့ နားထင်ကို ဖောက်ဝင်သွားသည်။

ခေါင်းတစ်ခုလုံး အထက်အောက် နှစ်ခြမ်းကွဲသွားပြီး အော်ဟစ်ချိန်ပင် မရလိုက်ပေ။

ထိုလူ သေဆုံးသွားသည်နှင့် လင်းယွမ် ခေါင်းပေါ်မှ ရေလုံးကြီးမှာ ဘွားခနဲ ကွဲကျသွားသည်။

သူက ဆံပင်များကို ခါလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ ပြုံးလိုက်သည်။

လက်ချောင်းများ လှုပ်ရှားလိုက်ရာ ပျံလွှားဓား သုံးချောင်းသည် လေကိုခွင်း၍ ပျံသန်းသွားပြန်သည်။

"ဒုတ်... ဒုတ်... ဒုတ်"

ပျံလွှားဓားများသည် သွေးစက်များဖြင့် နေရာအနှံ့ ပျံဝဲနေပြီး အစွမ်းပိုင်ရှင်များ၏ နှလုံးသားများကို ဖောက်ထွင်းကာ လည်ပင်းများကို လှီးဖြတ်သွားကြသည်။

အလျင်မြန်သော အလျင်အစွမ်းပိုင်ရှင်များက အဝေးသို့ ထွက်ပြေးရင်း ကြောက်လန့်တကြား အော်ဟစ်ကြသည်။ "အစ်ကိုဝေ... အစ်ကိုဝေ... ကယ်ပါဦး"

အကြေးခွံများ ဖုံးအုပ်ထားသော အမျိုးသားတစ်ဦးသည်လည်း မျက်နှာကို အုပ်ကာ ပျံလွှားဓားကို ကာကွယ်ရင်း အော်ဟစ်လိုက်သည်။ "ဦးလေးကွေ့... ရန်သူ ရောက်နေပြီ... ကယ်ပါဦး"

လူများစွာ နာကျင်စွာ အော်ဟစ်နေကြသည်။ သာမန် အစွမ်းပိုင်ရှင်များအနေဖြင့် ဤပျံလွှားဓားများကို ခုခံနိုင်စွမ်း မရှိကြပေ။

ဤ ပျံလွှားဓား သုံးချောင်းသည် (ထက်မြက်ခြင်း) အစွမ်း သွင်းထားသဖြင့် လူသားအသားကို တို့ဟူးတုံး လှီးသကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်နိုင်သည်။

ခွန်အားအစွမ်းပိုင်ရှင်များက ကျောက်ပြားကြီးများကို မကာ ကာကွယ်သော်လည်း လူရော ကျောက်ပြားပါ တစ်ပါတည်း ပေါက်ထွက်ကုန်သည်။

စက္ကန့်ပိုင်း အတွင်းမှာပင် ပေ (၁၁၀) ဝန်းကျင် အကွာအဝေးအတွင်း အသက်ရှင်ကျန်ရစ်သူ မရှိတော့ပေ။

ဤ အကွာအဝေးသည် လင်းယွမ် စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်သော အမြင့်ဆုံး အကွာအဝေး ဖြစ်သည်။

ထိုသို့မဟုတ်ပါက သတ္တုတွင်းဧရိယာတစ်ခုလုံးရှိ အစွမ်းပိုင်ရှင်များ မည်သူမျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။

စိတ်စွမ်းအင်ဖြင့် ပျံလွှားဓား ထိန်းချုပ်ခြင်းသည် လင်းယွမ် သုတေသနပြုထားသော ဒုတိယမြောက် တိုက်ခိုက်ရေး နည်းစနစ် ဖြစ်သည်။

ဤနည်းစနစ်သည် မိမိထက် အားနည်းသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။

လင်းယွမ်သည် နေရာရွှေ့ပြောင်းကာ ကျန်ရှိနေသေးသော အစွမ်းပိုင်ရှင်များကို ဆက်လက် သတ်ဖြတ်ရန် ပြင်လိုက်သည်။

ရုတ်တရက် အနီးရှိ ဂူပေါက်တစ်ခုထဲမှ လူရိပ်တစ်ခု ပျံထွက်လာသည်။

ထို့နောက် မီးနီရောင်တောက်နေသော ကျောက်တုံးတစ်တုံး သူ့ဆီသို့ ပျံဝဲလာသည်။

လင်းယွမ်က စကားမပြောဘဲ စိတ်စွမ်းအင်ကို အသုံးပြုကာ ပျံလွှားဓားဖြင့် ထိုကျောက်တုံးနီကို ထိုးခွဲလိုက်သည်။

"ဝုန်း"

ကျောက်တုံးနီ ပေါက်ကွဲသွားပြီး ပျံလွှားဓားလည်း လွင့်စင်သွားသည်။

လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။ ထိုလူရိပ်သည် သူ့ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

"ဝှစ်"

လက်မောင်းရိပ်တစ်ခုသည် လင်းယွမ်၏ လည်ပင်းကို လှမ်းဆွဲလိုက်သည်။

ထိုလက်မောင်းပေါ်တွင် အကြေးခွံများ ထူထပ်စွာ ရှိနေပြီး လက်ချောင်းငါးချောင်းမှာ ဓားသွားကဲ့သို့ ထက်မြက်နေသည်။

လင်းယွမ် မျက်လုံးမှေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပျံလွှားဓားတစ်ချောင်းက ထိုလူ၏ ကျောဘက်မှ ပျံဝဲလာသည်။

ထိုလူက တုံ့ပြန်မှု အလွန်မြန်ဆန်ပြီး ညာလက်ဖြင့် နောက်သို့ လှမ်းဖမ်းလိုက်သည်။

ထန်ခနဲ အသံနှင့်အတူ ပျံလွှားဓားသည် ထိုလူ၏ လက်ဖဝါးကို ရှပ်ထိသွားပြီး သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။

မီးပွားများပင် လွင့်စင်သွားသည်။

ထိုလူ၏ လက်ဖဝါးပေါ်တွင် အကြေးခွံများ ဖုံးအုပ်ထားပြီး သံပြားကဲ့သို့ မာကျောနေသည်။

(ထက်မြက်ခြင်း) အစွမ်းသွင်းထားသော ပျံလွှားဓားသည် သူ့ကို ဒဏ်ရာမရစေခဲ့ပေ။

လင်းယွမ် အံ့သြသွားသည်။ "အကာအကွယ် အစွမ်းပိုင်ရှင်လား"

သူ အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး အကွာအဝေး တစ်ခုယူကာ ထိုလူ၏ မျက်နှာကို သေချာကြည့်လိုက်သည်။

အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ လူပုံစံ မဟုတ်တော့ပေ။

ခန္ဓာကိုယ်တစ်ခုလုံးသာမက မျက်နှာပေါ်တွင်ပါ အကြေးခွံများ ဖုံးအုပ်နေသည်။

မျက်လုံးများမှာ ဒေါင်လိုက် သူငယ်အိမ်များဖြင့် စူးရှ ရက်စက်သော အကြည့်များ ရှိနေသည်။

သူ၏ တိုက်ခိုက်ပုံမှာလည်း ထူးခြားသည်။ ခန္ဓာကိုယ်မှာ အရိုးမရှိသကဲ့သို့ ပျော့ပျောင်းပြီး ဆန်းကြယ်သော ထောင့်ချိုးများမှ တိုက်ခိုက်နိုင်သည်။

လက်သည်းချွန်များဖြင့် လေကို ကုတ်ခြစ်လိုက်တိုင်း တဝီဝီ မြည်သံများ ထွက်ပေါ်နေသည်။

"ဦးလေးကွေ့... သူ လောင်လင်း ကို သတ်လိုက်ပြီ"

"သတ်ပစ်... သူ့ကို သတ်ပစ်ပါ ဦးလေးကွေ့"

"သောက်ကျိုးနည်း... ဦးလေးကွေ့ရေ... သူ့ကို သတ်သာသတ်"

"မင်းတော့ သေပြီပဲ... ခွေးမသား... ဦးလေးကွေ့ရဲ့ မြွေမိစ္ဆာ အစွမ်းက ဘာနဲ့မှ ဖျက်ဆီးလို့ မရဘူးကွ... မင်း သေပြီသာမှတ်"

အဝေးမှ သတ္တုတွင်း အစွမ်းပိုင်ရှင်များက ဒေါသတကြီး အော်ဟစ်နေကြသည်။

ထိုအချိန်တွင်ပင် အကြီးဆုံး ဂူပေါက်ထဲမှ ဆံပင်အနီရောင်နှင့် အမျိုးသားတစ်ဦး ထွက်လာသည်။

သူ့ဘေးတွင် အဝတ်အစား မလုံမခြုံ ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦးလည်း ပါလာသည်။

ထိုအမျိုးသား ထွက်လာသည်နှင့် အစွမ်းပိုင်ရှင်အားလုံး သူ့အနီးသို့ သွားရောက်ကာ ရိုသေစွာ ခေါင်းငုံ့အရိုအသေပေးကြသည်။

"အစ်ကိုဝေ... ရန်သူက တော်တော်မာတယ်"

"အစ်ကိုဝေ... သူ ညီအစ်ကိုတွေ အများကြီးကို သတ်သွားပြီ"

"အစ်ကိုဝေ... နောက်ဆုံးတော့ ရောက်လာပြီပဲ"

ထျန်ဝေက ထိုလူများကို ဂရုမစိုက်ဘဲ လင်းယွမ်ကိုသာ စိုက်ကြည့်နေသည်။ အထူးသဖြင့် လေထဲတွင် ပျံဝဲနေသော ဓားများကို ကြည့်နေခြင်း ဖြစ်သည်။

ထိုပျံလွှားဓားများသည် လင်းယွမ်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် လေကိုခွင်းလျက် အဆက်မပြတ် တိုက်ခိုက်နေသည်။

ဆွန်းကွေ့သည် သူ့ခန္ဓာကိုယ်မှ အကြေးခွံများဖြင့် ခုခံနေရပြီး တဒိုင်းဒိုင်း မြည်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။

ပျံလွှားဓားများက သူ့ကို ထိုးဖောက်နိုင်ခြင်း မရှိသော်လည်း ဆွန်းကွေ့မှာ လက်မလည်အောင် ခုခံနေရသဖြင့် လင်းယွမ်ကို ထိပ်တိုက် မရင်ဆိုင်နိုင်ပေ။

သူ အကြိမ်ကြိမ် အတင်းဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားသော်လည်း ပျံလွှားဓားများက သူ့ နားထင်၊ မျက်ခွံ၊ ပေါင်ကြား စသည့် အရေးကြီးသော နေရာများကို ချိန်ရွယ် တိုက်ခိုက်လာသဖြင့် မကာကွယ်ဘဲ မနေနိုင် ဖြစ်နေရသည်။

"စိတ်ဝင်စားစရာပဲ... စိတ်စွမ်းအင်လား"

ထျန်ဝေ စိတ်ဝင်စားသွားပြီး သူ့မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်လာသကဲ့သို့ ဖြစ်လာသည်။

သူ့ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး တွန့်လိမ်ရှုံ့တွသွားသည်။

လူများ မျက်နှာပျက်သွားကြပြီး အလျင်အမြန် နောက်ဆုတ်ကုန်ကြသည်။

ဆက်ရန်...

အပိုင်း(၂၂၀) ထျန်ဝေနှင့် မဟာတိုက်ပွဲ

"ဆွန်းကွေ့... နောက်ဆုတ်လိုက်"

ထျန်ဝေက ဘေးနားရှိ မိန်းမနှစ်ယောက်ကို တွန်းထုတ်ကာ ခြေလှမ်းကျဲကြီးဖြင့် ထွက်လာ၏။

သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် လေထုက တွန့်လိမ်နေပြီး မိုးရေစက်များ သူူ့ကိုယ်ပေါ် ကျရောက်သည်နှင့် ချက်ချင်းဆိုသလို အငွေ့ပျံသွားကြသည်။

ထိုအခိုက်အတန့်၌ သူသည် အပူချိန်လွန်ကဲနေသော ကျောက်မီးသွေးတုံးကြီးပမာ ဖြစ်နေပြီး ရေစက်များ ထိတွေ့လိုက်သည်နှင့် တမဟုတ်ချင်း အငွေ့ဖြစ်သွားရသည်။ သူဖြတ်သွားရာ လမ်းတစ်လျှောက်တွင် ရေငွေ့များ ဖြူဖွေးစွာ လွင့်ပျံတက်လာတော့သည်။

ဆွန်းကွေ့က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ခန္ဓာကိုယ်ကို အနောက်သို့ဆုတ်ကာ ဘေးဘက်သို့ အလျင်အမြန် ပြေးလေ၏။

လင်းယွမ်က လိုက်မဖမ်းဘဲ လျှောက်လာနေသော ထျန်ဝေကိုသာ စိုက်ကြည့်နေလိုက်သည်။

"မင်းက ထျန်ဝေလား"

လင်းယွမ်က မျက်နှာထားမပျက်ဘဲ အေးစက်စွာ မေးလိုက်သည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ထူးခြားမှုများကြောင့် အံ့သြမိသော်လည်း သူ ကြောက်ရွံ့ခြင်းမရှိပေ။

ထျန်ဝေက ပါးစပ်ဖြဲကာ လင်းယွမ်ကို စိတ်ဝင်တစား အကဲခတ်လိုက်ရင်း "မင်းက ဘယ်သူလဲ"

"ဟက်... သိရက်နဲ့ မေးနေတာပဲ၊ မင်းလူတွေက ငါ့ဆီလာပြီး ငါ့နေရာကို ဗုံးခွဲတယ်၊ ငါ့လူကို ဖမ်းတယ်၊ အခုမှ ငါဘယ်သူလဲ မေးနေတာ ရယ်စရာမကောင်းဘူးလား"

ထျန်ဝေက အံ့သြသွားပြီး ဆွန်းကွေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ငါတို့လူတွေက သူ့လူတွေကို သွားဖမ်းလို့လား"

ဆွန်းကွေ့က ချက်ချင်း သဘောပေါက်သွားပြီး မြွေအကြေးခွံများ ဖုံးအုပ်နေသော မျက်နှာပေါ်တွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ "မင်းက ထိုက်ယန်တောင်ပေါ်က လူတစ်စုရဲ့ ခေါင်းဆောင်ဆိုတာလား... နာမည်က ဘယ်သူပါလိမ့်"

"လင်းယွမ်... ဦးလေးကွေ့... သူက လင်းယွမ်ပဲ"

မလှမ်းမကမ်းရှိ အစွမ်းပိုင်ရှင်တစ်ယောက်က လှမ်းအော်ပြောလိုက်သည်။ ထိုသူက လင်းယွမ်တို့၏ သတင်းအချက်အလက်များကို စုံစမ်းဖူးသဖြင့် ကောင်းကောင်းမှတ်မိနေပုံရသည်။

ဆွန်းကွေ့က ခေါင်းညိတ်လိုက်ပြီး "မှတ်မိပြီ... လင်းယွမ် ဆိုတာမလား"

"ဟားဟား... မင်းက ကိုယ့်သေတွင်း ကိုယ်တူးပြီး ဒီအထိ လာပို့လိမ့်မယ်လို့ မထင်ထားဘူး" ထျန်ဝေက ရုတ်တရက် ရယ်မောလိုက်သည်။

လင်းယွမ်က ဆွန်းကွေ့ကို ကြည့်လိုက်၊ ထျန်ဝေကို ကြည့်လိုက်ဖြင့် ရုတ်တရက် ရယ်မောလိုက်ပြန်သည်။

"တကယ်ပါပဲ... ငါက မင်းတို့လို ကောင်တွေနဲ့ ဘာကိစ္စစကားတွေ ဖောင်ဖွဲ့နေမိတာပါလိမ့်"

"အမှောင်ထဲပုန်းနေတဲ့ သတ္တုတွင်းထဲက အရူးတစ်သိုက်ပဲ... ခိုးကြောင်ခိုးဝှက် အသက်ရှင်နေရတဲ့ ကြွက်စုတ်တွေပဲဟာ"

သူက ခေါင်းခါယမ်းလိုက်ပြီး မျက်နှာပေါ်တွင် သနားသည့်အမူအရာများ ပေါ်လာသည်။

ထိုလူအုပ်စုကို ကြည့်ရသည်မှာ အဆင့်နိမ့်သော ကြွက်စုတ်များကို ကြည့်နေသကဲ့သို့ပင်။

ထိုအကြည့်က မာန်တက်နေသော ထျန်ဝေကို ချက်ချင်း ဒေါသထွက်သွားစေသည်။

စိတ်ကြီးသော ထျန်ဝေက ရယ်မောနေရာမှ ရပ်တန့်သွားပြီး မျက်လုံးများထဲတွင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။

နောက်တစ်ခဏ၌ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ "နယ်ကျွံလာတဲ့ကောင်... မင်း သေချင်နေတာလား"

"ဝုန်း"

ထိုခဏချင်းမှာပင် သူ့တစ်ကိုယ်လုံးမှ မီးတောက်များ အရှိန်ပြင်းစွာ ပန်းထွက်လာသည်။

လူတစ်ကိုယ်လုံး မီးလူသားဖြစ်သွားပြီး မျက်လုံးထဲမှသာမက ပါးစပ်၊ နှာခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ မီးများ တောက်လောင်လာခြင်း ဖြစ်သည်။

သူဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ချက်ချင်း ပြာကျသွားသည်။

နောက်တစ်စက္ကန့်တွင် ထျန်ဝေက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝုန်းခနဲ မြည်သံနှင့်အတူ မီးနဂါးနှစ်ကောင်က လင်းယွမ်ထံသို့ ကြောက်မက်ဖွယ်ကောင်းအောင် လိပ်တက်သွားကြသည်။

ဤမျှ အံ့မခန်းဖွယ်ကောင်းသော မြင်ကွင်းကြောင့် လင်းယွမ်ပင် အံ့သြသွားရသည်။

သူက တစ်ဖက်လူသည် မိန်တုဥယျာဉ်မှ "အစ်ကိုဟော" ကဲ့သို့ မီးကို ထိန်းချုပ်နိုင်ရုံသာ ဖြစ်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် လူတစ်ကိုယ်လုံး မီးလူသားအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

လင်းယွမ်က ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွှေ့ကာ ရှောင်တိမ်းလိုက်သည်။

"ဝုန်း"

မီးနဂါးက လင်းယွမ် ရပ်နေခဲ့သည့် နေရာကို ဝင်ဆောင့်လိုက်ရာ ကျောက်တုံးများ ကွဲအက်ပေါက်ကွဲကုန်သည်။

ကျောက်တုံးများမှာ ချက်ချင်းဆိုသလို အရည်ပျော်ကာ ကျောက်ချော်ရည်များ ဖြစ်ကုန်ကြ၏။

ကြောက်ခမန်းလိလိ အပူချိန်ကြောင့် လင်းယွမ်၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားရသည်။

မီးအစွမ်းပိုင်ရှင်ချင်း တူသော်လည်း ဒီထျန်ဝေ၏ အစွမ်းက ဟိုအရင်က "အစ်ကိုဟော" ထက် အဆပေါင်းများစွာ သာလွန်လွန်းလှသည်။

ဒီလူက သတ္တုတွင်းလို အရေးပါတဲ့ နေရာကို သိမ်းပိုက်ထားနိုင်ပြီး အခြား စခန်းကြီးသုံးခုနဲ့တောင် ယှဉ်ပြိုင်နိုင်တာ မဆန်းပါဘူးလေ။

"တစ်ကိုယ်လုံး မီးတောက်တွေ ဖုံးလွှမ်းထားပြီး အပူချိန်ကလည်း အရမ်းမြင့်တယ်... ဒါပေမဲ့ ဟိုအရင် ဝမ်ဝေတုန်းနဲ့တော့ မတူဘူး... ဝမ်ဝေတုန်းက စွမ်းအင်သက်သက် ဖြစ်သွားလို့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို လျစ်လျူရှုနိုင်တယ်"

"ဒါပေမဲ့ ဒီကောင်ကတော့ စွမ်းအင်သက်သက် ဖြစ်သွားတာ မဟုတ်ဘဲ မီးလောင်နေတဲ့ မီးလုံးကြီးတစ်ခုလို ဖြစ်နေတာ"

လင်းယွမ်က လျင်မြန်စွာ ပြေးလွှားပြီး ဘယ်ပြန်ညာပြန် ခုန်ပျံကာ ကြောက်မက်ဖွယ်ရာ မီးလျှာများကို ရှောင်တိမ်းနေရသည်။

ထျန်ဝေက တိုက်ခိုက်လေ စိတ်ကြွလေဖြစ်ကာ ရယ်မောအော်ဟစ်နေသည်။ "ပြေးစမ်း... မင်း ဘာလို့ ပြေးနေတာလဲ"

"ဘယ်သူက အမှောင်ထဲက ကြွက်စုတ်လဲ... လာစမ်း... အခု ငါ့ကို ပြောစမ်းပါဦး"

"မင်းက ထွက်ပြေးဖို့ပဲ တတ်နိုင်တာလား... ဟားဟားဟား... ထူလုံလို အသုံးမကျတဲ့ကောင်က မင်းလို ပိုးဟပ်လောက်ပဲရှိတဲ့ အကောင်ကိုတောင် မသတ်နိုင်ခဲ့ဘူးလား"

"ဒီကောင်က တော်တော် အသုံးမကျတဲ့ကောင်ပဲ"

"ဝုန်း"

ထျန်ဝေက မီးနဂါးနှစ်ကောင်ကို မီးကြာပွတ်ရှည်ကြီးများသဖွယ် ဝှေ့ယမ်းရိုက်နှက်နေသည်။

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ကျောက်တုံးကျောက်စများ လွင့်ပျံကာ ကျောက်သားများ အရည်ပျော်ကျကုန်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရေငွေ့များဖြင့် ဖုံးလွှမ်းနေတော့သည်။

လင်းယွမ်က တည်ငြိမ်စွာပင် စိတ်စွမ်းအင်ကို ထုတ်သုံးလိုက်ရာ ဓားပျံသုံးချောင်းက လေထဲတွင် ဝဲပျံသွားပြီး တစ်ပတ်ဝိုက်ကာ ထျန်ဝေထံသို့ ပစ်ဝင်သွားကြသည်။

"ရွှီ... ရွှီ... ရွှီ"

ဓားသွားများက လေထုကို ခွင်းလျက် ထျန်ဝေထံသို့ တစ်မဟုတ်ချင်း ရောက်ရှိသွားသည်။

ထျန်ဝေက ချက်ချင်း သတိထားမိလိုက်ပြီး ခေါင်းပင်လှည့်မကြည့်ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဝုန်း"

မီးလှိုင်းကြီးတစ်ခု ရစ်ပတ်တက်လာပြီး မီးတံတိုင်းကြီးအဖြစ် ပြောင်းလဲကာ သူ့အနောက်တွင် ကာကွယ်လိုက်သည်။

ဓားပျံသုံးချောင်းမှာ မျက်စိတစ်မှိတ်အတွင်း မီးတံတိုင်းထဲသို့ ရောက်သွားသည်။

ဓားပျံများ မီးတံတိုင်းကို ဖောက်ထွက်နိုင်ခြင်း မရှိသေးခင်မှာပင် မာကျောထက်မြက်လှသော ဓားများမှာ သံရည်ပူ သုံးစက်အဖြစ် အရည်ပျော်ကျသွားသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။

ထျန်ဝေက လက်ကို ဝှေ့ယမ်းလိုက်ရာ မီးတံတိုင်းက ပြန်လည်လိပ်တက်လာပြီး လင်းယွမ်ထံသို့ ပြန်လည်ပစ်ပေါက်လိုက်သည်။

လင်းယွမ် မျက်နှာပျက်သွားသည်။ "အပူချိန်က တော်တော်မြင့်တာပဲ"

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီး ပေ (၃၀) ခန့်အကွာတွင် စိတ်စွမ်းအင် တံတိုင်းတစ်ခုအဖြစ် ကာကွယ်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

အသံအက်အက် သုံးချက်ထွက်ပေါ်လာပြီး အပူချိန်မြင့်မားနေသော သံရည်ပူများသည် လေထဲတွင် တားဆီးခံလိုက်ရကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။

လင်းယွမ် အနောက်သို့ ဆုတ်လိုက်သည်။ သံမဏိတောင် အရည်ပျော်သွားသည်ဆိုတော့ သူ၏ အသွေးနှင့်အသား ခန္ဓာကိုယ်ဖြင့် မီးတောက်ကို လုံးဝ အနားကပ်၍ မဖြစ်ပေ။

ဝူမုန့်၏ "သွေးသားကြီးထွားခြင်း" အစွမ်းလိုမျိုး ဒဏ်ရာကို လျစ်လျူရှုပြီး မီးတောက်ထဲ ဝင်တိုးနိုင်သည့် ခံနိုင်ရည်မျိုး ရှိမှသာ အနီးကပ် တိုက်ခိုက်နိုင်မည်။

ထို့ကြောင့် သူ၏ လက်ရှိ တိုက်ခိုက်ရေးနည်းဗျူဟာကို ခေတ္တခဏ သုံး၍ မရတော့ပေ။

စိတ်စွမ်းအင်ဖြင့် ပစ္စည်းများကို ထိန်းချုပ်တိုက်ခိုက်ရာတွင် ဓားပျံကဲ့သို့သော အရာဝတ္ထုများ လိုအပ်သည်။ သို့သော် မီးအပူချိန် မြင့်မားလွန်းသဖြင့် မည်သည့်လက်နက်မှ ခံနိုင်ရည်မရှိပေ။

ယခုအချိန်တွင် နည်းလမ်းတစ်ခုသာ ရှိတော့သည်။

"စိတ်စွမ်းအင်နဲ့ သူ့ရဲ့ စိတ်ပင်လယ်ကို တိုက်ရိုက်တိုက်ခိုက်မယ်"

လင်းယွမ်၏ မျက်လုံးများ စူးရှသွားသည်။

နောက်တစ်ခဏတွင် သူက ကြီးမားသော စိတ်စွမ်းအင်များကို စုစည်းပြီး စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ဖြင့် တိုက်ခိုက်လိုက်သည်။

"ဝုန်း"

လေထုထဲတွင် စိတ်စွမ်းအင်များက ဒီရေလှိုင်းပမာ ထျန်ဝေထံသို့ ဝင်ဆောင့်သွားသည်။

ထျန်ဝေက ခေါင်းမော့လိုက်ပြီး တစ်စုံတစ်ခုကို သတိထားမိလိုက်သလိုဖြင့် မီးတောက်များကို အလျင်အမြန် ပြန်သိမ်းလိုက်သည်။

"ဘုန်း"

သူ့ခေါင်းထဲတွင် တူကြီးတစ်လက်ဖြင့် ထုနှက်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဦးနှောက်တစ်ခုလုံး တုန်ခါသွားသည်။

ချက်ချင်းဆိုသလို ခေါင်းကိုက်သွား၏။

သူက မျက်လုံးပြူးကာ ကြည့်လိုက်သည်။ မျက်လုံးထဲမှ မီးတောက်များ ထွက်ပေါ်နေပြီး "စိတ်စွမ်းအင် တိုက်ခိုက်မှုလား... မင်းက သက်မဲ့ပစ္စည်း ထိန်းချုပ်တဲ့ အစွမ်းတင်မကဘူး၊ စိတ်စွမ်းအင် တိုက်ခိုက်မှုပါ တတ်တာကိုး"

လင်းယွမ် အံ့သြသွားသည်။ ဒီထျန်ဝေက စိတ်စွမ်းအင် မနိမ့်ပါလား။

သူ့ဘက်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းဖြင့် တိုက်ခိုက်လိုက်သော်လည်း တစ်ဖက်လူက ဒဏ်ရာအနည်းငယ်သာ ရသွားသည်။

လင်းယွမ်က အံ့သြစွာဖြင့် "မင်းရဲ့ စိတ်စွမ်းအင်က..."

"ဟားဟားဟား... ကောင်လေး၊ မင်းက ငါ့ကို ဒီလို အရေးပါတဲ့ သတ္တုတွင်းကို သိမ်းပိုက်ထားနိုင်တာ မီးကစားတတ်ရုံ သက်သက်ပဲလို့ ထင်နေတာလား"

"ငါက ထိုက်ယန်တောင်ပေါ်မှာ ပေါက်ကွဲသင်္ကေတကို ပထမဆုံး သုတေသနလုပ်ပြီး တီထွင်နိုင်ခဲ့တဲ့ကောင်ကွ"

ထျန်ဝေက ရက်စက်စွာ ပြုံးလိုက်သည်။ သူက ပေါက်ကွဲသင်္ကေတကို တီထွင်နိုင်သည်ဆိုကတည်းက သူ့စိတ်စွမ်းအင်က အနည်းဆုံး (၂၅) မှတ်အထက်တွင် ရှိနေမည်မှာ သေချာသည်။

လင်းယွမ် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ဒြပ်စင် အစွမ်းပိုင်ရှင်များသည် စိတ်စွမ်းအင် သီးသန့် အစွမ်းပိုင်ရှင်များလောက် စိတ်စွမ်းအင် မနိမ့်ကျကြောင်း သူ သတိထားလိုက်မိသည်။

ဒြပ်စင်များကို ထိန်းချုပ်ရန်အတွက်လည်း ကြီးမားသော စိတ်စွမ်းအင် ပံ့ပိုးမှု လိုအပ်ပေသည်။

ဟိုအရင်က အစ်ကိုဟော် ဆိုသူကလည်း သူ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့သည်မှာ မဆန်းတော့ပေ။

"ဝုန်း"

ထျန်ဝေက ဟိန်းဟောက်လိုက်ပြီးနောက် လေပေါ်သို့ ခုန်တက်လိုက်သည်။ သူ့ခြေထောက်အောက်မှ မီးတောက်များ ပန်းထွက်လာပြီး ဒုံးပျံတစ်စင်းကဲ့သို့ အရှိန်ဖြင့် ပျံသန်းကာ ဝင်ဆောင့်လေတော့သည်။

ယခုတစ်ကြိမ်တွင် သူ၏ အလျင်နှုန်းသည် အလျင်အစွမ်းပိုင်ရှင် တစ်ယောက်ကဲ့သို့ပင် မြန်ဆန်လှသည်။

လင်းယွမ် ရင်ထိတ်သွားသည်။ "မီးတောက်နဲ့ အရှိန်မြှင့်တာလား"

ဒီထျန်ဝေက သူ့အစွမ်းကို တော်တော်လေး ခရီးရောက်အောင် လေ့ကျင့်ထားသည်ပဲ။

မီးနဂါးများကို ဝှေ့ယမ်းရုံသာ မဟုတ်ဘဲ မီးတောက်ကို အသုံးပြုပြီး ကိုယ်ပိုင် တိုက်ခိုက်ရေးဗျူဟာများပင် ဖန်တီးထားနိုင်သေးသည်။

မီးတောက်ကို အရှိန်မြှင့်စက်အဖြစ် အသုံးပြုခြင်းက သူသေချာပေါက် လေ့ကျင့်ထားသော စွမ်းရည်တစ်ခု ဖြစ်ပေလိမ့်မည်။

ဝူမုန့်၏ သွေးသားသုံးဆင့်ပြောင်းလဲခြင်း အစွမ်းလိုပင် ဖြစ်သည်။

ကျွန်းပေါ်ရောက်ပြီးနောက် သူတွေ့ခဲ့ရသည့် အစွမ်းပိုင်ရှင်များထဲတွင် ထူလုံက အညံ့ဆုံး ခေါင်းဆောင်ဖြစ်ပုံရသည်။

သိုင်းဘုရင်ဂေဟာမှ ဝူမုန့်နှင့် သတ္တုတွင်းမှ ထျန်ဝေတို့က သာမန်မဟုတ်ကြပေ။

လင်းယွမ်က အသက်ကို ဝဝရှူလိုက်ပြီး စိတ်စွမ်းအင်များကို စုစည်းကာ လိပ်ခွံပုံစံ သင်္ကေတတစ်ခု ဖန်တီးလိုက်သည်။

ရုတ်တရက် သူ့ခန္ဓာကိုယ် ပတ်လည်တွင် အကြည်ရောင် လိပ်ခွံစွမ်းအင်အကာတစ်ခု ပေါ်လာသည်။

"ဝုန်း"

ထျန်ဝေက လိပ်ခွံစွမ်းအင်အကာကို ခေါင်းဖြင့် ဝင်ဆောင့်လိုက်ရာ အကာအကွယ်မှာ ပေါက်ကွဲထွက်သွားသည်။

ထျန်ဝေ၏ အရှိန်လည်း လျော့ကျသွားရသည်။

လင်းယွမ်က ထိုအခွင့်အရေးကို အသုံးချပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

လေဖိအားအမြောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်ခြင်း ဖြစ်သည်။

လေထုများ စုစည်းသွားပြီး ထျန်ဝေ၏ မျက်နှာရှေ့ရှိ မီးတောက်များကို ဝင်ဆောင့်မိသွားသည်။

သို့သော် နောက်တစ်ခဏတွင် လက်သီးအားက ပေါက်ကွဲထွက်သွားပြီး မီးတောက်များပါ ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာသည်။

လင်းယွမ် ကြောင်သွားပြီးမှ ချက်ချင်း သဘောပေါက်လိုက်သည်။

သူ၏ လေဖိအားအမြောက်လက်သီးက လေကို တွန်းထုတ်ပြီး လေထုလုံး ဖြစ်ပေါ်စေသည်။

ထိုလေထုလုံးထဲတွင် ဖိအားပြင်းသော လေများ ပါဝင်နေသည်။

ပေါက်ကွဲသွားသည့်အခါ အောက်ဆီဂျင်က မီးလောင်ကျွမ်းမှုကို အားပေးသကဲ့သို့ ဖြစ်သွားပြီး မီးတောက်များ ပိုမိုကြီးထွားလာကာ မီးပင်လယ်ကြီး ဖြစ်သွားရခြင်း ဖြစ်သည်။

သူ စိတ်ပျက်သွားပြီး အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကာ ထျန်ဝေ၏ မီးကြာပွတ် ရစ်ပတ်မှုကို ရှောင်တိမ်းလိုက်သည်။

တပြိုင်နက်တည်းမှာပင် ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

"မီးလောင်ကျွမ်းဖို့ အောက်ဆီဂျင် လိုအပ်တယ်... အောက်ဆီဂျင် မရှိရင် မီးက မလောင်နိုင်တော့ဘူး"

"ဒါဆို သူ့ဘေးနားက အောက်ဆီဂျင်တွေကို စုပ်ထုတ်ပစ်လိုက်ရင် သူ့မီးတောက် ပေါက်ကွဲတာကို တားဆီးနိုင်မလား"

လင်းယွမ် တွေးမိကာ အကြံရသွားသည်။

သူက သင့်တော်သည့် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာလိုက်ပြီး ချက်ချင်း ပြန်လှည့်ကာ ညာလက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

လေလှိုင်းများ လှိမ့်ဝင်သွားပြီး လေထုများ ဘေးသို့ ကွဲထွက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအားကြောင့် လေထုထဲတွင် အဖြူရောင် လမ်းကြောင်းလိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ မိုးရေစက်များပင် ခေတ္တရပ်တန့်သွားသယောင် ထင်ရပြီး လက်သီးလမ်းကြောင်း တစ်လျှောက်ရှိ လေထုအားလုံး စုပ်ထုတ်ခံလိုက်ရသလို ဖြစ်သွားသည်။

"ဝုန်း"

လက်သီးအား ပေါက်ကွဲသွားသည့်အခါ မီးတောက်များက လက်သီးအား ရှိရာ လေထုသိပ်သည်းဆ များသည့်နေရာသို့ ယိမ်းယိုင် လောင်ကျွမ်းသွားကြသည်။

လင်းယွမ် လက်သီးထိုးလိုက်သည့် လေမဲ့ဇုန် လမ်းကြောင်းတလျှောက်တွင်မူ မီးပွားတစ်စက်မျှ မရှိတော့ပေ။

လင်းယွမ် မျက်လုံးများ အရောင်လက်သွားသည်။ "အလုပ်ဖြစ်တယ်ဟ"

သူ ယုံကြည်မှု ပြည့်ဝသွားပြီး ထပ်မရှောင်တော့ဘဲ ထျန်ဝေကို ရင်ဆိုင်လိုက်သည်။

ထျန်ဝေက သူ့အကြည့်ကို ရင်ဆိုင်လိုက်ရာ ဒေါသထွက်နေသော မျက်လုံးများတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။

သူက မီးတောက်များကို လင်းယွမ်ထံသို့ အကုန်ပစ်လွှတ်လိုက်သည်။

လင်းယွမ်က ဒီတစ်ကြိမ် မရှောင်တော့ဘဲ လက်သီးကို မြှောက်ကာ အော်ပြောလိုက်သည်။ "မီးဆိုတာ အရာရာကို နိုင်တာ မဟုတ်ဘူးကွ"

"ဝုန်း"

သူက လက်သီးတစ်ချက် ထိုးလိုက်ရာ ရှေ့မှ မီးလှိုင်းကြီးမှာ လေမဲ့ဇုန်တစ်ခု ဖြစ်ပေါ်လာပြီး နှစ်ခြမ်းကွဲသွားသည်။

မီးနဂါးကြီးမှာ လက်သီးတစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားရသည်။

အလယ်မှ လက်သီးလမ်းကြောင်းတလျှောက် လေထုများ စုပ်ထုတ်ခံလိုက်ရသဖြင့် မီးနဂါးမှာ ဆက်လက်မလောင်ကျွမ်းနိုင်တော့ဘဲ ပြတ်တောက်သွားခြင်း ဖြစ်သည်။

လင်းယွမ်က ညာလက်သီးအပြီး ဘယ်လက်သီးဖြင့်ပါ ထပ်ထိုးလိုက်သည်။

သူ့လက်သီးများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှ ကြွက်သားများ ဖောင်းကြွလာကာ လက်သီးတစ်ချက်တိုင်းတွင် ကြောက်မက်ဖွယ် လေဖိအား ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

လက်သီးရိပ်များစွာ ထွက်ပေါ်လာပြီး လေမဲ့ဇုန် လမ်းကြောင်းများ ဖန်တီးကာ ပတ်ဝန်းကျင်ရှိ လေထုကို ဖိသိပ်ပစ်လိုက်သည်။

ရှေ့မှ ထျန်ဝေမှာ မျက်နှာပျက်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုများ ပိုမိုပါးလွှာလာပြီး သူ့ကိုယ်ပေါ်ရှိ မီးတောက်များလည်း တဖြည်းဖြည်း အားနည်းလာသည်။

ခဏအတွင်းမှာပင် မီးနတ်ဘုရားကဲ့သို့ ဖြစ်နေသော သူသည် ယခုအခါ အပူချိန်သာရှိပြီး မီးမလောင်နိုင်တော့သော မီးသွေးတုံးမည်းမည်းကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

လင်းယွမ်က ဟိန်းဟောက်လိုက်ပြီး လက်သီးများကို အရိပ်မမြင်ရအောင် ဆက်တိုက် ပစ်သွင်းလိုက်သည်။

"လာလေ... ထပ်လာလေ... ထျန်ဝေ မင်းက ဒီလောက်ပဲလား"

"ဝုန်း"

လက်သီးအားတစ်ခုက ထျန်ဝေ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ပြင်းထန်သော လေလှိုင်းပေါက်ကွဲသွားပြီး ထျန်ဝေ၏ ကိုယ်ပေါ်မှ မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

လက်သီးအားကြောင့် လေထုဖိသိပ်သွားပြီး သူ့ကိုယ်ပေါ်တွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။

သူသည် လေဖိအားကြောင့် အနောက်သို့ လွင့်ထွက်သွားသည်။

လေမဲ့ဇုန်မှ လွတ်မြောက်သွားသည်နှင့် သူ့ကိုယ်ပေါ်မှ မီးတောက်များ ပြန်လည် တောက်လောင်လာသည်။

သို့သော် နောက်တစ်ခဏတွင် သူ့ပတ်လည်၌ အကြည်ရောင် အကာတစ်ခုက ရုတ်တရက် အုပ်မိုးသွားသည်။

လိပ်ခွံပုံစံရှိသော ထိုအကာက သူ့ကို မြေကြီးပေါ်တွင် ဖိချထားပြီး လှုပ်မရအောင် ချုပ်နှောင်လိုက်သည်။

မီးတောက်များ ပေါက်ကွဲထွက်လာသော်လည်း အကာအကွယ်ဖြင့် ပိတ်လှောင်ထားသဖြင့် အောက်ဆီဂျင်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မီးတောက်များလည်း သေးငယ်သွားတော့သည်။

"တောက်... ခွေးမသား"

ထျန်ဝေ ဒေါသထွက်သွားပြီး မီးတောက်များကို လက်သီးတွင် စုစည်းလိုက်သည်။

ထို့နောက် အားကုန်ထုတ်ကာ လိပ်ခွံစွမ်းအင်အကာကို ထိုးခွဲလိုက်သည်။

"ခွမ်း"

လိပ်ခွံစွမ်းအင်အကာမှာ တစ်စစီ ကွဲအက်ပေါက်ကွဲသွားသည်။

ဤ လိပ်ခွံစွမ်းအင်အကာက ရုပ်ပိုင်းဆိုင်ရာကာကွယ်မှု အားနည်းပြီး စိတ်စွမ်းအင် ကာကွယ်မှုကိုသာ အဓိကထားသဖြင့် ထျန်ဝေ၏ ကြမ်းတမ်းသော လက်သီးချက်ကို မခံနိုင်ခြင်း ဖြစ်သည်။

သို့သော် လိပ်ခွံအကာ ကွဲသွားသည့်တိုင် လေထုက ဝင်မလာသေးပေ။

ထျန်ဝေ၏ ကိုယ်ပေါ်မှ မီးတောက်များမှာ ပိုမို၍ပင် သေးငယ်သွားသည်။

မူလက သူ့ပတ်လည်တွင် မသိလိုက်ပါဘဲ လိပ်ခွံအကာများ အထပ်ထပ် ဖုံးအုပ်ထားခြင်း ဖြစ်နေသည်။

တစ်လွှာ ကွဲသွားလျှင် နောက်တစ်လွှာ ကျန်နေသေးသည်။

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး "မင်း လက်သီးထိုးချင်ရင် မီးလောင်ကျွမ်းတဲ့ စွမ်းအင်ကို သုံးရမယ်... မီးလောင်ဖို့ဆိုရင် အောက်ဆီဂျင်ကို သုံးရမယ်"

"ဒီအထဲက လေထုက မင်းကို လက်သီးဘယ်နှစ်ချက် ထိုးခွင့်ပေးမလဲ ကြည့်ရသေးတာပေါ့"

"အောက်ဆီဂျင် ကုန်သွားတဲ့အချိန်ကျရင်... မင်းက မီးမှုတ်နိုင်သေးလား ငါကြည့်ချင်သေးတယ်"

ထျန်ဝေက မျက်လုံးများ နီရဲလျက် လင်းယွမ်ကို စိုက်ကြည့်ကာ ဆဲရေးလိုက်သည်။ "မင်းအမေ..."

သူက ရူးသွပ်စွာဖြင့် မီးလက်သီးများဖြင့် လိပ်ခွံအကာကို ထုနှက်နေသည်။

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

အစပိုင်းတွင် မီးတောက်များ ပေါက်ကွဲထွက်လာသော်လည်း လိပ်ခွံအကာ သုံးခုကို ခွဲပြီးနောက် သူ့လက်သီးမှ မီးတောက်များ ရုတ်တရက် မှိန်ဖျော့သွားပြီး ငြိမ်းသတ်သွားတော့သည်။

တပြိုင်နက်တည်းမှာပင် သူသည် အမောတကော အသက်ရှူနေရပြီး လေထဲမှ အောက်ဆီဂျင် ကုန်ဆုံးသွားသဖြင့် မွန်းကျပ်မှုဒဏ်ကို ခံစားလိုက်ရကာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

သူက အားကုန်သုံး၍ လက်သီးဖြင့် ထိုးသော်လည်း ယခုတစ်ကြိမ်တွင် ဘုန်း ဘုန်း မြည်သံသာ ကြားရပြီး မီးပွားအနည်းငယ်သာ ထွက်ပေါ်လာကာ လိပ်ခွံအကာမှာ ကွဲအက်မသွားတော့ပေ။

သူ့လက်သီးများလည်း ပျော့ခွေ အားနည်းလာသည်။

မလှမ်းမကမ်းရှိ ဆွန်းကွေ့၊ မျောင်ဖေးနှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။

မျောင်ဖေးက ထိတ်လန့်တကြားဖြင့် "ဦးလေးကွေ့... မကောင်းတော့ဘူး... အစ်ကိုထျန် အထိန်းချုပ် ခံလိုက်ရပြီ"

ဆွန်းကွေ့၏ မျက်နှာမှာလည်း ကြည့်မကောင်းအောင် ဖြစ်နေပြီး မယုံနိုင်စွာ ရေရွတ်လိုက်သည်။ "ထျန်ဝေရဲ့ မီးအစွမ်းကို ချေဖျက်ဖို့ ဒီလိုနည်းလမ်း သုံးလိမ့်မယ်လို့ ထင်မထားမိဘူး"

"ဦးလေးကွေ့... ကျုပ်တို့ ဘာလုပ်ကြမလဲ" လူတစ်ယောက်က မေးလိုက်သည်။

ဆွန်းကွေ့က ချက်ချင်းပင် သူ့ကိုယ်ပေါ်မှ အကြေးခွံများကို ထုတ်ဖော်လိုက်ပြီး "တိုက်မယ်... အားလုံး အတူတူ ဝင်တိုက်ကြ"

"အစ်ကိုထျန်ကို ကယ်ထုတ်ရမယ်... သူသာ တစ်ခုခုဖြစ်သွားရင် ဒီသတ္တုတွင်းကို ငါတို့ ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး"

"ငါက ဟိုကောင်ကို သွားထိန်းထားမယ်... မင်းတို့က ဟိုအကာအရံကို သွားရိုက်ခွဲကြ"

ဆွန်းကွေ့က တိုက်ပွဲ၏ အဓိကသော့ချက်ကို ချက်ချင်း မြင်လိုက်ပြီး ဖြေရှင်းနည်းကို ရှာတွေ့သွားသည်။

သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်ကာ လင်းယွမ်ထံသို့ ဒုံးဆိုင်းပြေးဝင်သွားသည်။

"မြွေမိစ္ဆာ" အစွမ်းကို အသုံးပြုလိုက်သဖြင့် သူသည် သရဲတစ္ဆေတစ်ကောင်အလား လျင်မြန်လှပြီး လက်သည်းထက်ထက်များဖြင့် လင်းယွမ်ကို ကုတ်ခြစ်ရန် ရွယ်လိုက်သည်။

လင်းယွမ်က ခေါင်းကို စောင်းလိုက်ပြီး မျက်လုံးထဲတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ငတုံးကောင်... ငါက စိတ်စွမ်းအင်နဲ့ ဓားပျံပဲ သုံးတတ်တယ်လို့ ထင်နေတာလား"

လင်းယွမ်က ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ ကြောက်မက်ဖွယ် လေထုက ကန်ချက်ကြောင့် ပေါက်ကွဲထွက်သွားပြီး လေစီးကြောင်းများ ဘေးဘက်သို့ လွင့်စင်သွားသည်။

မိုးရေစက်များ ပေါက်ကွဲထွက်သွားပြီး ဆွန်းကွေ့က အလိုအလျောက်ပင် လက်သည်းများဖြင့် လင်းယွမ်၏ ခြေသလုံးရိုးကို ကုတ်ဆွဲလိုက်သည်။

"ဝုန်း"

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကျွတ်ခနဲ အရိုးကျိုးသံ ကြားလိုက်ရသည်။

ဆွန်းကွေ့၏ လက်မောင်းနှစ်ဖက်လုံး ထူးဆန်းစွာ ကျိုးသွားပြီး ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်ထွက်သွားကာ ကျောက်တုံးပုံကြီးကို ဝင်ဆောင့်မိလေသည်။

ကျောက်တုံးပုံကြီးမှာ လေးစိတ်ငါးစိတ် ကွဲအက်ကာ ပေါက်ကွဲထွက်သွားသည်။

လင်းယွမ်၏ ခြေထောက်တွင်လည်း သွေးစိမ်းရှင်ရှင် ဒဏ်ရာအချို့ ရရှိသွားသည်။

သို့သော် သူ ဂရုမစိုက်ပေ။ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကြောင့် အလွန်လျင်မြန်သော ကိုယ်တိုင်ကုစားနိုင်စွမ်း အသက်ဝင်လာပြီး သွေးထွက်ရပ်သွားကာ ခဏအတွင်းမှာပင် အနာဖေး တက်သွားတော့သည်။

လင်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သီးလှီးဓား (၁၀) ချောင်းခန့် ပျံထွက်သွားပြီး သူ၏ လက်ချောင်း လှုပ်ရှားမှုနှင့်အတူ တရွှီရွှီ မြည်သံပေးကာ ထျန်ဝေထံ ပြေးဝင်နေကြသော အစွမ်းပိုင်ရှင်များထံသို့ ပစ်ဝင်သွားကြသည်။

"ဒုတ်... ဒုတ်... ဒုတ်"

သွေးစက်များ ဆက်တိုက် ဖြာကျလာပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်တောက်ကာ ခေါင်းများ လိမ့်ဆင်းကုန်ကြသည်။

ဒီအစွမ်းပိုင်ရှင်များသည် အလျင်အစွမ်းပိုင်ရှင်နှင့် ခွန်အားအစွမ်းပိုင်ရှင်များသာ ဖြစ်ကြပြီး စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသော ဓားပျံများကို မည်သို့မျှ မယှဉ်နိုင်ကြပေ။

သို့သော် ထိုအချိန်၌ ထျန်ဝေ၏ ခြေထောက်အောက်မှ လက်တစ်စုံ ရုတ်တရက် ထွက်ပေါ်လာပြီး ထျန်ဝေကို လှမ်းဆွဲလိုက်သည်။

ထျန်ဝေ၏ ခန္ဓာကိုယ်မှာ ရွှံ့ညွန်အိုင်ထဲ ကျသွားသလို မြေကြီးထဲသို့ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။

လင်းယွမ် မျက်နှာပျက်သွားသည်။ "မြေလျှိုးအစွမ်းလား"

ဒီအစွမ်းကို သိုင်းဘုရင်ဂေဟာမှ ယွမ်ရွေ့လည်း တတ်မြောက်သည်။

ဒီသတ္တုတွင်း စခန်းမှာလည်း ဒီလိုအစွမ်းမျိုး ပိုင်ဆိုင်ထားသူ ရှိနေလိမ့်မည်ဟု လင်းယွမ် ထင်မထားခဲ့မိပေ။

ထျန်ဝေမှာ တစ်ဖက်လူ၏ ကယ်တင်မှုဖြင့် လိပ်ခွံစွမ်းအင်အကာ အတွင်းမှ လွတ်မြောက်သွားတော့သည်။

"ဝုန်း"

မြေအောက်မှ မိုးထိအောင် မြင့်မားသော မီးတောက်များ ပေါက်ကွဲထွက်လာသည်။

ထျန်ဝေက ဒေါသတကြီးဖြင့် ကောင်းကင်သို့ ပျံတက်လာပြီး ခြေထောက်အောက်မှ မီးတောက်များကို ဒုံးပျံပစ်လွှတ်သကဲ့သို့ ပန်းထုတ်ကာ လင်းယွမ်ထံ ရူးသွပ်စွာ ဝင်ဆောင့်လေသည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ထျန်ဝေ ပြန်ကောင်းသွားပြီပဲ။

သူက အနောက်သို့ အလျင်အမြန် ဆုတ်ခွာကာ အကွာအဝေး ယူလိုက်ပြီး လက်သီးများဖြင့် ဆက်တိုက် ထိုးနှက်လိုက်သည်။

လက်သီးလမ်းကြောင်းများဖြင့် လေမဲ့ဇုန်များ ဖန်တီးကာ တားဆီးရန် ကြိုးစားသည်။

သို့သော် ထျန်ဝေက ယခုတစ်ကြိမ်တွင် ဉာဏ်များသွားပြီ ဖြစ်သဖြင့် တစ်နေရာတည်းတွင် ကြာကြာမနေတော့ပေ။

သူ့ခန္ဓာကိုယ်က မီးလုံးကြီးအဖြစ် ပြောင်းလဲကာ လေထဲတွင် လျင်မြန်စွာ ပျံသန်းရွေ့လျားနေသည်။

လင်းယွမ်၏ လက်သီးချက်များ မြန်ဆန်သော်လည်း လေထုအားလုံးကို ချက်ချင်း စုပ်ထုတ်ပစ်ရန် မဖြစ်နိုင်ပေ။

ခဏအတွင်း ထျန်ဝေကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။

ထျန်ဝေ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်နေသည်။ "မင်းကို ပြာဖြစ်တဲ့အထိ မီးရှို့ပစ်မယ်... မင်းအရိုးတွေကို တစ်စစီ ဝါးစားပစ်မယ်"

"ဘယ်သူမှ ငါ့ကို ဒီလို မစော်ကားရဲဖူးဘူး"

"သေလိုက်စမ်း..."

"ဝုန်း"

ကြီးမားသော မီးလုံးကြီး နှစ်လုံးက လင်းယွမ်ထံသို့ ဝင်ဆောင့်လာသည်။

ထိုမီးလုံးကြီးများထဲတွင် ပေါက်ကွဲသင်္ကေတ ကျောက်တုံး (၁၀) တုံးခန့်ကိုပါ ထည့်သွင်း ပစ်ပေါက်လိုက်ခြင်း ဖြစ်သည်။

လင်းယွမ် မျက်နှာပျက်သွားသည်။ "မင်း ရူးနေလား... ဒီနေရာက မင်းပိုင်တဲ့ နေရာလေ"

တစ်ဖက်လူက ဒီလောက်ထိ မိုက်ရူးရဲဆန်မည်ဟု လင်းယွမ် ထင်မထားသဖြင့် အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရသည်။

နောက်တစ်ခဏတွင် မီးလုံးကြီးများ မြေကြီးပေါ် ကျရောက်သွားပြီး မရေမတွက်နိုင်သော ပေါက်ကွဲသင်္ကေတ ကျောက်တုံးများပါ တပြိုင်နက် ပေါက်ကွဲကုန်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မီးတောက်များ ရူးသွပ်စွာ လောင်ကျွမ်းကုန်သည်။

သတ္တုတွင်း ဧရိယာတစ်ခုလုံး မှိုပွင့်ပုံသဏ္ဍာန် မီးခိုးလုံးကြီးများပင် ဖြစ်ပေါ်လာသည်။

ကြောက်မက်ဖွယ် အပူရှိန်ကြောင့် ဖုန်မှုန့်များ လွင့်ပျံလာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားကြသည်။

ပေါက်ကွဲမှု လေလှိုင်းကြောင့် မိုးရေစက်များပင် လွင့်စင်အငွေ့ပျံသွားပြီး ထူထပ်သော ရေငွေ့များအဖြစ် ပြောင်းလဲကုန်ကြသည်။

"ဝုန်း... ဝုန်း..."

သတ္တုတွင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

တူးဖော်ထားသော သတ္တုတွင်းဝများ၊ အန္တရာယ်များသော တွင်းနက်ကြီးများမှာ ဝုန်းခနဲ ပြိုကျကုန်ကြသည်။

တွင်းထဲမှ လုပ်သားများ၏ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး တွင်းဝများဆီသို့ အလုအယက် တွားသွားကာ တက်လာကြသည်။

သို့သော် လူများစွာမှာ ပြေးချိန်မရလိုက်ဘဲ သတ္တုတွင်းထဲတွင် အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရတော့သည်။

"အား... ကယ်ကြပါဦး၊ ကယ်ကြပါဦး"

"ပြိုကုန်ပြီ... တွင်းတွေ ပြိုကုန်ပြီဟေ့"

"ပြေးကြ... မြန်မြန်ပြေးကြ"

"လာကြပါဦး... ကယ်ကြပါဦး... ငါ့ခြေထောက် ကျိုးသွားပြီ"

...

သတ္တုတွင်း ဧရိယာတစ်ခုလုံး ဖုန်မှုန့်များ၊ မိုးရေစက်များ၊ မီးတောက်များဖြင့် ရှုပ်ထွေးနေသည်။

နာကျင်စွာ အော်ဟစ်သံများ၊ ပေါက်ကွဲသံများ၊ ပြိုကျသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်နေတော့သည်။

ထျန်ဝေက တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းလျက် မလှမ်းမကမ်းရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်ကာ အရူးတစ်ယောက်လို အော်ဟစ်ရယ်မောနေသည်။

"ဟားဟားဟား... သေကြ... အကုန် သေကုန်ကြစမ်း... ဟားဟားဟား..."

သူက တောက်လောင်နေသော မီးပင်လယ်ကြီးကို ကြည့်ရှုရင်း သူ့ကို အရှက်ရစေခဲ့သည့်၊ သူ့မီးအစွမ်းကိုပင် ချေဖျက်နိုင်ခဲ့သည့် လင်းယွမ်ကို ရှာဖွေနေသည်။

ဒီကောင့်ကို မဖြစ်မနေ သတ်ရမည်။

ဒီသတ္တုတွင်း စခန်းတစ်ခုလုံး ပျက်စီးသွားလျှင်တောင်မှ ဒီကောင့်ကို သတ်ကိုသတ်ရမည်။

ဆက်ရန်...

နောက်တစ်အုပ်မှာ ဒီရေလှိုင်းကိုဘယ်လိုရင်ဆိုင်မလဲ... အဲ့ဒီကနေ ဘယ်လိုအကျိုးအမြတ်တွေရမလဲ လင်းယွမ် ဘယ်လိုအစွမ်းအသစ်တွေ ထပ်ရမလဲဆိုတာ ဆက်ပြီးအားပေးကြဦးနော်...

All Chapters