← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃) - နေလမင်း ကျွန်း အပျက်အစီးများ၊ ကြီးမားသော အခွင့်အလမ်း (အပိုင်း ၄)

~ထိုပုလဲလုံးလေးထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ စုယွီ၏ ဦးရေပြားများ ထုံကျင်သွားသည်။ သူ အာခေါင်ခြောက်လာပြီး တံတွေး တစ်ချက် မျိုချလိုက်မိသည်။ မျက်လုံးများသည် ပုလဲလုံးလေးဆီမှ မခွာတော့။ အသံများ တုန်ရီစွာဖြင့် ရေရွတ်လိုက်၏။

"ဒါ... ဒါက တကယ့် မှော်လက်နက် အစစ်များလား"

သူ့ခြေအောက်သို့ ငုံ့ကြည့်လိုက်သောအခါ စုယွီ ထူးဆန်းသော အရာတစ်ခုကို သတိပြုမိလိုက်၏။

မျက်နှာပြင်ပေါ်ရှိ မာကျောသော ရေခဲအလွှာကို ထိုးဖောက်ကြည့်လိုက်သောအခါ၊ သတ္တုသိုက် ပုံသဏ္ဍာန်ရှိသော ကြီးမားသည့် သတ္တု ဝိညာဉ် သွေးကြောကြီး တစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ 'ရေခဲ မီး ပုလဲ' မှ ထွက်ပေါ်နေသော ရေခဲနှင့် မီး စွမ်းအားများကို ဤသတ္တုကြီးက စုပ်ယူထားပုံ ရသည်။

ကြီးမားသော သတ္တု ဝိညာဉ် သွေးကြောကြီးကို ကြည့်ရင်း စုယွီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်၏။ ထိုသတ္တုကို မှတ်မိသွားသောအခါ သူ လွှတ်ခနဲ အော်မိသွား၏။

"ဘုရားရေ... ဒါက 'ယောင်ကျင်ဟောင်ရှီ' သတ္တုလောက် ကြီးမားတဲ့ (တတိယအဆင့်) ဝိညာဉ် သတ္တု ကြီးလား"

ဒီအရာကြီးက နေလမင်း ကျွန်းရဲ့ အောက်ခြေ တစ်ခုလုံး ဖြစ်နေတာများလား။

(တတိယအဆင့်) ဝိညာဉ် သတ္တု ဆိုသည်မှာ ထိပ်တန်း မှော်လက်နက်များ ဖန်တီးရာတွင် အဓိက ကုန်ကြမ်း ပစ္စည်း အဖြစ် အသုံးပြုကြပြီး၊ (တတိယအဆင့်) ရုပ်သေးများ ဖန်တီးရာတွင်လည်း အသုံးပြုနိုင်သည်။

မှော်လက်နက်များ ဖန်တီးရန် လုံလောက်သော ကုန်ကြမ်း ပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်သည်။

ဤ (တတိယအဆင့်) ဂူစံအိမ်နှင့် အောက်ခြေရှိ (တတိယအဆင့်) ဝိညာဉ် သတ္တုကြီးတို့သည် ယွီမိသားစု၊ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ အခြေခံ အုတ်မြစ်များထက်ပင် သာလွန်နေသည်။ ယွင်ကျန်းဂိုဏ်းတွင်ပင် ဤမျှ ကြီးမားသော (တတိယအဆင့်) ဝိညာဉ် သတ္တုမျိုး ရှိချင်မှ ရှိပေလိမ့်မည်။

ဒါက (တတိယအဆင့်) ရုပ်သေး သားရဲ တစ်ဒါဇင်လောက် ဖန်တီးဖို့ လုံလောက်နိုင်လေသည်။

စုယွီသည် 'ရေခဲ မီး ပုလဲ' မှော်လက်နက်ကို ကြည့်လိုက်၊ ဂူစံအိမ် အတွင်း ပြည့်နှက်နေသော ရေခဲနှင့် မီး စွမ်းအားများကို ကြည့်လိုက်၊ နောက်ဆုံးတွင် ဂူစံအိမ် ကြမ်းပြင်အောက်ရှိ မပြောင်းမလဲ တည်ရှိနေသော ဝိညာဉ် သတ္တုကြီးကို ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။

နေလမင်း ကျွန်း အောက်ခြေရှိ (တတိယအဆင့်) ဝိညာဉ် သတ္တုကြီးသည် နှစ်ပေါင်းများစွာ ဂူစံအိမ်၏ စွမ်းအားများကို စုပ်ယူပြီး ဖြစ်ပေါ်လာခြင်းများလား။

အချိန်အတော်ကြာ တုန်လှုပ်နေပြီးနောက် စုယွီ နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။

မူလက သူသည် 'ရေခဲ မီး ပုလဲ' မှော်လက်နက်ကို ယူဆောင်ချင်ခဲ့သော်လည်း၊ ဂူစံအိမ် အတွင်း လွှမ်းမိုးထားသော အလွန်အမင်း ကြီးမားသည့် ရေခဲနှင့် မီး စွမ်းအားများကို အာရုံခံမိသောအခါ တွန့်ဆုတ်သွားသည်။

မှော်လက်နက်ကို ထုတ်ယူလိုက်ပါက ဂူစံအိမ် အတွင်းရှိ စွမ်းအား ဟန်ချက်ညီမှုကို ပျက်စီးသွားစေနိုင်သည်။

လောလောဆယ် မဆင်မခြင် မလုပ်သင့်သေးပေ။

သူသည် ရုပ်သေး တစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီး၊ 'နဂါးမိကျောင်း လှံတံ' ကို ထုတ်ယူစေကာ စွမ်းအား အကုန် ထည့်သွင်းပြီး အောက်ဘက်ရှိ (တတိယအဆင့်) ဝိညာဉ် သတ္တုကြီးကို ထိုးစိုက်ခိုင်းလိုက်၏။

"ခလွမ်"

မီးပွားများ အရပ်မျက်နှာ အနှံ့ လွင့်စဉ်ထွက်သွားသည်။

ပြန်ကန်ထွက်လာသော စွမ်းအားသည် အလွန် ပြင်းထန်လွန်းသဖြင့် ရုပ်သေးကိုပင် လွင့်စဉ်ထွက်သွားစေလုနီးပါး ဖြစ်၏။

အောက်ဘက်ရှိ ဝိညာဉ် သတ္တုကြီးပေါ်တွင် အနည်းငယ်မျှသာ ချိုင့်ဝင်သွားသည်။

ဒါက (ဒုတိယအဆင့်) ထိပ်တန်း ရုပ်သေးပင်။

တကယ်ကို မာကျောသည်ပဲ။

အစိတ်အပိုင်း တစ်ခုလောက်တောင် ခွဲထုတ်ယူ၍ မရနိုင်ပေ။

ရုပ်သေးကို 'နဂါးမိကျောင်း လှံတံ' ပြန်သိမ်းခိုင်းလိုက်ပြီး စုယွီ တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်၏။

"ထားလိုက်ပါတော့... လောလောဆယ် ဒီအတိုင်း ထားလိုက်တာ အကောင်းဆုံးပဲ"

သူ မယူဆောင်နိုင်သဖြင့် ရုပ်သေးကိုပါ တင်ပျဉ်ခွေ ထိုင်ခိုင်းလိုက်ပြီး၊ ရုပ်သေး၏ ဝိညာဉ် စွမ်းအားကို အသုံးပြုကာ အောက်ဘက်ရှိ (တတိယအဆင့်) ဝိညာဉ် သတ္တုကြီး၏ အနှစ်သာရကို စုပ်ယူစေလိုက်၏။

ခဏအကြာတွင် မြေကြီးအောက်မှ ဖျော့တော့သော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ရုပ်သေး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်း ဝင်ရောက်သွားသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း စုယွီ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် တဒိန်းဒိန်း ခုန်နေသည်။ သူ ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး အော်ဟစ်လိုက်၏။

"အောင်မြင်တယ်"

ရုပ်သေးအား ဝိညာဉ် သတ္တု၏ အနှစ်သာရကို စုပ်ယူစေပြီး ကိုယ်ပိုင် အဆင့်မြှင့်တင်စေခြင်းသည် ကြီးမားသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။

ဤသည်မှာ (တတိယအဆင့်) ရုပ်သေး သားရဲ ဖန်တီးရာတွင် အဓိက ကျသော ကုန်ကြမ်း ပစ္စည်း တစ်ခု ဖြစ်၏။

ကုန်ကြမ်း ပစ္စည်း တစ်မျိုးတည်း၏ အနှစ်သာရက ရုပ်သေး၏ အဆင့်ကို မြှင့်တင်ပေးနိုင်ဖွယ် မရှိသော်လည်း၊ ရုပ်သေး၏ မာကျောမှု၊ ကြံ့ခိုင်မှုနှင့် အခြား ကဏ္ဍစုံကို တိုးတက်စေပြီး ကိုယ်ခန္ဓာ စွမ်းအားကို မြှင့်တင်ပေးနိုင်ပါက ကြီးမားသော အကျိုးအမြတ် ဖြစ်ပေလိမ့်မည်။

ရုပ်သေး ကိစ္စ အဆင်ပြေသွားသဖြင့် စုယွီသည် သူ့ကိုယ်သူ ပြန်လည် အာရုံစိုက်လိုက်၏။

"နေလမင်း ကျွန်းရဲ့ (တတိယအဆင့်) ဂူစံအိမ်ကို ရှာတွေ့ပြီ ဆိုတော့... ရေခဲဓာတ် ကျင့်စဉ်ကို စတင် ကျင့်ကြံကြည့်ပြီး ရေခဲနဲ့ မီး ပေါင်းစပ်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို နားလည်အောင် ကြိုးစားရမယ်... 'ရေခဲ မီး ကျင့်စဉ်’ ကို ဖန်တီးနိုင်မလား ကြည့်ရမယ်"

စုယွီ စိတ်ထဲတွင် တွေးတောလိုက်၏။

တာအိုဆရာ ပင်းယွီ သင်ပေးခဲ့သော 'အခြေတည် ဝိညာဉ် အဆင့်' ကျင့်စဉ် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကို ပြန်လည် သတိရလိုက်၏။ စုယွီ မျက်လုံးများ မှိတ်လိုက်ပြီး သဘာဝ ဝိညာဉ် စွမ်းအင်များကို အာရုံခံကာ 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်ကို စတင် လည်ပတ်ကြည့်လိုက်၏။

ဤနေရာရှိ ရေခဲဓာတ် စွမ်းအားသည် အနည်းငယ် အေးစက်သဖြင့် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်နှင့် အလွန် ကိုက်ညီမှု ရှိနေသည်။

ပထမဆုံး အကြိမ် 'စက်ဝန်းငယ် လည်ပတ်ခြင်း' ပြုလုပ်ပြီးနောက်၊ သူ့ခန္ဓာကိုယ် အတွင်း မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။

ရေခဲဓာတ် မှော်စွမ်းအင် လုံးဝ ဖြစ်ပေါ်မလာပေ။

ဘာပဲဖြစ်ဖြစ် စုယွီမှာ 'ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်' သာ ရှိပြီး၊ အနိမ့်ဆုံး အဆင့် ရေခဲ ဝိညာဉ်အမြစ်တောင် မရှိသည်ကိုး။

သို့သော် စုယွီ ရပ်တန့်မသွားပေ။ 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်ကို 'စက်ဝန်းကြီး လည်ပတ်ခြင်း' ဖြင့် ဆက်လက် လည်ပတ်ပြီး သဘာဝ ဝိညာဉ် စွမ်းအင်များကို ဆက်လက် စုပ်ယူနေသည်။

ညရောက်သောအခါ စုယွီသည် နေလမင်း ဂူစံအိမ်မှ ထွက်ခွာလာခဲ့သည်။ ရုပ်သေးကိုမူ (တတိယအဆင့်) ဝိညာဉ် သတ္တု၏ အနှစ်သာရကို ဆက်လက် စုပ်ယူပြီး အဆင့်မြှင့်တင်ရန် ထားရစ်ခဲ့သည်။

စုယွီသည် နေလမင်း ကျွန်း၏ (တတိယအဆင့်) ဂူစံအိမ်ကို ရှာတွေ့ကြောင်း မည်သူ့ကိုမျှ မပြောပြပေ။ ဂူစံအိမ်သည် ထူးခြားပြီး (တတိယအဆင့်) ဝိညာဉ် သွေးကြောကြီး နှစ်ခုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သာမန် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ ဝင်ရောက်ပါက အန္တရာယ် ရှိနိုင်သည်။

လက်ရှိ စုမိသားစု အတွက်မူ ကြီးမားသော အကျိုးကျေးဇူး သိပ်မရှိလှပေ။

ထို့အပြင် ထိုနေရာတွင် မှော်လက်နက် တစ်ခုနှင့် (တတိယအဆင့်) ဝိညာဉ် သတ္တု တစ်ခု ရှိနေသည်။ လောလောဆယ်တော့ ဒီအကြောင်းကို လျှို့ဝှက်ထားတာ အကောင်းဆုံးပဲ။

အကယ်၍ ထိုပစ္စည်းများ အကြောင်း သတင်းပေါက်ကြားသွားပါက စုမိသားစု တစ်ခုလုံး ကပ်ဘေး ဆိုက်ရောက်သွားနိုင်သည်။

ညဘက်တွင် စုယွီသည် ယွီခယ်အာနှင့်အတူ တစ်နာရီခွဲခန့် ကြာအောင် ရှားရှားပါးပါး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ရက်အနည်းငယ် ဆက်တိုက် စုယွီသည် နေလမင်း ကျွန်းရှိ 'ရေခဲ မီး ဂူစံအိမ်' သို့ နေ့ဘက်တွင် သွားရောက် ကျင့်ကြံပြီး ညဘက်တွင် အိမ်ပြန်လာခဲ့သည်။

လေးရက်မြောက်နေ့ဝယ်၊

စုယွီသည် ဂူစံအိမ်မှ ရေခဲဓာတ် စွမ်းအားများကို စုပ်ယူပြီး 'စက်ဝန်းကြီး လည်ပတ်ခြင်း' တစ်ပတ် ပြည့်မြောက်သွားသောအခါ၊ ရေခဲဓာတ် မှော်စွမ်းအင် အမျှင်တန်းလေး တစ်ခု သူ့ခန္ဓာကိုယ် အတွင်း ဖြစ်ပေါ်လာသည်။

"ဝူး"

စုယွီ၏ အရှိန်အဝါတွင် အနည်းငယ်သော ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။

ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် ကျင့်စဉ် အချက်အလက်များလည်း ပြောင်းလဲသွားသည်။

[ကျင့်စဉ် - ကောင်းကင် နှင်းခဲ ကျဆင်းခြင်း (ပထမ အဆင့်၊ ပထမ နယ်ပယ်၊ ကျွမ်းကျင်မှု ၀.၀၁%)]

ထိုအရာကို မြင်လိုက်ရသောအခါ စုယွီ ဝမ်းသာအားရ ဖြစ်သွားသည်။

နောက်ဆုံးတော့ အစပျိုး အဆင့်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။

ယခု သူသည် ရေခဲဓာတ် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပြီ ဖြစ်သဖြင့် မြေကမ္ဘာ၊ သစ်သား၊ မီးနှင့် ရေခဲ ဓာတ်သဘာဝများကို ပိုင်ဆိုင်ထားပြီ ဖြစ်၏။ 'ဓာတ်ကြီးငါးပါး' ပြည့်စုံရန် သတ္တုဓာတ် တစ်ခုသာ လိုတော့သည်။

အခန်း (၁၆၄) - အပိုင်း (၀၉၉) - နေလမင်း ကျွန်း အပျက်အစီးများ၊ ကြီးမားသော အခွင့်အလမ်း (အပိုင်း ၅)

~"အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားတာပဲ... နေလမင်း ကျွန်းကိုလည်း ရှာတွေ့ပြီ... ကျင့်စဉ်ကိုလည်း အောင်မြင်စွာ အစပျိုးနိုင်ခဲ့ပြီ"

စုယွီ သက်ပြင်းတိုးတိုး ချလိုက်၏။

'ဓာတ်ကြီးငါးပါး ရွှေရောင် အမြုတေ မဟာ တာအို' လမ်းစဉ်ပေါ်တွင် ကောင်းမွန်သော အစပျိုးမှုကို ရရှိခဲ့ပြီ ဖြစ်၏။

သို့သော် နာရီပေါင်းများစွာ ကြာမြင့်အောင် ကျင့်ကြံခဲ့ရသဖြင့် စုယွီ၏ စိတ်အာရုံမှာ အတော်လေး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်ကို ဆက်လက် မကျင့်ကြံတော့ဘဲ 'ရေခဲ မီး ဂူစံအိမ်' မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။

နောက်တစ်နေ့တွင် စုယွီသည် အခြား ကျင့်စဉ်များကို 'ရေခဲ မီး ဂူစံအိမ်' အတွင်း၌ ပြီးပြည့်စုံအောင် ကျင့်ကြံလိုက်၏။

ဤနေရာရှိ ရေခဲနှင့် မီး စွမ်းအားများသည် လေးလံပြီး သိပ်သည်းနေသော်လည်း၊ (တတိယအဆင့်) ဝိညာဉ် သွေးကြောမှ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သဘာဝ ဝိညာဉ် စွမ်းအင် သိပ်သည်းဆသည်လည်း ထပ်တူထပ်မျှ မြင့်မားလှသည်။ ဤနေရာတွင် ကျင့်ကြံရန် လိုအပ်သော အချိန်သည် အပေါ်ဘက်တွင် လိုအပ်သော အချိန်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

အချိန် ၃၀ ရာခိုင်နှုန်းကျော် သက်သာသွားစေသည်။

ထို့နောက် သူသည် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်၏။

"ဟူး... ဟူး... ဟူး"

ယခင်ကနှင့် မတူဘဲ၊ ယခုတစ်ကြိမ်တွင် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ် စတင် လည်ပတ်သည်နှင့် တပြိုင်နက် စုယွီ ပတ်ဝန်းကျင်ရှိ အားကောင်းသော ရေခဲဓာတ် စွမ်းအင်များသည် ချက်ချင်း စုဝေးလာကြ၏။ ရေလွှမ်းမိုးသကဲ့သို့ သူ့ခန္ဓာကိုယ် အတွင်းသို့ စီးဝင်လာပြီး ကျင့်စဉ် လည်ပတ်မှုမှတဆင့် ရေခဲဓာတ် မှော်စွမ်းအင် အမျှင်တန်းများ အဖြစ် ပြောင်းလဲသွားကြ၏။ ထိုအမျှင်တန်းများသည် သူ့ ဒန်တျန် အတွင်းတွင် စုဝေးလာပြီး အမျှင်တန်း အဆင့်မှ စမ်းချောင်းငယ် အဆင့်သို့ တဖြည်းဖြည်း ပြောင်းလဲလာကြ၏။

'စက်ဝန်းကြီး လည်ပတ်ခြင်း' တစ်ပတ် ပြည့်မြောက်သွားသောအခါ တစ်နာရီကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။ စုယွီ ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်၏။

[ကျင့်စဉ် - ကောင်းကင် နှင်းခဲ ကျဆင်းခြင်း (ပထမ အဆင့်၊ တတိယ နယ်ပယ်၊ ကျွမ်းကျင်မှု ၁၀.၁၄%)]

ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၃)။

တစ်ရက်တည်းနဲ့ အဆင့် (၃) ဆင့် တက်သွားတာပဲ။

တပြိုင်နက်တည်းမှာပင်။

'ရေခဲ မီး ဂူစံအိမ်' ၏ အခြားတစ်ဖက်ရှိ မီးဓာတ် စွမ်းအား ဇုန်တွင် စုယွီ၏ 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်' ကျင့်ကြံမှု နှုန်းထားသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ ပြီးခဲ့သည့် လက ကြီးမားသော တိုးတက်မှု ရရှိပြီးနောက်၊ လက်ရှိ ကျွမ်းကျင်မှုသည် ၉၄.၆၇% သို့ ရောက်ရှိနေပြီ ဖြစ်၏။

ဒုတိယ အဆင့်၊ တတိယ နယ်ပယ် ဖြစ်သော အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) သို့ ချိုးဖောက် ဝင်ရောက်ရန် မလိုတော့ပေ။

ကျင့်ကြံခြင်း ပြီးဆုံးသွားသောအခါ သူသည် နေ့စဉ် လေ့ကျင့်ခန်းများကို အဆုံးသတ်လိုက်၏။

စုယွီသည် ကြောက်မက်ဖွယ် စွမ်းအားကြီး နှစ်ခု ဆုံစည်းရာ 'ရေခဲ မီး ဂူစံအိမ်' ၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်ပြီး၊ ရေခဲနှင့် မီး ပေါင်းစပ်ခြင်း၏ ထူးခြားဆန်းကြယ်မှုကို ခံစား နားလည်နေသည်။

"ရေခဲနဲ့ မီးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ဖို့ ဆိုရင်... အရင်ဆုံး စွမ်းအား နှစ်ခု ရောနှော ပေါင်းစပ်နိုင်မယ့် မျှခြေ အမှတ် ကို ရှာဖွေရမယ်... ဘယ်စွမ်းအားကမှ အားမနည်းစေရသလို၊ အားမကြီးစေရဘူး"

"ယင် တစ်ခုနဲ့ ယန် တစ်ခု ပေါင်းစပ်ခြင်းကို တာအိုလို့ ခေါ်တယ်... ဝိညာဉ် စွမ်းအင်ရဲ့ လှုပ်ရှားခြင်းနဲ့ ငြိမ်သက်ခြင်း ကနေ ယင်နဲ့ ယန် အပြန်အလှန် ဖြစ်ပေါ်လာကြပြီး... သူတို့ ခွဲထွက်ခြင်းက ကောင်းကင်နဲ့ မြေကြီးကို ဖြစ်ပေါ်စေတယ်..."

"လှုပ်ရှားခြင်းနဲ့ ငြိမ်သက်ခြင်း... ယင်နဲ့ ယန်... ဒီ 'ရေခဲ မီး ဂူစံအိမ်' ရဲ့ စွမ်းအားက အဲဒါနဲ့ ထပ်တူကျနေတယ်... နှစ်ခုစလုံးက (တတိယအဆင့်) ဂူစံအိမ်ရဲ့ စွမ်းအားတွေပဲ... ဖြစ်နိုင်တာက သူတို့က သဘာဝ စွမ်းအားတွေနဲ့ မျှခြေ အမှတ် တစ်ခု ဖြစ်ပေါ်စေပြီး... ပြီးတော့ စွမ်းအား နှစ်ခု ချောမွေ့စွာ ပေါင်းစပ်သွားကြတာ... ယင်နဲ့ ယန် ပေါင်းစပ်ခြင်းကို တာအို လို့ သတ်မှတ်တယ်"

"ဒါက 'မြေကမ္ဘာနှင့် သစ်သား ကျင့်စဉ်' နဲ့ နည်းနည်း ကွာခြားတယ်... မဟုတ်ဘူး... လုံးဝ ကွာခြားတယ် လို့ ပြောရမယ်... 'မြေကမ္ဘာနှင့် သစ်သား ကျင့်စဉ်' ရဲ့ စွမ်းအားတွေက လိုက်ဖက်ညီမှု ရှိကြတယ်... ဆန့်ကျင်ဘက် အစွန်းရောက်တွေ မဟုတ်ဘူး... ပဋိပက္ခ ဖြစ်တာလည်း မပြင်းထန်ဘူး"

"ဒါကြောင့် 'ရေခဲ မီး ကျင့်စဉ်' ကို ဖန်တီးချင်တယ် ဆိုရင်... 'မြေကမ္ဘာနှင့် သစ်သား ကျင့်စဉ်' ကို ကိုးကားချက် အနေနဲ့ပဲ သုံးလို့ ရနိုင်မယ်"

"ငါ့ဘာသာ ငါ ယင်နဲ့ ယန် ပေါင်းစပ်ဖို့... ရေခဲနဲ့ မီး ရောနှောဖို့... 'ထိုက်ချိ'ရဲ့ သိမ်မွေ့နက်နဲမှုကို နားလည် သဘောပေါက်အောင် လုပ်ရမယ်"

"ဝူး"

'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' လည်ပတ်နေသည်။ စုယွီ၏ စိတ်အာရုံသည် လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေပြီး၊ သူ့ ဝိညာဉ် အာရုံသည် 'ရေခဲ မီး ဂူစံအိမ်' တစ်ခုလုံးကို လွှမ်းခြုံထား၏။ ဤအခိုက်အတန့်တွင် ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားသည်။ သူသည် ထိုအထဲသို့ ပေါင်းစည်း ဝင်ရောက်သွားပြီး၊ သူ့စိတ်သည် ရေခဲနှင့် မီး စွမ်းအားများကို နားလည် သဘောပေါက်ရန် အပြည့်အဝ အာရုံစိုက်ထား၏။

စိတ်ကူးဉာဏ် အလင်းတန်းများ သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ထိုက်ချိ၊ ယင်နှင့် ယန်၊ ရေခဲနှင့် မီး စသည့် အလွန် ဝေဝါးပြီး အနှစ်သာရ မရှိသော သီအိုရီများကို ပြန်လည် သတိရလိုက်၏။

သို့သော် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို သူ ကိုယ်တိုင် နားလည် သဘောပေါက်ရန် လိုအပ်သည်။

သူ့ရှေ့တွင် ရှိသော ရေခဲနှင့် မီး စွမ်းအားများ ဆုံစည်း ရောနှောနေသည့် နေရာသည် သူ့အတွက် နားလည် သဘောပေါက်ရန် ရတနာမြေ တစ်ခု ဖြစ်၏။

သူ လိုချင်သော တာအို တရားသည် ထိုအထဲတွင် ရှိနေသည်။

(၆) နာရီ ကြာပြီးနောက် စုယွီသည် သူ့ ဝိညာဉ် အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သက်ပြင်းတိုးတိုး မှုတ်ထုတ်လိုက်ရာ အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။ သူ့ စိတ်စွမ်းအားများ ကုန်ခန်းနေပြီး စိတ်အာရုံများ ရှုပ်ထွေးနေသည်။

"အရင် ပြန်လိုက်ဦးမယ်"

စုယွီ ကိုယ့်ကိုယ်ကို အတင်းအကျပ် ဆက်မလုပ်တော့ဘဲ၊ ဂူစံအိမ်မှ ထွက်ခွာပြီး မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

နောက်တစ်နေ့တွင် တာအိုဆရာ ရှုယွီ ထပ်မံ ရောက်ရှိလာသည်။

(ဒုတိယအဆင့်) အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ (၂၀) နှင့် စုမိသားစု ဖော်စပ်ထားသော ဆေးလုံးများကို စုယွီလက်ထဲမှ လှမ်းယူလိုက်ပြီးနောက် တာအိုဆရာ ရှုယွီသည် စုယွီကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်၏။

"တာအို မိတ်ဆွေ စု အတွက် အခမဲ့ သတင်းကောင်း တစ်ခု ပါလာတယ်... ယွင်ကျန်းဂိုဏ်း ဒုတိယ အကြီးအကဲက မကြာသေးမီကပဲ တုပ အမြုတေ အဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ"

"ဒါပေမဲ့ သူ အဆင့်တက်ပြီး မကြာခင်မှာပဲ... သားရဲ ဒီရေလှိုင်း တိုက်ခိုက်မှုကို ကာကွယ်ရေး အခင်းအကျင်းမှာ ခုခံနေတုန်း... (ဒုတိယအဆင့်) ထိပ်တန်း ခေါင်းနှစ်လုံး စိမ်းပြာရောင် လေသားရဲ ဝံပုလွေနှစ်ကောင်ရဲ့ ချုံခို တိုက်ခိုက်တာ ခံလိုက်ရတယ်... ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်... သူ့ တုပ အမြုတေ အဆင့် ကျင့်ကြံမှု အခြေခံက မခိုင်မာသေးတော့..."

"ဒီ ဒဏ်ရာ ပြင်းထန်မှုက သူ့အင်အားကို ထိခိုက်စေလိမ့်မယ်... သူက တုပ အမြုတေ အဆင့်မှာ ရှိနေသေးပေမဲ့... သူ့အင်အားက မူလ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) ထက် သိပ်မပိုနိုင်တော့ဘူး"

စုယွီ ဝမ်းသာအားရ ဖြစ်သွားလိမ့်မည်ဟု သူ ထင်မှတ်ထားသော်လည်း၊ စုယွီက မပျော်ရွှင်ဘဲ လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။

"သားရဲ ဒီရေလှိုင်းက ပိုဆိုးလာတာလား"

"ယွီမိသားစုရဲ့ ဂူစံအိမ် နန်းတော်ကရော ဘယ်လို အခြေအနေ ရှိလဲ... အဲဒီမှာ ကျန်ခဲ့တဲ့ ယွီမိသားစုဝင်တွေ ဘေးကင်းရဲ့လား"

"တခြား အင်အားစုတွေက လူတွေရော ဘယ်လိုလဲ"

တာအိုဆရာ ရှုယွီ အနည်းငယ် တုန်လှုပ်သွားပြီး အံ့သြသွားသည်။ ထို့နောက် စုယွီကို လေးလေးနက်နက် တစ်ချက် ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။

"သားရဲ ဒီရေလှိုင်းက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ... တာ့ယွဲ့ မှောင်ခို မြို့တော်ကို ထပ်ခါတလဲလဲ တိုက်ခိုက်နေတုန်းပဲ... ရံဖန်ရံခါ (ဒုတိယအဆင့်) ထိပ်တန်း သားရဲတွေနဲ့ (တတိယအဆင့်) အဆင့်နိမ့် မိစ္ဆာ သားရဲတွေ ပါလာတတ်တယ်"

"အခုချိန်ထိ တုပ အမြုတေ အဆင့် တစ်ယောက် သေဆုံးသွားပြီ... နှစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်... အဲဒီထဲက တစ်ယောက်က ယွင်ကျန်းဂိုဏ်း ဒုတိယ အကြီးအကဲပေါ့"

"လွန်ခဲ့တဲ့ တစ်လ အတွင်း တာ့ယွဲ့ မှောင်ခို မြို့တော်မှာ ကျဆုံးခဲ့တဲ့ ကျင့်ကြံသူ အရေအတွက်က တစ်ထောင် ကျော်သွားပြီ... ဆက်လက် မြင့်တက်နေတုန်းပဲ... ဒဏ်ရာရသူတွေ ဆိုရင်တော့ မှောင်ခို မြို့တော်ထဲက လူအများစု ဒဏ်ရာရထားကြတယ်"

"ကံကောင်းတာက တာ့ယွဲ့ နန်းတော်၊ ခိုင်ရန် နန်းတော် ၊ ဆေးပညာရှင် လီမိသားစုနဲ့ တခြား အင်အားစုတွေရဲ့ ထောက်ပံ့မှုတွေ ရှိနေလို့ပါ... ပြီးတော့ ကျွန်တော့်လို လူတွေက နေရာအနှံ့ သွားလာပြီး ထောက်ပံ့ရေး ပစ္စည်းတွေ... ဆေးလုံး၊ အဆောင်လက်ဖွဲ့၊ အခင်းအကျင်း၊ ရုပ်သေး သားရဲ၊ ယဉ်ပါးသော သားရဲ စတာတွေကို လိုက်လံ စုဆောင်းပေးနေကြတယ်"

"ဒီ ထောက်ပံ့ရေး ပစ္စည်းတွေရဲ့ အကူအညီနဲ့ တာ့ယွဲ့ မှောင်ခို မြို့တော်ရဲ့ ကျန်ရှိနေတဲ့ ကာကွယ်ရေး လိုင်း နှစ်ခုကို ခုခံ ကာကွယ်ဖို့ ပြဿနာ မရှိပါဘူး"

"ယွီမိသားစုရဲ့ ဂူစံအိမ် နန်းတော်က အတွင်းပိုင်း ဈေးကွက်နဲ့ မဝေးလှဘူး... အတွင်းပိုင်း ဈေးကွက်ရဲ့ နောက်ဆုံး ကာကွယ်ရေး လိုင်းနဲ့ နီးကပ်နေတော့ လောလောဆယ် ပြဿနာကြီးကြီးမားမား မရှိပါဘူး"

"ဒါပေမဲ့ အတွင်းထဲက လူတွေ ဘယ်လို နေကြတယ်... သူတို့ကို စုစည်းပြီး တိုက်ခိုက်ခိုင်းထားသလား ဆိုတာတော့ ကျွန်တော် မသေချာဘူး"

"ကျွန်တော်တို့ 'ကောင်းကင် အပျက်အစီး ခန်းမဆောင်' က အကြီးအကဲတွေရဲ့ ခန့်မှန်းချက် အရ ဆိုရင်... နောက်ထပ် တစ်လလောက် ကြာရင် အင်အားစု အသီးသီးက ကျင့်ကြံသူတွေကို စုဆောင်းပြီး အဲဒီကို စေလွှတ်ရလိမ့်မယ်... ဒဏ်ရာ ပြင်းထန်စွာ ရရှိထားတဲ့ ကျင့်ကြံသူ တချို့ နေရာမှာ အစားထိုးပြီး ကာကွယ်ရေး လိုင်းကို အလှည့်ကျ စောင့်ကြပ်ဖို့ပေါ့…”

အခန်း (၁၆၅) - နေလမင်း ကျွန်း အပျက်အစီးများ၊ ကြီးမားသော အခွင့်အလမ်း (အပိုင်း ၆)

~"ဒီနည်းနဲ့ပဲ... တာ့ယွဲ့တောင်တန်း ကနေ ပြေးထွက်လာတဲ့ မိစ္ဆာ သားရဲတွေကို တစ်ကောင်ချင်းစီ ဖြည်းဖြည်းချင်း ချေမှုန်းပြီး ထိန်းချုပ်လိုက်ရင်... သားရဲ ဒီရေလှိုင်း ပြီးဆုံးသွားလိမ့်မယ်"

တာအိုဆရာ ရှုယွီ ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စုယွီ နောက်ဆုံးတွင် သဘောပေါက် နားလည်သွားသည်။ သားရဲ ဒီရေလှိုင်း ဆိုသည်မှာ ရေလှိုင်းကြီး တစ်ခုလုံး အရှိန်နဲ့ ဝင်ဆောင့်သလို ပုံစံမျိုး မဟုတ်။ နောက်ဆုတ်သွားပြီးမှ ပြန်တိုက်ခိုက်တာမျိုးလည်း မဟုတ်ပေ။

ပင်လယ်လှိုင်းလုံးများကဲ့သို့ တာ့ယွဲ့တောင်တန်း၏ နေရာအနှံ့အပြားမှ မိစ္ဆာ သားရဲများသည် စုဝေးလာကြပြီး ပုံမှန် မဟုတ်သော၊ ကြိုတင်ခန့်မှန်း၍ မရနိုင်သော နည်းလမ်းဖြင့် လှိုင်းလုံး တစ်ခုပြီး တစ်ခု ဝင်ရောက် တိုက်ခိုက်ခြင်းမျိုး ဖြစ်၏။

သားရဲ ဒီရေလှိုင်း ဖြစ်ပေါ်စေမည့် မိစ္ဆာ သားရဲများ မကျန်တော့သည့် အချိန်ကျမှသာ ပြီးဆုံးသွားခြင်း ဖြစ်၏။

ဤ အခြေအနေသည် လူသားများက သူတို့ နယ်မြေကို ကျူးကျော်ဝင်ရောက်ခြင်းအပေါ် မိစ္ဆာ မျိုးနွယ်စုများ၏ အငြိုးအတေး ကြောင့်သာ မဟုတ်ပေ။ တာ့ယွဲ့တောင်တန်း အနေဖြင့် အချိန်ကာလ တစ်ခု ရောက်တိုင်း လူဦးရေ အလွန်အမင်း တိုးပွားလာသော သားရဲ ကောင်ရေကို ထိန်းချုပ်ရန် အသုံးပြုသော နည်းလမ်း တစ်ခုလည်း ဖြစ်၏။

ပိုလျှံနေသော သားရဲများကို စုစည်းပြီး သားရဲ ဒီရေလှိုင်း ဖန်တီးကာ လူသား ကျင့်ကြံသူများကို တိုက်ခိုက်ခိုင်းခြင်းဖြင့် တစ်ဖက်တွင် လူသားများကို နှိမ်နင်းနိုင်သလို၊ အခြားတစ်ဖက်တွင်လည်း ပိုလျှံနေသော သားရဲ ကောင်ရေကို ရှင်းလင်းရာ ရောက်လေ၏။

အဆုံးစွန် ရည်မှန်းချက်မှာ တာ့ယွဲ့တောင်တန်း အတွင်းရှိ အကန့်အသတ် ရှိသော အရင်းအမြစ်များကို ထိန်းသိမ်းပြီး၊ ပိုမို ငယ်ရွယ်၍ ပါရမီ ရှိသော သားရဲများနှင့် မိစ္ဆာ မျိုးနွယ်စုဝင်များကို ပြုစုပျိုးထောင်ရန် ဖြစ်၏။

ဒါက သားရဲ ဒီရေလှိုင်း ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်း အမှန်ပဲ။

ရှင်းပြပြီးနောက် တာအိုဆရာ ရှုယွီသည် (ဒုတိယအဆင့်) အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ကုန်ကြမ်း ပစ္စည်း (၆၀) စုံနှင့် ဆေးဖော်စပ်ရန် ကုန်ကြမ်း ပစ္စည်း အချို့ကို ထားခဲ့ပြီး ပြန်လည် ထွက်ခွာသွားသည်။ သူသည် အရင်းအမြစ်များ စုဆောင်းရန် အခြား နေရာတစ်ခုသို့ အမြန် သွားရဦးမည် ဖြစ်သဖြင့် အချိန် သိပ်မရပေ။

တာ့ယွဲ့ မှောင်ခိုဈေးတွင် ဖြစ်ပွားနေသော သားရဲ ဒီရေလှိုင်း ပြဿနာသည် ထင်ထားသလောက် မပြင်းထန်ကြောင်း သိရှိသွားသဖြင့် စုယွီသည် ထိုကိစ္စကို အာရုံစိုက်ခြင်း မပြုတော့ပေ။

လက်ရှိတွင် သူ့အတွက် အရေးကြီးဆုံး တာဝန်မှာ 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်ကို ကျင့်ကြံရန်နှင့် 'ရေခဲ မီး ကျင့်စဉ်'အား ဖန်တီးရန် ဖြစ်၏။

တာအိုဆရာ ရှုယွီ ထွက်ခွာသွားပြီး (၆) ရက်အကြာဝယ်၊

စုယွီ၏ 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' မှော်စွမ်းအင်သည် ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၆) သို့ အံ့သြဖွယ် နှုန်းထားဖြင့် တက်လှမ်းသွားသည်။

နောက်ထပ် (၅) ရက်အကြာတွင် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' သည် နောက်ထပ် အဆင့်တစ်ခု တက်လှမ်းပြီး ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၇) သို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင် စုဖုန်း၊ စုဟယ်၊ စုကျန်းနှင့် စုတကျွင်းတို့ တံခါးပိတ် ကျင့်ကြံရာမှ ပြန်လည် ထွက်ခွာလာကြသဖြင့် စုယွီသည် ဆေးလုံးမျှော်စင် သို့ ပြန်သွားလိုက်၏။

စုဖုန်းနှင့် စုဟယ်တို့သည် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ကြ၏။ သို့သော် စုကျန်းနှင့် စုတကျွင်းတို့ နှစ်ဦးစလုံး ကျရှုံးသွားခဲ့ကြ၏။

စုကျန်းက အခြေအနေ ကောင်းသေးသည်။ သူသည် 'အမှောင်နတ်ဘုရား ဆေးလုံး' ကို မသောက်သုံးထားသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသော်လည်း အသက်အန္တရာယ် မရှိပေ။ သို့သော် စုတကျွင်းမှာမူ အချိန်တို အတွင်း သိသိသာသာ အိုမင်းရင့်ရော်သွားခဲ့သည်။

ခန္ဓာကိုယ် စွမ်းအား အလွန်အမင်း ကုန်ခန်းသွားသဖြင့် သူ အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့မည် ဖြစ်၏။

စုယွီသည် ထိပ်တန်း အရည်အသွေး (ပထမအဆင့်) သက်တမ်း ဆွဲဆန့် ဆေးလုံး (၂) လုံးကို ထုတ်ပေးပြီး စုတကျွင်း ပြန်လည် သက်သာလာစေရန် ကူညီပေးလိုက်၏။ ၎င်းဆေးလုံးများကြောင့် သူ့သက်တမ်းကို နောက်ထပ် ဆယ်စုနှစ် တစ်ခုစာလောက် ဆွဲဆန့်ပေးနိုင်ပေလိမ့်မည်။

ဤကဲ့သို့သော အဖြစ်အပျက်များသည် စုယွီ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။ (၄) ယောက်တွင် (၂) ယောက် အောင်မြင်ခြင်းသည်ပင် ကျေးဇူးတင်စရာ ဖြစ်နေ၏။

ဘာပဲဖြစ်ဖြစ် ဒါက အခြေခံ တည်ဆောက်ခြင်း အဆင့်လေ။ ၅၀ ရာခိုင်နှုန်း အောင်မြင်မှု နှုန်းထား ဆိုတာ မဆိုးပါချေ။

ခြုံငုံကြည့်လျှင် စုမိသားစု၏ အင်အားသည် တိုးတက်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မွေးဖွားလာသော ကလေး အရေအတွက် တိုးပွားလာပြီး၊ ထိုအထဲမှ အတော်များများသည် ဝိညာဉ်အမြစ်များ ပါလာကြ၏။ စုမိသားစုသည် ယေဘုယျအားဖြင့် စည်ပင်ဝပြောပြီး တိုးတက်နေသည်။

အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး (၃) လ ကြာမြင့်သွားပါသည်။

ထိုကာလ အတွင်း ယွင်ကျန်းဂိုဏ်းဘပထမ အကြီးအကဲ ဦးဆောင်သော စစ်ကူ တပ်ဖွဲ့ စေလွှတ်ရန် ဆင့်ခေါ်စာ ထွက်ပေါ်လာသည်။ ပထမ အသုတ် စစ်ကူအတွက် သူသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုမှ လူအင်အား ၈၀ ရာခိုင်နှုန်းကို ရွေးချယ်ပြီး၊ ကျန် ၂၀ ရာခိုင်နှုန်းကို ယွီမိသားစုနှင့် စုမိသားစုမှ ရွေးချယ်ကာ ကျင့်ကြံသူ (၁၀၀) ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး စစ်ကူ တာဝန် ထမ်းဆောင်စေခဲ့သည်။

ဒုတိယ အကျော့ကိုမူ ဒဏ်ရာမှ ပြန်လည် သက်သာလာသော ယွင်ကျန်းဂိုဏ်း ဒုတိယ အကြီးအကဲက ဦးဆောင်သည်။ မူလက သူသည် စုမိသားစု တစ်ခုလုံးကို တာ့ယွဲ့ မှောင်ခိုဈေးရှိ သားရဲ ဒီရေလှိုင်းနှင့် ရင်ဆိုင်ရန် စေလွှတ်ချင်ခဲ့သည်။

သို့သော် သူ့ကိုယ်ပိုင် အခြေအနေနှင့် တာအိုဆရာ ရှုဟိုင်နှင့် ပတ်သက်မှုများကို ထည့်သွင်း စဉ်းစားလိုက်သောအခါ၊ ဒုတိယ အကြီးအကဲ၏ ရင်ထဲတွင် ရှင်းပြ၍ မရနိုင်သော ကြောက်ရွံ့မှုနှင့် တွန့်ဆုတ်မှုများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် စုမိသားစုမှ တစ်ယောက်မှ အရွေးမခံရပေ။ ဒုတိယ အကျော့ စစ်ကူအတွက် ယွင်ကျန်းဂိုဏ်း နယ်မြေရှိ အင်အားစု အသီးသီးမှ လူအင်အား ညီတူမျှတူ ရွေးချယ်လိုက်ကြ၏။ ဒုတိယ လတွင် ကျင့်ကြံသူ (၁၀၀) ပါဝင်သော ဒုတိယ အသုတ်သည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် ထွက်ခွာသွားကြ၏။

စုမိသားစုမှာမူ ယခင်ကကဲ့သို့ပင် မည်သည့် ထိခိုက်မှုမှ မရှိဘဲ တည်ငြိမ်နေသည်။

*

ဆေးလုံးတောင် ခြေရင်းဝယ်၊

နေလမင်း ကျွန်း ပေါ်ရှိ 'ရေခဲ မီး ဂူစံအိမ်' အတွင်းဝယ် ဖြစ်၏။

"ဝူး... ဝူး... ဝူး"

စုယွီသည် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကျင့်စဉ်ကို လည်ပတ်နေသည်။ ကြွယ်ဝပြီး အားကောင်းသော ရေခဲဓာတ် စွမ်းအားများသည် ပြင်းထန်သော ဝဲကတော့ကြီး တစ်ခုအလား စုဝေးလာပြီး သူ့ခန္ဓာကိုယ် အတွင်းသို့ ရူးသွပ်စွာ စီးဝင်လာကြ၏။ ထို့နောက် ကျင့်စဉ်မှတဆင့် မှော်စွမ်းအင် အဖြစ် သန့်စင်ပြီး ဒန်တျန် အတွင်းသို့ ပို့ဆောင်လိုက်၏။

'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' သည် ထူးခြားသော ရေခဲဓာတ် ကျင့်စဉ် တစ်ခု ဖြစ်၏။ ၎င်း၏ စွမ်းအားသည် သိမ်မွေ့ပြီး သန့်စင်ကာ၊ နှင်းခဲများ ကျဆင်းသကဲ့သို့ သဘာဝကျကျ စိမ့်ဝင်ပျံ့နှံ့ခြင်းကို ဦးစားပေးသည်။ စွမ်းအားသည် နေရာအနှံ့အပြားသို့ စိမ့်ဝင်သွားပြီး နောက်ဆုံးတွင် အရာအားလုံးကို ရေခဲဖြင့် ဖုံးလွှမ်းသွားစေသည်။

'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ကို ကျင့်ကြံနေစဉ်တွင် စုယွီသည် ၎င်းနှင့် ဆက်စပ်နေသော ရေခဲဓာတ် သိုင်းများကိုလည်း လေ့ကျင့်နေသည်။

၎င်းတို့ အများစုသည် ပြိုင်ဘက်ကို တိတ်တဆိတ် သတ်ဖြတ်နိုင်သော ကြောက်မက်ဖွယ် နည်းစနစ်များ ဖြစ်ကြ၏။

"ဝူး"

ထိုအချိန်တွင် စုယွီ၏ ဒန်တျန် အတွင်းရှိ 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' မှော်စွမ်းအင်များသည် စုဝေးလာပြီး နှင်းခဲ တည်ဆောက်ပုံ တစ်ခု အဖြစ် ဖွဲ့စည်းလာသည်။ ဝင်ရောက်လာသော မှော်စွမ်းအင် လှိုင်းလုံးများနှင့်အတူ အဆက်မပြတ် သိပ်သည်းလာပြီး သန့်စင်လာသည်။ အချိန်ကာလ တစ်ခု ရောက်သောအခါ ထူးဆန်းသော စွမ်းအား တစ်ခု ရုတ်တရက် သက်ဆင်းလာသည်။ သူ့ ဒန်တျန် အတွင်းရှိ ဖိအားသည် ချက်ချင်း ပြောင်းလဲသွားသည်။

မူလက ပျံ့ကျဲနေသော နှင်းခဲ မှော်စွမ်းအင်များသည် ရုတ်တရက် ပြိုကျသွားပြီး ပိုမို သိပ်သည်းလာကာ နှင်းခဲ မှော်စွမ်းအင် အစက်အပြောက်များ အဖြစ် ဖွဲ့စည်းလာကြ၏။

အသွင်ပြောင်းလဲမှု အချို့ ဖြစ်ပေါ်ပြီးနောက်၊ နောက်ဆုံးတွင် ရေစက် ပုံသဏ္ဍာန် ရှိသော နှင်းခဲ မှော်စွမ်းအင် နယ်ပယ် မျိုးစေ့ တစ်ခု အဖြစ် ပြောင်းလဲသွားသည်။

'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' ၏ နယ်ပယ် မျိုးစေ့ကို နောက်ဆုံးတွင် သွန်းလုပ်နိုင်ခဲ့ပြီ ဖြစ်၏။

စုယွီ၏ အရှိန်အဝါ သိမ်မွေ့စွာ ပြောင်းလဲသွားသည်။ သူ့၏ နှင်းခဲ မှော်စွမ်းအင် ကျင့်ကြံမှုသည် အခြေခံ တည်ဆောက်ခြင်း (ပထမ အဆင့်) သို့ ရောက်ရှိသွားပြီ ဖြစ်၏။

"ဝုန်း"

ထိုအချိန်တွင် ဂူစံအိမ် အတွင်းရှိ ကြွယ်ဝသော ရေခဲဓာတ် စွမ်းအားများသည် လှိုင်းထလာပြီး စုဝေးလာကြ၏။ စုယွီက ၎င်းတို့ကို အဆက်မပြတ် စုပ်ယူပြီး သန့်စင်နေသည်။ ဤ စွမ်းအားများသည် နှင်းခဲ မှော်စွမ်းအင် နယ်ပယ် မျိုးစေ့ အသစ် တစ်ခု အဖြစ် ဖွဲ့စည်းပြီး၊ သူ့ ဒန်တျန် အတွင်းရှိ အားနည်းပြီး မကြာသေးမီကမှ ဖွဲ့စည်းထားသော နှင်းခဲ မှော်စွမ်းအင် နယ်ပယ် မျိုးစေ့ထဲသို့ စီးဝင်ကာ အဆက်မပြတ် အားဖြည့်ပေးနေသည်။

ဖြစ်နိုင်တာက... ပင်လယ်ရေသဖွယ် စုပ်ယူမှုကြောင့် ဂူစံအိမ် အတွင်းရှိ ရေခဲနှင့် မီး စွမ်းအားများ၏ မူလ ဟန်ချက်ညီမှုကို လှုပ်ခတ်သွားစေခြင်း ဖြစ်နိုင်သည်။

ဟန်ချက်ညီမှု ချက်ချင်း ပျက်ပြားသွားသည်။

"ဝုန်း"

ရေခဲနှင့် မီး ဓာတ်သဘာဝ နှစ်ခု ဆုံစည်းရာ ဂူစံအိမ် အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေသော စုယွီသည် နောက်တစ်ခဏတွင် မီးဓာတ် စွမ်းအားများ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။

ရေခဲနှင့် မီး ဓာတ်သဘာဝ စွမ်းအား နှစ်ခုစလုံးသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ရူးသွပ်စွာ တိုးဝင်လာကြ၏။

"အဟွတ်"

မျက်တောင်တစ်ခတ် အတွင်းမှာပင် စုယွီသည် ရေခဲနှင့် မီး စွမ်းအားများ ထိပ်တိုက် တွေ့ဆုံမှု၏ ကြောက်မက်ဖွယ် အကျိုးဆက်များကို ခံစားလိုက်ရသည်။ ခဏလေး အတွင်း သူသည် ထို ထိပ်တိုက် တွေ့ဆုံမှုကို မခံနိုင်တော့ဘဲ သွေးများ အန်ထွက်လာသည်။

သို့သော် သူ့သွေးများသည် သူ့ရှေ့တွင် လွင့်မျောနေသော 'ရေခဲ မီး ပုလဲ' ပေါ်သို့ စင်သွားသည်။

စုယွီ သတိလစ် မေ့မြောသွားသည့် အချိန်တွင် 'ရေခဲ မီး ပုလဲ' သည် တုန်ခါသွားပြီး ညည်းသံ တစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် ၎င်းသည် အဖြူရောင်နှင့် ခရမ်းရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး စုယွီ၏ ဒန်တျန် အတွင်းသို့ တိုးဝင်သွားသည်။

စုယွီ၏ ဒန်တျန် အတွင်းတွင် သောင်းကျန်းနေသော ရေခဲနှင့် မီး စွမ်းအားများသည် 'ရေခဲ မီး ပုလဲ' ရောက်ရှိလာပြီး မကြာမီမှာပင် ဖြည်းညှင်းစွာ ငြိမ်သက်သွားပြီး ယဉ်ပါးလာကြ၏။

မငြိမ်မသက် ဖြစ်နေသော စွမ်းအားများသည် တဖြည်းဖြည်း ယဉ်ပါးလာပြီး၊ 'ရေခဲ မီး ပုလဲ' က ၎င်းတို့ကို လုံးဝ ပျောက်ကွယ်သွားသည် အထိ စုပ်ယူလိုက်၏။

ပရမ်းပတာ ဖြစ်မှု၏ အရင်းအမြစ်ကို 'ရေခဲ မီး ပုလဲ' က လွယ်ကူစွာ ဖြေရှင်းလိုက်၏။

တပြိုင်နက်တည်းမှာပင်။

'ရေခဲ မီး ပုလဲ' ထံမှ ပေါင်းစပ်ထားသော ရေခဲနှင့် မီး စွမ်းအား တစ်ခု ထွက်ပေါ်လာသည်။ စုယွီ သတိလစ်နေစဉ်တွင် 'ကောင်းကင် နှင်းခဲ ကျဆင်းခြင်း' နှင့် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်' ကျင့်စဉ် နှစ်ခုစလုံးသည် တပြိုင်နက်တည်း အသက်ဝင်လာပြီး 'စက်ဝန်းကြီး လည်ပတ်ခြင်း' ကို ပြီးမြောက်အောင် ဆောင်ရွက်လိုက်ကြ၏။

"ဝူး... ဝူး... ဝူး"

ကျင့်စဉ်များ လည်ပတ်နေစဉ် စုယွီကို ဗဟိုပြုပြီး ဝဲကတော့ နှစ်ခု နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။

စုယွီ၏ ခန္ဓာကိုယ်သည် တစ်ခါတွင် ရေခဲ ရိုက်ထားသကဲ့သို့ ဖြစ်နေပြီး၊ နောက်တစ်ခါတွင် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။ သူ့အရှိန်အဝါသည် အားကောင်းလိုက်၊ အားနည်းလိုက် ဖြစ်နေပြီး၊ သူ့အရေပြားများ ရံဖန်ရံခါ ကွဲအက်သွားကာ သွေးရောင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ကြွေရုပ်လေး တစ်ရုပ် ကွဲအက်သွားသကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ့၏ သက်စောင့်စွမ်းအားသည် အံ့မခန်း ကြံ့ခိုင်နေသည်။

ထိခိုက်မှု လက္ခဏာများသည် ပေါ်လာသည်နှင့် တပြိုင်နက် ပျောက်ကွယ်သွားကြ၏။

သူ့ သတိလစ် မေ့မြောမှုသည် (၆) နာရီ ကြာမြင့်ပြီးနောက်မှသာ ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့သည်။

All Chapters