← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 11 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 11 Ch. 205-206

အပိုင်း(၂၀၅) သိုင်းဘုရင်ဂေဟာမှ လူများရောက်ရှိလာခြင်း

"ဂျိန်း... ဒိုင်း"

မိုးခြိမ်းသံ ကျယ်လောင်စွာ ပေါ်ထွက်လာပြီးနောက် ကောင်းကင်ယံမှ မိုးရေများသည် အရှိန်အဟုန်ပြင်းစွာ ရွာသွန်းဖြိုးကျလာတော့သည်။

ဝါးတောအုပ်အတွင်း၌မူ အလင်းရောင်က မှိန်ဖျော့နေ၏။

သို့သော် ထိုနေရာ၌ လူအများအပြား စုရုံးရောက်ရှိနေကြသည်။

တစ်ဖက်တွင် လူအင်အား မနည်းလှပေ။ (၁၂) ယောက်ခန့် ရှိပြီး အချို့က ဝါးထီးများ ဆောင်းထားကြကာ အချို့ကမူ မြက်မိုးကာအင်္ကျီများကို ဝတ်ဆင်ထားကြသည်။

မိုးရေစက်များသည် ဝါးရွက်များပေါ်သို့ ကျရောက်ကာ "တောက်... တောက်" ဟူသောအသံဖြင့် စီးကျနေ၏။

ကျောက်ခိုင်နှင့် တင်းယန်တို့၏ မျက်နှာထားများက လေးနက်တည်ကြည်နေပြီး ထိုလူအုပ်စုကို စိုက်ကြည့်နေကြသည်။

သူတို့နှစ်ဦးသည် ယှဉ်တွဲရပ်နေကြပြီး မိုးရေများကြောင့် အဝတ်အစားများပင် ရွှဲနစ်နေပြီ ဖြစ်သည်။

သူတို့၏ အနောက်ဘက်တွင် ချိုင်ကြည်၊ လျှိုတနန်၊ ဟူဝေမင်နှင့် လျှိုဖိန်ဖိန်တို့ အပါအဝင် လူ (၇) ယောက်၊ (၈) ယောက်ခန့် ရှိနေကြသည်။

ကျောက်ခိုင်က မျက်နှာပေါ်မှ မိုးရေများကို သပ်ချလိုက်ရင်း အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။ "မင်းတို့က ဘာဂေဟာကပဲဖြစ်ဖြစ် ငါတို့ စိတ်မဝင်စားဘူး... ဒီဝါးတောအုပ်ကို ငါတို့ ရောက်လာတုန်းက ဘယ်သူမှ မရှိဘူး... အဲဒါကြောင့် ဒီနေရာက ငါတို့နေရာပဲ"

တင်းယန်က ဘေးမှနေ၍ စကားတစ်ခွန်းမျှ ဝင်မပြောသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းခြုံနေ၏။

တစ်ဖက်လူစုက ထိုစကားကို ကြားသောအခါ ဟားတိုက်၍ ရယ်မောလိုက်ကြသည်။

သိုင်းဘုရင်ဂေဟာဘက်မှ ယွမ်ရွေ့က လက်ပိုက်လျက် ရယ်မောကာ ပြောလိုက်၏။ "လူမရှိတာနဲ့ပဲ မင်းတို့နေရာ ဖြစ်သွားရောလား... ဟားဟားဟား... ဒီလိုသတ်မှတ်ချက်မျိုး ရှိတယ်ဆိုတာ ငါဖြင့် မကြားဖူးပါဘူး"

"အဲ့ဒါဆို အင်္ဂါဂြိုဟ်ပေါ်မှာလည်း လူမရှိဘူးလေ... အဲဒါရော မင်းတို့ပိုင်တာပဲလား"

သူ၏စကားကြောင့် ဘေးနားရှိ လူများကပါ ထပ်မံ၍ ရယ်မောလိုက်ကြပြန်သည်။

လီယွဲ့ကျင်းက ခမောက်ဆောင်းထားသော ဝူမုန့်ကို လှမ်းကြည့်လိုက်ရာ ဝူမုန့်က မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး စကားပြောမည့်ပုံ မပေါ်သဖြင့် ယွမ်ရွေ့၏ ပခုံးကို ပုတ်ကာ တားလိုက်သည်။

ယွမ်ရွေ့လည်း လှောင်ပြောင်နေမှုကို ရပ်တန့်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်၏။

လီယွဲ့ကျင်းက ကျောက်ခိုင်တို့လူစုကို ကြည့်ကာ ပြောလိုက်သည်။ "ညီလေး... စကားကို အဲဒီလို ပြောလို့မရဘူးလေ... ဒီမီးဝါးတောအုပ်ကို ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံနဲ့ ငါတို့ အရင်ကတည်းက နယ်မြေခွဲဝေထားပြီးသား... ဒီနေရာကနေ မြောက်ဘက်အခြမ်းက ငါတို့ သိုင်းဘုရင်ဂေဟာပိုင်တာ"

"သူက မင်းတို့ကို ဒီနေရာဆီ မောင်းထုတ်လိုက်တယ်ဆိုတာ ရည်ရွယ်ချက်က ရှင်းနေတာပဲ... ငါတို့ လက်နဲ့ မင်းတို့ကို ရှင်းပစ်ချင်လို့လေ"

"ဒီမီးဝါးတောအုပ်မှာ မီးဝါးကြွက်မွေးမြူရေးစခန်း ဆောက်ဖို့ ငါတို့ အစီအစဉ်ဆွဲပြီးသား... မင်းတို့က စွတ်ရွတ်ပြီး ဒီမှာ လာစခန်းချနေတော့ ဘယ်သူမှားလဲဆိုတာ ငါတို့ ထပ်ပြောနေစရာ လိုမယ်မထင်ဘူး"

"တကယ်လို့ မင်းတို့က သူများအသုံးချခံရတာကို သဘောကျပြီး မိုက်ရူးရဲဆန်မယ်ဆိုရင်တော့... ငါတို့ သိုင်းဘုရင်ဂေဟာကလည်း သည်းခံနေမှာ မဟုတ်ဘူး"

သူ၏အသံမှာ မာထန်ခြင်း မရှိသော်လည်း လေသံက အေးစက်တည်ငြိမ်ကာ ယုံကြည်မှုအပြည့် ရှိနေသည်။

ကျောက်ခိုင်နှင့် တင်းယန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် ဒေါသအငွေ့အသက်များကို မြင်တွေ့လိုက်ရ၏။

တစ်ဖက်လူများ ပြောနေသည့်စကားမှာ လိမ်ညာနေခြင်း မဟုတ်မှန်း သူတို့ ရိပ်မိလိုက်ကြသည်။

ဟုန်ဖူက သူတို့ကို မီးသတ်ရေလှောင်ကန်နေရာအား ပေးလိုက်ကတည်းက သူတို့ သံသယဝင်ခဲ့ကြပြီး ဖြစ်သည်။

ထိုအဘိုးကြီးသည် စေတနာကောင်းလွန်းနေသဖြင့် မီးသတ်ရေလှောင်ကန်အနီးတွင် အန္တရာယ်တစ်ခုခု ရှိနေနိုင်ကြောင်း လင်းယွမ်က သူတို့ကို သတိပေးခဲ့ဖူးသည်။

အစောပိုင်းကတော့ အားလုံးက အခြေကျပြီးမှ ပတ်ဝန်းကျင်အခြေအနေကို စုံစမ်းရန် ရည်ရွယ်ထားခဲ့ကြခြင်း ဖြစ်သည်။

မထင်မှတ်ထားသည်မှာ အန္တရာယ်က တောအုပ်ထဲမှ သန္ဓေပြောင်းသတ္တဝါများ မဟုတ်ဘဲ အခြားသော ခိုလှုံရေးစခန်းတစ်ခု ဖြစ်နေခြင်းပင်။

ဟုန်ဖူဆိုသည့် ခွေးအိုကြီးက အစကတည်းက သူတို့ကို မျှားချိတ်ဖြင့် ချိတ်ပေးလိုက်ခြင်း ဖြစ်၏။

သို့သော် အခြေအနေက ဤအဆင့်ထိ ရောက်လာခဲ့ပြီ ဖြစ်သည်။ မီးသတ်ရေလှောင်ကန်နေရာက အြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးပြီး ကမ်းပါးယံ ဝါးအိမ်များနှင့် ဂူများလည်း တူးဖော်ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း လင်းယွမ်က ပြောထားသည်။

တောင်ပတ်လမ်းသည်လည်း အဆင်းအတက် ပြုလုပ်ရန် အကောင်းဆုံးလမ်း ဖြစ်သည်။

ဤမျှ ကောင်းမွန်သော အချက်အလက်များနှင့် ပြည့်စုံနေသဖြင့် သူတို့ ဤနေရာ၌ မဖြစ်မနေ နေထိုင်ရမည်သာ။

ထို့ကြောင့် မျှားချိတ်မှန်း သိလျက်နှင့်ပင် လင်းယွမ်တို့အဖွဲ့က ဟုန်ဖူချပေးသော အစာကို မြိုချခဲ့ကြခြင်း ဖြစ်သည်။

ယခု အန္တရာယ် ရောက်လာပြီဖြစ်ရာ နောက်ဆုတ်၍ မရကြောင်း ကျောက်ခိုင်နှင့် တင်းယန်တို့ နားလည်လိုက်ကြသည်။

ကျောက်ခိုင်က တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ "မင်းတို့ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ သဘောတူညီမှု ရထားတာလေ... ငါတို့ နဲ့ ရထားတာမှ မဟုတ်တာ... အဲဒါတွေ ငါတို့ စိတ်မဝင်စားဘူး"

"ငါတို့ အခု ဒီမှာ နေနေပြီ... ခိုလှုံရေးစခန်းလည်း တည်ဆောက်ပြီးသွားပြီ... ထွက်သွားမယ်လို့ ထင်နေလား"

"တိုက်ချင်ခိုက်ချင်တယ် ဆိုရင်လည်း... ငါတို့ က အမြဲ အသင့်ပဲ"

လီယွဲ့ကျင်း၏ မျက်နှာထား တင်းမာသွားတော့သည်။ "အကောင်းပြောတာ နားမထောင်ဘူးဆိုတော့... လက်တွေ့ ပညာပြမှ ရတော့မယ် ထင်တယ်"

သူက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ "ယွမ်ရွေ့... ကျန့်ဖုန်း"

သူ၏ဘေးမှ လူနှစ်ယောက် ချက်ချင်း ထွက်လာသည်။ တစ်ယောက်မှာ ယွမ်ရွေ့ဖြစ်ပြီး အခြားတစ်ယောက်မှာမူ မျှော်စင်ကြီးသဖွယ် အရပ်ရှည်ကာ သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ်နှင့် နွားသိုးတစ်ကောင်ကဲ့သို့ အရှိန်အဝါရှိသူ ဖြစ်သည်။

သူကား သိုင်းဘုရင်ဂေဟာ၏ ထိပ်တန်း တိုက်ခိုက်ရေးသမား ချန်ကျန့်ဖုန်း ပင်တည်း။

"အစ်ကိုဖုန်း... ကျွန်တော် သူတို့နဲ့ အရင် ကစားလိုက်ဦးမယ်" ယွမ်ရွေ့က ချန်ကျန့်ဖုန်းကို ရယ်မောကာ ပြောလိုက်သည်။

ချန်ကျန့်ဖုန်းက အသံအစ်အစ်ဖြင့် ပြန်ပြောလိုက်၏။ "ကောင်းပြီ"

နောက်တစ်စက္ကန့်တွင် ယွမ်ရွေ့က ကျောက်ခိုင်နှင့် တင်းယန်တို့ဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။

ကျောက်ခိုင်၏ မျက်ဝန်းများ အေးစက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် တင်းယန်က ရှေ့သို့ ဦးစွာ တိုးထွက်လိုက်ကာ လက်သီးဆုပ်ပေါ်တွင် စွမ်းအင်အလင်းတန်းများ လင်းလက်လာသည်။

ထို့နောက် သူမက လက်သီးဖြင့် ထိုးချလိုက်၏။

"ဘုန်း"

ပြင်းထန်သော လေဖိအားအမြောက်လက်သီးက အရှိန်ပြင်းစွာ ပေါက်ကွဲထွက်သွားသည်။

မိုးရေစက်များကြားတွင် လေဟာနယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်အထိ ပြင်းထန်လှသည်။

ယွမ်ရွေ့က ထိုအခြေအနေကို မြင်သည်နှင့် ပါးစပ်ဖြဲကာ ပြုံးလိုက်ပြီး မြေကြီးကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။

ထို့နောက် လူအများ၏ ရှေ့မှောက်တွင်ပင် မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

"ဒုန်း"

လေဖိအားအမြောက်လက်သီးသည် လေထုထဲ၌ ပေါက်ကွဲသွားပြီး မိုးရေများ လွင့်စဉ်သွားသော်လည်း ပစ်မှတ်ကို ထိမှန်ခြင်း မရှိပေ။

တင်းယန်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ဘေးဘီဝဲယာကို ချက်ချင်း အကဲခတ်လိုက်သည်။ "သူ မြေလျှိုးနိုင်တယ်"

တစ်ဖက်ရှိ သိုင်းဘုရင်ဂေဟာမှ လူများကလည်း တင်းယန်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။

လီယွဲ့ကျင်းက ပြောလိုက်သည်။ "ဒီကောင်မလေးရဲ့ အစွမ်းက မဆိုးဘူးပဲ... ခုနက ထိုးလိုက်တဲ့ လက်သီးရဲ့ ပေါက်ကွဲအားက ခွန်အား (၂၅) မှတ်ကျော်တဲ့ သန္ဓေပြောင်းသူတွေလောက် ရှိတယ်"

ဘေးမှ ယွဲ့ယာဝေက ဝင်ပြောလိုက်သည်။ "သူ့အစွမ်းက အဲဒီလို လေဖိအားအမြောက် ပစ်နိုင်တာလား"

ချန်ကျန့်ဖုန်းက တင်းယန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ဒီလိုအစွမ်းက အဝေးကနေ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်"

အခြားလူများကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်။ "အလယ်အလတ်အကွာအဝေးကနေ တိုက်ခိုက်နိုင်ပြီး ပေါက်ကွဲအားကလည်း ခွန်အား (၂၅) မှတ် သန္ဓေပြောင်းသူနဲ့ ညီမျှတယ်ဆိုတော့... မဆိုးပါဘူး"

"စိတ်ဝင်စားစရာပဲ... ဒီလူအုပ်စုထဲမှာ ဒီမိန်းမက အဓိကကျတဲ့သူ ဖြစ်လောက်တယ်"

"သူ့ကို ဖမ်းလိုက်ရင်... သူတို့ခေါင်းဆောင် ထွက်လာအောင် လုပ်လို့ရပြီ"

...

လူအများ ပြောဆိုနေကြစဉ် မျက်လုံးမှိတ်ထားသော ဝူမုန့်က ရုတ်တရက် စကားပြောလာသည်။ "မင်းတို့ ထင်တာ မှားနေတယ်"

"ဟင်"

အားလုံး ကြောင်အသွားကြပြီး ဝူမုန့်ကို လှမ်းကြည့်လိုက်ကြသည်။

"အစ်ကိုမုန့်... ဘာများ မှားလို့လဲ" ယွဲ့ယာဝေက မနေနိုင်ဘဲ မေးလိုက်သည်။

ဝူမုန့်က တင်းယန်ကို ကြည့်ကာ သဘောကျသည့်ဟန်ဖြင့် ပြောလိုက်သည်။ "သူ့အစွမ်းက ပေါက်ကွဲအားကို ဖြစ်စေတဲ့ အဖြူရောင်စွမ်းအင်မျိုးပဲ... ဒါပေမဲ့ သူက ကိုယ့်ရဲ့အစွမ်းကို နောက်တစ်ဆင့် ထပ်ပြီး မြှင့်တင်ထားတာ"

"အခုထုတ်သုံးလိုက်တဲ့ လေဖိအားအမြောက်လက်သီးက မူလနိုးထလာတဲ့ အစွမ်း မဟုတ်ဘဲ သူကိုယ်တိုင် လေ့လာတီထွင်ထားတဲ့ ပုံစံမျိုးပဲ"

"သူ့ရဲ့ တိုက်ခိုက်ရေး ပါရမီက တော်တော် ကောင်းတယ်"

သိုင်းဘုရင်ဂေဟာမှ လူများအားလုံး အံ့ဩသွားကြသည်။

"အစွမ်းကို နောက်တစ်ဆင့် မြှင့်တင်ထားတာလား... ဒီကောင်မလေးက အဲဒီအဆင့်ထိ ရောက်နေပြီပေါ့"

"အစ်ကိုမုန့်ကလွဲရင် ကိုယ့်အစွမ်းကိုယ် မြှင့်တင်နိုင်တဲ့သူ ငါတို့ မတွေ့ဖူးသေးဘူး... ဒီမိန်းမက တော်တော် အစွမ်းထက်တာပဲ"

"ကြည့်ကောင်းမယ့် ပွဲပဲဟေ့... ယွမ်ရွေ့တော့ ကစားစရာ တွေ့ပြီ"

"ဟေ့ကောင်တွေ... ယွမ်ရွေ့ နိုင်မယ် ထင်လား"

"သေချာတာပေါ့... သူ့ရဲ့ မြေလျှိုးအစွမ်းက သရဲသဘက်လိုပဲ... မြေကြီးထဲ ဝင်သွားရင် ဘယ်လိုမှ တိုက်လို့မရတော့ဘူး"

"ဟုတ်တယ်... ပြီးတော့ ယွမ်ရွေ့က သူထိတွေ့လိုက်တဲ့ အရာဝတ္ထုတွေကိုပါ မြေကြီးထဲ ဆွဲထည့်နိုင်တာ... အဲဒီအကွက်က တော်တော် ကြောက်စရာကောင်းတယ်"

အားလုံးက ရယ်မောလိုက်ကြပြီး ယွမ်ရွေ့၏ စွမ်းရည်ကို ယုံကြည်မှုရှိနေကြသည်။

ဝါးတောထဲတွင် ရန်သူ့အရိပ်အယောင် ပျောက်သွားသဖြင့် တင်းယန်၏ မျက်နှာထားက လေးနက်နေပြီး ခြေထောက်များတွင် စွမ်းအင်အလင်းတန်းများ စုစည်းထားလိုက်သည်။

သူမ၏ အကြည့်များက ဝါးရွက်များ ပြည့်နှက်နေသော မြေပြင်ကို အဆက်မပြတ် စောင့်ကြည့်နေ၏။

ကျောက်ခိုင်ကလည်း သတိထားနေ၏။ "သူ့အစွမ်းက မြေလျှိုးတာပဲလား"

"အလစ်တိုက်တာကို သတိထား" တင်းယန်က သတိပေးလိုက်သည်။

သို့သော် စကားဆုံးသည်နှင့် သူတို့အနောက်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

"အား"

ကျောက်ခိုင် ချက်ချင်း လှည့်ကြည့်လိုက်ရာ ချိုင်ကြည်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် မြေကြီးထဲသို့ ဆွဲချခံထားရသည်ကို တွေ့လိုက်ရ၏။

ချိုင်ကြည်က လန့်ဖျပ်ကာ အော်ဟစ်ပြီး ရုန်းကန်နေသော်လည်း ရွှံ့နွံထဲ နစ်နေသကဲ့သို့ မလှုပ်နိုင်ပေ။

ထိုအချိန်မှာပင် လျှိုတနန်၏ ခြေထောက်နားရှိ မြေကြီးထဲမှ လက်တစ်ဖက် ထွက်ပေါ်လာသည်။

ထိုလက်ဖဝါးပေါ်တွင် မြေဝါရောင် အလင်းတန်းများ ဝန်းရံနေပြီး လျှိုတနန်၏ ခြေချင်းဝတ်ကို လှမ်းဆွဲလိုက်၏။

နောက်တစ်စက္ကန့်တွင် လျှိုတနန်၏ ခန္ဓာကိုယ်တွင် မြေဝါရောင် အလင်းတစ်ချက် လက်သွားပြီး ရေထဲသို့ ကျသွားသကဲ့သို့ မြေကြီးထဲ နစ်ဝင်သွားတော့သည်။

"အို... အဖေ"

လျှိုဖိန်ဖိန် လန့်ဖျပ်သွားပြီး လျှိုတနန်၏ လက်မောင်းကို အမြန် လှမ်းဆွဲထားလိုက်သည်။

တစ်ချိန်တည်းမှာပင် စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ မြေကြီးအောက်သို့ ရိုက်ခတ်လိုက်၏။

သို့သော် စိတ်စွမ်းအင်သည် မြေကြီးထဲတွင် ထိရောက်မှု အားနည်းသဖြင့် ထိုလက်သည် လျှိုတနန်ကို တစ်ဝက်ခန့် ဆွဲချပြီးနောက် လွှတ်ပေးကာ ပျောက်ကွယ်သွားသည်။

"အစ်ကိုခိုင်" လျှိုဖိန်ဖိန်က ကျောက်ခိုင်ကို အော်ခေါ်လိုက်သည်။

ကျောက်ခိုင်လည်း ချက်ချင်းပင် လျှိုဖိန်ဖိန်တို့နားသို့ ပြေးသွားပြီး လျှိုတနန်၏ ကျန်လက်တစ်ဖက်ကို ဆွဲကာ ကူညီလေသည်။

တင်းယန်က ထိုအခြေအနေကို မြင်သောအခါ မသင်္ကာ ဖြစ်သွားသည်။

ယွမ်ရွေ့ဆိုသူက ဟန်ပြသက်သက် လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။

သူမ သတိပေးရန် ပြင်လိုက်ချိန်မှာပင် ကျောက်ခိုင်နှင့် လျှိုဖိန်ဖိန်တို့၏ ခြေထောက်များကို လက်များက လာရောက်ဆွဲကိုင်လိုက်ကြသည်။

ထိုလက်နှစ်ဖက်သည် ကျောက်ခိုင်နှင့် လျှိုဖိန်ဖိန်ကို မြေကြီးထဲသို့ ဆွဲချရန် အားကုန်သုံးလိုက်၏။

သို့သော် စိုးရိမ်တကြီး ဖြစ်နေပုံရသော ကျောက်ခိုင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"မင်း မနေနိုင်တော့ဘူးဆိုတာ ငါသိပြီးသား"

"ဂျစ်... ဂျစ်"

သူ၏ ခြေထောက်နှစ်ဖက်မှ ရေခဲမြူငွေ့များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး မြေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။

ရေအိုင်များ၊ ရွှံ့အိုင်များ ပြည့်နှက်နေသော မြေပြင်သည် ချက်ချင်းပင် ရေခဲပြင်အဖြစ် ပြောင်းလဲသွား၏။

သူ့ကို လာဆွဲသော လက်သည်လည်း ရေခဲတုံးအဖြစ် ခဲသွားတော့သည်။

မြေကြီးအောက်မှ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာပြီး ယွမ်ရွေ့က လက်ကိုအတင်းရုန်းကန်ကာ ရေခဲများကို ခွဲထုတ်ပြီး ထွက်ပြေးရန် ကြိုးစားသည်။

ဘေးမှ စောင့်နေသော တင်းယန်က အခွင့်ကောင်းကို လက်လွတ်မခံဘဲ မြေကြီးကို လက်သီးဖြင့် ထိုးချလိုက်တော့သည်။

"ဘုန်း"

ပြင်းထန်သော စွမ်းအင်လက်သီးကြောင့် မြေကြီးများ လွင့်စဉ်ကုန်ပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် မြေဝါရောင် အရိပ်တစ်ခုက လျင်မြန်စွာ ထွက်ပြေး လွတ်မြောက်သွားပြန်သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွမ်ရွေ့က ချန်ကျန့်ဖုန်း၏ ဘေးနားရှိ မြေကြီးထဲမှ ပြန်လည် ထွက်ပေါ်လာသည်။

သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး လက်ဖဝါးမှာ အေးခဲကာ ခရမ်းပုပ်ရောင် ပြောင်းနေ၏။

သူက ကျောက်ခိုင်နှင့် တင်းယန်ကို မုန်းတီးစွာ ကြည့်လိုက်သည်။

"ရေခဲအစွမ်း... ငါ သူတို့ကို လျှော့တွက်မိသွားတယ်"

"ယွမ်ရွေ့... အဆင်ပြေရဲ့လား" ယွဲ့ယာဝေက အပြေးရောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

ယွမ်ရွေ့က ခေါင်းခါလိုက်ပြီး မျက်နှာထားတင်းမာစွာ ပြောလိုက်သည်။ "အဲဒီ ရေခဲအစွမ်းသမားက ငါနဲ့ ဓာတ်မတည့်ဘူး"

"အစ်ကိုဖုန်း... အစ်ကို့အလှည့်ပဲ"

ချန်ကျန့်ဖုန်းက စကားပြန်မပြောဘဲ တင်းယန်နှင့် ကျောက်ခိုင်တို့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။

ထိုအချိန်တွင် ကျောက်ခိုင်နှင့် လျှိုဖိန်ဖိန်တို့က လျှိုတနန်နှင့် ချိုင်ကြည်ကို ရွှံ့နွံထဲမှ ဆွဲထုတ်လိုက်နိုင်ပြီ ဖြစ်သည်။

နှစ်ယောက်လုံး ရွှံ့များ ပေကျံနေပြီး လန့်ဖျပ်နေကြသည်။

ကျောက်ခိုင်က လေးနက်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့ အခွင့်အရေးကြည့်ပြီး ပြေးကြတော့... ဒီလူတွေကို တင်းယန်နဲ့ ကျွန်တော် တားထားလိုက်မယ်"

"ကျောက်ခိုင်... မင်း" လျှိုတနန်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ကျောက်ခိုင်က ဖြတ်ပြောလိုက်သည်။

"ကျွန်တော့်စကား နားထောင်... ကျွန်တော်က ကင်းလှည့်ခေါင်းဆောင် အနေနဲ့ အမိန့်ပေးနေတာ"

လျှိုတနန်နှင့် ချိုင်ကြည်တို့ မျက်ရည်ဝဲသွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။

သို့သော် လျှိုဖိန်ဖိန်ကမူ ကျောက်ခိုင်ကို ကြည့်ပြီး ငြင်းဆန်လိုက်သည်။ "ကျွန်မ ရှင်နဲ့အတူ တိုက်မယ်"

သူမ၏ ပြတ်သားသော မျက်ဝန်းများကို ကြည့်ပြီး ကျောက်ခိုင် နားလည်လိုက်သည်။ ဘာပြောပြော ရမည့်ပုံ မပေါ်တော့ပေ။

သူ စိတ်ထဲတွင် ကြည်နူးသွားပြီး ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။

"ကောင်းပြီ... မင်းက အခွင့်အရေးကြည့်ပြီး စိတ်ဝိဉာဉ် ဝင်္ကပါ တိုက်ကွက် သုံးပေး... ငါနဲ့ အမတင်းယန်က ရှေ့ကနေ တိုက်မယ်"

"သိပြီ"

သူတို့သုံးဦး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီး လျှောက်လှမ်းလာသော ချန်ကျန့်ဖုန်းကို ကြည့်လိုက်ကြသည်။

ချန်ကျန့်ဖုန်းသည် သန်မာထွားကျိုင်းသည့် ခွန်အားအမျိုးအစား သန္ဓေပြောင်းသူ တစ်ယောက်နှင့် တူသည်။

သို့သော် သူ လျှောက်လာချိန်တွင် ခန္ဓာကိုယ်ပေါ်၌ သတ္တုရောင်ခြည်များ လင်းလက်လာသဖြင့် ကျောက်ခိုင်နှင့် တင်းယန်တို့ စိတ်လှုပ်ရှားသွားကြသည်။

"အကာအကွယ်အမျိုးအစား သန္ဓေပြောင်းသူလား" ကျောက်ခိုင် ရေရွတ်လိုက်သည်။

"ကျွန်မ စမ်းကြည့်လိုက်မယ်" တင်းယန်က ပြောပြောဆိုဆိုနှင့် ခုန်ထွက်လိုက်ပြီး လက်သီးဖြင့် ပစ်သွင်းလိုက်သည်။

"ဘုန်း"

လေဖိအားအမြောက်လက်သီးက ကျည်ဆန်တစ်တောင့်ပမာ ချန်ကျန့်ဖုန်းဆီသို့ ပျံသန်းသွားသည်။

ချန်ကျန့်ဖုန်းက ရှောင်တိမ်းခြင်း မရှိဘဲ ညာဘက်လက်ဝါးကို ဖြန့်ကာ ကာရံလိုက်သည်။ သူ၏ လက်ဝါးကြီးမှာ ကြေးဝါရောင် ပြောင်းလဲနေပြီ ဖြစ်သည်။

"ဒုန်း"

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ လေလှိုင်းများ ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

မိုးရေများ လွင့်စဉ်ကုန်ပြီး ချန်ကျန့်ဖုန်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသော်လည်း ချက်ချင်း ပြန်လည် တည်ငြိမ်သွားသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သတ္တုအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်လုံးများကအစ သတ္တုရောင် တောက်နေ၏။

သူက ပါးစပ်ဖြဲကာ ပြုံးလိုက်ပြီး လက်ကိုခါရင်း ပြောလိုက်သည်။ "ကောင်မလေး... အားနည်းလွန်းတယ်"

ပြောပြီးသည်နှင့် သူက မြေကြီးကို ဆောင့်နင်းကာ ပြေးဝင်လာတော့သည်။

"ဒုန်း... ဒုန်း... ဒုန်း"

သူ ပြေးလွှားလာသော အရှိန်ကြောင့် မြေကြီးများ လွင့်စဉ်ကုန်ပြီး ကြေးရုပ်တုကြီးတစ်ခု ပြေးလာသကဲ့သို့ မြေကြီးတုန်ခါနေသည်။

တင်းယန် မျက်နှာပျက်သွားပြီး ထပ်မံ ထိုးနှက်လိုက်သည်။

သူမ၏ လက်သီးက ချန်ကျန့်ဖုန်း၏ မျက်နှာကို ထိမှန်သွားသော်လည်း သူက လည်ပင်းကို အနည်းငယ်သာ လှည့်လိုက်ပြီး ခံနိုင်ရည် ရှိနေသည်။

ထို့နောက် တင်းယန်၏ လက်မောင်းကို လှမ်းဆွဲလိုက်၏။

တင်းယန်က လက်ကို ရအောင်ရုန်းပြီး ဒူးဖြင့် ချန်ကျန့်ဖုန်း၏ ပေါင်ကြားခွဆုံကို တိုက်ခိုက်လိုက်သည်။

သို့သော် ချန်ကျန့်ဖုန်းက ဂရုမစိုက်ဘဲ လက်ဖြင့် ပုတ်ထုတ်လိုက်ရာ "ဘုန်း" ခနဲ မြည်သွားပြီး တင်းယန်၏ ဒူးခေါင်းမှာ ထုံကျင်သွားကာ နောက်ဆုတ်လိုက်ရသည်။

"မာလိုက်တဲ့ ခန္ဓာကိုယ်"

သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး အဝေးမှနေ၍ တိုက်ခိုက်ရန် နောက်ဆုတ်လိုက်စဉ်မှာပင် မြေကြီးထဲမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူမ၏ ခြေထောက်ကို လှမ်းဆွဲလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမသည် မြေကြီးပေါ် နင်းနေရသည်မဟုတ်ဘဲ ရေထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ကိုယ်လုံး အောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။

"သေစမ်း"

တင်းယန် လန့်ဖျပ်သွားပြီး ခြေထောက်မှ စွမ်းအင်များကို ပေါက်ကွဲစေလိုက်သည်။

"ဘုန်း"

မြေကြီးများ ပေါက်ကွဲထွက်သွားပြီး ယွမ်ရွေ့က လက်ကိုခါရင်း (၁၀) ပေခန့် အကွာမှ ထွက်ပေါ်လာသည်။ သူ၏လက်တွင် သွေးများ စွန်းထင်းနေပြီး ဒေါသထွက်နေပုံရသည်။

"တောက်... တုံ့ပြန်တာ မြန်လိုက်တဲ့ မိန်းမ"

သူက ဆဲရေးလိုက်ပြီး တင်းယန်၏ ခြေထောက်များ ရွှံ့ထဲနစ်နေသည်ကို မြင်သောအခါ အော်ပြောလိုက်သည်။ "အစ်ကိုဖုန်း... အခွင့်ကောင်းပဲ"

ချန်ကျန့်ဖုန်းက ဘာမှပြန်မပြောဘဲ တင်းယန်ဆီသို့ ရောက်ရှိလာပြီး ကြေးဝါရောင် လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။

တင်းယန်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ထိုစဉ် ရေခဲလှံတစ်စင်း လေကိုခွင်းလျက် ပျံသန်းလာပြီး ချန်ကျန့်ဖုန်း၏ ခေါင်းကို ဝင်စိုက်လိုက်၏။

"ခွပ်"

သို့သော် ရေခဲလှံမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ချန်ကျန့်ဖုန်း၏ သတ္တုခေါင်းတွင် ဒဏ်ရာတစ်ချက်မျှပင် မရလိုက်ပေ။

ကျောက်ခိုင်က ပြေးဝင်လာပြီး လက်နှစ်ဖက်ဖြင့် မြေကြီးကို ရိုက်ချလိုက်သည်။

"ဂျစ်... ဂျစ်... ဂျစ်"

ရေခဲမြူများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မြေပြင်တစ်ခုလုံး ရေခဲပြင်အဖြစ် ပြောင်းလဲသွားကာ ချန်ကျန့်ဖုန်း၏ ခြေထောက်များကိုပါ လိုက်လံ အေးခဲစေသည်။

ချန်ကျန့်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ခြေထောက်ဖြင့် ဆောင့်နင်းကာ ရေခဲများကို ခွဲပစ်သည်။

"ဒုန်း"

ရေခဲများ ကွဲအက်သွားပြီး သူက တင်းယန်ကို ထပ်မံ ဖမ်းချုပ်ရန် ကြိုးစား၏။

တင်းယန်က ရေခဲပြင်ပေါ်တွင် လျှောတိုက်ကာ ရှောင်တိမ်းလိုက်ပြီး လေဖိအားလက်သီးဖြင့် ပြန်လည် တိုက်ခိုက်သည်။

သို့သော် ချန်ကျန့်ဖုန်း၏ သတ္တုခန္ဓာကိုယ်ကို မည်သို့မျှ မယှဉ်နိုင်ပေ။

ချန်ကျန့်ဖုန်းက ရေခဲတုံးကြီးတစ်တုံးကို ကောက်ယူပြီး တင်းယန်ကို ပစ်ပေါက်လိုက်သည်။

တင်းယန်က လက်သီးဖြင့် ပစ်ခွင်းလိုက်ပြီးနောက် ချန်ကျန့်ဖုန်းက သူမအနားသို့ ရောက်ရှိလာပြန်သည်။

ကျောက်ခိုင်ကလည်း ရေခဲလှံများဖြင့် ပစ်ခတ်သော်လည်း တင့်ကားကြီးသဖွယ် မာကျောသော ချန်ကျန့်ဖုန်းကို မတားဆီးနိုင်ဖြစ်နေသည်။

ကျောက်ခိုင် စိတ်လောလာပြီး ရေခဲမြူများကို အသုံးပြုကာ ချန်ကျန့်ဖုန်းကို ထိန်းချုပ်ရန် ကြိုးစားသည်။

သို့သော် ချန်ကျန့်ဖုန်းက အရှိန်မပြင်းသော်လည်း ခွန်အားကြီးမားလွန်းသဖြင့် ရေခဲတုံးများကို တိုက်ခွဲကာ ရှေ့ဆက်တိုးလာနေသည်။

ဝါးတောအုပ်လေးသည် စစ်မြေပြင်သဖွယ် ပျက်စီးရှုပ်ထွေးနေပြီ ဖြစ်သည်။

နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်နေကြသော်လည်း အနိုင်အရှုံး မပေါ်သေးပေ။

လီယွဲ့ကျင်းက ခေါင်းခါလိုက်သည်။ "ကြည့်ရတာ... ကျန့်ဖုန်းနဲ့ ယွမ်ရွေ့ နှစ်ယောက်တည်းနဲ့ သူတို့ကို နိုင်ဖို့ မလွယ်ဘူး"

ဘေးမှ လူတစ်ယောက်က မေးလိုက်သည်။ "ယွမ်ရွေ့က ဘာလို့ မတိုက်တာလဲ"

"မြေပြင်တစ်ခုလုံး ရေခဲဖုံးနေတော့ ယွမ်ရွေ့ရဲ့ မြေလျှိုးအစွမ်းက သိပ်မထိရောက်တော့ဘူးလေ" ဟု နောက်တစ်ယောက်က ရှင်းပြသည်။

"အဲဒီ ရေခဲအစွမ်းသမားကလည်း တော်တော် အစွမ်းထက်တာပဲ"

"ရေခဲအစွမ်းသမားကို ငါ တစ်ခါမှ မတွေ့ဖူးဘူး... သူ့အစွမ်းက တော်တော် အသုံးဝင်တာပဲ"

"ဟိုအမျိုးသမီးကလည်း မဆိုးဘူး... အစ်ကိုဖုန်းရဲ့ တိုက်ကွက်တွေကို ခဏခဏ ရှောင်နိုင်တယ်"

"သူတို့ ခေါင်းဆောင်ဆိုတဲ့သူကို ငါ ပိုစိတ်ဝင်စားသွားပြီ"

သူတို့ ပြောဆိုနေကြစဉ် ရုတ်တရက် တင်းယန်ကို လိုက်ဖမ်းနေသော ချန်ကျန့်ဖုန်းသည် နေရာတွင် ရပ်တန့်သွားသည်။

ထို့နောက် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်လို ဟိုပြေးဒီပြေးလုပ်ကာ လေထဲသို့ လက်သီးဖြင့် ရမ်းသန်းထိုးနှက်နေတော့သည်။

"ဒုန်း... ဒုန်း"

လေထုထဲတွင် အသံမြည်နေသော်လည်း သူ့ရှေ့တွင် ရန်သူတစ်ယောက်မျှ မရှိပေ။

ထိုမြင်ကွင်းကို ကြည့်ပြီး သိုင်းဘုရင်ဂေဟာမှ လူများ အံ့ဩသွားကြသည်။

"ဘာဖြစ်တာလဲ"

"အစ်ကိုဖုန်း ဘာဖြစ်သွားတာလဲ"

"အခြေအနေ မဟန်ဘူး"

အားလုံးက ကွင်းပြင်ကို အကဲခတ်လိုက်ကြရာ ဝါးတောထဲတွင် ပုန်းနေသော လျှိုဖိန်ဖိန်ကို တွေ့သွားကြသည်။

"အဲဒီကောင်မလေးပဲ"

"သူက စိတ်စွမ်းအင် သန္ဓေပြောင်းသူ ဖြစ်မယ်"

"အစ်ကိုဖုန်းတော့ ယောက်ယက်ခတ်နေပြီ"

"သူတို့အဖွဲ့ထဲမှာ စိတ်စွမ်းအင် သမား ပါနေတာကိုး"

ထိုအချိန်တွင် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး ထွက်လာပြီး ပြုံးကာပြောလိုက်သည်။

"အစ်ကိုမုန့်... ဆရာလီ... ကျွန်မ ရှင်းလိုက်မယ်"

အားလုံးက သူမကို မြင်သောအခါ ပြုံးလိုက်ကြသည်။

"အမကော စိတ်မရှည်တော့ဘူးနဲ့ တူတယ်"

"အမကော လက်စွမ်းပြတော့မယ်ဆိုတော့ ပွဲကောင်းပြီဟေ့"

"အမကော... ဒီလူတွေက စွမ်းရည်မဆိုးဘူး... အရှင်ဖမ်းဖို့ ကြိုးစားပါဦး"

ထိုအမျိုးသမီးက ဝူမုန့်၏ ခွင့်ပြုချက်ရသည်နှင့် ကျောက်ခိုင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်သွားသည်။

ကျောက်ခိုင်ကလည်း ထိုဘက်ကို သတိထားနေသဖြင့် လူတစ်ယောက် ထပ်ထွက်လာသည်ကို မြင်လိုက်ရသည်။

"သတိထား"

တင်းယန်နှင့် လျှိုဖိန်ဖိန်တို့လည်း ထိုအမျိုးသမီးကို သတိထားလိုက်ကြသည်။

သို့သော် ထိုအမျိုးသမီးက ပြေးလာရင်းမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ကျောက်ခိုင်နှင့် တင်းယန်တို့ မျက်လုံးပြူးသွားကြသည်။

"ဘာဖြစ်တာလဲ"

"ဒါ ဘာအစွမ်းလဲ... ကိုယ်ပျောက်အစွမ်းလား"

နှစ်ယောက်သား ကျောချင်းကပ်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။

လျှိုဖိန်ဖိန်လည်း လန့်ဖျပ်သွားပြီး သူတို့နှစ်ယောက်ဆီသို့ ပြေးသွားရန် ပြင်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် "အမလေး" ဟု အော်ကာ ခြေခေါက်လဲကျသွားသည်။

နောက်တစ်စက္ကန့်တွင် ထိုအမျိုးသမီးက လျှိုဖိန်ဖိန်၏ အနောက်၌ ဘွားခနဲ ပေါ်လာပြီး သူမ၏ လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၂၀၆) လင်းယွမ် ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ဝူမုန့်၏ အစွမ်း

လျှိုဖိန်ဖိန်က ထိတ်လန့်တကြားဖြစ်သွားပြီး ခေါင်းကို လှည့်ကာ စိတ်ဝိဉာဉ်ဝင်္ကပါ ကို ထုတ်သုံး၍ တစ်ဖက်လူကို သူမ၏ ဝင်္ကပါထဲသို့ ဆွဲသွင်းရန် ပြင်လိုက်သည်။

သို့သော် ထိုအမျိုးသမီးက ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး မျက်လုံးများက တောက်ပလာလေသည်။

လျှိုဖိန်ဖိန်က ရုတ်တရက် နှာခေါင်းရှုံ့လိုက်မိပြီး ဦးနှောက်ထဲတွင် ပြင်းထန်စွာ နာကျင်သွားရ၏။

သူမက စိတ်ထဲတွင် အလွန်အံ့အားသင့်သွားပြီး သူမ၏ရှေ့မှ အမျိုးသမီးသည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တစ်ဦးဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။

"သတိထားကြ... သူက စိတ်စွမ်းအင်အစွမ်းပိုင်ရှင်"

သူမက ခေါင်းကို အတင်းလှည့်၍ အော်ဟစ် သတိပေးလိုက်သော်လည်း ထိုသို့ ခေါင်းလှည့်လိုက်ချိန်၌ မလှမ်းမကမ်းတွင်ရှိသော ကျောက်ခိုင်နှင့် တင်းယန်တို့ နှစ်ယောက်စလုံး ပျောက်ဆုံးနေသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။

လျှိုဖိန်ဖိန်၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားရ၏။ ကျောက်ခိုင်နှင့် တင်းယန်တို့ ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ သူမကိုယ်တိုင် တစ်ဖက်လူ၏ စိတ်ဝိဉာဉ် ပုံရိပ်ယောင် မျက်လှည့်ပြကွက်ထဲသို့ ကျရောက်နေခြင်း ဖြစ်ကြောင်း သူမ သိလိုက်သည်။

"သူ့ရဲ့ စိတ်စွမ်းအင်က ငါ့ထက် ပိုမြင့်နေတယ်... အစ်ကိုလင်း ပြောဖူးတယ်... ငါ့ရဲ့ စိတ်ဝိဉာဉ်ဝင်္ကပါကို အသုံးပြုမယ်ဆိုရင် တစ်ဖက်လူရဲ့ စိတ်စွမ်းအင်ထက် သာလွန်နေမှ ရမယ်... မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဒုက္ခပေးလိမ့်မယ်တဲ့"

"သွားပြီ... သွားပြီ... ဒီတစ်ခါတော့ သွားပြီ"

လျှိုဖိန်ဖိန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်ပေါ်လာသည်။ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူမ ကောင်းကောင်းကြီး သိထားသည်။

ယခင်က ဝမ်ကျဲ ဆိုလျှင်လည်း စိတ်ဝိဉာဉ် ပုံရိပ်ယောင် အစွမ်းပိုင်ရှင် တစ်ဦးပင် ဖြစ်သည်။

ထိုစဉ်က တင်းယန်သည် ဝမ်ကျဲကို ဖမ်းဆီးရန် သွားရောက်ခဲ့သော်လည်း ဝမ်ကျဲက အိမ်ထဲမှ ခြေတစ်လှမ်းမျှ မခွာဘဲ တင်းယန်ကို ခေါင်းမူးသွားအောင် ကစားနိုင်ခဲ့သည်။

ထို့အပြင် တင်းယန်ကို အတူပါသွားသည့် ဝမ်လီလီနှင့် အခြားလူများကိုပါ သတ်ဖြတ်မိလုနီးပါး ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ဖူးသည်။

ယခု အလားတူ အစွမ်းပိုင်ရှင်မျိုးနှင့် ထပ်မံ ကြုံတွေ့ရပြန်သဖြင့် အခြေအနေ မဟန်တော့ကြောင်း လျှိုဖိန်ဖိန် ချက်ချင်း သိလိုက်သည်။

သူမက ဘေးလူများကို မမြင်ရသော်လည်း အစ်ကိုကျောက်ခိုင်တို့သည် အနီးအနားတွင် ရှိနေမည်မှာ သေချာသည်။

သူမက အလျင်အမြန် အော်ဟစ်လိုက်၏။

"သူက စိတ်ဝိဉာဉ် ပုံရိပ်ယောင် ဖန်တီးနိုင်တယ်... ဝမ်ကျဲ လိုပဲ... နင်တို့ သတိထားကြ"

သူမက ကျောက်ခိုင်နှင့် တင်းယန်ကို သတိပေးရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော် ပြင်ပလူများ၏ အမြင်တွင် ကောအမည်ရ အမျိုးသမီးက သူမကို အလွယ်တကူ ကြိုးတုပ် ဖမ်းဆီးထားပြီး ဖြစ်သည်ကို သူမ လုံးဝ မသိရှိချေ။

သူမ၏ ပါးစပ်က အော်ဟစ်နေသည်ဟု ထင်ရသော်လည်း မည်သည့်စကားလုံးကိုမျှ ရှင်းလင်းစွာ ကြားရခြင်း မရှိဘဲ 'အီးအီးအားအား' ဟူသော ဗလုံးဗထွေး အသံများသာ ထွက်ပေါ်နေသည်။

စိတ်စွမ်းအင် နှောင့်ယှက်ခံထားရသဖြင့် လျှိုဖိန်ဖိန်၏ ဘာသာစကား ပြောဆိုမှု စနစ်မှာ ကမောက်ကမ ဖြစ်နေပြီ ဖြစ်သည်။

သူမက စကားပြောနေသည်ဟု ထင်မှတ်နေသော်လည်း လက်တွေ့တွင်မူ ယောင်ယမ်းကာ ပေါက်ကရများ ပြောဆိုနေခြင်းသာ ဖြစ်၏။

ဤအခြေအနေသည် သူငယ်ပြန်နေသော သက်ကြီးရွယ်အို လူနာများနှင့် အနည်းငယ် ဆင်တူသည်။

သူတို့သည် တစ်ခါတစ်ရံတွင် ပေါက်ကရများ ပြောဆိုတတ်ကြပြီး ဘေးလူများက လုံးဝ နားမလည်နိုင်ကြပေ။

သို့သော် သူတို့၏ ကိုယ်ပိုင် အသိစိတ်ထဲတွင်မူ သူတို့ ပြောဆိုနေသမျှ စကားလုံးတိုင်းမှာ ရှင်းလင်းပြတ်သားနေပြီး လုပ်ဆောင်နေသမျှ အရာအားလုံးမှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်နေကြသည်။

ဤသည်မှာ တွေးခေါ်မှုစနစ် ကမောက်ကမဖြစ်ခြင်းနှင့် ဘာသာစကား စနစ် ပျက်စီးခြင်းပင် ဖြစ်သည်။

သူတို့၏ ဦးနှောက်က သူတို့ကိုယ်သူတို့ ပြန်လည် လှည့်စားနေခြင်း ဖြစ်သည်။

ကောအမည်ရ အမျိုးသမီးက လျှိုဖိန်ဖိန်ကို ကြိုးတုပ်လိုက်ပြီးနောက် မျက်နှာပျက်နေသော တင်းယန်နှင့် စိုးရိမ်တကြီး ဖြစ်နေသော ကျောက်ခိုင်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဟဟ... ဆက်တိုက်ချင်သေးလား"

လျှိုဖိန်ဖိန်၏ စိတ်ဝိဉာဉ်ဝင်္ကပါ ထိန်းချုပ်မှု မရှိတော့သဖြင့် ကျန့်ဖုန်းမှာ ချက်ချင်း သတိပြန်ဝင်လာပြီး မျက်နှာထားက အုံ့မှိုင်းသွားသည်။

သူက ရုတ်တရက် လှည့်ကာ ကျောက်ခိုင်နှင့် တင်းယန်တို့ထံသို့ ပြေးဝင်သွားသည်။

ကျောက်ခိုင်နှင့် တင်းယန်တို့ကလည်း ချက်ချင်းပင် လက်တွဲ၍ ပြန်လည် တိုက်ခိုက်လိုက်ကြ၏။

အစွမ်းသွင်းထားသော လက်သီးချက်များ၊ ရေခဲဆူးချွန်များက လေထုကို ခွင်းလျက် ဝင်ရောက်သွားသည်။

သို့သော် ချန်ကျန့်ဖုန်းက တိုက်ခိုက်မှု မှန်သမျှကို လစ်လျူရှုကာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ထိုနှစ်ယောက်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်လေသည်။

ထိုနှစ်ယောက်မှာ ခေတ္တမျှ တောင့်မခံနိုင်ဘဲ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာလိုက်ကြရသည်။

ကောအမည်ရ အမျိုးသမီးက မလှမ်းမကမ်းမှ ကြည့်ရှုရင်း ခေါင်းကို အသာအယာ ခါလိုက်မိသည်။

"ကောင်းကောင်းပြောတာ မရရင်တော့ အကြမ်းဖက်ရမှာပေါ့"

ထို့နောက် သူမ၏ မျက်လုံးများတွင် အလင်းရောင် တစ်ချက် လက်သွားပြီး ပုံသဏ္ဌာန်မဲ့သော စိတ်စွမ်းအင် လှိုင်းတစ်ခုသည် ကျောက်ခိုင်နှင့် တင်းယန်တို့ထံသို့ လျင်မြန်စွာ ရိုက်ခတ်သွားသည်။

နောက်တစ်ခဏတွင် ကျောက်ခိုင်နှင့် တင်းယန်တို့၏ ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းသွားပြီး သူတို့၏ မြင်ကွင်းထဲမှ ရန်သူများ ပျောက်ကွယ်သွားလေသည်။

"တစ်ယောက်နဲ့တစ်ယောက်တောင် မမြင်ရတော့ဘူး"

"မကောင်းတော့ဘူး"

နှစ်ယောက်စလုံး၏ မျက်နှာများ ဖြူဖျော့သွားကြပြီး သူတို့ နောက်တစ်ကြိမ် ထောင်ချောက်မိသွားပြီ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

သူတို့က လက်သီးများကို ဟိုဟိုဒီဒီ ရမ်းကာ လေထဲသို့ ထိုးနှက်လိုက်ကြ၏။

သို့သော် နောက်တစ်ခဏတွင် ကျောက်ခိုင်က သူ၏လက်သီးသည် သံတုံးတစ်တုံးကို ထိုးမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

အေးစက်မာကျောသော အထိအတွေ့ကြောင့် သူ၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။

ထို့နောက် ထိုအေးစက်သော လက်ဖဝါးကြီးက သူ၏ လည်ပင်းကို ညှစ်ကာ မြှောက်တင်လိုက်လေသည်။

"အဟွတ်... အဟွတ်"

ကျောက်ခိုင်က ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး အသက်ရှူကျပ်လာသဖြင့် မွန်းကြပ်မှုကို ခံစားလိုက်ရသည်။

သူက အစွမ်းကို အသေအလဲ ထုတ်သုံးကာ ထိုလက်ဖဝါးကြီးကို ရေခဲများဖြင့် ဖုံးအုပ်လိုက်သည်။

ထိုအခါ လက်ဖဝါးကြီးက ရုတ်တရက် ခါရမ်းပစ်လိုက်ရာ ကျောက်ခိုင်မှာ မူးဝေသွားပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ ပစ်ပေါက်ခြင်း ခံလိုက်ရလေသည်။

သူ၏ မျက်လုံးများ ပြာဝေသွားပြီး အမြင်အာရုံ ပြန်လည် ကြည်လင်လာသောအခါ ကြေးဝါရောင် သတ္တုများဖြင့် ပုံလောင်းထားသကဲ့သို့ ဖြစ်နေသော ချန်ကျန့်ဖုန်းက သူ၏ ရှေ့တွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရပြီး ကြီးမားသော ခြေဖဝါးတစ်ဖက်ဖြင့် သူ၏ ရင်ဘတ်ကို တက်နင်းထားလေသည်။

"ဝေါ့"

ကျောက်ခိုင်၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာပြီး ပြင်းထန်သော နာကျင်မှုကြောင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခွေးမသား"

ချန်ကျန့်ဖုန်းက တစ်ကိုယ်လုံး သတ္တုအဖြစ် ပြောင်းလဲထားသဖြင့် ပေါ့ပေါ့ပါးပါး ကန်လိုက်သော ကန်ချက်သည်ပင် အားအလွန်ပြင်းထန်လှရာ သာမန်လူသာဆိုလျှင် ထိုကန်ချက် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

ကျောက်ခိုင်က ဆဲရေးပြီးနောက် ထိုလူ၏ ခြေထောက်တစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အသေအလဲ ဖက်တွယ်ကာ သူ၏ အစွမ်းကို မိမိရရ ထုတ်သုံး၍ ခြေထောက်ကို ရေခဲရိုက်ရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။

"ပြေးတော့... အမတင်း... ပြေးတော့"

တင်းယန်မှာ စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံထားရသဖြင့် မည်သည်ကိုမျှ မမြင်ရသည့်အပြင် သူ၏ အော်ဟစ်သံကိုလည်း လုံးဝ မကြားရပေ။

ချန်ကျန့်ဖုန်းက ခေါင်းငုံ့ကာ ခြေထောက်ပေါ်သို့ တွားတက်လာသော ရေခဲများကို ကြည့်ရင်း ပြုံးစစဖြင့် ပြောလိုက်သည်။

"ကောကျဲရဲ့ ပုံရိပ်ယောင်အောက်မှာ မင်း ဘာမှမမြင်ရသလို ဘာမှလည်း ကြားရမှာမဟုတ်ဘူး"

"ဒီနေ့ မင်းတို့ဘယ်သူမှ မလွတ်စေရဘူး"

သူက ခြေထောက်ကို ပေါ့ပါးစွာ လှုပ်ခါလိုက်ရာ ရေခဲရိုက်ထားသော ခြေထောက်မှ ရေခဲလွှာများ ကွဲအက်သွားပြီး ကျောက်ခိုင်ပါ လွင့်ထွက်သွားလေသည်။

ထို့နောက် သူက ခြေလှမ်းကျဲကြီးများဖြင့် တင်းယန်၏ ရှေ့သို့ လျှောက်သွားကာ စကားတစ်ခွန်းမျှ မဆိုဘဲ လက်သီးဖြင့် တင်းယန်၏ ပါးကို ရိုက်ချလိုက်သည်။

ဤလက်သီးချက်သာ ထိမှန်သွားပါက တင်းယန်တွင် အစွမ်းဖြင့် ကာကွယ်ထားသည် ဆိုဦးတော့ မူးမေ့သွားမည်မှာ သေချာသည်။

ထိုအချိန်တွင် ဝါးတော အပြင်ဘက်မှ လေထုကို ခွင်းလျက် စူးရှသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သိုင်းဘုရင်ဂေဟာမှ လူများအားလုံး မော့ကြည့်လိုက်ကြ၏။

ဝါးတောအပြင်ဘက်မှ နီရဲနေသော မီးဝါးပင် တစ်ပင်သည် ဒုံးပျံတစ်စင်းပမာ တရွှီရွှီမြည်လျက် ပျံသန်း ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ဝှီးးးးးးးးးးးးးးးးးးးးး"

ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံသည် လူတိုင်း၏ နားစည်ကို ဖောက်ထွက်သွားမတတ် ဖြစ်နေ၏။

မီးဝါးပင် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ မိုးရေစက်များသည် လေဟာနယ် ဖြစ်သွားပြီး အဖြူရောင် မျဉ်းကြောင်းကြီး တစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

ရေပန်းများ လွင့်စင်သွားပြီး ပျံသန်းလာသော ထိုမီးဝါးပင်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး ပါဝင်နေကြောင်း လူတိုင်း အာရုံခံမိလိုက်ကြသည်။

"ဟင်"

ကျန့်ဖုန်းက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပျံဝဲလာသော မီးဝါးပင်ကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။

"ဘုန်း"

မီးဝါးပင်နှင့် သူ၏ ကြေးဝါရောင် သတ္တုလက်ဖဝါးကြီးတို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားကြ၏။

"ကျွီ" ခနဲ အသံနှင့်အတူ မီးဝါးပင်မှာ ကွေးညွတ်သွားလေသည်။

အဆုံးစွန်ထိ ကွေးညွတ်သွားသော အချိန်တွင် "ဖြောင်း" ခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ဝါးဆစ်များ ပေါက်ကွဲကာ ဝါးစများမှာ အရပ်လေးမျက်နှာသို့ လွင့်စင်သွားကြသည်။

တားဆီးမရနိုင်သော ဧရာမ စွမ်းအားကြီး တစ်ခုသည် မီးဝါးပင်မှတစ်ဆင့် ကျန့်ဖုန်း၏ လက်ဖဝါးပေါ်သို့ အားကုန် ဝင်ဆောင့်လေသည်။

ထိုစွမ်းအားကြီးမှာ ပြင်းထန်လွန်းလှသဖြင့် သူ၏ ကြေးဝါရောင် လက်ဖဝါးကြီးမှာ ချိုင့်ဝင်သွားရ၏။

သူ၏ လက်ဖဝါးမှ ပြင်းထန်သော နာကျင်မှုကိုပင် ခံစားလိုက်ရသည်။

"ဘာ"

ကျန့်ဖုန်း၏ ကြေးဝါရောင် မျက်နှာပေါ်တွင် ထိတ်လန့် အံ့သြသော အရိပ်အယောင်များ ပေါ်လာသည်။

သူက တွန့်ဆုတ်မနေဘဲ လက်ကို ချက်ချင်း ပြန်ရုပ်ကာ အနောက်သို့ ဆုတ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ဆက်လက် တင်းခံနေပါက သူ၏ ကြေးဝါရောင် သတ္တုလက်ဖဝါးပင်လျှင် ဒဏ်ရာရသွားနိုင်ကြောင်း သူ ကောင်းကောင်း သိလိုက်သောကြောင့် ဖြစ်သည်။

"ဒုန်း... ဒုန်း... ဒုန်း"

မြေကြီးများ တုန်ခါသွားပြီး ရွှံ့နွံများ လွင့်စင်ကုန်သည်။

သူက ခြေလှမ်း ၇ လှမ်း၊ ၈ လှမ်းခန့် ဆက်တိုက် နောက်ဆုတ်လိုက်ရပြီးမှ ထိုကြောက်မက်ဖွယ် စွမ်းအားကို တောင့်ခံနိုင်လေသည်။

ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ"

သိုင်းဘုရင်ဂေဟာဘက်မှ လူများလည်း သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး ခံစစ်အနေအထား ချက်ချင်း ယူလိုက်ကြသည်။

ထို့နောက် ဒေါသတကြီး ဝိုင်းအော်ကြလေသည်။

"ဘယ်ကကောင်လဲ"

"ထွက်ခဲ့စမ်း"

"အတည်ပေါက်နဲ့ လုပ်ရဲတယ်ပေါ့"

"ထွက်ခဲ့"

...

ဝူမုန့်လည်း မျက်လုံးဖွင့်လိုက်ပြီး ဝါးတောအစပ်သို့ လှမ်းကြည့်လိုက်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် လူတစ်ယောက်သည် လျှပ်စီးကဲ့သို့ လျင်မြန်သော အလျင်ဖြင့် ဝါးတောထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။

ပတ်ဝန်းကျင်မှ မိုးရေစက်များသည် ထိုသူ၏ ကိုယ်ပေါ်သို့ ကျရောက်သော်လည်း ထူးဆန်းစွာပင် ကိုယ်ပေါ်သို့ မထိဘဲ ဘေးဘက်သို့ လျှောကျ စီးဆင်းသွားကြသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် မမြင်ရသော အကာအကွယ် အလွှာပါးတစ်ခု ရှိနေသကဲ့သို့ပင်။

"ဟင်"

"အလျင်အစွမ်းပိုင်ရှင်လား"

"မဟုတ်ဘူး... ခုနက စွမ်းအားက ခွန်အားအစွမ်းပိုင်ရှင်ရဲ့ စွမ်းအားပဲ"

"မဟုတ်သေးဘူး... သူ့ကိုယ်ပေါ်က မမြင်ရတဲ့ အကာအကွယ်က... စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ"

"ထူးဆန်းတယ်"

"တစ်ခုခုတော့ လွဲနေပြီ"

သိုင်းဘုရင်ဂေဟာမှ လူများသည် လာရောက်သူ၏ အစွမ်းအစကို အမျိုးမျိုး ခန့်မှန်းနေကြသည်။

လာရောက်သူ၏ အလျင်မှာ အလွန်မြန်ဆန်လှပြီး သာမန်လူများ မလုပ်နိုင်သော အလျင်မျိုး ဖြစ်ကာ အလျင်အစွမ်းပိုင်ရှင်များမှသာ ပြုလုပ်နိုင်သော အမြန်နှုန်းမျိုး ဖြစ်သည်။

ထို့ပြင် ခုနက ပစ်လွှတ်လိုက်သော မီးဝါးပင်မှာလည်း တစ်ဖက်လူ၏ ကြောက်မက်ဖွယ် ခွန်အားကြီးကို ပြသနေပြန်သည်။

ထိုမျှမက မိုးရေမစိုသော ထူးခြားချက်မှာလည်း စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များနှင့် ဆင်တူနေပြန်သည်။

ထို့ကြောင့် ထိုလူသည် မည်သည့်အစွမ်းပိုင်ရှင် အမျိုးအစား ဖြစ်သည်ကို လူတိုင်း ဝေခွဲမရ ဖြစ်နေကြသည်။

လူအများ တွေဝေငေးမောနေစဉ်မှာပင် လာရောက်သူသည် လျှပ်စီးကဲ့သို့ လှုပ်ရှားကာ တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လျှိုဖိန်ဖိန်ကို ချုပ်နှောင်ထားသော ကောကျဲကို တိုက်ရိုက် လှမ်းဖမ်းလိုက်သည်။

ကောကျဲက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြုံးကာ စိတ်စွမ်းအင်ကို ထုတ်လွှတ်၍ တစ်ဖက်လူ၏ စိတ်ပင်လယ်ကို တိုက်ခိုက်လိုက်လေသည်။

သို့သော် ထိုသူက အေးစက်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"

"ဘုန်း"

ဝုန်းခနဲ တုန်ခါသွားပြီး ကောကျဲသည် သူမ၏ စိတ်စွမ်းအင်က အောက်ခြေမမြင်ရသော ရေကန်နက်ကြီး တစ်ခုကို ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူမ ဘာမှမလုပ်နိုင်ခင်မှာပင် ကြမ်းတမ်းသော စိတ်စွမ်းအင်တစ်ခုက ပြင်းထန်စွာ ပြန်ကန်ထွက်လာသည်။

"အား"

သူမက စူးဝါးစွာ အော်ဟစ်လိုက်ပြီး နှာခေါင်းပေါက်များမှ သွေးများ ပန်းထွက်လာကာ ခေါင်းကို အုပ်လျက် မျက်ဖြူလန်ပြီး မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားလေသည်။

မျက်နှာချင်းဆိုင်လိုက်ရုံဖြင့် သူမ၏ စိတ်စွမ်းအင်က သူမကို ပြန်လည် ဒုက္ခပေးသွားခြင်း ဖြစ်သည်။

ထိုပြန်ကန်အားမှာ ပြင်းထန်လွန်းလှသဖြင့် သူအမှာ နာကျင်မှုကြောင့် ချက်ချင်း သတိလစ် မေ့မြောသွားရ၏။

ဤမြင်ကွင်းကြောင့် သိုင်းဘုရင်ဂေဟာမှ လူများအားလုံး မျက်နှာပျက်သွားကြသည်။

ကောကျဲ လဲကျသွားသည်နှင့် သူမ ဖန်တီးထားသော ပုံရိပ်ယောင် မျက်လှည့်များလည်း ချက်ချင်း ပြိုပျက်သွားလေသည်။

လျှိုဖိန်ဖိန်နှင့် တင်းယန်တို့ နှစ်ဦးစလုံး အမြင်အာရုံနှင့် အကြားအာရုံများ ပြန်လည် ရရှိလာကြသည်။

လင်းယွမ်ကို မြင်လိုက်ရသည့် ခဏတွင် နှစ်ယောက်စလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး အကျယ်ကြီး အော်ဟစ်လိုက်ကြသည်။

"အစ်ကိုလင်း"

"လင်းယွမ်"

လင်းယွမ်က လျှိုဖိန်ဖိန်ကို ဆွဲထူလိုက်ပြီး တင်းယန်၏ ရှေ့သို့ ရောက်သွားကာ သူမကို ပွေ့ချီလိုက်သည်။ ထို့နောက် ခြေလှမ်းမရပ်ဘဲ ကျောက်ခိုင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

သုံးယောက်စလုံးကို သူ၏ နောက်ကျောဘက်တွင် ထားရှိပြီး ကာကွယ်လိုက်ကာ မေးလိုက်သည်။

"အဆင်ပြေကြရဲ့လား"

လျှိုဖိန်ဖိန်က ကျောက်ခိုင်ကို အမြန်သွားရောက် တွဲထူလိုက်ပြီး တင်းယန်ကလည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

ကျောက်ခိုင်က သွေးများ အန်ရင်း ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

"အစ်ကိုလင်း... အစ်ကိုသာ တစ်စက္ကန့်လောက် စောရောက်ရင် ကျွန်တော် ဒီကန်ချက်ကို ခံရမှာ မဟုတ်ဘူး"

လင်းယွမ်က ပြုံးလိုက်သည်။

"မင်းတို့ ပင်ပန်းသွားပြီ... ကျန်တာ ငါ့တာဝန်ထားလိုက်တော့"

ပြောပြီးသည်နှင့် သူက မလှမ်းမကမ်းရှိ ချန်ကျန့်ဖုန်းကို လှည့်ကြည့်လိုက်ပြီးနောက် သိုင်းဘုရင်ဂေဟာမှ လူအုပ်ကြီးကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာ ပေါ်လာလေသည်။

သူက ချန်ကျန့်ဖုန်းကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ့ညီကို မင်း ရိုက်လိုက်တာလား"

ချန်ကျန့်ဖုန်း၏ ကြေးဝါရောင် မျက်နှာပေါ်တွင် သတိထားသော အမူအရာ ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းက သူတို့ရဲ့ ခေါင်းဆောင်လား"

"ဝုန်း"

သူ့ကို ပြန်ဖြေလိုက်သည်မှာ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက် တစ်ချက်ပင် ဖြစ်သည်။

ထိုလက်သီးချက်၏ အလျင်မှာ မြန်ဆန်လွန်းလှသဖြင့် ချန်ကျန့်ဖုန်းမှာ ဘာမှပင် မတုံ့ပြန်နိုင်လိုက်ပေ။

ချန်ကျန့်ဖုန်း၏ ခံစစ်မှာ အလွန်မြင့်မားသော်လည်း အလျင်မှာမူ သိပ်မမြန်လှချေ။

လင်းယွမ်၏ အလျင် အရည်အသွေးမှတ်မှာ ၁၄.၈ အထိ ရောက်ရှိနေပြီဖြစ်ရာ သာမန် အလျင်အစွမ်းပိုင်ရှင် တစ်ယောက်နှင့် ညီမျှနေပြီ ဖြစ်သည်။

ချန်ကျန့်ဖုန်းက မည်သို့ တုံ့ပြန်နိုင်မည်နည်း။

လက်သီးချက် ဝင်ရောက်လာချိန်တွင် ချန်ကျန့်ဖုန်းက အသိစိတ်ဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ ကာကွယ်လိုက်မိသည်။

"ဒုန်း"

အသားနှင့် သံပြား ရိုက်ခတ်မိသကဲ့သို့ မွန်းကျပ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

လင်းယွမ်၏ လက်သီးက ချန်ကျန့်ဖုန်း ကာကွယ်ထားသော လက်မောင်းနှစ်ဖက်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။

ချန်ကျန့်ဖုန်း၏ လက်မောင်းပေါ်ရှိ ကြေးဝါရောင် ကြွက်သားများ ပြင်းထန်စွာ တုန်ခါသွားပြီး လှိုင်းများသဖွယ် ဖြစ်ပေါ်သွားသည်။

ကြောက်မက်ဖွယ် အားအင် ပေါက်ကွဲထွက်လာသဖြင့် သူသည် အမြောက်ဆံဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရတော့ဘဲ မြေကြီးပေါ်မှ လွင့်စဉ်တက်သွားပြီး အနောက်ဘက်သို့ တရွှီရွှီမြည်လျက် လွင့်ထွက်သွားလေသည်။

"ဘုန်း... ဘုန်း... ဘုန်း"

လမ်းတစ်လျှောက်ရှိ မီးဝါးပင် အများအပြားကို ဝင်တိုက်ချိုးဖျက်ပြီးနောက် နောက်ဆုံးတွင် "ဒုန်း" ခနဲ အသံနှင့်အတူ ရွှံ့နွံထဲသို့ ပြင်းထန်စွာ ကျရောက်သွားသည်။

သူ၏ လက်မောင်းနှစ်ဖက်လုံး အရိုးထဲထိ နာကျင်နေသည်ကို ခံစားလိုက်ရပြီး ဤသည်မှာ သူ အစွမ်းပိုင်ရှင် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဤမျှ နာကျင်မှုကို ခံစားရခြင်းပင် ဖြစ်သည်။

သူ ထရန် ပြင်လိုက်ချိန်မှာပင် ဝေဟင်မှ လူရိပ်တစ်ခု ခုန်ဆင်းလာလေသည်။

"ဘုန်း" ခနဲ အသံနှင့်အတူ သူ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ချလိုက်ပြန်သည်။

ထပ်မံ၍ "ဒုန်း" ခနဲ အသံ မြည်သွားပြန်ပြီး သူ၏ ရင်ခေါင်းတစ်ခုလုံး တုန်ခါသွားကာ ကြီးမားသော ခွန်အားက ရင်ဘတ်ကို ဖိချလိုက်သဖြင့် "ဝေါ့ခနဲ" နေအောင် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

သိုင်းဘုရင်ဂေဟာမှ လူများအားလုံး လေအေးများကို ရှူရှိုက်လိုက်မိကြသည်။

ကြေးလူသား ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသော ချန်ကျန့်ဖုန်းသည် လူသားစစ်စစ်၏ လက်သီးဖြင့် ထိုးနှက်ခံရပြီး သွေးအန်သည်အထိ ဖြစ်သွားခဲ့ရသည်။

ဒါကို ပြောပြရင် ဘယ်သူ ယုံပါ့မလဲ။

ဒါက သူတို့ သိုင်းဘုရင်ဂေဟာ၏ ခံစစ်အကောင်းဆုံး ချန်ကျန့်ဖုန်း ဖြစ်သည်။

သူက ထိုနေရာတွင် ငြိမ်ငြိမ်လေး ရပ်နေလျှင်ပင် သိုင်းဘုရင်ဂေဟာထဲတွင် သူ့ကို ထိခိုက်အောင် တိုက်ခိုက်နိုင်သူ အစွမ်းပိုင်ရှင် အနည်းငယ်သာ ရှိသည်။

ဝူမုန့်လည်း မျက်လုံး ချက်ချင်း ပွင့်သွားပြီး သူ၏ မျက်လုံးအစုံတွင် အရောင်များ တောက်လာကာ လင်းယွမ်ကို စိုက်ကြည့်လိုက်လေသည်။

လင်းယွမ်က လူအားလုံး၏ အကြည့်ကို လစ်လျူရှုကာ ချန်ကျန့်ဖုန်းကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။

"မင်းလည်း သွေးအန်တတ်တာပဲလား"

"မင်းအန်ထွက်လာတာက ကြေးနီရည်တွေများလားလို့ ငါက ထင်နေတာ"

ချန်ကျန့်ဖုန်းက ဒေါသထွက်သွားပြီး အံကို ကြိတ်ကာ လင်းယွမ်၏ ခြေထောက်ကို ရိုက်ထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် လင်းယွမ်က မျက်လုံးကို ရုတ်တရက် ပြူးကျယ်လိုက်ပြီး ချက်ချင်းပင် စိတ်စွမ်းအင် ရိုက်ခတ်မှုတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

"အား"

ချန်ကျန့်ဖုန်းက သနားစဖွယ် အော်ဟစ်လိုက်ပြီး ခေါင်းကို အုပ်ကာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထပ်မံ ပန်းထွက်လာသည်။

ဤစိတ်စွမ်းအင် ရိုက်ခတ်မှုတွင် လင်းယွမ်က လက်နှေးမနေဘဲ အမှတ် ၃၀ ကျော်ရှိသော စိတ်စွမ်းအင် အားလုံးကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုအစွမ်း၏ သက်ရောက်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ချန်ကျန့်ဖုန်း၏ ခန္ဓာကိုယ် ခံစစ်မှာ ထိတ်လန့်ဖွယ် ကောင်းသော်လည်း စိတ်စွမ်းအင် ခံစစ်မှာမူ သာမန်သာ ရှိသည်။

ဤစိတ်စွမ်းအင် ရိုက်ခတ်မှု တစ်ချက်တည်းဖြင့် သူ၏ ဦးခေါင်းခွံ ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး ဦးနှောက်များ ကြေမွသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။

တိုတောင်းသော အော်ဟစ်သံ အဆုံးတွင် သူ တိုက်ရိုက် မေ့လဲသွားလေသည်။

"ကျန့်ဖုန်း"

"အစ်ကိုဖုန်း"

သိုင်းဘုရင်ဂေဟာ လူအုပ်ကြီးထဲမှ လူအများအပြားက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ချက်ချင်းပင် ယွမ်ရွေ့က ကိုယ်ဖျောက်ကာ မြေလျှိုးပြီး ပျောက်ကွယ်သွားသည်။

သို့သော် လင်းယွမ်က စိတ်စွမ်းအင်ဖြင့် ရှာဖွေလိုက်ပြီး ဘေးနားရှိ မီးဝါးပင် တစ်ပင်ကို ဆွဲနုတ်ကာ ခြောက်ပေခန့်အကွာရှိ မြေကြီးထဲသို့ အားကုန် စိုက်ချလိုက်လေသည်။

"ဘုန်း"

မီးဝါးပင်က မြေကြီးထဲသို့ ပေအနည်းငယ်ခန့် နစ်ဝင်သွားပြီး မြေအောက်နက်နက်မှ သနားစဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ယွမ်ရွေ့က မြေကြီးထဲမှ ထွက်ပေါ်လာပြီး သူ၏ ပခုံးတွင် မီးဝါးပင် စိုက်ဝင်နေလျက် အော်ဟစ် ညည်းညူနေသည်ကို တွေ့လိုက်ရသည်။

ထိုနေရာသို့ ပြေးဝင်လာကြသော သိုင်းဘုရင်ဂေဟာမှ အခြားအစွမ်းပိုင်ရှင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားပြီး ရပ်တန့်လိုက်ကြသည်။

အားလုံးက သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ အမူအရာများ ဖြစ်ပေါ်နေပြီး လင်းယွမ်ကို ကြည့်သော အကြည့်များမှာ ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။

"သောက်ကျိုးနည်း... ယွမ်ရွေ့ရဲ့ မြေလျှိုးပညာကိုတောင် ရှာတွေ့တယ်"

"စိတ်စွမ်းအင် ပညာရှင်ပဲ... သူက သေချာပေါက် စိတ်စွမ်းအင် ပညာရှင်ပဲ"

"ခွန်အား၊ အလျင်၊ စိတ်စွမ်းအင်... အားလုံးက သာမန်လူထက် အများကြီး သာလွန်နေတယ်... သောက်ကျိုးနည်းကွာ... ဒီလူက ဘာအစွမ်းကိုများ နိုးထထားတာလဲ"

လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့် ဒေါသထွက်နေကြပြီး အားလုံးက အသိစိတ်ဖြင့် နောက်သို့ လှည့်ကာ သူတို့၏ စိတ်ထဲတွင် ဤပုံမှန်မဟုတ်သော လူသားကို ယှဉ်ပြိုင်နိုင်မည့် တစ်ဦးတည်းသော အမျိုးသားကို လှမ်းကြည့်လိုက်ကြသည်။

လီယွဲ့ကျင်လည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လင်းယွမ်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဘေးနားရှိ ဝူမုန့်ဘက်သို့ လှည့်ကာ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

"အစ်ကိုမုန့်... အစ်ကိုပြောသလိုပဲ... နဂါးမှန်ရင် မြစ်ကို မကူးဘဲ မနေဘူးဆိုတာ တကယ်ပဲ"

ဝူမုန့်၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းနေပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်ပေါ်နေသည်။

သူက လီယွဲ့ကျင်၏ ပခုံးကို ပုတ်လိုက်ပြီး လူအုပ်ထဲမှ ထွက်ကာ လင်းယွမ် ရှိရာဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။

"စိတ်စွမ်းအင်က ၃၀ ကျော်... ခွန်အားက ၃၀ ကျော်... အလျင်က ၁၅ ဝန်းကျင်... ဟဟဟ... ထူလုံကို စိတ်ဓာတ်ကျသွားအောင် လုပ်နိုင်တာ မဆန်းပါဘူး"

"လင်းယွမ် ဟုတ်လား... မင်းက လင်းယွမ်ပဲ ဖြစ်ရမယ်... ငါ တကယ် သိချင်တာက မင်း နိုးထထားတဲ့ အစွမ်းက ဘာလဲဆိုတာပဲ... ဘာလို့ မင်းရဲ့ ဘက်စုံ အရည်အသွေးတွေကို ဒီလောက်တောင် တိုးမြှင့်ပေးထားနိုင်ရတာလဲ"

လင်းယွမ်က မျက်လုံးကို မှေးစင်းလိုက်ပြီး သူ၏ ရှေ့ရှိ ခွန်အားအစွမ်းပိုင်ရှင်ဟု ယူဆရသော ကြွက်သားအဖုအထစ်များနှင့် ထိုလူကို ကြည့်လိုက်သည်။

ထိုလူ၏ မျက်နှာအနှံ့တွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး မျက်လုံးများထဲတွင် သူ့ကို သဘောကျခြင်းနှင့် တိုက်ခိုက်လိုစိတ်များကို ဖုံးကွယ်ထားခြင်း မရှိပေ။

ဤအချက်က သူ့ကို နားမလည်နိုင် ဖြစ်စေသည်။ ဤလူက သူ့အစွမ်းကို မြင်ရက်သားနှင့် သူ့ကို ရန်စရဲနေသေးသည်လော။

ထိပ်တန်းပညာရှင် တစ်ယောက်လား။

လင်းယွမ်က စိတ်ထဲတွင် တွေးလိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

ဝူမုန့်က ပြုံးလိုက်သည်။

"ငါလား... ဟဟ... မိတ်ဆက်ဖို့ မေ့သွားတယ်... ငါက ဝူမုန့်"

လင်းယွမ်၏ မျက်ခွံများ လှုပ်ရှားသွားသည်။

"သိုင်းဘုရင်ဂေဟာရဲ့ ခေါင်းဆောင်လား"

"သူတို့ကတော့ ငါ့ကို အဲဒီလို ခေါ်ကြတာပဲ"

ဝူမုန့်က ပြောလိုက်သည်။

"မင်းက အရမ်းတော်တယ်... ငါ အခုထိ တွေ့ဖူးသမျှထဲမှာ အစွမ်းအညီမျှဆုံးနဲ့ အားနည်းချက် မရှိတဲ့ အစွမ်းပိုင်ရှင်ပဲ... ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ"

သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ရယ်မောကာ ပြောလိုက်သည်။

"လာ... ငါတို့ တစ်ပွဲလောက် နွှဲရအောင်... မင်းနိုင်ရင် ဒီမီးဝါးတောက မင်းအပိုင်ပဲ"

"ငါ့ရဲ့ စခန်းကိုတောင် မင်းကို ပေးလိုက်လို့ ရတယ်"

"မင်း ငါ့ကို နိုင်မယ်ဆိုရင်ပေါ့"

"ဘုန်း"

စကားဆုံးသည်နှင့် ဝူမုန့်က မြေကြီးကို ဆောင့်နင်းလိုက်သည်။

ပေါက်ကွဲသံ တစ်သံနှင့်အတူ မြေကြီးများ လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခု အသွင်ပြောင်းကာ သာမန်မျက်စိဖြင့် အရိပ်ရေးရေးမျှသာ မြင်ရလောက်အောင် မြန်ဆန်သော အလျင်ဖြင့် ဝင်ရောက်လာသည်။

လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။ သူ၏ အလျင်ဖြင့်ပင် တစ်ဖက်လူ၏ ကိုယ်ခန္ဓာကို သီသီလေးသာ မြင်တွေ့လိုက်ရသည်။

"အလျင်အစွမ်းပိုင်ရှင်လား"

လင်းယွမ်က သံသယဝင်သွားပြီး လက်ကို အမြန်ဆန့်ထုတ်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဝူမုန့်၏ လက်သီးကလည်း ဝင်ရောက်လာပြီ ဖြစ်သည်။

"ဘုန်း"

နှစ်ယောက်သား၏ လက်သီးများ ထိပ်တိုက် တွေ့သွားကြပြီး ကြောက်မက်ဖွယ် လေဖိအား ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ထိုခဏ၌ လက်သီးချင်း ထိမိသော နေရာတွင် လေလှိုင်းများ လှိမ့်ဝင် ပေါက်ကွဲသွားပြီး အရပ်မျက်နှာ အနှံ့သို့ လှိုင်းဂယက်သဖွယ် ပျံ့နှံ့သွားလေသည်။

အပေါ်စီးမှ ကြည့်လိုက်လျှင် ငြိမ်သက်နေသော ရေကန်မျက်နှာပြင်တွင် ဂယက်များ ထသွားသကဲ့သို့ပင်။

ထိုအရာမှာ လက်သီးအားချင်း ထိပ်တိုက်တွေ့ပြီး ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ရိုက်ခတ်မှု လှိုင်းဂယက်များ ဖြစ်သည်။

လင်းယွမ်သည် သူ၏ လက်မောင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး အရိုးများ နာကျင်သွားရ၏။

တစ်ဖက်လူ၏ လက်သီးအားမှာ သိပ်မပြင်းထန်လှသော်လည်း ထိုလက်သီးအားထဲတွင် စူးတစ်ချောင်းကဲ့သို့ အရာတစ်ခု ပါဝင်နေပြီး သူ၏ အသားနှင့် အရိုးများထဲသို့ တိုးဝင်လာသည်။

ထို့အပြင် ထိုအားအင်ထဲတွင် ကြောက်မက်ဖွယ် တုန်ခါမှု စွမ်းအားများလည်း ပါဝင်နေသေးသည်။

သူ၏ တင်းမာနေသော ကြွက်သားများကို ပြေလျော့သွားစေမတတ် တုန်ခါစေပြီး သွေးလေ လည်ပတ်မှုကိုပါ လျော့ရဲသွားစေသည်။

ထိုခံစားချက်သည် ယခင်က ဘားတန်းဆွဲခြင်း အကြိမ် ၅၀ ခန့် တစ်ဆက်တည်း ပြုလုပ်ပြီးနောက် လက်မောင်းများ တုန်ရီ အားမရှိ ဖြစ်ကာ လက်သီးဆုပ်ရန်ပင် ခက်ခဲသော အခြေအနေမျိုးနှင့် တူညီနေသည်။

လင်းယွမ်က အံ့သြသွားပြီး နောက်သို့ ဆုတ်ခွာလိုက်ရင်း တစ်ဖက်လူကို မော့ကြည့်လိုက်သည်။

ဝူမုန့်၏ လက်သီးပေါ်မှ အရေပြားများ ပေါက်ကွဲသွားပြီး အသားများ ကွဲအက်ကာ အရိုးဖြူဖြူများ ပေါ်ထွက်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ လက်သီးမှ သွေးများ တောက်တောက်ကျနေပြီး လက်သီးဆစ်ရိုးများတွင်လည်း အက်ရာငယ်များ ပေါ်နေသည်။

လင်းယွမ်၏ လက်သီးချက်ကြောင့် သူ၏ လက်မောင်း ကျိုးလုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော် သူက နည်းလမ်းတစ်ခုခု သုံး၍ လင်းယွမ်၏ အားကို လျှော့ချပစ်လိုက်သဖြင့် အသားများသာ ကွဲသွားပြီး အရိုးများ ထိခိုက်ခြင်း မရှိခဲ့ပုံ ရသည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ နားမလည်နိုင် ဖြစ်နေ၏။

"မဟုတ်ဘူး... မင်းက ခွန်အားအစွမ်းပိုင်ရှင် မဟုတ်ဘူး"

လင်းယွမ် အံ့သြသွားသည်။ ခွန်အားအစွမ်းပိုင်ရှင်များသည် ခွန်အား တိုးပွားလာသည်နှင့်အမျှ ကြွက်သား သိပ်သည်းဆလည်း တိုးပွားလာလေ့ ရှိသည်။

သို့မဟုတ်ပါက ကြောက်မက်ဖွယ် ခွန်အားများ ပေါက်ကွဲထွက်လာအောင် ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။

သူတို့၏ ကြွက်သား သိပ်သည်းဆသည် ခံစစ်အစွမ်းပိုင်ရှင်များလောက် မကောင်းမွန်သော်လည်း သာမန်လူထက် များစွာ သာလွန်သည်မှာ သေချာသည်။

ဤလူသည် ခွန်အားမှာ သူ့ထက် မသာလွန်သလို ခံစစ်မှာလည်း သိပ်မကောင်းလှဘဲနှင့် မည်သည့်သတ္တိဖြင့် သူ့ကို ယှဉ်ပြိုင်ရဲသနည်း။

ဒီဝူမုန့်က ဘယ်လိုလုပ်ပြီး သိုင်းဘုရင်ဂေဟာရဲ့ ခေါင်းဆောင် ဖြစ်လာတာလဲ။

ပြီးတော့ သူက ဘာလို့ ဒီလောက်တောင် အရူးအမူး ဖြစ်နေရတာလဲ။ ပြေးတောင် ဝင်လာသေးတယ်။

လင်းယွမ်၏ မျက်နှာထားက ထူးဆန်းနေသည်။ သိုင်းဘုရင်ဂေဟာ ခေါင်းဆောင်က ဦးနှောက်မကောင်းသူ တစ်ယောက်နှင့် တူနေသည်။

ထိုလူက နောက်တစ်ကြိမ် ထပ်မံ ပြေးဝင်လာပြန်သည်။

သူက ရူးသွပ်စွာ အော်ဟစ်ရင်း ပြောလိုက်၏။

"ကောင်းတယ်... မင်းရဲ့ခွန်အားက သန်မာတယ်... အလျင်က မြန်တယ်... ဒါပေမဲ့ ငါ မင်းရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီ"

"ငါ့ရဲ့ ဒုတိယအဆင့် အသွေးအသားပုံစံကို ခံစားကြည့်လိုက်စမ်း"

ဝူမုန့်က အတင်းပြေးဝင်လာရင်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ မျက်စိရှေ့တွင်ပင် ဆက်တိုက် ဖောင်းပွ လာလေသည်။

သူ၏ ခန္ဓာကိုယ်ကြီးကလည်း ချက်ချင်း ကြီးထွားလာသည်။

ကြောက်မက်ဖွယ် ကြွက်သားများက သူ့ကို ဖုံးအုပ်သွားပြီး အသားများ ကွဲအက်နေသော လက်သီးဆစ်များတွင် အသားစိုင် အသစ်များ ပေါက်ဖွားလာကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားသည်ကို တွေ့လိုက်ရ၏။

ထို့အပြင် လက်သီးပေါ်မှ အသားများမှာလည်း တစ်ဆမျှ ပိုမို ကြီးထွားလာလေသည်။

လင်းယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

သူသာမက မလှမ်းမကမ်းတွင် ရှိနေသော တင်းယန်နှင့် ကျောက်ခိုင်တို့ပါ လေအေးများကို ရှူရှိုက်မိလိုက်ကြသည်။

"ဒီလူက... အလွန်အားကောင်းတဲ့ ကိုယ်ခန္ဓာ ပြန်လည်ကုစားနိုင်စွမ်း ရှိတာလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီ... ဒီလောက်မြန်တဲ့ ပြန်လည်ကောင်းမွန်မှု နှုန်းနဲ့ဆိုရင်... မသေမျိုး ဖြစ်နေပြီပေါ့"

ဆက်ရန်...

All Chapters