← Chapters

ရှန်ယွဲ့၏ စိန်ခေါ်မှု

Vol. 13 Ch. 121

ရှန်ယွဲ့၏ စိန်ခေါ်မှု

Vol. 13 Ch. 121

ရှန်ယွဲ့နှင့် လျှို့ဝှက်မြို့စားမင်းတို အကြည့်ချင်း ဆုံသွားကြပြီးနောက် နှစ်ယောက်စလုံး တစ်ပြိုင်နက် လေထဲသို့ ခုန်တက်၍ တိုက်ခိုက်လိုက်ကြချေပြီ။

တစ်ယောက်က ဓားကို ကိုင်စွဲထားပြီး ကျန်တစ်ယောက်က လက်ဝါးဖြင့် ရွယ်ထားသည်။ ဓားချီနှင့် လက်ဝါးလေအားတို့ အရပ်မျက်နှာအနှံ့ တိုက်ခတ်သွားရာ တောင်ကုန်းတစ်ခုလုံး ဆက်တိုက် ပျက်စီးသွားပြီး ကျောက်တုံးကျောက်စများနှင့် မြေမှုန်များ လွင့်ပျံသွားကြသည်။

နေဝင်ချိန် ညနေဆည်းဆာအလင်းရောင် ကျရောက်နေသော တောင်ကုန်းထက်၌ ရှန်ယွဲ့နှင့် လျှို့ဝှက်မြို့စားမင်းတို့ လျင်မြန်သွက်လက်စွာ ရွေ့လျား တိုက်ခိုက်နေကြပြီး ဘေးမှ ကြည့်နေကြသော ဂိုဏ်းချုပ်သုံးယောက်မှာ သူတို့၏ လှုပ်ရှားမှုများကို ကြည့်ရင်း နဖူးမှ ချွေးစေးများပင် ပြန်လာကြသည်။

လျှို့ဝှက်မြို့စားမင်း၏ သိုင်းပညာစွမ်းအင်မှာ နေမင်းပမာ အားကောင်းလှပေသည်။ ပေပေါင်းများစွာ အကွာအဝေးမှနေ၍ပင် ဂိုဏ်းချုပ်သုံးယောက်စလုံး ကြောက်ရွံ့တုန်လှုပ်နေမိကြ၏။

လျူသိုက်၊ စုန်းခယ်ကျန့်နှင့် လီယင်းဂိုဏ်းချုပ်တို့က လက်အောက်ငယ်သားများကို အသီးသီး ဦးဆောင်၍ တောင်ကုန်းအနီးမှ ဆုတ်ခွာကာ ဝိုင်းရံထားလိုက်ကြသည်။

ရှန်ယွဲ့က ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ထက်ရှသော ဓားသွားက ရုတ်တရက် တိုက်ခတ်လာသော မုန်တိုင်းတစ်ခုနှယ် တောင်ကုန်းကို ဖြတ်၍ ပိုင်းချလိုက်သည့်အခါ ဓားသွးာကြောင့် တောင်ကုန်း၏ အစိတ်အပိုင်းတစ်ခု စတင် အက်ကွဲသွားခဲ့သည်။

လျှို့ဝှက်မြို့စားမင်းက လက်နှစ်ဖက်ကို ဆန့်တန်းလျက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေရာ အားကောင်းသော အတွင်းအားကြောင့် ကျောက်တုံးကျောက်စများ လေထဲသို့ လွင့်စဉ်တက်လာကြ၏။

ထို့နောက် ရှန်ယွဲ့ရှိရာသို့ လက်ဝါးဖြင့် တွန်းထုတ်လိုက်ရာ ထိုကျောက်တုံးများမှာ မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ဥက္ကာခဲထောင်ပေါင်းများစွာပမာ ရှန်ယွဲ့ထံသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသည်။

ရှန်ယွဲ့က ဆယ်ပေခန့်အကွာမှနေ၍ ဓားကို ပစ်လွှတ်လိုက်သောအခါ ဓားချီများ ဝန်းရံထားသော သစ်သားဓားသည် အေးစက်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လျက် မရေမတွက်နိုင်သော မီးတောက်များနှင့် ကျောက်တုံးများကို ထိုးဖောက်ကာ လျှို့ဝှက်မြို့စားမင်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွား၏။

လျှို့ဝှက်မြို့စားမင်းက ဓားကို ပါးပါးလေးတိမ်းရှောင်လိုက်ပြီး ဓားလက်ကိုင်ရိုးကို ဖမ်းဆုပ်ကာ ရှန်ယွဲ့ရှိရာသို့ ဆွဲယူလိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် ရှန်ယွဲ့၏ ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် ဓားကို ဝှေ့ယမ်းလိုက်ရာ သစ်သားဓားမှာ သူ့လက်ထဲတွင် မီးများ တောက်လောင်သွားသည်။

ရှန်ယွဲ့က လေထဲသို့ ခုန်တက်လိုက်ပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးကို လျင်မြန်စွာ ချဲ့လိုက်သော်လည်း မီးလှိုင်းတစ်ခုက စုတ်တံမှ မင်ရည်စက်ကဲ့သို့ သူတို့ကြားတွင် ပေါ်လာ၏။ ထိုအံ့မခန်း မြင်ကွင်းကြောင့် အစီအရင် ခင်းကျင်းနေကြသော ဂိုဏ်းချုပ်သုံးယောက်မှာ စကားပင် မဆိုနိုင်တော့ချေ။

လျှို့ဝှက်မြို့စားမင်းက ဓားကို ပြန်သိမ်းလိုက်ရာ သစ်သားဓားမှာ သူ၏လက်ထဲတွင် လည်ပတ်နေသည်။ သူက ဓားရိုးကို ဆုပ်ကိုင်လျက် မြေကြီးပေါ်သို့ ရိုက်ချလိုက်ပြီး မီးတောက်များကို ဖယ်ရှားလိုက်ပြန်တော့

ရှန်ယွဲ့ မြေပြင်ပေါ်သို့ ပြန်ကျလာပြီး လျှို့ဝှက်မြို့စားမင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ခင်ဗျားလည်း ဓားကို သုံးတတ်တာလား..."

လျှို့ဝှက်မြို့စားမင်းက မထီမဲ့မြင် ပြုံးလိုက်ပြီး…

"ဒီဓားကွက်က ရင်းနှီးနေသလို မခံစားရဘူးလား..."

ရှန်ယွဲ့က သူ့ကို စူးစိုက်ကြည့်ပြီး …

"ခင်ဗျားက ကျွန်တော့်ဆရာနဲ့ ဘယ်လို ပတ်သက်လဲ..."

ထိုစဉ် လျှို့ဝှက်မြို့စားမင်းထံမှ လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာလေသည်။ ဓားဆန္ဒကြောင့် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး သူ့ ခြေထောက်အောက်မှ တောင်ကုန်းလည်း ဆက်တိုက် ပြိုကျလာသည်။ ဂိုဏ်းချုပ်သုံးယောက်မှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြပြီး လျှို့ဝှက်မြို့စားမင်းကို မယုံနိုင်စွာ ငေးကြည့်နေကြသည်။

"ဒီလို စွမ်းရည်မျိုးရဖို့ ဘယ်နှစ်နှစ်လောက် ကျင့်ကြံခဲ့ရတာလဲ..."

"ဒီ လျှို့ဝှက်မြို့စားမင်းဆိုတာ ဘယ်သူလဲ..."

"ကြားဖူးတာတော့ မဟာဘိုးဘေး ဧကရာဇ်တောင်မှ သူ့ဆီမှာ သိုင်းပညာ လမ်းညွှန်မှု ခံယူခဲ့ဖူးတယ်တဲ့..."

"ဒီလို စွမ်းရည်မျိုးကို ကြားတောင် မကြားဖူးဘူး... ငါလို ဂိုဏ်းချုပ်အဆင့်တောင်မှ ဒီလောက် မစွမ်းဆောင်နိုင်ဘူး... ငါက အသက်တစ်ရာကျော်နေပြီ... သူလည်း ရွှမ်ယင်းသိုင်းပညာကို ကျင့်ကြံထားတာလား..."

"ရွှမ်ယင်းသိုင်းပညာ ဟုတ်လား... ငါတို့ လီယင်းဂိုဏ်းက အကြီးအကဲတွေတောင်မှ အဲဒီလို စွမ်းရည်မျိုး မပိုင်ဆိုင်ကြဘူး... သူ့ရဲ့ စွမ်းရည်က နက်ရှိုင်းရုံတင်မကဘူး... အညစ်အကြေးကင်းပြီး စစ်မှန်တယ်... ဒါက သေချာပေါက် သူကိုယ်တိုင် ကျင့်ကြံထားတာပဲ..."

ဂိုဏ်းချုပ်သုံးယောက်သား ထိတ်လန့်တကြား ဆွေးနွေးနေကြစဉ် ကျန်ကျီဂိုဏ်းမှ စုန်းခယ်ကျန့်က လျှို့ဝှက်မြို့စားမင်းကို တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။

"အဲဒီ ဓားကွက်က... မဖြစ်နိုင်တာ..."

စုန်းခယ်ကျန့် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

လျှို့ဝှက်မြို့စားမင်းက သရော်သည့်လေသံဖြင့်….

"စုန်ရွှမ်ကျုံးဆိုတာ အဲဒီတုန်းက ဈေးထဲက သူခိုးလေး တစ်ယောက်ပါကွာ... သူက ဘယ်လိုလုပ်ပြီး အဲဒီဓားသိုင်းတွေကို ဖန်တီးနိုင်မှာလဲ..."

ထိုစကားကြောင့် ရှန်ယွဲ့၏ အကြည့်များ စူးရှသွားပြီး ညာလက်ကို မြှောက်လိုက်ရာ ဓားချီများ လက်ဝါးမှ ထွက်ပေါ်လာပြီး ဓားပုံသဏ္ဌာန် စုစည်းသွားကြသည်။

"ဓားချီက ရုပ်လုံးပေါ်လာပြီပဲ... ဒါမျိုးက သမိုင်းမှာ မကြုံစဖူးပဲကွ... မင်းက တကယ်ပဲ သိုင်းဒဏ္ဍာရီကို ယှဉ်ပြိုင်နိုင်လောက်တယ်..."

ရှန်ယွဲ့က ဓားချီကို မြှင့်တင်လိုက်ရာ တစ်မုဟုတ်ချင်းပင် ကြီးမားသော အရှိန်အဝါတစ်ခု သူ့ ပတ်လည်တွင် စုစည်းလာကာ ဓားရိပ်များ တဖြည်းဖြည်း များပြားလာသည်။

အကယ်၍ ချင်းရှောင်ဂိုဏ်းသားများသာ ဤနေရာတွင် ရှိနေပါက သေချာပေါက် အာမေဋိတ်သံပြုမိကြပေမည်။

"ဓားတစ်သောင်း နေရပ်သို့ပြန်ခြင်း..."

ရှန်ယွဲ့၏ "ဓားတစ်သောင်း နေရပ်သို့ပြန်ခြင်းက" က လီချင်းချိုး၏ "ဓားတစ်သောင်း နေရပ်သို့ပြန်ခြင်း" ထက် အရှိန်အဝါ ပိုကြီးမားပုံရသည်။ လက်ထဲတွင် ဓားမရှိခြင်းက ဓားရှိခြင်းထက် ပို၍ အားကောင်းနေပေသည်။

………

မိုးသောက်ယံ၌ လီချင်းချိုး သစ်သားအိမ်လေးထဲမှ ထွက်လာရာ လီတုန်းယွဲ့လည်း နောက်မှ ပါလာသည်။

ဤနေရာသည် သစ်သားအိမ် နှစ်လုံးသာ ရှိသော ခြံဝင်းတစ်ခု ဖြစ်ပြီး တောင်ခါးပန်းတွင် တည်ရှိသည်။

လီချင်းချိုးက အကြောအချဉ် ဆန့်ထုတ်လိုက်ပြီး …..

"ဒီနေ့ ပြန်ကြစို့... နောက်တစ်ခါကျမှ တပည့်တွေကို ခေါ်လာခဲ့တော့... ရှောင်ပါး လမ်းပြပေးလိမ့်မယ်..."

ထိုအခါ လီတုန်းယွဲ့က ခေါင်းညိတ်လိုက်ပြီး…

"စိတ်မပူပါနဲ့... ကျွန်မ ကောင်းကောင်း လုပ်ပါ့မယ်..."

လွန်ခဲ့သော ရက်အနည်းငယ်က မြင်တွေ့ခဲ့ရသည့် မိစ္ဆာနယ်မြေကို ပြန်တွေးမိပြီး သူမ စိတ်လှုပ်ရှားနေမိသည်။ ထိုနေရာက တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီး တစ်ခု ဖြစ်သည်ဟု သူမ ထင်မှတ်မိသည်။

"ရှေးဟောင်းစာအုပ်တွေထဲမှာတော့ လူ့လောကနဲ့ ဝေးကွာတဲ့ မူလတောင်ကြားဆိုတာ ရှိတယ်လို့ ဆိုကြတယ်... မူလတောင်ကြားထဲကို မတော်တဆ ရောက်သွားတဲ့သူတွေက အိမ်မက်မက်နေတာ မဟုတ်လောက်ဘူး... ဒီကမ္ဘာကြီးမှာ လောကီနဲ့ ဝေးကွာတဲ့ နေရာမျိုး တကယ်ရှိတာပဲ... အဲဒီ မိစ္ဆာနယ်မြေက သီးခြားကမ္ဘာတစ်ခုလိုပဲ... အဲဒီမှာ နေရတာ သိပ်ကောင်းမှာ..."

"အဲဒါ မင်း ဟိုမှာ သွားမနေရသေးလို့ပါ... အချိန်တစ်ခုလောက် ကြာအောင် နေပြီးသွားရင် လောကကြီးရဲ့ ရှုပ်ထွေးပွေလီမှုတွေကို လွမ်းလာလိမ့်မယ်... ဒါနဲ့ ထျန်းကျီတောင်ကို ရှာဖို့ မမေ့နဲ့ဦး... အဲဒီမှာ ငါတို့ ရှာဖွေတွေ့ရှိဖို့ စောင့်ဆိုင်းနေတဲ့ တခြားအခွင့်အရေးတွေ ရှိနေလိမ့်မယ်လို့ ထင်တယ်..."

ထျန်းကျီတောင်တွင် ဝိညာဉ်ကျောက်တွင်းနှင့် ကျင့်ကြံသူတို့၏ အမွေအနှစ်များ ပုန်းကွယ်နေနိုင်သည်။ လီချင်းချိုးက ထိုအရာများကို ကိုယ်တိုင် ရှာဖွေရန် ဆန္ဒမရှိဘဲ လီတုန်းယွဲ့နှင့် အခြားတပည့်များကိုသာ လွှဲအပ်ပေးချင်သည်။

နောင်အနာဂတ်တွင် တာအိုမျိုးဆက်စနစ်ကို အားကိုးပြီး ကံကောင်းခြင်းများကို ရှာဖွေရုံသာမက ချင်းရှောင်ဂိုဏ်းသားများကလည်း ကမ္ဘာလောကအနှံ့ ခရီးသွားလာပြီး မရှာဖွေရသေးသော ကောင်းချီးမင်္ဂလာ နယ်မြေများနှင့် ကောင်းကင်မြေပြင် ရတနာများကို ရှာဖွေကြရမည် ဖြစ်သည်။ သို့မှသာ ချင်းရှောင်ဂိုဏ်းက စစ်မှန်သော အင်အားကြီးဂိုဏ်း ဖြစ်လာပေလိမ့်မည်။

အမှန်စင်စစ် မိစ္ဆာနယ်မြေကို စူးစမ်းရှာဖွေခြင်းနှင့် စောင့်ရှောက်ခြင်း ကိစ္စများအတွက်မူ သစ္စာရှိသော တပည့်များကို ကိုယ်တိုင် ရွေးချယ်ပေးမည် ဖြစ်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် ယန်ရွှမ်က အခြားအခန်းတစ်ခန်းမှ သမ်းဝေလျက် ထွက်လာပြီး ……

"ဂိုဏ်းချုပ်ဦးလေး... ဆရာ... ဘာလို့ ဒီလောက် စောစောစီးစီး ထလာကြတာလဲ..."

ယန်ရွှမ်သည် ယခုအခါ လီတုန်းယွဲ့၏ တပည့် ဖြစ်လာခဲ့ပြီ။ ဤသည်ကိုလည်း လီချင်းချိုးက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ လီတုန်းယွဲ့က ယန်ရွှမ်၏ ပါရမီကို မသိသော်လည်း သနားသောကြောင့် လက်ခံခဲ့ခြင်း ဖြစ်သည်။

ထူးကဲသော ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်း ရှိသောကြောင့် ယန်ရွှမ်သည် နောင်တွင် လီရန်နှင့် ကျိယာတို့လို ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်လာရန် ကံပါလာသူဖြစ်ပြီး အနာဂတ်တွင် လီတုန်းယွဲ့၏ ဂုဏ်သတင်းကို မြှင့်တင်ပေးမည့်သူ ဖြစ်သည်။

"ငါတို့ ပြန်ဖို့ ပြင်နေတာ..."

လီတုန်းယွဲ့က ပြုံးပြလိုက်တော့

ယန်ရွှမ် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။

"ဒါဆို ကျွန်တော် ပစ္စည်းသွားသိမ်းလိုက်ဦးမယ်..."

"ခဏလေး... မင်းက ဒီမှာ နေခဲ့ရမယ်..."

လီချင်းချိုး လှမ်းတားလိုက်တော့

ယန်ရွှမ်က လှည့်ကြည့်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။

"ဂိုဏ်းချုပ်ဦးလေး... ဆရာ... ကျွန်တော့်ကို မလိုချင်တော့ဘူးလား..."

"မင်းကို မလိုချင်တာ မဟုတ်ပါဘူး... မင်းရဲ့ဆရာက နောက်ထပ် လူတွေ ထပ်ခေါ်လာမှာမို့လို့ပါ... ဒီ ထျန်းကျီတောင်က ချင်းရှောင်ဂိုဏ်းအတွက် အသုံးဝင်တယ်... ဒါကြောင့် မင်းကို ဒီနေရာမှာ အရင် စောင့်နေစေချင်တာ..."

"ချင်းရှောင်ဂိုဏ်းက အရမ်းဝေးတယ်လို့ ပြောတယ်မလား... အသွားအပြန်ဆိုရင် ဒီကို ပြန်ရောက်ဖို့ ဘယ်နှစ်နှစ်လောက် ကြာဦးမှာလဲ..."

လီချင်းချိုးက လက်ကို မြှောက်၍ လေချွန်လိုက်တော့ ယန်ရွှမ် သူ့ကို နားမလည်စွာ ကြည့်လိုက်မိသည်။

ထိုအချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ယန်ရွှမ် အနောက်သို့ လှည့်ကြည့်လိုက်ရာ ကြီးမားသော အရိပ်မည်းကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး ခြံဝင်းတစ်ခုလုံး မှောင်မိုက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါ သူ လန့်ဖျပ်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။

လီချင်းချိုးနှင့် လီတုန်းယွဲ့တို့က ခုန်တက်လိုက်ပြီး ရှောင်ပါး၏ ကျောပေါ်သို့ ရောက်သွားကြသည်နှင့်

ရှောင်ပါးက အတောင်ပံ ခတ်လိုက်ပြီး ဘေးသို့ ရွေ့သွားမှသာ ယန်ရွှမ်တစ်ယောက် နေ့အလင်းရောင်ကို ပြန်လည် မြင်တွေ့လိုက်ရသည်။

လီချင်းချိုးက ယန်ရွှမ်ကို ငုံ့ကြည့်ပြီး….

"တူလေး... ဝီရိယရှိရှိ ကျင့်ကြံနေခဲ့နော်... မင့်ဆရာက အလွန်ဆုံး တစ်လအတွင်း ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် စိတ်စွမ်းအား ကျင့်စဉ် တတိယအဆင့်ကို ဆရာ့ဆီကနေ တောင်းဆိုနိုင်မယ့် အရည်အချင်း ရှိနေဖို့ မျှော်လင့်တယ်..."

စကားဆုံးသည်နှင့် ခြေထောက်ကို ခပ်ဖွဖွ နင်းလိုက်ရာ ရှောင်ပါးက ကြီးမားသော အတောင်ပံများကို ခတ်၍ လှည့်ထွက်ကာ ပျံသန်းသွားလေသည်။ ပြင်းထန်သော လေအရှိန်ကြောင့် သစ်တောအုပ်များပင် ယိမ်းထိုးသွားကြပြီး စိမ်းလန်းသော လှိုင်းလုံးများပမာ ဖြစ်ပေါ်သွားခဲ့သည်။

ယန်ရွှမ်မှာမူ မျက်လုံးပြူးကာ ကြောင်ငေးနေပြီး လီချင်းချိုးနှင့် အခြားတစ်ယောက် ရှောင်ပါးကို စီးနင်း၍ ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။

"ငါ့တပည့်... ဆရာ့ကို စိတ်ရှည်ရှည်နဲ့ စောင့်နေနော်..."

လီတုန်းယွဲ့၏ အသံ လွင့်ပျံလာပြီး တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားတော့မှသာ ယန်ရွှမ် အသိပြန်ဝင်လာပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာကာ ချင်းရှောင်ဂိုဏ်းနှင့် ပတ်သက်၍ ပိုမို မျှော်လင့်ချက် ကြီးမားသွားမိသည်။

တစ်နေ့ကျရင် သူလည်းပဲ ဂိုဏ်းချုပ်ဦးလေးလို ခန့်ညားထည်ဝါတဲ့သူ ဖြစ်လာရမယ်...

…

လီတုန်းယွဲ့တွင် ရှောင်ပါးကို စီးနင်းဖူးသော အတွေ့အကြုံ ရှိပြီးဖြစ်၍ လီချင်းချိုးက ရှောင်ပါးကို ယခင်ကထက် ပိုမြန်အောင် ပျံသန်းခိုင်းလိုက်သဖြင့် လီတုန်းယွဲ့မှာ သူမ၏ ခြေထောက်အောက်တွင် မူလချီကို စုစည်းပြီး ရှောင်ပါး၏ ကျောကုန်းနှင့် မြဲမြံအောင် ကပ်ထားလိုက်ရသည်။

နာရီဝက်ခန့် ကြာသောအခါ လီချင်းချိုးနှင့် လီတုန်းယွဲ့တို့ လင်းရှောင်ခြံဝင်းထဲသို့ ဆင်းသက်လိုက်ကြသည်။

"မယုံနိုင်စရာပဲနော်... အရမ်းမြန်တာပဲ... ချင်းရှောင်ဂိုဏ်းသားတိုင်းသာ လင်းယုန်ငှက်တွေ မွေးထားကြရင် နောက်ဆိုရင် ကိစ္စတွေ အများကြီး ပိုလွယ်ကူသွားမှာ..."

ထိုစကားကို ကြားပြီးနောက် လီချင်းချိုးကလည်း ဖြစ်နိုင်သည်ဟု ခံစားလိုက်မိသည်။ အစီအရင်ဖြင့် နေရာရွှေ့ပြောင်းခြင်းက အလှမ်းဝေးနေသေးသော်လည်း မိစ္ဆာငှက်များကို မွေးမြူရာတွင် အတွေ့အကြုံ ရှိထားသည် မဟုတ်ပါလား။ ရှောင်ပါးအပြင် ရှောင်ကျိုဆိုသည့် အောင်မြင်သော သာဓကလည်း ရှိနေသေးသည်။

မိစ္ဆာနယ်မြေတွင်လည်း မိစ္ဆာငှက်များစွာ ရှိသည်။ ၎င်းတို့၏ အင်အားက ရှောင်ပါးလောက် မကောင်းသော်လည်း သာမန်ငှက်များထက်တော့ ပို၍ လူစကားနားလည်ကြသည်။

ထိုအခါ လီချင်းချိုး၏ စိတ်ကူးများ ရုတ်တရက် နိုးကြားလာသည်။

"ပြန်ပြီး ခဏလောက် အနားယူလိုက်ပါဦးလား..."

လီချင်းချိုးက ဤကိစ္စကို သေသေချာချာ စဉ်းစားရန် လိုအပ်ပြီး နောက်ထပ် အစည်းအဝေးတစ်ခု ခေါ်သင့် မခေါ်သင့်ပင် တွေးတောနေမိ၏။

ထိုအချိန်တွင် ယွမ်ချီ ခြံဝင်းထဲသို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်လေသည်။

"ဂိုဏ်းချုပ်... ပြဿနာအကြီးကြီး ဖြစ်နေပြီ..."

သူက ရှောင်ပါး၏ ပုံရိပ်ကို မြင်လိုက်ရသဖြင့် လီချင်းချိုး ပြန်ရောက်လာပြီဟု မှန်းဆကာ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။

"ဘာကိစ္စ အဲဒီလောက် အရေးကြီးနေရတာလဲ..."

"ဂိုဏ်းချုပ် မရှိတုန်း စီနီယာဓားနတ်ဘုရားက တည်ထောင်သူ ဂိုဏ်းသုံးဂိုဏ်း၊ ကျင်းဝူအစောင့်တပ်တို့နဲ့တွေ့ပြီး ဒဏ်ရာအကြီးအကျယ် ရထားတယ်..."

ယွမ်ချီ ကမန်းကတန်း ပြောလိုက်တော့ လီချင်းချိုး မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှန်ယွဲ့၏ ဒဏ်ရာပြင်းထန်မှုက သာမန်ကိစ္စ မဟုတ်ပေ။ အထူးသဖြင့် ချင်းရှောင်ဂိုဏ်းအတွက် ရရှိခဲ့သော ဒဏ်ရာ ဖြစ်နေ၍ ပိုဆိုးသည်။

"ငါ့ကို လိုက်ပို့စမ်း..."

"ဟုတ်ကဲ့..."

ယွမ်ချီက ချက်ချင်း လမ်းပြလိုက်ပြီး လီတုန်းယွဲ့က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

"အဲဒီနောက် ဘာဆက်ဖြစ်လဲ... ရန်သူတွေက တခြား ထိခိုက်သေဆုံးမှုတွေ လုပ်သွားသေးလား..."

"မလုပ်ပါဘူး... စီနီယာဓားနတ်ဘုရား စီနီယာက သူတို့အားလုံးကို မောင်းထုတ်လိုက်တယ်..."

ယွမ်ချီ လေးစားအားကျစွာ ဖောက်သည်ချလိုက်တော့

လီချင်းချိုး လမ်းလျှောက်နေရင်းကနေ ရုတ်တရက် ရပ်တန့်လိုက်ပြီး ယွမ်ချီကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်မိသည်။

"ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ..."

လီတုန်းယွဲ့မှာ ခေါင်းမခါဘဲ မနေနိုင်တော့ချေ။ ဒီကလေးက နေရာတိုင်းမှာ ကောင်းပေမယ့် အရမ်း ရိုးသားလွန်းတာကတော့ ပြသာနာရှိနေတယ်…

"ဘာမှမဖြစ်ပါဘူး... မင်း တော်ပါတယ်... ဆက်သွားပါ..."

လီချင်းချိုးက လေးနက်စွာ ပြောလိုက်ပြီး လမ်းဆက်လျှောက်လိုက်သည်။

သူ့စိတ်ထဲတွင်မူ "ငါတစ်ယောက်တည်း အလိမ်ခံရတာ မဟုတ်လို့ တော်သေးတာပေါ့..." ဟု တွေးနေမိ၏။

ယွမ်ချီက ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး အနောက်မှ ကပ်လိုက်လာသည်။ လီတုန်းယွဲ့ကလည်း အနောက်မှ လိုက်ပါလာရင်း ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရသည်။

ခဏအကြာတွင် သူတို့သုံးဦး ဓားဂိုဏ်းသို့ ရောက်ရှိလာပြီး ရှန်ယွဲ့၏ အခန်းထဲသို့ ဝင်ခဲ့ကြသည်။

ကျန်းယွီချွန်းလည်း ထိုနေရာတွင် ရှိနေသဖြင့် လီချင်းချိုးနှင့် လီတုန်းယွဲ့တို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ကျန်းယွီချွန်းက ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"ဂိုဏ်းချုပ်စီနီယာအစ်ကို... ကျွန်တော် အခုပဲ စီနီယာရှန်ကို လျှို့ဝှက်မြို့စားမင်း အကြောင်း မေးနေတာ..."

ရှန်ယွဲ့မှာ လှဲနေသော်လည်း ဒဏ်ရာက သိပ်မပြင်းထန်ဘဲ အတွင်းအား သွေးလေ လည်ပတ်မှု အားနည်းနေခြင်းသာ ဖြစ်ကြောင်း လီချင်းချိုး တွေ့လိုက်ရသည်။

"ပြောပြပါဦး..."

လီချင်းချိုး စကားစလိုက်သည်နှင့်

ယွမ်ချီက အကင်းပါးစွာဖြင့် အခန်းထဲမှ ထွက်သွားပြီး တံခါးပိတ်ပေးလိုက်သည်။

ရှန်ယွဲ့က လီချင်းချိုးကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးပြန်မှိတ်လိုက်ကာ….

"လျှို့ဝှက်မြို့စားမင်းရဲ့ စွမ်းရည်က တကယ် ရှားပါးတယ်... သူက အနည်းဆုံး နှစ်ရာချီတဲ့ အတွေ့အကြုံ ရှိနေသလိုပဲ... သိုင်းပညာ အမျိုးမျိုးကို ကျွမ်းကျင်ပြီး သူ့ရဲ့ ဓားသိုင်းပညာက ကျုပ် တောင်ပေါ်မတက်ခင်တုန်းက အခြေအနေနဲ့တောင် ယှဉ်လို့ရတယ်... ဒါပေမဲ့ အခုတော့ သူ ကျုပ်ကို မနိုင်တော့ပါဘူး... ကျုပ် သူ့ကို အရင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်... ကံဆိုးတာက သိုင်းနတ်ဘုရားဆေးလုံးတွေ၊ ယင်

ညာဉ်ဆေးလုံးတွေ သောက်ထားတဲ့ ကောင်တွေက ကျုပ် ဒဏ်ရာပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး ဝိုင်းတိုက်ကြလို့ ခွန်အားတွေ ကုန်ခမ်းသွားတာ...ဒီတိုက်ပွဲပြီးရင် ကျုပ်ရဲ့ ဓားသိုင်းပညာက အဆင့်သစ်တစ်ခုကို ရောက်သွားလိမ့်မယ်... ကျုပ် ပြန်လည် မွေးဖွားလာတော့မှာ... ဂိုဏ်းချုပ်... အဲ့ချိန်ကျရင် ခင်ဗျားကို ထပ်ပြီး စိန်ခေါ်ဦးမယ်... ပြင်ဆင်ထားပါ..."

All Chapters